ဗီရို တံခါးအား ဖွင့်လိုက်ချိန် ဒုတိယ အကန့်တွင် ထည့်ထားသော နက်မှောင်နေသည့် စာအုပ်လေးက မာန့်မြင်ကွင်းထဲသို့ရောက်လာသည်။ စာအုပ်လေးကို လှမ်းယူလိုက်ပြီး အဖုံးအားလှန်လိုက်ကာ ပထမစာမျက်နာတွင် ရေးသား‌ထားသော နာမည်လေးအား ဖွဖွလေး ပွတ်သတ်နေသည်။ မျက်ဝန်းထဲတွင်တော့ မုန်းတီးနာကျည်းရိပ်များ ရှိမနေတော့ပဲ ကြေကွဲဝမ်းနည်းခြင်းသာ ကျန်ရှိနေသည်။

မကြာလိုက်ပါ ပါးပြင်ပေါ်သို့ မျက်ရည်မိုးလေးက ရွာသွန်းလို့လာတော့သည်။ မာန် မျက်ရည်များကို မသုတ်ဖယ်ပဲ လွတ်လပ်စွာ ကျဆင်းခွင့်ပေးထားသည်။ စာအုပ်လေးကို ရင်ခွင်တွင်းပိုက်ထားကာ သည်းထန်စွာငိုကြွေးနေလေသည်။ ရှိုက်သံများကလည်း တစ်ချက်တစ်ချက် ထွက်ပေါ်နေသေးသည်။ ရှိုက်သံများကြားမှ စကားလုံးလေးတစ်ချို့ကိုလည်း ကြားရပြန်သေးသည်။

"မေမေ...ဖေဖေ...အမှန်တရားကို သား ရအောင် ကြိုးစားမှာ...မေမေနဲ့ ဖေဖေက ပင်ပန်းဆင်းရဲဒဏ်တွေ ခံစားခဲ့ရပြီး သေသွားခဲ့ရပေမယ့်...သူတို့...သူတို့က ရွှေဘုံပေါ်မှာ အေးအေးဆေးဆေး စံစားနေတာကို မြင်ရတာ သားရင်တွေနာတယ်...သူတို့ရဲ့ဘ၀ကို တစ်စချင်းဆီ သား ဖျက်ဆီးပစ်မယ်...မေမေတို့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေ အတွက် ထိုက်တန်တဲ့ အပြစ်ကို သားဒဏ်ခတ်မယ်...သားရဲ့ အသွေးအသားတွေ ပျက်စီးသွားခဲ့ရင်တောင်မှ အမှန်တရားကို သားရအောင်ယူမယ်"

ထို့နောက် နာကျင်ကြေကွဲနေသော‌နှလုံးသားလေးအား အတင်းထိန်းချုပ်ပြီး စာအုပ်လေးအား နေရာတွင်ပြန်ထားလိုက်သည်။ အ၀တ်အစားလဲကာ မနက်ဖြန်ရုံးပြန်တက်ရန်အတွက် ပြင်ဆင်စရာရှိတာများကို ပြင်ဆင်နေတော့သည်။
*********************************
ခွန်းဆက်  တစ်ယောက်တည်း ထိုင်ရင်း bar အတွင်း‌ဝေ့၀ိုက်ကြည့်ကာ မျက်စိကစားနေသည်။ ဝိုင်ပုလင်းသည်ပင် တစ်ဝက်ကျိုးတော့မည် ကောင်းထက်ဆိုသော သကောင့်သားလေးက အခုထိပေါ်မလာသေး။ ခွန်းဆက် သက်ပြင်းချလိုက်ရင်း အိမ်တွင်ကျန်ခဲ့သော မာန့် အကြောင်းသာ တွေးတောနေသည်။

ခွန်းဆက်နဲ့ လက်မထက်ခင် မာန့်အကြောင်းကို ဖခင်ပြောပြသလောက်သာ သိရသည်။မာန်သည် ဦးညီညီနိုင်၏ မွေးစားသားဖြစ်သည်။ ဦးညီညီနိုင် မာန့်အား မွေးစားခဲ့သည်ကို သိသည့်အပြင်လူမှာ ခွန်းဆက်ဖခင်နှင့် ခွန်းဆက်သာဖြစ်သည်။စီးပွားရေးလောကတွင် မာန့်အား ဦးညီညီနိုင်၏ သားအရင်းဟုသာ ပွဲထုတ်ခဲ့သည်။မာန်ရဲ့မွေးစားဖခင် ဦးညီညီနိုင်က ခွန်းဆက်အဖေနဲ့ အတော်လေးရင်းနှီးသည့် ဆက်ဆံရေးမျိုးရှိသည်။ ခွန်းဆက်နဲ့ ဦးညီညီနိုင်သည်လည်း တကယ့်တူဝရီးလိုမျိုး ရင်းနှီးလှသည်။ယခုအချိန်ထိလည်း ဦးညီညီနိုင်နဲ့သူ အဆက်အသွယ်ရှိဆဲပင်။ငယ်စဉ်က မာန့်အား ဦးညီညီနိုင်ဘေးတွင် တစ်ခါတစ်ရံတွေ့ရသော်လည်း သူတို့နှစ်ယောက် မေးထူးခေါ်ပြောလောက်ကလွဲရင် မရင်းနှီးကြပေ။ ဦးညီညီနိုင်ဘေးတွင် မာန့်အား ပထမဆုံး တွေ့ရတုန်းကဆိုလျှင် အလင်းဆည်းဆာထင်၍ ခွန်းဆက် အထင်မှားခဲ့ဖူးသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now