(အပိုင်း-၂)

189 18 4
                                    

-ဧရိယာ-

ဖြေးဖြေးခြင်း ငါသတိထားမိလာတဲ့ကောင်မလေးဟာ ယုန်နဲ့တူတယ်။ နူးညံ့တယ်တော့ပြောလို့မရဘူး။ သူကအခန်းထဲမှာ သူ့အပေါင်းအသင်းနဲ့ပဲနေတဲ့ မိန်းကလေးဖြစ်တယ်။ ငါ့လိုမျိုး လူတကာနဲ့ လိုက်ရောနှောတတ်တဲ့ အကျင့်မရှိဘူး။

သူ့ကိုသတိထားကြည့်ရရင် သူက ရှက်တတ်တယ်။ အတိုင်းထပ် အလွန်အရှက်သည်းတဲ့ ယုန်ပေါက်စလေးတစ်ကောင်ပဲ။ ပြောရရင် သူက ငါ့လိုအပြောမကောင်းဘူး တင်ပြချက်တွေလုပ်တိုင်း စာရွက်ဖြူကိုကိုင်ထားတဲ့သူ့လက်တွေက လိုတာထပ်ပို တုန်ယင်နေတတ်တယ်။

တင်ပြချက်တစ်ခုရှိရင် သူကအခန်းရဲ့အနောက်ဘက်မှ စာရွက်တစ်ရွက်ကိုကိုင်ရင်း လမ်းလျှောက်ပြီး စကားပြောကျင့်‌ေနတတ်တယ်။ ငါကတော့ အဲ့တုံးက ဘာရယ်မဟုတ်ပဲ အားပေးမိတယ်။

အကြည့်တွေနဲ့ရော ကိုယ်ဟန်တွေပါ ငါမသိလိုက်ပဲနဲ့ သူ့ကိုအားပေးနေခဲ့တယ်။ တင်ပြချက်ပြီးတော့ တီးတဲ့လက်ခုတ်သံတွေအဆုံးမှာ ငါ့ရဲ့လက်ဖဝါးနှစ်ဖက်လုံးက ပေါက်ကွဲမတက်ပါပဲ။

ဒီလိုနဲ့စာရွက်ဖြူကို ကိုင်ရင်းတုန်နေတဲ့လက်ကလေးတွေက ငါခေါင်းငြိမ့်ပြတိုင်း တည်ငြိမ်သွားတတ်တယ်။ ဆယ်မိနစ်လောက်ကြာသွားတော့ သူနဲ့ငါတဖြေးဖြေးနဲ့ မျက်လုံးချင်းခဏခဏဆုံမိလာတယ်။

ငါကလဲ ငါပါပဲ။ မရည်ရွယ်ပဲ အကြည့်တွေနဲ့ထပ်နှစ်သိမ့်ပေးမိတယ်။

ဆိုလိုတာကတော့ "မင်း အဆင်ပြေနေတယ် စိတ်အေးအေးထားလို့" ငါအော်ပြောခွင့်မရတဲ့အတွက်ကြောင့်ပါပဲ။

ယုန်ပေါက်စလေးမှာ ငါသဘောကျတဲ့အရည်အချင်းတစ်ခုလဲရှိတယ်။ အဲ့တာကတော့ သီးသန့်နေထိုင်ခြင်းနဲ့ ငါမကျွမ်းတဲ့ဘာသာရပ်မှာ သူကဆရာမကြီးဖြစ်နေလို့ပဲ။

ဟိုရောဒီရော ဟိုပေါင်းဒီပေါင်းဘာသာရပ်ကိုသူကတစ်ဖက်ကမ်းခတ်အောင် တော်တယ်။ ငါကတော့ အဲ့ဘာသာချိန်ဆိုတာနဲ့ ဆရာမကိုပြုံးပြပြီး ခေါင်းညိမ့်ထောက်ခံတဲ့သူပါပဲ။

သေချာတော့ ငါမငိုက်ဘူး သူရှင်းပြတဲ့အချိန်တွေဆိုရင်ပေါ့။ ငါတို့အတန်းမှာ သူစာထရှင်းပြရတဲ့အချိန်က ငါ့အတွက် အကြိုက်ဆုံးသီချင်းကို ထပ်ကာထပ်ကာ နားထောင်ရသလိုပဲ။ သူ့အသံလေးက ခပ်အေးအေးလေး။

အဖြတ်အတောက်မှန်မှန် နည်းစနစ်ကျကျလေးနဲ့ တည်တည်ငြိမ်ငြိမ်လေးရှင်းပြတတ်တဲ့ ကောင်မလေးက ငါမုန်းတဲ့ဘာသာရပ်အချိန်မှာ ချစ်စရာကောင်းတဲ့ နာရီလေးတစ်လုံးလိုပဲ။

ဒီလိုနဲ့ မကြာခင်မှာပဲ သူ့ရဲ့မွေးနေ့ကို ငါသိခဲ့တယ်။ သူ့ရဲ့မွေး‌လက နှစ်ရဲ့အစ။ တနည်းအားဖြင့် ယုန်ပေါက်စလေးက ကုမ်ရာသီဖွားလေးပဲ။ ဒီလိုနဲ့တစ်နေ့ ငါစာထရှင်းရတဲ့အလှည့်ရောက်လာတယ်။ ရှင်းရမှာကတော့ မခက်ပါဘူး ဟိုပေါင်းဒီပေါင်းကို ဓာတ်တွေပြောပြီး ပေါင်းပြရတာ‌ပါပဲ။

ဒီလိုနဲ့ ငါ့ဘဝမှာ ရှက်စရာအကောင်းဆုံးနေ့ကြီးဖြစ်ပေါ်လာခဲ့တယ်။

ငါဟာ လူပေါင်း၄၀ကျော်ရှေ့ မတ်တပ်ရပ်ပြီး aqua(ပျော်ရည်)ကို aquarius (ကုမ်ရာသီခွင်)ဆိုပြီး တစ်လျှောက်လုံး aquarius aquariusဆိုပြီး၁၀ကြောင်းလောက် ဟန်ပါပါရှင်းပြနေခဲ့တယ်။ ဒီလိုမျိုးငါမှားနေတာကို ဆရာမ တားပြီးပြောတဲ့ ၅ကြောင်းမြောက်ရောက်တော့မှ ငါသတိထားမိတယ်။ ဒါနဲ့မျက်နှာပူစွာနဲ့ပဲ ယုန်ပေါက်စကိုကြည့်တော့ သူကရုပ်တည်နဲ့ ငါ့ကိုမျက်စိပြူးပြီးကြည့်နေခဲ့တယ်။

သေချာပေါက်အဲ့နေ့အတန်းချိန်မှာ ငါ့ရဲ့မျက်နှာဟာ နီရဲနေတဲ့ခရမ်းချဉ်သီးအဖြစ် အသွင်ပြောင်းလုနီးပါးပဲ။

ဒါပင်မဲ့ ငါမျက်နှာပြောင်ပြောင်နဲ့ပဲ ယုန်ပေါက်စကို ငေးကြည့်နေလိုက်တယ်။ ဘာထူးလဲ ငါ့ရဲ့ ပုံရိပ်ကြီးက ကုမ်ရာသီဖွားကြောင့် လောင်ကျွမ်းသွားပြီပဲ။

ဒီလိုနဲ့ အတန်းချိန်အပြီး နေ့လည်စာစားချိန်ရောက်လာတယ်။ ငါလဲမျက်နှာပူထားရတဲ့အတွက် အခန်းထဲကအမြန်ထွက်ပြီး မုန့်ဈေးတန်းကိုသွားတဲ့အချိန်မှာ ယုန်ပေါက်စနဲ့တိုးတယ်။

ယုန်ပေါက်စဘေးမှာ သူ့သူငယ်ချင်းရှိတယ်။ သူ့သူငယ်ချင်းကတော့ ငါ့ကိုပြုံးပြခဲ့ပင်မဲ့ သူကတော့ငါ့ကိုဂရုမစိုက်ဘူး။ တကယ်ကို လအစကပြုံးပြခဲ့တာ သူမဟုတ်သလိုမျိုး ငါ့ကိုလျစ်လျူရှုသွားတာ ငါ့မျက်နှာကိုမြောင်းရေနဲ့ပက်ခံလိုက်ရသလိုပဲ။

----------------------------------------------------------
#TBC

Shung

ဒါကို စိတ်ကူးယဉ်စာပေအနေနဲ့သာဖတ်ရှုပေးပါ။ စကားပြေလိုလဲမရေးပဲ စကားပြောအနေနဲ့ပဲရေးမှာပါ။ "ငါဗိုက်ဆာလိုက်တာ" ဒီလိုတောင်သိပ်မရေးပဲ ဇာတ်ကောင်ကပဲ ပုံ‌ဖော်ပေးမှာမို့ အတွေးမများပဲ စီးမြောစေချင်ပါတယ်ခင်ဗျာ။

Beyond the Stars Where stories live. Discover now