ပြောပြီးတာနဲ့ သုတျာကိုပွေ့ချီလိုက်ပြီး အိပ်ခန်းထဲခေါ်လာလိုက်သည် ။ ကုတင်ပေါ်မှာချပေးပြီးတာနဲ့ ဆေးသေတ္တာထဲကဆေးဘူးကိုယူလိုက်ရင်း သုတျာခြေထောက်လေးကို ခပ်ဖွဖွလေးလိမ်းပေးလိုက်တဲ့အခါ နာသွားတာကြောင့်ခြေထောက်လေးကတစ်ချက်တစ်ချက် တွန့်ခနဲဖြစ်သွားသေးသည် ။
ဆေးလိမ်းပြီးတာနဲ့ အနာသက်သာအောင် ဆေးတိုက်ရပြန်သည်။

" အချစ် ! လမ်းလျှောက်မနေတော့နဲ့ နားလိုက်တော့ "

" ဒီအချိန်ကြီး မအိပ်ချင်ဘူးမောင် "

" မအိပ်ချင်လဲ ငြိမ်ပြီးထိုင်နေလိုက်လေ။ မောင် စားစရာတစ်ခုခုလုပ်ပေးမယ် "

ပြောပြီးအခန်းအပြင်ကိုထွက်ဖို့ပြင်နေတဲ့ မောင့်ရဲ့လက်ကို
လှမ်းဆွဲထားလိုက်မိသည်။

" မသွားပါနဲ့မောင်!!  အချစ်ဘေးနားမှာပဲနေပေးပါနော် ။
ခဏလေးတောင် မောင့်ကိုမခွဲနိုင်လို့ပါ "

ကိုယ့်လက်ကိုဆွဲပြီး ကလေးတစ်ယောက်လိုပြောလာတဲ့ကောင်လေးကြောင့် ဆက်လဲ ကုတင်ပေါ်တက်ပြီး ထိုင်နေလိုက်ရသည် ။ ကုတင်ခေါင်းရင်းကို ကျောမှီပြီးထိုင်နေတဲ့ ကိုယ့်ရဲ့ ပခုံးပေါ်ကို သုတျာကခေါင်းလေးမှီလာတာမို့ သူ့ပခုံးလေးကိုအသာပြန်ဖက်ထားလိုက်၏ ။ နှစ်ယောက်သားကြားထဲ အတန်ကြာတိတ်ဆိတ်နေလေသည်။

" အချစ် "

" အင်း ဘာလဲမောင် "

" မောင်မေးတာကိုဖြေပေးပါနော် မောင်သိချင်လို့ "

" မောင်က ဘာကိုသိချင်တာလဲ "

" ဟိုးအရင်အချိန်တုန်းက မောင် အချစ်အပေါ်မှာဆိုးခဲ့မိုက်ခဲ့ဖူးလား ၊ အနိုင်ရောကျင့်ခဲ့ဖူးတာမျိုးရှိလား အမှန်အတိုင်းဖြေပေးပါ "

" ဟင့်အင်း ...  မောင်ကလေ အချစ်ကိုဆို စကားလေးနဲ့တောင်မှ အနိုင်မယူဖူးတဲ့လူပါ ။ဆိုးဖို့မိုက်ဖို့ဆိုတာအဝေးကြီး  "

" ဒါဆို အချစ်ကရော မောင့်ကိုအရမ်းချစ်တာပဲလား "

" အချစ်မှာ အားကိုးတွယ်တာစရာမောင်ပဲရှိတာလေ။ မောင့်ကိုဘယ်လိုချစ်ကြောင်း နှိုင်းပြစရာတောင်မရှိပါဘူး "

သု တျာ ( သုတ်ာ ) Uni+Zaw ( Completed) Where stories live. Discover now