အပိုင်း ၉

1.8K 191 8
                                    

"Identity ဆိုတာကို နင် ဘယ်လိုနားလည်လဲ ၀ါငယ်။"

"ဟင်.."

"နင့်ကိုယ်နင် ဘယ်လိုသတ်မှတ်လဲ။"

"ငါလား။ ၀ါငယ်လေ။"

"မဟုတ်ဘူးလေဟာ။ ၀ါငယ်ဆိုတာ နင့်ကို နင့်အမေက ပေးခဲ့တဲ့နာမည်။ နင့်ကိုယ်နင်ကိုရော..."

"အင်း.. ငါက လူသားတစ်ယောက်ပေါ့ဟ။ အထူးအဆန်းလုပ်လို့ မိဖြူရာ။ အဲ.. မိန်းကလေးတစ်ယောက်ပေါ့။"

"အေး.. နင့်လိုပဲ တစ်ချို့က မိန်းမအဖြစ် သတ်မှတ်တယ်။ တစ်ချို့က ယောက်ျားအဖြစ် သတ်မှတ်တယ်။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် အဲ့ဒီ့လိုအတိအကျ ခံယူမထားသူတွေလည်း ရှိနိုင်တယ်။"

"အခြောက်တွေပေါ့။ နင့်ကောင်ကို နင် ကာပြောဦးမလို့လား မိဖြူ။"

၀ါငယ့်အမေးကြောင့် အမှောင်ထဲတွင် ကျွန်မပြုံးဖြစ်သည်။ ကျွန်မအခန်းထဲမှ ဖျာခင်းအိပ်ရာပေါ်မှာ လဲလျောင်းရင်း စကားတိုးတိုးပြောနေကြခြင်းဖြစ်သည်။ ဒီညတွင်လည်း ၀ါငယ်သည် ကျွန်မအိမ်တွင် လာအိပ်သည်။ ဖြိုးကြီးအကြောင်းကို သိခဲ့ရသည့်အချိန်သည် ကြာခဲ့ပြီဖြစ်သည်။ ထိုညက ဖြိုးကြီး၏ အပြုံးနွမ်းနွမ်းကို ကျွန်မ မြင်ယောင်နေသေးသည်။ စကားကိုရှောင်ပြောရင်း ကြိုးစား စနောက်နေခဲ့ပေမယ့် ကျွန်မတို့၏ စကားဝိုင်းလေးသည် သာယာမှုမရှိခဲ့။

ကြာခဲ့ပြီဆိုပေမယ့် ကျွန်မအတွက်တော့ မနေ့တစ်နေ့ကလိုပင်။ သာယာမှုမရှိသည့် ညစာအပြီးတွင် တစ်ညလုံးမျက်ရည်များဖြင့် ကျွန်မအိပ်မပျော်ခဲ့။ နောက်နေ့တွေမှာလည်း ထိုနည်းလည်းကောင်းပင်။

ပထမဆုံး မရဲတရဲ တွေးခဲ့မိသည်က ဖြိုးကြီးကို ပြောင်းလဲပေးချင်စိတ်ပင်။ ကျွန်မကြောင့်များ ဖြိုးကြီး ပြောင်းလဲသွားခဲ့လျှင် လူပုံအလယ်မှာ မျက်နှာငယ်စရာမလိုတော့။ အခြားသူများ ချိုးနှိမ်ခြင်းကို ခံယူစရာမလိုတော့ဟု တွေးကာ သူရဲကောင်းမမ လုပ်ချင်ခဲ့မိသည်။ ဖြိုးကြီးသာ ကျွန်မကိုချစ်မိသွားလျှင် ဘယ်လောက်ကောင်းလိမ့်မည်လဲဆိုသည့် အတွေးကိုသာ ထပ်ခါထပ်ခါ တွေးဖြစ်ခဲ့သည်။ ဖြိုးကြီး ဒီလိုအခြေအနေရောက်အောင် လုပ်ခဲ့သူ တရားခံများကိုတွေးကာ စိတ်နာခဲ့သည်။ ပထမဆုံးရည်းစားကြောင့်လား၊ ဒုတိယရည်းစားကြောင့်လား။ ငယ်ရွယ်စဉ်က ခံစားရသော စိတ်ဒဏ်ရာများကြောင့်လား။ အသိုင်းအဝိုင်းကြောင့်လား။ အတွေးမျိုးစုံနှင့် ခံရခက်ခဲ့သည်။

စကတည်းက မှားခဲ့သည်Where stories live. Discover now