"မိဖြူ.."
"အင်း.."
"နင်နဲ့ ဖြိုးကြီးကဘာလဲ။"
၀ါငယ်ရဲ့အမေးကို ချက်ချင်းမဖြေနိုင်။ မှန်ဝိုင်းလေးကိုထုတ်ကြည့်ပြီး နှုတ်ခမ်းနီတောင့်ကို ဖွင့်နေသည့် ၀ါငယ့်ကို မသိမသာစောင်းကြည့်လိုက်သည်။ လနဲ့ချီပြီးမှ ပထမဆုံးအကြိမ် ထုတ်မေးခြင်းဖြစ်သည်။ ကျွန်မ ဘာပြောရမလဲမသိ။ အမှန်အတိုင်းဝန်ခံရမလား။ ဝန်မခံလျှင်လည်း ၀ါငယ်သည် ကျွန်မစိတ်ထဲဘာဖြစ်နေသည်ကို သိပြီးဖြစ်လိမ့်မည်။
"နင် ကြိုက်နေတယ်မဟုတ်လား။"
"အမ်.."
"နင်ကြိုက်နေတယ် မဟုတ်လားလို့။"
"ဟီး.. နည်းနည်းပါ။"
"ဘာနည်းနည်းလဲ။ ဖြိုးကြီးအရိပ်မြင်တာနဲ့ သွားရည်တောက်တောက်ကျနေပြီးတော့။"
၀ါငယ့်မျက်စောင်းက ဒိုင်းခနဲ။ ကျွန်မနေရာနည်းနည်းရွှေ့လိုက်ရသည်။
"အဲ့.. အဲ့ဒီ့လောက်တော့ မဟုတ်ပါဘူးဟာ။ ဟို ဟို။"
"ဘာမှရှင်းပြမနေနဲ့။ နင့်အကြောင်း ငါသိတယ်။ တစ်သက်လုံး ဘယ်သူ့ကိုမှ ကြိုက်ခဲ့ဖူးတာ မဟုတ်ဘူး။ အခု ဖြိုးကြီးနဲ့မှ သေမလို ရှင်မလိုဖြစ်နေတာ မဟုတ်လား။ ပြီးရောဟာ။ နင် ကြိုက်ရင် ငါ မကြိုက်တော့ဘူး။"
"ဟမ်.."
ကျွန်မက ပါးစပ်ဟောင်းလောင်း ဖြစ်နေသလောက် ၀ါငယ်ကတော့ အေးအေးဆေးဆေးပင်။ အပေါ်နှုတ်ခမ်းနှင့် အောက်နှုတ်ခမ်းကို ခပ်ဟဟထားရင် ပန်းရောင်နှုတ်ခမ်းနီကို ဆိုးနေသည်။ မျက်နှာကိုမှန်နားရှေ့တိုးကြည့်ပြီးမှ နှုတ်ခမ်းနှစ်ခုကို ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း အရောင်ညီအောင် ညှိနေသည်။ နှုတ်ခမ်းနီတောင့်ကို ပြန်ပိတ်ပြီး မိတ်ကပ်ဗူးကိုထုတ်သည်။ ထို့နောက်မှ ကျွန်မကို မျက်စောင်းထိုးသည်။
"ငါက သူ့ကိုကြိုက်တယ်ဆိုတာ အစပဲရှိတယ်။ ဘယ်လိုခေါ်မလဲ။ သူ့ကို သဘောကျတယ်ဟာ။ သူဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတာ။ နင့်လောက်အသည်းအသန်မဟုတ်သေးဘူး။ နောက်ပြီး သူ့ကိုကြည့်ရတာ ငါ့ကို ရိုးရိုးပဲခင်တာ။ ဒီထက်ပိုတဲ့အခြေအနေမရှိဘူး။ ဂရုစိုက်တာတောင်မှ နင်နဲ့ယှဉ်ကို နင့်ကိုပိုပြီးဂရုစိုက်သလိုပဲ။ နောက်ပြီး အခုနင်က ငါ့ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်နေတယ်။ နင့်ကို ဒီလိုပုံစံမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒါတွေကိုပေါင်းပြီးစဉ်းစားလိုက်တော့ ငါ မကြိုက်တာပဲကောင်းမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။"
YOU ARE READING
စကတည်းက မှားခဲ့သည်
Humor(Unicode & Zawgyi) အစကတည်းက မှားခဲ့တဲ့အမှား အဆုံးရောက်မှ မှန်နိုင်ပါဦးမလား..