"ဖြူ.."
တစ်ခွန်းပဲဖြစ်သည်။ တိုးဖွဖွလေး။ ကျွန်မ မျက်နှာရဲတက်သွားသည်။ ဘယ်လိုတောင် ခေါ်လိုက်တာလဲ။ စံပယ်ဖြူဆိုသည့် ကျွန်မနာမည်ကို သူက ဖြူ တဲ့။ အသံက တိုးပေမယ့် သြဇာပြည့်သည့်အသံ။ ပြုံးကြည့်နေသည့် မျက်နှာကလည်း ချောလိုက်တာ။ သူ့နဖူးပေါ်က ဆံပင်အမောက်လေးကို လှမ်းကိုင်ချင်သည်။ အိစိနေမလားမသိ။ မည်းနက်နေသော ဆံပင်တိုတိုက အရောင်လဲ့နေသည်။
"ဖြူ.."
"ရှင်.."
"ဖြူရာ.."
"ဘာလဲလို့.."
ကျွန်မ လက်ညှိုးလေးကို ပါးစပ်နားတိုးပြီး ကိုက်လိုက်သည်။ ပြောစရာရှိတာ ပြောတာမဟုတ်။ ကရမ်ရောင် ကုတ်အကျီင်္၊ ရွှေရောင်အစင်းကြောင်းပါသော အနီရောင် ဘောင်းဘီရှည်နှင့် ခန့်ချင်တိုင်းခန့်နေသည့် သူ့ကို ငေးမကြည့်ရအောင် ဘယ်လိုလုပ်ရမလဲနော်။ အညိုရောင်သန်းနေသော မျက်ဝန်းလှတွေမှာ ကျွန်မတော့ ကျဆုံးရပြန်ပါပြီ။
လက်အိတ်ဖြူဝတ်ထားသော လက်များကို ကမ်းပေးသည်။ ရင်အုပ်ကျယ်ကျယ်၊ ဗလတောင့်တောင့် ကိုယ်ခန္ဓာက ကျွန်မကို အုပ်မိုးထားသည်။
"သွားရအောင် ဖြူ.."
"ဘယ်ကိုလဲ.."
"ကမ္ဘာဆုံးတဲ့အထိ.."
"ခစ် ခစ်.."
လက်သည်းကို ပြတ်မတတ် ကိုက်ထားရာမှ ကျွန်မကိုယ်ကိုပါ ဘယ်ညာယိမ်းပစ်လိုက်သည်။
ဘယ်လိုတောင်..
"တကယ်နော်.."
"တကယ်ပေါ့။ လာ.. လိုက်ခဲ့ ဖြူ။"
မြင်းလှည်းတံခါးပေါက်ကို သူ ဖွင့်ပေးသည်။ ရွှေရောင်လက်နေသော မြင်းလှည်းလုံးဝိုင်းဝိုင်းကြီးထဲ ကျွန်မ ခြေလှမ်းဝင်ချိန်..
"ဘုန်း.."
"ဟဲ့ သောက်ပလုတ်တုတ် ငါနဲ့ ကုလားကြီးနဲ့ ညား.."
ယောင်ယမ်းပြီးမှ ပါးစပ်ကိုပိတ်ဖို့သတိရသည်။
ပါးစပ်ကို ပိတ်ဖို့အပြင် မျက်လုံးကိုဖြဲကြည့်ဖို့ပါ သတိရသည်။ ရွှေရောင်မြည်းလှည်းကြီးမရှိ။ အပြုံးလှလှနှင့် ခန့်ချောနေသော မင်းသားလေးလည်းမရှိ။ အခန်းနံရံမှ စင်ဒရဲလားကာတွန်းပိုစတာကြီးကသာ ကျွန်မကို ငုံ့ကြည့်နေသည်။
YOU ARE READING
စကတည်းက မှားခဲ့သည်
Humor(Unicode & Zawgyi) အစကတည်းက မှားခဲ့တဲ့အမှား အဆုံးရောက်မှ မှန်နိုင်ပါဦးမလား..