Ep 1

7.6K 262 11
                                    

နွေးထွေးသည့် အထိတွေ့တစ်ခုကို ခံစားသိရှိလိုက်ရသည်။ မျက်လုံးများကတော့ မဖွင့်ချင်သေးသော်ငြား ဘယ်ဘက်လက်မောင်းတစ်လျောက်၌ ထုံကျင်မှုကို ခံစားလာရသောကြောင့် လေးလံနေသော မျက်ခွံများကို ဖွင့်ကြည့်မိ၏။

"ဉာဏ်...ပြောရင် ဦးစက်နား မအိပ်ပါဘူးဆိုတာချည်း၊ ငါ့လက်မောင်းတွေတောင် ကျင်နေပြီဟ၊ ဟိုကောင်လေး ပြောတာကြားလား"

တုပ်တုပ်မလှုပ်သော ဉာဏ့်ကိုကြည့်ရင်း ဦးစက် သက်ပြင်းခပ်လေးလေးတစ်ချက်အား ကျယ်လောင်စွာချမိ၏။ သို့မှ "ဟင်...အင်း" ဆိုသည့်အသံနှင့်အတူ ရင်ခွင်ထဲ ပိုတိုးလာသော ဉာဏ်။

"ဟူး...."

မထိကောင်း မကိုင်ကောင်းသည့်အရာတစ်ခုလို ဉာဏ်၏နဖူးအား ကျန်နေသည့် လက်တစ်ဖက်ဖြင့် တွန်းထုတ်ကာ မိမိလက်ကိုဆွဲထုတ်ရင်း ခဏလောက် ငြိမ်နေရသည်။ ထုံပြီး တဆစ်ဆစ်ကျင်တက်နေသည့် လက်ကို အနားပေးထားရသည်။

ထို့နောက် ကုတင်ခြေရင်းရှိ တိုင်ကပ်နာရီအား လှမ်းကြည့်မိတော့ ခြောက်နာရီထိုးဖို့ ဆယ်မိနစ်လိုသေးသည်။ ထရတော့မည်ဖြစ်သဖြင့် တွန်းထုတ်ထားသည့်အတိုင်း အိပ်ပျော်နေသေးသည့် ဉာဏ့်ဘက်သို့ တစ်ချက်လှည့်ကာကြည့်မိ၏။

ဒီအချိန်မထတတ်တာ ဦးစက်သိတာမို့ ခြေရင်းသို့လျောဆင်းနေသော စောင်အား အသေအချာပြန်ခြုံပေးခဲ့ရင်း ကုတင်ပေါ်မှ အသာဆင်းလိုက်သည်။ အကြောပြေ ခြေဆန့်လက်ဆန့် လုပ်ပြီးသည့်နောက် စားပွဲပေါ်အသင့်တင်ထားသော ရေတစ်ခွက်အား သောက်ကာ အခန်းတွင်းမှ တိတ်တိတ်လေး ထွက်ခဲ့တော့သည်။

ဆောင်း၏အငွေ့သက်လေးဝင်ခါစဖြစ်နေသည့်အလျောက် "အိမ်သူ့စံအိမ်" ဝန်းကြီးအတွင်းတွင် မြေနီလမ်းတစ်လျှောက် ဘေးတစ်ဖက် တစ်ချက်စီ၌ စီတန်းစိုက်ပျိုးထားသော ထင်းရှူးပင်စိမ်းစိမ်းကြီးများအပေါ်၌ နှင်းစက်ကလေးများတင်နေသလိုပင်။ လှေကားပေါ်မှ မဆင်းခင် ပြတင်းပေါက်မှ လှမ်းကြည့်သည်နှင့် ဤမြင်ကွင်းကို မြင်ရသည်။ လန်းဆန်းစေသည့်မြင်ကွင်းဟု ပြောရမလားပင်။

လှေကားထစ်ပေါင်း နှစ်ဆယ်ရှိသည်နှင့်အညီ အတက်အဆင်းလုပ်ရသည်မှာလည်း မလွယ်လှ။ ထို့ကြောင့် စိတ်အေးလက်သာဖြစ်စေရန် အလုပ်ခန်းတောင် အောက်ထပ်မှာထားသည်။ နှစ်ပေါင်း၁၅၀ရှိပြီဖြစ်သော "အိမ်သူ့စံအိမ်"ကြီးကို ထိန်းသိမ်းရသည့် စရိတ်ကလည်းများသလို တစ်ခါတလေလည်း ပျင်းလွန်းလှသည်။ အင်း...မေ့လို၊ ဘယ်ကဘယ်လိုစပြောရမှန်းမသိသည့် ယောက်ျားတစ်ယောက်ရထားတော့ ပျင်းတယ်ဆိုတာထက် တစ်ခါတလေ ဘယ်လိုနေရမယ်မှန်းမသိ။ ယောက်ျားယူတာက မိန်းမယူတာထက် အတော်ကိုကွာသည်။ အလိုက်ကန်းဆိုးမသိတာကပိုဆိုးသေးသည်။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now