Ep(9)

127 10 0
                                    


ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

စက်ဘီးလေးကို ရပ်ပြီး ဆင်းလိုက်တာနဲ့ ဖယောင်းရဲ့ကိုယ်နံ့ကို မှတ်မိနေတဲ့ ခွေးပေါက်လေး သုံးကောင်က တအီအီနဲ့ ထွက်လာပြီး သူတို့သခင်ကို အမြီးလေးတစ်လှုပ်လှုပ်နဲ့ နူတ်ဆက်နေကြတော့သည်။

"ကဲ..စားလို့ရပါပြီ..ပိစိလေးတွေ.."

ပါလာတဲ့ ဖော့ခွက်လေးနဲ့ မုန့်လေးတွေ ဖြန့်ခင်းထည့်ပြီး တစ်ကောင်တစ်ခွက်စီ ကျွေးလိုက်တော့ အမေမရှိတဲ့ ပေါက်စလေးတွေက တနေကုန်ဆာနေတာကြောင့် အငမ်းမရ ခေါင်းမဖော်တမ်းစားကြတော့သည်။

ညနေစောင်းချိန်မို့ အပူရှိန်ကသိပ်မရှိတော့ဘဲ ကစားကွင်းလေးက သစ်ပင်ကြီးတွေရဲ့ အောက်မှာ တည်ဆောက်ခဲ့သည်ကြောင့် လေအေးအေးလေးနဲ့ စိတ်ကိုကြည်လင်လန်းဆန်းစေသည်။
လူအရောက်ပေါက်နည်းပြီး မြက်ပင်ရိုင်းအရှည်တွေက လေတချက်ဝေ့တိုင်း စည်းချက်အညီ ယိမ်းနွဲ့နေတာ မျက်စိပဒသာ ဖြစ်စရာကောင်းလှသည်။

အနီးက ဒါန်းလေးမှာ ထိုင်ပြီးတာနဲ့ ဖယောင်းကိုယ်လေးကို လေအေးအေးလေးနဲ့အတူ ဒါန်းလေးနဲ့ အပြိုင်လှုပ်ခတ်စေပြီး မွန်းကြပ်နေသည့် စိတ်တွေကို လွတ်ထုတ်လိုက်သည်။

အတွေးတွေက စက္ကန့်နဲ့အမျှ တိမ်စိုင်တွေထဲ မျောလွင့်နေသည်။အာရုံမှာ အမြဲစွဲထင်နေတဲ့ ပုံရိပ်တစ်ခု။တိတိကျကျပြောရရင် နူးညံချိုသာတဲ့ အပြုံးတွေရှိတဲ့ အကို။ဖယောင်းကို စကားလေးနဲ့တောင် ထိခိုက်နာကျင်မှာစိုးခဲ့တဲ့ ဘုရားပေါ်က အကို့အမူယာတွေ။

ရုပ်ရှင်ပြနေသလို အတွေးထဲ တဖြတ်ဖြတ်ပေါ်လာပြီး ဖယောင်းအတွက် အားအင်တစ်ခုဖြစ်စေခဲ့တဲ့ စကားလေးတစ်ခွန်းကလည်း နားထဲထပ်တလဲလဲကြားယောင်လာသည်။

"ဘာမှမကြောက်နဲ့နော် ဖြူ အကိုအနောက်မှာအမြဲရှိနေမယ်" တဲ့ ၊ အဲ့ဒီဝါကျစုလေးတစ်ခုက သာမန်လို့ထင်ရပေမယ့် ဖယောင်းအတွက်တော့ ကြောက်စိတ်တွေဖြစ်ပေါ်လာတိုင်း လောကကြီးကိုအရှုံးပေးချင်လာတိုင်း အသက်ဆက်ရှင်စေတဲ့ စကားတစ်ခွန်းဖြစ်နေခဲ့တယ်။ဘယ်သူ့အတွက် ရှင်သန်နေမှန်းမသိခဲ့တဲ့ ဘဝကြီးမှာ ကိုယ့်ဘက်မှာ ရှိနေပေးတဲ့ လူတစ်ယောက်ရှိလာတာ သူ့အတွက်တော့ ဆုလဘ်တစ်ခုလိုပါပဲ။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now