အပိုင်း ၁၈၄ : ဒါပေမဲ့ ကျွန်တော်တို့က လူကောင်းတွေလေ!
ရှောင်ယန်နဲ့ ရောင်းရင်းတို့ရဲ့ နောက်ကျောတွေကို ကြည့်နေရင်း… ယွဲ့ဟုန်ယန်ဟာ လင်းဖုန်းဘက်ကို ပြန်ကြည့်လိုက်ကာ ဘာလုပ်ရမှန်း မသိပဲ… "အကြီးအကဲရှင့်…" လင်းဖုန်းကလည်း ဘာမှကိစ္စ မရှိဘူး ဆိုတဲ့ ပုံစံမျိုးနဲ့… သူ့ရဲ့လက်ကို ခါပြလိုက်ပါတယ်။
သူဟာ ရှောင်ယန်တို့ တတွေရဲ့ ကိုယ်ပေါ်မှာ သူ့ရဲ့ မှော်စွမ်းအင် အမှတ်ကို ထားခဲ့ပြီး ဖြစ်တာကြောင့်… သူတို့က ရှကျိုးမြို့ကနေ မထွက်သွားခဲ့ရင် ဒီလောက် အကွာအဝေး အတွင်းမှာ… သူဟာ အန္တရာယ်တွေနဲ့ ကြုံ့တွေ့ခဲ့ရင် အချိန်မှီ ရောက်လာနိုင်တာပါ။
မြောင်ရှီးဟောင်ကလည်း စိတ်ဝင်စားစွာနဲ့ ကြည့်နေခဲ့ကာ… သူ့ရဲ့ ပါးစပ်ကို လက်ဖဝါးနဲ့ အုပ်လိုက်ရင်း ပြုံးလိုက်ကာ… "ဟင်းဟင်း… ဒါက ခင်ဗျားရဲ့ တပည့်တွေလား? အကုန်လုံးက ထူးချွန်တဲ့ သူတွေချည်းပဲ…"
လင်းဖုန်းကလည်း မြောင်ရှီးဟောင်ရဲ့ မိန်းမဆန်တဲ့ အချို့အပြုအမူတွေကို သည်းခံနိုင်စွမ်း ရှိသွားပြီ ဖြစ်ပါတယ်။ "ဟာ… သိပ်ပြီးတော့ မျှော်လင့်စရာ မရှိတဲ့ ကောင်စုတ်လေးတွေပါ… ခင်ဗျားကို ပြရတာ အားနာမိပါတယ်…" သူက ပြုံးပြီးမှ ပြောလိုက်တာပါ။
မြောင်ရှီးဟောင်ကလည်း အားကျစွာနဲ့ တက်ကြွစွာပဲ… "ဒီကအစ်ကို ရှီးဟောင်က တခြားသူတွေကို မြှောက်ပင့်နှိမ့်ချပြီးတော့ ပြောတတ်တဲ့သူ မဟုတ်ဘူး။ ခင်ဗျားရဲ့ တပည့်တွေ အားလုံးက တကယ်ကိုပဲ ထူးချွန်ပြောင်မြောက် လှပါပေတယ်။ ကျုပ်က အခြေခံအုတ်မြစ် အဆင့်မှာ ရှိနေတုံးက သူတို့တတွေလောက် အစွမ်းမထက်လှဘူး။ သူတို့က ရွှေရောင်ဗဟိုချက် အဆင့်နဲ့ အခြေတည်ဝိညာဉ် အဆင့်ကို ရောက်သွားရင်တော့… ဘယ်လောက်အထိများ အစွမ်းထက်လိုက်မလည်း?"
"ဟာ… မိတ်ဆွေက သူတို့ကို မြှောက်ပင့်နေတာပဲ…" လင်းဖုန်းက ဖွဖွလေး ပြုံးလိုက်ပါတယ်။ ခဏအကြာမှာတော့ သူဟာ တစ်ခုခုကို စဉ်းစားမိလိုက်ပြီး… "ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ဆိုတာက… ရတနာတွေကို အရောင်းအဝယ် ပြုလုပ်ရုံ သက်သက်ပဲလား?"
မြောင်ရှီးဟောင်ဟာ လက်တစ်ဘက်ကို လေထဲကို ဆန့်ထုတ်လိုက်ပါတယ်။ သူ့ရဲ့ ကျောက်စိမ်းလိုမျိုး သေးသွယ်ဖြူဖွေးနေတဲ့ လက်တွေကို စစ်ဆေးနေရင်း… "အင်း… ရတနာတွေတင် မကဘူး… အစည်းအဝေးကို တရားဝင် ဖွင့်လှစ်တာနဲ့… တာအိုနည်းစနစ်တွေ.. မှော်ကျိန်စာတွေကိုလည်း အရောင်းအဝယ် ပြုလုပ်နိုင်တယ်ဗျ…"
သူ့ရဲ့ခေါင်းကို လက်နဲ့ထောက်ထားလိုက်ကာ… မြောင်ရှီးဟောင်က လင်းဖုန်းကို စိုက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ… "ဒါပေမဲ့လည်း ဒီအစည်းအဝေးမှာ ကိုယ့်ကိုယ်ကို အရောင်းအဝယ် ပြုလုပ်ကြတဲ့ ပစ္စည်းတွေ အားလုံးဟာ… ဈေးပေါတဲ့ ပစ္စည်းတွေ ဖြစ်ကြပြီး တန်ဖိုးရှိတဲ့ အရာတွေက အနည်းငယ်သာ ရှိတယ်ဗျ။ တကယ့်ပစ္စည်းကောင်းတွေကိုတော့ ကောင်းကင်ကုန်သည်များ ဂေဟာရဲ့ တရားဝင် လေလံပွဲမှာမှ တွေ့ရှိနိုင်တာပဲ…"
"ဒီလေလံပွဲကို တက်ရောက်ဖို့ လိုအပ်တဲ့ အချက်အလက်တွေက ဘာတွေလည်း?" လင်းဖုန်းက တိတ်ဆိတ်စွာနဲ့ မေးလိုက်ပါတယ်။ မြောင်ရှီးဟောင်ကလည်း "အောက်ထစ် ရွှေရောင်ဗဟိုချက် အဆင့်မှာ ရှိရမယ်… အရောင်းအဝယ် ပြုလုပ်ဖို့ ကိုယ်ပိုင် ရတနာ တစ်မျိုး ရှိရမယ်… ကိုယ့်ကို အာမခံပေးဖို့ အရင်က အစည်းအဝေးကို တက်ဖူးတဲ့ လူတစ်ယောက်ရဲ့ အာမခံကိုလည်း ရထားရမယ်။ ခင်ဗျားက ဒီအချက်သုံးချက်နဲ့ ကိုက်ညီမှ ဖိတ်စာကို ရနိုင်မှာပဲ ဖြစ်တယ်…"
"ခင်ဗျားက တစ်ကြိမ်မှာ လူတစ်ယောက်ကိုပဲ အာမခံ ပေးနိုင်တယ်။ ဖိတ်စာကို ရရှိခဲ့ရင်လည်း… လူနှစ်ယောက်ကိုပဲ အဖော်ခေါ်လာနိုင်တယ်…"
လင်းဖုန်းကလည်း မြောင်ရှီးဟောင်ကို ပြုံးပြလိုက်ပြီး… "ကဲ… ဒီလိုဆိုရင်တော့… မိတ်ဆွေက ကျုပ်ကို အာမခံပေးရမယ် ထင်တယ်ဗျ…" မြောင်ရှီးဟောင်ကလည်း ဟန်လုပ်ကာ ပြုံးလိုက်ရင်း…"ဟင်းဟင်း… ကိစ္စမရှိပါဘူးဗျာ… ခင်ဗျားကသာ စိတ်ဝင်စားမယ် ဆိုရင်တော့… ကျုပ်က အာမခံ ပေးမှာပေါ့ဗျ…"
သူတို့က စကားပြောနေရင်းနဲ့ပဲ… လင်းဖုန်းဟာ အသက်ရှူတစ်ချက် မှားသွားခဲ့ပြီး… "ဟာ… ရှောင်ပုတန်? ဒီခံစားချက်… သူကများ သူတစ်ပါးရဲ့ ဝင်္ကပါထဲကို ဝင်သွားခဲ့တာလား?" ယုမိသားစုက လူတွေကလည်း ရှကျိုးကို ရောက်နေကြတယ်လို့ တွေးမိလိုက်တာနဲ့… လင်းဖုန်းက ဒီလောက်အထိ အရဲမစွန့်ရဲခဲ့ပဲ… "အင်း… လေလံပွဲ တရားဝင် မဖွင့်လှစ်ခင် ကျုပ်က ဒီနေရာကို ပြန်လာခဲ့ပြီး ခင်ဗျားကို လာရှာပါ့မယ်။ အဲ့ဒီအချိန်ကျရင်တော့ ကျုပ်ကို အာမခံပေးဖို့ မမေ့နဲ့ပေါ့ဗျာ…" လင်းဖုန်းက ပြောလိုက်ရင်းနဲ့ မတ်တတ်ထရပ်လိုက်ပါတယ်။
"ဟာ… ခင်ဗျားက သွားတော့မလို့လား?" မြောင်ရှီးဟောင်က သူသွားမှာကို အနည်းငယ်ငယ် မလိုမလား ဖြစ်ဟန်ပေါက်နေခဲ့ပါတယ်။ လင်းဖုန်းရဲ့ ခန္ဓာကိုယ်ဟာ တုန်ခါသွားခဲ့ပြီး… ကိုယ်ကို အနည်းငယ် ကျုံ့လိုက်ကာ ခြောက်ကပ်စွာနဲ့ ရယ်လိုက်ရင်း… "ဟဲဟဲ… ကျုပ်ရဲ့ တပည့်လေးတစ်ယောက်က ဘာပြဿနာတွေ ရှာထားပြန်ပြီလည်း မသိဘူး… ကျုပ်က တစ်ချက်သွားကြည့်မှ ရမယ်ဗျ…"
သူ့ရဲ့နှုတ်ခမ်းတွေကို လက်နဲ့အုပ်လိုက်ရင်း… မြောင်ရှီးဟောင်က ပြုံးလိုက်ကာ… "ဟင်းဟင်း… ခင်ဗျားက ခင်ဗျားရဲ့ တပည့်တွေကို အရေးမထားတဲ့ဟန် ဆောင်နေပေမဲ့… တကယ်တမ်းကတော့ ခင်ဗျားက အတော်ကို ဂရုစိုက်တာပဲဗျ…"
လင်းဖုန်းကလည်း "ကဲ… မိတ်ဆွေ… နှုတ်ဆက်ခဲ့ပါတယ်…" လို့ပြောလိုက်ပြီး… တံခါးရှိရာဆီကို လှည့်ထွက်လာလိုက်ပါတယ်။ ယွဲ့ဟုန်ယန်ကလည်း ဦးတစ်ချက် ညွှတ်လိုက်ကာ… အနောက်ကနေ ထပ်ကြပ်မကွာ လိုက်လာခဲ့တာပါ။
လင်းဖုန်းက တံခါးကို ဖွင့်ထွက်လိုက်တာနဲ့… အမွှေးရနံ့ တစ်ခုဟာ သူ့ရဲ့ အရှေ့ကို ရောက်လာခဲ့ပြီး… မြောင်ရှီးဟောင်ဟာ သူ့ရဲ့အနားကို ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာပေါ်မှာ စပ်စုတဲ့ အပြုံးလေး တစ်ခုကို တွေ့နိုင်ပါတယ်… "ဟင်းဟင်း… ခင်ဗျားရဲ့ တပည့်တွေကို ကျုပ်ကလည်း သဘောကျတယ်ဗျ… သူတို့က ကျုပ်ကို ဘာအံ့ဩမှုတွေ လုပ်ပြနိုင်မလည်း ဆိုတာကို ကျုပ်က လိုက်ကြည့်ချင်သေးတယ်။ ကျုပ်လိုက်လာရင် ခင်ဗျားအနေနဲ့ အနှောင့်အယှက်မဖြစ်ဘူး မဟုတ်လား?"
လင်းဖုန်းကလည်း ပြုံးလိုက်ပြီး… "ဟဲဟဲ… မိတ်ဆွေက ကျုပ်အရှက်ရတာကို ကြည့်ချင်နေတာပေါ့…" မြောင်ရှီးဟောင်ကလည်း မြူဆွယ်သလိုမျိုး သူ့ကို မျက်လုံးထောင့်ကပ်ပြီး ပြန်ကြည့်လိုက်တော့… လင်းဖုန်းရဲ့ နှုတ်ခမ်းတွေဟာ တွန့်သွားခဲ့ပြီး… သူ့ရဲ့မျက်နှာကို လက်သီးနဲ့ ဆွဲထိုးပစ်ချင်တဲ့ စိတ်ကို မနည်းထိန်းထားလိုက်ကာ… ဘာမှမပြောပဲ လှည့်ထွက်လာလိုက်ပါတယ်။ ဒီလူပြက်က လိုက်လာချင်တယ် ဆိုရင်လည်း လိုက်လာပစေပေါ့။
သူတို့က ဆိုင်ကနေ ထွက်လာခဲ့တော့… လင်းဖုန်းဟာ ရှောင်ပုတန်လေး ရှိရာကို အာရုံခံလိုက်ပြီး မြို့ရဲ့ အနောက်ဘက်ကို ဦးတည်လိုက်ကာ… ခြံဝင်းကျယ်ကြီး တစ်ခုရဲ့ အရှေ့ကို ရောက်ရှိလာခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ သာမန်ဆန်နေခဲ့ပေမဲ့… ဓားတစ်ချောင်းဟာ အချိန်မရွေး ဓားအိမ်ထဲက ထွက်တော့မလိုမျိုး… စူးရှထက်မြက်ပြီး ရန်လိုတတ်ကာ အားကောင်းလှတဲ့ ခံစားချက် တစ်မျိုးကို ခံစားလိုက်ရပါတယ်။
"အင်း… လူတစ်ယောက်ဟာ ဒီနေရာမှာ ဝင်္ကပါတစ်ခုကို ထောင်ထားခဲ့ပြီး… စွမ်းအားကြီးတဲ့ ဓားဝင်္ကပါ တစ်ခုပဲ…" လင်းဖုန်းက အသေအချာ စဉ်းစားလိုက်ပြီး… "ကောင်းကင်ပေါ်ကို ထိုးတက်ပြီး ပျံသန်းနေတဲ့… အနိုင်မခံ အရှုံးမပေးတတ်တဲ့ ဓားလမ်းကြောင်းမျိုးပဲ။ သူ့ရဲ့ အတွေးအခေါ်တွေက ကောင်းကင်ကိုးလွှာကို ဆက်သွယ်ထားပြီး… ကောင်းကင်နဲ့ မြေကြီးကို ပေါင်းစည်းထားတာပဲ။ ငါမှတ်မိသလောက် ဆိုရင်တော့… ဒါက ကောင်းကင်ဓား မာစတာ ဓားဂိုဏ်းရဲ့ လမ်းစဉ်ပဲကွ!"
စူတောင်ဓားဂိုဏ်း.. အလင်းဓားမြန်ဂိုဏ်း.. မီးလျှံဓားဂိုဏ်း.. မဟာ လွင်တီးခေါင် ဓားဂိုဏ်း တို့နဲ့အတူ… ကောင်းကင်မာစတာ ဓားဂိုဏ်းဟာ ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့ထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။
စူတောင်ဓားဂိုဏ်းက လွဲလို့… သူ့ရဲ့စွမ်းအားဟာ တစ်ခြားဂိုဏ်းတွေ အားလုံးထက် နှာတစ်ဖျား သာနေခဲ့ပြီး… ဒုတိယ နေရာမှာ အခိုင်အမာ ရပ်တည်နေတာပါ။ ဓားလမ်းစဉ်ရဲ့ ခက်ခဲနက်နဲမှု.. ဆရာသမားတွေရဲ့ အရေအတွက်.. သူ့ရဲ့ လွှမ်းမိုးနိုင်မှုတို့ အားလုံးဟာ… စူတောင်ဓားဂိုဏ်းက လွဲရင် ထိပ်မှာပါပဲ။
သူ့ရဲ့အရှေ့က ဓားဝင်္ကပါကို ကြည့်လိုက်ပြီး… မြောင်ရှီးဟောင်ရဲ့ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးနေတဲ့ အမူအရာ တစ်ခုဟာ ပေါ်လာခဲ့ကာ… "ဟာ… ကောင်းကင်မာစတာ ဓားဂိုဏ်းရဲ့ ကောင်းကင်လမ်းလျှောက် ဓားလှေကား ဝင်္ကပါက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရှိနေတာလည်း? ကောင်းကင်မာစတာ ဓားဂိုဏ်းက ရှကျိုးမှာ ကိုယ်ပိုင် တည်းခိုတဲ့နေရာ ရှိပေမဲ့… အဲ့ဒီနေရာက မြို့ရဲ့ မြောက်ပိုင်းမှာပဲ…"
"သူ့ကိုကြည့်ရတာ… ကိုယ်ပိုင်ခြံဝင်းနဲ့ တူတာပဲ…" လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ တောက်ပသွားခဲ့ပါတယ်။ အထဲကို ဝင်စရာ မလိုပါဘူး… လင်းဖုန်းက သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး လေထဲမှာ အလင်းတန်း စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်ပါတယ်။
ဒီစက်ဝိုင်းလေးရဲ့ အထဲမှာ… ပုံရိပ်တွေဟာ လင်းလက်လာခဲ့ပြီး ရှောင်ပုတန်လေးရဲ့ ပုံဟာပေါ်လာခဲ့ပါပြီ။ ကောင်စုတ်လေးဟာ လည်ပတ်လှစွာနဲ့ ဟိုတိမ်းဒီစောင်း လုပ်နေခဲ့ပြီး… ရေထဲက ငါးတစ်ကောင်လိုမျိုး ဓားဝင်္ကပါ အလွှာတွေရဲ့ ကြားထဲမှာ ကျင်လည်စွာနဲ့ ရှေ့တိုးသွားနေခဲ့တာပါ။
အချိန်နဲ့အမျှ ဓားချီတွေဟာ ထိုးတက်လာခဲ့ပြီး… သေမင်းပိုက်ကွန်သဖွယ် ရှောင်ပုတန်လေးရဲ့ လမ်းကြောင်းကို တားဆီးချင်နေခဲ့ပေမဲ့… ရှောင်ပုတန်လေးဟာ သူတို့ကို ထိပ်တိုက်ရင်မဆိုင်ခဲ့ပဲ သူ့ရဲ့ လက်ချောင်းတွေကို လိမ်လိုက်ကာ… သူတို့ကို တစ်ခေါက်ပြီးတစ်ခေါက် တားဆီးနေခဲ့ပါတယ်။
သူဟာ ဒီဓားဝင်္ကပါရဲ့ ပြောင်းလဲမှုတွေကို ကြိုတင်တွက်ချက်နိုင်ခဲ့ပြီး… တားဆီးမှုတွေကို အလွယ်တကူ ကျော်လွှားနိုင်ခဲ့ပါတယ်။ ပိုပြီးမှ ချီးကျူးစရာ ကောင်းတာက… သူဟာ ဒီဝင်္ကပါကို အင်အားနဲ့ ကျော်လွှားတာ မဟုတ်ပဲ… ဒီဝင်္ကပါကို တည်ဆောက်ထားတဲ့သူကို သတိမထားမိစေခဲ့တာပါ။
လင်းဖုန်း.. မြောင်ရှီးဟောင်နဲ့ ယွဲ့ဟုန်ယန်တို့ သုံးယောက်သားဟာ… ရှောင်ပုတန်လေးရဲ့ ခေါင်းသေးသေးလေးရဲ့ အထဲမှာ ဘာတွေးနေသလည်း ဆိုတာကို မသိပဲနဲ့… စိတ်ဝင်စားစွာ စောင့်ကြည့်နေခဲ့ပါတယ်။
ရှောင်ပုတန်လေးဟာ ဓားဝင်္ကပါရဲ့ အစွန်အဖျားကို ကျော်လွှားသွားနိုင်ခဲ့ပြီး… ခန်းမကြီးရဲ့ အထဲကို ဝင်ရောက်သွားခဲ့ပါပြီ။ ဒီနေရာမှာတော့ ရှောင်ပုတန်လေးရဲ့ အမြန်နှုန်းဟာ သိသိသာသာကြီးကို လျော့ကျသွားခဲ့ကာ… အချိန်ကြာမြင့်စွာ တွက်ချက်နေခဲ့ပြီး သူ့ရဲ့မျက်နှာလေးဟာ ရှုံ့မဲ့သွားခဲ့ကာ… "ဟာ… ဘာတွေလည်း… တွက်နေလို့လည်း ဘာမှမထူးတော့ပါဘူး!"
ရှောင်ပုတန်လေးဟာ သူ့ရဲ့နှုတ်ခမ်းတွေကို တွန့်လိုက်ပြီး… သူ့ရဲ့လက်ဝါးအစုံကို ပူးကပ်လိုက်ကာ မိုးကြိုးနဲ့ လေပြင်းတို့ရဲ့ စွမ်းအားတွေဟာ ထိုးတက်လာခဲ့ပြီး… သူ့ရဲ့အရှေ့မှာ တားဆီးနေတဲ့ ဓားချီတွေကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ဓားဝင်္ကပါကလည်း အပြည့်အဝ အသက်ဝင်လာခဲ့ပြီး… မရေမတွက်နိုင်တဲ့ ဓားချီတွေဟာ သူ့ရဲ့အရှေ့မှာ လှေကားအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
ဒီလှေကားထစ်တွေရဲ့ အထစ်တိုင်းဟာ မရေမတွက်နိုင်တဲ့ ဓားချီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး… အပေါ်ရောက်လေလေ.. ဓားချီတွေဟာ ပိုပြီးတော့ ပြင်းထန်လာလေလေပဲ ဖြစ်ပါတယ်။ အပေါ်ဆုံး အဆင့်တွေကို ရောက်သွားရင်တော့… သိပ်သည်းလှတဲ့ ဓားချီတွေဟာ တကယ့်ဓားအစစ်နဲ့ ခွဲခြားလို့ မရနိုင်တော့ပဲ… မယုံနိုင်လောက်အောင် အသက်ဝင်လှပြီး ခြိန်းခြောက်နိုင်စွမ်း ကြီးမားလှပါတယ်။
ရှောင်ပုတန်လေးကတော့ ရယ်လိုက်ပြီး… လေပြင်းမိုးကြိုးတွေ လွှမ်းခြုံထားတဲ့ သူ့ရဲ့ခြေအစုံနဲ့ ကောင်းကင်လှေကားတွေရဲ့ အပေါ်ကို တက်သွားခဲ့တာပါ။ လင်းဖုန်းနဲ့ မြောင်ရှီးဟောင်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး… သဘောပေါက်သွားကြပါပြီ… "လက်စသတ်တော့ ပိုင်ရှင်က အထဲမှာ မရှိဘူးကို…"
ရှောင်ပုတန်လေးရဲ့ သောင်းကျန်းမှုတွေ အရဆိုရင် ပိုင်ရှင်က ထွက်လာရတော့မှာ ဖြစ်ပေမဲ့… ဓားဝင်္ကပါကသာ အလိုအလျှောက် တုံ့ပြန်နေခဲ့တော့… ဝင်္ကပါကို တည်ဆောက်ထားတဲ့ ပိုင်ရှင်က ခြံဝင်းထဲမှာ ရှိမနေခဲ့ဘူး ဆိုတာက သေချာနေခဲ့ပါတယ်။
လင်းဖုန်းကတော့ ဇဝေဇဝါ ဖြစ်နေခဲ့ပါတယ်… "ရှောင်ပုတန်လေးက ဒီခြံဝင်းထဲမှာ တစ်ခုခု ထူးခြားတာများ တွေ့နေလို့လား?" သူဟာ ရှောင်ပုတန်လေးက ရှေးဟောင်းသားရဲ ပေါက်စလေးလို… လှေကားထစ်တွေကို တစ်ထစ်ချင်း ဖျက်ဆီးပြီးမှ တက်သွားခဲ့တာကို ကြည့်နေခဲ့ပါတယ်။
ဓားအော်ရာတွေနဲ့ ဖွဲ့စည်းထားတဲ့ လှေကားထစ် အပေါ်ထပ်တွေမှာ… မှော်စွမ်းအင်တွေက ပိုမိုသိပ်သည်း နေခဲ့ပြီး တိုက်ခိုက်မှုကလည်း ပိုပြီးမှ ပြင်းထန်နေခဲ့တာပါ။ ရှောင်ပုတန်လေးရဲ့ လက်တွေထဲမှာ လေပြင်းနဲ့ မိုးကြိုးတွေဟာ ရောထွေးယှက်တင် ဖြစ်နေခဲ့ပြီး… ဓားအော်ရာတွေကို ထိုးခွဲပစ်ကာ တစ်စစီ ဖြစ်စေခဲ့ပါတယ်။
"အီးယား… ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ ဝင်္ကပါက အတော့်ကို ခိုင်မာတာပဲ…" ရှောင်ပုတန်လေးရဲ့ နဖူးပေါ်မှာ ချွေးတွေသီးနေခဲ့ပြီး… အသက်ပြင်းပြင်း ရှူနေခဲ့ကာ ပါးတွေကလည်း မီးလိုမျိုး နီရဲနေခဲ့ပါတယ်။
ဒါပေမဲ့လည်း သူဟာ မရပ်တန့်ခဲ့ပဲ… ဓားအလင်းတန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အပေါ်ဆုံး အထစ်ကို တက်သွားခဲ့တာပါ။ သူက ဒီအထစ်ကို ခြေချလိုက်တာနဲ့ တပြိုင်နက်… ဓားအလင်းတန်း မြောက်မြားစွာတို့ဟာ ခက်ထန်စွာနဲ့ သူ့ဆီကို ပြေးဝင်လာကြပါတယ်။
သူ့ရဲ့အထဲက အော်ရာတွေဟာ ရက်စက်ကြမ်းကြုတ်လှပြီး… ကောင်းကင်နဲ့ မြေကြီးတို့ကိုတောင် ထိုးဖောက်ချင်နေကြတာပါ။ ဒါပေမဲ့လည်း အရင်ကတည်းက ပြင်ဆင်မှုတွေနဲ့အတူ… ရှောင်ပုတန်လေးရဲ့ အဆုံးမဲ့ မိုးကြိုးမုန်တိုင်းဟာ နောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ပြီး… သူ့ရဲ့ စွမ်းအားဟာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားအကောင်းဆုံး တိုက်ခိုက်မှုထက်တောင် သာကောင်းသာနေနိုင်ပါတယ်။
အခုအချိန်မှာတော့ ရှောင်ပုတန်လေးဟာ သူ့ရဲ့ စွမ်းအားတွေကို ကောင်းကောင်း ထိန်းသိမ်းနိုင်မှု မရှိတော့တဲ့ အခြေအနေကို ရောက်ခါနီး… အရေးအကြီးဆုံး အချိန်မှာ ကျွမ်းကျင်လှစွာနဲ့ ဓားဝင်္ကပါရဲ့ ဓားအလင်းတန်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ပါတယ်။ ပြင်းထန်လှတဲ့ တုန်ခါမှုတွေနဲ့အတူ… လေပြင်းနဲ့ မိုးကြိုးတို့ဟာ ကွယ်ပျောက်သွားကြသလို… ဓားအလင်းတန်းတွေကလည်း မှေးမှိန်ပြီး လွင့်ပြယ်သွားခဲ့ပါတော့တယ်။
တစ်ခစ်ခစ်နဲ့ ရယ်မောလိုက်ရင်း… ရှောင်ပုတန်လေးဟာ နောက်ဆုံးအထစ်ပေါ်ကို ခြေချလိုက်ပါတယ်။ သူဟာ အဆောက်အဦးရဲ့ ခေါင်မိုးပေါ်ကို ရောက်မသွားခဲ့ပဲ… အဆောက်အဦးရဲ့ အထဲက လျှို့ဝှက်အခန်း တစ်ခုရဲ့ အထဲကို ရောက်သွားခဲ့တာပါ။
ဒီလျှို့ဝှက်ခန်းလေးဟာ ပရိဘောဂတွေ.. အပြင်အဆင်တွေ တစ်ခုမှ မရှိခဲ့ပဲ… သူ့ရဲ့အလယ်က ကြမ်းပြင်ပေါ်မှာ စိတ်ဝိညာဉ် ဆေးပင်တစ်ခုကို စိုက်ပျိုးထားခဲ့ပါတယ်။ ဒီဆေးပင်လေးဟာ တစ်မီတာလောက် အရှည်ရှိပြီး… ဝါးပင်လိုမျိုး သေးသွယ်တဲ့ ပင်စည်ရှိကာ… နက်ပြာရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ အဆစ်ရှစ်ခုကို တွေ့မြင်နိုင်ပါတယ်။
ဝင်္ကပါရဲ့ အခြားတစ်ဘက်မှာ ရှိနေတာတောင်… လင်းဖုန်းဟာ သူ့ရဲ့အထဲက မယုံနိုင်စရာ သိပ်သည်းလှတဲ့ ဆေးစွမ်းအင်တွေကို အာရုံခံနိုင်ခဲ့ပါတယ်။ သူ့ရဲ့ သဘောတရားဟာ ကောင်းကင်မာစတာ ဓားဂိုဏ်းရဲ့ ဓားလမ်းစဉ်လိုမျိုး… ကောင်းကင်ကိုးလွှာရဲ့ အပေါ်ဘက်နဲ့ ဆက်သွယ်ထားသလိုမျိုး ဖြစ်နေခဲ့တာပါ။
သူ့ရဲ့ဘေးမှာ မြောင်ရှီးဟောင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး… "ကောင်းကင်သို့ ခြေကိုးလှမ်း ဆေးပင်လား? ဒါက သာမန်ဆေးပင်မျိုး မဟုတ်ဘူး… သူက ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံတဲ့နေရာ… ကောင်းကင်မာစတာ ဓားဂိုဏ်းရဲ့ ဌာနချုပ်ဖြစ်တဲ့ တုန်းထျန်းတောင်ပေါ်မှာသာ တွေ့နိုင်တဲ့ ဆေးပင်ပဲ ဖြစ်တာဗျ…"
"ကောင်းကင်သို့ ခြေကိုးလှမ်း ဆေးပင်?" မြောင်ရှီးဟောင်က ဒီနာမယ်ကို ပြောလိုက်တာနဲ့… လင်းဖုန်းဟာ သူ့မျက်စိရှေ့က ဆေးပင်ဟာ… ကောင်းကင်မာစတာ ဓားဂိုဏ်းရဲ့ လျှို့ဝှက်စိတ်ဝိညာဉ် ဆေးလုံးဖြစ်တဲ့ ကောင်းကင်ဆေးလုံးရဲ့ အဓိကအမယ်ဖြစ်တယ် ဆိုတာကို သိလိုက်ပါတယ်။
ကောင်းကင်ဆေးလုံးဟာ လင်းဖုန်းရဲ့ စနစ်ကြီးထဲမှာရှိတဲ့ ၃၃ဘုံ ဖန်ဆင်းခြင်း သက်စောင့်ဆေးလုံးနဲ့ အစွမ်းသတ္တိတူညီကာ… သူ့လောက်တော့ စွမ်းအားမကောင်းပေမဲ့… စားသုံးသူရဲ့ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။
ကျင့်ကြံမှု အဆင့်ကို မြှင့်တင်တဲ့ နေရာမှာ ကျရှုံးမှုနှုန်းက ပိုများပေမဲ့… ဒါက မူလကောင်းကင် ကမ္ဘာကြီးမှာ နာမည်ကြီး ဆေးလုံးအနည်းငယ် အနက်မှာ တစ်ခုအပါအဝင် ဖြစ်ပြီးမှ… ကောင်းကင်မာစတာ ဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို အဆင့်အတန်း မြှင့်ပေးနိုင်တဲ့ ဆေးလုံးပဲ ဖြစ်တာပါ။
ဒီကောင်းကင်သို့ ခြေကိုးလှမ်း ဆေးပင်ဟာ အခုအချိန်မှာ အဆစ်ရှစ်ခုသာ ရှိသေးပြီး… မရင့်မှည့်သေးပေမဲ့ ဒီအခန်းထဲမှာ ဒီတစ်ပင်ပဲ ရှိနေတာမို့… ရှောင်ပုတန်လေးဟာ ဂရုမစိုက်နိုင်တော့ပဲ ဘေးပတ်ပတ်လည်ကို ခိုးကြောင်ခိုးဝှက် ပတ်ကြည့်လိုက်ပြီး… ဒီဆေးပင်ကို ဆုပ်ကိုင်လိုက်ကာ မြေပြင်ပေါ်ကနေ ဆွဲနှုတ်လိုက်ပါတော့တယ်။
ယွဲ့ဟုန်ယန်ကလည်း ဒီမြင်ကွင်းကို တုန်လှုပ်စွာနဲ့ စိုက်ကြည့်နေခဲ့ပြီး… လင်းဖုန်းကို ချီတုံချတုံ ဖြစ်လှစွာနဲ့ ကြည့်လိုက်ကာ… "အကြီးအကဲ.. သူ.. သူက…" လင်းဖုန်းရဲ့ နှုတ်ခမ်းတွေဟာ တွန့်သွားခဲ့ပြီး ဘာကိုမှတော့ ပြန်မပြောခဲ့ပါဘူး။
မြောင်ရှီးဟောင်ကတော့ တစ်ခစ်ခစ်နဲ့ ရယ်နေခဲ့ကာ… "ဘာဖြစ်ရမှာလည်း? ဆေးပင်ကို ခိုးနေတာပေါ့။ အိုး… မဟုတ်သေးဘူး… ပိုပြီးတော့ တိတိကျကျ ပြောရရင် နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေတာပဲ။ သူများရဲ့ ဓားဝင်္ကပါကို ချိုးဖျက်ပြီး… မျက်နှာပြောင်တိုက်ပြီးမှ လုယက်နေတာပဲ။ အိုး… ဘုရားသခင်… ရယ်ရလွန်းလို့ အူတက်ပြီး သေတော့မယ်။ ဒီကောင်လေးက တော်တော့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ… ကိုကြီးရှီးဟောင်ကတော့ သဘောကျသွားပြီကွာ!"
လင်းဖုန်းကတော့ မျက်နှာအမူအရာ မပြောင်းခဲ့ပဲ ရင်ထဲကသာ ကြိတ်ပြီးမှ အော်ဟစ်နေခဲ့ပါတယ်… "တပည့်လေး… ငါ့ရဲ့ တပည့်ကောင်းလေး! ငါတို့က လူကောင်းတွေလေကွာ… မင်းလေးက ဒီလိုမျိုး လုပ်နေရင်တော့… ငါတို့ဂိုဏ်းရဲ့ နာမည်ကတော့ ပျက်ပါပြီကွာ!"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu