*ငါ ဒီအိမ်မှာ ခနဆက်နေပါရစေ။ ကိုကြီးရှိနေခဲ့တဲ့ ဒီအိမ်ကြီးကနေ ငါ တန်းမထွက်သွားချင်သေးလို့*
ဆိုသော ပါးပါးဆုံးပြီး ၂ပတ်အကြာမှာ ချန်ယင်း၏ တောင်းပန်မှုကြောင့် ရှောင်းကျန့် ဒီအိမ်ကြီးမှာပဲ ချန်ယင်းကို နေခိုင်းလိုက်သည်။ ရိပေါ်ကတော့ ကောင်းသည်ဆိုးသည်မပြောပဲ ရှောင်းကျန့်လုပ်သမျှကို ပြုံးပြီးသာ ထောက်ခံနေလေသည်။
*ကိုကို ဒီအိမ်မှာ ချန်ယင်းကိုနေခိုင်းလိုက်တာ မင်း စိတ်တိုင်းရော ကျရဲ့လား*
အခန်းထဲရောက်လို့ ညဝတ်လဲနေရင်း ပြောလာသည့် ကိုကို့ကြောင့် ရိပေါ် ခေါင်းညိမ့်လိုက်သည်။ ရိပေါ် သဘောမကျစရာ ဘာမှမရှိပဲ။ ပြီးတော့ ဒါက ကိုကို့အိမ်။ ရိပေါ်တို့ ပတ်သတ်မှုက ဆုံးဖြတ်ချက်ကို စွက်ဖက်ပိုင်ခွင့် မရှိသေး။
*စိတ်တိုင်းမကျစရာ ဘာမှမရှိပါဘူး ကိုကိုရဲ့။ ပြီးတော့ ဒါက ကိုကို့အိမ်လေ။ ကျွန်တော် အများကြီး ဝင်စွက်ဖက်လို့ မရဘူးလေ*
ကိုကိုက ညဝတ်လဲရင်း ရိပေါ်ကို လှည့်ကြည့်လာလေသည်။
*နောက်ဆို ဒါမျိုးမပြောနဲ့ ရိပေါ်။ ငါ တကယ်စိတ်တိုတယ်။ ဒီအိမ်က မင်းနဲ့ငါနဲ့အိမ်။ ငါ ပိုင်သမျှ မင်းပိုင်တယ်။ ဒီလိုအတွေးမျိုး ဘာကြောင့်များ ဝင်လာရတာလဲ ဟင်*
ရိပေါ်ကို စူးစူးဝါးဝါးကြည့်ကာ မျက်မှောင်ကြီးကျုံ့နေသည့် ကိုကိုက အရမ်းဒေါသထွက်နေပုံရသည်။ ဒါပေမယ့် ရိပေါ်မချော့။
တကယ်လဲ ရိပေါ်တို့ပတ်သတ်မှုက ထိုမျှလောက်ထိ အဆင့်မရောက်သေးပဲ။
*ကျွန်တော်ပြောတာ ဘာမှားလို့လဲ ကိုကို။ ကိုကိုနဲ့ကျွန်တော့်ပတ်သတ်မှုက ကိုကို့အတွင်းရေးထိ ဝင်ဆုံးဖြတ်ဖို့ မလိုဘူးလေ*
*ဝမ်ရိပေါ်..အေး..အေး..မင်းမှန်တယ်*
ဘာမှဆက်မပြောတော့သည့် ကိုကိုက မွေ့ယာပေါ်သွားအိပ်ကာ ရိပေါ်ဘက်ကို လှည့်မလာတော့ပေ။ ရိပေါ်လဲ ကိုကို့နောက် ဝင်လှဲကာ တစ်ဖက်ကို စောင်းအိပ်လိုက်သည်။
ရိပေါ် စိတ်ထဲဘာဖြစ်နေမှန်းမသိ။ ကိုကို့ကိုသာ အရွဲ့တိုက်ချင်နေသည်။ ဒါက ချန်ယင်းကို အိမ်ပေါ်ထားလို့လားဆိုတော့လဲ မဟုတ်ပြန်။