အပိုင်း ၁၆၅ : အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာ
လင်းဖုန်းက သူ့ကို ကျောပေးထားပြီး ချန်ချွန်းတောင်ထိပ်ကို ပျံသန်းသွားတဲ့ အချိန်မှာ… ချူပင်းရဲ့ စိတ်ထဲမှာ အတွေးပေါင်း များစွာတို့ဟာ ပေါ်လာခဲ့ပါပြီ… "ဟာ… ဒီလူက သတင်း အချက်အလက်တွေ အများကြီး သိထားတာပဲ။ သူက တောင်ထိပ်ကိုရောက်ရင် ဘာတွေများ လုပ်ဦးမလည်း မသိပါဘူး? ငါကတော့ သူ့ကို ချမ်းသာပေးလို့ မဖြစ်ဘူးကွ…"
ဘာမှ တွေဝေနေခြင်း မရှိတော့ပဲနဲ့… ချူပင်းဟာ သူ့ရဲ့ ဓားနဲ့ လင်းဖုန်းရဲ့ ကျောကို ထိုးလိုက်ပါတော့တယ်။
လင်းဖုန်းကလည်း အနောက်ကို ပြန်လှည့်မကြည့်ခဲ့ပဲ… ဖွဖွလေးပဲ ရယ်လိုက်ကာ… "ဟားဟား… ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်ကို ကနေရသလိုပါပဲ… အားလုံးက မင်းရဲ့ သရုပ်ဆောင်မှု အပေါ်မှာပဲ မူတည်နေတာကွ။ ဝမ်းနည်းစရာ ကောင်းတာက… မင်းကငါ့လောက် သရုပ်ဆောင် မကောင်းတာပဲ…"
သူ့ရဲ့ စကားတွေက ဆုံးသွားတာနဲ့… သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ချူပင်းကလည်း ထိတ်လန့်တုန်လှုပ် သွားခဲ့စဉ်မှာပဲ… လင်းဖုန်းရဲ့ အသံဟာ သူ့ရဲ့ အနောက်ကနေပြီး ထွက်ပေါ်လာခဲ့ပါပြီ။
"အင်း… ငါက လူကောင်းတစ်ယောက်ကို မှားပြီးမှ သတ်မိမှာကို စိုးရိမ်နေခဲ့တာကွ။ ဒါပေမဲ့လည်း အခုတော့ မင်းက သေဖို့ထိုက်တန်တဲ့ သူဆိုတာကို ကိုယ့်ကိုယ်ကိုယ် သက်သေပြလိုက်တာပဲ…"
"ဟာ… လေဟာနယ်-အချိန်ကာလကို ရွှေ့ပြောင်းနိုင်တယ်ဆိုတော့… အခြေတည်ဝိညာဉ် အဆင့်က သူများလား? ဒါမှမဟုတ် လေဟာနယ်ကို ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတာများလား?" ချူပင်းဟာ ကြောက်ရွံ့ထိတ်လန့်နေခဲ့ပြီး… နောက်လှည့်လိုက်ကာ သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး… အဖြူရောင် အလင်းတန်း အလုံးလေး တစ်လုံးဟာ လင်းဖုန်းဆီကို ပစ်လွှတ်လာခဲ့ပါပြီ။
လင်းဖုန်းရဲ့ မျက်လုံး သူငယ်အိမ်တွေဟာ ကျဉ်းမြောင်းသွားခဲ့ပါတယ်။ ဒီအဖြူရောင် အလင်းတန်း ဘောလုံးလေးဟာ သူ့ကို အန္တရာယ် ကြီးမားတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်ခဲ့တာပါ။ သူဟာ တစ်စုံတစ်ခုရဲ့ တည်ရှိနေမှုကို ခံစားမိနေခဲ့တယ်လေ။
ဒီအလင်းတန်း ဘောလုံးလေးဟာ လေထဲမှာ လျှင်မြန်စွာနဲ့ပဲ ကြီးထွားလာခဲ့ပြီး… မိုးကြိုးခြိန်းသံတွေနဲ့ အတူ လင်းဖုန်းရဲ့ ဦးရေပြားဆီကို ပစ်ချပြီးမှ လာခဲ့ပါတယ်။
"အခြေတည်ဝိညာဉ် အဆင့်က ပစ္စည်းလေး? ဒါက ဆေးဝါးတစ်ရာ ဂရန်းမာစတာက စောင့်နေတဲ့ မှော်အိုင်တမ်လား?" လင်းဖုန်းက သဘောပေါက်လိုက်ပါပြီ… သူတို့ဟာ မိုးကြိုးလျှပ်စီးတို့ရဲ့ စွမ်းအားကို အသုံးချပြီးမှ ဂန်ဂျင်ကျားမိစ္ဆာ မျိုးနွယ်စုတို့ရဲ့ သံမဏိ ချပ်ဝတ်တန်ဆာတွေကို ဖျက်စီးချင်နေတာပါ။
ချူပင်း အခုထုတ်လာတဲ့ ပစ္စည်းလေးဟာ သူ့ရဲ့ ဆရာဖြစ်တဲ့ မဟာ လွင်တီးခေါင် ဓားဂိုဏ်းရဲ့ ဂရန်းမာစတာရဲ့ ပစ္စည်းဖြစ်ပြီး… သူ့ကို အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာလို့ ခေါ်ပါတယ်။
ဒီမိုးကြိုးလိုက်ကာဟာ လျှင်မြန်စွာနဲ့ပဲ ကျယ်ပြန့်လာခဲ့ပြီး… မိုးကုတ်စက်ဝိုင်းကြီး တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပါပြီ။ လျှပ်စစ်စီးကြောင်းတွေနဲ့ မိုးကြိုးသွားတွေဟာ အင်အားကြီးစွာနဲ့ တောက်ပနေကြပြီး… ကောင်းကင်ပေါ်မှာ မိုးကြိုးနဂါးတွေဟာ ကခုန်နေကြ သလိုမျိုး… လင်းဖုန်းရဲ့ အနားကို တဖြေးဖြေးနဲ့ ဝိုင်းရံလာကြပါတော့တယ်။
ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမဲ့… သူဟာ ဘယ်နေရာကိုပဲ သွားသွား ဒီလိုက်ကာက အနောက်ကနေ လိုက်လာခဲ့ပြီး… သူ့ရဲ့ နယ်နိမိတ်တွေဟာ အကန့်အသတ် မရှိကို ကျယ်ပြန့်လှကာ လွတ်လမ်းမရှိတော့တာကို တွေ့ရှိလိုက်ရပြီလေ။
ဟိန်းဟောက်နေကြတဲ့ လျှပ်စစ်စီးကြောင်းတွေကလည်း ပေါက်ကွဲနိုင်တဲ့ စွမ်းအားအပြည့်နဲ့ပါ။ တကယ်လို့များ သူက ဒီလိုက်ကာရဲ့ အထဲကို ရောက်သွားမယ် ဆိုရင်တော့… ပြာမှုန့်တွေ ဖြစ်သွားမှာ သေချာနေခဲ့ပါတယ်။
"စွဲမက်စရာ ကောင်းလှတဲ့ အိုင်တမ်လေးပဲ… အခြေတည်ဝိညာဉ် အဆင့်က ပစ္စည်းလေးက တကယ်ကိုပဲ ထူးခြားပြောင်မြောက်လှတာပဲဟ…" လင်းဖုန်းက ခေါင်းကိုညိတ်ပြီးမှ မှတ်ချက်ပြုလိုက်ပါပြီ။ သူက ဒီအထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာကို လက်ညှိုးထိုးလိုက်ပြီး… လောကနှစ်ပါး လေဟာနယ် မန္တန်ကို အသက်သွင်းလိုက်ပါတယ်။
"အင်း… မျှော်လင့်ထားတဲ့ အတိုင်းပဲ… ဒီအိုင်တမ်လေးက အခြေတည်ဝိညာဉ် အဆင့် ဂရန်းမာစတာရဲ့ လေဟာနယ်.. အချိန်ကာလနဲ့ စကြာဝဠာကြီးတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို သဘောပေါက် နားလည်မှုတွေကို အခြေခံထားတာပဲ…"
လောကနှစ်ပါး လေဟာနယ် မန္တန်ကို အသုံးချလိုက်ရာမှာ… ဒီလိုက်ကာရဲ့ အစိတ်အပိုင်း တစ်ချို့ဟာ တွန့်လိမ်သွားခဲ့ပေမဲ့… သူ့ကို နေရာချင်း ပြောင်းလို့ကတော့ မရခဲ့ပါဘူး။
လျှပ်စီးမိုးကြိုးတွေရဲ့ အထဲမှာ… သလင်းကျောက် ပုံစံမျိုး ဓာတ်တွေဟာ ရောထွေးယှက်တင် ဖြစ်နေခဲ့ပြီး… ထူထဲမာကျောတဲ့ နရံ အလွှာပေါင်း များစွာတို့ကို ဖန်တီးထားခဲ့ကာ… ခိုင်ခံ့မြဲမြံစွာနဲ့ပဲ လောကနှစ်ပါး လေဟာနယ် မန္တန်ရဲ့ အကျိုးသက်ရောက်မှုတွေကို တားဆီးထားနိုင်ခဲ့တာပါ။
"အင်း… ငါကြိုပြီးတော့ တွေးထားတဲ့ အတိုင်းပဲဟ…" လင်းဖုန်းကလည်း တွေးတောနေခဲ့ပါတယ်။
ချူပင်းကလည်း စိတ်သက်သာရာ ရသွားခဲ့ပြီး… "ဟဲဟဲ… မဟာ လွင်တီးခေါင် ဓားဂိုဏ်းရဲ့ ကိစ္စတွေဟာ ကိုယ်ပိုင်ကိစ္စပဲ ဖြစ်တယ်ကွ… မင်းက မဆိုင်ပဲ ဝင်ရှုပ်ချင်တော့ ပေးဆပ်ရပြီပေါ့ကွာ…"
"ခင်ဗျားရဲ့ ပြောပုံဆိုပုံကို ကြည့်ရတာက… ခင်ဗျားက မော်တယ် စိတ်ဝိညာဉ် ဆေးလုံး ဖော်စပ်နေတာကို သိနေခဲ့တာပေါ့?" လင်းဖုန်းက စိုက်ကြည့်နေရင်း မေးလိုက်ပါပြီ။
လင်းဖုန်းက အဖမ်းခံရတော့မှာကို တွေးနေရင်း… ချူပင်းကလည်း သူ့ရဲ့ သတိထားမှုတွေကို လျှော့ချလိုက်ရင်း ရယ်လိုက်ပါတယ်။
"ငါက သိတော့လည်း ဘာဖြစ်လည်းကွ? ဒီဆေးလုံးရဲ့ တကယ့်တန်ဖိုးနဲ့ ယှဉ်လိုက်ရင်… စတေးခံလိုက်ရတဲ့ အသက်တွေဟာ ဘာမှမဟုတ်ပါဘူး။ မင်းက ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးတစ်သုတ်ရဲ့ တန်ဖိုးကိုရော သိရဲ့လားကွ?"
လင်းဖုန်းကလည်း အေးဆေးသက်သာ စွာနဲ့ပဲ ရယ်ရမ်းသွေးလိုက်ကာ… "ဟီးဟီး… အခုမပြောပြလည်း ကိစ္စမရှိပါဘူး… ခဏနေကျရင် ခင်ဗျားက မပြောပြချင်လည်း ပြောပြရတော့မှာပဲ…"
ချူပင်းကလည်း တုန်လှုပ်သွားခဲ့ပြီး… သူ့ရဲ့ အနောက်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ အန္တရာယ် ပေးနိုင်တဲ့ အရာတစ်ခုကို ခံစားမိနေခဲ့ပါပြီ။ သူခံစားမိနေတာက မသိသာလှပေမဲ့… လျစ်လျူရှုထားလို့တော့ မရပါဘူး။
အမှန်အတိုင်း ပြောရရင်… ချူပင်းဟာ ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်ကို ရောက်နေခဲ့ပြီဖြစ်လို့… သူဟာ ပတ်ဝန်းကျင်က အန္တရာယ်ပေးနိုင်တဲ့ ဓာတ်သဘာဝတွေကို ကောင်းကောင်းကြီး အာရုံခံနိုင်ခဲ့တာပါ။
အန္တရာယ်ကို သတိပြုမိလိုက်တာနဲ့ပဲ… သူဟာ ဘေးကင်းရာကို ရှောင်ဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ကျလို့ သွားခဲ့ပါပြီ။
အေးရီးစ်ကိုယ်ပွားဟာ ကိုက်ရာပေါင်း များစွာကို ဖြတ်ကျော်ပြီး… ချူပင်းရဲ့ အနောက်ကို တိတ်ဆိတ်စွာနဲ့ပဲ ရောက်လာခဲ့ပါတယ်။ ပြင်းထန်လှတဲ့ လက်သီးတစ်ချက်ဟာ ချူပင်းရဲ့ ကျောရိုးအပေါ်ကို ရက်စက်စွာနဲ့ပဲ ထိုးချလိုက်ပါပြီ။
သူ့ရဲ့လက်မောင်း အပေါ်မှာက… အရောင်တောက်ပနေတဲ့ ထူးဆန်းတဲ့ အရာဝတ္တု အလွှာတစ်လွှာကို အရေပြားပေါ်မှာ ရေးဆွဲထားခဲ့ပါတယ်။ ရလဒ်ကတော့ နူးညံ့တောက်ပြောင်လှတဲ့ အရေပြားရဲ့ အောက်မှာ… ကြောက်စရာ ကောင်းလောက်အောင် စွမ်းအားကြီးလှတဲ့ မြေအောက်ရေစီးကြောင်းလေး တစ်ခုဟာ ပေါက်ကွဲထွက်လာတော့ သလိုပါပဲ!
ဒီလက်သီးကို ထိုးလိုက်တာနဲ့… ဧရာမ လေဆင်နှာမောင်း တစ်ခုဟာ ပေါ်လာခဲ့ပြီး ချူပင်းကို ဆွဲသွင်းလိုက်ကာ… မလှုပ်ရှားနိုင်အောင်ချုပ်နှောင်ထားခဲ့ပါတော့တယ်။ သူဟာ ရှောင်တိမ်းလို့ မရနိုင်ခဲ့ပဲ… အထဲကို ဝင်သွားခဲ့ကာ မြေပေါ်မှာ မှောက်သွားခဲ့ပါပြီ။
အံ့ဩတုန်လှုပ်နေတဲ့ ချူပင်းဟာ… သူ့ရဲ့ ကျောရိုးပေါ်မှာ ဖိအားတွေဟာ ချက်ချင်းပဲ ကျရောက်လာခဲ့ပြီး… တစ်ကိုယ်လုံးက အမွေးတွေကလည်း ထောင်ကုန်ကြပါပြီ။ သေခြင်းနဲ့ ရှင်ခြင်းတို့ကို ဒီအရေးပါတဲ့ အခိုက်အတန့်လေးကပဲ အဆုံးအဖြတ် ပေးသွားခဲ့တာပါ။
ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်တာနဲ့အညီ… ချူပင်းဟာ သာမန် ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေထက် ပိုပြီးတော့ သန်မာပါတယ်။ ဆုံးဖြတ်ချက်ပေးမယ့် ဒီအချိန် အပိုင်းအခြားလေးမှာ… သူဟာ စူးရှစွာနဲ့ အော်ဟစ်လိုက်ပြီး သူ့ကိုယ်ထဲမှာ ကျန်နေတဲ့ ခွန်အားမှန်သမျှကို ထုတ်လွှတ်လိုက်ပါပြီ။
ဒီပြင်းထန်လှတဲ့ ပေါက်ကွဲမှုနဲ့အတူ… ဘာမှ မလှုပ်ရှားနိုင်ခဲ့တဲ့ ချူပင်းရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ် လှည့်နိုင်ခဲ့ပြီး… အေးရီးစ်ကိုယ်ပွားရဲ့ ကျရောက်လာတဲ့ လက်သီးချက်ကို ရှောင်ဖို့ကို ကြိုးစားလိုက်ပါတယ်။
ဒါပေမဲ့လည်း ဒီအနည်းငယ်မျှသော ရှောင်တိမ်းမှုဟာ လုံးဝကို အကျိုးသက်ရောက်မှု မရှိခဲ့ပဲ… သံမဏိ လက်သီးကြီးဟာ သူ့ရဲ့ ကျောရိုးမကြီး အလယ်တည့်တည့်ကို ကျရောက်ပြီးမှ လာခဲ့ပါပြီ။ အထဲမှာ နစ်မြှုပ်ထားခဲ့တဲ့ ပေါက်ကွဲတတ်တဲ့ စွမ်းအား ရေစီးကြောင်းကြီးကလည်း ပေါက်ကွဲလာခဲ့ပြီး… စွမ်းအင်လှိုင်းလုံးကြီးတွေဟာ ချူပင်းရဲ့ တစ်ကိုယ်လုံးကို ရိုက်ခတ်လိုက်ပါတယ်။
နာကျင်လွန်းတဲ့ ဝေဒနာတွေကို ခံစားခဲ့ရပေမဲ့… ချူပင်းမှာက အော်ငိုဖို့အတွက် အင်အားမရှိခဲ့ပါဘူး။ သူ့ရဲ့ ကျောရိုးမကြီး တစ်လျှောက်က အသွေးအသားနဲ့ အရိုးတွေဟာ ကြေမွကုန်ခဲ့ပြီး… သူ့ရဲ့ ကိုယ်ပေါ်မှာ အပေါက်ကြီး တစ်ပေါက်ဟာ ပေါ်ထွက်လာခဲ့ပါပြီ။
"အကွာအဝေး! အကွာအဝေး ရနိုင်သလောက် ဖန်တီးရမယ်!" ဒါက ချူပင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အတွေးလေးပါ။ မဟာ လွင်တီးခေါင် ဓားဂိုဏ်းရဲ့ ထိပ်တန်းဓားသမား တစ်ယောက် ဖြစ်ပြီး… ရွှေရောင်ဗဟိုချက် အဆင့်က ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့်.. သူဟာ စွမ်းအားကြီးတဲ့ မဟာ လွင်တီးခေါင် ဓားသင်္ကေတကို လေ့ကျင့်ထားနိုင်ခဲ့ပြီး… သူ့ရဲ့လက်ထဲမှာက အစွမ်းထက်ပြီး လူတိုင်းကြောက်ရတဲ့ ရွှေရောင်ဗဟိုချက် အဆင့်က လျှို့ဝှက်မီးလျှံဓားကို ကိုင်ဆောင်ထားပါတယ်။
ဒါပေမဲ့လည်း အခုတော့… သူက တစ်ချက်မှ မတိုက်ခိုက်ရသေးခင်မှာပဲ… အသက်ပျောက်တော့မလို ဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့ နောက်ကျောဟာ ရန်သူရဲ့ တိုက်ခိုက်နိုင်တဲ့ အကွာအဝေး အတွင်းမှာပဲ ရှိသေးတာပါ။
"အင်း… ငါက အကွာအဝေး တစ်ခုကို ဖန်တီးနိုင်မှသာ… ပြန်လည်တိုက်ခိုက်ဖို့အတွက် အခွင့်အရေး ရှိမှာပဲ…" ချူပင်းဟာ ဓားအလင်းတန်းကို ထိန်းချုပ်နေခဲ့ရင်း… ကျရောက်လာတဲ့ တိုက်ခိုက်မှုတွေကို အသည်းအသန် ရှောင်ရှားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူမသိလိုက်ခင်မှာပဲ လောကနှစ်ပါး လေဟာနယ် မန္တန်ဟာ သူ့ရဲ့ အရှေ့မှာ ကျရောက်လို့ လာခဲ့ပါပြီ။
ချူပင်းရဲ့ စိတ်ဓာတ်တွေဟာ ပြုတ်ကျသွားခဲ့ပြီး… သူ့ရဲ့အချိန် စေ့သွားပြီ ဆိုတာကို သိလိုက်ပါတော့တယ်။
အေးရီးစ်ကိုယ်ပွားဟာ ပြုံးလိုက်ပြီး… ချူပင်းရဲ့ မျက်နှာတည့်တည့်ကို လက်သီးနဲ့ အားရပါးရ ထိုးချလိုက်ပါပြီ။
"မဟုတ်ဘူး!" ချူပင်းဟာ နောက်ဆုံးအနေနဲ့ စိတ်ပျက်စွာ မြည်တမ်းလိုက်ပြီး… သူ့ရဲ့ ဦးခေါင်းခွံဟာ ကြေမွသွားခဲ့ပါတော့တယ်။
ချူပင်းရဲ့ ထိန်းချုပ်တာကို မခံခဲ့ရတော့… အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာကလည်း လေထုရဲ့ အလယ်မှာ ရပ်တန့်သွားခဲ့ပါပြီ။
လင်းဖုန်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကလည်း အားပါးတရ ရယ်မောလိုက်ပြီး… သူ့ရဲ့ လွှမ်းမိုးမှုရဲ့ အောက်ကနေပြီး ရုန်းထွက်လာနိုင်ခဲ့ပါတယ်။ အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာကလည်း လျှင်မြန်စွာနဲ့ပဲ ပြန်လည်သေးငယ်သွားခဲ့ပြီး… လက်သီးလုံး အရွယ်လောက်ရှိတဲ့ အဖြူရောင် အလင်းတန်း ဘောလုံးလေးအဖြစ်ကို ပြန်လည် ပြောင်းလဲသွားခဲ့ကာ… မဟာ လွင်တီးခေါင် ဓားဂိုဏ်းရှိရာ မြောက်ဘက်အရပ်ဆီကို ဦးတည်ပြီး ပျံသန်းသွားခဲ့ပါပြီ။
"ဟဲဟဲ… နဂိုပိုင်ရှင် ရှိတဲ့နေရာဆီကို ပြန်ချင်နေတာလား? ဒီအခြေတည်ဝိညာဉ် အဆင့်က မှော်အိုင်တမ်ဟာ ဒီလိုမျိုး စိတ်ဝိညာဉ် စွမ်းအင်တွေ ရှိတယ်ဆိုတာကို မသိခဲ့ဘူး… မဆိုးဘူး… တကယ့်ကိုပဲ မဆိုးဘူး…" လင်းဖုန်းက ပြုံးလိုက်ပြီး သူ့ရဲ့လက်ကို လေထဲမှာ မြှောက်လိုက်ရင်း… "ဟင်းဟင်း… မင်းကို ပေးသွားလို့ ဘယ်ဖြစ်မလည်း? မင်းရဲ့ အကူအညီကို ယူပြီးမှ ဟိုကျားမိစ္ဆာကို ရင်ဆိုင်ရဦးမှာလေ…"
မှော်ကျိန်စာတွေကို ရွတ်ဆိုနေတဲ့ အသံတိုးတိုးလေးတွေရဲ့ အကြားမှာ… ခရမ်းရောင် တိမ်တိုက်တွေဟာ အဝေးက မိုးကုတ်စက်ဝိုင်းကနေ လွင့်ပျံလာခဲ့ပြီး… ဒီအထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာကို ဖုံးလွှမ်းလိုက်ပါတယ်။
ဒီခရမ်းရောင် တိမ်တိုက်တွေရဲ့ အထဲမှာ… ပုံရိပ်တွေနဲ့ အရိပ်တွေဟာ အဆက်မပြတ်ပဲ ပြောင်းလဲနေခဲ့တာပါ။ တောင်တွေ.. ရေတံခွန်တွေ.. ပန်းပင်တွေ.. တိရိစ္ဆာန် မျိုးစုံတွေ.. စေတီပုထိုးတွေ.. ခန်းမတွေ.. သဘာဝ တရားရဲ့ ဆန်းကြယ်မှုတွေနဲ့ အတူ… အထဲမှာ စကြာဝဠာ အသေးစား တစ်ခုကို ဖန်ဆင်းထားခဲ့ သလိုမျိုး ဖြစ်နေခဲ့ပါတယ်။
အဖြူရောင် အလင်းတန်း ဘောလုံးလေးဟာ ဒီစကြာဝဠာ အသေးစားလေးရဲ့ အထဲမှာ ပိတ်မိနေပြီး… မသက်မသာ ခံစားနေခဲ့ရသလိုပါပဲ။ လျှပ်စီးတွေရဲ့ အကြားမှာ လူတစ်ယောက်ရဲ့ ပုံရိပ်ကို တွေ့နေရပါတယ်။
ဒီလူဟာ ရှေးကျတဲ့ ဝတ်စုံတစ်မျိုးကို ဝတ်ဆင်ထားခဲ့ပြီး… အဖြူရောင် ဖျော့ဖျော့ ဆံရှည်တွေ ဝဲကျနေခဲ့ကာ စိတ်တိုနေတဲ့ပုံ ပေါက်နေခဲ့တာပါ။ ဂန်ဂျင်ကျားဘုရင်နဲ့ ဆေးဝါးတစ်ရာ ဂရန်းမာစတာတို့နဲ့ တူညီတဲ့… စွမ်းအားကြီးလှတဲ့ မှော်စွမ်းအင်တွေကို ထုတ်လွှတ်နေခဲ့ပါတယ်။
ဒါကတော့ ချူပင်းရဲ့ ဆရာဖြစ်တဲ့… မဟာ လွင်တီးခေါင် ဓားဂိုဏ်းက အထီးကျန် မိုးကြိုး ဂရန်းမာစတာ ကလွဲလို့ ဘယ်သူမှ မဟုတ်ပါဘူး။ အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာကလည်း သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းပဲ ဖြစ်တာပါ။
ဆေးဝါးတစ်ရာ ဂရန်းမာစတာနဲ့ ချူပင်းတို့ကို အဆင်ပြေပြေ အသုံးပြုနိုင်အောင်လို့… အထီးကျန် မိုးကြိုး ဂရန်းမာစတာဟာ ဒီအိုင်တမ်ရဲ့ အနှောင်အဖွဲ့ အတော်များများကို ဖယ်ရှားပေးထားခဲ့ပါတယ်။ သူ့အပေါ်မှာ ချန်ထားခဲ့တဲ့ အတားအဆီးက… ဒီပစ္စည်းကို အခိုးခံရခြင်းမှ ကာကွယ်ဖို့သာ ချန်ထားခဲ့တာပါ။
ကျန်သေးတဲ့ နတ်ဘုရား အသိစိတ်လေးဟာ… ဒီဂရန်း မာစတာရဲ့ စိတ်ဝိညာဉ် တစ်ပိုင်းတစ်စကို ဒီလိုက်ကာထဲကို ဝင်ရောက်စေပြီး… ရန်သူတွေကို ခုခံတားဆီးစေတာပဲ ဖြစ်ပါတယ်။
"မင်းက သတ္တိကောင်းလှချည်လား? ငါ့ရဲ့ တပည့်ကို သတ်ပြီးတော့… ငါ့ရဲ့ ပစ္စည်းကို ခိုးယူချင်နေတယ်ပေါ့!" အထီးကျန် မိုးကြိုး ဂရန်းမာစတာက ကြုံးဝါးနေခဲ့ပါတယ်။
လင်းဖုန်းကတော့ စပ်ဖြီးဖြီးပဲ လုပ်နေခဲ့ပြီး ဘာကိုမှ ပြန်မပြောခဲ့ပဲ… အပေါ်က တိမ်တိုက်တွေနဲ့သာ ဆက်ပြီးမှ အလုပ်ရှုပ်နေခဲ့တယ်လေ။
သူ့ရဲ့ဘေးက အေးရီးစ်ကိုယ်ပွားကလည်း ချူပင်းရဲ့ စိတ်ဝိညာဉ်ကို အောင်မြင်စွာနဲ့ ဖမ်းဆီးလာနိုင်ခဲ့ပြီး… အထီးကျန် မိုးကြိုး ဂရန်းမာစတာရဲ့ အနားကို လျှောက်လာခဲ့ကာ ရယ်လိုက်ပြီး… "ဟာ… ခင်ဗျားက စကားတော်တော် များတာပဲ!"
စကားဆုံးတာနဲ့… သူ့ရဲ့ လက်ကို မြှောက်လိုက်ပြီး ခုတ်ချလိုက်ရာ… အထီးကျန် မိုးကြိုး ဂရန်းမာစတာနဲ့ သူ့ရဲ့ အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာရဲ့ ဆက်သွယ်မှုဟာ ပြတ်တောက်သွားခဲ့ ပါတော့တယ်။
မဟာ လွင်တီးခေါင် ဓားဂိုဏ်းရဲ့အောက် နက်ရှိုင်းတဲ့ ဂူတစ်ခုရဲ့ အထဲမှာ အထီးကျန်မိုးကြိုးဂရန်းမာစတာဟာ မှင်သက်သွားခဲ့ပြီး… ခဏအကြာမှ သတိပြန်ဝင်လာခဲ့ကာ ဒေါသအိုး ပေါက်ကွဲသွားခဲ့ပါပြီ။
"ဟေ့… ငါအခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်ကို ရောက်တဲ့အချိန်ကျမှ မင်းနဲ့လာပြီး စာရင်းရှင်းမယ်ကွ!"
ဒီကြုံးဝါးသံဟာ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ အဖြူရောင် အလင်းတန်း ဘောလုံးလေးရဲ့ အထဲကနေတောင် တိုးတိုးလေး ကြားနိုင်ခဲ့ပါတယ်။ လင်းဖုန်းကတော့ စပ်ဖြဲစပ်ဖြဲနဲ့ပဲ မိုးကြိုးလိုက်ကာရဲ့ အပေါ်ကို အာရုံစိုက်နေခဲ့တာပါ။ ဒီအချိန်မှာတော့ ဒီအထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာဟာ ငြိမ်သက်သွားခဲ့ပြီး… ခရမ်းရောင် တိမ်တိုက်တွေရဲ့ အလယ်မှာ တည်ငြိမ်စွာ လွင့်မျောနေခဲ့ပါတယ်။
"ဟင်း… ကြည့်ရတာက ဒီကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်အသစ်တွေက နောက်ထပ်တိုးတက်အောင် ပြုပြင်ဖို့ နည်းနည်းလိုသေးတာပဲ… " လင်းဖုန်းက သက်ပြင်းတစ်ချက်ကို ချလိုက်ပါပြီ။
"အင်း… ငါက ရွှေရောင်ဗဟိုချက် အလယ်အလတ် အဆင့်ကို ရောက်သွားလို့ရှိရင်… ငါက မှော်စွမ်းအင် မျိုးစုံကို စုပ်ယူနိုင်စွမ်းရှိပြီး… တတိယမြောက် မှော်ကျိန်စာကို ဖန်ဆင်းနိုင်စွမ်း ရှိမှာပဲ…"
လင်းဖုန်းက ဒီအထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာကို သူ့ရဲ့အိတ်ကပ်ထဲကို ထည့်လိုက်ပြီး… "အင်း… အချိန်ရရင်တော့ ဒီအထဲကနေ အထီးကျန် မိုးကြိုး ဂရန်းမာစတာရဲ့ မှော်စွမ်းအင်တွေကို သန့်စင်ရဦးမှာပဲ… ဒါမှသာ ဒါက ငါ့ရဲ့ ကိုယ်ပိုင်ပစ္စည်းလေး ဖြစ်သွားမှာဟ။ ဒါပေမဲ့လည်း အခုကတော့ ဒီလောက်ဆိုရင် လုံလောက်နေပါပြီ…"
ဒီအချိန်မှာပဲ အဝေးက ချန်ချွန်းတောင်ထိပ်ကနေ နားကွဲလုမတတ် ကျယ်လောင်နေတဲ့ တုန်ခါသံကြီး တစ်ခုဟာ ပေါ်ထွက်လာခဲ့ပါတယ်… တောင်ထိပ်ပေါ်ကို ဖုံးလွှမ်းထားခဲ့တဲ့ မြူခိုးငွေ့တွေကလည်း လွင့်ပြယ်လို့ သွားခဲ့ပြီလေ။
ကောင်းကင်ကို ဆန့်ကျင်သော ချန်ချွန်း ဝင်္ကပါဟာ နောက်ဆုံးတော့ ဂန်ဂျင်ကျားဘုရင်ရဲ့ ဖြိုခွဲခြင်းကို ခံလိုက်ရပါပြီ။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu