(အပိုင်း-၅)

100 14 2
                                    

-အမည်တပ်ခြင်း-

ဆောင်းရဲ့အငွေ့အသက်တွေရလာတဲ့ မနက်ခင်းတွေမှာ ငါ့ကိုလာစကားပြောထားတဲ့ ယုန်မလေးရဲ့accလေးကို မနက်တိုင်းလိုလို ငါသတိထားပြီး သွားကြည့်ဖြစ်လာတယ်။

သူထားထားတဲ့ ဘိုင်အိုကစာကြောင်းလေးကိုတောင် သတိရလာတဲ့အထိပေါ့။

ရိုးရှင်းတဲ့စာသားလေးတွေ ဆိုပင်မဲ့ ရေးထားတာက ရည်ရွယ်သူတော့ ပါဝင်နေခဲ့တယ်။ ဒါကတော့ ငါမနာလိုဖြစ်လောက်စေတဲ့ မေတ္တာစာသားလေးပါပဲ။ သွားသွားပြီးကြည့်မိတိုင်း မပြောင်းလဲတဲ့ဒီစာသားလေးက ငါ့အတွက် ပိုပိုပြီးဝေးကွာလာတဲ့ လိင်တူချစ်ခြင်းကို သိသာလာစေပါတယ်။

ဒီလိုနဲ့ မနက်ခင်းခုနှစ်နာရီလောက် သီချင်းနားထောင်ရင်း ကျောင်းအနားက ကားမှတ်တိုင်လေးမှာ သူကောင်လေးတစ်ယောက်နဲ့ လမ်းလျှောက်လာတာကို ကြည့်ပြီး ကြောင်အစွာနဲ့ပဲ လမ်းလျှောက်ရင်း အတွေးများနေခဲ့တယ်။

ပြောရရင် သူ့ဘေးနားက ကောင်လေးက ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ပါပဲ။ ဒီကောင်လေးက သူနဲ့ငယ်သူငယ်ချင်းတွေမို့လို့ ငါအနီးကပ်ပေါင်းမိတဲ့ သူငယ်ချင်းဆိုရင်လည်းမမှားပါဘူး။

ဒါပင်မဲ့ ငါရဲ့ခြေလှမ်းတွေတောင် မရည်ရွယ်ပဲ ခပ်မြန်မြန် ပြေးမယောင်နဲ့ ယုန်မလေးနဲ့သူကြားထဲကနေ အမြန်ဖြတ်လျှောက်သွားခဲ့ဖူးတယ်။

ငါ့ရဲ့အသိစိတ်တွေမှာ ယုန်မလေးအပေါ် သူဘာစိတ်မှမရှိမှန်းသိပင်မဲ့ ယုန်မလေးကတော့ ငါ့သူငယ်ချင်းအပေါ် ဘာစိတ်ရှိလဲ ငါမသိနေဘူး။ တနည်းအားဖြင့် ယုန်မလေးရဲ့ရည်ရွယ်သူဟာ ဒီကောင်ဖြစ်နေမလားဆိုပြီး အတွေးတွေများခဲ့တာကြောင့်လဲ ဖြစ်ပါလိမ့်မယ်။

ယုန်မလေးကို သကြားလုံးပေးမိပြီးတဲ့ နေ့ကနေစပြီး ယုန်မလေးက ငါ့ကို သူစိမ်းဆန်တဲ့အကြည့်တွေနဲ့ကြည့်လာတယ်။ ငါတစ်ခါမှတောင်မကြုံဘူးတဲ့ ခါးသက်ခြင်းနဲ့ရောထွေ‌းနေတဲ့ အေးစက်စက် အရက်တစ်ခွက်သောက်လိုက်ရသလိုမျိုး ဆောင်းအဝင်ကာလတွေမှာ အေးစက်နေခဲ့ပါတယ်။

ဒါပင်မဲ့ တဖြေးဖြေး ငါသူ့ကိုမရည်ရွယ်ပဲဖြစ်စေ ရည်ရွယ်ပြီးဖြစ်စေ သူထိုင်နေကျ ငါ့ရဲ့မျက်စောင်းထိုး ခုံတန်းက ထောင့်လေးကို ငါ့အကြည့်တွေ အမြဲပို့လွှတ်နေခဲ့မိတယ်။

ပြတင်းပေါက်အလင်းရတဲ့နေရာက ယုန်မလေးရဲ့ ရေသောက်တဲ့ဟန်တွေ၊ ငါမမြင်ဖူးတဲ့ အပြုံးတွေ၊ စာကိုအာရုံစိုက်နေတဲ့ မျက်ဝန်းလေးတွေကို ငါ‌နှစ်သက်နေမိခဲ့တယ်။

ဒီလိုနဲ့ ကျောင်းကအပြန်ညနေမှာ ငါ့အတွက် အရှင်လတ်လတ်နဲ့ နတ်ပြည်ကို ချက်ချင်းရောက်သွားသလိုခံစားခဲ့ရတဲ့ သတင်းလေးတစ်ခုကြားခဲ့ရပါတယ်။

အဲ့တာကတော့ ယုန်မလေးဟာ ငါသဘောကျတာကို သူပျော်တယ်ဆိုတဲ့အတွက်ပါပဲ။ ငါကတော့ လိင်တူချင်းကြိုက်တာကိုသူမငြင်းတဲ့အတွက် သိပ်ကိုပျော်မိခဲ့တာပါပဲ။

လမ်းသွားနေရင်းနဲ့တောင် ငါ့ရဲ့ခြေလှမ်းတွေက မြေကြီးနဲ့မထိတော့သလိုမျိုး ငါရဲ့နားကြပ်တွေကိုတောင်ဖြုတ်ပြီး စကားများတဲ့အတန်းဖော်နဲ့ တောင်စဉ်ရေမရတွေပြောရင်း တခွီခွီနဲ့သဘောတကျရီမောခြင်းတွေက ဆောင်းတွင်းရဲ့ ညနေဘက်မှာ ကြုံတွေ့ခဲ့ရပါတယ်။

ဒီလိုနဲ့ ငါ့ရဲ့မျက်စိတွေဟာ အမြဲလိုလို ပြတင်းပေါက်နားက ကောင်မလေးတစ်ယောက်အပေါ်ပဲ ချောက်ချထားခဲ့မိတယ်။ ငါအကြိုက်ဆုံးဘာသာရပ်ကို သင်နေတဲ့အချိန်မှာတောင် ငါ့ရဲ့အကြည့်တွေဟာ တောင်ဝင်ရိုးစွန်းက ယုန်မလေးရဲ့ အာရုံစူးစိုက်နေတဲ့ပုံရိပ်ဖြူလေးပေါ်ပဲ ရောက်နေခဲ့တယ်။

ဒါကြောင့် စာသင်ချိန်အပြီးမှာ သူ့ရဲ့သူငယ်ချင်းကငါ့ကိုရီရင်းပြောလာတယ်။

ယုန်မလေးက မျက်နှာတောင်ပူလာတယ်တဲ့။ မျက်လုံးလေးစွေကြည့်လိုက်တိုင်း ငါကသူ့ကိုပဲကြည့်နေလို့ သူတောင်ရှက်လာတယ်လို့ကြားပြီး ငါ့ရဲ့ပါးစပ်က နားရွက်တက်ချိတ်မတက်ပါပဲ။ ‌

သိပ်ကိုပျော်တယ်။

ဒါပင်မဲ့ ငါရဲ့အနှစ်သက်ဆုံးလုပ်ငန်းဆောင်တာဖြစ်တဲ့ ယုန်မလေးကိုငေးကြည့်ခြင်းဆိုတဲ့ တာဝန်ကို ငါရပ်ဆိုင်းခဲ့လိုက်တယ်။ ငါ့ရဲ့ သဘောကျခြင်းတွေက ယုန်မလေး စာအာရုံစိုက်တာကိုမပျက်စီးစေချင်တဲ့အတွက်ကြောင့်ပါပဲ။

ယုန်မလေးက စာတော်တဲ့ ကျောင်းသူတစ်ယောက်လို့ ငါပြောလို့ရပါတယ်။ ဒါပင်မဲ့သူမက ရုပဗေဒမှာအားနည်းတာ ငါ့အတွက် တိတ်တိတ်လေး သဘောကျစရာဖြစ်ခဲ့တယ်။ ငါက ရူပဗေဒမှာ မဆိုသလောက် တော်တဲ့အတွက်ပါပဲ။

ဒါကြောင့် ငါရဲ့စာစကေးကိုတိုးပြီး လေ့ကျင့်ရင်းနဲ့ ယုန်မလေးဆီက နောက်တစ်ခါထပ်ပြီးစာလာမေးခံဖို့ အမြဲအသင့်ပြင်နေခဲ့ပါတယ်။

----------------------------------------------------------
#TBC

Shung

Beyond the Stars Where stories live. Discover now