part-13{Uni}

9.7K 484 1
                                    

ပိုးသတ်ဆေးနံ့တို့က တိုက်နယ်ဆေးရုံတစ်ခုလုံး၏ မည်သည့်နေရာပင်မူ တထောင်း ထောင်းရနေသော ဆေးနံ့တစ်မျိုးပင် ဖြစ်လင့်ကစား။

ဆေးနံ့ဟူသည် စိုင်းနော်ခန့်ဆိုတဲ့ ကျွန်တော့်တစ်ဘဝလုံး ထိတွေ့ခဲ့ရသည့်အရာပါ။လူ လားမြောက်တဲ့အရွယ်ကပင် အသက်၃၅ နှစ်ရောက်သည်ထိ ဆေးပညာရပ်တွေဖြင့် သူ့ဘဝကလေ့လာမဆုံး။

ဒက်ဒီနှင့်မာမီသည် အထူးကုဆရာဝန်ကြီးတွေဖြစ်သည်နှင့်အညီ သူတို့၏ တစ်ဦးတည်းသောမျိုးဆက်ဖြစ်တဲ့ စိုင်းနော်သည် ဆေးပစ္စည်း၊ဆေးနံ့၊ဆေးပညာတွေအကြောင်း ငယ်ငယ်လေးကတည်း က ယဥ်ပါးခဲ့သည်မှာ ထူးဆန်းနေမည်မဟုတ်။

ကလေးဘဝမှစ၍ မသိမသာ၊သိသိသာသာ ပုံသွင်းလာခဲ့သော ဒက်ဒီနှင့်မာမီ၏ကျေးဇူးကြောင့် ယခု Professionalဆရာဝန်တစ်ယောက်အဖြစ် စိုင်းနော်ရပ်တည်နေသည့်အပြင် တိုက်နယ်ဆေးရုံအုပ်ရာထူးပါ တာဝန်ယူနေရသည်။ဒက်ဒီနှင့်မာမီက အငြိမ်းစား ယူထားပြီဖြစ်သော်ငြား ကိုယ်ပိုင်ဆေးခန်းလေးနှင့် တစ်ထောင့်တစ်နေရာ အကျိုးပြုနေသေးပါသည်။

ဆရာဝန်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသော သူ့ဘဝအစိတ်အပိုင်းတစ်ချို့က စာအုပ်တွေနဲ့ကုန်ဆုံးပါသည်။ဘဝတစ်ဆစ် ချိုးပြောင်းခဲ့သော်ငြား ပုံသေနည်းအတိုင်းရှိနေသည့် ရာထူးမြင့်မားရေးနောက်ကို ဆက်လိုက်ဖို့ရာ သူ စာတွေဖတ်နေရဆဲ၊လေ့လာနေရဆဲဖြစ်သည်။မပြီးဆုံးသော ပညာရပ်တွေကို အသက်၃၅၊တိုက်နယ်ဆေးရုံအုပ်ဖြစ်သော်ငြား စိုင်းနော်လိုက်လံနေရဆဲဖြစ်သည်။

လူ့အသက်တွေကို ကယ်တင်ရသောအလုပ် ဖြစ်သည်မို့ စိုင်းနော် ပေးဆပ်ရကျိုး၊လေ့လာရကျိုး နပ်ပါသည်။သူ့ Dutyတွေက Dayအပြည့်ဖြစ်သည်။Duty မရှိတဲ့နေ့၊သူ့ရဲ့ အနားယူရက်တွေပါ စိုင်းနော်က တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ကောင်းတစ်ယောက်ပါ။ထို့ကြောင့်လည်း တိုက်နယ်ဆေးရုံအုပ်တာဝန်ကို စောစီးစွာ လက်ခံရခဲ့တာဖြစ်သည်။

ယခုတာဝန်ကျရာ တိုက်နယ်ဆေးရုံမှာ နှစ်လသာတာဝန်ထမ်းဆောင်ဖို့ ရှိတော့၏။အစိုးရဆရာဝန်ဖြစ်သည်မို့ အတည်တကျမရှိပါ။သူတာဝန်ဆက်ကျသည့်ဆေးရုံက မြို့မှာဖြစ်သည်။

YANG(Completed)Où les histoires vivent. Découvrez maintenant