အပိုင်း ၁၂၅ : စစ်ဆေးမေးမြန်းခြင်း
လင်းဖုန်းဟာ သူ့ရဲ့ မဟူရာတိမ်တိုက် အလံနဲ့ အရှေ့ကနေ ဦးဆောင်သွားခဲ့ပြီး… ဝမ်လင်းတို့တတွေက ဖေးလျှန်ပေါ်ကနေ သူ့ရဲ့အနောက်ကို လိုက်လာခဲ့ပါတယ်။
မီးလျှံကျီးကန်း သခင်လေး အပါအဝင်… ကောင်းဖန်တို့ လေနတ်ဘုရားဂိုဏ်းက တပည့်လေးယောက်တို့ဟာ… မဟူရာ တိမ်တိုက်အလံရဲ့ အနက်ရောင် အလင်းတန်းတွေရဲ့ အထဲမှာ ချုပ်နှောင်ထားခြင်းကို ခံနေရတယ်လေ။
လင်းဖုန်းကလည်း မဟူရာ တိမ်တိုက်အလံရဲ့ လေဟာနယ် အတွင်းကို ဝင်လိုက်ပြီး… မီးလျှံကျီးကန်း သခင်လေးရဲ့ အရှေ့ကို ရောက်လာခဲ့ပါပြီ။
ဒီအချိန်မှာတော့ ဒီမိစ္ဆာဟာ မဟာလမင်း အကြွင်းမဲ့ရေကြောင့် ပြင်းထန်စွာ ဒဏ်ရာရနေခဲ့တာဆိုတော့… မဟာသူရိယ အကြွင်းမဲ့ မီးတောက်လေး တစ်စအပေါ်မှာသာ မှီခိုနေခဲ့ရပြီး… သူ့ရဲ့ အရင်က မောက်မာမှုတွေ.. ခက်ထန်မှုတွေဟာ ပျောက်ကွယ်ပြီးမှ သွားခဲ့ပြီလေ။
သူဟာ လူပုံသဏ္ဌာန်တောင် မဖန်ဆင်းနိုင်တော့ပဲ… မိစ္ဆာအသွင်နဲ့ပဲ နေခဲ့ရကာ လင်းဖုန်းက သူ့ရဲ့အနားကို ရောက်လာတာကို တွေ့လိုက်ရတော့… သူ့ရဲ့မျက်လုံးအစုံမှာ ကြောက်ရွံ့တဲ့ အရိပ်အယောင်တွေကို တွေ့နေနိုင်ပါတယ်။
"ဟေ့… မင်းကဘယ်သူလည်း? မင်းက ငါဆိုတာ ဘယ်သူများလည်း ဆိုတာကိုရော သိရဲ့လား?"
သွေးနထင်ရောက်နေတဲ့ ပုံမျိုးကို ဖမ်းထားခဲ့ပေမယ့်… တုန်ခါနေတဲ့ အသံကို ကြားလိုက်ရတော့ လင်းဖုန်းကလည်း မအောင့်နိုင်တော့ပဲ ရယ်လိုက်ကာ… "ဟားဟား… ငါကမင်းဘယ်သူလည်း ဆိုတာကို မသိပေမယ့်… မင်းရဲ့ဖခင်က မီးလျှံကျီးကန်း ဘုရင်ဆိုတာကိုတော့ သိပါတယ်ကွ… မင်းကငါ့ကို ဘာများ ခြိမ်းခြောက်ချင်နေသေးတာလည်း?"
ဒီစကားကို ကြားလိုက်ရတော့ မီးလျှံကျီးကန်း သခင်လေးဟာ ချက်ချင်းဆိုသလိုပဲ ငြိမ်သက်သွားခဲ့ပါတော့တယ်။ လင်းဖုန်းရဲ့ မျက်နှာမပျက်သွားပဲ တည်ငြိမ်နေတဲ့ အမူအရာကို ကြည့်လိုက်ခြင်းအားဖြင်… သူရဲ့ပြိုင်ဘက်ဟာ သူ့ရဲ့ မိဘတွေကို မကြောက်ပဲ… သူ့ရဲ့အဆင့်အတန်းနဲ့ ခြိမ်းခြောက်လို့ မရဘူး ဆိုတာကို သိသွားခဲ့ပါပြီ။
ဒါကိုသဘောပေါက်လိုက်တော့… မီးလျှံကျီးကန်း သခင်လေးဟာ စိတ်ဓာတ်ကျစွာနဲ့ ငြိမ်သက်သွားခဲ့ပါတော့တယ်။
လင်းဖုန်းကလည်း… "ကဲ… မင်းတို့ မီးလျှံကျီးကန်းတွေရဲ့ အသိုက်ဟာ ဒီခွန်းလွန်တောင်နဲ့ အမတန်မှပဲ ဝေးကွာတာပဲ… မင်းတို့က ဘာဖြစ်လို့ ဒီခွန်းလွန်တောင်ကို အုပ်စုလိုက် လာခဲ့ရတာလည်း?"
မီးလျှံကျီးကန်း သခင်လေးဟာ သူ့ရဲ့ခေါင်းကို ငုံ့လိုက်ပြီး… "ဘာ.. ဘာအကြောင်းရယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်က အပျော်ခရီး ထွက်လာပြီး… ကျွန်တော့်ရဲ့ အမျိုးအနွယ်တွေက အဖော်အဖြစ်နဲ့ လိုက်လာကြတာပါ…"
လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ ကျဉ်းမြောင်းသွားခဲ့ပြီး… သူ့ကို ပြုံးပြီးမှပဲ ကြည့်နေခဲ့ကာ ဘာကိုမှ ဆက်မပြောတော့ပါဘူး။
လင်းဖုန်းက ဘာကိုမှ ဆက်မပြောခဲ့ပေမယ့်…မီးလျှံကျီးကန်း သခင်လေးဟာ နိမိတ်မကောင်းတဲ့ အလားအလာတွေကို သူ့ရဲ့ရင်ထဲကနေပြီး ခံစားနေခဲ့ရပါပြီ။
လင်းဖုန်းက သိသိသာသာကြီးကို တုန်တုန်ရင်ရင် ဖြစ်နေတဲ့ မီးလျှံကျီးကန်း သခင်လေးကို ပြုံးပြုံးလေးပဲ ကြည့်လိုက်ကာ စကားလုံး သုံးလုံးကို ရွတ်ပြလိုက်ပါတယ်…"ယုကျင်းတောင်…"
မီးလျှံကျီးကန်း သခင်လေးရဲ့ နှလုံးခုန်နှုန်းဟာ တစ်ချက်မှားသွားခဲ့ပြီး… လင်းဖုန်းကို ကြည့်လိုက်တဲ့အခါ ပိုပြီးတော့မှ ကြောက်ရွံ့လို့ သွားခဲ့ပြီလေ။
"ယုကျင်းတောင်က ခွန်းလွန်တောင်ရဲ့ မြောက်ပိုင်းတောင်ခြေ အနားမှာ တည်ရှိပြီး… ပုံမှန်ဆိုရင် ကစဉ့်ကလျား ဖြစ်နေတဲ့ လေဟာနယ် လေစီးကြောင်းတွေရဲ့ ဖုံးကွယ်ထားခြင်းကို ခံနေရကာ… နှစ်ပေါင်း ၆၀မှ တစ်ကြိမ် ပေါ်လာခဲ့တာ…" လင်းဖုန်းက ပြုံးလိုက်ပြီး… "ဟဲဟဲ… တိကျခိုင်လုံတဲ့ သတင်းရပ်ကွက်အရ ဆိုရင်… မင်းဟာ ယုကျင်းတောင်ပေါ်လာမယ့် နေရာအတိအကျကို သိထားတာပဲ…"
မီးလျှံကျီးကန်း သခင်လေးဟာ အချိန်အတန်ကြာအောင် ငြိမ်သက်သွားခဲ့ပြီး… သူ့ရဲ့ သေးငယ်တဲ့ မျက်ဝန်းအစုံဟာ ပိုပြီးမှ ကျဉ်းမြောင်းသွားခဲ့ပါပြီ။
လင်းဖုန်းကလည်း သူ့ရဲ့ရင်ထဲမှာ ဘာတွေးနေသလည်း ဆိုတာကို ရိပ်မိခဲ့ပြီး တဲ့တိုးပဲ… "ဟားဟား… ငါက ဘယ်လိုလုပ်ပြီး ဒီသတင်းကို ကြားခဲ့သလည်း ဆိုတာကို သိချင်နေတာလား? တစ်ချိန်တုံးက ငါက အသိပညာ ကျောက်စိမ်းသစ်ပင် မိစ္ဆာမယ် တစ်ယောက်ဖြစ်တဲ့ လုံရဲ့ကို တွေ့ခဲ့ပြီး… သူမကငါ့ကို ဒီသတင်းအချက်အလက်ကို ပေးခဲ့တာပဲ…"
မီးလျှံကျီးကန်း သခင်လေးရဲ့ မျက်လုံးအစုံဟာ ကျဉ်းမြောင်းသွားခဲ့ပြီး… "ဟာ… ခင်ဗျားက မိစ္ဆာသခင် လုံရဲ့နဲ့ သိတာလား?"
ဒီစကားကို ကြားလိုက်ရတော့ လင်းဖုန်းရဲ့ မျက်လုံးအစုံကလည်း ကျဉ်းမြောင်းပြီးမှ သွားခဲ့ပါပြီ… "ဟာ… လုံရဲ့ဟာ တကယ်ကိုပဲ မိစ္ဆာသခင်လား?"
မိစ္ဆာမျိုးနွယ်တွေ အထဲမှာ… မိစ္ဆာအုပ်ချုပ်သူ ဆိုတာက လူသားတွေရဲ့ ရွှေရောင်ဗဟိုချက် အဆင့်နဲ့ အဆင့်အတန်း တူညီပြီး… မိစ္ဆာသခင်ကတော့ လူသားတို့ရဲ့ အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူနဲ့ အဆင့်တူတာပါ။
သူဟာ လုံရဲ့နဲ့ စတွေ့တုံးက… ဒီမိစ္ဆာမယ်လေးဟာ ဒုက္ခရောက်နေခဲ့ပြီး မုယုံယန်ရန်တို့ရဲ့ အလင်းဓားမြန်ဂိုဏ်းက အကြီးအကဲ ရဲ့ကော်နဲ့တောင် အပြင်းအထန် တိုက်ခိုက်ခဲ့ရကာ … သူမရဲ့ စွမ်းရည်တွေဟာ အခြေခံအုတ်မြစ် အဆင့်သာသာပဲ ရှိနေခဲ့တာလေ။
ဒါကြောင့်ပဲ လင်းဖုန်းဟာ သူမရဲ့ စွမ်းအားတွေဟာ အရင်က ဘယ်လောက်အထိ ရှိခဲ့သလည်း ဆိုတာကို အခုအချိန်အထိ မသိခဲ့ပဲ… အခုကျမှ သိလိုက်ရကာ သူ့ရဲ့ပခုံးပေါ်က ဖိအားတွေကလည်း တောင်တစ်တောင်လိုမျိုး ကြီးမားလာခဲ့ပါပြီ။
ဒီဖိအားတွေဟာ လုံရဲ့တစ်ယောက်တည်းကနေ လာတာမဟုတ်ပဲ… ယန့်မင်းရွဲ့ဆီကနေလည်း လာခဲ့ပါတယ်။
လုံရဲ့ဟာ အခြေတည်ဝိညာဉ် အဆင့်မှာ ရှိနေခဲ့တာပါ… ဒါကဘာကို ဆိုလိုနေသလည်းဆိုတော့ သူ့မရဲ့ ပြိုင်ဘက်ဖြစ်ပြီး မကြာခဏ သူသေကိုယ်သေ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတဲ့… ယန့်မင်းရွဲ့ကလည်း အခြေတည်ဝိညာဉ် အဆင့်မှာ ရှိနေမှာပဲ ဖြစ်ပါတယ်။
လင်းဖုန်းရဲ့ စိတ်ထဲမှာ အတွေးပေါင်း မြောက်မြားစွာနဲ့ ယောက်ယက်ခတ်လို့ နေခဲ့ပေမယ့်… အပြင်ပန်းမှာက သူ့ရဲ့ အမူအရာဟာ တစ်စက်လေးမှ ပြောင်းမသွားခဲ့ပဲ… မီးလျှံကျီးကန်း သခင်လေးကို စကားတစ်ခွန်းမှ မပြောခဲ့ပဲနဲ့ တိတ်တိတ်လေးပဲ ကြည့်နေခဲ့ပါတယ်။
သဘာဝအားဖြင့် မောက်မာရိုင်းစိုင်းပြီး ပြဿနာတွေ အတော်ရှာတတ်တဲ့ အတွက်ကြောင့်… မီးလျှံကျီးကန်း ဘုရင်ကြီးဟာ သူ့ကို ကိစ္စတော်တော်များများကို ပြောပြလေ့ မရှိပါဘူး။ ဒါပေမဲ့လည်း မီးလျှံကျီးကန်းတို့ရဲ့ သခင်လေးတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်… သူဟာ ကိစ္စအတော်များများကို ကြားဖူးနားဝ ရှိနေခဲ့တယ်လေ။
ဥပမာအားဖြင့်… သူ့ရဲ့ ဘိုးဘေးဘီဘင်ဖြစ်တဲ့ မဟာပဏ္ဍိတ ခြေသုံးချောင်း ရွှေကျီးဟာ… မိစ္ဆာသခင် လုံရဲ့ရဲ့ ဆရာသခင်ဖြစ်တဲ့ မဟာပဏ္ဍိတ ကောင်းကင်ကျက်သရေ ထျန်းမေ့နဲ့… မကြာခဏ ကတောက်ကဆတွေ ဖြစ်တတ်တယ် ဆိုတာကို သိနေခဲ့ပါတယ်။
သူ့ရဲ့ဦးနှောက် သေးသေးလေးနဲ့ မီးလျှံကျီးကန်း သခင်လေးဟာ… လုံရဲ့ဟာ ဘာကြောင့်မို့လို့ လင်းဖုန်းကို ယုကျင်းတောင်ရဲ့ နေရာကို ပြောပြခဲ့သလည်း ဆိုတာကို မသိခဲ့ပါဘူး။
ဒါပေမဲ့လည်း ဂိုဏ်းတွေရဲ့ အကြားက အဆင်မပြေ ဖြစ်နေတဲ့ ဆက်ဆံရေးတွေအရ… မီးလျှံကျီးကန်းတွေနဲ့ လင်းဖုန်းကို ရန်တိုက်ပေးဖို့ ဆိုတာကိုတော့ သူက ကောင်းကောင်းကြီး သိနေခဲ့ပါတယ်။
ဒီအချိန်မှာတော့ မီးလျှံကျီးကန်း သခင်လေးဟာ စိတ်လှုပ်ရှား တုန်လှုပ်လာခဲ့ပြီး… သူ့ရဲ့ ဖခင်ကို လုံရဲ့ဟာ သူတို့ရဲ့ အမျိုးအနွယ်တွေကို မကောင်းကြံနေခဲ့တယ် ဆိုတာကို ပြန်ပြီးမှ တင်ပြချင်နေခဲ့တယ်လေ။
"တ.. တကယ်လို့များ ကျုပ်က ခင်ဗျားကို ယုကျင်းတောင်ရဲ့ နေရာအတိအကျကို ပြောပြလို့ရှိရင်… ခင်ဗျားကကျုပ်ကို လွှတ်ပေးမှာလား?" မီးလျှံကျီးကန်း သခင်လေးက လင်းဖုန်းကို သွေးတိုးစမ်းတဲ့ အနေနဲ့ မေးလိုက်ပါပြီ။
လင်းဖုန်းကလည်း ဖွဖွလေး ပြုံးလိုက်ပြီး… "ဟဲဟဲ… မင်းရဲ့ တစ်ခုတည်းသော ရွေးချယ်ရမဲ့ အရာက… မင်းသိသမျှ အကုန်လုံးကို ငါ့ကို ပြောပြဖို့ပဲ… ငါ့မှာက ငါ့အစီအစဉ်နဲ့ငါ ရှိပြီးသားပဲ။ ဒါပေမဲ့ ငါက မင်းရဲ့အသက်ကို ရန်မရှာဘူး ဆိုတာကိုတော့ ကတိပေးနိုင်တယ်ကွ…"
သူက မီးလျှံကျီးကန်း သခင်လေးကို သတ်ဖို့အတွက် အစကတည်းက ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ပထမဆုံး… လူသားမျိုးနွယ်ရဲ့ အခြေတည်ဝိညာဉ် အဆင့်မှာ ရှိနေတဲ့ ရူးမိုက်တဲ့ သူ့ရဲ့အဖေ မီးလျှံကျီးကန်း ဘုရင်ကို ထည့်မတွက်နဲ့ဦး။ တကယ်လို့များ သူဟာ ဒီမီးလျှံကျီးကန်း ဘုရင်ကို အောင်မြင်စွာနဲ့ သတ်နိုင်မယ် ဆိုရင်တောင်မှပဲ… သူ့တို့ရဲ့ အနောက်မှာ ရှိနေတဲ့ ခြေသုံးချောင်း ရွှေကျီးကို ရင်ဆိုင်ဖို့က လုံးဝကို မလွယ်ရေးချ မလွယ်ပါဘူး။
လင်းဖုန်းကလည်း ဒီမီးလျှံကျီးကန်း သခင်လေးနဲ့ ဘာရန်ငြိုးရန်စမှလည်း မရှိဘူးလေ… ပြီးတော့ သူ့ရဲ့အခု ဝမ်းနည်းဖွယ်ရာ ဒဏ်ရာတွေကလည်း ကောင်းဖန်ရဲ့ မဟာလမင်း အကြွင်းမဲ့ရေကို အသုံးပြုပြီး တိုက်ခိုက်မှုတွေကြောင့်ပါ။
ဒါပေမဲ့လည်း သူ့ကိုပြန်လွှတ်ဖို့ ဆိုတာက… လင်းဖုန်းက အတော်ကြီးကို စဉ်းစားရဦးမှာလေ… အရင်ဆုံးတော့ ယုကျင်းတောင်ကို ရှာဖို့ကို ဆုံးဖြတ်လိုက်ခဲ့ပါတယ်။
မီးလျှံကျီးကန်း သခင်လေးကလည်း ရွေးချယ်စရာ မရှိခဲ့ပဲ လင်းဖုန်းကို ယုကျင်းတောင်ရဲ့ နေရာကို ပြောပြခဲ့ရပါတော့တယ်။
"ဒီနေရာကနေ အနောက်တည့်တည့်ကို လီလေးရာလောက် သွားလိုက်ရင်… ခွန်းလွန်တောင်ရဲ့ မြောက်ပိုင်းက တောင်ထိပ်တစ်ခုကို တွေ့လိမ့်မယ်။ အဲ့ဒီတောင်ထိပ်ကို လင်းယွင်တောင်ထိပ်လို့ ခေါ်တယ်။ တောင်ထိပ်ပေါ်ကို တက်သွားပြီး… တိမ်ကြားတွေရဲ့ အထဲကို သွားလိုက်ပါ…"
မီးလျှံကျီးကန်း သခင်လေးဟာ စိတ်ပျက်လက်ပျက်နဲ့… "ယုကျင်းတောင်ဟာ ကောင်းကင်ပေါ်က တိမ်ပင်လယ်ရဲ့ အထဲမှာ မျောလွင့်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဘုရား နေရာတစ်ခု ဖြစ်တာမို့… လင်းယွင်တောင်ထိပ်ရဲ့ အပေါ်မှာ ရှိနေခဲ့တာပါ…"
သူက လင်းဖုန်းကို ကြည့်လိုက်ကာ ဖြေးဖြေးချင်းပဲ… "အဲ… ဒါပေမဲ့… ယုကျင်းတောင်ဟာ လှည့်ပတ်နေတဲ့ ခရမ်းရောင် ကောင်းကင်တိမ်တိုက်တွေနဲ့ ဖုံးလွှမ်းနေတာဆိုတော့… ကျုပ်ဟာ အကြိမ်ပေါင်းများစွာ အထဲဝင်ဖို့ကို ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ တကယ်လို့များ ခင်ဗျားက မဝင်နိုင်ခဲ့ရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့ပေါ့ဗျာ…"
"အာ?" လင်းဖုန်းဟာ တိတ်တိတ်လေးပဲ နှာခေါင်းရှုံ့လိုက်ပြီး… သူ့ကို မျက်စောင်းထိုးပြီးမျ ကြည့်လိုက်ပါတယ်။
မီးလျှံကျီးကန်း သခင်လေးဟာ သူ့ရဲ့ခေါင်းကို ငုံ့လိုက်ပြီး… "ဒါက အမှန်တရားပါ… နို့မဟုတ်ရင်တော့ ကျုပ်က ဒီအချိန်မှာ ယုကျင်းတောင်ပေါ်မှာ ပျော်ပါးနေလောက်ပြီပေါ့…"
"အေး… အဲ့ဒီကို ရောက်ရင်တော့ သိရမှာပေါ့ကွာ…" လင်းဖုန်းက အေးအေးဆေးဆေးပဲ ပြောလိုက်ပြီး… မီးလျှံကျီးကန်း သခင်လေးကို ကြည့်လိုက်ကာ… "ဟီးဟီး… တစ်ခုကျန်သေးတယ်… ငါ့ကို မင်းရဲ့ မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့လေးကို ပေးပါဦးကွ…"
မီးလျှံကျီးကန်း သခင်လေးရဲ့ အမူအရာဟာ ရုတ်ချည်းပဲ ပြောင်းသွားခဲ့ပြီး.. "ဟွန့်… ဒီအကြောင်းကို စဉ်းတောင်မှ မစဉ်းစားနဲ့!" ဒါက သူ့ရဲ့အသက်ကို စောင့်ရှောက်နေတဲ့ သူ့ရဲ့ တန်ဖိုးအရှိဆုံး ရတနာ တစ်ပါးပဲ ဖြစ်တာမို့… သူဟာ လက်လွတ်စပယ် မလုပ်ရဲခဲ့ပါဘူး။
အပြင်မှာ ကျင်လည်ကျက်စားခဲ့စဉ်က… သူဟာ သူ့အဖေရဲ့ နာမည်ကိုသာ အသုံးချပြီး ထင်ရာစိုင်းခဲ့တာ မဟုတ်ပါဘူး။ မဟာအကြွင်းမဲ့ မီးတောက် ခုနှစ်ပါးထဲက တစ်ခုကို ဆင့်ခေါ်နိုင်တဲ့… ဒီမဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့လေးကို အသုံးချပြီး ရန်သူတွေကို ရင်ဆိုင်ခဲ့တာပါ။
လင်းဖုန်းက ပြုံးလိုက်ပြီး… "ဟဲဟဲ… မင်းက မဟာလမင်း အကြွင်းမဲ့ရေရဲ့ စွမ်းအားကိုတော့ မြည်းစမ်းခဲ့ပြီးပြီလေ… မဆိုးဘူး မဟုတ်လား?"
"အေး… ငါ့မှာက မဟာလမင်း အကြွင်းမဲ့ရေ မရှိပေမဲ့… မဟာအကြွင်းမဲ့ရေ ခြောက်ပါးထဲက ငရဲကမ္ဘာ အကြွင်းမဲ့ရေတော့ ရှိတယ်ကွ။ ငါကမင်းကို အမြည်းအနေနဲ့ တိုက်လို့တော့ ရပါတယ်ဟ…" လင်းဖုန်းက နွေဦးနေဝန်းလိုမျိုး တောက်ပတဲ့ အပြုံးလေးကို ပြုံးလိုက်ပြီး… "ဟိဟိ… ဒီကနေ့က မင်းရဲ့ ကံကောင်းတဲ့နေ့ပဲ မဟုတ်ဘူးလား? မဟာအကြွင်းမဲ့ရေ နှစ်မျိုးကို တစ်ရက်ထဲနဲ့ သောက်ရတယ်…"
မီးလျှံကျီးကန်း သခင်လေးရဲ့ မျက်နှာဟာ အစိမ်းရောင် သန်းသွားခဲ့ပြီး… ထစ်ငေါ့ထစ်ငေါ့နဲ့… "ဟာ… ခင်.. ခင်ဗျားက ကျုပ်ကို ခြောက်နေတာလား?"
သူ့ရဲ့ စစ်ဆေးမေးမြန်းခြင်းကို အထောက်အကူ ဖြစ်စေဖို့… လင်းဖုန်းဟာ ဝမ်လင်းဆီက ငရဲကမ္ဘာ ပုတီးလုံးလေးကို ယူထားခဲ့ပြီး… ချက်ချင်းပဲ ထုတ်လိုက်ကာ အထဲကနေ ငရဲကမ္ဘာ အကြွင်းမဲ့ရေကို ဆင့်ခေါ်လိုက်ပါတယ်။ မီးလျှံကျီးကန်း သခင်လေးကို မထိသေးခင်မှာပဲ… သူ့ရဲ့ တင်းထားတဲ့ စိတ်တွေဟာ ပြိုကွဲသွားခဲ့ပြီး လင်းဖုန်းကို မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့လေးကို ပေးခဲ့ရတယ်လေ။
မီးလျှံကျီးကန်း သခင်လေးကို အနိုင်ကျင့်ပြီးတော့… လင်းဖုန်းဟာ ကောင်းဖန်နဲ့ ရောင်းရင်းများဆီကို ချီတက်သွားခဲ့ပါတော့တယ်။
သူတို့လေးယောက်သားဟာ ဒဏ်ရာတွေ အပြင်းအထန် ရနေခဲ့ပြီး… အဆိုးဝါးဆုံးကတော့ ကောင်းဖန်ပါ။ မဟာလမင်း အကြွင်းမဲ့ရေရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး… ဝမ်လင်းနဲ့ သူ့ရဲ့ အထီးကျန်သေမင်း လက်ချောင်းရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတော့… သူ့ရဲ့ တစ်ကိုယ်လုံးဟာ သေမင်း အငွေ့အသက်တွေရဲ့ တိုက်စားခြင်းကို ခံနေရပြီး… တစ်ကိုယ်လုံးက အစိမ်းရောင် သန်းနေခဲ့ကာ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့ပါတယ်။
ဒီအချိန်မှာတော့ အရင်က မာနကြီးပြီး မောက်မာတဲ့ ကောင်းဖန်ရဲ့ ပုံစံမျိုး တစ်စက်မှ မရှိတော့ပါဘူး။
လင်းဖုန်းက အနီးကပ်လာတာကို ကြည့်လိုက်ပြီး… ကောင်းဖန်ဟာ သူ့ရဲ့မျက်နှာပေါ်က ရှိသမျှ ကြွက်သားတွေကို ဖျစ်ညှစ်လိုက်ကာ… ငိုနေတာထက်တောင် ကြည့်ရဆိုးတဲ့ အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး… "ကျွန်တော့်ရဲ့ တာအိုရောင်းရင်းလင်း… မဟုတ်ဘူး… စီနီယာလင်း.. စီနီယာလင်း ခင်ဗျ… ကျွန်တော်က စီနီယာနဲ့ တွဲပြီးမှ မီးလျှံကျီးကန်းတွေကို တိုက်ခိုက်ခွင့် ရတာက ကံကောင်းခြင်းပါပဲ… မ.. မဟုတ်ဘူး… ကျွန်တော်ဆိုလိုတာက စီနီယာက မီးလျှံကျီးကန်းတွေကို တိုက်တာကိုပါ…"
"ဘာပဲဖြစ်ဖြစ်… ကျွန်တော်တို့ ဆုံတွေ့ရတာက ကံစပ်လို့ပါ။ အရင်က နားလည်မှု လွဲတာလေးတွေ ရှိခဲ့ကောင်း ရှိခဲ့ပေမယ့်… ကျွန်တော်မျိုးက အရှင့်ရဲ့ အဆင့်အတန်းနဲ့ စွမ်းရည်တွေကို နားမလည်ခဲ့လို့ ဖြစ်ရတာပါ။ လွန်တာရှိရင် ဝန္နာမိပါ ခင်ဗျ… စီနီယာက ကျွန်တော့ကို ဗွေမယူဘူးလို့ မျှော်လင့်ပါတယ် ခင်ဗျ…"
လင်းဖုန်းကလည်း ရယ်ချင်သွားခဲ့ပြီး… "ဟာ… မင်းက မျက်နှာအရေခွံ ထူလှတဲ့ လူဆိုးလူညစ်ပဲ… ဗလောင်းဗလဲ လုပ်တတ်လှချည်လားဟ…"
သူ့ရဲ့ မျက်နှာ အမူအရာကတော့ မပြောင်းလဲခဲ့ပဲ… ကောင်းဖန်ကို လုံးဝ အရေးမထားတဲ့ ပုံစံမျိုးနဲ့… ချင်ထောင်တို့ သုံးယောက်ကို ကြည့်ခဲ့ပါတယ်။
သူတို့သုံးယောက်သားကလည်း ခေါင်းစကနေ ခြေဆုံးအထိ တုန်ခါနေခဲ့ပြီး… ချင်ထောင်ရဲ့ မျက်နှာ ဖောင်းဖောင်းကြီးမှာ လုပ်ပြုံးတစ်ခုကို ကျိတ်မှိတ်ကာ ပြုံးလိုက်ပြီး… "စီ… စီနီယာ…"
သူ့ရဲ့စကားဆုံးအောင် မစောင့်ခဲ့ပဲ… လင်းဖုန်းက ဖြတ်ပြီးမှ… "မင်းတို့အားလုံးက လေနတ်ဘုရား ဂိုဏ်းကပဲလား? ငါမှတ်မိသလောက်ကတော့… မင်းတို့ဂိုဏ်းက ကောင်စုတ်တစ်ကောင်ကို ငါက သတ်ခဲ့သလိုပဲ… သူ့ရဲ့နာမည်ကတော့ ကောင်းလုံဆိုလား?"
ဒီစကားကို ကြားလိုက်ရတော့… ချင်ထောင်တို့ရဲ့ စိတ်ဓာတ်တွေဟာ အောက်ဆုံးအထိ ပြုတ်ကျကုန်ကြတယ်လေ။
လင်းဖုန်းရဲ့ စကားအရဆိုရင်… သူဟာ လေနတ်ဘုရားဂိုဏ်းကို မျက်စိထဲ မထည့်ပါဘူး။ သူဟာ သူတို့ဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ကို သတ်ခဲ့ပြီးပြီဆိုတော့… သူတို့လေးယောက်ကို သတ်ဖို့ကလည်း မခက်ပါဘူး။
လျှိုရှောင်တုန်းရဲ့ သစ်ကိုင်းလိုမျိုး မျက်နှာကြီးဟာ တုန်ခါသွားခဲ့ပြီး… ချင်ထောင်နဲ့ လီရှမ်တို့နဲ့ အကြည့်ချင်း ဖလှယ်လိုက်ကာ… သူတို့အသက်ရှင်ချင်ရင် တန်ဖိုးရှိတဲ့ အရာတွေနဲ့ လှဲလှယ်ရမယ် ဆိုတာကို သဘောပေါက်လိုက်ကြပါပြီ။
တပြိုင်နက်ထဲလိုလိုပဲ… သူတို့သုံးယောက်သားဟာ ကြောက်ရွံ့နေတဲ့ အမူအရာတွေနဲ့ ကောင်းဖန်ဆီကို လက်ညှိုးထိုးလိုက်ကြပြီး… "စီနီယာ ခင်ဗျ… ဒီလူဟာ မဟာမိစ္ဆာ ခွန်းဖန်ရဲ့ ချန်ထားရစ်ခဲ့တဲ့ လျှို့ဝှက်ကျမ်းစာ တစ်စောင်ရဲ့ လျှို့ဝှက်ချက်ကို သိထားတယ်ဗျ…"
"ကောင်းကင်နဲ့မြေကြီး လျှို့ဝှက်ကျမ်းစာဟာ စွမ်းအားကြီးတဲ့သူတွေကသာ အသုံးချနိုင်တာပါ… စီနီယာရဲ့ စွမ်းရည်နဲ့သာ ထိုက်တန်ပါတယ် ခင်ဗျ…"
"ကောင်းဖန်ဟာ သူ့ရဲ့နေရာကို သိနေရုံတင် မကပဲ… ဒီလျှို့ဝှက်ကျမ်းစာကို အသက်သွင်းနိုင်တဲ့ မှော်အိုင်တမ် တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးတယ်ဗျ… စီနီယာ သိထားဖို့ပါ ခင်ဗျား…"
သုံးယောက်သားဟာ ဘာတစ်ခုမှ ထိမ်ချန်မထားပဲ… သူ့ကို အပြည့်အဝ သစ္စာဖောက်လိုက်တာကို ကြည့်လိုက်ရင်း… ကောင်းဖန်ဟာ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးဟာ တုန်ခါလာခဲ့ပြီး… မျက်တောင်တွေ တဖျတ်ဖျတ် ခါသွားခဲ့ပြီး မူးမေ့သွားခဲ့ ရှာပါတော့တယ်။
လင်းဖုန်းကလည်း လက်ချောင်းတစ်ချောင်းနဲ့ သာမန်သာ ထိုးလိုက်ရင်း… သူ့ကို နှိုးလိုက်တယ်လေ။ လင်းဖုန်းကသူ့ကို တည်ငြိမ်စွာနဲ့ပဲ ကြည့်နေခဲ့တာကို တွေ့လိုက်ရတော့… ကောင်းဖန်ဟာ ခါးသီးစွာနဲ့သာ ပြုံးနိုင်ခဲ့ပါတယ်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu