မာယာ့ စကားကြောင့် ခွန်းဆက် မာယာ့ကို ကြည့်လာသည်။ ပြီးနောက် ခေါင်းခါပြလိုက်ရင်း

"နင်က မိန်းကလေး... မကောင်းပါဘူးဟာ... ငါ့ကို ကောင်းထက် စောင့်ပေးလိမ့်မယ်"

"ဘာလို့လဲ ကိုကိုကလည်း"

မာယာ့ အထွန့်တက်ကာ မေးသည်။ မကြည့်နိုင်တော့သည့် ကောင်းထက်က ၀င်ပြောလာတော့သည်။

"ဟုတ်တယ် မာယာ... အစ်ကို စောင့်ပေးလိုက်မယ်... မာယာက မိန်းကလေးလေ... မသင့်တော်ဘူး"

"ဒါပေမယ့်... "

"ဒါပေမယ့်တွေ လုပ်မနေနဲ့တော့ မာယာ... ပြန်တော့ ငါနားချင်နေပြီ"

မာယာ မျက်နှာထိန်းမရအောင် ပျက်သွားတော့သည်။

"အင်းပါ... ကိုကို နားချင်တယ်ဆိုလည်း မာယာ ပြန်တော့မယ်နော်"

မာယာ ထပြန်ဖို့ လုပ်နေချိန် မာန် အခန်းထဲသို့ ပြန်ရောက်လာသည်။ မာယာသည် မာန့်အား လွန်စွာမုန်းတီးသော အကြည့်များဖြင့် ကြည့်နေသည်။

"မာယာ ပြန်တော့မယ်ဆို သွားတော့လေ"

"ဟုတ် သွားပြီနော် ကိုကို... ညီမ သွားပြီနော် အစ်ကို ကောင်းထက်"

"အင်း ဂရုစိုက်သွား"

မာယာ ခွန်းဆက်နှင့် ကောင်းထက်တို့ကို နှုတ်ဆက်၍ ထွက်သွားသော်လည်း မာန့်ကို ရှိသည်ဟုပင် သဘောမထားခဲ့။ မာန် သူ့အား မာယာ ထိုသို့လုပ်နေသည်ကို နားမလည်နိူင်ဖြစ်နေသည်။ ခေါင်းထဲမှ အတွေးများကို ခါထုတ်လိုက်ပြီး ခွန်းဆက်ဆီ သွားကာ ခွဲထားသော ပန်းသီးပန်းကန် ကိုပေးလိုက်သည်။

ထို့နောက် စားပွဲတွင် သွားထိုင်၍ laptop ကိုဖွင့်လိုက်ပြီး ခွန်းဆက်တို့ကို ကြည့်လိုက်သည်။

"မင်းတို့ လွတ်လွတ်လပ်လပ်နေကြ... ကိုယ့်ကိုဂရုမစိုက်နဲ့...ကုမ္ပဏ်ီ က project လေး မပျက်သေးလို့ လုပ်မလို့"

ပြောပြီး မာန် သူ့အလုပ်သာ သူလုပ်နေတော့သည်။ ကောင်းထက် ခွန်းဆက်အား မျက်လုံးဖြင့် အရိပ်အကဲ ပြလိုက်သည်။

"အဟမ်း...အလင်္ကာမုန်းမာန် ခင်ဗျား ဒီနေ့ အိမ်ပြန်လည်းရတယ်နော်"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now