အပိုင်း ၁၁၄ : တောင်ထိပ်ပေါ်က နောက်ထပ် တောင်တစ်တောင်
ပထဝီဝင် အနေအထား အရဆိုရင် ခွန်းလွန်တောင်ဟာ ဟန်တွမ်းတောင်တန်းရဲ့ အနောက်ဘက်မှာ ရှိတာပါ။ တိတိကျကျ ပြောရရင်... သူဟာ ဟန်တွမ်းတောင်တန်းရဲ့ အနောက်မြောက်ပိုင်းနဲ့ တစ်ဆက်တည်း ရှိနေတာပဲ ဖြစ်ပြီး... ဒီကမ္ဘာရဲ့ အကြီးမားဆုံး တောင်တွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။
ဒီတောင်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တောင်ထိပ်ပေါင်း များစွာရှိပြီး... စိတ်ဝိညာဉ် စွမ်းအင်တွေလည်း သိပ်သည်းလှတယ်လေ။ ဂိုဏ်းပေါင်းများစွာနဲ့ ကျင့်ကြံသူ အများအပြားတို့ဟာ ဒီနေရာက ဂူတွေကို ရွေးပြီးမှ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လေ့ကျင့်ကြတာပါ။
အစတုံးက ရှောင်ယန်တို့ တတွေနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ သူတွေဟာ လေနတ်ဘုရားဂိုဏ်းက တပည့်တွေပဲ ဖြစ်ပါတယ်။ လေနတ်ဘုရားဂိုဏ်းဟာ ခွန်းလွန်တောင်ရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိပြီး... စိတ်ဝိညာဉ် စွမ်းအင်တွေ ကြွယ်ဝတဲ့ တောင်ကြားတစ်ခုထဲမှာ တည်ရှိတာပဲ ဖြစ်တာပါ။ ရှောင်ယန်က သူတို့ရဲ့ ပြိုင်ဘက်တွေဟာ လေနတ်ဘုရားဂိုဏ်းကလို့ ပြောလိုက်တုံးက... လင်းဖုန်းဟာ ဒီအချက်ကို တွေးမိပြီးမှ ထူးဆန်းတဲ့ အမူအရာမျိုး ဖြစ်သွားခဲ့ပါသေးတယ်။ သူတို့ဟာ အိမ်နီးနားချင်းတွေ ဖြစ်လာဖို့ ဖြစ်နိုင်ခြေကောင်းကောင်း ရှိနေတယ်လေ။
ခွန်းလွန်တောင်ဟာ နေရာကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားတယ် ဆိုပေမယ့်လည်း... အများစုဟာ သာမာန်ထက်သာ သာတဲ့အရည်အသွေးတွေ ရှိကြတာပါ။ ဒီနေရာမှာ အခြေစိုက်တဲ့ ဂိုဏ်းပေါင်းဟာ မြောက်မြားစွာ ရှိပေမယ့်... ထိပ်တန်းဂိုဏ်းတွေကတော့ သိပ်မရှိပါဘူး။ အများစုဟာ သာမာန်အဆင့်မျိုးသာ ရှိကြတာလေ။
ဒါကြောင့်ပဲ လင်းဖုန်းဟာ အနည်းငယ်တော့ သံသယတွေ ရှိနေခဲ့ပါပြီး... လုံရဲ့ပေးထားတဲ့ အချက်အလက်တွေရဲ့ မှန်ကန်မှုကို မေးခွန်းထုတ်နေမိခဲ့ပါတယ်။ တကယ်လို့များ ယုကျင်းတောင်ဟာ ဒီလောက်အထိ ကောင်းရိုးမှန်ရင်... ဘာဖြစ်လို့ တခြားသူတွေက မယူကြသေးတာလည်း? ယုကျင်းတောင် ဆိုတာက လုံရဲ့ကသူ့ကို ထောက်ခံအကြံပြုခဲ့တဲ့ တောင်ပဲဖြစ်ပါတယ်။
"ယုကျင်းတောင် ဆိုတာက ခွန်းလွန်တောင်မှာ အပြည့်အဝ ရှိနေတာ မဟုတ်ဘူး။ သူဟာ တစ်နှစ်ပတ်လုံး မြူခိုးမြူငွေ့တွေနဲ့ ကာဆီးထားပြီး လေပြင်းတွေနဲ့ ဝန်းရံထားတဲ့... ကောင်းကင်ကိုးလွှာရဲ့ အထက်မှာ လွင့်မျောနေတဲ့ တောင်တစ်တောင်ပဲ ဖြစ်တာပါ။ ဒါကြောင့်ပဲ... ဒီတောင်ဟာ သီးသန့်ဟင်းလင်းပြင်ထဲမှာပဲ ရှိနေခဲ့ပြီး... သူကြိုက်တဲ့အချိန် ပေါ်လာပြီး ပျောက်သွားခဲ့လို့ရကာ... ဒီကမ္ဘာကြီးနဲ့ လုံးလုံးကို မသက်ဆိုင်ဘူးရှင့်..."
လုံရဲ့က ပြောထားခဲ့တဲ့ စကားတွေဟာ သူ့ရဲ့နားထဲမှာ ပြန်ပေါ်လာခဲ့ပါတယ်... "ယုကျင်းတောင်ဟာ ပုံမှန်ဆိုရင် လေဟာနယ် အက်ကွဲကြောင်းတွေရဲ့ အထဲမှာ ပုန်းကွယ်နေပြီး... သူ့ရဲ့ဝင်ပေါက်ကို ရှာဖို့ကလည်း အမတန်မှပဲ ခက်ခဲတာပဲ။ နှစ်ပေါင်း ၆၀ပြည့်တိုင်းမှာ သူဟာ တစ်ခါပေါ်လာလေ့ရှိတယ်... သူဟာ တခြား အာကာသ တစ်ခုကနေပြီး... ကျွန်မတို့ရဲ့ ကမ္ဘာထဲကို ဝင်လာတာပါ... ဒါကလည်း ရှင့်အတွက် အခွင့်အရေးတစ်ခု ဖြစ်မှာပဲ။ နောက်ဆုံး ယုကျင်းတောင်ကို မြင်ခဲ့ရတာက ၅၈နှစ် အလွန်ကဆိုတော့... နောက်ထပ်နှစ်နှစ် အကြာမှာ ဒီကမ္ဘာထဲကို ပြန်ဝင်လာမှာရှင့်။ ရှင်က အခွင့်အရေး ယူနိုင်မယူနိုင် ဆိုတာကတော့ ရှင့်ရဲ့အပေါ်မှာပဲ မူတည်နေတာပါ..."
လင်းဖုန်းက တိမ်တိုက်ပင်လယ်တွေရဲ့ အပေါ်မှာ မဟူရာ တိမ်တိုက်အလံကို မောင်းနှင်နေရင်းနဲ့ မျက်မှောင်တွေကို ကြုတ်လိုက်ပါပြီ။ ခွန်းလွန်တောင်တန်းရဲ့ မြောက်မြားလှစွာသော တောင်ထိပ်တွေကို ငေးကြည့်လိုက်ရင်း... တောင်ထိပ် အတော်များများဟာ တိမ်တွေအပေါ်ကို ထိုးဖောက်သွားခဲ့ပြီး... ကောင်းကင်အထိကို ထိုးတက်သွားခဲ့ကာ အမြင့်ကြောက်တဲ့ ခံစားချက်မျိုးကို ပေးနေခဲ့တယ်လေ။ ဒါပေမယ့်လည်း ယုကျင်းတောင်ရဲ့ သဲလွန်စကတော့ အစအနလေးတောင်မှ မတွေ့ခဲ့ရပါဘူး။ လုံရဲ့နဲ့သူနဲ့ လမ်းခွဲခဲ့တာဟာ တစ်နှစ်ပြည့်သွားပြီဆိုတော့... အချိန်နှစ်နှစ်ဟာ ပြည့်တော့မှာပါ။
ဒါပေမဲ့လည်း... လင်းဖုန်းဟာ ခွန်းလွန်တောင်ရဲ့ မြောက်ဘက်ပိုင်းတွေမှာ ရှာနေခဲ့တာက နှစ်တစ်ဝက်လောက် အချည်းနှီး ဖြစ်သွားခဲ့ပါပြီ။ သူဟာ တောင်တွေထဲမှာ သားရဲပေါင်း မြောက်မြားစွာကို သတ်ခဲ့ပြီး... ရှားပါးလှတဲ့ ဆေးပင်တွေ အများအပြားကိုလည်း စုဆောင်းနိုင်ခဲ့တာပါ။ ပြီးတော့ သူ့ရဲ့ မှော်ကျိန်စာ ကျွမ်းကျင်မှုကလည်း အတော်ကြီးကို တိုးတက်လာခဲ့တယ်လေ။
သူ့ရဲ့ တပည့်လေးယောက်ကလည်း အတွေ့အကြုံပေါင်း များစွာကို ရရှိခဲ့ပြီး... ပိုပိုပြီးမှ ရင့်ကျက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း... လင်းဖုန်းရဲ့ ယုကျင်းတောင်ကို ရှာရာမှာတော့ အထောက်အကူ မဖြစ်ခဲ့ပါဘူး။ ကျင့်ကြံမှု ကမ္ဘာကြီးဟာ တိုးတက်ပြောင်းလဲလာခဲ့တာ နှစ်ထောင်ပေါင်းများစွာ ရှိခဲ့ပြီမို့... တိုက်ပွဲပေါင်း မြောက်မြားစွာကလည်း ဖြစ်ပွားခဲ့ပြီး... ထိပ်တန်းဂိုဏ်းတွေကလည်း အတည်တကျ ဖြစ်နေကြပါပြီ။ နေရာကောင်းတွေကလည်း သူတို့ရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး ဖြစ်တယ်လေ။
အခုလက်ရှိအချိန်မှာ လင်းဖုန်းဟာ သူတို့နဲ့ အဲ့ဒီနေရာတွေကို ယှဉ်မလုနိုင်သေးပဲ... အတန်ငယ် အရည်အသွေး နိမ့်ကျတဲ့ နေရာကိုသာ ရရှိနိုင်မှာပါ။ ဒါပေမဲ့လည်း သူဟာ ဒီလိုမျိုးလုပ်ဖို့ကို အမတန်မှပဲ ဝန်လေးနေခဲ့ပြီး... သူရဲ့တပည့်တွေကလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားမှာ သေချာနေပါတယ်။
လုံရဲ့ပြောထားတဲ့ ယုကျင်းတောင်ဟာ ပိုစိတ်ချရပြီး... ပိုပြီးမှလည်း သင့်တော်တာပါ။ မိစ္ဆာမယ်လေးက လင်းဖုန်းဟာ လူသားမျိုးနွယ်တွေရဲ့ ထိပ်သီးဂိုဏ်းကြီးတွေဖြစ်တဲ့ ဟင်းလင်းပြင် ဘုရားကျောင်းတို့.. စူတောင်ဓားဂိုဏ်းတို့နဲ့ ယှဉ်ပြိုင်ဖို့ အလားအလာကောင်းတွေ ရှိနေတာမို့လို့... သူမက လင်းဖုန်းကို ကြီးကျယ်တဲ့ လူတစ်ယောက် ဖြစ်စေချင်နေခဲ့တာက အသေအချာပါပဲ။
ဒါကြောင့်မို့လည်း သူမပေးထားတဲ့ အချက်အလက်ဟာ မမှားနိုင်ပါဘူး... တစ်ခုရှိတာက သူမရဲ့ သတင်းဟာ အခြေခံ ဆန်လွန်းနေခဲ့တာပါ။ လင်းဖုန်းက ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ပြန့်တဲ့... ခွန်းလွန်တောင်ခြေမှာ ရှာဖွေနေခဲ့တာ... အချိန်အတော်ကြာသွားခဲ့ပါပြီ။
သူဟာ သူ့ရဲ့တပည့်လေးယောက်ကို လူခွဲပြီး အရပ်မျက်နှာ အသီးသီးမှာ ရှာစေခဲ့ပြီးပြီလေ။ သူတို့အားလုံးကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းရည်တွေ အတော်အသင့် ရှိနေခဲ့ပြီးဖြစ်လို့... တစ်ယောက်ချင်း သွားရမှာကို မကြောက်နေခဲ့ပါဘူး။ ပိုပြီး အရေးကြီးတာက... သူတို့အားလုံးဟာ ကြီးမြတ်တဲ့ အရာတွေကို ပိုင်ဆိုင်ဖို့ ကံတွေပါလာခဲ့တာဖြစ်ပြီး... ကောင်းကင်ဘုံရဲ့ မစခြင်းတွေကို ခံနေကြရသူတွေလည်း ဖြစ်တာပါ။ ဒါကြောင့်ပဲ သူတို့ဟာ ဒီတာဝန်နဲ့ အထူးပဲ သင့်တော်နေခဲ့ပါတယ်။
"အာ?" လင်းဖုန်းဟာ မဟူရာ တိမ်တိုက်အလံကို လေထုအလယ်မှာ စီးနင်းနေဆဲမှာပဲ... တောင်လယ်ကနေ တောင်ထိပ်အထိ မီးတွေလောင်ကျွမ်းနေခဲ့ပြီး... မီးခိုးလုံးတွေ ထွက်လာနေခဲ့တဲ့ တောင်တစ်တောင်ကို ရုတ်တရက်ပဲ တွေ့လိုက်ပါတယ်။ အနီးကပ် သေချာကြည့်လိုက်တော့... ဒါဟာ မီးပင်လယ်နဲ့ ဝိုင်းနေတဲ့ ရွာလေးတစ်ရွာ ဖြစ်နေတာကို တွေ့ရှိလိုက်ရတယ်လေ။
မီးပင်လယ်ကြီးထဲမှာ... ရွာသားတွေဟာ အသည်းအသန် လွတ်မြောက်ဖို့ ပြေးလွှားနေကြပါတယ်။ မိန်းမနဲ့ ကလေးတွေရဲ့ အော်ကြွေးသံတွေကလည်း နားကွဲလုမတတ်ပါပဲ။ လင်းဖုန်းက မျက်မှောင်ကြီးကို ကြုတ်လိုက်ပြီး... မီးတောက်တွေရဲ့ အလည်မှာ ထူးဆန်းတဲ့ အနီရောင် ငှက်ကလေး တစ်ကောင်က ပျံသန်းနေခဲ့တာကို တွေ့ခဲ့ရတယ်လေ။
သူဟာ ကျီးကန်းတစ်ကောင်နဲ့ တူပေမယ့်... သူ့ရဲ့ အမွှေးအတောင်တွေက မီးလိုမျိုး ကြက်သွေးရောင် သန်းနေခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ... မီးခိုးငွေ့တွေဟာ ကောင်းကင်ပေါ်မှာ ပျံ့လွင့်သွားခဲ့ပြီး... ဒီငှက်ဟာ သူ့ရဲ့ နှုတ်သီးကို ဟလိုက်ပါပြီ.. သူက မအော်ဟစ်ပဲနဲ့ မီးတောက်တွေကို မှုတ်ထုတ်လိုက်တာပါ။
"ဟာ... ဒါက မီးလျှံကျီးကန်းလား?" လင်းဖုန်းက ဒီငှက်ရဲ့ ထူးဆန်းတဲ့ လားရာကို သိလိုက်ပါပြီ။ ဒီမီးလျှံကျီးကန်းဟာ ရှေးဟောင်းသမိုင်းထဲက ကြမ်းတမ်းရက်စက်တဲ့ မိစ္ဆာသားရဲတွေထဲက တစ်ကောင်ဖြစ်တဲ့... ခြေသုံးချောင်း ရွှေကျီးရဲ့ မျိုးဆက်တစ်ခုပဲ ဖြစ်ပါတယ်။
ခြေသုံးချောင်း ရွှေကျီးကန်းဟာ ရှေးပဝေသဏီက ဒဏ္ဍာရီလာ သားရဲတစ်ကောင် ဖြစ်တာပါ။ သူဟာ မဟာ အကြွင်းမဲ့ မီးတောက် ခုနှစ်ခုထဲက တစ်ခုဖြစ်တဲ့ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ပိုင်ဆိုင်ပါတယ်။ ဒဏ္ဍာရီအရဆိုရင် သူဟာ သူရိယနေမင်းရဲ့ ပြယုဂ်ဖြစ်ပြီး... စကားလုံးနဲ့ မဖော်ပြနိုင်အောင် ခက်ထန်ပြီးမှ ခန့်ညားထည်ဝါလှတယ်လေ။သူ့ရဲ့ မီးတောက်စွမ်းအားဟာ ကောင်းကင်ကို ပြာကျစေနိုင်ပြီး... ပင်လယ်တွေကို ဆူပွက်စေနိုင်ပါတယ်။
ဒီမီးလျှံကျီးကန်းဟာ ခြေသုံးချောင်း ရွှေကျီးရဲ့ သွေးအပြည့်အဝ မပါပေမယ့်... သူဟာ သူ့ရဲ့ ဆွေစဉ်မျိုးဆက် စွမ်းအင်တွေအရ ပြင်းထန်လှတဲ့ မီးလျှံတွေကို ပိုင်ဆိုင်ထားတာပါ။ သူတို့ပိုင်ဆိုင်တဲ့ မီးတောက်ဟာ အကြွင်းမဲ့ အရုဏ်ဦး မီးတောက်လို့ခေါ်ပြီး... မဟာသူရိ အကြွင်းမဲ့ မီးတောက်ထက် အဆင့်တစ်ဆင့် နိမ့်ပေမယ့် ဖော်ပြလို့ မရလောက်အောင် စွမ်းအားကြီးမား လှပါတယ်။
ဒီမီးလျှံကျီးကန်းဟာ သူ့ရဲ့ ပြောင်မြောက်လှတဲ့ လက်ရာဖြစ်တဲ့... မြေပေါ်က ငရဲပြင် ကို ကျေနပ်စွာနဲ့ ကြည့်နေခဲ့တယ်လေ။ သူကအာလိုက်တော့... လူသားတွေရဲ့ ရယ်သံလိုမျိုး ထွက်လာခဲ့ပါတယ်။ လင်းဖုန်းကလည်း သူ့ရဲ့ မျက်မှောင်တွေကို အတန်ငယ် ကြုတ်လိုက်ပြီး... သူ့ရဲ့လက်ချောင်းလေးကို အသာလှုပ်လိုက်ပါပြီ။ လိမ္မော်ရောင်ရင့်ရင့် စိတ်ဝိညာဉ် စွမ်းအင်တစ်ချို့ဟာ သူ့ရဲ့ လက်ချောင်းတွေရဲ့ အထဲကနေ ထွက်လာခဲ့ပြီလေ။
ဝမ်လင်းက ငရဲကမ္ဘာ ပုတီးလုံးကို ယူသွားခဲ့တယ်ဆိုတော့... လင်းဖုန်းဟာ ငရဲကမ္ဘာ အကြွင်းမဲ့ရေကို အသုံးပြုလို့ မရတော့ပေမယ့်... သူ့ရဲ့ အကြွင်းအကျန် စွမ်းအားကိုတော့ သူနဲ့အတူ သယ်ဆောင်ထားခဲ့တာပါ။ ဒါက ငရဲကမ္ဘာ အကြွင်းမဲ့ရေ အစစ်အမှန် မဟုတ်ပေမယ့်... မီးလျှံကျီးကန်းရဲ့ မီးတောက်ကလည်း မဟာသူရိယ အကြွင်းမဲ့မီးတောက် အစစ်အမှန် မဟုတ်ခဲ့ဘူးလေ။
တောင်ပေါ်ရွာကလေးကို လောင်ကျွမ်းနေခဲ့တဲ့ မီးတောက်မီးလျှံတွေဟာ လျှင်မြန်စွာနဲ့ပဲ ငြိမ်းသတ်သွားခဲ့ပါပြီ... ရွာသားတွေကလည်း လင်းဖုန်းကို ကြက်သေသေပြီးမှ စိုက်ကြည့်နေခဲ့တယ်လေ။ အချိန်အတော်ကြီးကြာမှ သတိပြန်ဝင်လာခဲ့ပြီး... လင်းဖုန်းကို ဒူးထောက်ကာ အသက်ကယ်တဲ့အတွက် ကျေးဇူးတွေ တင်နေကြပါတယ်။
မီးလျှံကျီးကန်းကလည်း အံ့ဩတုန်လှုပ်သွားခဲ့ပြီး... လင်းဖုန်းကို ကြည့်လိုက်ကာ... စူးစူးရှရှနဲ့ အော်လိုက်ပြီး လူသားအသံ ပီပီသသနဲ့... "ဟေ့... ဘယ်ကကောင်လဲကွ! ငါ့ရဲ့ကိစ္စကို ဝင်မရှုပ်နဲ့... နို့မဟုတ်လို့ရှိရင် ငါကမင်းကို မီးအစေခံအဖြစ် လောင်ကျွမ်းပစ်လိုက်မယ်ဟေ့! ငါတို့ရဲ့ သခင်လေးနဲ့ အမျိုးတွေက ဒီအနီးအနားမှာပဲ ရှိနေတယ်... ငါတို့ကို စိန်ခေါ်ရင်တော့ မင်းနာသွားလိမ့်မယ်ကွ..."
ထုံးစံအတိုင်းပဲ... လင်းဖုန်းဟာ အရေးလုပ်ပြီး ပြန်မပြောနေခဲ့ပါဘူး။ သူက သူ့ရဲ့ လောကနှစ်ပါး လေဟာနယ် မန္တန်ကို အသုံးပြုပြီး နှစ်ပိုင်းပိုင်းလိုက်လို့ ရပါတယ်။ ဒါပေမဲ့လည်း... အခုသူက ယုကျင်းတောင်ကို လိုက်ရှာရင်း အလုပ်ရှုပ်နေခဲ့တာဆိုတော့... သတင်း အချက်အလက် အသစ်တွေကို လိုက်ရှာနေခဲ့တာပါ။
"အင်း... ခွန်းလွန်တောင်ဟာ မွန်းစတားတွေနဲ့ ပြည့်နေတယ် ဆိုပေမယ့်... အဓိက အုပ်စိုးနေတာက လူသားတွေပဲ။ ဒီမီးလျှံကျီးကန်းက ဘာဖြစ်လို့ ဒီလောက်တောင်များ မောက်မာနေရတာလည်း?" လင်းဖုန်းက စဉ်းစားလိုက်ပါတယ်... "သူက သူ့ရဲ့ အမျိုးတွေနဲ့ သခင်လေးက အနီးအနားမှာ ရှိနေတယ်လို့လည်း ပြောနေသေးတာပဲ။ ဒီလိုမျိုး မီးလျှံကျီးကန်းတွေ အုပ်စုလိုက် ရောက်လာကြတဲ့ ကိစ္စကို ပေါ့ပေါ့တန်တန်ထားလို့ မရဘူး။ မဟုတ်မှလွဲရော... သူတို့ကလည်း တစ်စုံတစ်ခုကို လိုက်ရှာနေကြတာများလား? ယုကျင်းတောင်များ ဖြစ်နေမလား?"
ဒီအချက်ကို စဉ်းစားမိလိုက်တာနဲ့... လင်းဖုန်းဟာ သူ့ရဲ့စိတ်ကို ပြောင်းလိုက်ပြီး... မီးလျှံကျီးကန်းကို ကြည့်လိုက်ကာ ပြုံးလိုက်ပြီး... "ဟေ့... မင်းရဲ့ ကျန်တဲ့ အမျိုးတွေက ဘယ်မှာလည်း? ငါ့ကို လိုက်ပြပါဦး..." မီးလျှံကျီးကန်းကလည်း ဒေါသအိုး ပေါက်ကွဲသွားပြီး... "ဟွန့်... ရိုင်းလိုက်တဲ့လူသား!" သူ့ရဲ့ အတောင်ပံတွေကို ခတ်လိုက်ရာ... မီးပင်လယ်ကြီး တစ်ခုက ပေါ်ထွက်လာခဲ့ပြီး... သူ့ရဲ့အရှေ့က အရာမှန်သမျှကို လောင်ကျွမ်းပစ်ခဲ့ပါတော့တယ်။
ဒီမီးပင်လယ်ကြီးရဲ့ အထဲကနေပြီး... မီးလျှံကျီးကန်းရဲ့ ပုံရိပ်ယောင်တွေ ဒါဇင်ပေါင်း များစွာတို့ဟာ ပေါ်ထွက်လာခဲ့ပြီး... အကုန်လုံး မီးလျှံတွေနဲ့ တောက်လောင်နေခဲ့ကာ... လင်းဖုန်းဆီကို တရှိန်ထိုး ဝင်လာခဲ့ကြပါပြီ။
ဒီပုံရိပ်ယောင်တွေဟာ ဒီကျီးကန်းရဲ့ အရင်က သားကောင်တွေ ဖြစ်ကြတာပါ။ သူတို့ကို သတ်ပြီးတဲ့နောက်မှာ... ဒီမီးလျှံကျီးကန်းဟာ သူတို့ရဲ့ ဝိညာဉ်တွေကို ထိန်းသိမ်းထားခဲ့ပြီး... သေချာစွာ ကျင့်ကြံခဲ့ကာ မဟာသူရိယ အကြွင်းမဲ့ မီးတောက် စွမ်းအားကိုရအောင် ကျင့်ကြံနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ယုတ်ညံ့တဲ့ ကျင့်ကြံမှု တစ်ခုပဲ ဖြစ်တယ်လေ။
လင်းဖုန်းရဲ့ အမူအရာတွေဟာ မပြောင်းလဲသွားခဲ့ပဲ... လက်ချောင်းတစ်ချောင်းကို ရှေ့ဆန့်ထုတ်လိုက်ကာ... လောကနှစ်ပါး လေဟာနယ် မန္တန်ကို အသုံးပြုလိုက်ပါတယ်။ မီးလျှံကျီးကန်းရဲ့ အရှေ့က မီးတောက်လောင်နေခဲ့တဲ့ လေဟာနယ်နဲ့... လင်းဖုန်းအရင်က ရှိနေခဲ့တဲ့ နေရာဟာ နေရာချင်း ပြောင်းသွားခဲ့ပြီး... သူ့ရဲ့ ခက်ထန်လှတဲ့ ပုံရိပ်ယောင်တွေဟာ လေဟာနယ်ရဲ့ အထဲကနေ ထုတ်ယူခြင်းကို ခံခဲ့ရပါပြီ။ မီးလျှံကျီးကန်းကလည်း သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် မီးလျှံတွေ မကျန်တော့ပါဘူး... လင်းဖုန်းကလည်း သူ့ရဲ့တည့်တည့်ကို ရောက်လာခဲ့ပြီလေ။
မီးလျှံကျီးကန်းဟာ လင်းဖုန်းကို ကြောင်ပြီးမှ ကြည့်နေခဲ့ပါတယ်... လင်းဖုန်းကလည်း အသာလေးပဲ သူ့ရဲ့ခေါင်းကို ရိုက်လိုက်ပြီး သူ့ရဲ့ဦးခေါင်းခွံကို ခွဲလိုက်ပါပြီ။ ဒီကျီးကန်းကလည်း ထူးဆန်းစွာနဲ့ အော်ဟစ်လိုက်ပြီး... အနီရောင် အလင်းတန်းလေး တစ်ခုဟာ ကောင်းကင်ယံကို ထိုးတက်သွားခဲ့တယ်လေ။ ဒါကတော့ ဒီမီးလျှံကျီးကန်းရဲ့ ထွက်ပြေးသွားခဲ့တဲ့ ဝိညာဉ်ပဲ ဖြစ်တာပါ။
ဒါပေမဲ့လည်း လင်းဖုန်းဟာ ဒါတွေအတွက် ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်တာမို့... ကောင်းကင်လှောင်အိမ် မှော်အင်းကွက်ကို ထုတ်လိုက်ပြီး... ဒီအနီရောင် အလင်းတန်းလေးကို ထိန်းသိမ်းလိုက်ပါတယ်။ အနီရောင် ကျီးကန်းရဲ့ ကြောက်ရွံ့ရုန်းကန်နေတဲ့ ဝိညာဉ်လေးကို ကြည့်လိုက်ပြီး... လင်းဖုန်းက ဖွဖွလေးပဲ ပြုံးလိုက်ကာ... "ဟဲဟဲ... ကောင်းလေစွ... ကဲ... အခုပဲ ငါ့ကိုပြောစမ်း... မင်းရဲ့ ကျန်နေတဲ့ အမျိုးတွေက ဘယ်မှာလည်း? မင်းတို့က ဘာဖြစ်လို့ ဒီနေရာကို အုပ်စုလိုက် ရောက်လာရတာလည်း?"
အနီရောင် ကျီးကန်းရဲ့ ဝိညာဉ်ကလည်း ဒေါသထွက်စွာနဲ့ ပြန်အော်လိုက်ပါတယ်... "ဟဲ့လူသား... ငါ့ဆီကနေ ဘာမှသိရဖို့ မမျှော်လင့်နဲ့! မင်းက မီးလောင်ပြီးတော့ သေရမယ်ကွ..." လင်းဖုန်းက ပြုံးလိုက်ပြီး... "ဟဲဟဲ... ငါသိတာကတော့... မင်းကမပြောခဲ့ရင် မီးလောင်ပြီးမှ သေရမှာက မင်းပဲဟ..." စကားဆုံးတာနဲ့ သူ့ရဲ့လက်ချောင်းလေးကို လှုပ်လိုက်ရာ... နို့နှစ်လိုမျိုး ဖြူဖွေးနေတဲ့ မီးတောက်လေး တစ်ခုဟာ... မီးလျှံကျီးကန်းရဲ့ ဝိညာဉ်အပေါ်ကို ကျရောက်ပြီးမှ လာခဲ့ပါတယ်။
အမျက်ဒေါသ အေကာလာ မီးတောက်... အခြားသာမာန် မီးတောက်တွေကို ဝါးမျိုနိုင်စွမ်းရှိတဲ့ မီးတောက်... သူဟာ မီးလျှံကျီးကန်းရဲ့ ဝိညာဉ်ကို အသက်တစ်ခေါက် ရှူစာသာ ကျန်တော့တဲ့အထိ နာကျင်စွာနဲ့ လောင်ကျွမ်းပစ်ခဲ့ပါပြီ။ နောက်ဆုံးမှာတော့... လင်းဖုန်းဟာ စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ချို့ကို ရရှိခဲ့ပါတယ်။
ဒီမီးလျှံကျီးကန်း အုပ်စုဟာ ခွန်းလွန်တောင်ရဲ့ မြောက်ပိုင်းကို လာခဲ့တာဟာ ယုကျင်းတောင်ကို ရှာဖို့ပါ။ ပြီးတော့ သူ့တို့ရဲ့ခေါင်းဆောင်... မီးလျှံကျီးကန်းတွေရဲ့ သခင်လေးဟာ... ယုကျင်းတောင် ဘယ်နေရာမှာ ပေါ်လာမလည်း ဆိုတာကို အတိအကျ သိနေခဲ့ပါတယ်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu