အပိုင်း ၁၅၇ : ချင်ချွန်းတောင်ထိပ်ပေါ်ဝယ်
ဓားအလင်းတန်း ဆယ်ခုကျော်တို့ဟာ ကောင်းကင်ယံကနေ ဖြတ်သန်းလာခဲ့ပြီး… ဆေးဝါးတစ်ရာဂိုဏ်း အခြေစိုက်နေတဲ့ ချင်ချွန်းတောင်ထိပ်ကို ရောက်ရှိကာ လာခဲ့ပါပြီ။
ဒီဓားအလင်းတန်းတွေဟာ အရောင်အသွေး စုံလင်စွာနဲ့ တောက်ပနေခဲ့ပြီး… အစီအစဉ် မကျသလို ရှိနေခဲ့ပေမဲ့… အနီးကပ်ပြီး သေချာစွာ ကြည့်လိုက်ရင်… သူ့တို့ဆီကနေပြီး အထီးကျန်ဆန်က သီးသန့်ဖြစ်နေတဲ့ အော်ရာတွေကို ခံစားနေရတာပါ။
လင်းဖုန်းက ဒီဓားအလင်းတန်းတွေကို စိုက်ကြည့်နေခဲ့ပြီး… ကိုယ့်ကိုယ်ကိုယ်ပဲ တွေးနေခဲ့ပါတယ်… "အင်း… ငါက ဒီမဟာ လွင်တီးခေါင် ဓားဂိုဏ်းရဲ့ ရတနာ တစ်ပါးဖြစ်တဲ့… 'မဟာ လွင်တီးခေါင် ဓားသင်္ကေတ' ဟာ ရှေးပဝေသဏီ ခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့… ရှည်လျားတဲ့ သမိုင်းကြောင်းရှိတယ်လို့ ကြားဖူးထားခဲ့တာ… အခုက မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတော့ တကယ်ကိုပဲ ဂုဏ်သတင်း ကျော်စောမှုနဲ့ ကိုက်ညီတာပဲဟ…"
ဒီအုပ်စုကို ဦးဆောင်လာတဲ့ ဓားအလင်းတန်းဟာ နီရဲနေခဲ့ပြီး… မယုံနိုင်စရာ စွမ်းအားမျိုးနဲ့ တောက်လောင်နေခဲ့တာပါ။ ကြည့်ရတာက မီးလျှံ ကြယ်တံခွန် တစ်ခုဟာ… အနောက်ကနေ မီးခိုးတန်းတွေ ထားရစ်ခဲ့ပြီး ချင်ချွန်းတောင်ထိပ်ကို ကျရောက်ပြီးမှ လာခဲ့သလိုပါပဲ။
"ဟာ… ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ပဲ…" လင်းဖုန်းက ခဏလေး ကြည့်လိုက်ရုံနဲ့ အဲ့ဒီလူရဲ့ ကျင့်ကြံမှု အဆင့်ကို ခန့်မှန်းနိုင်ခဲ့ပါတယ်။
မဟာ လွင်တီးခေါင် ဓားဂိုဏ်းဟာ ဒီဟန်တွမ်းတောင်ကြော တစ်လျှောက်မှာ အကြီးမားဆုံး စူပါပါဝါ တစ်ခု ဖြစ်တာပါ။ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေဟာ ဆေးဝါးတစ်ရာဂိုဏ်းကို ရောက်ရှိလာတာက… ရာထူးကြီးတဲ့ အရာရှိတွေဟာ လက်အောက်ငယ်သားတွေကို စစ်ဆေးရေး လာဝင်တာနဲ့ တူနေခဲ့ပါတယ်။
ဆေးဝါးတစ်ရာ ဂိုဏ်းကလည်း တခြားဂိုဏ်းတွေရဲ့ အလည်အပတ် ရောက်လာမှုကို ငြင်းပယ်ဖို့ အကြောင်းမရှိပါဘူး။ တောင်ထိပ်ကို ဖုံးလွှမ်းနေတဲ့ မြူခိုးငွေ့တွေဟာ နှစ်ခြမ်းကွဲသွားခဲ့ပြီး… အကာအကွယ် ဝင်္ကပါကို ခေတ္တ မတင်လိုက်ကာ မဟာ လွင်တီးခေါင် ဓားဂိုဏ်းက ကျင့်ကြံသူတွေကို ချင်ချွန်းတောင်ထိပ်ပေါ်ကို ဖိတ်ခေါ်လိုက်ပါပြီ။
ဆေးဝါးတစ်ရာ ဂိုဏ်းမှာက အခြေတည်ဝိညာဉ် အဆင့်က ဂရန်းမာစတာ တစ်ယောက်က ရှိနေပြီး… မဟာ လွင်တီးခေါင် ဓားဂိုဏ်းက လွှတ်လိုက်တဲ့ ဆက်သားတွေကတော့ ရွှေရောင်ဗဟိုချက် အဆင့်မှာသာ ရှိသေးတာပါ။ ဒါ့ကြောင့်ပဲ သူတို့ဟာ လေးစားတဲ့ အနေနဲ့… သူတို့ရဲ့ ဓားအလင်းတန်းတွေကို ရုပ်သိမ်းလိုက်ပြီး… မြေပြင်ပေါ်ကို ဆင်းသက်လိုက်ကာ တောင်ထိပ်ပေါ်ကို ခြေကျင်ပဲ တက်သွားလိုက်ပါတော့တယ်။
လင်းဖုန်းကလည်း ဒီအခွင့်အရေးကို လက်လွတ်မခံခဲ့ပဲ… ကိုယ်ရောင်ဖျောက်လိုက်ကာ ဒီမဟာ လွင်တီးခေါင် ဓားဂိုဏ်းက ကျင့်ကြံတစ်အုပ်စုရဲ့ အနောက်ကနေပြီး… ချင်ချွန်းတောင်ထိပ်ကို လိုက်ပါသွားခဲ့ပါပြီ။
အားသုံးပြီးမှ ဝင်တာပဲ ဖြစ်ဖြစ်.. တိတ်တဆိတ်ပဲ ခိုးဝင်တာ ဖြစ်ဖြစ်… တောင်ရဲ့ အကာအကွယ် မှော်ကျိန်စာ ဝင်္ကပါကို ဖြတ်သန်းရမယ် ဆိုရင်တော့… ဆေးဝါးတစ်ရာ ဂရန်းမာစတာကို တပ်လှန့်လိုက်သလိုမျိုး ဖြစ်သွားမှာပါ။
ဒါပေမဲ့လည်း အခုက… မဟာ လွင်တီးခေါင် ဓားဂိုဏ်းက ဆေးဝါးတစ်ရာဂိုဏ်းကို အလည်အပတ် လာတာနဲ့ ကြုံလိုက်တော့… ဆေးဝါးတစ်ရာဂိုဏ်းဟာ သူတို့ရဲ့ ဂိတ်ပေါက်ဝကို ဖွင့်ပြီးမှ ကြိုဆိုလိုက်တော့… လင်းဖုန်းအတွက်က ရေကန်အသင့် ကြာအသင့် ဖြစ်သွားရခြင်းပါ။
စနစ်ကြီးက သူ့ကို ကိုယ်ရောင်ဖျောက်တဲ့ နေရာမှာ အကူအညီ ပေးထားတော့… သူက တစ်စုံတစ်ယောက်နဲ့မှ မတိုက်ခိုက်ခဲ့ရင်… တခြားသူတွေက လင်းဖုန်းရှိနေမှန်းကို သိနိုင်မှာ မဟုတ်ပါဘူး။
သူတို့ရဲ့ အနောက်ကနေပြီး တောင်ထိပ်ကို လိုက်တက်လာခဲ့ရင်း… လင်းဖုန်းဟာ သေချာစွာနဲ့ သူ့ရဲ့ အော်ရာကို လျှို့ဝှက်ထားခဲ့ပြီး… ချင်ချွန်းတောင်ထိပ်က အခြေအနေတွေကို လေ့လာနေခဲ့ပါတယ်။
ချင်ချွန်းတောင်ထိပ်ဟာ… မဟာဟန်တွမ်း တောင်တန်းရဲ့ တခြား တောင်ထိပ်တွေလိုပဲ… လွန်စွာ မတ်စောက်တဲ့ ချောက်ကမ်းပါးတွေနဲ့ ဆင်ခြေလျှောတွေ ရှိနေတာပါ။
ပုံမှန်အနေနဲ့ဆိုရင်… တောင်တန်းဒေသက ဂိုဏ်းတွေမှာ ဆေးပင်တွေကို စိုက်မယ်ဆိုရင်…အနည်းငယ် ပြေပြစ်တဲ့ ဆင်ခြေလျှောမှာသာ စိုက်တာလေ။
ဒါပေမဲ့လည်း အခုဒီ ဆေးဝါးတစ်ရာဂိုဏ်းရဲ့ ပရဆေးပင်တွေဟာ… ဒီမတ်စောက်လှတဲ့ ဆင်ခြေလျှောတွေမှာ စိုက်ထားကြတာပါ။
တောင်စောင်းတွေပေါ်က ကျောက်တုံးတွေရဲ့ အကြားမှာ ရှိနေတဲ့ ပက်ကြားအက်တွေရဲ့ အထဲမှာ… မြေဆီမြေနှစ်တွေ အနည်းငယ် ရှိနေခဲ့ပါတယ်။ အဲ့ဒီ ပက်ကြားအက်တွေရဲ့ ကြားထဲက နေရာ ကျဉ်းကျဉ်းလေးမှာပဲ… ဆေးပင်တွေ များစွာကို အရွယ်ရောက်တဲ့ အထိ စိုက်ပျိုးထားခဲ့တာပါ။
ပိုပြီးမှ အံ့ဩစရာ ကောင်းတာက… ကျောက်တုံးကျောက်ဆောင်တွေ အားလုံးနီးပါးဟာ… ပရဆေးပင်ပေါင်း မျိုးစုံနဲ့ ဖူးပွင့်ဝေဆာနေကြပြီး တောင်ကြောကြီး တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ စောင်တစ်ထည်ပမာ ဖြစ်နေခဲ့ပါတယ်။
"သီချင်းကိုးပုဒ် ကောင်းကင်နှမ်းစေ့… မှော်စွမ်းအင် ဖြည့်တင်းတဲ့ ဆေးလုံးတွေ အများစုရဲ့ အဓိကအမယ်…"
"အနက်ရောင် ဂျင်ဆင်းရွှေသွေး… လျှင်မြန်စွာနဲ့ အနာကျက်စေတဲ့… မိုးကြိုးပဲ့တင်သံ ဆေးလုံးရဲ့ အဓိကအမယ်…"
"အရောင်သုံးမျိုး သစ်ခွ… သူကနေပြီး ဖော်စပ်ထားတဲ့ တြိနေမင်းပင်လယ် ဆေးလုံးဟာ အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်က ကျင့်ကြံသူတွေရဲ့ ရွှေရောင်ပင်လယ်ကို ကျယ်ပြန့်စေနိုင်ပြီး… သူတို့ မှော်စွမ်းအင်ရဲ့ စုစုပေါင်း ပမာဏကို တိုးတက်စေနိုင်ပါတယ်…"
"ပြီးတော့ ဝိညာဉ်ပေါင်းစပ် သစ်သီး… ဒီကနေ ဖော်စပ်ထားတဲ့ ဝိညာဉ်ပေါင်းစပ် ဆေးရည်ကနေပြီး… ကျင့်ကြံသူတွေရဲ့ ပတ်ဝန်းကျင်က စိတ်ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူရာမှာ လျှင်မြန်စေကာ… သူတို့ရဲ့ လေ့ကျင့်မှု အမြန်နှုန်းကို တိုးမြှင့်စေနိုင်တာပဲ… ဝါး… ဒါတွေအားလုံးက အံ့ဖွယ် ဆေးဝါးတွေပဲဟ…"
လင်းဖုန်းကတော့ သွားရည်တမြားမြား ကျနေခဲ့ပါတယ်… သူက ဆေးဝါး ကျွမ်းကျင်သူ မဟုတ်ခဲ့တော့… ဒီကျောက်နရံတွေပေါ်က ဆေးဝါးတွေရဲ့ တစ်ဝက်ကျော်ကို မသိနေခဲ့ပါဘူး။
ဒါပေမဲ့လည်း သူမှတ်မိတဲ့ ဆေးဝါးတစ်ချို့ကပဲ သူ့ကို စိတ်လှုပ်ရှားစေခဲ့တာပါ။
ချန်ချွန်းတောင်ထိပ်ကို ရောက်သွားပြီးတော့… တောင်အပေါ်ပိုင်းဟာ ထင်မှတ်မထားပဲ ညီညာပြန့်ပြူးနေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့လည်း ဒါက သဘာဝအတိုင်း ဖြစ်နေတာ မဟုတ်ပဲ… ကျင့်ကြံမှုအဆင့် မြင့်မားတဲ့ သူတစ်ယောက်က… စွမ်းအားသုံးပြီးမှ နဂိုတောင်ထွတ်ကို ဖြတ်တောက်လိုက်ပြီး မြေပြန့်ဖြစ်အောင် လုပ်ထားခဲ့တာပါ။
မဟာ လွင်တီးခေါင် ဓားဂိုဏ်းက အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ ပိန်ပိန်ပါးပါးနဲ့ သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်ပြီး… သူ့ရဲ့ ကျောပေါ်မှာ ဓားရှည်တစ်ချောင်းကို လွယ်ထားခဲ့ပါတယ်။ သူ့ရဲ့ မျက်နှာ အမူအရာဟာ တည်ငြိမ်နေခဲ့ပြီး… ရန်လိုတဲ့ အရိပ်အယောင်တွေကို မတွေ့နေရပါဘူး။
ကျန်တဲ့ အဖွဲ့သားတွေဟာ ဆေးဝါးတစ်ရာဂိုဏ်းက အကြီးအကဲတွေရဲ့ ကြိုဆိုမှုနဲ့အတူ… အနားယူဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ… ဒီသက်လတ်ပိုင်း လူကြီးကတော့ ဒီတောင်ထိပ်ရဲ့ အလယ်က ခန်းမကြီးကို အိမ်ရှင်ဂိုဏ်းသားတွေနဲ့အတူ ဝင်ရောက်သွားခဲ့ပါပြီ။
ဒီခန်းမ အဆုံးမှာတော့ ဆီးနှင်းလိုမျိုး ဖြူဖွေးနေတဲ့ ဆံပင်တွေနဲ့… အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အဘိုးအို တစ်ယောက်ဟာ… ဖျာတစ်ချပ်ပေါ်မှာ တင်ပုလ္လင်ခွေပြီးမှ ထိုင်နေခဲ့ပါတယ်။ သူ့ရဲ့အရှေ့မှာက ကြီးမားလှတဲ့ ဆေးမီးဖိုကြီးပါ။
ဒီဆေးမီးဖိုကြီးရဲ့ မီးလျှံတွေဟာ ပြင်းထန်စွာနဲ့ တောက်လောင်နေခဲ့ပြီး… လေထုထဲမှာလည်း ဆေးရနံ့တွေနဲ့ သင်းပျံ့နေခဲ့ပါတယ်… အထဲက ဖော်စပ်နေတဲ့ ဆေးလုံးဟာ ပြီးဆုံးတော့မယ် ဆိုတာကို သိနေနိုင်တယ်လေ။
ပိန်ပိန်ပါးပါးနဲ့ သက်လတ်ပိုင်း လူကြီးက ဦးညွှတ်လိုက်ပြီး… "ကျွန်တော်.. ချူပင်းက.. ဆေးဝါးတစ်ရာဂိုဏ်းက စီနီယာကို အရိုအသေ ပြုပါတယ် ခင်ဗျာ…"
ဒီဆံဖြူ အဘိုးအိုဟာ ဆေးဝါးတစ်ရာဂိုဏ်းက ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ဆေးဝါးတစ်ရာ ဂရန်းမာစတာပဲ ဖြစ်ပါတယ်။ သူကပြုံးလိုက်ပြီး… "ကဲ… ချူပင်းရေ… သိပ်ပြီးလည်း အားနာနေစရာ မလိုပါဘူး… ငါက မင်းဆရာနဲ့ သိလာတာကပဲ နှစ်ပေါင်းတစ်ထောင် ပြည့်တော့မယ်ကွ…"
ချူပင်းကလည်း ပြုံးသာပြုံးနေလိုက်ပါတယ်။ ဆေးဝါးတစ်ရာဂိုဏ်းဟာ မဟာ လွင်တီးခေါင် ဓားဂိုဏ်းနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ပေမဲ့… သူကတော့ ဆေးဝါးတစ်ရာ ဂရန်းမာစတာကို ရိုသေလေးစားရမှာပါ။ ဒါကတော့ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်က… အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ အပေါ်မှာ ထားရတဲ့ ရိုသေလေးစားမှုပါပဲ။
တစ်ယောက်က လူတစ်ယောက်ကို ရိုသေလေးစားဖို့ မလိုပေမဲ့… သူ့ရဲ့ စွမ်းအားကိုတော့ အသိအမှတ် ပြုရမှာလေ။ ဒါကတော့ ချူပင်းရဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။
သူက ဆေးမီးဖိုကြီးကို ကြည့်လိုက်ပြီး ပြုံးလိုက်ကာ… "ဟာ… ကြည့်ရတာတော့ ဂရန်းမာစတာက နောက်ထပ် ထိပ်တန်းဆေးလုံးတွေ နောက်တစ်သုတ်ကို ဖော်စပ်နိုင်တော့မယ်နဲ့ တူတယ်ဗျ…"
ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း ရယ်ရမ်းသွေးလိုက်ပြီး… "ဟဲဟဲ… မင်းက အချိန်ကောင်းမှာ ရောက်လာတာပဲ… ဒီဆေးတစ်ဝက်ကို မင်းဆရာဆီကို ယူသွားပေးလိုက်ကွာ…"
ချူပင်းကလည်း ပြုံးပြီးမှ ခေါင်းညိတ်လိုက်ပါပြီ။ ဆေးဝါးတစ်ရာ ဂိုဏ်းဟာ… ဒီမဟာဟန်တွမ်း တောင်ကြောတစ်လျှောက်က ဆေးဝါးစိုက်ပျိုးနိုင်တဲ့ မြေဆီလွှာကောင်းတဲ့ နေရာအတော်များများကို ယူထားတာပါ။
မဟာ လွင်တီးခေါင် ဓားဂိုဏ်းကလည်း ဒီဆေးဝါးတစ်ရာ ဂိုဏ်းကနေပြီး… ဆေးဝါးအထောက်အပံ့တွေ အများကြီး ရနေတာကြောင့်… ဒီလိုမျိုး လက်ဝါးကြီး အုပ်ထားမှုကို ခွင့်ပြုထားတာပဲ ဖြစ်ပါတယ်။
ချူပင်းရဲ့ ဆရာဖြစ်သူ… မဟာ လွင်တီးခေါင် ဓားဂိုဏ်းရဲ့ ဂရန်းမာစတာကလည်း… ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ အနီးဆုံး မဟာမိတ် ဖြစ်တာနဲ့အညီ… ဆေးလုံးအသစ်တွေရဲ့ လက်ဆောင်ပေးခြင်းကို မကြာခဏ ခံနေရတာပါ။
"ကဲ… ပွင့်စမ်း!" ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း သင့်လျှော်တဲ့ မီးအပူချိန်ကို ရောက်တာနဲ့… သူ့ရဲ့ အင်္ကျီလက်စကို ဝေ့ယမ်းလိုက်ရာ… ဆေးမီးဖို အဖုံးဟာ ပွင့်သွားခဲ့ပြီး ဆေးရနံ့တွေနဲ့ ကြိုင်လှိုင်သွားခဲ့ပါတော့တယ်။ ဆေးမီးဖိုရဲ့ အထဲကနေပြီး မရေမတွက်နိုင်တဲ့ အလင်းတန်းတွေဟာ ထိုးထွက်လာခဲ့ပြီး ခန်းမတစ်ခုလုံးကို လင်းထိန်သွားစေခဲ့တယ်လေ။
များပြားလှစွာသော နတ်ပန်းတွေနဲ့ ရတနာ သစ်ပင်တွေကို ဒီအလင်းတန်းတွေရဲ့ အကြားမှာ တွေ့မြင်နေနိုင်ခဲ့ပါတယ်။
ချူပင်းဟာ အသက်ကို အသာအယာလေး ရှူလိုက်ရာ… သူ့ရဲ့ တစ်ကိုယ်လုံးဟာ သက်တောင့်သက်သာ ရှိသွားခဲ့ပြီး… သူ့ရဲ့ ရွှေရောင်ဗဟိုချက် ကလည်း အတော်လေး သန်မာလာတာကို ခံစားလိုက်ရပါပြီ။
"ဟာ… ဘယ်လောက်အထိတောင်မှ အရည်အသွေး ကောင်းလှတဲ့ ဆေးလုံးမျိုးလည်း! ဒီဟန်တွမ်းတောင်တန်း တစ်ကြောမှာတော့… ဂရန်းမာစတာ တစ်ယောက်သာ ဒီလိုမျိုး ဆေးလုံးတွေကို ဖော်စပ်နိုင်တာပဲ…" ချူပင်းကလည်း ကြေငြာလိုက်ပါတယ်… "ပြီးတော့… ဂရန်းမာစတာရဲ့ ဆေးဖော်စပ်မှု အရည်အချင်းကလည်း ထိပ်တန်းအဆင့်မှာရှိပြီး… ဆေးဝါးတွေ အနည်းငယ်မှတောင် အလဟဿ မဖြစ်စေခဲ့ပဲ… အကုန်လုံးကို အကျိုးရှိအောင် အစွမ်းကုန် အသုံးချနိုင်ခဲ့တာပဲ… ကျွန်တော်က အမတန်ကိုမှပဲ အံ့ဩချီးကျူး ရပါတယ်ဗျ…"
ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း ပြုံးရွှင်စွာနဲ့ သူ့ရဲ့ မုတ်ဆိတ်မွေးတွေကို ပွတ်သပ်နေခဲ့ပြီး… ဒီမြှောက်ပင့်ချီးကျူးမှုကို ကျေနပ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ခဏအကြာမှာပဲ သက်ပြင်းတစ်ချက်ကို ချလိုက်ပါပြီ။
"ဟင်း… နှမြောစရာ ကောင်းတာက… အချိန်ကြာလာတာနဲ့အမျှ ဒီဆေးမီးဖိုက မလိုက်နိုင်တော့ဘူးကွ…"
ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ ဆေးမီးဖိုဟာ သူက ရွှေရောင်ဗဟိုချက် အဆင့်ကတည်းက ရရှိထားခဲ့တဲ့ ပစ္စည်းလေးဖြစ်ပြီး… အဲ့ဒီအချိန်တုံးက သူဟာ အလွန်ကိုမှပဲ တန်ဖိုးကြီးမားခဲ့ပေမဲ့… အခုက သူ့ရဲ့ ကျင့်ကြံမှု အဆင့်တွေက မြင့်လာတဲ့ အချိန်မှာ… သူ့ရဲ့ ဆေးဖော်စပ်တဲ့ စွမ်းရည်တွေကလည်း တိုးတက်လာခဲ့ကာ… ဆေးမီးဖိုရဲ့ စွမ်းရည်တွေကလည်း ခေတ်နောက်ကျသွားခဲ့တာပါ။
ဆေးဝါးတစ်ရာ ဂရန်းမာစတာက ဒီဆေးမီးဖိုကို အခြေတည်ဝိညာဉ် အဆင့်ကို အဆင့်မြှင့်တင်နိုင်ခဲ့ပေမဲ့… သူ့ရဲ့ အခြေခံ အုတ်မြစ်ကတော့ နိမ့်ကျနေခဲ့တာဆိုတော့… အားသုံးပြီးမှ အဆင့်မြှင့်လိုက်ပေမဲ့ သူဟာ ဂရန်းမာစတာရဲ့ ပိုပြီးတော့ အဆင့်မြင့်တဲ့ ဆေးလုံးတွေရဲ့ စွမ်းအားကို မခံနိုင်ခဲ့ပါဘူး။
"အင်း… တကယ်လို့များ နူးညံ့နှလုံးသား ဆေးမီးဖိုကိုများ ရနိုင်မယ် ဆိုရင်တော့… ဘယ်လောက်အထိများ ကောင်းလိုက်မလည်းကွာ…" ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ မျက်နှာဟာ အတိတ်ကို လွမ်းဆွတ်မှုတွေနဲ့ တသသဖြစ်နေခဲ့ပြီး… "ဟင်း… ငါက အရင်နှစ်က သူကိုရရှိဖို့ အခွင့်အလမ်း ရှိခဲ့ပေမဲ့… ဝမ်းနည်းစရာ ကောင်းတာက သီသီလေးပဲ လွဲသွားခဲ့တာပဲ… နောက်မှ ပြန်ရှာဖို့ ကြိုးစားခဲ့ပေမဲ့… ဘယ်လိုမှပဲ ရှာလို့မတွေ့ခဲ့ဘူးကွာ…"
ချူပင်းကလည်း အဲ့ဒီမီးဖိုရဲ့ အကြောင်းကို ကြားဖူးနေခဲ့ပြီး… "ဟာ… ကျွန်တော်ကလည်း အဲ့ဒီမီးဖိုကို သိတယ်ဗျ… သူက ပြင်ပအာကာသက ကျလာတဲ့ ဥက္ကာခဲတွေနဲ့ တည်ဆောက်ထားပြီး… ဆေးလုံး ဖော်စပ်တဲ့ အခါမှာ သူ့ရဲ့ ကိုယ်ပိုင်မီးတောက်ကိုလည်း ထုတ်လုပ်နိုင်တယ်ဆိုပဲ။ ပြီးတော့လည်း သူ့ရဲ့ မီးတောက်တွေနဲ့ဆိုရင်… အင်အားတစ်ဝက်သာ စိုက်ရပြီး ပုံမှန်ကြာချိန်ထက် နှစ်ဆပိုမြန်တယ်တဲ့ဗျ…"
ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း သက်ပြင်းတစ်ချက်ကို ချလိုက်ကာ… လက်ကို ဝေ့ယမ်းလိုက်ပြီး… "ဟင်း… ဒီအကြောင်းကို ဆက်ပြီးတော့ မပြောတော့ပါနဲ့ကွာ…"
ချူပင်းကလည်း ခေါင်းညိတ်လိုက်ကာ… သူ့ရဲ့ အမူအရာတွေက လေးနက်လာခဲ့ပြီး… "ဂရန်းမာစတာ… မော်တယ် စိတ်ဝိညာဉ် ဆေးလုံးရဲ့ တိုးတက်မှုနှုန်းကရော ဘယ်လိုလည်းဗျ?"
ဆေးဝါးတစ်ရာ ဂရန်းမာစတာကလည်း ရယ်ရမ်းသွေးလိုက်ကာ… "ဟဲဟဲ… မော်တယ် စိတ်ဝိညာဉ် ဆေးလုံးရဲ့ ဒုတိယ အသုတ်ကလည်း ပြီးခါနီးပါပြီကွ… စိတ်ပူနေစရာ မလိုပါဘူး…"
"ကျွန်တော်တို့ရဲ့ ဂိုဏ်းမှာလည်း… ဆရာသခင်က အစွမ်းကုန် ထုတ်ပြီးတော့ ဒီသတင်းကို အမှောင်ချထားခဲ့ပေမဲ့… ဒီဆေးလုံးက လူတွေ အတော်များများကို ဆွဲဆောင်နိုင်ခဲ့တာပဲ…" ချူပင်းက သက်ပြင်းချလိုက်ကာ… "ဟင်း… ဆရာသခင်က ကျွန်တော်တို့ကို ဆေးလုံးဒီတစ်သုတ် ပြီးသွားခဲ့ရင်တော့… ခဏရပ်ထားလိုက်ပြီး အပြင်ကလူတွေ သွေးအေးသွားတဲ့ အချိန်ကျမှ ဆက်ပြီးတော့ ပြန်စဖို့ကို မှာလိုက်တယ်ဗျ…"
ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ မျက်လုံးတွေကလည်း အရောင်လက်လာခဲ့ပြီး… "အင်း… ကြည့်ရတာတော့ ဒီအတိုင်းပဲ လုပ်ရတော့မှာပဲကွ… တကယ်လို့များ ငါက သတင်းဖြန့်တဲ့ လူယုတ်မာကို တွေ့ခဲ့ရင်တော့… သူ့ကို ငါ့ရဲ့ အစွမ်းအထက်ဆုံး အဆိပ်နဲ့ သတ်ပစ်မယ်ကွ!"
သူက ချူပင်းကို ကြည့်လိုက်ပြီး… "အင်း… အရင်တစ်ခေါက်က အတိုင်းပဲ… ဆေးလုံးတွေ ပြီးသွားလို့ရှိရင်… မင်းက ခြောက်ဆယ် ရာခိုင်နှုန်းကို ယူပြန်သွားနိုင်တယ်။ ဆေးလုံးတွေ မပြီးခင်တော့… ဒီတောင်ပေါ်မှာပဲ နေဦးပေါ့ကွာ…"
ချူပင်းကလည်း ခေါင်းညိတ်လိုက်ကာ… "ဟုတ်… ကျွန်တော်ကလည်း ဒီလိုပဲ စဉ်းစားထားပါတယ် ခင်ဗျ…"
***************
လင်းဖုန်းကတော့ ချူပင်းက ဒီခန်းမအထဲကို ဝင်သွားပြီးနောက်မှာ… သူ့နောက်ကို ဆက်ပြီးမှ မလိုက်တော့ပါဘူး။
"အင်း… ငါကတော့ ဖြိုးမောက်မြေကြီးကိုပဲ ရှာရမယ်ကွ…" လင်းဖုန်းက အချိန် အနည်းငယ်လောက်ကြာအောင် စဉ်းစားလိုက်ပြီးနောက်မှာ စကြာဝဠာ ကြေးမုံကို ထုတ်ယူလိုက်ပါတယ်။ ဒီကြေးမုံဟာ အရင်တစ်ခေါက်က ဂေလာကျောက်စိမ်းကို ရှာနိုင်ခဲ့တယ်ဆိုတော့… သူက ဖြိုးမောက်မြေကြီးကိုလည်း ရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ…"
တကယ်ပါပဲ… စကြာဝဠာ ကြေးမုံဟာ တောက်ပလာခဲ့ပြီး… ကြေးမုံပြင်ပေါ်မှာ အလင်းစက်လေး နှစ်စက်ဟာ လင်းလက်ကာ လာခဲ့ပါပြီ။ အနီရောင် အစက်လေးဟာ လင်းဖုန်းရဲ့ အခုလက်ရှိ နေရာကို ဖော်ပြနေတာဖြစ်ပြီး… အဝါရောင် အစက်လေးကတော့ ဖြိုးမောက်မြေကြီးရဲ့ နေရာကို ကိုယ်စားပြုနေတာ ဖြစ်နိုင်ပါတယ်။
လင်းဖုန်းကလည်း ဒီညွှန်ပြချက်အတိုင်း လိုက်ရှာနေခဲ့ရင်း… ရုတ်တရက်ပဲ ရှည်လျားကျယ်လောင်တဲ့ မြင်းဟီသံတွေကို ကြားလိုက်ရပါပြီ။
"ဟာ… ဒီအသံတွေက နားယဉ်နေသလိုပဲ…" လင်းဖုန်းကလည်း အနောက်ကို လှည့်ကြည့်ပြီး စပ်စုလိုက်ရာ… မိုးပြာရောင် လျှပ်စီး စစ်ရထားကို ဆွဲလာကြတဲ့ တစ်သွေးတစ်မွေး ဖြစ်နေတဲ့ မဟာစစ်မြင်းကြီး လေးကောင်ကို တွေ့လိုက်ရပါတယ်။
ဟုန်ရဲ့ကလည်း စစ်ရထားပေါ်ကနေ ဆင်းလာခဲ့ပြီး… ဆေးဝါးတစ်ရာဂိုဏ်းက ရွှေရောင်ဗဟိုချက် အဆင့် အကြီးအကဲ တစ်ယောက်နဲ့ စကားစမြည် ပြောနေခဲ့တာပါ။
ဟုန်ရဲ့ဟာ အခုအချိန်မှာ အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်မှာသာ ရှိနေသေးပေမဲ့… သူဟာ အလားအလာရှိတဲ့ လူငယ်ခြေတက်လေးအဖြစ် ဟန်တွမ်းတောင်တန်း တစ်လျှောက်မှာ နာမည်ကြီးနေခဲ့တာလေ။ အများစုက သူ့ကို အနာဂတ်မှာ ဆရာကြီးတစ်ပါး ဖြစ်လာလိမ့်မယ်လို့ ယူဆနေကြတာပါ။
သူကလည်း စိတ်သဘောထား ကောင်းမွန်ပြီး… ဆေးဝါးတစ်ရာ ဂိုဏ်းကနေလည်း ဆေးဝါး အမြောက်အမြားကို အစုလိုက် အပြုံလိုက် ဝယ်ယူအားပေးလေ့ရှိတဲ့ ဖောက်သည်ကြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ပဲ… ဒီလိုမျိုး ဆက်ဆံရေးကောင်းတွေ မပျက်သွားစေဖို့… ရွှေရောင်ဗဟိုချက် အဆင့်က အကြီးအကဲတွေကို လွှတ်ပြီးမှ ကြိုဆိုရတာပါ။
ဟုန်ရဲ့ရဲ့ ဧရာမ မိန်းမခန်းဆောင်ကြီးကလည်း ရိုကျိုးစွာ အနောက်ကနေ ပါလာခဲ့ပါတယ်။
ဒီလိုမျိုး မယုံနိုင်ဖွယ်ရာ အခြွေအရံ မိန်းကလေးပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ထားတာကလည်း… ဟုန်ရဲ့ကို မာနပိုတက်စေခဲ့တာပါ။
အလှပဂေးပေါင်း မျိုးစုံတို့ကလည်း… ဟုန်ရဲ့ရဲ့ နောက်ကျောကိုသာ မျက်တောင်မခတ် ကြည့်ရှုနေကြကာ… တခြား ဆေးဝါးတစ်ရာဂိုဏ်းက ဂိုဏ်းသားတွေကိုတော့ ဂရုတစ်ချက်မှ မစိုက်ခဲ့ပဲ… သူတို့ကို အရူးတစ်ပိုင်း ဖြစ်စေခဲ့ပါတယ်။
သူတို့အားလုံးရဲ့ စိတ်ထဲမှာ မှတ်ယူထားတာကတော့… သံသယဖြစ်ဖွယ် မရှိပဲ… "ငါက ဟုန်ရဲ့ရဲ့ အမျိုးသမီး ဖြစ်ရတာကို ဂုဏ်ယူတယ်"ပဲ ဖြစ်မှာပါ။
လင်းဖုန်းကလည်း ဒီအုပ်စုကို အကဲခတ်လိုက်ရာ… ဒီမိန်းမခန်းဆောင်ထဲမှာ ရှန်လန်ရင်းကိုလည်း တွေ့လိုက်ရပါတယ်။
သူမရဲ့ မျက်နှာဟာ ဖြူဖျော့နေခဲ့ပြီး… ကြည့်ရတာ အခုလေးတင်ကမှ သက်သာလာခဲ့တာပါ။ ဒါပေမဲ့လည်း ဒါက သူမကို တခြားမိန်းကလေးတွေနဲ့ အတူတူ ရူးရူးမိုက်မိုက် စွဲလမ်းနေတဲ့ အမူအရာကနေပြီး မတားဆီးနိုင်ခဲ့ပါဘူး။ သူမကလည်း ဟုန်ရဲ့ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့ပြီး… ဟုန်ရဲ့ရဲ့ မိန်းမခန်းဆောင်ထဲက သစ္စာရှိ အဖွဲ့ဝင်တစ်ယောက် အဖြစ်ကို ဝင်ရောက်သွားခဲ့ပြီ ဖြစ်တာဟာ သိသာနေခဲ့ပါတယ်။
လင်းဖုန်းကတော့ ဒီမြင်ကွင်းကို တိတ်တိတ်ကလေး ကြည့်နေခဲ့ပြီး… ကြိတ်ရယ်နေခဲ့တာပါ။
တချို့ကတော့ ဝက်ညစ်ပတ်ကြီး တစ်ကောင်ထဲကို စိမ်းစိမ်းလန်းလန်း ဖွံ့ဖွံထွားထွား ဂေါ်ဖီထုပ်ကြီးတွေ အများကြီး ကျွေးထားတာကို အော့နှလုံး နာနေနိုင်ပေမဲ့… လင်းဖုန်းကတော့ မြန်မြန်ဆန်ဆန်ပဲ ခေါင်းထဲကနေ ထုတ်ပစ်လိုက်ကာ… သူ့ရဲ့ အာရုံကို စကြာဝဠာ ကြေးမုံရဲ့ အပေါ်ကို ပြန်စိုက်လိုက်ပါတယ်။
လင်းဖုန်းဟာ ဒီကြေးမုံရဲ့ ညွှန်ပြချက်အတိုင်း လိုက်ရှာလာခဲ့တာ… မြန်မြန်ဆန်ဆန်ပဲ ဖြိုးမောက်မြေကြီးတွေရဲ့ အနားကို ရောက်လာခဲ့ပါပြီ။
ဒါပေမဲ့လည်း သူက ဝေ့ကြည့်လိုက်ရာမှာ… ဘေးပတ်ပတ်လည်မှာ တောရိုင်းတွေကိုသာ တွေ့နေရတာပါ။
"အင်း… ဒီဖြိုးမောက်မြေကြီးဟာ သိပ်မကြာခင်ကပဲ ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ စုဆောင်းမှုကို ခံခဲ့ရတာပဲ… သူက ဒါကို တစ်စုံတစ်ခုအဖြစ် အသုံးပြုနေတာပဲ ဖြစ်ရမယ်ကွ… ဒါက မော်တယ် စိတ်ဝိညာဉ် ဆေးလုံးနဲ့များ ဆက်စပ်နေမလား?" လင်းဖုန်းကလည်း ကိုယ့်ကိုယ်ကိုယ်ပဲ တွေးနေခဲ့ပါတယ်။
"အင်း… တကယ်လို့များ မော်တယ် စိတ်ဝိညာဉ် ဆေးလုံးဟာ တကယ်တမ်းသာ ရှိခဲ့ပြီး… ဆေးဝါးတစ်ရာ ဂိုဏ်းက တပည့်တွေကတောင် ဒီအကြောင်းကို မသိဘူးဆိုတော့… ဆေးဝါးတစ်ရာ ဂရန်းမာစတာက ဒါကို တခြားသူတွေ မသိအောင် ကြိုးစားထားခဲ့ပြီး… လူမသိ သူမသိတဲ့ နေရာတစ်ခုမှာ ဆေးဖော်နေတာပဲ ဖြစ်ရမယ်…"
"အင်း… တကယ်လို့များ ငါကသာ ဆေးဝါးတစ်ရာ ဂရန်းမာစတာ ဆိုရင်… လျှို့ဝှက်ဆေးဖော်ခန်းကို ဘယ်နေရာမှာ ထားမှာပါလိမ့်?"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu