"လာ အစ်ကို... ကျွန်တော်နဲ့ လိုက်ခဲ့"

မာန်တို့လည်း ဘာမှမပြောနေတော့ပဲ မင်းမြတ်နောက်သို့ လိုက်ခဲ့ကြတော့သည်။ ဒုတိယထပ်က VIP အခန်းတစ်ခုရှေ့ရောက်တော့ မင်းမြတ်က ဦးဆောင် ၀င်သွားသည်ကြောင့် သူတို့လည်း နောက်မှလိုက်ဝင်ခဲ့ကြသည်။ အခန်းထဲက ကုတင်ပေါ်တွင် အိပ်ပျော်နေသော သော်တာ့ကို မြင်တော့ မာန် စိုးရိမ်မျက်လုံးများဖြင့် မင်းမြတ်ကို ကြည့်လိုက်သည်။မင်းမြတ်က အလိုက်သိစွာပင်

"စိတ်ပူစရာမရှိဘူး အစ်ကုိ...ဆေးအရှိန်ကြောင့် အိပ်ပျော်နေတာ"

ထိုအခါမှ မာန်တို့ သက်ပြင်းချနိုင်တော့သည်။ မင်းမြတ် ဖုန်းဆက်တုန်းကဆို စိုးရိမ်နေသည်မှာ ကိုယ့်ကိုကိုယ်သာ အသိဆုံးဖြစ်သည်။ မာန် သော်တာကိုကြည့်နေတုန်း လင်းသာက မင်းမြတ်ကို မေးသည်။

"ဒါနဲ့ ညီ...သူဘယ်လိုလုပ်ပြီး ဆေးရုံရောက်လာတာလဲ"

လင်းသာ မေးခွန်းကြောင့် မာန်လည်း စိတ်ဝင်တစားဖြင့် မင်းမြတ်ကိုကြည့်လာသည်။

"ကျွန်တော် ဆေးရုံလာတဲ့လမ်းမှာ...သူက တစ်ဖက်လမ်းက ပြေးလာရင်း ကျွန်တော့်ကားနဲ့ တိုက်မိမလို ဖြစ်သွားပြီ လမ်းပေါ်လဲကျသွားတာ... ရုတ်တရက်မို့ လန့်ပြီး သတိလစ်သွားတာပါ... စိတ်ပူစရာမရှိပါဘူး"

မင်းမြတ်ပြောသည့်စကားကြောင့် မာန်နဲ့လင်းသာတို့ အတွေးများသွားရတော့သည်။ သော်တာဘာကြောင့် ပြေးလာသည်လည်း သူတို့မစဉ်းစားတတ်။

"ဒီမှာ သူ့ရဲ့ဖုန်း... ဖုန်းမျက်နှာပြင်ကတော့ ကျေသွားပြီ... အဲ့အတွက် ကျွန်တော်ပြန်ပြင်ပေးပါ့မယ်"

မာန်တို့ အတွေးများနေတုန်းမှာပင် မင်းမြတ်က ပြောလာသည်။ မင်းမြတ်ကမ်းပေးသော ဖုန်းကို မာန်လှမ်းယူလိုက်ရင်း

"ရတယ် ညီ... ပြင်ပေးစရာမလိုပါဘူး... ကိုယ့်သူငယ်ချင်းကို ဆေးရုံခေါ်လာပေးတာနဲ့တင် ကျေးဇူးတင်စရာ ကောင်းနေပြီ"

""မဟုတ်တာ... ရပါတယ်ဗျာ... ဒါက ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ပါပဲ အစ်ကို"

"အင်းးးးးး"

မာန်တို့ စကားပြောနေတုန်းမှာပင် အသံရှည်ဆွဲကာ ငြီးလာသော သော်တာ။ မာန်တို့ သော်တာအနား အပြေးသွားလိုက်သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Место, где живут истории. Откройте их для себя