(အပိုင်း-၁)

621 37 11
                                    

-ကျူးကျော်သူ-

ဆယ်ကျော်သက်တစ်ယောက်ရဲ့ တစ်နေ့တာကတော့ ရိုးရှင်းသလို ငါ့ရဲ့တစ်နေ့တာလုပ်ငန်းစဉ်ကလဲ ရိုးရှင်းပါတယ်။ မနက်ခြောက်နာရီဆိုထပြီး မနက်ခုနှစ်နာရီဆိုတာနဲ့ အမေပြင်ထားတဲ့ မနက်စာကို ဖုန်းကြည့်ရင်း ခပ်မြန်မြန်စားပြီး အတူသွားမဲ့ သူငယ်ချင်းကားကို သွားစောင့်ရင် စောင့်နေတယ်။

ဒါမှမဟုတ်ရင်လည်း မနက်ခုနှစ်နာရီမှာ ငါ့မနက်စာအဖြစ် ယိုသုတ်ထားတဲ့ ပေါင်မုန့်နှစ်ချပ်ကို ပါးစပ်ထဲထိုးထည့်ရင်း အမေပြင်ထားတဲ့ ထမင်းဘူးကို လက်တစ်ဖက်က ကိုင်ရင်းနဲ့ နားကြပ်တပ်ပြီး ကျေးလက်‌သီချင်း တစ်ငြိမ့်ငြိမ့်နဲ့ ကားလမ်းမတွေကိုဖြတ်ပြီး ကျောင်းသွားလေ့ရှိတယ်။

ပြောရရင် ငါ့အတွက် မနက်ခုနှစ်နာရီတွေက အရေးပါတယ်။ သူငယ်ချင်းကားကို မစီးခဲ့ရင် မနက်စောစောမှာ နားကြပ်တပ်ပြီး လမ်းလျှောက်ရတဲ့ ခံစားချက်က ငါ့အတွက် ခရီးသွားရတဲ့ ခံစားချက်ပဲ။

လွတ်လပ်သလိုနဲ့ အတန်းမှီအောင် ခပ်မြန်မြန် လမ်းလျှောက်တဲ့ ခံစားချက်ကြောင့် အမြန်ခရီးသွားရတဲ့ ခံစားချက်ဆိုရင်လည်း မမှားဘူး။

ငါ့ရဲ့မီးခိုး‌‌ေရာင်လွယ်အိတ်ထဲမှာ များသောအားဖြင့် မုန့်အခွံတွေကပိုနေရာယူထားတတ်တယ်။ အရပ်ပုသွားမှာ စိုးရိမ်တတ်တဲ့ ငါကများသောအားဖြင့် ဖတ်စာအုပ်ထည့်လေ့မရှိဘူး။ ဒီလိုပဲ အတန်းဖော်နဲ့ပေါင်းကြည့်တာများတယ် ပြောရမယ်။

ကျောင်းမှာဆိုရင် ငါက ခပ်အေးအေးလူတစ်ယောက်အဖြစ် အသွင်ပြောင်းတဲ့အချိန်က စာသင်ဝိုင်းတွေက စာမေးပွဲစစ်မယ် ပြောထားတဲ့အချိန်တွေပဲ။ ဘာလို့လဲဆိုတော့ ငါက ထူးထူးခြားခြား ဉာဏ်မကောင်းတာမဟုတ်ပင်မဲ့ စာဖြေမဲ့ ခုံပေါ်ထိုင်ပြီး ဘေးမျဉ်းတားပြီးတာနဲ့ ငါနားလည်ထားတဲ့ အဓိပ္ပာယ်တွေပါ မေ့သွားတတ်တယ်။

ကယ်လိုကယ်ငြား ငါ့ရဲ့လက်ဖဝါးမှာ ဘောပင်တွေနဲ့မှတ်သွားလဲ ကံကောင်းလွန်းတဲ့ငါ့ရဲ့ဘဝမှာ မှင်နဲ့မှတ်သွားသမျှ မေးခွန်းထဲပါလာလေ့မရှိဘူး။ ဒါကြောင့် အိမ်ကို အဖြေစာရွက်ပြန်ပေးတိုင်း ငါ့ရဲ့ခေါင်းက ကမ္ဘာမြေကြီးရဲ့အနက်ဆုံးက တွင်းထွက်ပစ္စည်းတွေနဲ့ မိတ်ဆွေသွားဖွဲ့လေ့ရှိပါတယ်။

Beyond the Stars Where stories live. Discover now