ထိုငှက်က လျှင်မြန်စွာရောက်လာပြီး ရှန်းဝူပိုင်က သူ့လက်ညိုးနှင့်လက်ခလယ်ကိုပူးကပ်ကာ မြှောက်လိုက်တော့ ရှန်းဝူပိုင်၏လက်ညိုးထက်တွင် နားလိုက်သည်။ ပြီးနောက် ရှန်းဝူပိုင်သာ ကြားနိုင်သည့် အသံတစ်ချို့ကို ထုတ်လွှတ်လိုက်လေသည်။

နျူးက ရှန်းဝူပိုင်ကိုသာကြည့်နေပြီး ယွင်းရန်သည်လည်း သူ့ကိုအကဲခတ်နေလေသည်။ ထို့နောက် ရှန်းဝူပိုင်က ယွင်းရန်ကိုတချက်ကြည့်ကာ နျူးဘက်သို့ သူ၏ကိုယ်ကိုလှည့်လိုက်သည်။ နျူးအား သေချာစွာကြည့်လျက်

" ကောင်းကင်ဘုံမှာ ပြဿနာတချို့ဖြစ်လို့ ကိုယ်အခုချက်ချင်းသွားမှဖြစ်မယ်။ မင်း.....မင်း ကိုယ်နဲ့တခါတည်းပြန်လိုက်ခဲ့မလား"

"ဟင်....ချက်ချင်းကြီးလား"

နျူးဆီမှ စိတ်ညစ်သွားသည့်အသံမျိုးက သိသိသာသာချက်ချင်းထွက်လာလေတော့သည်။ နျူးက ဟန်မဆောင်တတ်သူပီပီ သူက ရှန်းဝူပိုင်ကိုလည်း အားနာပါးနာ ပြန်ပြောနေလိမ့်မည်သူမဟုတ်။ သူသက်ပြင်းချမိသလိူဖြစ်ရင်း သူ၏ခေါင်းကိုဘေးသို့စောင်းလိုက်သည်။ အခုမှ သူဒီကိုရောက်ဖူးတာအပြင် နောက်လည်း ဒီလိုနေရာကို ပြန်ရောက်နိုင်လား၊ မရောက်နိုင်လား ဆိုတာက သူမသိနိုင်သည့်အချက်ပင်။ ကောင်းကင်ဘုံမှာပြောတုန်းက သူတို့ ဒီနေရာမှာ သုံး၊ လေးရက် အနည်းဆုံးနေလို့ရတယ်ဆိုလို့ သူသေလောက်အောင် ပျော်ရွှင်နေခဲ့တာကို။ အခုတော့....အခုလိုကြီး ချက်ချင်းကြီး ပြန်ရတော့မှာကိုတော့ သူတကယ်မကျေနပ်ပါချေ။

နျူး၏ပြန်လိုက်ချင်ပုံမရသော ပုံစံကိုကြည့်ကာ ရှန်းဝူပိုင်သဘောပေါက်လိုက်ချေပြီ။ သူလည်း နျူးကိုတကယ်အားနာမိသည်မှာအမှန်ပင်။

" ဒါဆို.....ကိုယ့်ကိုစောင့်နေမလား။ ရှင်းပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်။”

ရှန်းဝူပိုင်က နျူးကိုကြည့်ကာပြောနေရင်းပင် နျူး၏ခေါင်ပေါ်ရှိသူပေးထားသော ဆံထိုးလေးကိုပါ လှမ်းကြည့်လိုက်ရင်း အသာပြုံးကာ

 “ဆံထိုးက မင်းကိုကာကွယ်ပေးမှာမလို့...လူ့ပြည်မှာ မင်းကို ဒုက္ခပေးမဲ့သူတော့မရှိပါဘူး။ ကိစ္စပြီးတာနဲ့ ကိုယ်မင်းကိုလာရှာမယ်။"

The Deal With A Demon King Where stories live. Discover now