အခု ဉာဏ်။ ကိုယ့်အိမ်ထောင်ဖက်အလုပ်လုပ်လျှင် စိတ်ကအော်တို ဆိုက်ကိုဝင်နေသော စက်နေဟိန်းအဖို့ ဉာဏ့်ကို အလုပ်မလုပ်စေချင်။ ဉာဏ့်စကားကြောင့်ရော ဒီအိမ်ထောင်က သူ့အတွက်နောက်ဆုံးပဲဟု ဆုံးဖြတ်ထားသောကြောင့် စက်နေဟိန်း စိတ်တွေအတော်လျော့ထားရှာပါသည်။ ဉာဏ်က တကယ်ကံကောင်းသည်။ စက်နေဟိန်း၏ အရင်စိတ်နှင့်ဆို ဒီကောင်လေးလုံးဝမလွယ်။

"ဟူး"

မျက်နှာသစ်အပြီး မှန်ကိုကြည့်ရင်း သက်ပြင်းချကာ ရေချိုးခန်းထဲမှ စက်နေဟိန်းထွက်လာခဲ့သည်။

"အမယ်လေး...."

ဉာဏ်သည် အတွင်းခံဘောင်းဘီလေးဖြင့် ဘောင်းဘီရှည်ဝတ်နေတုန်းရှိသေး စက်နေဟိန်းထွက်လာသောကြောင့် အသံပြဲဖြင့် ထအော်တော့သည်။

ဉာဏ့်တစ်ကိုယ်လုံးကို စက်နေဟိန်းအခုမှ သေချာမြင်ဖူးတာဖြစ်သည်။ ထူးတော့ထူးဆန်းသည်။ သူတွေ့ခဲ့ဖူးသည့် အမျိုးသမီးများနှင့်မတူဘဲ ဘာအဖုအထစ်မှမရှိ ပိန်ပါးသည့်ဉာဏ်ဟာ စက်နေဟိန်းစိတ်ကို လှပ်ခနဲဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။

"ယောက်ျားအချင်းချင်းပါကွာ၊ မြင်လည်း ဒါကဒါပဲ ဘာမှမဖြစ်ပါဘူး"

စိတ်ကဖြစ်နေတာတစ်မျိုး၊ ဉာဏ့်ကိုပြောလိုက်တာတစ်မျိုးနဲ့ စက်နေဟိန်းတစ်ယောက် ဟုတ်တော့ဟုတ်နေတာပဲ။

လန့်နေသည့် ဉာဏ်ကလည်း....

"မတူပါဘူး...."

ဒါက ဉာဏ်ခပ်တိုးတိုးရေရွတ်လိုက်သည့်စကား။ သို့သော် စက်နေဟိန်းကတော့ကြားသည်။

"ဘာမတူတာလဲ"

"ဟမ်....ဉာဏ် ဘာမှမပြောပါဘူး"

"ကိုယ်နားကန်းနေတာမဟုတ်ဘူး ဉာဏ်၊ ဘာကိုမတူတာလဲ"

ဉာဏ်တစ်ယောက် ဘောင်းဘီဇစ်အမြန်တပ်ကာ....

"ဉာဏ်နဲ့ ဦးစက်က ယူထားတာလေ၊ သူ့ဘာသာ တူတူ မတူတူ ဖြစ်တာကဖြစ်တာပဲ"

"ဘာဖြစ်တာလဲ"

စက်နေဟိန်းသည် မေးလည်းမေး ဉာဏ့်ဆီ တစ်လှမ်းချင်း ဖြည်းဖြည်းချင်းလျှောက်လာနေသောကြောင့် ဉာဏ် မျက်လုံးပြူးလာသည်။

ညံနေအောင်ချစ်မည် (loving you out loud)Onde histórias criam vida. Descubra agora