အပိုင်း ၁၆၉ : ခဏနေပါဦး… ကျင့်ကြံသူ ရောင်းရင်းရာ!
သတ္တုအနွယ်ဝင် မိစ္ဆာစွမ်းအားတွေနဲ့ ဖန်ဆင်းထားတဲ့ ကြီးမားလှတဲ့ သံမဏိ လက်သည်းကြီးဟာ… ခန်းနန်ဟွာက ဖန်ဆင်းထားတဲ့ သဲဒိုင်းကြီးရဲ့ အပေါ်ကို ဘန်းကနဲပဲ ရိုက်ချလိုက်ခဲ့ပါပြီ။
ပုံမှန်အားဖြင့် ဆိုရင်တော့… အခြေတည်ဝိညာဉ် အဆင့်က တိုက်ခိုက်မှုဟာ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်က ကျင့်ကြံသူကို အမှုန့်ချေပစ်နိုင်မှာပါ။
ဒါပေမဲ့လည်း ဘယ်လို ထူးဆန်းတဲ့ အကြောင်းရင်းတွေကြောင့်မှန်း မသိပဲ… ဂန်ဂျင်ကျားဘုရင်ရဲ့ လက်သည်းတွေဟာ ဒီသဲဒိုင်းကို အနည်းငယ်မျှ ထိုးဖောက်နိုင်စွမ်း မရှိခဲ့ပါဘူး။
ဂန်ဂျင်ကျားဘုရင်ရဲ့ မျက်လုံးအစုံတို့ဟာ အံ့အားသင့်မှု.. ဒေါသထွက်မှုတို့နဲ့အတူ ပြူးကျယ်ကာ လာခဲ့ပါပြီ။ သူက ချန်ချွန်းကြိမ်လုံးနဲ့ သံသရာ ပန်းပွင့်နဲ့ ရင်ဆိုင်ခဲ့ရာမှာ သူ့ရဲ့ မိစ္ဆာစွမ်းအင်တွေနဲ့ ခွန်အားတွေကို အများကြီး အသုံးပြုခဲ့ရတယ် ဆိုပေမဲ့လည်း… ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ဟာ ဒီတိုက်ခိုက်မှုကို မကာကွယ်နိုင်ခဲ့သင့်ပါဘူး။
ဂန်ဂျင်ကျားဘုရင်ဟာ မကျေမနပ်နဲ့ နှာတစ်ချက် မှုတ်လိုက်ပြီး… ဒီလက်သည်းတွေရဲ့ အထဲကို စွမ်းအင်နဲ့ ခွန်အားတွေကို ပိုထည့်လိုက်ပါပြီ။
အင်အားတိုးတက်လာမှုနဲ့အတူ… သဲဒိုင်းကြီးဟာ ကျယ်လောင်စွာနဲ့ ဘန်းကနဲ မြည်သွားပြီး အဖျက်ဆီးခံလိုက်ရပါတယ်။
ဒါပေမဲ့လည်း ဂန်ဂျင်ကျားဘုရင်က နောက်ထပ်ဘာမှ မလုပ်ရသေးခင်မှာပဲ… မရေမတွက်နိုင်တဲ့ သဲမှုန်ပေါင်း များစွာတို့ဟာ ထပ်ဖန်တစ်ခါ ပေါင်းစည်းလာခဲ့ပြီး နောက်ထပ်သဲဒိုင်းကြီး တစ်ခုကို ဖန်တီးလိုက်ပြီး… ဂန်ဂျင်ကျားဘုရင်ကို တားဆီးထားခဲ့တာပါ။
ဒီသဲဒိုင်းကြီးရဲ့ အခြားတစ်ဘက်မှာကတော့ ခန်းနန်ဟွာဟာ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ရပ်နေခဲ့ပါတယ်။ သူ့ရဲ့ မျက်နှာဟာ အရင်ကထက် ပိုပြီးတော့ ဖြူဖျော့သွားခဲ့ပေမဲ့ ခိုင်မာတဲ့ သန္ဒိဌာန်တွေကို သူ့ရဲ့ မျက်လုံးအစုံကနေ တွေ့နေနိုင်ပါတယ်။
သူက လွယ်လွယ်ကူကူနဲ့ အလျော့ပေးမယ့်သူ မဟုတ်ဘူးဆိုတာကို အကုန်လုံးက ကြည့်လိုက်ရုံနဲ့ သိနေခဲ့တာပါ။
လင်းဖုန်းကတော့ အဝေးကနေ စိုက်ကြည့်နေခဲ့ပြီး ခေါင်းထဲကနေ စဉ်းစားနေခဲ့ပါပြီ… "အင်း… ကြည့်ရတာတော့ ခန်းနန်ဟွာက ရှေးဟောင်းဂင်္ဂါ သဲနှုန်းကျမ်းစာကို အပြည့်အဝ ရှာဖွေတွေ့ရှိသွားပြီနဲ့ တူတာပဲ!"
ခန်းနန်ဟွာ အရင်က လေ့ကျင့်နေခဲ့တဲ့ တာအိုနည်းစနစ်ဟာ သဲနှုန်းတာအို နည်းစနစ်ရဲ့ လျှို့ဝှက်မှတ်တမ်းပဲ ဖြစ်ပြီး… ဒါက ရှေးဟောင်းဂင်္ဂါ သဲနှုန်းကျမ်းစာရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ မပြည့်စုံနေတဲ့ တာအိုနည်းစနစ် တစ်ခုကို လေ့ကျင့်ခဲ့ရတော့ စွမ်းအားထက်သင့်သလောက် မထက်ဘူး ဖြစ်နေတာပါ။
ဒါကြောင့်ပဲ… ခန်းနန်ဟွာက မလေ့ကျင့်နိုင်တဲ့ မှော်ကျိန်စာ..မန္တန်နဲ့ နည်းစနစ်တွေက အများကြီး ရှိနေခဲ့ပါတယ်။
ပြီးတော့လည်း သူဟာ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါပြီ။ လင်းဖုန်းကလည်း သူဟာ သူနဲ့ ရှေးဟောင်းကမ္ဘာ စိမ့်မြေကနေ နှုတ်ဆက်ခွဲခွာသွားပြီးနောက်မှာ… အကျိုးရှိတဲ့ တွေ့ကြုံမှုတွေနဲ့ တွေ့ဆုံခဲ့ရပြီး ဒီကျမ်းစာ အပြည့်အစုံကို ရရှိခဲ့တာလို့ အသေအချာ ပြောနိုင်ပါတယ်။
ဒီတာအိုနည်းစနစ်ဟာ ထိပ်တန်းအဆင့်မှာ ရှိနေပြီး ကျင့်ကြံတဲ့သူကို ထူးခြားတဲ့ စွမ်းအားမျိုးကို ပေးစွမ်းနိုင်တာပါ။ တကယ့်လို့များ ခန်းနန်ဟွာဟာ အခု ဂင်္ဂါသဲနှုန်းဝင်္ကပါကို နောက်ထပ် ဖန်ဆင်းလိုက်ရင်… ဗိုလ်ချုပ်စဉ်းလဲရဲ့ ရှန်းဝူ အင်မော်တယ် သတ်ဖြတ်ခြင်း ဝင်္ကပါဟာ အရင်ကလိုမျိုး လွယ်လွယ်ကူကူနဲ့ ထိုးဖောက်နိုင်မှာ မဟုတ်တော့ပါဘူး။
အခုတော့ တကယ်လို့များ ခန်းနန်ဟွာဟာ ဒီဝင်္ကပါကို ထပ်မံ တည်ဆောက်နိုင်ခဲ့မယ် ဆိုပါက… ဂန်ဂျင်ကျားဘုရင်ကလည်း ဒီဝင်္ကပါကို ချိုးဖျက်ဖို့ တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ရမှာပါ။
ဒါပေမဲ့လည်း ခန်းနန်ဟွာကို ဒေါသထွက်နေတာ ဂန်ဂျင်ကျားဘုရင် တစ်ယောက်ထဲ မဟုတ်ပါဘူး… သူနဲ့ ယွဲ့ဟုန်ယန်တို့ဟာ သူက မော်တယ် စိတ်ဝိညာဉ် ဆေးလုံးတွေကို ပြုလုပ်နေတဲ့ ကလေးလေးတွေကို လွှတ်ပေးလိုက်တာကို တွေ့လိုက်တဲ့… ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း စိတ်တိုနေခဲ့တာပါ။
မော်တယ် စိတ်ဝိညာဉ် ဆေးလုံးတွေ အဆင်သင့် ဖြစ်ဖို့ရာက ရက်ပေါင်း အနည်းငယ်သာ လိုတော့တာလေ။ အခုက ယွဲ့ဟုန်ယန်က ကလေးလေးတွေကို လွှတ်ပေးလိုက်တော့… ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ အားထုတ်ကြိုးပမ်းမှုတွေဟာ ခဲလေသမျှ သဲရေကျ ဖြစ်သွားခဲ့ပါပြီ။
"မင်းတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့်… မင်းတို့က ဒီကနေ အသက်ရှင်လျှက် ထွက်သွားဖို့တော့ မကြိုးစားနဲ့တော့!" ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ မော်တယ် စိတ်ဝိညာဉ် ဆေးလုံးအကြောင်းကို တွေးလေလေ.. ဒေါသထွက်လေလေ ဖြစ်နေခဲ့ပြီး… ကျယ်လောင်စွာနဲ့ အော်ဟစ်လိုက်ပါတယ်။ ပြီးတာနဲ့ သူဟာ ကောင်းကင်ပေါ်ကို ပျံတက်သွားခဲ့ပြီး… အရောင်အသွေး စုံလင်တောက်ပနေတဲ့ တိမ်တိုက်မြူခိုးတွေရဲ့ အကြားကို ဝင်ရောက်ပျောက်ကွယ် သွားခဲ့ပါပြီ။
ချက်ချင်းဆိုသလိုပဲ တိမ်တိုက်တွေရဲ့ အထဲက များပြားလှတဲ့ စိတ်ဝိညာဉ် စွမ်းအင်တို့ဟာ အလယ်ဗဟိုမှာ လာရောက်ပြီးတော့ စုစည်းနေကြပါတယ်။
ကပ်ဆိုးတစ်ပါးလိုမျိုး ဖျက်ဆီးနိုင်တဲ့ အော်ရာတစ်ခုဟာ ကောင်းကင် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ။
ဒီရောင်စုံ တိမ်တိုက်မြူခိုးငွေ့တွေကို စိုက်ကြည့်လိုက်ပြီး… ဂန်ဂျင်ကျားဘုရင်ဟာ ခန်းနန်ဟွာနဲ့ ယွဲ့ဟုန်ယန်တို့ဆီကို ခေါင်းလှည့်လိုက်ကာ… "ဟဲဟဲ… မင်းတို့က ဒီကလေးတွေကို အိုးထဲက ထုတ်လိုက်တာကို ငါက ဂရုမစိုက်ပါဘူးကွ… ငါက မော်တယ် စိတ်ဝိညာဉ် ဆေးလုံးတွေကို လိုချင်နေတာ မဟုတ်ဘူး… သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့ စိတ်ဝိညာဉ် စွမ်းအင်နဲ့ ဆေးအာနိသင်တွေ ရှိနေရင် ရပါပြီကွာ…"
"ကဲ… ပြေးပေတော့… မင်းတို့က ဘယ်လောက် မြန်မြန်ပြေးနိုင်မလည်း ဆိုတာကို ကြည့်ရသေးတာပေါ့.." ဂန်ဂျင်ကျားဘုရင်က တဟဲဟဲနဲ့ ရယ်နေခဲ့ပြီး ကောင်းကင်ကို ကြည့်လိုက်ကာ… "ဟဲဟဲ… မင်းတို့ကို သတိမပေးဘူးဆိုပြီး ငါ့ကို အပြစ်တော့ မတင်နဲ့ပေါ့ကွာ… ငါက ဒီအရူးအိုကြီးကို စာရင်းရှင်းဖို့က အချိန်သိပ်လိုမှာတော့ မဟုတ်ဘူး…"
သူ့ရဲ့ စကားဆုံးတာနဲ့ ဂန်ဂျင်ကျားဘုရင်ဟာ ကျယ်လောင်စွာနဲ့ ဟိန်းဟောက်လိုက်ပြီး… ကောင်းကင်ပေါ်ကို ပျံတက်သွားခဲ့ပြီး ရောင်စုံတိမ်တိုက် မြူခိုးငွေ့တွေရဲ့ အထဲကို ခုန်ဝင်သွားခဲ့ပါတော့တယ်။
လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ တောက်ပသွားခဲ့ပြီး… "အင်း… ကြည့်ရတာက ဒီတိမ်တိုက် မြူခိုးငွေ့တွေရဲ့ အထဲမှာ ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားနိုင်တဲ့ အစွမ်းသတ္တိ ရှိနေပြီး… အထဲမှာ ဘာဖြစ်နေသလည်း ဆိုတာကို အပြင်ကနေ ကြည့်လို့မရအောင် တားဆီးထားတာပဲဟ…"
ဒါကလည်း ကောင်းတာပဲ… ဘာဖြစ်လို့လည်းဆိုတော့ သူဟာ သူ့ရဲ့ နောက်လုပ်ငန်းစဉ်ကို လျှို့ဝှက်စွာနဲ့ လုပ်ရမှာဖြစ်ပြီး… ကောင်းကင်ယံမှာ တိုက်ခိုက်နေကြတဲ့ မွန်းစတားကြီး နှစ်ကောင်တို့ မမြင်အောင် လုပ်ရမှာပါ။
လင်းဖုန်းကလည်း သူ့ကိုယ်သူ ဖော်ပြလိုက်တော့… ခန်းနန်ဟွာဟာ သူ့ကို ချက်ချင်း မှတ်မိသွားခဲ့ပြီး… "ဟာ… တာအိုရောင်းရင်း လင်းဖုန်းကလည်း ဒီရောက်နေတာကိုး… ခင်ဗျားက ဒီနေရာကို မော်တယ် စိတ်ဝိညာဉ် ဆေးလုံးအတွက် ရောက်လာတာ မဟုတ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ…"
"ဟင်းဟင်း… စိတ်မကောင်း စရာပဲဗျ… ကျုပ်က ဒီကို မော်တယ် စိတ်ဝိညာဉ် ဆေးလုံးတွေအတွက် ရောက်လာခဲ့တာပဲ။ အဲ… ဒါပေမဲ့ ကျုပ်က သူတို့ကို လုံခွက်အတွက် ရောက်လာတာ မဟုတ်ဘူး… သူတို့က ဒီကမ္ဘာပေါ်မှာ နောက်ထပ်တစ်ခေါက် ဘယ်တော့မှ ပေါ်မလာတော့အောင် လုပ်ဖို့ပဲဗျ…" လင်းဖုန်းကလည်း ရိုးသားဖြူစင်စွာနဲ့ အမှန်အတိုင်း ဖြေကြားလိုက်ပါတော့တယ်။
ပြီးတာနဲ့ သူဟာ ကောင်းကင်ပေါ်က တိမ်တိုက်မြူခိုးတွေကို မော့ကြည့်လိုက်ပြီး… "ကဲ… ကျေးဇူးပြုပြီး ခင်ဗျားတို့က ဒီကလေးလေးတွေကို တောင်အောက်ကို ခေါ်သွားလိုက်ပါလား… ကျုပ်က ကျန်နေတဲ့ အမှိုက်ထုပ်တွေကို ရှင်းလိုက်ဦးမယ်ဗျ…"
ယွဲ့ဟုန်ယန်ကလည်း လေပေါ်မှာ ရှိနေတဲ့ လင်းဖုန်းကို ကြည့်လိုက်ပြီး… သူမရဲ့ မျက်လုံးအစုံမှာ အထင်ကြီးတဲ့ အရိပ်အယောင်တွေကို တွေ့နိုင်ပါတယ်။
ခန်းနန်ဟွာကလည်း စိတ်သက်သာရာ ရစွာနဲ့ ပြုံးလိုက်ပြီး… "ဟုတ်… ကျေးဇူးတင်ပါတယ် သူငယ်ချင်းရာ။ ချန်ချွန်းတောင်ပေါ်မှာ ကျားမိစ္ဆာတွေ အများကြီး ကျန်နေသေးပြီး… သူတို့ရဲ့ အထဲမှာလည်း မိစ္ဆာအုပ်ချုပ်သူတွေ အတော်ရှိနေသေးတာဆိုတော့… ဒီကလေးတွေကို လုံခြုံတဲ့ နေရာကို ပို့ပြီးသွားရင် ခင်ဗျားကို ပြန်လာပြီးတော့ ကူပါ့မယ်ဗျာ…"
လင်းဖုန်းကလည်း ရယ်လိုက်ပြီး… "ဟဲဟဲ… အဲ့လောက်အထိလည်း မလိုပါဘူးဗျာ…" သူ့ရဲ့ ရယ်သံတွေက မဆုံးသေးခင်မှာပဲ… သူဟာ ရောင်စုံတိမ်တိုက် မြူခိုးငွေ့တွေရဲ့ အထဲကို ပျံတက်သွားခဲ့ပါတော့တယ်။
ဒီရောင်စုံ တိမ်တိုက်တွေရဲ့ အထဲကို ရောက်သွားတာနဲ့ တပြိုင်နက်… လင်းဖုန်းဟာ သူ့ရဲ့အထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းရည်တွေကို တွေ့လိုက်ရပါပြီ။
ကောင်းကင်ကို ဆန့်ကျင်တဲ့ ချန်ချွန်းဝင်္ကပါဟာ အဆင့်သုံးဆင့် ရှိတာပါ။ တောင်ခြေမှာက အဝါရောင်ရင့်ရင့် တိမ်တိုက် မြူခိုးငွေ့တွေ ရှိပြီး… သူက မြေကြီးနဲ့ ရွံ့နွံတို့ရဲ့ အဆီအနှစ်တွေကို အဆက်မပြတ် သန့်စင်ထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သိပ်သည်းလှတဲ့ မြေကြီး အဆီအနှစ်တွေဟာ ဝင်ရောက်လာသူတို့ကို ဖိနှိပ်ထားနိုင်တဲ့ စွမ်းအင်ရှိတာပါ။
တောင်ရဲ့ အလယ်ပိုင်းနားမှာကတော့ ကျောက်စိမ်းရောင် တိမ်တိုက်မြူခိုးငွေ့တွေက ဖုံးလွှမ်းထားခဲ့ပါတယ်။ ဒီမြူခိုးငွေ့တွေရဲ့ အထဲမှာက အသက်စွမ်းအင်တွေဟာ သိပ်သည်းစွာ ရှိနေခဲ့ပြီး… တိုက်စစ်စွမ်းရည်ရှိတဲ့ အပင်တွေရဲ့ လျှင်မြန်စွာ ကြီးထွားမှုကို အထောက်အကူ ပြုတာပါ။
ဒါပေမဲ့လည်း ဒီအဆင့်နှစ်ဆင့်ဟာ အားနည်းတဲ့ ရန်သူတွေကိုသာ ကာကွယ်ဖို့အတွက် ကူညီနိုင်ပါတယ်။ ရွှေရောင်ဗဟိုချက် အဆင့်နဲ့ အထက်က ရန်သူတွေကို တားဆီးဖို့ ဆိုရင်တော့… တောင်ထိပ်ပေါ်က ရောင်စုံတိမ်တိုက် မြူခိုးငွေ့တွေကို အသုံးပြုရမှာပါ။
ဒီတိမ်တိုက်တွေရဲ့ အထဲမှာက… တစ်ယောက်ဟာ သူ့ရဲ့ မြင်ကွင်းတွေကို သေသေချာချာ မမြင်ရတော့တဲ့ အတွက်ကြောင့် အထဲမှာ မျက်စိလည်နေမှာပဲ ဖြစ်ပါတယ်။ ပြီးတော့လည်း ဒီမြူခိုးငွေ့တွေဟာ တိုက်စားတတ်တဲ့ သဘာဝ ရှိတဲ့အတွက်ကြောင့်… ဝင်ရောက်လာသူတွေရဲ့ မှော်စွမ်းအင်တွေနဲ့ စွမ်းအားတွေကို တိုက်စားပစ်မှာပါ။
ဒါကြောင့်ပဲ ဒီရောင်စုံ တိမ်တိုက်မြူခိုးငွေ့တွေဟာ အသားစား အပင်လိုမျိုး… ကျူးကျော်ဝင်ရောက် လာသူတွေကို ဝါးမျိုလိုက်ပြီး အစာချေပစ်လိုက်မှာပဲ ဖြစ်ပါတယ်။
ဒီတိမ်တိုက်တွေဟာ ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ အသိစိတ်နဲ့ ဆက်သွယ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်… လင်းဖုန်းက အထဲကို ဝင်လိုက်တာနဲ့ တပြိုင်နက် သူကချက်ချင်း သိရှိသွားခဲ့ပါပြီ။
ဒါပေမဲ့လည်း လင်းဖုန်းဟာ ကောင်းကင်၏ စည်းရိုးများကို အသုံးပြုပြီးမှ… ဒီမြူခိုးငွေ့တွေရဲ့ တိုက်စားမှုကို ခုခံမှုတွေ မပြုလုပ်ခဲ့ပါဘူး။ သူဟာ သာမန် ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်လို့သာ ထင်သွားအောင်… သူ့ရဲ့ မှော်စွမ်းအင် တချို့ကိုသာ အသုံးပြုပြီးမှ မြူခိုးငွေ့တွေရဲ့ တိုက်စားမှုကို ကာကွယ်ခဲ့တာပါ။
ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း လင်းဖုန်းဟာ ဒီတိမ်တိုက် မြူခိုးငွေ့တွေရဲ့ တိုက်စားမှုကြောင့် အသက်ပျောက်သွားလိမ့်မယ်လို့ ယူဆပြီး… ဂန်ဂျင်ကျားဘုရင်ကိုသာ အာရုံစိုက်ပြီးမှ တိုက်ခိုက်နေခဲ့ပါတယ်။
ဒီရောင်စုံ တိမ်တိုက်တွေရဲ့ အလယ်ဗဟိုမှာ ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ တင်ပုလ္လင်ခွေ ထိုင်နေခဲ့ပြီး… သူ့ရဲ့ခေါင်းပေါ်က လေထုအလယ်မှာတော့ လုံးဝိုင်းနေတဲ့ ဧရာမ သစ်သီးတစ်လုံးဟာ လွင့်မျောနေခဲ့တာပါ။
ဒီရောင်စုံ တိမ်တိုက် မြူခိုးငွေ့တွေရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေနဲ့ မှော်စွမ်းအင်တို့ဟာ… ဒီသစ်သီးရဲ့ အလယ်ကို ဦးတည်ပြီးမှ စုစည်းနေခဲ့ပါတယ်။
ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ ရောင်စုံတိမ်တိုက်တွေရဲ့ အလယ်မှာ ရှိနေတဲ့ ဂန်ဂျင်ကျားဘုရင်ကို အေးစက်စွာနဲ့ ကြည့်လိုက်ပြီး… "ဟေ့… မိစ္ဆာကောင်… ငါ့ရဲ့ ကောင်းကင်ခွဲခြမ်း သစ်သီးကို မြည်းစမ်းကြည့်ဦးကွ!"
ဒီဧရာမ သစ်သီးကြီးဟာ ကောင်းကင်ပေါ်ကနေ အောက်ကို ဆင်းသက်လာခဲ့ပါပြီ။ ဒီသစ်သီးလေးရဲ့ အပြင်ဘက်ကို အသေအချာ ကြည့်ရှုလိုက်မယ် ဆိုရင်တော့… ဒီကမ္ဘာကြီးရဲ့ ကောင်းကင်နဲ့ မြေကြီးကို ခွဲခြမ်းထားခဲ့သလိုမျိုး သစ်သီးကိုလည်း ခွဲခြမ်းထားတဲ့ အရိပ်အယောင်တွေကို တွေ့နေရတာပါ။
ခွဲခြမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ တစ်သီးတစ်ခြား ကွဲပြားသွားမှုတို့ဟာ အရာဝတ္ထုတွေကို ဖြစ်ပေါ်လာစေခဲ့ပြီး… သဘာဝ မိခင်ကြီးကို ကြီးထွားရှင်သန် လာစေခဲ့ကာ သဘာဝ စိမ်းလန်းတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းပေးခဲ့တာပါ။
အသက်စွမ်းအင်တို့ရဲ့ ပြင်းထန်တဲ့ အငွေ့အသက်ကို ပေးနေခဲ့ပေမဲ့… ကောင်းကင်နဲ့ မြေကြီးတို့ကို ခွဲခြမ်းပေးနိုင်တဲ့ စွမ်းအားမျိုးနဲ့ တူတဲ့ အစွမ်းသတ္တိကို… ဂန်ဂျင်ကျားဘုရင်ကလည်း ချက်ချင်းပဲ သတိထားမိခဲ့ပါတယ်။
ကျယ်လောင်စွာနဲ့ အော်ဟစ်လိုက်ပြီးတဲ့ နောက်မှာတော့… ဂန်ဂျင်ကျားဘုရင်ရဲ့ ခန္ဓာကိုယ် အပြင်ပိုင်းမှာ မရေမတွက်နိုင်တဲ့ သံမဏိ ဓားသွားတွေ ဖုံးလွှမ်းထားတဲ့ ချပ်ဝတ်တန်ဆာ တစ်ခုဟာ ပေါ်လာခဲ့ပြီး… သူ့ကိုကြည့်ရတာ သံမဏိ ဖြူကောင် တစ်ကောင်နဲ့ တူနေခဲ့ပါတယ်။
အစောနက သံသရာ ပန်းပွင့်ကို ဖျက်စီးလိုက်တဲ့ အတိုင်းပဲ… ဂန်ဂျင်ကျားဘုရင်ဟာ ရှောင်တိမ်းမသွားခဲ့သလို ငြိမ်နေပြီးမှလည်း မကာကွယ်နေခဲ့ပါဘူး။ သူဟာ တောက်ပလှတဲ့ ရွှေရောင်အလင်းတန်း တစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ပြီး… လျှင်မြန်စွာနဲ့ပဲ ဒီကောင်းကင်ခွဲခြမ်း သစ်သီးနဲ့ ရင်ဆိုင်လိုက်ပါတော့တယ်။
အစိမ်းရောင် သစ်သီးနဲ့ ရွှေရောင် အလင်းတန်းတို့ဟာ ရောင်စုံတိမ်တိုက် မြူခိုးငွေ့တွေရဲ့ အလယ်မှာ ပြင်းထန်စွာနဲ့ တိုက်ခိုက်ခဲ့ကြပါပြီ။
ကောင်းကင်ခွဲခြမ်း သစ်သီးရဲ့ အရှိန်အဟုန်နဲ့ စွမ်းအားတို့ဟာ ပေါက်ကွဲထွက်လာခဲ့ပြီး… မရေမတွက်နိုင်တဲ့ ရောင်စုံအလင်းတန်းတို့ဟာ နေရာအနှံ့ကို လွင့်စဉ်ထွက်လာကြပါတယ်။
ဒီရောင်စုံ အလင်းတန်းတွေဟာ ရောင်စုံတိမ်တိုက် မြူခိုးငွေ့တွေနဲ့ ထိတွေ့လိုက်တဲ့ အခါမှာတော့… ခြောက်သွေ့နေတဲ့ ထင်းခြောက်တွေပေါ်မှာ မီးပွားစတွေဟာ ကျသွားသလိုမျိုး… တိမ်တိုက်မြူခိုးငွေ့တွေဟာ အားကောင်းလာပြီး လှုပ်ရှားလာခဲ့ပါပြီ။
အပြင်ကနေ ကြည့်နေကြတဲ့ သူတွေအဖို့တော့… ဒီတိမ်တိုက်မြူခိုးငွေ့တွေဟာ ကြီးထွားလာကာ သိပ်သည်းလာခဲ့ပြီး ကြည့်ရတာ ခဲသွားတော့မလိုမျိုး ဖြစ်နေခဲ့တာပါ။
ပြင်းထန်လှတဲ့ မှော်စွမ်းအင် ရိုက်ခတ်မှုတွေဟာ ဒီနေရာကြီး တစ်ခုလုံးကို သေမင်းနယ်မြေ အဖြစ်ကို ပြောင်းသွားစေခဲ့ပြီး… သက်ရှိတွေ အားလုံးကို အရည်ဖျော်ပစ်ကာ သန့်စင်တော့မလို ဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း ဆုံးဖြတ်ချက် ခိုင်မာတဲ့ အော်ရာတွေနဲ့ ဖျက်ဆီးနိုင်တဲ့ ဓားသွားကို သယ်ဆောင်ထားတဲ့ ရွှေရောင် အလင်းတန်းလေး တစ်ခုဟာ… သူ့ကို ကာဆီးထားတဲ့ စွမ်းအားနဲ့ မှော်စွမ်းအင်တွေကို အားကုန်သုံးကာ ထိပ်တိုက်ရင်ဆိုင် ဖယ်ရှားခဲ့ပြီး… ကောင်းကင်ခွဲခြမ်း သစ်သီးကနေ ထုတ်လွှတ်နေတဲ့ ရောင်စုံတိမ်တိုက်တွေနဲ့ အလင်းတန်းတွေကို ဆွဲဖြဲပစ်ခဲ့ပါပြီ။
ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း မှင်သက်သွားခဲ့ပြီး… "ဟာ… ဘာလည်းဟ?! ဒီကောင်းကင်ခွဲခြမ်း သစ်သီးတောင်မှပဲ ဒီမိစ္ဆာကို မထိန်းချုပ်နိုင်ဘူးလား?"
မျက်စိတစ်မှိတ် အတွင်းမှာပဲ… ရွှေရောင် အလင်းတန်းလေးဟာ သူ့ဆီကို ရောက်ရှိလာခဲ့ပြီး တုန်ခါသွားကာ… ဂန်ဂျင်ကျားဘုရင်ရဲ့ ပုံရိပ်အဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။
လူသတ်လိုတဲ့ အော်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ကျားဘုရင်ဟာ… ဆေးဝါးတစ်ရာ ဂရန်းမာစတာကို ရက်စက်တဲ့ အပြုံးနဲ့ ကြည့်လိုက်ပြီး ဆေဘာတွေ အထပ်လိုက် ဖြစ်နေတဲ့ သူ့ရဲ့ လက်သည်းကို မြှောက်လိုက်ကာ… လျှင်မြန်စွာနဲ့ပဲ ဆေးဝါးတစ်ရာ ဂရန်းမာစတာကို ခုတ်ချလိုက်ပါပြီ။
ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း ထိတ်လန့်တုန်လှုပ်စွာနဲ့ နောက်ဆုတ်ဖို့ကို ကြိုးစားခဲ့ပေမဲ့ နောက်ကျလို့ သွားခဲ့ပါတယ်။ သွေးတွေဟာ ဖြာကျလာခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်မှာ နက်ရှိုင်းတဲ့ အစင်းကြောင်း တစ်ချို့ဟာ ပေါ်ပေါက်ကာ လာခဲ့ပါပြီ။
"မင်းက သတ္တိကောင်းလှချည်လား! ငါက မင်းရဲ့ ရန်ကြွေးတွေကို သိပ်မကြာခင်မှာပဲ ပြန်ဆပ်မယ်ကွ!" ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ အသက်ပြင်းပြင်း တစ်ချက်ကို ရှူလိုက်ပြီး… သူ့ရဲ့ ကိုယ်ထဲက မှော်စွမ်းအင်တွေကို လှည့်ပတ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ ဒဏ်ရာတွေဟာ အတော်ကိုပဲ သက်သာသွားခဲ့တာပါ… သူ့ရဲ့ တိုက်ခိုက်မှု စွမ်းရည်ဟာ အဲ့ဒီလောက်အထိ မကောင်းပေမဲ့… ဒဏ်ရာကုစားမှု စွမ်းရည်ကတော့ ရှာမှရှားလှပါတယ်။
သူ့ရဲ့ စွမ်းအားအထက်ဆုံး တိုက်ခိုက်မှု မှော်ကျိန်စာဖြစ်တဲ့… ကောင်းကင်ခွဲခြမ်း သစ်သီးဟာ ဂန်ဂျင်ကျားဘုရင်ကို ဘာမှမလုပ်နိုင်တာကို တွေ့လိုက်ရတော့… ထွက်ပြေးဖို့ကို သူက စဉ်းစားနေခဲ့ပါပြီ။
သူက ချန်ချွန်းတောင်ထိပ်ပေါ်က ခန်းနန်ဟွာနဲ့ ယွဲ့ဟုန်ယန်တို့ကို မုန်းတီးစွာနဲ့ ကြည့်လိုက်ပြီး… "ဟင်း… ဒီကောင်စုတ်လေး နှစ်ကောင်က ဒီအခြေအနေကို အခွင့်ကောင်း ယူပြီးမှ ငါ့ရဲ့ အကြံတွေကို ဖျက်ဆီးခဲ့တယ်။ တကယ်လို့များ မင်းတို့နှစ်ယောက်က ဒီမိစ္ဆာရဲ့ လက်ကနေ လွတ်မြောက်သွားခဲ့ရင်တော့… ငါက မင်းတို့ကို လိုက်ရှာပြီးမှ နှိပ်စက်မယ်ဟေ့!"
ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ သူ့က အခုထွက်ပြေးခဲ့ရင်… ဂန်ဂျင်ကျားဘုရင်ဟာ မော်တယ် စိတ်ဝိညာဉ် ဆေးလုံးတွေနဲ့ အခြား တန်ဖိုးကြီး ဆေးလုံးတွေကို သိမ်းဆည်းရဦးမှာမို့… သူ့ကို လိုက်မဖမ်းနိုင်ဘူးလို့ ယုံကြည်နေခဲ့တာပါ။
သူက သူ့ရဲ့ အရှေ့က ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး ထွက်ပြေးတော့မယ် ကြံလိုက်တုံးမှာပဲ… ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ သူ့ရဲ့အနောက်က အသံတစ်သံကို ကြားလိုက်ပါပြီ။
"ဟေ့… ကျင့်ကြံသူ ရောင်းရင်း… ခဏစောင့်ပါဦး!"
ဆေးဝါးတစ်ရာ ဂရန်းမာစတာနဲ့ ဂန်ဂျင်ကျားဘုရင်တို့ကလည်း တခြားလူ တစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတော့ အံ့ဩတုန်လှုပ်သွားကြပြီး… ခရမ်းရောင် ဝတ်စုံကို ဝတ်ထားတဲ့ လူငယ်တစ်ယောက်ဟာ ရောင်စုံတိမ်တိုက် မြူခိုးငွေ့တွေရဲ့ အလယ်ကနေ ထွက်လာတာကို တွေ့ရှိလိုက်ရပါတယ်။ ခင်ဗျားတို့ ထင်ထားတဲ့အတိုင်း ဒီလူဟာ လင်းဖုန်းကလွဲလို့ ဘယ်သူမှ မဟုတ်ပါဘူး။
လင်းဖုန်းကလည်း သိမ်မွေ့တဲ့ အပြုံလေးနဲ့ ဆေးဝါးတစ်ရာ ဂရန်းမာစတာကို နှုတ်ဆက်လိုက်ပါတယ်… "ဟဲဟဲ… တာအိုရောင်းရင်း ခင်ဗျ… စိတ်မပူပါနဲ့။ ကျုပ်က ခင်ဗျားကို ကူညီဖို့ ရောက်လာခဲ့တာပါ…"
သူ့ရဲ့စကားဆုံးတာနဲ့… မဟူရာနဂါး ကျဲယုကို ထုတ်လိုက်ပြီး ဂန်ဂျင်ကျားဘုရင်ဆီကို လွှတ်လိုက်ပါတယ်။
"အား… မဟုတ်ဘူး! ကျေးဇူးပြုပြီးမှ ကျုပ်ကို ဒီကျားဘုရင်ဆီကို မလွှတ်ပါနဲ့ဗျာ! သူက မိစ္ဆာသခင် အဆင့်က သတ္တဝါကြီးဗျ!" ကျဲယုဟာ အော်ဟစ်ချင်နေခဲ့ပေမဲ့… သူ့ရဲ့ ပါးစပ်က ဘာအသံမှ ထွက်မလာခဲ့ပါဘူး။
လင်းဖုန်းကလည်း သူ့ရဲ့လက်တွေကို စုစည်းလိုက်ကာ မှော်ကျိန်စာ သင်္ကေတတွေကို ဖန်ဆင်းလိုက်ပြီး ပြုံးလိုက်ကာ… "ဟီးဟီး… ကျဲယုလို့ ခေါ်တဲ့ နဂါး… သင်ဟာ ငါ့ရဲ့ အမိန့်တွေကို လိုက်နာပြီး ဒီကျားမိစ္ဆာနဲ့ သေတဲ့အထိ တိုက်ခိုက်ရမယ်!"
ကျဲယုက မကျေမနပ် ဖြစ်လှစွာနဲ့… "ဟေ့… ကျုပ်က ဒီတိုက်ပွဲမှာ မသေခဲ့လို့ရှိရင်… ခင်ဗျားက ကျုပ်ကို ကောင်းကောင်း ဆုချရမယ်!" ဘယ်လောက်အထိပဲ မလိုမလား ဖြစ်နေခဲ့ပေမဲ့… သူ့ရဲ့ စိတ်ဝိညာဉ်ထဲက စာချုပ်ဟာ လင်းဖုန်းရဲ့ နဂါးထိန်းချုပ် နည်းစနစ်ရဲ့ အမိန့်ကို နာခံခဲ့ရပြီး… ဘာမှရွေးချယ်လို့ မရတော့ပဲ သူ့ရဲ့ အိမ်မက်ဆိုးဖြစ်တဲ့ ဂန်ဂျင်ကျားဘုရင်နဲ့ ရင်ဆိုင်တိုက်ခိုက် လိုက်ရပါတော့တယ်။
လင်းဖုန်းကလည်း ရယ်ရမ်းသွေးလိုက်ပြီး… "ဟဲဟဲ… စိတ်မပူပါနဲ့ကွာ! ငါရှိနေရင်တော့ မင်းက သေမှာ မဟုတ်ပါဘူး…"
ဂန်ဂျင်ကျားဘုရင်ကလည်း ကြောက်ရွံ့ဖွယ် နဂါးကို ကြည့်လိုက်ပြီး လှောင်ပြောင်ရယ်မော လိုက်ပါတယ်… "ဟားဟား… သူ့ရဲ့ ခန္ဓာကိုယ်ဟာ ငါ့နဲ့ ယှဉ်နိုင်ပေမဲ့… မိစ္ဆာအုပ်ချုပ်သူ အဆင့်က နဂါးက ငါ့ကို နိုင်လိမ့်မယ်လို့ မျှော်လင့်နေတာလား? ငါက ဒီနဂါးကို အရှင်လတ်လတ် အရေခွံတွေ အကုန်ခွာပြီးမှ… အထဲက ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ပစ်ပြီးရင် မင်းတို့အလှည့် ရောက်ပြီကွ!"
ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း သူ့ရဲ့ မျက်ခုံးအစုံကို တွန့်လိုက်ပြီး… ဘာစကားကိုမှ မပြောခဲ့ပဲ အရှေ့က မြင်ကွင်းတွေကိုသာ ကြည့်နေခဲ့ပါတယ်။
လင်းဖုန်းကလည်း ပြုံးလိုက်ပြီး… "ဟဲဟဲ… ဘာမှ စိတ်မပူပါနဲ့ တာအိုရောင်းရင်း။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ဖော်ပြခဲ့တယ် ဆိုတော့… ကျုပ်မှာက ဒီမိစ္ဆာကို နှိန်နှင်းဖို့အတွက် ယုံကြည်ချက် ရှိလို့ပေါ့…"
ပြီးတာနဲ့ သူဟာ သူ့ရဲ့ လက်အစုံကို ဖွင့်လိုက်ပြီး အထဲက တောက်ပလှတဲ့ အဖြူရောင် အလင်းတန်း ဘောလုံးလေးကို ထုတ်လိုက်ရာ… ကြီးမားလှတဲ့ မိုးကြိုးပိုက်ကွန်ကြီးဟာ ဂန်ဂျင်ကျားဘုရင်ရဲ့ ခေါင်းပေါ်ကို ဖြာကျလာခဲ့ပါပြီ။
"အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ?!" ဆေးဝါးတစ်ရာ ဂရန်းမာစတာက မယုံနိုင်စွာနဲ့ အော်ဟစ်လိုက်ပြီး… လင်းဖုန်းကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်လိုက်ကာ… "ဟာ… မင်းက ဘယ်သူလည်း? ငါ့ရဲ့မိတ်ဆွေ ဟွမ်လေရဲ့ မှော်အိုင်တမ်ဟာ ဘာဖြစ်လို့ မင်းရဲ့ လက်ထဲကို ရောက်နေရတာလည်း?"
လင်းဖုန်းကလည်း ပြုံးလိုက်ပေမဲ့ ဘာကိုမှ ပြန်မဖြေခဲ့ပါဘူး။ သူလုပ်လိုက်တာက သူ့ရဲ့ လက်ချောင်းကို မြှောက်လိုက်ပြီး ဂန်ဂျင်ကျားဘုရင်ကို လက်ညှိုးထိုးလိုက်တာပါ။
အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာကို မြင်လိုက်တာနဲ့… ဂန်ဂျင်ကျားဘုရင်ဟာ ဟိန်းဟောက်သံ အချို့ကို လုပ်လိုက်ပြီး ကြည့်ရတာက ဒီပိုက်ကွန်ကို ကြောက်နေတဲ့ပုံ ပေါက်ပါတယ်။
ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း သူ့ရဲ့အံကို ကြိတ်လိုက်ပြီး… ထွက်ပြေးဖို့ကို မစဉ်းစားတော့ပဲ သူ့ရဲ့နှစ်ထောင်နဲ့ချီပြီးမှ ကြိုးစားတည်ထောင်ခဲ့ရတဲ့ နေရာလေးကို စောင့်ကြပ်ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
သူ့က သူ့ရဲ့ လက်အစုံကို စုစည်းလိုက်ရာ… ဒီရောင်စုံ တိမ်တိုက်မြူခိုးငွေ့တွေရဲ့ အလယ်မှာ ဧရာမ ကောင်းကင်ခွဲခြမ်း သစ်သီးကြီးဟာ ထပ်ဖန်တစ်ခါ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီသစ်သီးကို မြင်လိုက်ရတော့ နွေဦးနေဝန်းလိုမျိုး နွေးထွေးတဲ့ အပြုံးလေး တစ်ခုဟာ လင်းဖုန်းရဲ့ မျက်နှာပေါ်မှာ ပေါ်ပေါက် လာခဲ့ပါပြီ။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu