အပိုင်း ၁၅၅ : ထောင်ချောက်တစ်ခု?
မျက်စိကျိန်းလောက်တဲ့ ဓားအလင်းတန်းလေးဟာ… မိုးပြာရောင် လျှပ်စီး စစ်ရထားရဲ့ အပေါ်မှာ လည်ပတ်နေခဲ့ပြီး… လေထုထဲမှာ သေမင်းရဲ့ ရနံ့တွေဟာ ပျံ့လွင့်ပြီးမှ နေခဲ့ပါပြီ။
လင်းဖုန်းကတောင်မှပဲ အထင်အနည်းငယ် ကြီးသွားခဲ့ကာ… "ဟာ… ဘယ်လောက်အထိတောင်မှ သွေးဆာတဲ့ ဓားမျိုးလည်း? စူတောင်က လျှိုယန်တောင်မှပဲ ဒီလောက်အထိ သွေးဆာတဲ့ ဓားအော်ရာတွေကို ထုတ်လွှတ်နိုင်တာ မဟုတ်ဘူးဟ…"
ဟုန်ရဲ့ကလည်း သူ့ဆီကို ခုတ်ချလာခဲ့တဲ့… ယင်ဓာတ်ရဲ့ ဓာတ်ကြီးငါးပါး ဓားသွားကို စိတ်မဝင်စားသလိုနဲ့ ကြည့်လိုက်ပြီး… သနားနေတဲ့ လေသံမျိုးနဲ့… "အင်း… ဒီဓားကို နဂါးသတ်ဖြတ် ဆေဘာလို့ခေါ်ပြီး… အရင်က သူ့ရဲ့ စွမ်းအားအကြီးဆုံး အချိန်တွေမှာဆိုရင်… သူဟာ အသက်ပေါင်း များစွာကို နှုတ်ယူခဲ့ပြီး… သွေးဆာနေတဲ့ အော်ရာတွေနဲ့ သန့်စင်ထားခဲ့တာပဲ!"
"အများအားဖြင့် ဆိုရင်တော့… ငါက ဒီဓားကို အသုံးပြုလေ့ မရှိပါဘူး။ ဒါပေမဲ့လည်း အခုမင်းက မသုံးသုံးအောင် လုပ်နေတော့… ငါ့မှာကလည်း ရွေးချယ်မှုတွေ မရှိတော့ဘူးကွ…"
စကားပြောနေရင်းနဲ့ပဲ… ဟုန်ရဲ့ဟာ သူ့ရဲ့လက်ကနေ မှော်ကျိန်စာ သင်္ကေတတွေကို ဖန်ဆင်းနေခဲ့ပြီး… နဂါးသတ်ဖြတ် ဆေဘာဆီကနေ နဂါးတစ်ကောင်က… သူသေခါနီး အချိန်ကျရင် ဟိန်းဟောက်နေခဲ့သလိုမျိုး အသံတစ်ခုဟာ ပေါ်ပေါက်ပြီးမှ လာခဲ့ပါပြီ။
နဂါးသတ်ဖြတ် ဆေဘာဟာ အနက်ရောင် အလင်းတန်း တစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး… ယင်ဓာတ်ရဲ့ ဓာတ်ကြီးငါးပါး ဓားသွားကို ကြားကနေ ဖြတ်ပြီးမှ ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။
ယင်လေပြင်းကနေပြီး ထွက်ပေါ်နေခဲ့တဲ့ အသံကျယ်ကြီးတွေကလည်း… နဂါးသတ်ဖြတ် ဆေဘာကနေ ထုတ်လွှတ်လိုက်တဲ့ သွေးဆာနေတဲ့ စွမ်းအင်တို့ရဲ့ စွမ်းအားတို့ကနေ ချေဖျက်ခြင်းကို ခံလိုက်ရပြီလေ။
ဒီဓားသွားရဲ့ ရုပ်ခန္ဓာကိုယ်ဟာ… အနက်ရောင် အလင်းတန်းလေးရဲ့ နှစ်ပိုင်းပိုင်းလိုက်ခြင်းကို တကယ်ကိုပဲ ခံလိုက်ရတာပါ။
တာအိုဆရာ တဲမူကလည်း သူ့ဓားရဲ့ ပျက်စီးသွားမှုကို ခံစားလိုက်ရပြီး… သူတို့အကြားက ဆက်စပ်မှုတွေကြောင့်… သူကလည်း မတတ်နိုင်တော့ပဲ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ခဲ့ပါတော့တယ်။
အမျက်ဒေါသတွေ ထွက်နေပေမဲ့လည်း… သူဟာ သူ့ရဲ့ ရွှေရောင်ဗဟိုချက် အဆင့်က စွမ်းအားတွေဟာ… အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်မှာသာ ရှိသေးတဲ့ ဟုန်ရဲ့ကို အနိုင်ယူဖို့ မစွမ်းဆောင်နိုင်တော့ဘူး ဆိုတာကို သိနေခဲ့တာပါ။
မှော်စွမ်းအင်နဲ့ စွမ်းအားတွေမှာ အသာစီး ရနေပေမဲ့… တာအိုဆရာ တဲမူဟာ ဟုန်ရဲ့ ပိုင်ဆိုင်ထားတဲ့ ရတနာတွေကို ခုခံတားဆီးနိုင်စွမ်း မရှိခဲ့ပါဘူး။
အထူးသဖြင့်က အလွန်ကိုမှပဲ စွမ်းအားကြီးမားတဲ့ လက်နက်ဖြစ်တဲ့… နဂါးသတ်ဖြတ် ဆေဘာကိုပေါ့။
ဒါတောင်မှပဲ ဟုန်ရဲ့က သူ့ရဲ့ မိုးပြာရောင် လျှပ်စီး စစ်ရထားကို အသုံးမပြုရသေးတာကို ထည့်မတွက် ရသေးပါဘူး။
တာအိုဆရာ တဲမူဟာ ဘာကိုမှ တွေဝေမနေတော့ပဲ… ယင်လေပြင်း တစ်ခုကို ဆင့်ခေါ်လိုက်ပြီး အဝေးကို ထွက်ပြေးသွားပါတော့တယ်။
ဟုန်ရဲ့ကလည်း သူ့ရဲ့ မျက်လုံးအစုံကို ပင့်လိုက်ပြီး… "ဟေ့… မကောင်းမှုတွေနဲ့ ပြည့်နေတဲ့လူ! မင်းက ပြေးလို့ ရမလားကွ?"
သူက နောက်ထပ် မှော်ကျိန်စာ သင်္ကေတတွေကို ဖန်ဆင်းလိုက်ရာ… နဂါးသတ်ဖြတ် ဆေဘာကလည်း အနက်ရောင် အလင်းတန်း တစ်ခုအဖြစ်ကို ပြောင်းသွားခဲ့ပြီး… တာအိုဆရာ တဲမူဆီကို လိုက်ဖမ်းခဲ့ပါပြီ။
တာအိုဆရာ တဲမူကလည်း အနောက်ကို ပြန်လှည့်ကြည့်လိုက်ကာ… အငြိုးကြီးစွာနဲ့ ဟုန်ရဲ့ကို စိုက်ကြည့်လိုက်ပြီး… "ဟာ… မင်းက တကယ်ကိုပဲ ချချင်နေတာလား? ဒါဆိုရင်လည်း ငါသေခဲ့ရင်တောင် မင်းကို အပါခေါ်သွားမယ်ကွ…"
ပြီးတာနဲ့ သူဟာ သူ့ရဲ့ လျှာထိပ်ဖျားကို ကိုက်လိုက်ပြီး… သွေးအဆီအနှစ် တစ်ချို့ကို အန်ထုတ်လိုက်ကာ… လေပေါ်မှာ မျောနေစေခဲ့ပါတယ်။ ပြီးတော့ သူက သူ့ရဲ့ လက်ချောင်းတွေကို လျှင်မြန်စွာ လှုပ်ရှားလိုက်ကာ… သူ့ရဲ့ သွေးအဆီအနှစ်တွေနဲ့ သင်္ကေတ အချို့ကို ရေးဆွဲလိုက်ပါပြီ။
ဒီသင်္ကေတတွေဟာ အစိမ်းရောင်နဲ့ ခရမ်းရောင် အလင်းတန်းတွေ အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး… အဆုံးမရှိတဲ့ ယင်စွမ်းအင် လေမုန်တိုင်းတွေ အဖြစ်ကို ပေါက်ကွဲသွားခဲ့ပါတော့တယ်။
ဒီမုန်တိုင်းတွေရဲ့ အထဲမှာ… စူးရှတဲ့ ရနံ့တွေဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တာပါ။
လင်းဖုန်းက ဒီတိုက်ပွဲနဲ့ အတော်ဝေးတဲ့ နေရာမှာ ရှိနေခဲ့ပေမဲ့… ဒီအနံ့ကို ရလိုက်တော့ အန်ချင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအနံ့ရဲ့ ဆိုးဝါးမှုကို ညစ်ညမ်းတဲ့ ငရဲသွေးမြစ်ကလွဲလို့… ဘယ်အရာမှ မယှဉ်နိုင်ခဲ့ပါဘူး။
အဖြူရောင် ဝတ်စုံနဲ့ အသက်ကြီးကြီး ကျင့်ကြံသူတို့ အဖွဲ့က ကြောက်ရွံ့စွာနဲ့… "အား… သတိထား… ဒါက အကြွင်းမဲ့ ယင်အဆိပ် မြူခိုးငွေ့တွေပဲ!"
"ဟုန်ရဲ့! သတိထား!" ရှန်းလန်ရင်းဟာ အော်ဟစ်လိုက်ပြီး… ဘာမှ မစဉ်းစားတော့ပဲ သူမရဲ့ ခန္ဓာကိုယ်ကို အသုံးပြုလိုက်ကာ… ဟုန်ရဲ့ရဲ့ အရှေ့ကနေ ကာထားလိုက်ပြီး… အကြွင်းမဲ့ ယင်အဆိပ် မြူခိုးငွေ့တွေကို ကာဆီးပေးလိုက်ပါတော့တယ်။
ယင်အဆိပ် မြူခိုးငွေ့တွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတော့… ရှန်းလန်ရင်းရဲ့ တစ်ကိုယ်လုံးဟာ ပျော့ခွေသွားခဲ့ပြီး… သူမရဲ့ မျက်နှာမှာလည်း ခရမ်းရောင် ဖျော့ဖျော့ သန်းလာခဲ့ပါပြီ။
ဟုန်ရဲ့ကလည်း မျက်မှောင်ကြီးကို ကြုတ်လိုက်ကာ… သူမကို မိုးပြာရောင် လျှပ်စီး စစ်ရထား အထဲကို ထည့်လိုက်ပြီး… သူမရဲ့ အခြေအနေတွေကို စမ်းသပ်စစ်ဆေးခဲ့ကာ… ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူလိုက်ပြီး သူမပေါ်ကို တင်ပေးလိုက်ပါတယ်။
ဒီကျောက်စိမ်းပြားလေးရဲ့ ဖိနှိပ်နိုင်တဲ့ စွမ်းအားကြောင့်… သူမရဲ့ မျက်နှာပေါ်က ခရမ်းရောင် အလင်းတန်းဟာ အနည်းငယ် မှေးမှိန်သွားခဲ့ပေမဲ့… သူမဟာ အဆိပ်ပြင်းပြင်း မိနေဆဲပါပဲ။
ဟုန်ရဲ့ကလည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ရေရွတ်နေခဲ့ပါတယ်… "ဟာ.. ဘယ်လောက်အထိတောင် ပြင်းလိုက်တဲ့ အဆိပ်မျိုးလည်း?"
ဒီအကြွင်းမဲ့ ယင်အဆိပ် မြူခိုးငွေ့တွေရဲ့ ကြားဝင်နှောင့်ယှက်မှုကနေ… တာအိုဆရာ တဲမူကတော့ ထွက်ပြေးလွတ်မြောက် သွားခဲ့ပါပြီ။
မိုးပြာရောင် လျှပ်စီး စစ်ရထားပေါ်က… နန်းတွင်း အဝတ်အစားတွေကို ဝတ်ဆင်ထားကာ… အထက်တန်း ကျပေမဲ့ အနည်းငယ် အေးစက်စက် ဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်က… "ဟင်း… သူက လွတ်သွားပြီပဲ…"
ဟုန်ရဲ့ကလည်း သူ့ရဲ့ခေါင်းကို ခါလိုက်ကာ… "ဟင်း… ငါက သူ့ကို အလွတ်မပေးချင်ပေမဲ့… ဒီစိတ်နှလုံးကောင်းရှိတဲ့ မိန်းကလေး သေသွားမှာကိုတော့ ခွင့်မပြုနိုင်ဘူးလေ…"
နန်းတွင်း အဝတ်အစားကို ဝတ်ထားတဲ့ အမျိုးသမီးက ပြုံးလိုက်ပြီး… "ဟင်းဟင်း… ရှင်က ဒီလိုမျိုး စိတ်ကောင်း နှလုံးကောင်း ရှိလို့လည်း… ကျွန်မက ရှင့်ကို ခင်ပွန်းအဖြစ်နဲ့ ရွေးထားတာပေါ့ရှင့်…"
ဟုန်ရဲ့ကတော့ ညင်သာစွာပြုံးလိုက်ပြီး… သူ့ရဲ့ဘေးက နူးညံ့ပုံရတဲ့ အချောအလှလေးက… "ကဲ… ချစ်ရစွာသော ခင်ပွန်း… ကျွန်မတို့က နောက်ထပ် ဘာဆက်လုပ်ကြမလည်း?"
"အင်း… ဒီအမျိုးသမီးရဲ့ ကိုယ်ထဲက အဆိပ်တွေက မပြေပျောက်သေးဘူး။ တာဝန်ယူတတ်တဲ့ လူတစ်ယောက် အနေနဲ့… ငါကတော့ သူမကို ဒီလိုမျိုးတော့ မထားခဲ့နိုင်ဘူး။ ငါတို့ကလည်း ဆေးဝါးတစ်ရာဂိုဏ်းကို သွားနေတာဆိုတော့… သူတို့ရဲ့ ဆေးဝါးကျွမ်းကျင်မှုကိုပဲ အားကိုးရမှာပဲ။ သူတို့က ဒီဟန်တွမ်းတောင်တန်းတွေရဲ့ အထဲမှာတော့… ဂုဏ်သတင်း အမတန်ကိုမှ ကျော်ကြားတာပဲကွ…"
ဆရာမကြီး ပုံစံနဲ့ အမျိုးသမီးကတော့… "ဟင့်… ရှင်က စကားကို လှအောင် ပြောနေပေမဲ့… ကျွန်မ ကြည့်ရသလောက်က ရှင်ဟာ ကျွန်မတို့ရဲ့ ခန်းဆောင်လေးထဲကို နောက်ထပ် ညီမလေးတစ်ယောက် ထပ်ထည့်ဖို့ ပြင်ဆင်နေတာပဲ…"
ဟုန်ရဲ့ကလည်း ပြုံးလိုက်ပြီး… "ဟီးဟီး… သူမက ငါ့ရဲ့အနောက်ကို လိုက်ပါဖို့ ဆန္ဒရှိရင်တော့… ငါကလည်း ငြင်းပယ်မှာ မဟုတ်ပါဘူး။ ရှောင်မန်ရယ်… ဘာမှ စိတ်မပူပါနဲ့… ငါက မင်းတို့အားလုံးကို အတူတူပဲ ချစ်တယ်ဆိုတာ… မင်းကလည်း သိရက်သားနဲ့…"
ရှောင်မန်ကလည်း သူမရဲ့ နှာခေါင်းလေးကို ရှုံ့လိုက်ပြီး… အနောက်ကို လှည့်လိုက်ပါတယ်။ ဒါပေမဲ့လည်း… သူမဟာ တကယ် စိတ်ဆိုးနေတာ မဟုတ်ပဲ… ထုံးစံအတိုင်း စိတ်ကောက်ချင် ယောင်ဆောင်နေတယ် ဆိုတာဟာ သိသာနေခဲ့တာပါ။
အနည်းငယ် ရှက်ရွံ့နေပုံရဲ့တဲ့ မိန်းကလေး တစ်ယောက်ကလည်း… "အင်း… အခု ကျွန်မတို့က ဆေးဝါးတစ်ရာဂိုဏ်းကို မော်တယ် စိတ်ဝိညာဉ် ဆေးလုံးကို ရှာဖို့ သွားနေတာဆိုတော့… ဒီဆေးလုံးက ကျွန်မတို့ရဲ့ ညီမအသစ်လေးကို ကယ်နိုင်မလား မသိဘူးနော်…"
နန်းတွင်း အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ အေးစက်စက်နဲ့ အမျိုးသမီးက မျက်မှောင်ကြီးကို ကြုတ်လိုက်ပြီး… "ဟဲ့… ရှောင်လျှို… စကားတွေကို ကြည့်ပြောစမ်း။ ဒီလိုမျိုး အရာတွေက လူစိမ်းတွေရဲ့ အရှေ့မှာ ပြောရမယ့် စကားမျိုး မဟုတ်ဘူးလေ…"
ရှောင်လျှိုကလည်း ကြောက်ရွံ့သွားတဲ့ ယုန်ကလေးလိုမျိုး… ခေါင်းကို တစ်ဆတ်ဆတ်နဲ့ ညိတ်လိုက်ပြီး… "ဟုတ်ကဲ့ပါ… ကျွန်မမှားသွားပါတယ် မမကြီးရှင့်…"
မမကြီးကလည်း ပြုံးလိုက်ရာ… နွေးထွေးလှတဲ့ နေမင်းကြီးရဲ့အောက်မှာ ရေခဲတွေဟာ အရည်ပျော်ကျသွားသလိုမျိုး ခံစားခဲ့ရပါတော့တယ်။
သူမဟာ ရှောင်လျှိုလေးကို သူမရဲ့ ရင်ခွင်ထဲမှာ ဖက်ထားလိုက်ပြီး… "ဟင်းဟင်း… ငတုံးမလေးရဲ့… နင်က တမင်သက်သက် ပြောတာမဟုတ်ဘူး ဆိုတာကို မမကြီးက သိနေတာပဲ…"
"ဟာ… ဘာတွေများလည်းကွာ?"
လင်းဖုန်းကလည်း အပေါ်ကနေ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေခဲ့ပြီး… "ဟာ… မိန်းမခန်းဆောင် တစ်ခုက ဘယ်လိုလုပ်ပြီး ဒီလောက်အထိကို အေးချမ်းနေရတာလည်း? မင်းကငါ့ကို လာနောက်နေတာလား?"
ဒီအချိန်မှာပဲ လင်းဖုန်းက ဟုန်ရဲ့ကို ဆရာတင်ချင်စိတ် ပေါက်သွားခဲ့ပြီး… သူ့ကို ဒီလိုမျိုး စည်းလုံးညီညွတ်ပြီး လိုက်လျောညီထွေမှုရှိတဲ့ မိန်းမခန်းဆောင် တစ်ခုကို တည်ဆောက်နည်းကို သင်ချင်နေခဲ့တာပါ။
ဟုန်ရဲ့ကလည်း ဒီအချိန်ကျမှ… သူ့ရဲ့ အမျိုးသမီးတွေရဲ့ ကြားထဲကနေ ထွက်လာနိုင်ခဲ့ပြီး… ရှန်လန်ရင်းတို့ အုပ်စုနဲ့ စကားပြောနိုင်ခဲ့ပါတယ်။
"ကဲ… ဒီမိန်းကလေးဟာ ကျုပ်အတွက်ကြောင့် အဆိပ်သင့်သွားခဲ့တာဆိုတော့.. သူမကို ကုပေးဖို့ကတော့ ကျုပ်တာဝန် ဖြစ်နေတာပဲဗျ။ သူမက အဆိပ်ပြယ်သွားခဲ့ရင်တော့… ကျုပ်က သူမကို ခင်ဗျားတို့ရဲ့ ဂိုဏ်းကို ပြန်ပို့ပေးပါ့မယ်…"
ဝတ်ရုံဖြူနဲ့ အသက်ကြီးကြီး ကျင့်ကြံသူဟာ သူ့ရဲ့ဘေးက လူတွေကို တစ်ချက်ဝေ့ကြည့်လိုက်ရာ… သူတို့ကလည်း ခေါင်းမညိတ်ချင် ညိတ်ချင်နဲ့… "ဟုတ်… ကျွန်တော်တို့က ခင်ဗျားကိုပဲ အကူအညီ တောင်းရမှာပဲ…"
လူငယ်လေး နှစ်ယောက်ရဲ့ မျက်နှာဟာ… သူတို့ကိုယ် သူတို့ ဟုန်ရဲ့နဲ့ နှိုင်းယှဉ်နေခဲ့ပြီး… သိမ်ငယ်တဲ့ အမူအရာတွေ ဖြစ်နေခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ချောမောလှပတဲ့ ရှန်လန်ရင်းကို စိတ်ဝင်စားနေခဲ့ပြီး… အခုက ဟုန်ရဲ့နဲ့ တွေ့သွားခဲ့တော့… ကြေကွဲသွားခဲ့ရပြီပေါ့။
ဟုန်ရဲ့ကလည်း သူ့ရဲ့ခေါင်းကို ညိတ်လိုက်ပြီး… နဂါးသတ်ဖြတ် ဆေဘာ.. စကြာဝဠာ သံလိုက် ယင်ယန် ကြေးမုံနဲ့ နဂါးကျော့ကွင်းတို့ကို ပြန်သိမ်းလိုက်ပါပြီ။
မိုးကြိုး စစ်မြင်း လေးကောင်တို့ကလည်း ကျယ်လောင်စွာ ဟီလိုက်ကြကာ… လေပြင်းမိုးကြိုးတွေနဲ့အတူ ခြေလှမ်းကြဲကြဲနဲ့… မိုးပြာရောင် လျှပ်စီး စစ်ရထားကို ဆွဲသွားကြပြီး… သိပ်မကြာခင်မှာပဲ အားလုံးရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
ကျန်နေရစ်ခဲ့တာကတော့… အဝေးက အော်မြည်နေတဲ့ မိုးခြိန်းသံတွေပါ။
အတော်လန်းတဲ့ ဝင်ရောက်မှုနဲ့ အတော်လန်းတဲ့ ထွက်ခွာမှု… အတော်ဟုတ်တဲ့ ငနဲပဲ!
လင်းဖုန်းကလည်း အလောတကြီးနဲ့ သူ့ရဲ့နောက်ကို လိုက်မသွားခဲ့ပဲ… နဂိုနေရာမှာသာ နေနေခဲ့ပြီး… သူ့ရဲ့မျက်နှာကတော့ အမူအရာတွေ ကင်းမဲ့နေလို့ပါ။
သူက နားမလည်နိုင်ခဲ့တာက စွမ်းရည်စိစစ်ခြင်း ကိရိယာရဲ့ သုံးသပ်မှုတွေပဲ ဖြစ်ပါတယ်။ တခြားဂဏန်းတွေက ဘာမှမဖြစ်ပေမဲ့… မေးခွန်းထုတ်စရာ ဖြစ်နေတာက ကောင်းချီးမင်္ဂလာရဲ့ ရမှတ်ပဲ ဖြစ်တာပါ။
ဟုန်ရဲ့ရဲ့ ကောင်းချီးမင်္ဂလာဟာ အမှတ်၅မှတ်သာ ရနေခဲ့တာလေ!
"အင်း… စွမ်းရည် စိစစ်ခြင်း ကိရိယာကပဲ ပျက်သွားခဲ့တာလား?" လင်းဖုန်းက ကြိမ်ဖန်များစွာ မေးခွန်းထုတ်နေခဲ့ပါတယ်။ ဒီလိုမျိုး ရတနာတွေ အများကြီးနဲ့… စပါယ်ရှယ် မိန်းမခန်းဆောင် တစ်ခုကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ရဲ့ ကောင်းချီးမင်္ဂလာ ရမှတ်ဟာ ဘယ်လိုလုပ်ပြီးမှ ၅မှတ်ပဲ ရှိနေရတာလည်း?
အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်မှာသာ ရှိနေခဲ့ပေမဲ့… သူ့ဆီမှာက ရွှေရောင်ဗဟိုချက် အဆင့်က မှော်အိုင်တမ် သုံးခုရှိနေခဲ့ပြီး… ဒါ့အပြင် ရွှေရောင်ဗဟိုချက် အဆင့်က မိုးပြာရောင် လျှပ်စီး စစ်ရထားလည်း ရှိနေသေးတာပါ။
မင်းက ဘယ်လိုပဲ တွက်တွက်… ကောင်းချီးမင်္ဂလာ အမှတ်ပြည့် ရထားတဲ့ ဇူရီတောင်မှပဲ… သူ့လောက် ကံမကောင်းပဲ ဒီလောက်ရတနာတွေ အများကြီးကို မပိုင်ဆိုင်ထားပါဘူး။
လင်းဖုန်းက ဒီကိစ္စကို စဉ်းစားနေတုံးမှာပဲ… သူဟာ တကယ့်ကို မှားယွင်းနေတဲ့ အဖြစ်တစ်ခုကို သတိပြုမိလိုက်ပါပြီ။
မိုးပြာရောင် လျှပ်စီး စစ်ရထားရဲ့ မိုးကြိုးခြိန်းသံဟာ တဖြေးဖြေးနဲ့ ဝေးသွားတဲ့ အချိန်မှာတော့… အဖြူရောင် ဝတ်ရုံနဲ့ အသက်ကြီးကြီး ကျင့်ကြံသူဟာ ကျန်တဲ့သူတွေကို စိုက်ကြည့်လိုက်ပြီး… သူတို့အကုန်လုံးဟာ ပြုံးဖြီးဖြီးကြီးတွေ ဖြစ်ကုန်ကြတာပါ။
ပြီးတော့ ဘာမှမပြောတော့ပဲနဲ့… သူက လက်ကို ဝေ့ယမ်းလိုက်ပြီး… တောအုပ်ထဲကို လျှင်မြန်စွာနဲ့ ဝင်ရောက်ပျောက်ကွယ် သွားပါတော့တယ်။
ကျန်တဲ့ လူလေးယောက်ကလည်း သူ့ရဲ့အနောက်ကို လျှင်မြန်စွာနဲ့ လိုက်သွားကြပါပြီ။
အံ့ဩစရာ ကောင်းလောက်အောင်ပဲ… သူတို့ဝင်သွားတဲ့ နေရာဟာ တာအိုဆရာ တဲမူက ထွက်ပြေးသွားတဲ့ နေရာပဲ ဖြစ်နေပါတယ်။
"ဟာ… သူတို့က တာအိုဆရာ တဲမူကို လိုက်ဖမ်းကြမလို့လား? ဒါကလည်း မဖြစ်နိုင်ပါဘူး။ အတောင်ကျိုးနေတဲ့ ဖီးနစ်က ဘာပဲပြောပြော ဖီးနစ်ပဲလေ။ သူတို့က ဒီအခြေအနေကနေပြီး အမြတ်ထုတ်လို့ ရမှာမှ မဟုတ်တာ…" လင်းဖုန်းကလည်း စဉ်းစားရ ခက်နေခဲ့ပြီး… သူတို့ရဲ့ အနောက်ကို နောက်ယောင်ခံကာ လိုက်သွားခဲ့ပါတယ်။
ဆယ်မိုင်လောက် သွားပြီးတဲ့နောက်မှာ… ဝတ်ရုံဖြူ အဘိုးကြီးနဲ့ ကျန်တဲ့သူ လေးယောက်တို့ဟာ တောင်ကြားတွေရဲ့ အထဲက လျှိုမြောင်လေး တစ်ခုရဲ့ အထဲကို ဝင်သွားခဲ့ပါပြီ။
သူကလည်း လျှိုမြောင်လေးရဲ့ အထဲကို လိုက်ဝင်သွားတော့… လူတစ်စုဟာ ဒီဝတ်ရုံဖြူ ဘိုးတော်ကို စောင့်နေကြတယ် ဆိုတာကို လင်းဖုန်းက တွေ့လိုက်ရပါတယ်။
ဒီလူစုကတော့ တာအိုဆရာ တဲမူတို့ကလွဲလို့ တခြားဘယ်သူမှ မဟုတ်ပါဘူး။ သူ့ရဲ့အနောက်မှာ ရပ်နေကြတာကတော့ သူ့ရဲ့ကျန်နေတဲ့ တပည့်နှစ်ယောက်ပါ။
တာအိုဆရာ တဲမူဟာ သူ့ရဲ့အရင်က ညိုမှောင်တဲ့ အသားအရေနဲ့ မတူခဲ့ပဲ… ဖြူဖတ်ဖြူရော် ဖြစ်နေခဲ့ပါတယ်။ ဟုန်ရဲ့က သူ့ရဲ့ ယင်ဓာတ်ရဲ့ ဓာတ်ကြီးငါးပါး ဓားသွားကို ဖျက်ဆီးပစ်ခဲ့လိုက်တော့… သူက ဒဏ်ရာ အတော်လေး ရရှိသွားခဲ့တာလေ။
ဒါပေမဲ့လည်း အခုတော့… တာအိုဆရာ တဲမူရဲ့ အမူအရာတွေဟာ အေးချမ်းနေခဲ့ပြီး… ဒေါသမထွက်နေခဲ့သလို.. စိတ်ဓာတ်တွေလည်း မကျနေခဲ့ပါဘူး။
ဝတ်ရုံဖြူနဲ့ အသက်ကြီးကြီး ကျင့်ကြံသူကလည်း… အမုန်းတရားတွေ မရှိနေသလို.. ကြောက်ရွံ့ခြင်းမျိုးလည်း မရှိနေခဲ့ဘူးလေ။ သူက အရိုအသေတောင် ပြုလိုက်ပါသေးတယ်။
ဒါကို တွေ့လိုက်ရတော့… လင်းဖုန်းဟာ နောက်ဆုံးမှာတော့ ဘာတွေဖြစ်နေတာလည်း ဆိုတာကို သဘောပေါက်သွားခဲ့ပါပြီ။
တာအိုဆရာ တဲမူနဲ့ ဒီအဖြူရောင် ဝတ်ရုံနဲ့ ဘိုးတော်ဟာ အစကတည်းက တစ်ဖွဲ့တည်းဖြစ်ပြီး… တစ်စုံတစ်ယောက်ကို လှည့်စားဖို့ ဟန်ဆောင်ကစားနေကြတာပါ။
အဲ့ဒီ တစ်စုံတစ်ယောက်ကလည်း ဟုန်ရဲ့ကလွဲလို့ ဘယ်သူမှ မဟုတ်ပါဘူး။
"ကဲ… အစီအစဉ် အတိုင်း ဖြစ်သွားခဲ့ရဲ့လား?" တာအိုဆရာ တဲမူက မေးလိုက်ပါတယ်။
အဖြူရောင် ဝတ်စုံနဲ့ အဘိုးကြီးကလည်း ရိုသေစွာနဲ့… "ဟုတ်ကဲ့ပါ… သူက လန်ရင်းကို ခေါ်သွားခဲ့ပါပြီ… သူ့ကိုကြည့်ရတာကလည်း သံသယ ဝင်နေတဲ့ပုံ မပေါက်ပါဘူး…"
တာအိုဆရာ တဲမူက ခေါင်းကို ညိတ်လိုက်ပေမဲ့… သူ့ရဲ့မျက်နှာပေါ်မှာ စိုးရိမ်ပူပန်နေတဲ့ အမူအရာက ပေါ်လာခဲ့ပြီး… "အင်း… လန်ရင်းရဲ့ ရုပ်ရည်က မဆိုးပေမဲ့… ဟုန်ရဲ့ရဲ့ ဘေးက ဝိုင်းနေတဲ့ သူတွေကလည်း အကုန်လုံး လှပကြတာပဲ။ သူမက အောင်မြင်နိုင်ဖို့ဆိုရင် ကံကောင်းဖို့လည်း လိုသေးတယ်…"
ဝတ်ရုံဖြူနဲ့ ဘိုးတော်ကလည်း ထောက်ခံတဲ့ အနေနဲ့ ခေါင်းကို တစ်ဆတ်ဆတ်နဲ့ ညိတ်နေခဲ့ပါတယ်။
"ဟင်း… ကြိုးစားကြည့်ရုံကလွဲလို့ ဘာမှလုပ်လို့မှ မရတာ…" သူက သက်ပြင်းတစ်ချကို ချခဲ့လိုက်ပါတယ်။
တာအိုဆရာ တဲမူဟာ သူ့ရဲ့ အင်္ကျီလက်စကို ဝေ့ယမ်းလိုက်ပြီး… "ကဲ… မင်းတို့တတွေက သွားလို့ရပြီးဟေ့…"
အဖြူရောင် ဝတ်ရုံနဲ့ အဘိုးကြီးနဲ့ ကျန်တဲ့သူတွေကလည်း… အမိန့်ကို နာခံလိုက်ပြီး ထွက်သွားကြပါပြီ။
တာအိုဆရာ တဲမူက တစ်ယောက်တည်း ကျန်နေခဲ့ပြီး ရေရွတ်နေခဲ့ပါတယ်…"အင်း… ငါက ဒီလောက်အထိကြီး တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ခဲ့ရတော့… ဆေးဝါးတစ်ရာဂိုဏ်းက မော်တယ် စိတ်ဝိညာဉ် ဆေးလုံးကိုတော့ ရမှ ဖြစ်မယ်ကွ…"
သူက မော်တယ် စိတ်ဝိညာဉ် ဆေးလုံးရဲ့ အကြောင်းကို တွေးလိုက်တာနဲ့… သူ့ဟာ အလိုရမ္မက်တွေနဲ့ စိတ်အားတွေ ထက်သန်လာခဲ့ပါတော့တယ်။
"ဟိတ်… နေပါဦး… မင်းတို့ ပြောနေကြတဲ့ မော်တယ် စိတ်ဝိညာဉ် ဆေးလုံး ဆိုတာက ဘာများလည်းကွ?"
တာအိုဆရာ တဲမူရဲ့ နားထဲမှာ အသံတစ်ခုဟာ ပေါ်လာခဲ့ပြီး… သူ့ကို ထိတ်လန့်တုန်လှုပ် သွားစေခဲ့ပါပြီ။
လင်းဖုန်းရဲ့ ပုံစံဟာ လေထဲမှာ လွင့်မျောကာ နေခဲ့ပြီး… တာအိုဆရာ တဲမူကို စပ်စုတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တာပါ။
တာအိုဆရာ တဲမူကလည်း အော်လိုက်ပြီး… "ဟေ့… မင်းက ဘယ်သူလည်းကွ?!"
လင်းဖုန်းကလည်း ခေါင်းကိုခါလိုက်ကာ… "ကဲ… ဒါက အရေးကြီးတဲ့ မေးခွန်းမဟုတ်ပါဘူး… အရေးကြီးတဲ့ မေးခွန်းက မင်းလိုချင်နေတဲ့ မော်တယ် စိတ်ဝိညာဉ် ဆေးလုံး ဆိုတာက ဘာများလည်း?"
တာအိုဆရာ တဲမူရဲ့ အမူအရာတွေဟာ မှောင်မည်းသွားခဲ့ပြီး… သူ့ရဲ့ လက်နှစ်ဘက် စလုံးကို ဆန့်တန်းလိုက်ကာ… လင်းဖုန်းဆီကို အနက်ရောင် တိမ်တိုက်ပင်လယ် တစ်ခုကို ပစ်လွှတ်လိုက်ပါပြီ။
"မင်းက ငါ့ကို တိုက်ခိုက်ချင်နေခဲ့ရင်… ကြိုပြီးတော့ စိတ်လျှော့ထားလိုက်ပါတော့ကွာ…" လင်းဖုန်းကလည်း တုံးတိတိ လေသံမျိုးနဲ့… "ဘာဖြစ်လို့လည်းဆိုတော့… မင်းကငါ့နဲ့ အရမ်းကိုမှပဲ နီးကပ်နေလို့ပဲ…"
တာအိုဆရာ တဲမူကလည်း သူ့ရဲ့ စကားတွေကြောင့် ထိတ်လန့်သွားခဲ့ပြီး… အာရုံမစိုက် နိုင်တော့လောက်အောင် အန္တရာယ်ရဲ့ အငွေ့အသက်တွေကို ခံစားခဲ့လိုက်ရပါပြီ။
ပြီးတာနဲ့ သူဟာ… သူ့ရဲ့ ဒဏ်ရာတွေကို ကုစားနေခဲ့တဲ့ မှော်စွမ်းအင်တွေကိုပါ ချန်မထားတော့ပဲနဲ့… သူ့မှာရှိတဲ့ စွမ်းအင်တွေ အကုန်လုံးကို အသုံးချလိုက်ကာ လင်းဖုန်းကို အပြတ်ရှင်းနိုင်ဖို့အတွက် ကြိုးစားလိုက်ပါတော့တယ်။
ဒါပေမဲ့လည်း ဒီအချိန်မှာပဲ လင်းဖုန်းဟာ လက်ကနဲ ဖြစ်သွားခဲ့ပြီး… မြန်လွန်းတဲ့ အတွက်ကြောင့် တာအိုဆရာ တဲမူဟာ လင်းဖုန်း နဂိုရှိနေတဲ့ နေရာက ပုံရိပ်ယောင်လေးကိုသာ မြင်နေခဲ့ရတာပါ။
ပြီးတော့လည်း လင်းဖုန်းက ပြောထားတဲ့ အတိုင်းပဲ… သူတို့နှစ်ယောက်ရဲ့ အကြားက အကွာအဝေးဟာ သူ့ကိုယ်ပွားရဲ့ အဆင့်အတန်းနဲ့ ဆိုရင်တော့ အရမ်းကိုပဲ နီးကပ်နေခဲ့တာလေ။
"နီးကပ်" ဆိုတဲ့ စကားလုံးကို ပြောလိုက်တဲ့ အချိန်မှာပဲ… လင်းဖုန်းရဲ့ လက်သီးဟာ ထိုးလိုက်ပြီးသား ဖြစ်နေခဲ့ပါပြီ။
"နီးကပ်"ဆိုတဲ့ စကားလုံးကို ပြောပြီးသွားတဲ့ အချိန်ကျတော့… လင်းဖုန်းရဲ့ လက်သီးဟာ ပြန်ရုပ်ပြီးသား ဖြစ်နေခဲ့ပြီလေ။
ပြီးတာနဲ့… လင်းဖုန်းဟာ သူနဂို ရှိနေတဲ့ နေရာမှာပဲ… သူက တစ်ခါမှ မလှုပ်ရှားခဲ့ သလိုမျိုး ပြန်ရပ်နေခဲ့တာပါ။
တာအိုဆရာ တဲမူဟာ… သူ့ရင်ဘတ်သူ ပြန်ကြည့်နေခဲ့ရင်း ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေခဲ့ပါတယ်။
တိတိကျကျ ပြောရရင်… သူဟာ လင်းဖုန်းက လက်သီးနဲ့ ထိုးသွားပြီး ချန်ထားရစ်ခဲ့တဲ့ သူ့ရဲ့ ရင်ဘတ်က အပေါက်ကြီးကို စိုက်ကြည့်နေခဲ့တာပါ။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu