အပိုင်း ၁၂၁ : တရားမျှတမှုဟာ မင်းအတွက် ဘယ်လောက်အရေးကြီးသလည်း?
လျှိုရှောင်တုန်းဟာ သူ့ရဲ့လက်တွေကို အတူစုစည်းလိုက်ပြီး... မှော်ကျိန်စာ သင်္ကေတ တစ်ခုကို ဖန်ဆင်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြင်းထန်လှတဲ့ မုန်တိုင်းတစ်ခုဟာ တိုက်ခတ်လာခဲ့ပြီး... သဲတွေ.. ဖုန်တွေ.. ကျောက်စကျောက်နတွေဟာ ကောင်းကင်ယံမှာ ပျံ့လွင့်ပြီး... နေမင်းကို ဖုံးအုပ်ခဲ့ပါတော့တယ်။
လူအုပ်ထဲမှာ... 'လေနတ်ဘုရားဂိုဏ်းရဲ့ လေဝဲကတော့ နည်းစနစ်' ဆိုတဲ့ အံ့ဩထိတ်လန့်နေတဲ့ အသံတွေကို ကြားခဲ့ရတယ်လေ။ လီချန်းရှီကလွဲလို့... ကျန်တဲ့ အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူ နှစ်ယောက်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါပြီ။
သူတို့ထဲက တစ်ယောက်က... "ငါကမင်းကို ဖျက်ဆီးပစ်မယ်ဟေ့!" လို့အော်လိုက်ပြီး... သူ့ရဲ့ တစ်ကိုယ်လုံးမှာ မှော်စွမ်းအင်တွေကို ဖြန့်ကျက်လိုက်ကာ... တစ်ကိုယ်လုံးက တဖြေးဖြေးနဲ့ ပိုပြီးကြီးလာခဲ့ပါတယ်။ သူ့ရဲ့ မြင်နေရတဲ့ ကြွက်သားတွေဟာ ပေါက်ကွဲနေတဲ့ စွမ်းအားတွေနဲ့ ပြည့်နေခဲ့တယ်လေ။
တကယ်တမ်းတော့ သူဟာ... ကြွက်သားခန္ဓာကိုယ် နတ်ဘုရား သိုင်းလမ်းစဉ်ကို လေ့ကျင့်နေတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်တာပါ။ သူဟာ လျှိုရှောင်တုန်းရဲ့ သဲဝဲကတော့ နည်းစနစ် ဖုံးလွှမ်းထားခဲ့တဲ့ နေရာကို ရိပ်ကနဲ ရောက်သွားခဲ့ပြီး... သဲမှုန်တွေနဲ့ ကျောက်စတို့ရဲ့ လွှမ်းမိုးထားခြင်းကို ခံလိုက်ရတော့ သူရဲ့မြင်ကွင်းဟာ... အနက်ရောင်နဲ့ အဝါရောင်တွေနဲ့ ပြည့်သွားခဲ့ပါတယ်။
"အင်း... ငါ့ရဲ့ ကြွက်သား ခန္ဓာကိုယ်ဟာ ကြီးမားပြီး... သူ့ရဲ့ မှော်ကျိန်စာကို ကြံ့ကြံ့ခံနိုင်တယ်။ ငါက သူ့ရဲ့ မှော်ကျိန်စာကို ကျော်သွားနိုင်ပြီး... သူ့ရဲ့အနားကို ကပ်နိုင်လို့ ရှိရင်တော့... သူဟာ အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်ကို ရောက်နေခဲ့ပေမယ့်... ငါ့ရဲ့ သံမဏိ လက်သီးနဲ့ သူ့ကို ထိုးနိုင်မှာပဲကွ..."
ဒါပေမဲ့လည်း... တစ်ခုခုက မှားနေပြီး ဆိုတာကို လျှင်မြန်စွာနဲ့ပဲ တွေ့ရှိလိုက်ရပါပြီ။ မီတာတစ်ရာလောက် ရှေ့တိုးသွားပြီးပေမယ့်... သူဟာ ဒီသဲမုန်တိုင်းကို မကျော်သွားနိုင်သေးပါဘူး။ ခဏအကြာမှာပဲ... သူဟာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အမှန်တရားကို တွေ့ရှိလိုက်ရပါတော့တယ်။ သူက ဘယ်လိုပဲ ကြိုးစားကြိုးစား... ဒီသဲမုန်တိုင်းထဲကနေ ထွက်ဖို့ရာကို မတတ်နိုင်ခဲ့ပါဘူး။ ပြီးတော့လည်း လေပြင်းနဲ့ သဲတွေဟာ ပိုပြီးပိုပြီး အားကောင်းလာခဲ့တာမို့... သူ့ကို အဆက်မပြတ်ပဲ တိုက်စားနေခဲ့ကာ သူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်စွမ်းဟာ တဖြေးဖြေးနဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပြီလေ!
အပြင်ကနေပြီးမှ သူဟာ... လျှိုရှောင်တုန်းရဲ့ ရယ်သံတွေကို ကြားနေခဲ့ရပါတယ်... "ဟားဟား... ငါ့ရဲ့ သဲဝဲကတော့ နည်းစနစ်ဟာ ဘယ်တုံးကမှ တိုက်စစ်အဖြစ်နဲ့ မသုံးခဲ့ဖူးဘူး။ ဒါပေမဲ့လည်း... အထဲကို ဝင်သွားလို့ ရှိရင်တော့... အသက်ရှင်ပြီးမှ ပြန်ထွက်လာဖို့ကို စိတ်မကူးနဲ့တော့!"
ဒီသဲမုန်တိုင်းထဲကို မဝင်ကြရသေးတဲ့ တခြားကျင့်ကြံသူတွေရဲ့ မျက်နှာတွေကလည်း ဖွေးဆွတ်ကုန်ကြပါပြီ။ ကျန်နေသေးတဲ့ အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်က ကျင့်ကြံသူ တစ်ယောက်က... ဟေ့... ဒီလောက်ထိလည်း ပျော်မနေပါနဲ့ဦး" လို့အော်လိုက်ပြီး... "ငါတို့က မင်းရဲ့ သဲမုန်တိုင်းထဲကို မဝင်ရင်... မင်းကငါတို့ကို ဘာမှ မလုပ်နိုင်ပါဘူး..." ပြီးတာနဲ့ သူ့ရဲ့မှော်ကျိန်စာကို ဖော်ထုတ်လိုက်ပါတယ်။
သူဟာ သူ့ရဲ့ခြေအောက်က မြေပြင်ပေါ်ကို သူ့ရဲ့မှော်စွမ်းအင်တွေကို ပို့လွှတ်လိုက်ရာ... အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာခဲ့ပြီး... မြေငလျင် လှုပ်သလိုမျိုး ကျယ်လောင်တဲ့ အသံတွေနဲ့... မြေပြင်နဲ့ ကျောက်တွေဟာ တုန်ခါကုန်ကြပါပြီ။
လူအုပ်ကြီးရဲ့ အကြည့်တွေအောက်မှာ... ဆယ်ပေလောက်မြင့်ပြီး ပခုံးကျယ်ကျယ် ခါးတုတ်တုတ်နဲ့ ဂိုလမ်တစ်ခုဟာ မြေကြီးရဲ့အောက်ကနေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဂိုလမ်ဟာ ကောင်းကင်ကိုကြည့်ပြီး တိတ်ဆိတ်စွာနဲ့ပဲ ဟိန်းဟောက်လိုက်ပါပြီ။ အသံမထွက်လာခဲ့ပေမယ့်... ဧရာမ မှော်စွမ်းအင် ပေါက်ကွဲမှုကြီး တစ်ခုဟာ ရှိနေကြတဲ့ ကျင့်ကြံသူတိုင်းရဲ့ စိတ်နှလုံးကို တုန်လှုပ်စေခဲ့တယ်လေ။ ငြိမ်သက်စွာ ဟိန်းဟောက်လိုက်ရင်းကပဲ... ဒီဂိုလမ်ဟာ လျှိုရှောင်တုန်းဆီကို ခုန်အုပ်လိုက်ပါတယ်... သူ့ရဲ့တစ်ကိုယ်လုံးကို ဖွဲ့စည်းထားတဲ့ ကျောက်တုံးတွေကလည်း တုန်ခါနေလို့ပါ။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း... ခြေရာအနက်ကြီးတွေ ကျန်နေရစ်ခဲ့ကာ ကြည့်ရတာ အလွန်အမင်းကိုမှပဲ အထင်ကြီးဖွယ်ရာ ရှိနေခဲ့တယ်လေ။
လျှိုရှောင်တုန်းဟာ ပိန်ပိန်ပါးပါး.. အရပ်ရှည်ရှည်နဲ့ပါ... ဒီဧရာမ ဂိုလမ်ကြီးရဲ့ အရှေ့မှာတော့... သူဟာ ပိစိကွေးလေး တစ်ယောက်လို ဖြစ်နေခဲ့ပေမယ့်... အထင်ကြီးခြင်း.. ကြောက်ရွံ့ခြင်းမျိုးတွေ မရှိခဲ့ပါဘူး။ သရော်လှောင်ပြောင်တဲ့ အနေနဲ့ နှာတစ်ချက်တောင် မှုတ်လိုက်ပါသေးတယ်။
လျှိုရှောင်တုန်းရဲ့ ဘေးမှာရပ်နေတဲ့ ချင်ထောင်ကလည်း... ဒါကို သတိပြုမိလိုက်တော့ ဘာကိုမှ မပြောခဲ့ပဲနဲ့ ရယ်လိုက်ကာ... "ဟားဟား... ဒါဆိုရင်လည်း ငါ့အလှည့်ပေါ့ကွာ..." သူ့ရဲ့အရှေ့မှာ အနက်ရောင် လေဆင်နှာမောင်း တစ်ခုဟာ ပေါ်လာခဲ့ပြီး... အဆက်မပြတ်ပဲ လည်ပတ်နေခဲ့ပါပြီ။
ချင်ထောင်ရဲ့ မျက်နှာဖောင်းဖောင်းကြီးဟာ တုန်ခါနေခဲ့ကာ... ကောက်ကျစ်စွာနဲ့ ပြုံးလိုက်ပြီး... "ဟဲဟဲ... ငါ့ရဲ့ ခရုပတ်မြေပြင် လေဆင်နှာမောင်းက လီရှမ်တို့.. လျှိုရှောင်တုန်းတို့လို မရှုပ်ထွေး.. မပွေလီ ပါဘူးကွာ... မင်းကို တိုက်ရိုက်ပဲ တိုက်ခိုက်မှာပါ!"
အနက်ရောက် လေဆင်နှာမောင်း ကနေပြီး... အနက်ရောင် နဂါးတစ်ကောင်ဟာ ပေါ်ထွက်လာခဲ့ပြီး... ဂိုလမ်ကြီးကို ဟိန်းဟောက်လိုက်ပါတယ်။ ပျံသန်းနေရင်းကပဲ... ဒီအနက်ရောင် လေဆင်နှာမောင်းဟာ ပြင်းထန်စွာနဲ့ တွန့်လိမ်သွားခဲ့ပြီး... ရှေ့ဆက်နေရင်းက စက်ဝိုင်းပုံစံ ဖြစ်သွားခဲ့ပါပြီ။ သူ့ရဲ့ အရှေ့ပိုင်းကနေပြီး... စွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ ထိုးဖောက်နိုင်တဲ့ စွမ်းအားတစ်ခုဟာ ပေါ်ထွက်လာခဲ့ပြီလေ။
ချင်ထောင်ရဲ့ ခရုပတ်မြေပြင် လေဆင်နှာမောင်းဟာ... ဂိုလမ်ကြီးရဲ့ခေါင်းကို လွန်ပူကြီးလိုမျိုး ထိုးဖောက်လိုက်ပြီး... အထဲကို ရောက်သွားတဲ့အထိကို အဆက်မပြတ်ပဲ လည်ပတ်နေခဲ့ပါပြီ။ ဒီအချိန်မှာပဲ... ဆယ်ပေလောက်ရှိတဲ့ ဂိုလမ်ကြီးဟာ ချက်ချင်း ကြေမွသွားခဲ့ပြီး... အပျက်အစီး တစ်ပုံအဖြစ်ကို ဘဝပြောင်းသွားခဲ့ပါတော့တယ်။
ဂိုလမ်ကြီးကို ထိန်းချုပ်နေခဲ့တဲ့ ကျင့်ကြံသူရဲ့ ခေါင်းကလည်း... ပေါက်ကွဲလုမတတ် ကိုက်လာခဲ့ကာ... နာကျင်စွာနဲ့ပဲ အော်ဟစ်ညည်းညူနေခဲ့ပြီး... မြေပြင်ပေါ်ကို ဒူးထောက်ပြီးမှ ကျသွားခဲ့ပါပြီ။ ဒီခရုပတ်မြေပြင် လေဆင်နှာမောင်းဟာ သူ့ကို တိုက်ရိုက်တိုက်ခိုက်ခဲ့တာ မဟုတ်ပဲ... ဂိုလမ်ရဲ့ အထဲမှာ ထည့်သွင်းထားတဲ့ မှော်စွမ်းအင်တွေကိုသာ ဖျက်ဆီးပစ်ခဲ့တာပါ။ ဒါက သူ့ရဲ့ စိတ်ဝိညာဉ်ကနေ ဖန်ဆင်းထားတဲ့ မှော်ကျိန်စာကို ဖျက်ဆီးရာ ရောက်ခဲ့ပြီး... သူ့ရဲ့ စိတ်ဝိညာဉ်ကိုလည်း ဒဏ်ရာရစေခဲ့တယ်လေ။
ယန်ချင်.. လီချန်းရှီနဲ့ ကျန်နေတဲ့ ကျင့်ကြံသူတွေရဲ့ မျက်နှာတွေကတော့ သွေးမရှိသလိုမျိုး ဖွေးဆုတ်ကုန်ကြပါပြီ။ ကျင့်ကြံမှု အဆင့်ပဲဖြစ်စေ.. မှော်ကျိန်စာတွေရဲ့ စွမ်းအားပဲဖြစ်စေ... သူတို့ဟာ ဘက်ပေါင်းစုံကနေ အရေးနိမ့်နေခဲ့တယ်လေ။
ကြောက်ရွံ့ထိတ်လန့်နေတဲ့ လီချန်းရှီဟာ သူမရဲ့ အံကိုကြိတ်လိုက်ပြီး... သူမရဲ့ သိုလှောင်အိတ်ထဲက အနက်ရောင် ဘောလုံးလေးကို ထုတ်လိုက်ကာ... လီရှမ်ရဲ့ ငှက်တောင်တစ်ထောင် လှေကားထစ် လေပြင်း အရံအတားဆီကို ပစ်ပေါက်လိုက်ပါတယ်။
ယန်ချင်ရဲ့ မျက်လုံးအစုံဟာ လင်းလက်သွားခဲ့ပြီး... "ဟာ... မိုးကြိုးခြိန်းသံလား?"
မိုးကြိုးခြိန်းသံ ဆိုတာက တစ်ခါသုံး မှော်အိုင်တမ် တစ်ခုဖြစ်ပြီး... တစ်ယောက်ရဲ့ ရန်သူတွေကို လျှပ်စီးမိုးကြိုးတွေနဲ့ တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။
ကျန်တဲ့သူတွေကလည်း မျှော်လင့်ချက် ရောင်ခြည်တွေ တစ်ဖန်ပြန်ပြီးမှ ရှင်သန်လာခဲ့ပါပြီ။ သူတို့ဟာ လီရှမ်ရဲ့ ငှက်တောင်တစ်ထောင် လှေကားထစ် လေပြင်း အရံအတားကိုသာ ချိုးဖောက်နိုင်ခဲ့မယ်ဆိုရင်... လွတ်မြောက်နိုင်ဖို့ လမ်းကြောင်းတစ်ကြောင်းကို မျှော်လင့်လို့ ရပါသေးတယ်။
မိုးကြိုးခြိန်းသံဟာ လေပြင်း အရံအတား နရံနဲ့ ဝင်တိုက်ခဲ့ပြီး... မိုးကြိုးလျှပ်စီးတွေနဲ့ ပေါက်ကွဲသွားခဲ့ပါပြီ။ မိုးကြိုးတွေဟာ ကျယ်လောင်လှတဲ့ အသံတွေနဲ့အတူ ငှက်တောင်တစ်ထောင် လှေကားထစ် လေပြင်းတွေနဲ့ ရင်ဆိုင်လိုက်ပြီး... သူ့ကို ဒယီးဒယိုင်နဲ့ ယိမ်းထိုးသွားစေခဲ့ကာ... ပြိုကျပျက်စီးတော့မယ့် ပုံစံမျိုး ဖြစ်စေခဲ့တယ်လေ။
ဒါပေမဲ့လည်း... လီချန်းရှီနဲ့ သူမရဲ့ အုပ်စုဟာ မပြုံးနိုင်သေးခင်မှာပဲ... စိတ်ပျက်အားလျော့ဖွယ်ရာ အဖြစ်တစ်ခုဟာ ဖြစ်ပေါ်လို့ လာခဲ့ပါတယ်။
လီရှမ်က အေးစက်စွာနဲ့ ရယ်လိုက်ပြီး သူ့ရဲ့မှော်ကျိန်စာ သင်္ကေတတွေကို ပြောင်းလဲလိုက်ပါပြီ။ ငှက်တောင်တစ်ထောင် လှေကားထစ် လေပြင်း အရံအတားဟာ... ထောင်နဲ့သောင်းနဲ့ ချီသော လေပြင်းဓားမြောင်ပေါင်း များစွာအဖြစ်ကို ပြောင်းလဲပြီးမှ သွားခဲ့ပြီလေ။ တခဏလေး အတွင်းမှာပဲ... ကောင်းကင်ကြီးဟာ လေပြင်းဓားပျံတွေနဲ့ ပြည့်သွားခဲ့ပြီး... မိုးကြိုးလျှပ်စီးတွေကို တစ်စစီ ဖြတ်တောက်ပစ်လိုက်ပါတယ်!
ဒီမတိုင်ခင်တုံးက... ဒီအရံအတားဟာ ခံစစ်အနေနဲ့ အသုံးပြုခဲ့တာပါ... ဒီအချိန်မှာတော့ လီရှမ်ဟာ ခံစစ်ကနေ တိုက်စစ်ပြောင်းလိုက်ပြီး... သူ့ရဲ့စွမ်းအားတွေကို ထုတ်ဖော်ပြသခဲ့ပါပြီ။ ကောင်းကင်နဲ့ မြေကြီးတို့ကို လွှမ်းခြုံထားခဲ့တဲ့ လေပြင်းဓားမြောင်တွေဟာ လူတိုင်းရဲ့ မြင်ကွင်းကို ဖုံးကွယ်ထားခဲ့ပြီး... လူအုပ်ကြီးအထဲက လူတိုင်းရဲ့ ပေါ်နေတဲ့ အသားတွေ မှန်သမျှကို တိုက်ခိုက်ခဲ့ပါတော့တယ်။
လီချန်းရှီကတော့ ပထမဦးဆုံး ဓားစာခံ ဖြစ်သွားခဲ့ရရှာပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ဟာ သွေးသံရဲရဲနဲ့ မြေပြင်ပေါ်ကို လဲကျသွားခဲ့တယ်လေ။ တခြားကျင့်ကြံသူတွေကလည်း ကြံရာမရဖြစ်ပြီး... လေပြင်းဓားမြောင်တွေကို သွေးရူးတမ်းရူးနဲ့ ခုခံခဲ့ကြပေမယ့်... ကျင့်ကြံမှု အဆင့်နိမ့်တဲ့ သူတွေဟာ လေပြင်းဓားမြောင်တွေရဲ့ တစ်စစီ ဖြတ်တောက်ခြင်းကို ခံခဲ့ရပါပြီ။ ဒါက တကယ်ကိုမှပဲ ထိတ်လန့်ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုပဲ ဖြစ်ပါတော့တယ်။
နောက်ဆုံးမှာတော့... လေပြင်းဓားမြောင်တွေရဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းဟာ ရပ်သွားခဲ့ပြီး... ကျန်နေတဲ့ သူတွေအားလုံးဟာ ဒဏ်ရာတွေ အပြည့်နဲ့ သနားစရာ အဖြစ်မျိုးကို ကြုံတွေ့ခဲ့ရတယ်လေ။
ဒီအချိန်မှာ လျှိုရှောင်တုန်းဟာ ကျယ်လောင်စွာနဲ့ ရယ်မောလိုက်ပါပြီ... လူတစ်ယောက်ကလည်း သဲဝဲကတော့ နည်းစနစ်ရဲ့ အထဲကနေပြီး ပျံထွက်လာခဲ့ပါတယ်။ သူကတော့ အစောနက ဒီထဲကို ဝင်သွားခဲ့တဲ့ ကျင့်ကြံသူပါ။ သူဟာ မသေသေးပေမယ့်... သူ့ရဲ့တစ်ကိုယ်လုံးဟာ သဲမုန်တိုင်းရဲ့ တိုက်စားခြင်းကို ခံခဲ့ရတော့ အပေါက်သေးသေးလေးတွေ.. ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့ပြီလေ။
အခြေအနေတွေက အတော်ကို မလှတော့ပါဘူး... သူတို့ဘက်က အစွမ်းအထက်ဆုံး အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူတွေဟာ ဒဏ်ရာအပြင်းအထန် ရထားကြပြီး... ခုခံဖို့ စွမ်းအားတွေလည်း မရှိကြတော့ပါဘူး။ အကုန်လုံးရဲ့ စိတ်ထဲမှာကလည်း စိတ်ပျက်အားလျော့မှုတွေနဲ့ ကြံရာမရ ဖြစ်ကုန်ကြပါပြီ။
တစ်ယောက်ကလည်း အော်လိုက်ပြီး... "ဟေ့... ဒါက ခွန်းလွန်တောင်ရဲ့ မြောက်ဘက်တောင်ခြေကွ။ မင်းတို့ လေနတ်ဘုရားဂိုဏ်းက တပည့်တွေက ဒီနေရာကို လာပြီးမှ ငါတို့ကို အစုလိုက် အပြုံလိုက် သတ်ရဲတာလား? ဒီမှာရှိတဲ့ ဂိုဏ်းတွေ အများကြီးထဲက ဘယ်သူကမှ... ငါတို့အတွက် လာပြီးတော့ တရားမျှတမှုကို မရှာပေးဘူးလို့ မင်းတို့က ထင်နေတာလား?"
ချင်ထောင်နဲ့ တခြားအဖော် နှစ်ယောက်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး... တပြိုင်နက်ထဲပဲ ဝါးလုံးကွဲ ရယ်လိုက်ကြပါတော့တယ်။
"ဟားဟားဟား... တရားမျှတမှု?" ချင်ထောင်က သူ့ရဲ့လက်ကို မြောက်လိုက်ပြီး စဉ်းလဲစွာနဲ့ ပြုံးလိုက်ကာ... "မင်းတို့က ဒီမှာရှိတဲ့လူတွေ တစ်ဦးတစ်ယောက်က လွတ်မြောက်ပြီး သတင်းဖြန့်နိုင်လိမ့်မယ်လို့ ထင်နေတာလား? မင်းက တရားမျှတမှုကို လိုချင်နေတာလား? ကောင်းပြီ... ငါကလည်းမင်းကို ပေးရတာပေါ့။ ငါ့ရဲ့ လက်သီးတစ်စုံနဲ့ စွမ်းအားတွေဟာ တရားမျှတမှုပဲ!" ချင်ထောင်ဟာ သူ့ရဲ့လက်အစုံကို ပူးကပ်လိုက်ပြီး... နောက်ထပ် အနက်ရောင် လေဆင်နှာမောင်း တစ်ခုကို သူ့ရဲ့ဘေးမှာ ဖန်ဆင်းခဲ့လိုက်ပါတယ်။
"ဟင့်... တကယ်လို့များ တစ်ယောက်ရဲ့ ကျင့်ကြံမှု အဆင့်နဲ့ မှော်ကျိန်စာ တွေကသာ တရားမျှတမှု ဆိုရင်တော့... မင်းရဲ့ တရားမျှတမှုက အဆင့်နိမ့်နေသေးတယ်ကွ!"
ဒီအချိန်မှာပဲ... အေးဆေးပြီး တည်ငြိမ်နေတဲ့ အသံတစ်သံဟာ... ချင်ထောင်ရဲ့ ရယ်သံတွေကို တိတ်သွားစေခဲ့ပါတယ်။
ချင်ထောင်က လူအုပ်ကြီးအထဲကို စူးစူးဝါးဝါးကြီး ရှာကြည့်လိုက်တဲ့ အချိန်မှာပဲ.. လီရှမ်နဲ့ လျှိုရှောင်တုန်းတို့ကလည်း အသံလာရာဘက်ကို လှည့်ကြည့်လိုက်ပါပြီ။ အကုန်လုံး... ဒဏ်ရာပြင်းထန်စွာ ရထားတဲ့ လီချန်းရှီ.. နုံးချည့်နေတဲ့ ကောင်းဖန်နဲ့ မီးလျှံကျီးကန်း သခင်လေး... အားလုံးတို့ဟာ သစ်ပင်တစ်ပင်အောက်မှာ တင်ပုလ္လင်ခွေ ထိုင်နေတဲ့ လူငယ်လေးဆီကို ကြည့်လိုက်ကြပါတော့တယ်။
လင်းဖုန်းရဲ့ အမူအရာတွေဟာ တည်ငြိမ်နေခဲ့ပြီး... သစ်ပင်အောက်မှာပဲ ငြိမ်သက်စွာနဲ့ ထိုင်နေခဲ့တယ်လေ။ သူဟာ မတ်တတ်ရပ်ဖို့လည်း ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ချင်ထောင်ကလည်း အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ပြီး... သူ့ရဲ့မျက်နှာ ဖောင်းဖောင်းကြီးမှာ ဘာခံစားချက်မှ မဖော်ပြခဲ့ပဲ သူ့ကိုကြည့်လိုက်ကာ... "အိုး? မင်းပြောတဲ့အတိုင်းဆို... ဘယ်အဆင့်ရောက်မှ လုံလောက်မှာလည်းကွ?"
လင်းဖုန်းကလည်း ကြည်လင်ငြိမ်သက်စွာနဲ့... "အင်း... ဥပမာအားဖြင့် ဆိုရင်တော့... ငါ့လိုအဆင့် ရောက်ရင်ပေါ့ကွာ..."
လီချန်းရှီကလည်း မအောင့်နိုင်တော့ပဲ... "ဟေ့... လူယုတ်လူညံ့... ဒီအချိန်ရောက်မှ ဆရာကြီးပုံ လာဖမ်းနေတယ်။ မင်းက အသေဆိုးနဲ့ သေချင်နေတာလား?" လူအုပ်ကြီးကလည်း ဒီအချိန်မှာ သတိပြန်ဝင်လာခဲ့ပြီး... လင်းဖုန်းကို အရူးတစ်ယောက် ပုံစံမျိုးနဲ့ ကြည့်နေကြပါပြီ။
"ဟွန့်... မီးလျှံကျီးကန်းတွေနဲ့ တိုက်ပွဲတုံးက... သူက အနောက်မှာ ပုန်းနေတာ... အခုကျမှ ဘာအကွက်တွေ လာခင်းနေတာလည်း? သူရဲကောင်း ဟန်ဆောင်ချင်နေရင် ဒီအချိန်က အချိန်ကောင်း မဟုတ်ဘူးလေ..."
"ရှူး... တိုးတိုးနေ... သူက အာရုံလွှဲပေးလိုက်တာ ကောင်းတဲ့ကိစ္စမျိုး မဟုတ်ဘူးလား? မင်းတို့အားလုံး သိတဲ့အတိုင်းပဲ... လူသတ်သမား သုံးယောက်က အာရုံပြောင်းသွားရင်... ငါတို့က လွတ်မြောက်နိုင်ဖို့ အခွင့်အရေး ရှိနိုင်တယ် မဟုတ်ဘူးလား..."
"အေး... မင်းပြောတာလည်း ဟုတ်သားပဲ။ သူက နောက်ဆုံးတော့ ဒီလိုမျိုး နည်းနဲ့လည်း ကူညီပေးတတ်သားပဲ..."
လူအုပ်ကြီးက ဘယ်လိုပဲပြောပြော... လင်းဖုန်းရဲ့ အမူအရာဟာ အရင်အတိုင်းပဲ တောက်ပကြည်လင်ကာ အေးဆေးငြိမ်သက်နေခဲ့ပြီး... သစ်ပင်ရဲ့အောက်မှာ တိတ်ဆိတ်စွာနဲ့ပဲ တင်ပုလ္လင်ခွေကာ နေခဲ့ပါတယ်။
ချင်ထောင်က အေးစက်စွာနဲ့ ရယ်လိုက်ပြီး... "ဟင်းဟင်း... လက်စသတ်တော့ ငကြွားလေး တစ်ကောင်ကလည်း ရှိနေတာပဲ! သစ်ပင်အောက်မှာ ထိုင်ပြီးတော့ ငါတို့ကို အရူးလိုမျိုး လုပ်နေဖို့... ဘာများ အစွမ်းရှိသလည်း ဆိုတာကို ငါက စမ်းကြည့်လိုက်ဦးမယ်ကွ!"
လင်းဖုန်းက တစ်ခုခု ပြန်ပြောဖို့ ကြံရွယ်လိုက်ပေမယ့်... ချက်ချင်းပဲ စိတ်ပြောင်းသွားကာ ပြုံးပြီးတော့မှပဲ ပါးစပ်ကို ပြန်ပိတ်လိုက်ပါတယ်။ သူဟာ ဘာမှ မပြောခဲ့ရုံတင် မကပဲ... အနားယူနေသလိုမျိုး သူ့ရဲ့ မျက်လုံးတွေကိုတောင် ပိတ်လိုက်သေးတယ်လေ။
လူအုပ်ကြီးကလည်း ဒေါသအိုးတွေ ပေါက်ကွဲသွားခဲ့ပြီး... "ဟာ... သူက ဘာလုပ်နေတာလည်း? မျက်စိမှိတ်ပြီးမှ သေဖို့စောင့်နေတာလား?"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu