19

90 8 0
                                    

.U.

အပိုင်း(၁၉)

အေးမြမြ ညခင်းတစ်ခု… ငါ့ဘေးမှာ မကျက်တကျက် ပြုတ်ထားတဲ့ ကြက်ဥတွေ နဲ့ မုန့် ပူပူနွေးနွေး တွေ ရှိနေတယ် ။ ငါ့လက်ထဲမှာ အာရာ (Ara) လို့ခေါ်တဲ့ ကောက်ညင်းယမကာ ကို ကိုင်ထား တယ် ။ ဆန် ဂျုံ ပြောင်း မုယောနဲ့ လူး ဆပ် တွေကို ချက်ပြီးအချဉ်ဖောက်ထားတဲ့ခေါင်ရည်ဟာ ခုမှ နွှေးထားတာမို့ ပူပူနွေးနွေး…။

ယမကာက အားလုံးက်ို မေ့သွားစေတယ် တဲ့… ။

"ဘာဖြစ်ခဲ့တာလဲကွယ်……"

အားလျော့နေတဲ့ ငါ့ပုံစံကြောင့် အာ့မာ(Ama - Mommy) သို့မဟုတ် ဦးလေးရဲ့ ဇနီး အန်တီက ငါ့ကို မေးလာတယ် ။ တညနေလုံး ဆော့ကစားပြီးနောက်မှာ ကလေးတွေနဲ့ ဦးလေးက မောမောနဲ့ အိပ်ပျော်ကုန်ကြပြီ ။

"အာ့မာ……  "

"ပြောလေ… ဘတ်ကလေး…… "

"အာ့မာ ကို ဘတ် ပြောပြချင်တယ်…… "

ညလေအေးကို ငါရှူ သွင်းပြီး ကောက်ညင်းခေါင်ရည်နွေးနွေးကို မော့သောက်လိုက်တယ် ။ကောက်ညင်းလို ချိုတယ်… ပြီးတော့ ကိုကာကိုလာလို ရှတတ… ။ ကောက်ညင်းခေါင်ရည် ရဲ့ အရသာ ဆိုတာ ဒီလိုမျိုးပါလား ။ ပူဆင်းသွားတဲ့ ခေါင်ရည်ရဲ့ အရသာကြောင့် ထင်ရဲ့ ။ ငါ့စိတ်ထဲမှာ အရာရာပြည့်လျှံလာတယ် ။

"ဘတ်… အကုန်လုံး ကို ပြောပြချင်တာ……"

အာရာကို နောက်တကြိုက်မော့သောက်လိုက်တယ် ။ ပူဆင်းသွားပြန်တဲ့ ခေါင်ရည်နဲ့အတူငါ့စိတ်ထဲမှာ အရာရာလစ်ဟာသွားပြန်သလိုပဲ ။ အိပ်ရေးမဝဘဲ နှိုးခံလိုက်ရတဲ့ မနက်ခင်းတစ်ခုလိုရီဝေဝေခံစားချက်မျိုး… ။
ဒီခံစားချက်ကအားလုံးက်ိုမေ့သွားစေတယ်တဲ့လေ။ ဟင့်အင်း… မဟုတ်ဘူးနော် ။
ငါ ဘာကိုပဲ သောက်သောက်… ဘယ်လောက်ပဲ သောက်သောက် ငါ ဘယ်လို မေ့နိုင်မှာလဲ…။ ဘယ်လိုများ မေ့နိုင်မှာလဲ… ။

အဲ့တုန်းက……။

ငါ့တစ်ကိုယ်လုံး ပူလောင်ပြီး ကိုက်ခဲနေခဲ့တာ မှတ်မိတယ် ။သွားစွယ်အချို့က ငါ့လည်တိုင်ထဲနစ်ဝင်သွားတာကို မှတ်မိတယ် ။ ငါ့မေးဖျားကို မော့ပြီး ငါ့မျက်နှာကို စူးစိုက်ကြည့်နေ တဲ့ သူ့မျက်ဝန်းတွေ ။ အင်း…သူ စိတ်တို သွား ပြန်ပြီ… ။
ဆူညံနေခဲ့တဲ့အသံတွေ တိတ်ဆိတ်သွားပြီးနောက်မှာ သူ ငါ့ကိုယ်ပေါ်က ဖယ်ခွာသွားတယ် ။ ကျစ်ကနဲစုတ်သပ်ရင်း ရေချိုးခန်းတံခါးကို ဝုန်းကနဲ ဆောင့်ပိတ်လိုက်သံကြားချိန်မှ ငါ့ကိုယ်ကို ဖြေးဖြေးချင်းစောင်းကာထထိုင်လိုက်တယ် ။
ငါ့အသိထဲမှာ ဘာရှိလဲ ။ ပင်ပန်းတယ်… နာတယ်… ပြီးတော့ နာတယ်… ။ အိမ်ထောင်ရေးသုခ ဆိုတဲ့ စကားလုံးက ငါ့အတွက် မဟုတ်တာ ကြာခဲ့ပြီပဲ ။
ဒီညနေသွားမယ့် သူ့အလုပ်ခရီးအတွက် တလစာအဝတ်အစားတွေထည့်ပေးရဦးမယ်။ အလုပ်ကိစ္စ… ဒူဘိုင်း… တစ်လခရီး… ။ ဒီလောက်ကို ငါ မှတ်မိရင် လုံလောက်ပါပြီ။ လေဆိပ်ဆီသွားခါနီး သူ ငါ့ကို နမ်းရှိုက်ရင်း ခပ်တိုးတိုး ဆိုသွားတဲ့စကားတစ်ခွန်း…  ။

PHOENIX |[ completed ]|Dove le storie prendono vita. Scoprilo ora