အပိုင်း ၁၃၃ : သတ်ဖြတ်ခြင်းကို ခိုးယူသူ
နဂိုက တစ်ယူသန်ပြီး ထင်ရာစိုင်းတတ်တဲ့ လျှိုယန်ဟာ... အခုအချိန်မှာ ချွေးသီးချွေးပေါက်တွေနဲ့ စိုရွှဲနေခဲ့ပြီး... အလင်းတန်းတွေနဲ့ လွှမ်းခြုံနေတဲ့ ပန်ကျဲကို တုန်ရီနေတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပါပြီ။
အဆုံးမဲ့ လေဟာနယ်နဲ့ ခွဲခြားထားခဲ့ပေမယ့်... ဒီလိုမျိုး ဖိနှိပ်လွှမ်းမိုးနိုင်တဲ့ အော်ရာတွေကို ပိုင်ဆိုင်ထားသေးတာပါ... ဒီတာအိုခြေလျှင် ခရီးသည်ဟာ တကယ်ကိုပဲ နာမည်နဲ့ ကျော်ကြားမှုနဲ့ လိုက်ပါပေတယ်။
လျှိုယန်ကို အနည်းငယ် ဝေဖန်လိုက် အပြီးမှာ... ပန်ကျဲဟာ သူ့ကို လျှစ်လျှူရှုထားလိုက်ပြီး... ချန်ကန်းရဲ့ တင်ပြမှုကို တိတ်တဆိတ်ပဲ နားထောင်ခဲ့ကာ တည်ငြိမ်စွာနဲ့ပဲ... "ကဲ... မင်းကိုယ့်ကိုယ်ပဲ ဖြေရှင်းလိုက်ပါ..."
သူ့ရဲ့အင်္ကျီစကို ဝေ့ယမ်းလိုက်တော့... အဖြူရောင် အလင်းတန်းလေး တစ်ခုဟာ လေဟာနယ် အလွှာပေါင်း များစွာကို ကျော်ဖြတ်လာခဲ့ပြီး... ချန်ကန်းရဲ့ အရှေ့ကို ကျလာခဲ့ပါပြီ။
"မင်းက ဟိုလူရဲ့ မှော်ကျိန်စာ ဝင်္ကပါကို ဒါလေးနဲ့ ဖြေရှင်းနိုင်တယ်...."
ချန်ကန်းဟာ သူရလိုက်တဲ့ အဖြူရောင် အလင်းတန်းလေးကို စစ်ဆေးကြည့်လိုက်ပြီး... သူ့ရဲ့ မျက်နှာဟာ ပျော်ရွှင်မှုတွေနဲ့ ပြည့်သွားခဲ့ကာ ရိုသေလေးစားစွာနဲ့.... "ဟုတ်ကဲ့ပါ... ဒါလေးနဲ့ ဆိုရင်တော့ ကျွန်တော်ဟာ စီနီယာပန်ကို ဒုက္ခထပ်ပြီးမှ မပေးရတော့ပဲနဲ့... ဟိုတာအိုဆရာလင်းကို လွယ်လွယ်ကူကူနဲ့ပဲ ရှင်းပစ်နိုင်တော့မှာပါ..."
ပန်ကျဲက ခေါင်းညိတ်လိုက်ရင်း... "ကဲ... ဒါဆိုလည်း လှုပ်ရှားလိုက်တော့... တကယ်လို့များ သူ့ဆီမှာက အဲ့ဒီပစ္စည်းလေးက တကယ်သာ ရှိနေခဲ့ရင်... ငါ့ဆီကို မပျက်စီးစေပဲ သေသေချာချာ ပြန်ယူလာပေး ရမယ်နော်..."
ချန်ကန်းကလည်း လျှင်မြန်စွာနဲ့ပဲ ခေါင်းကို တဆတ်ဆတ်နဲ့ ညိတ်လိုက်ပါတော့တယ်။
ပန်ကျဲကလည်း ရုတ်တရက်ပဲ တစ်စုံတစ်ခုကို စဉ်းစားမိခဲ့ပြီး... "ဟာ... သူ့ရဲ့တပည့် တစ်ယောက်ဖြစ်တဲ့... ရှီမိသားစုက ကလေးလေးဟာ ဒီနှစ်ဆိုရင် ငါးနှစ်.. ခြောက်နှစ်လောက်ပဲ ရှိသေးတယ် မဟုတ်ဘူးလား?"
ချန်ကန်းကလည်း ခေါင်းညိတ်လိုက်ပြီး... "ဟုတ်... သူ့ရဲ့ နာမည်က ရှီထျန်းဟောင်ပါ... သူက လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုံးက မဟာဖြတ်မှတ်ဆုံ တောင်တန်းတွေရဲ့ အနားမှာ ပေါ်လာခဲ့ပြီး... ခွန်းလွန်တောင်ရဲ့ တောင်ဘက်တောင်ခြေက လေနတ်ဘုရားဂိုဏ်းက တပည့်တွေနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုံးက သူဟာ အသက် ငါးနှစ်တောင် မပြည့်သေးပဲနဲ့... ချီသာဝက မဟာစက်ဝိုင်း ပြည့်စုံခြင်း အဆင့်၁၂ကို ရောက်နေခဲ့တာပါ..."
ပန်ကျဲကလည်း လေသံတိုးတိုးနဲ့... "ကဲ... ဟိုတာအိုဆရာလင်းကို ရှင်းပြီးသွားရင်တော့... အဲ့ဒီကောင်လေးကို ခေါ်ခဲ့ဦး... ဒီလိုမျိုး ပင်ကိုစွမ်းရည်က ဦးတည်ရာမဲ့ လျှောက်သွားနေခဲ့ရင်... အလားအလာတွေက ဆုံးရှုံးသွားလိမ့်မယ်ကွ..."
"ဟုတ်ကဲ့ပါ... စီနီယာပန်ရဲ့ အမိန့်အတိုင်းပါ ခင်ဗျ..."
ပန်ကျဲကလည်း ခေါင်းညိတ်လိုက်ပြီး... သူ့ရဲ့ အလင်းတန်း ပုံရိပ်ယောင်ဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ကာ... တဖြေးဖြေးချင်းပဲ ပျောက်ကွယ်သွားခဲ့ပြီး စီးဆင်းနေသော ရေတွေအဖြစ် စမ်းချောင်းလေးရဲ့ အထဲကို ပြန်ပြီးမှ ရောက်သွားပါတော့တယ်။
ချန်ကန်းကလည်း လျှိုယန်ဘက်ကို လှည့်လိုက်ပြီးမှ ပြုံးလိုက်ကာ... "ကဲ... မင်းကိုယ်မင်း အရင်သွားပြီးတော့ သန့်စင်လိုက်ပါဦး..." သူ့ရဲ့ လက်ဖဝါးကို ဖြန့်လိုက်ရာ... အဖြူရောင် ကျောက်စိမ်းပုလင်းလေး တစ်လုံးဟာ ပေါ်လာခဲ့ပါပြီ။
ဒီပုလင်းလေးကို ဖွင့်လိုက်တော့... သင်းပျံ့တဲ့ ရနံ့တစ်ခုဟာ လွင့်ပျံလာခဲ့ပြီး... အနည်းငယ် ရှူလိုက်ရတာတောင် လျှိုယန်ရဲ့ ညစ်ညမ်းနေတဲ့ မှော်စွမ်းအင်တွေဟာ ပြန်လည်ပြီးမှ သန်စွမ်းလို့ လာခဲ့ကာ... အသက်စွမ်းအင်တွေကို ပေးစွမ်းနိုင်ခဲ့တယ်လေ။
ထန်ဇီကလည်း ပြုံးဖြီးဖြီးနဲ့... "ဟာ... တစ်ခုတည်းသော ကောင်းကင်ဘုံ မဟာအကြွင်းမဲ့ရေဟာ နာမည်နဲ့ လိုက်ဖက်ပါပေတယ်..."
"ဒါပေါ့... ဒါပေါ့..." လျှိုယန်ကလည်း လုံးဝကို စိတ်လက်ပေါ့ပါးသွားတဲ့ အမူအရာနဲ့ ဒီပုလင်းကို လှမ်းယူလိုက်ပါတော့တယ်။
ဒါပေမဲ့လည်း သူဟာ ဒီတစ်ခုတည်းသော ကောင်းကင်ဘုံ အကြွင်းမဲ့ရေကို အလောတကြီးနဲ့ အသုံးပြုခြင်းမျိုး မပြုလုပ်ခဲ့ပဲ... ချန်ကန်းကို ကြည့်လိုက်ကာ... "မင်းက ဟိုလင်းလို့ခေါ်တဲ့ သတ္တဝါလေးကို ရှင်းပစ်ချင်နေတယ်ဆိုတော့... သူက ဘယ်နေရာမှာ ရှိနေတယ် ဆိုတာကိုရော သိလို့လား?"
ချန်ကန်းကလည်း ပြုံးလိုက်ပြီး... "ဟဲဟဲ... ငါက နေရာ အတိအကျကို အသိပေမယ့်... သူက ခွန်းလွန်တောင်ရဲ့ မြောက်ဘက်တောင်ခြေနားမှာ မကြာခင်ကပဲ ပေါ်လာတယ် ဆိုတာကို သတင်းရထားတယ်ကွ... အခုဆိုရင်လည်း အဲ့ဒီနေရာနားမှာပဲ ရှိလောက်သေးတယ်..."
လျှိုယန်ရဲ့ မျက်နှာဟာ ကောက်ကျစ်စွာနဲ့ ပြုံးလိုက်ပြီး... "ငါကတော့ မင်းက သူ့ဆီကနေ လိုချင်နေတဲ့ ပစ္စည်းနဲ့ သိမ်းသွင်းချင်နေတဲ့ တပည့်ကို ဂရုမစိုက်ဘူး... ဒါပေမဲ့ သူ့ရဲ့ အသက်ကိုတော့ ငါ့ရဲ့လက်နဲ့ သတ်မှရမယ်ကွ!"
"ငါက သူ့ရဲ့ ခွေးခေါင်းကို ဖြတ်ချင်နေတာကွ!"
ချန်ကန်းကလည်း သူ့ရဲ့ မျက်ခုံးအစုံကို ပင့်လိုက်ပြီးမှ... "ဟားဟားဟား... ကောင်းပြီလေ... မင်းက စိတ်ပါမယ် ဆိုရင်တော့ ငါတို့က ခရီးအတူတူ သွားလို့ရတာပဲ... ကိစ္စတွေ ပြီးရင်တော့ ငါကသူ့ကို မင်းရဲ့လက်ထဲကို အပ်လို့ ရပါတယ်... ဒါပေမဲ့လည်း သူ့ဆီမှာ ရှိနေတဲ့ ပစ္စည်းကိုတော့ လုံးဝထိလို့ မရဘူးနော်..."
လျှိုယန်ကလည်း နှာခေါင်းရှုံ့လိုက်ပြီးမှ... "အေး... ကောင်းပြီလေ..." ချန်ကန်းက ထန်ဇီဆီကို လှည့်ကြည့်လိုက်ပြီး.. "မင်းကရော လိုက်ဦးမှာမလား? ကြည့်ရသလောက် ဆိုရင်လည်း... မင်းက သူ့ကို အတော်လေး စိတ်ဝင်စားနေတာပဲ.."
ထန်ဇီကလည်း ပျင်းရိစွာနဲ့ သမ်းလိုက်ပြီး... "ဝါး... ငါကစိတ်တော့ ဝင်စားပါတယ်... ဒါပေမဲ့လည်း အခုလတ်တလောမှာ အဆင့်တက်တော့မှာဆိုတော့... ပြန်သွားပြီး လေ့ကျင့်ရဦးမယ်ကွ..."
"ဟိုမြေအောက်နန်းတော်ရဲ့အောက်က ညစ်ညမ်းနေတဲ့ ငရဲသွေးမြစ်က မဆိုးဘူးကွ... အကြွင်းမဲ့ရေကလည်း သန့်စင်ပြီး ရေစီးကြောင်းကလည်း သိပ်မပြင်းထန်ဘူး... ငါ့ရဲ့ လေ့ကျင့်မှုအတွက်က အနေတော်ပဲကွ..."
ထန်ဇီပြောတာကို ကြားလိုက်ရတော့... ချန်ကန်းကလည်း အမှုမထားပဲနဲ့ ခေါင်းကိုညိတ်လိုက်ပြီး... "အေး... ကောင်းပြီလေ... တစ်ခုတစ်ခုဆိုရင်လည်း မင်းကိုဆက်သွယ်လိုက်တာပေါ့..."
စကားဆုံးတာနဲ့ ချန်ကန်းဟာ လေပေါ်ကို ပျံတက်သွားခဲ့ပြီး... လျှိုယန်နဲ့အတူ အနောက်ဘက်ကို ဦးတည်ပြီးမှ ပျံသန်းသွားခဲ့ပါတော့တယ်။
***************
လင်းဖုန်းဟာ စကြာဝဠာ ကြေးမုံရဲ့ ညွှန်ပြမှုတွေအတိုင်း လိုက်လာခဲ့ပြီး... တိမ်တိုက်ပင်လယ်တွေရဲ့ အထဲကနေ ဆင်းသက်ခဲ့ပြီး... ခွန်းလွန်တောင်ရဲ့ တောင်ထိပ်တွေ အကြားကို ထပ်ဖန်တစ်ခါ ဆင်းသက်ခဲ့ပါပြီ။
"အင်း... ဒီနေရာတစ်ဝိုက်မှာပဲ ရှိရမယ်ကွ..." လင်းဖုန်းဟာ မဟူရာ တိမ်တိုက်အလံကို မောင်းနှင်ခဲ့ရင်း... ခွန်းလွန်တောင်တန်းရဲ့ အပေါ်က ကောင်းကင်ယံမှာ ပျံသန်းနေခဲ့ပြီး... မိုင်တစ်ထောင်လောက်ရောက်တော့ ရပ်တန့်ခဲ့လိုက်ပါတယ်။ သူဟာ မဟူရာ တိမ်တိုက်အလံကို သိမ်းလိုက်ပြီး... တောင်ထိပ်တစ်ခု အပေါ်ကို ဆင်းသက်ခဲ့ပါပြီ။
စကြာဝဠာ ကြေးမုံရဲ့ အဝါရောင်နဲ့ အနီရောင် အစက်တို့ဟာ အခုအချိန်မှာတော့... အလွန်ကို နီးကပ်လို့ လာခဲ့ပြီလေ။
တောင်ထိပ်ရဲ့ အောက်ဘက်မှာ ရှိနေတဲ့ ထူထပ်လှတဲ့ တောအုပ်ထဲကနေပြီး... စွမ်းအားကြီးမားတဲ့ မှော်စွမ်းအင် လှိုင်းလုံးတစ်ခုဟာ... သူ့ဆီကို ရိုက်ခတ်ပြီးမှ လာခဲ့ပါတယ်။ ကြည့်ရတာက ခက်ထန်တဲ့ သားရဲတစ်ကောင်ဟာ... သူ့ရဲ့နယ်မြေထဲကို ကျူးကျော်သူတွေက ဝင်ရောက်လာခဲ့တာကို အာရုံရခဲ့သလိုပါပဲ။
လင်းဖုန်းကလည်း ပြုံးဖြီးဖြီး လုပ်လိုက်ပြီး... တောင်အောက်က တောအုပ်ရှိရာဆီကို ဆင်းသက်ပြီးမှ သွားခဲ့ပါပြီ။
ပစ်မှတ်နဲ့ နီးလာလေလေ... ပြိုင်ဘက်ရဲ့ မှော်စွမ်းအင် လှိုင်းလုံးတွေဟာ ပိုပိုပြီးတော့ စွမ်းအားကောင်းလာလေပါပဲ။ လင်းဖုန်းကလည်း ကိုယ့်ကိုယ်ကိုယ် မှန်းဆနေခဲ့ပါတယ်... "အင်း... မဟုတ်မှလွဲရော... အခြေခံအုတ်မြစ် အဆင့်က မိစ္ဆာသားရဲ နှစ်ကောင် ရှိရမယ်ကွ..."
သူဟာ အရှေ့ကို ဆက်တိုးသွားလိုက်ရာ... ဂူကြီးတစ်ခုရဲ့ အရှေ့ကို ရောက်ရှိပြီးမှ လာခဲ့ပါပြီ။ လင်းဖုန်းက ဂူပေါက်ဝရှေ့ကို ရောက်တာနဲ့... အထဲကနေပြီး နားကွဲလုမတတ် ဟိန်းဟောက်သံတွေဟာ ပေါ်ထွက်ကာ လာခဲ့ပြီလေ။
ဒီကတော့ လင်းဖုန်းကို နောက်ထပ် ရှေ့ဆက်ပြီးမှ မတိုးဖို့ကို သတိပေးတာပဲ ဖြစ်ပါလိမ့်မယ်။
လင်းဖုန်းကလည်း အသာအယာပဲ ပြုံးလိုက်ပြီး... ဘာကိုမှ ဂရုမစိုက်ပဲနဲ့ ဂူထဲကို ဝင်လိုက်ပါပြီ။ အထဲကို ခြေလှမ်းအနည်းငယ်သာ ဝင်ရသေးပြီး... လင်းဖုန်းဟာ အရိပ်မည်း တစ်ခုဟာ သူ့ဆီကို ခုန်ဝင်လာခဲ့တာကို မျက်လုံးထောင့်စွန်းကနေပြီး မြင်ခဲ့ရပါတယ်။
လင်းဖုန်းကလည်း ခေါင်းကိုလှည့်ပြီး ကြည့်လိုက်တော့... အရွယ်အစားနဲ့ မလိုက်အောင် လျှင်မြန်လှတဲ့... တစ္ဆေသရဲလိုမျိုး အကောင်ကြီး တစ်ခုဟာ သူ့ရဲ့နောက်ကနေ ခုန်အုပ်လာခဲ့တာကို တွေ့လိုက်ရပြီလေ။
သူ့ကိုကြည့်ရတာ ဧရာမ လူဝံကြီးနဲ့ တူပြီးတော့... မတ်တပ်ရပ်လိုက်ရင် ၃မီတာကျော်လောက် ရှိပါတယ်။
သူ့ရဲ့တစ်ကိုယ်လုံးဟာ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ ချပ်ဝပ်တန်ဆာ တစ်ခုကို ဝတ်ဆင်ထားတဲ့အတိုင်း... တစ်ခုနဲ့တစ်ခု ထပ်နေတဲ့ ကျောက်ပြားအချပ်တွေနဲ့ ဖုံးလွှမ်းပြီးမှ ထားခဲ့တာပါ။
ဒီကျောက်တုံး ချပ်ဝတ်တန်ဆာအောက်မှာ မြင်နေရတဲ့ ကြွက်သား အဖုအထစ်တွေဟာ... ပြင်းထန်စွာနဲ့ လှုပ်ရှားလို့ နေခဲ့ပါတယ်။ ဒီအတိုင်း မျက်စိနဲ့ ကြည့်လိုက်ရုံနဲ့ပဲ... သူ့ဆီကနေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတွေဟာ ပေါက်ကွဲပြီးမှ ထွက်လာတာကို ခံစားနိုင်တယ်လေ။
ဒီလူဝံရဲ့ မျက်လုံးအစုံဟာ မျက်စိကျိန်းလောက်အောင် စူးရှလှတဲ့ အနီရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်ပြီး... စိုးမိုးလွှမ်းခြယ်နိုင်တဲ့ ကျားဟော်မုန်း အပြည့်အဝနဲ့ ခုန်အုပ်လိုက်တာပါ။ သူ့ရဲ့ ကိုယ်ခန္ဓာ စွမ်းအားဟာ အတော်ကိုပဲ အားကောင်းလှပါတယ်။
လင်းဖုန်းကလည်း မြောက်ပိုင်းအရုဏ်ဦးဓားကို ဆင့်ခေါ်လိုက်ပါပြီ... သူဟာ အခုဆိုရင် အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့ပြီဆိုတော့... ဒီမှော်ဓားကို ကောင်းကောင်းကြီး အသုံးချနေနိုင်ပြီလေ။
လင်းဖုန်းဟာ သနားညှာတာမှု ကင်းမဲ့စွာနဲ့ မြောက်ပိုင်းအရုဏ်ဦး လျှို့ဝှက်အလင်းတန်းကို ထုတ်လွှတ်ခဲ့လိုက်ပြီး... လူဝံကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက်စေခဲ့ကာ... သူ့ကို နောက်ပြန်လွင့်သွား စေခဲ့ပါတယ်။
ဒီဧရာမ လူဝံကြီးဟာ လျှပ်စီးဓာတ်တွေနဲ့ ဓာတ်လိုက်သွားခဲ့ပြီး... အနောက်ကို လွင့်ထွက်သွားခဲ့တာပါ... ဒါပေမဲ့လည်း မြေပြင်ပေါ်မှာ အပတ်အနည်းငယ်လောက် လိမ့်သွားခဲ့ပြီးနောက်မှာတော့... လျှင်မြန်စွာနဲ့ပဲ ပြန်လည်ပြီးမှ မတ်တတ်ရပ်လာ နိုင်ခဲ့တယ်လေ။ သူ့ရဲ့ ရင်ဘတ်က ကျောက်တုံး ချပ်ဝတ်တန်ဆာ အပိုင်းကြီး တစ်ခုသာ ပျက်ဆီးသွားခဲ့တာပါ။
"အင်း... ဒီဓားက ခေတ်မမီတော့ဘူးနဲ့တူတယ်ဟ..." လင်းဖုန်းက သူ့ရဲ့ နှုတ်ခမ်းကို တွန့်လိုက်ပြီး... ဒီမြောက်ပိုင်းအရုဏ်ဦးဓားကို ပြန်သိမ်းလိုက်ကာ... ဧရာမ လူဝံကြီးကို ကြည့်လိုက်ပါပြီ။
အခြေခံအုတ်မြစ် အဆင့်က မိစ္ဆာဗိုလ်ချုပ် အဆင့်သာ ရှိနေပေမဲ့... ဒီဧရာမ လူဝံကြီးရဲ့ ကျောက်တုံး ချပ်ဝတ်တန်ဆာဟာ အလွန်ကိုမှ အစွမ်းထက်တဲ့ ခံစစ်စွမ်းအင်တွေ ရှိနေတာက သိသာလွန်းနေခဲ့တယ်လေ။
တကယ်လို့များ မီးလျှံကျီးကန်း သခင်လေးကသာ... သူ့ရဲ့ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို မသုံးပဲ... သူ့ရဲ့ မီးလျှံကျီးကန်း စစ်တပ်ကိုလည်း မခေါ်လာခဲ့ဘူး ဆိုရင်တော့... သူဟာ တစ်ယောက်ချင်းချရင် ဒီဧရာမ လူဝံကြီးရဲ့ပြိုင်ဘက် မဟုတ်နိုင်ပါဘူး။
ဒါပေမဲ့လည်း မီးလျှံကျီးကန်းတွေဟာ ပျံနိုင်ပြီး... တကယ်လို့များ အခြေအနေတွေက မဟန်တော့ဘူးဆိုရင် ကောင်းကင်ပေါ်ကို ထွက်ပြေးနိုင်မှာပဲ ဖြစ်တာပါ။ ဒါပေမဲ့ ဒီဧရာမ လူဝံကြီးကို ကြည့်ရတာတော့... တိုက်ခိုက်နေရာကနေ ထွက်ပြေးမဲ့ပုံ မပေါ်ပါဘူး။
လင်းဖုန်းရဲ့ အတွေးတွေဟာ ရှုပ်ရှက်ခတ်နေတုံး... သူဟာ ဒီလူဝံကြီးက သူ့ဆီကို ထပ်ဖန်တစ်ခါ ပြန်ပြီးမှ ခုန်ဝင်လာခဲ့တာကို တွေ့လိုက်ရတော့... မသိစိတ်ကနေပဲ လက်ချောင်းတစ်ချောင်းကို မတင်လိုက်ပါတယ်။
လောကနှစ်ပါး လေဟာနယ် မန္တန်!
သူ့တို့ရဲ့ ပတ်ပတ်လည်က လေဟာနယ်ဟာ ရုတ်တရက်ပဲ တွန့်လိမ်သွားခဲ့ပြီး... ဧရာမ လူဝံကြီးဟာ လေထဲမှာပဲ ရပ်တန့်သွားခဲ့ပါပြီ။
ဒီလူဝံကြီးရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးဟာ မြေပေါ်ကို ပြိုလဲသွားခဲ့ကာ... သူ့ရဲ့မျက်လုံးတွေက အံ့အားသင့်မှုတွေနဲ့အတူ ပြူးကျယ်လို့ နေခဲ့ပြီလေ။ သူဟာ ထရပ်ဖို့ ကြိုးစားနေခဲ့ပေမယ့်... ဘယ်လိုပဲ ကြိုုးစားကြိုးစား မတ်တပ်ရပ်လို့ မရနိုင်ခဲ့ပါဘူး။
ပြီးတော့မှ... စိတ်ဝိညာဉ်ထဲအထိ နာကျင်တဲ့ ခံစားချက်ကို ခံစားလိုက်ရမှ... သူ့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက မရှိတော့တာကို သဘောပေါက်သွားခဲ့တာပါ။
ဒီလိုမျိုး ပြိုင်ဘက်ကင်းလောက်အောင် သန်စွမ်းတဲ့ အသက်စွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့... မိစ္ဆာဗိုလ်ချုပ် အဆင့်က ဧရာမ လူဝံကြီးတောင်မှပဲ... ဒီလောက်အထိ ပြင်းထန်တဲ့ ဒဏ်ရာမျိုးကို ခံနိုင်စွမ်း မရှိခဲ့ပဲ... နောက်ဆုံးအနေနဲ့ နာကြည်းစွာ တစ်ချက်အော်လိုက်ပြီး... ဂူထဲမှာ လဲကျသေဆုံး သွားခဲ့ပါပြီ။
လင်းဖုန်းကလည်း ဖွဖွလေးပဲ ပြုံးလိုက်ပါတယ်။ ဒီလူဝံရဲ့ ခန္ဓာကိုယ်ကနေပြီး ထွက်လာတဲ့ မှော်စွမ်းအင်တွေဟာ အလွန်အမင်းကိုပဲ သန်စွမ်းလှတယ်လေ... ဒါကြောင့်မို့ပဲ သူက စောင့်ကြပ်နေတဲ့ အရာဝတ္ထုဟာ သာမန်တော့ မဖြစ်နိုင်ပဲ... စကြာဝဠာ ကြေးမုံက သူ့ကို ညွှန်ပြပေးနေခဲ့တဲ့ အရာပဲ ဖြစ်ပါလိမ့်မယ်။
"အင်း... မင်းကတော့ မှားပြီး လမ်းမညွှန်မှ ဖြစ်မယ်ဟေ့..." လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ တောက်ပသွားခဲ့ပြီး... သူ့ရဲ့အနောက်ကို တစ်ခေါက်လှည့်ကြည့်လိုက်ကာ... ဂူရဲ့အထဲကို ဆက်ပြီးတော့ ဆက်ဝင်သွားခဲ့ပါတော့တယ်။
လင်းဖုန်းက ဂူအထဲကို ဝင်ရောက်ပျောက်ကွယ်သွားပြီး နောက်မှာတော့... ဂူပေါက်ဝကနေပြီး သေးငယ်ပိန်ပါးတဲ့ ကောင်မလေး တစ်ယောက်ဟာ... သူမရဲ့ ခေါင်းကိုပြူပြီးမှ တိတ်တိတ်ကလေး ချောင်းကြည့်လိုက်ပါပြီ။
သူမဟာ အစိမ်းရောင် အဝတ်တွေကို ဝတ်ဆင်ထားတဲ့ ကောင်မလေး တစ်ယောက်ပါ... သူမရဲ့ မျက်နှာအပေါ်မှာ ဉာဏ်များတဲ့ အပြုံးတစ်ခုကို တွေ့နိုင်ပါတယ်။ လင်းဖုန်းက တစ်ကယ်ကို ဝင်သွားခဲ့မှန်း သေချာအောင်... ခဏလောက် ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးမှ... သူမဟာ ပျော်ရွှင်စွာနဲ့ ဧရာမ လူဝံကြီးရဲ့ အလောင်းဆီကို ပျော်ရွှင်စွာနဲ့ ပြေးသွားခဲ့ကာ... "ဟာ... သူက ဒီဝူတူးကျောက်တုံး လူဝံကြီးကို လွယ်လွယ်လေးနဲ့ သတ်သွားတာဆိုတော့... အတော်ကိုမှ အစွမ်းထက်တာပဲ..."
"ဟီးဟီး... သူအစွမ်းထက်တာက အရေးမကြီးဘူး... အရေးကြီးတာက အတော်ကြီးကို ရက်ရောတာပဲ။ သူက ပိုပြီးတော့ စွမ်းအားကြီးလေလေ... ငါကပိုပြီးတော့ သူ့ဆီကနေ အမြတ်ထုတ်လို့ရလေလေပဲ..." အစိမ်းရောင် ဝတ်စုံနဲ့ မိန်းကလေးဟာ ကြိတ်ပြီးမှ ရယ်လိုက်ပြီး... သူ့ရဲ့လက်ထဲကနေ အလင်းရောင် ဓားတစ်ချောင်းက ထွက်လာခဲ့ကာ... လူဝံကြီးရဲ့ ဦးခေါင်းခွံကို ဖွင့်လိုက်ပြီး အထဲက မိစ္ဆာအမြူတေကို ယူလိုက်ပါပြီ။ လူဝံကြီးကလည်း သေသွားပြီဆိုတော့... သူ့ရဲ့ မှော်စွမ်းအင်တွေကလည်း ပျံ့လွင့်ကွယ်ပျောက် သွားခဲ့ပြီဖြစ်ကာ... သူ့ရဲ့ဦးခေါင်းခွံကို အလွယ်တကူနဲ့ပဲ ဖွင့်နိုင်ခဲ့ပါတယ်။
ဒီကောင်မလေးက လင်းဖုန်းဝင်သွားတဲ့ နေရာကို ကြည့်လိုက်ပြီး လျှာလေးကို ထုတ်လိုက်ကာ... "ဟီးဟီး... သူ့နောက်ကို လိုက်သွားရင် အမြတ်တွေ ပိုပြီးမှ ရနိုင်မှာပဲ... ဟုတ်တယ်မို့လား? အင်း... ဟုတ်ပြီကွ... ဒီလိုပဲ လုပ်ရမယ်..."
အစိမ်းရောင် ဝတ်စုံနဲ့ ကောင်မလေးဟာ... အနောက်ကို ပြန်လှည့်သွားခဲ့ပြီး ဂူထဲကနေ ထွက်လိုက်ပါပြီ... သူမရဲ့ မျက်လုံးရွဲကြီးတွေနဲ့ ဘေးပတ်ပတ်လည်ကို သေချာကြည့်လိုက်ကာ... ကောက်ကျစ်စွာနဲ့ ပြုံးဖြီးဖြီးကြီး လုပ်နေလို့ပါ... "ခစ်ခစ်ခစ်... ငါကသာ ဒီလိုမျိုး လုပ်လိုက်ရင် ရတနာတွေ ပိုရမှာ သေချာတာပဲ... ဟုတ်တယ်မို့လား? ဟီးဟီး.. ဟိုကံမကောင်းတဲ့သူက ဘယ်သူများပါလိမ့်?"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu