Part- 38

1.3K 124 2
                                    

Zawgyi

~~ကြာဖြူ~~
အပိုင်း(၃၈)

"နက္ခတ်စုံခိုက် လရောင်ဆမ်းသည့်
ပဒုမ္မာတစ်ပွင့်ပွင့်လန်းအံ့ ဒဏ္ဍာရီလာ
ဓါးတစ်လက်ဖြင့် အဖြူရောင်သွေးတို့
စွန်းစေသော ထိုကြာပွင့်အား
လရောင်ဖြန်းသည့်နေ့ရက်ချိန်တွင်ပင်
သုဓိလတောင်စွန် နေမင်းစိုးစံခိုက်
ကျွန်း၏မူလအရှင် ဒဏ္ဍာရီနတ်ဘုရားထံ
ပူဇော်ပသရချေလတ္တံ......
ကျိန်စာပျက်ယွင်း နက္ခတ်တာရာ
အလုံးစုံသည် ထိုချိန်ခဏသာ
ကွန့်မြူးမည်ဖြစ်သဖြင့်
နေမင်းအိပ်တန်းမဝင်ခင်
အသင်တာဝန်ကျေစေလော့
ရှေးပဝီ နတ်မင်းဒဏ္ဍာရီကျိန်စာကြောင့်
ဆုတောင်းတစ်ခုအတွက် တစ်ခုပြန်လည်
ပေးဆပ်ရလတ္တံ နှလုံးတွင်းမှလာသော
မျက်ရည်တစ်ပေါက် သွေးတစ်စက်ဖြင့်
အသန့်စင်ဆုံး စတေးခံပန်းတစ်ပွင့်
ဆက်သလျှက် ဤကျိန်စာဆိုးအလုံးစုံ
ချေပျက်သွားလတ္တံ.. "
ဈာန်က အလွတ်နီးပါးရနေသည့် သဘောင်စာကို တီးတိုးရေရွတ်လိုက်၏။ သဘောင်စာ ဖတ်ပြီးသည်နှင့် ပြိုကျပျက်ဆီးသွားပြီဖြစ်သော ကျောက်စာကို နက်ရိုင်းကငေးစိုက်ကြည့်နေလျက်နှင့်...
"ဘာအဓိပ္ပယ်လဲ.."
"ကိုယ့်ရှာဖွေသိခဲ့သလောက်ပြောရရင် မှော်ဝင်ကျွန်းကံကြမ္မာနဲ့ဆက်နွယ်တဲ့ ကြယ်တာရာ နက္ခတ်တွေစုံတဲ့အချိန်မှာ လရောင်နဲ့ထိပြီး ပဒုမ္မာကြာပန်းတစ်ပွင့်ပွင့်လာလိမ့်မယ် သေချာတာက လပြည့်နေ့မရောက်ခင် ညည့်သန်းခေါင်အချိန်ဝန်းကျင်လောက်မှာ ကြာပန်းပွင့်လာလိမ့်မယ် သူကလရောင်ဆမ်းမှပွင့်မယ့်ကြာလို့ရေးထားတယ် လပြည့်နေ့မကူးခင်ချိန်ပဲ လရောင်ဖြာလိမ့်မယ်"
"ကျိန်စာတွေအားလုံး အသက်ဝင်လာမယ့်လပြည့်လား"
"ဟုတ်တယ်နက်ရိုင်း ကိုယ်တို့အတွက် ဒီလပြည့်ပဲကျန်တော့တယ်လေ"
"အဲဒီ့ကြာပန်းကိုငါတို့ခူးရမှာလား ဈာန်
ကောင်းကင်ကဝင်မေးလိုက်တော့ ဈာန် ခေါင်းတစ်ချက်ညိတ်ရင်း
"သဘောင်စာအရကြာပန်းကို ကိုယ်တို့မဖြစ်မနေခူးရလိမ့်မယ် ဒဏ္ဍာရီလာဓားတစ်လက်ဆိုတာ ဘုရင်ရဲ့ဓားကိုရည်ညွှန်းတာပါ အဖြူရောင်သွေးကတော့ သန့်စင်တဲ့သွေးကိုဆိုလိုချင်တယ် ပုံမှန်ဆိုသွေးက အနီရောင်ပဲရှိတယ် "
"သန့်စင်တဲ့သွေးဆိုတာ ဘာကိုပြောချင်သလဲ"
"ငါတို့အားလုံးကိုကိုယ်စားပြုတဲ့ သွေးဖြစ်လိမ့်မယ် ကောင်းကင် သန့်စင်ခြင်းမှာကိုယ်ကျိုးမပါဘူး ကိုယ်ကိုတိုင်ပျက်ဆီးသွားနိုင်မှန်းသိရက်နဲ့ အများအတွက်ဆောင်ရွက်ပေးချင်တဲ့ စိတ်ရှိတဲ့နှလုံးသားက လာတဲ့သွေးပေါ့ ဒါကြောင့်ပုံမှန်သွေးအရောင်ဖြစ်တဲ့အနီရောင်လို့ မညွှန်းဘဲအဖြူရောင်လို့သုံးထားတယ်"
ကောင်းကင်အမေးကို ဝင်ဖြေလိုက်သူကစေတန်ပင်။ စိမ်းက ကိုယ့်အတွေးနှင့်ကို ပြုံးလိုက်ရင်း
"ငါတို့သွေးတွေကရော တကယ်သန့်စင်ရဲ့လားဟင်"
"အနည်းဆုံးတော့ အားလုံးအတွက် ဒီကျိန်စာကိုအဆုံးသတ်ပစ်ချင်တဲ့ စိတ်တစ်ခုတော့ရှိနေတာပဲလေ ငါတို့ကိုယ်တိုင်တောင်ဘာဖြစ်မယ်မှန်း အနာဂတ်ကမရေရာတာတောင် ရှေ့ဆက်တိုးခဲ့တယ် "
"စေတန်ပြောတာမှန်ပါတယ် စိမ်း ကိုယ့်ကိုကိုယ်အရမ်းအပြစ်ရှိတဲ့လူလို့ မတွေးပါနဲ့ ကျွန်တော်တို့အားလုံးရဲ့ သွေးတစ်စက်ချင်းစီကို ဘုရင်ရဲ့ဓားနဲ့ဖောက်ထုတ်ပြီး ကြာပန်းပေါ် ပူဇော်ထားရမယ် ဒီဒဏ္ဍာရီရဲ့အလှပဆုံးလရောင်ဆမ်းတဲ့ ကြာပန်းပေါ်ကသွေးစက်လေးတွေဟာ ကျိန်စာအဆုံးသတ်ဘာဘဲဖြစ်နေပါစေ လက်သင့်ခံမယ်လို့ရည်ညွှန်းထားတာပါ ဘာဘဲစတေးရပါစေပေါ့"
ဈာန့်စကားအဆုံး သူတို့ကိုယ်စီသက်ပြင်းချမိသည် ထင်ပါသည်။ တကယ်ပဲသူတို့တွေ အရာအားလုံးကို စတေးနိုင်ဖို့ အဆင်သင့်ဖြစ်ရဲ့လား...
ဒါဆိုရင်ဒီဒဏ္ဍာရီမှာ သိပ်မခမ်းနားတဲ့သူရဲကောင်းတစ်ယောက်တော့ ဖြစ်ကောင်းဖြစ်သွားမည် ထင်သည်။
"နောက်တော့ရော..."
နက်ရိုင်းကတိတ်ဆိတ်မူကို ဖြိုခွဲလိုက်၏။ ဈာန်ကပြတင်းပေါက်မှတဆင့် အဝေးဆီသို့ ငေးကြည့်နေရင်းနှင့်..
"ပဒုမ္မာကြာပန်းကိုခူးပြီးတာနဲ့ ငါတို့တွေဒီကျွန်းရဲ့မူလနတ်ဘုရားဖြစ်တဲ့ ဒဏ္ဍာရီနတ်ဘုရားဆီပူဇော်ပသရမယ် လပြည့်နေ့မှာပဲအချိန်ကသူပြောထားတယ် သုဓိလတောင်စွန်မှာ နေမင်းစိုးစံတဲ့အချိန်တဲ့"
"သုဓိလတောင်ဆိုတာ ဒီကျွန်းရဲ့အမြင့်ဆုံးတောင်ပါ တောင်စွန်မှာနေမင်းစိုးစံတဲ့အချိန်က နေဝင်ခါနီး အချိန်ကိုဆိုလိုတာပဲ ဘုရင်မင်းမြတ်က နေဝင်ခါနီးအချိန် သုဓိလတောင်စွန်မှာ နေလုံးကြီးမှေးတင်နေတာကို သူ့နန်းဆောင်တော်ရဲ့အမြင့်ဆုံးမှာ ကြာဖြူမင်းသမီးနဲ့အတူ အမြဲမျှော်ငေးလေ့ရှိတယ် နတ်ပန်းချီကားတစ်ချပ်လိုပဲ သိပ်ကိုလှပခဲ့တဲ့မြင်ကွင်းတစ်ခုပဲလေ"
စေတန်ကဘာကိုလွမ်းဆွတ်သွားမှန်းမသိ ဆွေးမြေ့သည့်လေသံဖြင့်ဆိုလိုက်တော့ စိမ်းမျက်နှာတစ်ချက်ပျက်သွားရင်းမှ ချက်ချင်းပြင်လိုက်ရင်း
"ဒါဆိုရင်ပဒုမ္မာကြာပန်းကို ကျွန်းရဲ့မူလနတ်ဘုရားရှေ့ယူသွားမယ် ပြီးတော့ နေဝင်ခါနီးအချိန်မှာ စိမ်းတို့သွေးတစ်စက်ချင်းစီ ကြာပန်းပေါ်ပူဇော်ပြီး နတ်ဘုရားကိုဆက်သရမယ်တဲ့လား.."
"ဟုတ်တယ်စိမ်း ခက်တာကဒဏ္ဍာရီနတ်ဘုရားဆိုတာ ဘယ်မှာရှိမှန်းမသိသေးတာပဲ "
"ဒါနဲ့ ဒဏ္ဍာရီနတ်ဘုရားဆိုတာ ဘာလဲ"
နက်ရိုင်းကနားမလည်ဟန်ဖြင့် ရုတ်တရက်ဝင်မေးလိုက်ရာ ဈာန်ကိုယ်တိုင် ဘာပြောရမယ်မှန်းမသိဖြစ်သွားသည်။ သူကိုယ်တိုင်ကဒီအကြောင်းအရာကို သေချာသဘောပေါက်နားလည်နိုင်ခဲ့ခြင်း မရှိလေတော့...
"ဒဏ္ဍာရီနတ်ဘုရားဆိုတာ ကျွန်းစတည်ဖြစ်ပွားခဲ့တဲ့ အစောပိုင်းကာလကတည်းက ကျွန်းပေါ်မှာရှိတဲ့ လူမျိုးစုတွေကိုးကွယ်တဲ့နတ်ဘုရားပဲ ဒဏ္ဍာရီထဲမှာတော့ ပင်လယ်နတ်မင်းကြီးကကျွန်းကို ဖန်တီးပြီးနောက်မှာ အစောင့်အရှောက်အဖြစ်ထားခဲ့တဲ့ ပထမဆုံးနတ်ဘုရားလို့ရေးထားတယ် နောက်ပိုင်းဒဏ္ဍာရီစာကျမ်းတွေက အမျိုးမျိုးရေးသားထားပေမယ့် ဒီဒဏ္ဍာရီနတ်ဘုရားကတော့ မှော်ဝင်ကျွန်းမှာ အစောဆုံးနေထိုင်ခဲ့တဲ့မျိုးနွယ်စုတွေကိုးကွယ်ခဲ့တဲ့ ပထမဆုံးနတ်ဘုရားရုပ်ထုပဲ"
အသံနှင့်အတူဝင်လာသူက ပျောက်နေတာကြာပြီဖြစ်သော ဦးရာဇ။ အံ့သြနေသည့်သူတို့ကိုကြည့်ပြီး ဦးရာဇခေါင်းညိတ်လိုက်ကာ
"ကျုပ်ဒီကျိန်စာထဲပိတ်မိနေတဲ့နှစ်တွေမှာ ပဒုမ္မာရီမြို့တော်မှာရှိတဲ့ ကျမ်းပေါင်းများစွာကို ရှာဖွေဖတ်ရူခဲ့တယ် အဲ့ဒီကျမ်းတွေထဲမှာရှေးအကျဆုံးက ဒဏ္ဍာရီလာနတ်ဘုရားကျမ်းပါပဲ "
"ကျမ်းစာထဲမှာ ဘာရေးထားသလဲဗျာ ကျွန်တော်တို့ကိုမျှဝေပါဦး"
ဈာန်ကစိတ်ဝင်စားစွာပင် မေးလိုက်သည်။ သူတို့အားလုံးလည်း ဦးရာဇထံမှထွက်လာမည့်စကားကို စိတ်ဝင်စားစွာပင် နားစွင့်နေမိ၏။
"မှော်ဝင်ကျွန်းရဲ့ အစောဆုံးမျိုးနွယ်စုတွေဟာ ဒဏ္ဍာရီလာနတ်ဘုရားရုပ်ထုကို ကိုးကွယ်ပူဇော်ခဲ့ကြတယ် အဲ့ဒီနတ်ဘုရားရုပ်ထုတော်ဟာ အင်မတန်တန်ခိုးကြီးပြီး ဆုတောင်းပြည့်တယ်လို့လည်းအဆိုရှိတယ် နောက်ပိုင်းကာလတွေမှာ လူသားမျိုးနွယ်စုတွေဟာ အမှားအယွင်းတွေပြုခဲ့မိတဲ့နောက်ပိုင်း ဒီကျွန်းကြီးဟာကျိန်စာသင့်သွားခဲ့တယ် အမှောင်ထုတွေ ဖုံးလွှမ်းသွားတဲ့ကျွန်းကြီးမှာ ဒဏ္ဍာရီလာနတ်ဘုရားနဲ့ ပတ်သတ်သမျှလည်း တိမ်မြှပ်ပျောက်ကွယ်သွားတော့တယ် ကျိန်စာသင့်သွားတဲ့မျိုးနွယ်စုဟာ ခက်ခဲပင်ပန်းစွာအသက်ရှင်ပြီး ဒဏ္ဍာရီလာနတ်ဘုရားကို မေ့လျော့သွားခဲ့တယ် အမျိုးမျိုးသောနတ်ရုပ်ထုတွေကို တိုင်တည်ပြီး ကိုးကွယ်ကြတော့တယ် နှစ်တွေကြာလာခဲ့သမျှ ဒဏ္ဍာရီလာနတ်ဘုရားဟာ မျိုးနွယ်စုအတွက် ရုပ်ထုတစ်ရုပ်လိုပဲဖြစ်သွားတယ်ဆိုပါတော့ ကြာဖြူမင်းသမီးမွေးဖွားပြီးတဲ့နောက်ပိုင်း ကျိန်စာဆိုးတွေပျယ်ပျောက်သွားခဲ့တာကြောင့် ထူးဆန်းတဲ့မျိုးနွယ်စုဟာမင်းသမီးကိုပဲ နတ်ဘုရားအမှတ်နဲ့ ယုံကြည်ကိုးကွယ်ခဲ့တယ် ဒီကျွန်းရဲ့ အစောဆုံးဒဏ္ဍာရီလာနတ်ဘုရားရုပ်ထုကို အမှတ်မရတော့ဘူး ဒီကျမ်းစာကိုလည်း နတ်ဘုရားရုပ်ထုနဲ့ပတ်သတ်ပြီး မှတ်မိနေတဲ့မျိုးနွယ်စုတစ်ယောက်က ရေးခဲ့ပုံရတယ်"
"ဒါဆိုစိမ်းတို့တွေက နတ်ဘုရားရုပ်ထုကိုရှာပြီး သဘောင်စာအတိုင်း ပဒုမ္မာကြာပန်းနဲ့ပူဇော်ရမယ်ပေါ့နော် အဲ့ဒီရုပ်ထုဘယ်နားမှာရှိသလဲ"
"ကျုပ်လည်း နေရာတော့မသိဘူးမိန်းကလေး ကျမ်းစာထဲမှာတည်နေရာကိုမရေးထားဘူး "
ဦးရာဇစကားကြောင့် သူတို့အားလုံးစိတ်ဓာတ်ပင်ကျချင်သလို ဖြစ်သွားတော့သည်။ ဦးရာဇကတစ်စုံတစ်ရာကို တွေးမိဟန်ဖြင့်
"ဒါပေမယ့် သူတော်စင်ပုဂ္ဂိုလ်ကတော့သိလိမ့်မယ်လို့ ကျုပ်ထင်တယ်"
"သူတော်စင်ကိုဘယ်မှာတွေ့နိုင်မှာလဲ ဈာန် "
စေတန်ကရုတ်တရက်ဝင်မေးလိုက်တော့ ဈာန်လည်းဘာဖြေရမှန်းမသိပါ။ သူတော်စင်နှင့်သူသည် ရေစက်တွေရှိခဲ့သည့်တိုင် လိုအပ်သည့်အချိန်မှ သူတော်စင်က သူ့နားရောက်ရောက်လာတတ်သည် မဟုတ်လား။
"ကျုပ်မနက်သစ်သီးတွေ သွားခူးတုန်းကတော့ သူတော်စင်ကို ဟောင်းနွမ်းနေတဲ့ဗိမ္မာန်တော်တစ်ခုနားက တောစပ်လေးမှာတွေ့ခဲ့တယ် တရားထိုင်နေလို့ ကျုပ်တောင်ကန်တော့ပြီး ပြန်လာခဲ့တယ်"
ဦးလုံထန်းကအခုမှသတိရမိသွားဟန်ဖြင့် ဆိုလိုက်တော့ ဈာန်ဝမ်းသာအားရပင်
"ဒါဆိုအဲ့ဒီနေရာ ကျွန်တော်တို့ကို အခုလိုက်ပြပေးပါလား.."
ထို့နောက်သူတို့အားလုံး ဦးလုံထန်း ခေါ်ဆောင်ရာနောက်သို့ စိတ်လူပ်ရှားစွာပင် ချက်ချင်းလိုက်သွားတော့သည်။ ဦးရာဇကတော့ ကျန်ခဲ့သည်။
ဘာကိစ္စမဆို သူတို့အချိန်ဆွဲနေလို့မဖြစ်ပါ။ ယခုအခါအချိန်သည် အလွန်အရေးပါနေသည်။
သဘောင်စာညွှန်းအတိုင်း သူတို့အချိန်မီလုပ်ဆောင်ဖို့ လိုအပ်နေခဲ့လေတော့....... .....................................................................

ကြာဖြူ(ကြာဖြူ) Where stories live. Discover now