နှစ်ယောက်သား ထိုစကားလုံးအားမပြောခဲ့ကြသလို၊ အချင်းချင်း ပြန်ပြုံးကြပြီး တစ်ယောက်ကိုယ်တစ်ယောက် ဟင်းထည့်ပေးကာ နွေးနွေးထွေးထွေးနှင့်ပင် ထမင်းဝိုင်းလေးကို အဆုံးသတ်ခဲ့သည်။

"ကိုမောင် သက်ထား အဝတ်လျှော်မှာမို့ ညနေကဝတ်ထားတဲ့ တိုက်ပုံ ပေးလေ။''

"ထားရေ ဘာလို့လျှော်မှာလဲ၊ ပင်ပန်းတာပေါ့ ကိုယ် အဝတ်လျှော်သည်ဆီမှာ သွားအပ်လိုက်မယ်။''

"ထားပါ ကိုမောင် ရယ်။ ကိုယ်တိုင်လျှော်ရတာ ပိုစိတ်ချမ်းသာတယ်။''

သက်ထား က ခုံပေါ်တင်ထားတဲ့ ကိုမောင့် တိုက်ပုံကိုယူကာ ထွက်သွားသည်။ ထိုအချိန်အထိ အိတ်ကပ်ထဲက နှုတ်ခမ်းနီတောင့် ကို ကိုမောင် သတိမရပါချေ။

သက်ထား ကိုမောင့် တိုက်ပုံကို ချေးချွတ်နေရင်း အိတ်ကပ်ထဲက ဖုဖုဖောင်းဖောင်းအရာလေးတစ်ခုကို သတိထားမိသွားသည်။ ထုတ်ကြည့်လိုက်သည့်အခါ နှုတ်ခမ်းနီတောင့်တစ်ခုဖြစ်နေသည်။

သက်ထား ရင်ထဲ တင်းကျပ်သွားသည်။ ခပ်ဆို့ဆို့ နာကျင်မှုက တလိမ့်လိမ့်ပြန်တက်လာသည်။ ချစ်ရသူမိန်းကလေးအတွက် နှုတ်ခမ်းနီ ဝယ်ပေးသည့် ကိုမောင် ပါလေ။ သူကများ အပိုကြီးဖြစ်နေပြီလား။ ထွက်သွားရတော့မည့်အချိန် ရောက်နှင့်ပြီ။

စွန့်လွှတ်တော့ရမည်ကိုသိသော်လည်း စွန့်လွှတ်ဖို့ခဲယဉ်းနေသည်။ သံယောဇဉ်အချစ်ကြိုး တွယ်ငြိနေပြီမို့ ခက်ခဲလွန်းလှသည်။ ရင်နာနာနှင့် မျက်ရည်တစ်ပေါက် ကျဆင်းသွားသည်။

"ထားငယ်။''

ရေချိုးခန်းထဲပြေးဝင်လာတဲ့ ကိုမောင် က သက်ထား လက်ထဲက နှုတ်ခမ်းနီကိုတွေ့သွားသည်။ ထို့အပြင် သက်ထား ရဲ့ မျက်ရည်ကျမှုကိုပါ တွေ့မြင်လိုက်ရသည်။ အထင်လွဲသွားလေပြီ။

"ထားငယ်။''

ကိုမောင် ဆက်မပြောခင် သက်ထား က အဝတ်လျှော်နေရာမှ ထလာပြီး ကိုမောင့် ဆီ နှုတ်ခမ်းနီဘူးလေးအား လာပေးသည်။ နာကျင်နေသည့် အပြုံးတစ်စုံကို အားတင်းကာပြုံးပြရှာသည်။

"မိန်းကလေးတွေက နှုတ်ခမ်းနီကြိုက်ကြတယ်။ သူမလည်းကြိုက်မှာသေချာပါတယ်။''

သကျထားThetthtar(Complete)Where stories live. Discover now