၈နှစ်သားအရွယ်လောက်ရှိသော နွား ကျောင်းသားလေးသည် နွားအုပ်ကြီးကို ဘေးသို့ကပ်စေရန်မောင်းပေးနေသည်မှာ အရွယ်နှင့်မလိုက်အောင် မာန်ဟန်အပြည့်။ပုဆိုးကို ခါးပုံစအရှည်ကြီးဖြင့်ထုတ်ထားသည်မှာ အရွယ်ရောက်ပြီးသားလူပျိုလေးအသွင်။

အကွက်အင်္ကျီလေးနှင့်ထန်းပလပ်ဦးထုပ်အဝိုင်းလေးကိုဆောင်းထားသောကလေးလေးက တုတ်ကလေးကိုမြှောက်ကာမြှောက်ကာ။ခပ်နွမ်းနွမ်းလွယ်အိတ်ကလေးကိုလည်းသိုင်း၍လွယ်ထားလိုက်သေး။စေးစက်မှာထိုကလေးလေးကိုကြည့်ရင်းချစ်မိလာသည်။

နွားအုပ်ကြီးသည် စေးစက်တို့ကားနှင့်ခပ်လှမ်းလှမ်းမှာကျန်ခဲ့လေသည်။လမ်းလေးနံဘေးဆိတ်အုပ်ကလေးကို သိမ်းလာကြသောဆိတ်ကျောင်းသမနှစ်ဦးကိုလည်းတွေ့ရပြန်သည်။သနပ်ခါးပါးကွက်ကြားလေးတွေဖြင့်ရိုးရိုးယဥ်ယဥ်ဝတ်ထား သည်မှာ ရွာဓလေ့အပြည့်။

ရွာထဲဝင်လာတော့ အိမ်ကလေးတွေကိုလည်း စိတ်ဝင်တစားကြည့်မိပြန်သည်။အိမ်ကလေးတွေက မြို့လိုပြွတ်သိပ်မနေဘဲ သီးသီးသန့်သန့်နှင့်ကျယ်ကျယ်ဝန်းဝန်းရှိသည်။ခြံကလေးလို သီးပင်စားပင်တွေစိုက်ပျိုးထားသည်မှာဝန်းနှင့်အပြည့်ဖြစ်သည်။

အိမ်တစ်ချို့ကိုဖြတ်ကျော်လာပြီးသည့်နောက်ကိုညိုကြီးသည် ဇောင်းချထားသောတစ်ထပ်တိုက်ကလေးရှေ့သို့ ကားကိုစက်သပ်ရပ်လိုက်သည်။

စက်ရပ်ပြီးချင်း​ ကိုညိုကြီးက
အုပ်ကြီးအိမ်ရောက်ပြီ ဆရာလေးရေ!ဟုပြောလာသည်။

လမ်းတစ်လျှောက်လုံးတိုက်ခတ်ခဲ့သောလေညှင်းတို့ကြောင့် စေးစက်ဆံပင်တွေပုံပျက်နေမှာအသေအချာ။အတန်သင့်သေသပ်အောင်သူ့ဆံပင်တွေကိုအလောတကြီးဖိသပ်လိုက်မိသည်။

အသက်အလတ်ပိုင်းအရွယ်ရှိ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် ကားအနားရောက်လာပြီး စေးစက်ကိုဆီးကြိုလာကြသည်။စေးစက်လည်းကားတံခါးကိုခပ်သွက်သွက်ဖွင့်၍ဆင်းခဲ့သည်။

စကားတစ်လုံးတစ်ပါဒမှမပြောရသေးသော်ငြားအပြုံးပန်းတို့မှာကိုယ်စီကိုယ်င။

YANG(Completed)Where stories live. Discover now