အပိုင်း ၁၆၂ : တောင်ပေါ်ကို ကျားတစ်ထောင် ဆင်းသက်လာခြင်း
လင်းဖုန်းကလည်း ကြက်သွေးရောင်ရင့်ရင့် ဓားအော်ရာဟာ ချန်ချွန်းတောင်ကနေပြီး မြောက်ဘက်ကို ဦးတည်ပြီးမှ ထွက်သွားခဲ့တာကို ကြည့်နေခဲ့ပါတယ်။
"အင်း… ဒီမဟာ လွင်တီးခေါင် ဓားဂိုဏ်းက တပည့်က သွားပြီး စစ်ကူတွေကို ခေါ်နေတာလား?" သူက တွေးနေခဲ့ပါပြီ။ အရင်က ကောလဟာလတွေ အရဆိုရင်တော့… မဟာ လွင်တီးခေါင် ဓားဂိုဏ်းဟာ ဒီကိုလာပြီး စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပြီး… ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးဟာ အစစ်အမှန် မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
အခုအဖြစ်အပျက်တွေအရ ဆိုရင်တော့… အစောက ရထားတဲ့ သတင်းအချက်အလက်တွေက မှားနေခဲ့ပါပြီ။
"အင်း… ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ အတိတ်က ဒီဆေးလုံးကို ဖုံးကွယ်ဖို့ ကြိုးစားထားခဲ့ပေမဲ့… အခုက လျှို့ဝှက်ချက်တွေက ပေါက်ကြားသွားခဲ့ပြီဆိုတော့… ဂန်ဂျင်ကျားဘုရင်က အဓိက ဖိအားပေးမဲ့သူ ဖြစ်နေခဲ့တာပဲ။ ဒါပေမဲ့လည်း မဟာ လွင်တီးခေါင် ဓားဂိုဏ်းက ဂရန်းမာစတာက ကူညီခဲ့မယ် ဆိုရင်တော့… သူကလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူးဟ…"
လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ လင်းလက်လာခဲ့ပြီး ကောက်ချက်ချလိုက်ပါပြီ… "အင်း… သူတို့က အစကတည်းက မဟာ လွင်တီးခေါင် ဓားဂိုဏ်းနဲ့ ပူးပေါင်းထားခဲ့တာပဲ ဖြစ်ရမယ်။ အရင်က စုံစမ်းစစ်ဆေးမှုဟာ ဟန်ပြသာ ဖြစ်ခဲ့ပြီး… တကယ့် ဖြစ်ရပ်အမှန်ကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်ကွ…"
ဒီကိစ္စမှာကလည်း လူအတော်များများက ပါဝင်နေမှာ မဟုတ်ပါဘူး… ဘာဖြစ်လို့လည်းဆိုတော့ ဝေမျှခံစားစရာ ဆေးလုံးကလည်း အများကြီး မရှိလို့ပါပဲ။ ပါနေတဲ့ သူတွေကလည်း ဂိုဏ်းထဲက လွှမ်းမိုးနိုင်မှု အားကောင်းတဲ့… အခြေတည်ဝိညာဉ် အဆင့်က စီနီယာတွေပဲ ဖြစ်ကြမှာပါ။
အခုတော့… ဂန်ဂျင်ကျားဘုရင်ရဲ့ လွှမ်းမိုးလာတဲ့ ခြိမ်းခြောက်မှုကို ကျော်လွှားနိုင်ဖို့အတွက်… ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ ရွေးချယ်မှု မရှိတော့ပဲ… စစ်ကူတွေကို တောင်းရတော့မှာလေ။ ဒါပေမဲ့လည်း သူ့ရဲ့ မဟာ လွင်တီးခေါင် ဓားဂိုဏ်းက အကူအညီတွေဟာ အချိန်မှီ ရောက်လာနိုင်မှာတော့ မဟုတ်ပါဘူး။
"အင်း… သူက ဘာဖြစ်လို့ အသံလွှင့် သလင်းကျောက်တွေကို အသုံးမပြုတာလည်း? ဒါဆိုရင် အချိန်တွေကို အများကြီး ချွေတာနိုင်မှာပေါ့… ဒါပေမဲ့လည်း သူက ဆက်သား တစ်ယောက်ကိုပဲ စေလွှတ်လိုက်တာဆိုတော့… သူက ဒီကျားဘုရင်ကို ခုခံနိုင်မယ့် ပစ္စည်းကောင်းလေး တစ်ခုကို သွားယူခိုင်းတာပဲ ဖြစ်ရမယ်!" လင်းဖုန်းကလည်း ကောက်ချက်ဆွဲနေခဲ့တယ်လေ။
"အင်း… ဒီကျားအိုကြီးက ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့တော့ မျှော်လင့်နေရတာပဲ…" သူက အသက်ပြင်းပြင်း တစ်ချက်ကို ရှူလိုက်ပြီး… နောက်ထပ်ပေါ်လာမယ့် အဖြစ်အပျက်တွေကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းကြည့်ရှုနေခဲ့ပါတယ်။
ဂန်ဂျင်ကျားဘုရင်ကလည်း သူ့ကို အချိန်အကြာကြီး မစောင့်ဆိုင်းစေခဲ့ပါဘူး။
၃ရက်အကြာမှာပဲ… ချန်ချွန်းတောင်ထိပ်ရဲ့ တောင်ဘက်ပိုင်းက လျှိုမြောင်ရဲ့ အထဲမှာ… ထောင်နဲ့ချီတဲ့ ကျားတွေရဲ့ အော်ဟစ်ဟိန်းဟောက်သံတွေကို ကြားနေရပါပြီ! ဒါတွေက ဟိန်းဟောက်သံတွေသာ မကပဲ… အထဲမှာက သတ္တုအချင်းချင်း ရိုက်ခတ်သံတွေကိုလည်း ကြားနေရပြီး… ချန်ချွန်းတောင်ထိပ်က ဂိုဏ်းသားတွေရဲ့ စိတ်နှလုံးတွေကို တုန်လှုပ်စေခဲ့ပါတယ်။
ချန်ချွန်းတောင်ထိပ်က ခန်းမကြီးထဲမှာ… ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ အေးစက်စွာ နှာမှုတ်လိုက်ပြီး… တောင်အောက်ကို အသံလှိုင်းလုံးကြီးတွေ အနေနဲ့ ဆင်းသွားခဲ့ကာ… ကျားဟိန်းသံတွေကို ဖုံးလွှမ်းသွားစေခဲ့တယ်လေ။ လျှိုမြောင်ကြီးရဲ့ အထဲမှာ… ကျားမိစ္ဆာတွေ အားလုံးရဲ့ ရင်ဘတ်ထဲမှာ တင်းကျပ်ကျပ်ကြီး ခံစားခဲ့ရပြီး… ဘယ်လိုပဲ ကြိုးစားကြိုးစား အသံထွက်အောင် မအော်နိုင်ကြတော့ပါဘူး။
တောင်ထိပ်ပေါ်က တပည့်တွေကလည်း ပျော်ရွှင်မြူးတူးစွာနဲ့… "ဟားဟား… ငါတို့ရဲ့ ဂရန်းမာစတာရဲ့ စွမ်းအားတွေဟာ ကြီးမားလှပါပေတယ်…"
သူတို့ရဲ့ စကားမဆုံးခင်မှာပဲ… ချန်ချွန်းတောင်ထိပ်ရဲ့ တောင်ပိုင်းကောင်းကင် ဆီကနေ ပိုပြီးတော့ ကျယ်လောင်တဲ့ သရော်လှောင်ပြောင်သံ တစ်ခုဟာ ပေါ်ထွက်လာခဲ့ပါပြီ။
"ဟဲဟဲ… ဆေးဝါးတစ်ရာ ဘိုးတော်ကြီး… မင်းက အရင်ကလိုမျိုး အသုံးမကျ ဖြစ်ဆဲပဲလား?!" ဒီသရော် လှောင်ပြောင်သံဟာ ချန်ချွန်းတောင်ထိပ်ပေါ်က တပည့်တွေရဲ့ နားစည်တွေကို ရိုက်ခတ်ခဲ့ပြီး… တချို့အားနည်းတဲ့ သူတွေဆိုရင် ဒီအသံလှိုင်းတွေကို ခံနိုင်စွမ်း မရှိခဲ့ပဲ မူးလဲသွားကုန်ကြပါတယ်။
"ဟေ့… ကျားမိစ္ဆာစုတ်ကြီး… မင်းက ငါ့ရဲ့ ချန်ချွန်းတောင်ထိပ်ပေါ်မှာ ပြဿနာ လာရှာရဲတာလား!" ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ မျက်နှာကြီးဟာ အစိမ်းရောင် သန်းနေခဲ့ပါပြီ။ သူက ဒေါသထွက်နေခဲ့ပေမဲ့… ထူးဆန်းတဲ့ ရယ်သံကြီးကို မဖုံးလွှမ်းနိုင်ခဲ့ပါဘူး။
ဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ စိတ်အာရုံတွေကို ကြိုးစားစုစည်းလိုက်ပြီး… သူ့ရဲ့ မှော်ကျိန်စာတွေကို ထုတ်လွှတ်လိုက်ပါပြီ။ တောင်ထိပ်ပေါ်မှာ ဖုံးလွှမ်းနေခဲ့တဲ့ အဖြူရောင် မီးခိုးငွေ့တွေကလည်း… ဖြေးဖြေးချင်းပဲ ပြောင်းလဲကာ လာခဲ့ပြီလေ။
အဖြူရောင် မီးခိုးငွေ့တွေဟာ တိမ်တိုက်တွေ အဖြစ်ကို ပြောင်းသွားခဲ့ပြီး အောက်ဘက်ကို ဆင်းလာခဲ့ကာ… မြေကြီးအပေါ်ကို ဖိအားတွေ ပေးနေခဲ့ပါတယ်။ ဒီတိမ်တိုက်တွေဟာ အဖြူရောင်ကနေ ဝါညိုရောင် အဖြစ်ကို ပြောင်းသွားခဲ့ပြီး… မြေဆီလွှာတွေရဲ့ အရောင်အဖြစ်ကို ပြောင်းသွားခဲ့တာပါ။ တောင်ပေါ်က တိမ်တိုက်တွေဟာ ကျောက်စိမ်းလိုမျိုး အစိမ်းရောင်တွေ ဖြစ်နေခဲ့ပြီး… တောင်ထိပ်ပေါ်မှာကနေ ခရမ်းရောင် သန်းနေခဲ့ကာ… အနီရောင် အသွေးအမွေးတွေက ဘေးကနေ ဝန်းရံထားခဲ့တာလေ။
ချန်ချွန်းတောင်ထိပ် ပတ်လည်ကနေပြီး… ရောင်စဉ်ပေါင်း မျိုးစုံတို့ဟာ အရောင်အသွေး စုံလင်လှတဲ့ ပန်းပင်လယ်ကြီးဟာ ဖူးပွင့်လာခဲ့သလိုမျိုး လှပတဲ့ မြင်ကွင်းမျိုးကို ဖန်ဆင်းထားခဲ့ပါပြီ။
ချက်ချင်းဆိုသလိုပဲ… ချန်ချွန်းတောင်ထိပ်ပေါ်က တပည့်တွေဟာ ဒီတိမ်တိုက်တွေရဲ့ တားဆီးမှုတွေကနေ… အဝေးက မိုးကုတ်စက်ဝိုင်းဆီက သရော်လှောင်ပြောင်သံတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။
လင်းဖုန်းကလည်း ဒီမြင်ကွင်းကို အဝေးကနေပဲ ကြည့်နေခဲ့ပြီး… အထင်ကြီးလှစွာနဲ့… "အင်း… တောင်ထိပ်က အကာအကွယ် ဝင်္ကပါကို အားဖြည့်ဖို့ အခြေတည်ဝိညာဉ် အဆင့်က ဂရန်းမာစတာ တစ်ယောက်ရှိခြင်းဟာ တကယ်ကိုပဲ အစွမ်းထက်လှပါပေတယ်…"
သူက တောင်ဘက်ဆီကို ထပ်ပြီးတော့ မျှော်ကြည့်လိုက်တော့… ဒီအချိန်မှာ သရော်လှောင်ပြောင် သံတွေဟာ ပိုပိုပြီးမှ ကျယ်လာခဲ့ပြီး… "ဟီးဟီး… ဒါက ချန်ချွန်းရဲ့ ကောင်းကင်ကို ဆန့်ကျင်တဲ့ ဝင်္ကပါလား?"
ရွှေရောင် အလင်းတန်း တစ်ခုဟာ တိမ်ပေါ်ကနေပြီး… တောင်တွေရဲ့ တောင်ဘက်က တောအုပ်လေးရဲ့ အထဲကို ကျရောက်ကာ လာခဲ့ပါပြီ။ တောအုပ်လေးရဲ့ အထဲမှာက… ကျားမိစ္ဆာပေါင်း မြောက်မြားစွာတို့ဟာ တစ်ကိုယ်လုံးမှာ သံမဏိရောင်တွေ တောက်ပပြီးမှ နေခဲ့တာပါ။
လူသားတို့ရဲ့ ချီသာဝက အဆင့်နဲ့ တူညီတဲ့ သာမန်ကျားမိစ္ဆာတို့ဟာ… ခြေလေးဘက်ထောက်ပြီးမှ မြေပြင်ပေါ်မှာ လှဲလှောင်းနေခဲ့ပါတယ်။
မိစ္ဆာဗိုလ်ချုပ် အဆင့်ရှိတဲ့ ဂန်ဂျင်ကျားမိစ္ဆာတွေကတော့… ပိုပြီးမှ ကြီးမားတဲ့ ခန္ဓာကိုယ်ရှိကာ ပေနှစ်ဆယ်လောက် အမြင့်ရှိပြီး ခြေနှစ်ချောင်းနဲ့ မတ်တတ်ရပ်နေကြတာပါ။ ဒါပေမဲ့လည်း သူတို့ဟာ လူသားပုံစံထက်စာရင်… ကျားပုံစံနဲ့ ပိုတူနေခဲ့ပါတယ်။
ဒီအုပ်စုရဲ့ အလယ်မှာတော့… ဂန်ဂျင်ကျား မျိုးနွယ်စုက မိစ္ဆာ အုပ်ချုပ်သူ အချို့တို့ဟာ မတ်တတ်ရပ်နေကြတာပါ။ ဒီမိစ္ဆာတွေကတော့ ကျန်နေတဲ့ သူတွေထက်စာရင်… သူတို့ရဲ့ မျက်နှာတွေက လူသားပိုဆန်နေခဲ့ပါတယ်။ သူတို့က မတ်တတ်ရပ်နေခဲ့တော့… သူတို့ဟာ လူတွေရဲ့ အရပ်ထပ် ပိုမရှည်နေကြပဲ… ဘေးမှာရှိနေကြတဲ့ ကျားမိစ္ဆာတွေနဲ့ ယှဉ်လိုက်ရင် ကိုယ်လုံးကိုယ်ထည် ပိုသေးနေကြတာပါ။
ဒါပေမဲ့လည်း ဒီမိစ္ဆာ အုပ်ချုပ်သူတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ သတ္တုအော်ရာတွေ ထွက်ပေါ်နေကြပြီး… သူတို့ရဲ့ ခန္ဓာကိုယ်ကိုလည်း သံမဏိ ဓားသွားတွေ.. ဓာတ်သတ္တု သလင်းကျောက်တွေနဲ့ တန်ဆာဆင်ထားခဲ့ပါတယ်။ သံသယ ဖြစ်ဖွယ်ရာ မရှိပဲ… သူတို့ဟာ ကျန်တဲ့ ကျားမိစ္ဆာတွေ အားလုံးပေါင်းထက်ကို ပိုပြီးတော့ စွမ်းအားကြီးမား နေခဲ့တာပါ။
ဒီရွှေရောင် အလင်းတန်းဟာ ဒီမိစ္ဆာ အုပ်ချုပ်သူတွေရဲ့ အကြားက မြေပြင်ပေါ်ကို ကျရောက်ကာ လာခဲ့ပါပြီ။ အလင်းတန်းလေးက တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားတော့… ရွှေဖြူရောင် ကျားတစ်ကောင်ရဲ့ ပုံရိပ်ကို တွေ့မြင်ခဲ့ရပါတယ်။
ဒီတောအုပ်ထဲက ကျားမိစ္ဆာတွေ အားလုံးဟာ… အရွယ်အစား မရွေး.. ပုံပန်းသဏ္ဌာန် မရွေး… မြေပေါ်ကို ရိုသေစွာနဲ့ပဲ ဒူးထောက်လိုက်ကြပါပြီ။
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ!"
ဒီကျားဟာ လူပုံသဏ္ဌာန်ကို မဖန်ဆင်းထားခဲ့ပဲ… ပြင်းထန်တဲ့ မိစ္ဆာအော်ရာ တွေကိုလည်း ထုတ်လွှတ်လို့ မနေခဲ့ပါဘူး။ သူ့ရဲ့ အပြင်ပန်း ပုံစံကို ကြည့်ရတာ ပြောင်လက်နေတဲ့ သတ္တုအရောင် တွေကလွဲလို့… ကျန်တာတွေက သာမန်ကျားတစ်ကောင်နဲ့ အတူတူပါပဲ။ ကိုယ်ခန္ဓာ အရွယ်အစား အနေနဲ့လည်း သူက အရမ်းကို ပိုပြီးမှ မကြီးနေခဲ့ပဲ… အရှည် သုံးမီတာလောက်သာ ရှိနေခဲ့တာပါ။
အခုရှိနေကြတဲ့ ကျားမိစ္ဆာတွေ အားလုံးရဲ့ အပြုအမူတွေဟာ သူ့ရဲ့ အဆင့်အတန်းကို ဖော်ပြနေခဲ့ပါတယ်။ သူကတော့ ဆေးဝါးတစ်ရာ ဂရန်းမာစတာက သူ့ရဲ့ တောင်အကာအကွယ် ဝင်္ကပါကို အပြင်းအထန် အသုံးချပြီး… ကာကွယ်နေရတဲ့ ဂန်ဂျင်ကျားဘုရင်ပဲ ဖြစ်တာပါ။
ဟန်တွမ်းတောင်ကြော တစ်လျှောက်ရဲ့ တောင်ဘက်ပိုင်းမှာ… ဂန်ဂျင်ကျားဘုရင်ရဲ့ နာမည်ကို ပြောမယ်ဆိုရင် တီးတိုးလေသံလေးနဲ့ ပြောရတာလေ။ သူ့ရဲ့ ခက်ထန်လှတဲ့ တိုက်ခိုက်မှုကို အားလုံးက ကြောက်ရွံ့နေရပါတယ်။ မင်းက မိစ္ဆာတို့ရဲ့ နယ်မြေဖြစ်တဲ့ မဟာလွင်တီးခေါင် နယ်မြေရဲ့ အထဲကို ဝင်သွားရင်တောင်မှပဲ… သူဟာ မိစ္ဆာသခင်တို့ရဲ့ အထဲမှာ စွမ်းအားကြီးတဲ့ အဆင့်တစ်ခုမှာ ရှိနေခဲ့တာပါ။
ဂန်ဂျင်ကျားဘုရင်ကလည်း သူ့ရဲ့အကြည့်တွေကို ချန်ချွန်းတောင်ထိပ်ဆီကို ပို့လိုက်ပြီး… လှောင်ပြောင်သရော် လိုက်ပါပြီ… "ဟဲဟဲ… ဆေးဝါးတစ်ရာ ဂရန်းမာစတာဆိုတဲ့ လိမ္မာပါးနပ်လှတဲ့ ဘိုးတော်ကြီး… မင်းက ငါရောက်လာတာနဲ့ တပြိုင်နက်ပဲ တောင်ရဲ့ အကာအကွယ် ဝင်္ကပါကို အသက်တန်းသွင်းလိုက်တာပဲ။ ဟီးဟီး… ဒါပေမဲ့လည်း မင်းက ဘယ်လိုလုပ်လုပ် အလကားပါပဲကွာ… ငါ့ကို ဘယ်လိုပဲ ချချ မင်းက မနိုင်နိုင်ပါဘူးဟ…"
သူ့ရဲ့ ဘေးက မိစ္ဆာ အုပ်ချုပ်သူ တစ်ယောက်က သတိထားနေတဲ့ ပုံစံမျိုးနဲ့… အရှေ့ကို တက်လာပြီး သတိပေးလိုက်ပါတယ်… "အရှင်မင်းကြီး… ကျွန်တော့်ရဲ့ အသုံးမကျမှုတွေအတွက် တောင်းပန်ပါတယ်… ဒါပေမဲ့လည်း ဟိုလူဆီက ရလာတဲ့ သတင်း အချက်အလက်တွေက အပြည့်အဝ မှန်တယ်လို့ အာမမခံနိုင်ပါဘူး။ ပြီးတော့လည်း… သူက တစ်ချိန်လုံးပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ပုံ ဖမ်းနေခဲ့ပြီး… ဒါက ပူးပေါင်းပြီးတော့ လျှို့ဝှက်ကြံစည်မှုလည်း ဖြစ်နိုင်တာပဲ…"
အခုစကားပြောလိုက်တဲ့ မိစ္ဆာအုပ်ချုပ်သူဟာ… လင်းဖုန်းရဲ့ အကူအညီနဲ့ ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ လက်အောက်ကနေ ထွက်ပြေးလွတ်မြောက် နိုင်ခဲ့တဲ့ ကျားမိစ္ဆာပဲ ဖြစ်ပါတယ်။ သူက ပြန်ရောက်သွားပြီး သတင်းပို့လိုက်တော့… ဂန်ဂျင်ကျားဘုရင်ကလည်း ချက်ချင်းဆိုသလိုပဲ ချန်ချွန်းတောင်ထိပ်ကို ချီတက်လာခဲ့တာပါ။
ဒါကို ကြားလိုက်ရတော့… ဂန်ဂျင်ကျားဘုရင်ကလည်း နှာခေါင်းရှုံ့လိုက်ပြီး… "ဟွန့်… မင်းတို့ပြောတဲ့ မော်တယ် စိတ်ဝိညာဉ် ဆေးလုံးက မရှိရင်တောင်မှပဲ… သူတို့ကို ဒီကနေ့မှာ အပြတ်ရှင်းရမှာပဲ။ သူတို့ကို မျက်စိနောက်နေခဲ့တာ အချိန်အတော် ကြာနေပြီကွ။ မင်းပြောတဲ့ ခရမ်းရောင် ဝတ်စုံနဲ့ တာအိုဆရာက သူ့ရဲ့ အကြံအစည် တစ်စိတ်တစ်ပိုင်း ဖြစ်နေနိုင်ပေမဲ့… ငါကတော့ သောက်ဂရုမစိုက်ပါဘူးကွ…"
"သူက ဘာပဲ ကြံစည်နေပါစေ… ငါက အမှုန့်ချေပစ်လိုက်မယ်ဟ…" သူက မာနကြီးစွာနဲ့ ကြုံးဝါးနေခဲ့ပါတယ်။
"အရှင့်ရဲ့ အမိန့်အတိုင်းပါ!" ဘေးက ကျားမိစ္ဆာတွေ အားလုံးကလည်း အားရစွာနဲ့ သံပြိုင်ကြွေးကြော် လိုက်ကြပါပြီ။
ဂန်ဂျင်ကျားဘုရင်ရဲ့ အတွေးထဲမှာကတော့… "အင်း… ငါထည့်တွက်ရမှာက မဟာ လွင်တီးခေါင် ဓားဂိုဏ်းရဲ့ တုံ့ပြန်မှုပဲ။ သူတို့ကြောင့်သာ မဟုတ်ရင်… ငါက အစောကြီးကတည်းက ချန်ချွန်းတောင်ထိပ်ကို အပြတ်ရှင်းပစ်လိုက်ပြီကွ…"
"အင်း… ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးရဲ့ သတင်းကသာ အစစ်အမှန် ဖြစ်ခဲ့ရင်… ဒီဆေးဝါးတစ်ရာ ဂရန်းမာစတာဟာ ဒီသတင်းကို လျှို့ဝှက်ထားခြင်းအားဖြင့်… မဟာ လွင်တီးခေါင် ဓားဂိုဏ်းရဲ့ စည်းကမ်းကို ဖောက်ဖျက်နေခဲ့တာပဲ။ ဒါဆိုရင်တော့… ဆေးဝါးတစ်ရာ ဂရန်းမာစတာက အကူအညီ တောင်းဖို့ကို တွန့်ဆုတ်နေခဲ့မှာပေါ့…"
"တကယ်လို့များ ဒီသတင်းက သူတို့ဆီကို ရောက်သွားခဲ့ပြီး… စစ်ကူတွေ ရောက်လာခဲ့ရင်လည်း နောက်ကျသွားမှာပဲ။ အဲ့ဒီအချိန်ဆိုရင် ငါက ဆေးဝါးတစ်ရာဂိုဏ်းကို အမြစ်ဖြုတ်ပြီးတော့… ငါ့ရဲ့ မဟာ လွင်တီးခေါင် ကုန်းမြေကို ပြန်ရောက်သွားနေလောက်ပြီကွ…"
ဂန်ဂျင်ကျားဘုရင်က သူ့ရဲ့ လက်သည်းတွေကို မြှောက်လိုက်ပြီး ကုတ်လိုက်ကာ… "အင်း… ဒါပေမဲ့လည်း တကယ်လို့များ ဆေးဝါးတစ်ရာ ဂရန်းမာစတာမှာက ဒီဆေးလုံးမျိုး မရှိခဲ့ရင်တော့… စစ်ကူတွေဟာ ခဏလေးနဲ့ ရောက်လာခဲ့မှာပဲ…"
ကျားမိစ္ဆာ အုပ်ချုပ်သူကလည်း အတန်ငယ် စဉ်းစားလိုက်ပြီး… အကြံပေးလိုက်ပါတယ်… "ဟုတ်… ကျွန်တော်တို့က ခဏလောက် သွေးတိုးစမ်းကြည့်ပြီး… သူတို့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ကြတာပေါ့…"
ကျားဘုရင်ကလည်း သဘောတူစွာနဲ့ ခေါင်းကို ညိတ်လိုက်ပြီး… "ကဲ… ငါတို့က မသေဝိညာဉ် တစ်ချို့ကို လွှတ်လိုက်ပြီး… သူတို့ရဲ့ တောင်အကာအကွယ် ဝင်္ကပါကို စမ်းကြည့်ကြတာပေါ့ကွာ…"
သူ့ရဲ့ အမိန့်ပေးသံ အောက်မှာ… ကျားမိစ္ဆာပေါင်း ထောင်နဲ့ချီပြီးတော့ တောအုပ်ထဲကနေ ထွက်လာကြပြီး… တောင်ရဲ့ အကာအကွယ် ဝင်္ကပါကို ပတ်ပတ်လည် ဝိုင်းရံထားလိုက်ကြပါပြီ။ ဒီကျားတွေဟာ သူတို့ရဲ့ မေးရိုးတွေကို အကျယ်ကြီး ဟလိုက်ကြပြီး… အနက်ရောင် မီးခိုးလုံးတွေကို မှုတ်ထုတ်လိုက်ကြပါတယ်။ ဒီမီးခိုးငွေ့တွေဟာ အချင်းချင်း ပေါင်းစည်းသွားကြကာ… အနက်ရောင် မြူခိုးပင်လယ်ကြီး တစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ပြီး… ချန်ချွန်းတောင်ထိပ်ကို လွှမ်းခြုံသွားခဲ့ ကြပါပြီ။ ဒီမြူခိုးငွေ့တွေရဲ့ အထဲကနေပြီး… အမျိုးအစား စုံလင်လှတဲ့ ပုံရိပ်တွေဟာ ယိမ်းထိုးပြီးမှ ထွက်လာကြပြီလေ။
အထဲက ထွက်လာတာတွေက… ထွင်းဖောက်ပြီးတော့ မြင်နေရတဲ့… တချို့က လူပုံစံတွေနဲ့ တချို့ကတော့ မိစ္ဆာပုံသဏ္ဌာန် မျိုးစုံတို့ပါ။ သူတို့ရဲ့ အကြည့်တွေဟာ မိစ္ဆာ အငွေ့အသက်တွေနဲ့ ပြည့်နေခဲ့ပြီး… သွေးဆာနေတဲ့ မျက်လုံးစိမ်းကြီးတွေနဲ့ ချန်ချွန်းတောင်ထိပ်ကို စူးစိုက်ပြီးမှ ကြည့်နေကြပါတယ်။
တောင်ထိပ်ပေါ်မှာကတော့… ဆေးဝါးတစ်ရာ ဂိုဏ်းက တပည့်တွေဟာ ကြောက်ရွံ့စိတ်တွေနဲ့ တုန်လှုပ်နေကြပြီး… "ဟာ… ဒါက မသေဝိညာဉ် တွေပဲ… ပြီးတော့ အများကြီးပဲဟ!"
ကျားမိစ္ဆာ မျိုးနွယ်စု တွေရဲ့ အစွမ်းအရ… သူတို့ စားသုံးလိုက်တဲ့ အရာတွေဟာ သူတို့ရဲ့ လက်ပါးစေတွေ ဖြစ်သွားခဲ့ပြီး… သူတို့ရဲ့ စေခိုင်းသမျှကို လိုက်နာရတဲ့ အသိစိတ် မရှိကြတော့တဲ့ မသေဝိညာဉ်တွေ ဖြစ်ကုန်ကြတာပါ။ ဒီဝိညာဉ်တွေဟာ အောက်လမ်းဆရာ ပြုသမျှ နုကြရတဲ့ ဇွန်ဘီတွေလိုမျိုးပဲ… သစ္စာရှိစွာနဲ့ ခိုင်းသမျှကို လုပ်ကြရပါတော့တယ်။
ကျားမိစ္ဆာတွေဟာ ဒီမသေ ဝိညာဉ်တွေကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အနက်ရောင် မီးခိုးငွေ့တွေ အဖြစ်နဲ့ သိမ်းထားတာ ဖြစ်ပြီး… လိုအပ်တဲ့ အချိန်မှာ တိုက်စစ်အဖြစ်နဲ့ အသုံးချတာပဲ ဖြစ်တာပါ။
ဒီမသေ ဝိညာဉ်တွေကို အသုံးချလိုက်ခြင်းအားဖြင့်… တစ်ဘက်ကနေပြီး ဒီတောင်ရဲ့ အကာအကွယ် ဝင်္ကပါရဲ့ အစွမ်းကို စမ်းသပ်ကြည့်နိုင်သလို… တစ်ဘက်ကနေလည်း ကျားမိစ္ဆာတွေကို ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဆင်နွဲခြင်းကနေလည်း ကာကွယ်နေနိုင်တာလေ။
ဒါကြောင့်ပဲ… တကယ်လို့များ မဟာ လွင်တီးခေါင် ဓားဂိုဏ်းက စစ်ကူလွှတ်လိုက်ရင်လည်း… ကျားမိစ္ဆာတွေဟာ ချက်ချင်း နောက်ပြန်ဆုတ်နိုင်ပြီး… မဟာလွင်တီးခေါင် ကုန်းမြေထဲကို ပြန်ဆုတ်နိုင်ပြီး နှစ်ဘက်ညှပ်ပြီးမှ ဝိုင်းတိုက်ခံရတဲ့ အဖြစ်ကနေပြီး ရှောင်ကြဉ်နိုင်မှာပဲ ဖြစ်ပါတယ်။
လင်းဖုန်းကလည်း အဝေးကနေ ကြည့်နေခဲ့ပြီး စဉ်းစားနေခဲ့ပါပြီ… "အင်း… ကြည့်ရတာက ဒီမသေ ဝိညာဉ်တွေဟာ သူတို့ရဲ့ အရင်ဘဝက စွမ်းရည်တွေကို ဆက်ပြီးတော့ ထိမ်းထားနိုင်ခဲ့ပြီး… မိစ္ဆာတစ်ရာ ညသန်းခေါင်ယံ စစ်ရေးပြခြင်း နည်းစနစ်နဲ့ စာလိုက်ရင်… ဒီမသေ ဝိညာဉ်တွေဟာ ပိုပြီးတော့ သွေးဆာတဲ့ စိတ်မျိုးရှိတာပဲ… ဒါပေမဲ့လည်း သူတို့ဟာ အသိဉာဏ်တွေ လုံးလုံး ပျောက်ဆုံးသွားခဲ့ပြီး… ရုပ်သေးရုပ်တွေသာ ဖြစ်ကြတာပဲဟ…"
အခုအချိန်ဟာ မွန်းတည့်ချိန် ဖြစ်နေပြီး ကောင်းကင်ဟာ ကြည်လင်ပြီး အပြာရောင် သန်းနေခဲ့ပေမဲ့… မသေဝိညာဉ် အုပ်စုကြီးကနေ သေမင်းပင်လယ် တစ်ခုကို ဖန်ဆင်းနေခဲ့တော့… နေရောင်တောင်မှပဲ မှေးမှိန်လို့ သွားခဲ့ပါပြီ။
ကျားမိစ္ဆာတို့ရဲ့ ထိန်းချုပ်မှု အောက်ကနေပြီး… မသေဝိညာဉ် လှိုင်းလုံးကြီးတွေဟာ တစ်သုတ်ပြီးတစ်သုတ် အော်ဟစ်မြည်ကြွေးနေကြဟာ… အသိစိတ် ကင်းမဲ့စွာနဲ့ပဲ တောင်ရဲ့ အကာအကွယ် ဝင်္ကပါဆီကို ချီတက်သွားကြပါတော့တယ်။
လင်းဖုန်းကလည်း ချက်ချင်းဆိုသလိုပဲ သတိထားနေခဲ့ပြီး… "ကဲ… ဇာတ်လမ်းကတော့ စတော့မယ်ကွ…"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu