အပိုင်း ၁၆၀ : တိုက်ဆိုင်လှစွာပဲ… ငါ့မှာ ရထားမောင်းတစ်ယောက် လိုနေတယ်ကွ!
ယွဲ့ဟုန်ယန်က ဆေးအိုးထဲက ကောင်ကလေးကို ကြည့်လိုက်ရင်း… ဒေါသထွက်လှစွာနဲ့… "ဟွန့်… ဒီအထဲကိုရောက်အောင် မနည်းကြိုးစားထားရတာ… ဒါပေမဲ့လည်း အခုအချိန်မထိ ရှောင်ဟွမ်းကျိလေးကို မကယ်ရသေးဘူး…"
ခန်းနန်ဟွာကလည်း သက်ပြင်းကို ချလိုက်ရင်း… "ဟင်း… အချိန်မကျသေးဘူးလေ… လျှောက်လုပ်လိုက်လို့ သူများတွေ သိသွားလို့ရှိရင် ပိုဆိုးသွားလိမ့်မယ်…"
ယွဲ့ဟုန်ယန်ကလည်း မျက်စိကို မှိတ်လိုက်ပြီး… အသက်တစ်ချက်ကို ပြင်းပြင်း ရှူလိုက်ပါတယ်။ သူမရဲ့ မျက်စိကို ပြန်ဖွင့်လိုက်တော့… သူမရဲ့ အကြည့်တွေဟာ ပိုပြီး တည်ငြိမ်လာခဲ့ကာ ဆုံးဖြတ်ချက်တွေက ပိုပြီးမှ ပြတ်သားလာခဲ့ပါပြီ။ သူမက… "မစ္စတာ ခန်းနန်ဟွာ… ကျွန်မနားလည်ပါပြီရှင့်။ ကျွန်မတို့က အပြင်မှာ သတင်းတွေ ဖြန့်ထားပြီးပြီဆိုတော့… တခြားလူတွေက ရောက်လာလို့ရှိရင် ကျွန်မတို့က အခွင့်အရေးတွေ ရလာမှာပဲ…"
ချောင်ထဲမှာ ချောင်းပြီးမှ နားထောင်နေခဲ့တဲ့ လင်းဖုန်းကတော့… သဘောတူလှစွာနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ သူက ဒီသတင်းကို ဖြန့်တာ ဘယ်သူများလည်းလို့ အရင်ကတည်းက စဉ်းစားနေခဲ့တာပါ… ဒါက သူအရင်ကတည်းက သိပြီးသားသူ ဖြစ်နေခဲ့မယ်လို့တော့ မထင်ထားခဲ့ပါဘူး။
ခန်းနန်ဟွာနဲ့ ယွဲ့ဟုန်ယန်တို့က ဒီကျောက်တုံးအိမ်လေးရဲ့ အထဲကနေ ပြန်ထွက်သွားတော့… လင်းဖုန်းကလည်း ခိုးကြောင်ခိုးဝှက်နဲ့ အနောက်ကနေပြီး လိုက်သွားခဲ့ပါတယ်။
"ကဲ… အပေါ်တက်စမ်း!" ခန်းနန်ဟွာဟာ ငွေရောင် လွန်းပျံယာဉ်လေး တစ်စင်းကို ထုတ်လုပ်ပြီး… ထုံးတမ်းစဉ်လာ အမူအရာ တစ်ခုကို ပြုလိုက်လိုက်ပါပြီ။ ငွေရောင် လွန်းပျံယာဉ်လေးဟာ… အဖြူရောင် အလင်းတန်း တစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ပြီး… ခန်းနန်ဟွာနဲ့ ယွဲ့ဟုန်ယန် နှစ်ယောက်စလုံးကို ရစ်ပတ်လိုက်ကာ လေဟာနယ်ရဲ့ အထဲကို ပို့ဆောင်ပေးခဲ့ပါတော့တယ်။
ဒါက လေဟာနယ် လွန်းပျံယာဉ်လေး တစ်ခုသာ ဖြစ်ပေမဲ့… သူဟာ ရွှေရောင်ဗဟိုချက် အဆင့်က မှောင်အိုင်တမ် တစ်ခု ဖြစ်ခဲ့ပြီး… ခရီးတို လေဟာနယ် ခရီးသွားခြင်းတို့ကို ဆောင်ရွက်နိုင်တာပါ။
ဒီကျောက်တုံးအိမ်လေးရဲ့ အထဲက ဆေးအိုးကြီးတွေကို ကြည့်လိုက်ပြီး… လင်းဖုန်းက အချိန်အနည်းငယ်လောက် ကြာအောင် စဉ်းစားနေခဲ့ကာ… မီးလျှံရေခဲ သစ်သီးနဲ့ မဟာသူရိယ အကြွင်းမဲ့ မီးတောက် နှစ်မျိုးစလုံးကို ပူးပေါင်းလိုက်ပြီးတော့… ဒီရေခဲနရံကြီးရဲ့ အပေါက်ကြီးကို ပြန်ပိတ်လိုက်ပါတယ်။
အားလုံးပြီးစီးသွားတော့… လင်းဖုန်းဟာ မဟူရာ တိမ်တိုက်အလံကို အသုံးပြုပြီးမှ… ဒီလျှို့ဝှက် ဆေးဖော်ခန်းကနေပြီး ထွက်ခွာသွားခဲ့ပါပြီ။
လင်းဖုန်းက ခန်းနန်ဟွာနဲ့ ယွဲ့ဟုန်ယန်တို့ကို အလောတကြီးနဲ့ သွားပြီးမှ နှုတ်မဆက်ခဲ့ပါဘူး… ဘာဖြစ်လို့လည်းဆိုတော့ သူဟာ နားမလည်နိုင်သေးတဲ့ အတွေးတချို့ ရှိနေခဲ့ပြီး… အရင်ဆုံး အကုန်လုံးကို သဘောပေါက်အောင် စဉ်းစားရဦးမှာမို့ပဲ ဖြစ်ပါတယ်။
ချန်ချွန်းတောင်ထိပ်ကနေ ထွက်ခွာလာခဲ့ပြီး… တောင်တန်းတွေရဲ့ ဆီကို ပြန်ရောက်လာတဲ့ အခါမှာ… လင်းဖုန်းဟာ အရာအားလုံးကို အသေအချာ ပြန်စဉ်းစားနေခဲ့ပါပြီ။ သူက အတွေးကြောထဲမှာ မျောနေဆဲမှာပဲ… အနီးအနားမှာ မိစ္ဆာအော်ရာတွေကို ရုတ်တရက်ပဲ ခံစားမိလိုက်ပါတော့တယ်။
လင်းဖုန်းက သူ့ရဲ့ မျက်လုံးအစုံကို ပင့်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တဲ့ အခါမှာ… တောင်ထိပ်ပေါ်မှာ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီး တစ်ခုဟာ တောင်ထိပ်ပေါ်မှာ ပေါ်လာခဲ့ပြီး… ချန်ချွန်းတောင်ထိပ်ဆီကို ချောင်းကြည့်နေခဲ့တာကို တွေ့လိုက်ရပါတယ်။
ဒီလူရဲ့ အရပ်ဟာ ဆယ်ပေကျော်လောက်မြင့်ပြီး ခန္ဓာကိုယ်ကလည်း ထွားကြိုင်းလှပါတယ်။ သူ့ကိုကြည့်ရတာ အလွန်အမင်းကိုမှပဲ ခက်ထန်နေတဲ့ပုံ ပေါက်ပြီး… သူ့ရဲ့နဖူးမှာက 'ဘုရင်' (王) ဆိုတဲ့ စာလုံးတစ်လုံးကို ခတ်နှိပ်ထားပါတယ်။
ပိုပြီးတော့ အံ့အားသင့်ဖွယ် ကောင်းတာက… ဒီလူရဲ့ ခေါင်းစကနေ ခြေဆုံးအထိ မြင်နေရတဲ့ အသားအရေတွေကနေ ရွှေရောင်အလင်းတန်းတွေက လင်းလက်နေတာပါ။
သူ့ရဲ့ အငွေ့အသက်တွေဟာ မိစ္ဆာအော်ရာတွေကို သယ်ဆောင်ထားခဲ့ပြီး… သူဟာ လူသားကလန်က မဟုတ်တဲ့ ကျင့်ကြံသူတွေရဲ့ မှော်စွမ်းအင်တွေကို သယ်ဆောင်ထားပါတယ်။
"အင်း… မဟုတ်မှလွဲရော… ဒီလူဟာ မိစ္ဆာကျားကလန်ကပဲ ဖြစ်ရမယ်ကွ…" လင်းဖုန်းက ဒီလူကို သုံးသပ်နေရင်းကပဲ ရင်ထဲကနေ မှတ်ချက်ချနေခဲ့တယ်လေ။
ဂန်ဂျင်ကျားကလန်ဟာ ရှေးပဝေသဏီခေတ်က မိစ္ဆာတစ်ပါးရဲ့ သွေးမျိုးနွယ်ဖြစ်ပြီး… သူ့ရဲ့ ဘိုးဘေးဘီဘင် ဆီကနေ သတ္တုတွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းသတ္တိကို ရထားခဲ့ကာ… မထိုးဖောက်နိုင်တဲ့ အသားအရေနဲ့ အရိုးတွေ.. ရွှေသွားတွေနဲ့ သံမဏိ လက်သည်းတွေကို ပိုင်ဆိုင်ထားပါတယ်။
ဘယ်လိုလက်နက်မျိုးကမှ သူတို့ရဲ့ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ပဲ… ဘယ်လို တာအိုနည်းစနစ်မျိုးကမှ သူတို့ကို ဒဏ်ရာရအောင်လုပ်ဖို့ ခက်ခဲလွန်းတာပါ။ သူတို့ဟာ မိစ္ဆာကလန်က တိုက်ခိုက်မှုစွမ်းရည် ကောင်းတဲ့ မျိုးနွယ်စု တစ်ခုပါပဲ။
ဂန်ဂျင်ကျား မျိုးနွယ်စုရဲ့ ခေါင်းဆောင်… ဂန်ဂျင်ကျားဘုရင်ဟာ မိစ္ဆာကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီး… မိစ္ဆာသခင်တွေရဲ့ အကြားမှာ ထိပ်တန်းအဆင့်မှာ ရှိပါတယ်။
မီးလျှံကျီးကန်း မျိုးနွယ်စုတွေ လိုမျိုးပဲ… ဂန်ဂျင်ကျား မျိုးနွယ်စုတို့ရဲ့ တည်နေရာဟာ လူသားကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေရှိပြီး… ဝင်ပေါက်ဟာ ဟန်တွမ်းတောင်တန်းတွေရဲ့ တောင်ဘက်ပိုင်းနဲ့ သိပ်မဝေးလှပါဘူး။
လင်းဖုန်းကလည်း ဒီကျားမိစ္ဆာကို ကြည့်လိုက်ပြီး… "အင်း… ကြည့်ရတာတော့ ဆေးဝါးတစ်ရာ ဂရန်းမာစတာက အခုဖော်စပ်နေတဲ့ မော်တယ် စိတ်ဝိညာဉ် ဆေးလုံးဟာ… အစွမ်းထက်တဲ့သူ တော်တော်များများရဲ့ အာရုံစိုက်မှုကို ခံနေရတာပဲ…"
လူသားကျင့်ကြံသူတွေက ရွှေရောင်ဗဟိုချက်ကို ဖော်ဆောင်ရသလိုပဲ… မိစ္ဆာတွေကလည်း မိစ္ဆာအုပ်ချုပ်သူ အဖြစ်ကို အဆင့်တက်ချင်လို့ရှိရင်… မိစ္ဆာဆေးလုံးကို ဖော်ဆောင်ရတာပါ။ ကွဲပြားခြားနားမှုလေး အနည်းငယ် ရှိပေမဲ့… ဒီအတုအယောင် လုံခွက်နဲ့ ဗဟိုချက်တို့ဆီက များပြားလှတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေဟာ မိစ္ဆာကလန် အတွက်လည်း အကျိုးအများကြီး ရှိနိုင်ပါတယ်။
လင်းဖုန်းကလည်း သူကြားထားခဲ့တဲ့ ကောလဟာလ အချို့ကို ပြန်ပြီးတော့ စဉ်းစားမိလိုက်ပါပြီ… "အင်း… လူတွေ ပြောနေကြတာက ဂန်ဂျင်ကျားဘုရင်က ဆေးဝါးတစ်ရာ ဂရန်းမာစတာနဲ့ မဟာရန်သူတွေ ဆိုပဲ…"
ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ နည်းလမ်းတွေဟာ ဆေးဝါးတွေကို ထိန်းချုပ်ပြီး… ပြင်းထန်လှတဲ့ အဆိပ်တွေကို အသုံးပြုပြီးမှ ရန်သူကို ဒဏ်ရာရစေတာပါ။ ဂန်ဂျင်ကျားဘုရင် အနေနဲ့ကတော့… သူ့ရဲ့ မိစ္ဆာခန္ဓာကိုယ်ဟာ အလွန်ကိုမှ သန်မာလှပြီး အဆိပ်တွေကိုလည်း မကြောက်ပါဘူး။ သူ့ရဲ့ ကျင်းရှန်အော်ရာဟာ ကြောက်မက်ဖွယ် ကောင်းလှပြီး… သစ်သားအနွယ်ဝင် ဓာတ်တွေရဲ့ ဂြိုလ်ဆိုးတစ်ပါး ဖြစ်တာပါ။ ဓာတ်ကြီးငါးပါး အနက်မှာ… ရွှေဟာ သစ်သားရဲ့ ဂြိုလ်ဆိုးတစ်ပါးပဲ ဖြစ်ပါတယ်။
ဒီကျားမိစ္ဆာဟာ ချန်ချွန်းတောင်ထိပ်ကို လှမ်းကြည့်နေရင်း ကိုယ်ကိုယ်ကိုယ်ပဲ ရေရွတ်နေခဲ့ပါတယ်… "အင်း.. ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးက ဒီလောက်အထိပဲ အကျိုးသက်ရောက်မှု ကြီးမားလားကွာ?"
"ဟုတ်တာပေါ့ဗျာ…"
လင်းဖုန်းက ရုတ်တရက်ပဲ သူ့ရဲ့အနားမှာ ပေါ်လာခဲ့ကာ ပြောလိုက်ပါပြီ။
"ဟာ… ဘယ်သူလည်းကွ?" လင်းဖုန်းကသာ စကားမပြောလိုက်လို့ရှိရင်… ဒီကျားမိစ္ဆာဟာ သူ့ရဲ့ အနားမှာ လူတစ်ယောက်က အနီးကပ် ရှိနေတာကို သိမှာ မဟုတ်ပါဘူး။ ဒါကို သဘောပေါက်လိုက်တော့… ကျားမိစ္ဆာဟာ ထိတ်လန့်တုန်လှုပ် နေခဲ့ပြီး… ခြေနှစ်လှမ်းလောက် နောက်ဆုတ်လိုက်ကာ သူ့ရဲ့ ခန္ဓာကိုယ်ကို ကွေးကွေးလေး လုပ်လိုက်ကာ… လင်းဖုန်းကို ကြည့်လိုက်ပြီး အချိန်မရွေး တိုက်ခိုက်နိုင်အောင် ပြင်ဆင်နေခဲ့ပါတယ်။
လင်းဖုန်းက ဒီကျားမိစ္ဆာနဲ့ ရင်ဆိုင်လိုက်ရတော့… သွေးဆာနေတဲ့ စိတ်ကို ခံစားလိုက်ရပြီး… တစ်စုံတစ်ယောက်ကို ဝါးမျိုဖို့ အဆင်သင့် ဖြစ်နေတဲ့ သားရဲတစ်ကောင်ကို တွေ့လိုက်ရသလိုပါပဲ။
"အင်း… ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးကို သောက်ပြီးတဲ့နောက်မှာ… ရွှေရောင် ဗဟိုချက်ရဲ့ အဆင့်ကို အဝါရောင်ကနေပြီး အစိမ်းရောင်ကို မြှင့်တင်နိုင်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်က… ဆေးဝါးတစ်ရာဂိုဏ်းမှာ ရှိနေပြီဗျ…"
ဒီကျားမိစ္ဆာဟာ သူ့ကို အချိန်မရွေး တိုက်ခိုက်နိုင်တာကို လျစ်လျူရှူထားလိုက်ပြီး… လင်းဖုန်းဟာ မော်တယ် စိတ်ဝိညာဉ် ဆေးလုံးရဲ့ တကယ်အစွမ်းကို သူ့ကို ရှင်းပြလိုက်ပါတယ်။
လင်းဖုန်းက မကောင်းတဲ့ ရည်ရွယ်ချက်မျိုး မရှိခဲ့ဘူး ဆိုတာကို တွေ့လိုက်ရတော့… ကျားမိစ္ဆာဟာ သတိထားတဲ့ အနေအထားမှာ ရှိနေသေးပေမဲ့ မျက်နှာထားတော့ အတန်ငယ် လျော့သွားခဲ့ပါပြီ။
တစ်ဘက်ကနေ ကြည့်ရင်လည်း… ဒီကျားမိစ္ဆာကနေ ထုတ်လွှတ်နေတဲ့ သွေးဆာနေတဲ့စိတ်ဟာ ပြင်းထန်လှပေမဲ့… လင်းဖုန်းကတော့ ကိုယ်ကိုယ်ကိုယ် ထိန်းသိမ်းထားနိုင်ခဲ့ပြီး တည်ငြိမ်နေလို့ပါ။
ဒီကျားမိစ္ဆာဟာ လင်းဖုန်းကို ကြည့်လိုက်ပြီး ဖြေးဖြေးခြင်းပဲ… "ဟာ… တကယ်လို့များ ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးဟာ အခုပြောသလောက် အစွမ်းထက်တယ်ဆိုရင်… လူသားကလန်က ဂိုဏ်းတွေ.. မျိုးနွယ်စုတွေက မမက်မောကြဘူးလား? ဘာဖြစ်လို့များ သူတို့က အလယ်အလတ် အဆင့်လောက်သာရှိတဲ့ ဒီဆေးဝါးတစ်ရာဂိုဏ်းလိုမျိုး ဂိုဏ်းကို ပိုင်ဆိုင်ခွင့် ပေးထားတာလည်း?"
"ပြီးတော့လည်း… တကယ်လို့များ ဒီဆေးဝါးဟာ ဒီလောက်အထိ စွမ်းတယ်ဆိုရင်… ဆေးဝါးတစ်ရာဂိုဏ်းဟာ ထိပ်တန်းအဆင့်ကို ရောက်လောက်ပြီပေါ့။ လူသားကလန်တွေရဲ့ အထဲမှာ မြင့်မြတ်နယ်မြေ သုံးခုကလွဲရင်… ဒီဆေးဝါးတစ်ရာဂိုဏ်း အပါအဝင် ကျန်တဲ့ဂိုဏ်းတွေက ဒီလောက်အထိ တန်ခိုးမကြီးကြပါဘူး…"
ဒီကျားမိစ္ဆာရဲ့ အသွင်အပြင်ဟာ ကြမ်းတမ်းခက်ထန်လှပေမဲ့… သူ့ရဲ့ ဆင်ခြင်သုံးသပ်မှုတွေဟာ တည်ငြိမ်ပြီး ကျိုးကြောင်းဆီလျှော်လှပါတယ်။ သူက ကောင်းကျိုး ဆိုးကျိုးတွေကို တွေးတောပြီး ရှင်းလင်းပြတ်သားစွာနဲ့ သုံးသပ်သွားခဲ့တာပါ။
လင်းဖုန်းကလည်း ပြုံးလိုက်ကာ စိတ်ရှည်လက်ရှည်နဲ့ပဲ ရှင်းပြလိုက်ပါပြီ… "အင်း… ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးရဲ့ တန်ဖိုးကို ကန့်သတ်ထားတဲ့ အချက် နှစ်ချက်ရှိတယ်ဗျ။ ပထမ တစ်ချက်က သူ့ရဲ့ အကျိုးသက်ရောက်မှုဟာ အကန့်အသတ် ရှိပြီး… ဒုတိယ တစ်ချက်က သူ့ကို ဖော်စပ်ဖို့က အချိန်အတော် ယူရတာပဲ…"
သူဟာ ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အားနည်းချက်တွေကို အသေးစိတ် ရှင်းပြခဲ့ပါတယ်။
ကျားမိစ္ဆာဟာ ဒီအကြောင်းတွေကို ကြားလိုက်ရတော့… စိတ်ရှုပ်ထွေးသွားခဲ့ပြီး ခေါင်းကိုသာ ခါလိုက်ပါပြီ။
လူသားကလန်တွေ အနေနဲ့ဆိုရင်တော့… ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးဟာ အရမ်းကို အရေးကြီးလှပြီး… မိစ္ဆာကလန်တွေ အနေနဲ့ ဆိုရင်လည်း… သူတို့ရဲ့ အစွမ်းဟာ ဒီလောက်အထိ မကြီးလှပေမဲ့… အတော်အသုံးဝင်တဲ့ အရင်းအမြစ်တစ်ခု အနေနဲ့တော့ ရှိနေပါတယ်။
ပြီးတော့လည်း… ဆေးဝါးတစ်ရာဂိုဏ်းဟာ ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးကို အသုံးပြုပြီးမှ အင်အားကြီးမားလာမယ် ဆိုရင်တော့… ဂန်ဂျင်ကျား မျိုးနွယ်စု အတွက်ကတော့ သတင်းကောင်းတစ်ခု မဟုတ်နိုင်ပါဘူး။
တစ်ယောက်အတွက်က ကောင်းပြီး… တစ်ယောက်အတွက်က ဆိုးတယ်ဆိုတော့… ဘယ်လိုပဲ တွက်တွက် ရလဒ်တွေက လက်ခံနိုင်စရာ မဟုတ်ဘူးလေ။
ကျားမိစ္ဆာကလည်း သူ့ရဲ့ စိတ်ကို ချက်ချင်းပိုင်းဖြတ်လိုက်ပါပြီ။ ဒီသတင်း အချက်အလက်ကို သူ့ရဲ့ဂိုဏ်းဆီကို ပြန်ပို့မှာဖြစ်ပြီး… ဂန်ဂျီကျားဘုရင်ကို အကြောင်းကြားရမှာပါ။
ဒါပေမဲ့လည်း သူက လင်းဖုန်းကို စိုက်ကြည့်နေခဲ့လေလေ… ပိုပြီးတော့ အန္တရာယ် ရှိတယ်လို့ ခံစားလာရပြီး သံသယ ဖြစ်လာလေလေပါပဲ… "ဟာ… ခင်ဗျားက ဘယ်သူများလည်း? ဘာဖြစ်လို့ ခင်ဗျားက ဒီလောက်အထိ သိနေရတာလည်း?"
လင်းဖုန်းကလည်း ရယ်လိုက်ပြီး… "ဟဲဟဲ… ကျုပ်က ဘယ်သူလည်း ဆိုတာကိုတော့ ခင်ဗျားက သိစရာ မလိုပါဘူး…"
ကျားမိစ္ဆာရဲ့ မျက်စိအစုံကလည်း ကျဉ်းမြောင်းသွားခဲ့ပြီး… လူသတ်လိုစိတ်က ပိုပြီးတော့ ပြင်းထန်လာခဲ့ပေမဲ့… သူက လင်းဖုန်းရဲ့ တကယ့်အစွမ်း အစစ်အမှန်ကို မသိခဲ့ရတော့… လက်လွတ်စပယ် မလုပ်ရဲခဲ့ပါဘူး။
လင်းဖုန်းကလည်း ဒီကျားမိစ္ဆာရဲ့ အပြုအမူတွေကို ကြည့်လိုက်ပြီး… သူက သူ့ကို သူ့ရဲ့ မျိုးနွယ်စုဆီကို ခေါ်သွားပြီး နောက်ထပ် စစ်ဆေးမေးမြန်းမှုတွေကို ပြုလုပ်ချင်နေခဲ့တယ် ဆိုတာကို သိနေခဲ့ပါတယ်။
ဒီကျားမိစ္ဆာရဲ့ မိစ္ဆာအော်ရာတွေဟာ ခက်ထန်လှပေမဲ့… လင်းဖုန်းက သူ့ကို အလွယ်တကူနဲ့ အနိုင်ယူနိုင်နေတဲ့အတွက် မကြောက်နေခဲ့ပါဘူး။ သူကသာ ဒီကျားမိစ္ဆာကို ပြန်သွားပြီး သတင်းပို့ဖို့ကို မလိုအပ်ခဲ့ဘူး ဆိုရင်တော့… သူညအိပ်ရင် စောင်ခြုံဖို့ ကျားသားရေ ကောင်းကောင်းလေးကို ယူချင်နေခဲ့တာပါ။
ဒီကျားမိစ္ဆာဟာ ဘာလုပ်ရမလည်း ဆိုတာကို တွေဝေနေဆဲမှာပဲ… အဝေးက ကောင်းကင်ဆီကနေ မိုးခြိန်းသံလိုမျိုး အသံတစ်သံဟာ ထွက်ပေါ်လာခဲ့ပါပြီ။
နားယဉ်နေတဲ့ မိုးကြိုး စစ်မြင်းတွေရဲ့ ဟီသံကို ကြားလိုက်ရတော့… လင်းဖုန်းက မျက်မှောင်ကြီးကို ကြုတ်လိုက်ပြီး… "ဟာ… ဒီလူနဲ့ တွေ့ပြန်ပြီလား? ငါရဲ့ အကွက်တွေကိုတော့ လာမရှုပ်ရင် ကောင်းမယ်နဲ့တူတယ်…"
လျှပ်စီးတွေဟာ လက်ကနဲ ဖြစ်သွားခဲ့ပြီး… ကြီးမားလှတဲ့ စစ်ရထားကြီး တစ်စင်းကို ဆွဲထားခဲ့တဲ့ မိုးကြိုးစစ်မြင်းကြီး လေးကောင်ဟာ… ကောင်းကင်ပေါ်ကနေ လျှင်မြန်စွာနဲ့ပဲ ပေါ်လာခဲ့ပါတယ်။
ရထားရဲ့ အထဲမှာတော့… အဖြူရောင် ဆံပင်ရှည်တွေနဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့… ဟုန်ရဲ့လို့ခေါ်တဲ့ လူတစ်ယောက်က ထိုင်နေခဲ့တာပါ… သူ့ရဲ့ အာရုံတွေကို ဆွဲဆောင်နိုင်စွမ်းဟာ လင်းဖုန်းရဲ့ အပေါ်မှာတော့ သက်ရောက်မှု လုံးဝမရှိခဲ့ပါဘူး။
သူက ကျားမိစ္ဆာနဲ့ လင်းဖုန်းကို ချေငံစွာနဲ့ ကြည့်လိုက်ပြီး… သူ့ရဲ့ အင်္ကျီလက်ဝကို ရွှမ်းကနဲ့ ဝေ့ယမ်းလိုက်ကာ လင်းဖုန်းကို ပြောလိုက်ပါတယ်…"ဟာ… မင်းရဲ့ ကိုယ်ထဲမှာ ကျင့်ကြံမှု တစ်စိုးတစ်စမှ မရှိပဲ… ကျားမိစ္ဆာ အုပ်ချုပ်သူ တစ်ယောက်ရဲ့ အရှေ့မှာ ရပ်ဖို့သတ္တိ ရှိနေခဲ့တာပဲ… မဆိုးဘူး… မင်းက လုံးဝကို မဆိုးဘူး…"
"အာ?" လင်းဖုန်းကလည်း အံ့အားသင့်သွားခဲ့ပြီး… ဟုန်ရဲ့ကို အံ့ဩတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါပြီ။
ဟုန်ရဲ့ရဲ့ ဆံပင်ဖြူတွေဟာ လေတိုက်ရာကို လွင့်မျောနေခဲ့ပြီး… သူက လင်းဖုန်းကို ခေါင်းညိတ်ပြီး ကြည့်လိုက်ကာ… "အင်း… မင်းမှာက ကျင့်ကြံမှုတွေ မရှိနေပေမဲ့… မင်းက သန်မာတဲ့ပုံ ပေါက်ပြီး ပါရမီ ပါတဲ့ပုံ ပေါက်နေတာပဲ။ မင်းနဲ့ တွေ့ဆုံရတာဟာ ကံဆုံတာ ဖြစ်တဲ့အတွက်ကြောင့်… မင်းကို ကံကောင်းခြင်း လက်ဆောင်လေး ပေးလိုက်မယ်ကွ…"
"ငါ့ရဲ့နောက်ကို အရင်လိုက်ခဲ့လေ… ငါကမင်းကို တာအိုနည်းစနစ်တွေ သင်ပေးမှာပေါ့။ မင်းက ဘယ်လောက်အထိ သင်ယူနိုင်သလည်း ဆိုတာကတော့ မင်းရဲ့ ပါရမီ အပေါ်မှာ မူတည်နေမှာပဲ။ တကယ်လို့များ မင်းက လျှင်မြန်စွာနဲ့ သင်ယူနိုင်ခဲ့ရင်… မင်းက အနာဂတ်မှာ ငါ့ရဲ့အနောက်ကို လိုက်နိုင်တာပေါ့… ငါရဲ့ မိုးပြာရောင် လျှပ်စီး စစ်ရထားကလည်း ရထားမောင်းတစ်ယောက် လိုနေတာဆိုတော့…"
လင်းဖုန်း… "…….."
ဟုန်ရဲ့ရဲ့ မျက်လုံးအစုံဟာ တစ်ဝက်ကျဉ်းသွားခဲ့ပြီး… သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ နှစ်လိုဖွယ် အပြုံးတစ်ခုကို ဖန်ဆင်းလိုက်ကာ… "ဟဲဟဲ… လူတော်တစ်ယောက်က ရည်မှန်းချက် ကြီးကြီးတွေ ရှိတယ်ဆိုတော့… မင်းက ကျင့်ကြံမှုတွေကို တိုးတက်အောင်မြင် သွားခဲ့ရင် ငါက မင်းကို အတင်းခေါ်မထားပါဘူးကွ။ အနာဂတ်မှာ မင်းကို လမ်းဖွင့်ထားပေးမှာပါ…"
ဟုန်ရဲ့ရဲ့ အပေါ်စီးကနေ ဆက်ဆံမှုကို ခံလိုက်ရတော့… မလှုပ်မယှက် ဖြစ်နေတဲ့ လင်းဖုန်းဟာ သတိပြန်ဝင်လာခဲ့ပါပြီ။ သူ့ရဲ့ နှုတ်ခမ်းအစုံဟာ တွန့်သွားပြီးပြီး… ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတဲ့ ဟုန်ရဲ့ကို ကြည့်လိုက်ပါတယ်။
"ဟေ့… မိတ်ဆွေလေး… မင်းရဲ့ မိဘတွေက မမောက်မာဖို့ကို မသင်ထားပေးဘူးလား။ ဒါက မင်းကို ကိုယ့်ကိုယ်ကိုယ် ဒုက္ခဖြစ်စေမယ်ကွ…" လင်းဖုန်းကလည်း ပြုံးလိုက်ပြီး သူ့ကို အနည်းငယ် သင်ခန်းစာပေးဖို့ ပြင်နေလိုက်ပါပြီ။
ဘယ်သူက သိမှာလည်း… ဒီအချိန်မှာပဲ မိုးပြာရောင် လျှပ်စီး စစ်ရထားရဲ့ အထဲကနေပြီး ကောင်မလေး တစ်ယောက်ရဲ့ အသံက ပေါ်ထွက်လာခဲ့တာပါ… "ယော်ကျားရေ… ဟိုကြောင်ကြီးက အရမ်းကို လှတာပဲ!"
ဒီစစ်ရထားထဲမှာ လှဲနေတဲ့ ချစ်စရာ ကောင်းတဲ့ ကောင်မလေး တစ်ယောက်ဟာ… သူမရဲ့ ကြီးမားတောက်ပလှတဲ့ မျက်လုံးအစုံနဲ့ မြေကြီးပေါ်မှာ ရှိနေတဲ့… ဂန်ဂျင်ကျားမိစ္ဆာကို ကြည့်နေခဲ့ပါတယ်။
ဟုန်ရဲ့ကလည်း ဒီအသံကို ကြားလိုက်ရတာနဲ့ လင်းဖုန်းကို ဂရုမစိုက်အားတော့ပဲ… အနောက်ကို လှည့်ကြည့်လိုက်ကာ ပြုံးပြီးမှ… "ဟာ… ရှောင်မန်လေးက ကြိုက်လိုလား? ကြိုက်တယ်ဆိုရင် ကိုကြီးက ဖမ်းပေးမှာပေါ့…"
ဒီကောင်မလေးဟာ ရှောင်မန်ဖြစ်ပြီးမှ… သူမက ဟုန်ရဲ့ရဲ့ လက်မောင်းအစုံကို ဖက်လိုက်ပြီး… "ဟင်းဟင်း… ကိုကြီးက အကောင်းဆုံးပဲ…"
ဟုန်ရဲ့ကလည်း စိတ်လှုပ်ရှားစွာနဲ့… "ဟာ… ဆုလေးဘာလေးများ မချဘူးလား?"
"ဟင့်!" ရှောင်မန်က သူမရဲ့ နှာခေါင်း သေးသေးလေးကို ရှုံ့လိုက်ပြီး… အချိန်အနည်းငယ်လောက် ချီတုံချတုံ ဖြစ်သွားပြီး… ရှက်ကိုးရှက်ကန်းနဲ့ ဟုန်ရဲ့ရဲ့ နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်ပြီး စောင်းချိတ်ပြီးမှ… "ဟွန့်… လူဆိုးကြီး… အခုဆိုရင် ကျေနပ်ပြီမလား?"
ဟုန်ရဲ့ကလည်း ကျေနပ်စွာနဲ့ အချိန်အတန်ကြာအောင် ရယ်နေခဲ့ပါတယ်။
ဒီမြင်ကွင်းကို ကြည့်နေခဲ့တဲ့ ဂန်ဂျင်ကျားမိစ္ဆာကတော့… ဒေါသထွက်သွားပြီး သူဟာ ဆေးဝါးတစ်ရာဂိုဏ်းရဲ့ နယ်နိမိတ် အထဲကို ရောက်နေခဲ့တာကို အမှုမထားတော့ပဲနဲ့… ဟုန်ရဲ့ဆီကို ခုန်အုပ်လိုက်ပါပြီ။
ဟုန်ရဲ့ကလည်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး… သူ့ရဲ့ စွမ်းရည်တွေကို အသုံးချလိုက်ကာ ဂန်ဂျင်ကျားမိစ္ဆာနဲ့ တိုက်ခိုက်လိုက်ပါတော့တယ်။
လင်းဖုန်းဟာ ထောင့်တစ်ထောင့်မှာ တစ်ယောက်ထဲ ကျန်နေခဲ့ပြီး… ပါးစပ်အဟောင်းသားနဲ့ သူ့ရဲ့ အရှေ့က တိုက်ပွဲကို ကြည့်နေခဲ့ပါတယ်။
"အင်း… ထူးဆန်းတယ်… အတော့်ကိုပဲ ထူးဆန်းတာပဲ!"
အချိန်အတော်လေး ကြာသွားမှသာ လင်းဖုန်းဟာ အသိစိတ် ပြန်ဝင်လာခဲ့ပြီး… သူ့ရဲ့ စွမ်းရည်စိစစ်ခြင်း ကိရိယာကို ထုတ်လိုက်ပြီး ဟုန်ရဲ့ကို ထပ်မံစစ်ဆေးလိုက်ပါပြီ။
ပေါ်လာတဲ့ နံပါတ်တွေကို အသေအချာ ကြည့်လိုက်ပြီး… လင်းဖုန်းဟာ အတော်ကိုပဲ မှင်သက်သွားခဲ့ကာ… အချိန်အတော်ကြာပြီးမှသာ သူ့ရဲ့ မျက်နှာပေါ်မှာ ထူးခြားတဲ့ အမူအရာ တစ်ခုဟာ ပေါ်လာခဲ့ပြီး… စိတ်ပါလက်ပါ တိုက်ခိုက်နေကြတဲ့ ဂန်ဂျင်ကျားမိစ္ဆာနဲ့ ဟုန်ရဲ့တို့ နှစ်ယောက်စလုံးကို ကြည့်ကာ ရယ်လိုက်ပါတော့တယ်။
"ဟားဟား… မင်းက မိန်းမခန်းဆောင်ကြီး တစ်ခုကို ဆောက်နေတာလား? ငါက မင်းရဲ့ တန်ဆာဟာ ထက်မြက်မှုရှိပြီး… မင်းတည်ဆောက်နေတဲ့ မိန်းမခန်းဆောင်ကြီးဟာ ပိုပိုပြီးတော့ ကြီးလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွ!" လင်းဖုန်းက သရော်သလို လေသံနဲ့… "ဟေ့… လူငယ်လေး… မင်းက ငယ်ရွယ်လွန်းပြီး ရိုးစင်းစွာနဲ့ပဲ တွေးတတ်တာကိုး!"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu