ပေါ်ပေါ်ထင်ထင် ကျန်းဟောက်ကို ချဉ်းကပ်နေတဲ့လူကလည်း မျက်နှာပြောင်စွာ ထယ်ရယ့်ကို ပြန်ပြုံးပြတယ်လေ။

စိတ်ထဲကနေ ကြိတ်ဆဲလိုက်ပြီးနောက် ကျန်းဟောက်အနောက်ကို တိုးသွားတာ ပုခုံးကိုအရင်ဖက်လိုက်တဲ့အခါ ရုတ်တရက်မို့ လန့်သွားတဲ့ ကျန်းဟောက်က တစ်ချက်တုန်သွားတယ်။

ထယ်ရယ် ရုတ်တရက်ရောက်လာလို့ လန့်သွားတာလား။
ရည်းစားဟောင်းနဲ့ စကားပြောနေတာကို မြင်လို့ လန့်သွားတာလား။

" ထ..ထယ်ရယ် "

" ကျွန်တော် ကျန်းဟောက်ကို လာကြိုတာ "

အချိုသာဆုံး ပြုံးရင်း ကျန်းဟောက် ဆံပင်တွေကို အသာလေးဖွလိုက်တော့ တစ်ဖက်လူမျက်နှာပျက်သွားတာကို ထယ်ရယ် မြင်လိုက်သည်။

" ဘတ်စ်ကားဂိတ်ကို အရင်သွားနှင့်ပါလား "

" ထယ်ရယ် အတူတူသွားမယ်လေ "

" ကျွန်တော် ပြောတယ်... အရင်သွားလို့ "

ဒုတိယတစ်ကြိမ် လေသံနှိမ့်ပြီး စကားသေချာထောက်လိုက်တော့ ပြန်ပြောရခက်သွားတဲ့ ကျန်းဟောက်က ငြိမ်ကျသွားလျက်

" အဲ့တာဆို မြန်မြန်လာခဲ့နော်။ ထယ်ရယ် "

" ဟုတ် "

ပါးချိုင့်တွေပေါ်တဲ့ထိ ပြုံးပြလိုက်တော့ ကျန်းဟောက်က အရင်ထွက်သွားရှာတယ်။ ထိုခါမှ အရမ်း သတ္တိကောင်းနေတဲ့ လူကို ထယ်ရယ် လှည့်ကြည့်မိတယ်။

" ချစ်သူရှိပြီးသားလူကို ပေါ်ပေါ်ထင်ထင် ပြန်လိုက်တာက နည်းနည်းတော့ ရုပ်ပေါက်တယ် မထင်ဘူးလား "

" ဟ ထယ်ရယ် အရိပ်အကဲမြန်သားပဲ "

မသွယ်ဝိုက်တဲ့ ထယ်ရယ့်အမေးကို မျက်ခုံးပင့်ကာ ပြန်ဖြေရင်း ပြုံးလာသည်။ ငြင်းဖို့ စိတ်ကူးရှိဟန်မတူ။

" အင်း... ကိုယ်ကတော့ မထင်ပါဘူး "

ထယ်ရယ် စိတ်ပျက်စွာ ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်သည်။ ဒီလိုလူမျိုးတွေကို ပြဿနာရှာရင် ရောင့်တက်မှာဖြစ်ပြီးတော့ လွှတ်ပေးထားရင်လည်း ပိုပြီးဆိုးဖို့ပဲရှိသည်လေ။

shady☆ [julyz] ✔️Where stories live. Discover now