Part-31

1.2K 129 5
                                    

Zawgyi

~~ကြာဖြူ~~
အပိုင်း(၃၁)
  
     ပုလဲနတ်ကျွန်း....
     သို့မဟုတ် ကြာဖြူမင်းသမီးလေး နှစ်သုံးရာအတွင်း ပြန်လာမွေးဖွားခဲ့သောကျွန်း
     မင်းသမီး၏ကံကြမ္မာတွင် တွယ်ကပ်လာသော ကျိန်စာဆိုးကြောင့်ထင်သည်။ သူမ၏ပြန်လည်မွေးဖွားလာသည့် ကံတရားသည်လည်း မခမ်းနားမလှပခဲ့ပါ။
     မြူခိုးတွေဝေသော ဆောင်းဦးမနက်ခင်းတစ်ခုတွင်...
     တစ်ရွာလုံး၏အပယ်ခံ စုန်းမဟုစွပ်စွဲခံရသည့်အဘွားဇုံထံ သူမရောက်ရှိသွားခဲ့၏။ အဘွားဇုံ၏ မွေးစားမူအောက်တွင် သူမဘဝက နာကျင်စရာကောင်းအောင် အကျဉ်းတန်ခဲ့ပြန်သည်။
    မင်းသမီးဘဝက ..သွေးစွန်းခဲ့သော ဝဋ်ကြွေးကြောင့်လား...
    နှစ်သုံးရာအတွင်းပြန်လည်မွေးဖွားခဲ့သည့် ဘဝတွင် အထီးကျန်ခြင်း၊ မတရားစွပ်စွဲခံရခြင်း၊ အထင်မြင်လွဲခံရခြင်း၊ အထင်သေးရူံ့ချခံရခြင်းတို့ဖြင့် နာကျင်ဖွယ်ရာများနှင့် ပြည့်နှက်နေခဲ့၏။
     သူမနှင့်အတူပါလာသော ကြာဖြူလေးတစ်ပွင့်ကြောင့် အဘွားဇုံက "ကြာဖြူ"ဟုပင် လွယ်လွယ်ကူကူမည့်စေလျက် ခေါ်ယူမွေးစားခဲ့သည်။
     ကြာဖြူအရွယ်ရောက်လာသည်နှင့်အမျှ အဘွားဇုံသည် မင်းသမီးငယ်၏မွေးဖွားလာခြင်းကံကြမ္မာကို သိမြင်လာသောအခါ အံ့သြတုန်လူပ်သွားခဲ့ရ၏။
     "အို...ကလေးရယ် မင်းဟာရာဇဝင်တစ်ခုရဲ့ကျိန်စာသင့်ခဲတဲ့ မိန်းကလေးပါလား အဲ့ဒီကျိန်စာတွေ ထမြောက်ဖို့မွေးဖွားခဲ့ပြန်ပြီလား ဝဋ်ကြွေးရယ်ဆပ်ရပြန်ပေဦးမယ် မင်းကံကောင်းပါစေကလေးရယ်...."
    သို့သော်အဘွားဇုံ၏ဆုတောင်းစကား မပြည့်ခဲ့ပါ။ ဆိုးဝါးသောကံတရားတစ်ခုက ကြာဖြူနှင့်အတူ ကပ်တွယ်လာခဲ့ပြီ မဟုတ်လား...
    အတိတ်ဘဝပျောက်ဆုံးနေသော မင်းသမီးငယ်သည် လက်ရှိကြာဖြူဘဝတွင် အထီးကျန်စွာဖြတ်သန်းလာခဲ့ပြီးနောက် "မင်းစက္ကရာ"ဆိုသောလူငယ်နှင့် တွေ့ဆုံချစ်ကြိုက်ခဲ့လေသည်။ အချစ်ကံခေလွန်းခဲ့သောမင်းသမီးသည် ဤဘဝတွင်လည်း ဖူးစာနက္ခတ်မဆုံသောလူငယ်နှင့် မှားယွင်းစွာ ချစ်ခဲ့ပြန်၏။
     ပဒုမ္မာကြာဖြူမင်းသမီး၏ဝဋ်ကြွေးသည် ကြီးမားလွန်းလှသည်ထင်ပါ့။ သူမမွေးဖွားလာခြင်းနှင့်အတူပါရှိလာသော သေခြင်းတရားကျိန်စာဆိုးတစ်ခုက ဘယ်လောက်တောင် ပြင်းထန်လိုက်လေခြင်းလဲ..
     သူမနှင့်ထိတွေ့ပတ်သတ်ကာသက်ဆိုင်သည့် အရာအားလုံး ချစ်သူမုန်းသူ နောက်ဆုံးမွေးဖွားရှင်သန်ခဲ့သည့်ကျွန်းကြီးကိုပါ ပျက်ဆီးခြင်းအတိသို့ ခေါ်ဆောင်သွားခဲ့လေရာ....
     လရောင်တွေရွှမ်းရွှမ်းဝေသော လပြည့်ညတစ်ည..
    အတိတ်ဘဝဝဋ်ကြွေးတွေ မကုန်နိုင်သေးခဲ့၍ ယခုဘဝတွင်လည်း မတရားသော ယုတ်မာသောစွပ်စွဲမူတွေနှင့် ရက်စက်စွာလုပ်ကြံခဲ့ရပြန်သည်။ လောကတွင် အသိညဏ်အရှိဆုံးပါဟုဆိုသော လူသားသည်ပင် အရက်စက်ဆုံးနှင့် အဆိုးဝါးဆုံးသတ္တဝါဖြစ်နေသည် မဟုတ်လား....  
    လူပုံအလယ်မီးရို့သတ်ခံရဆဲဆဲတွင် သူမကိုကျွေးမွေးပြုစုခဲ့သော အဘွားဇုံသည် အသက်နှင့်ရင်းကာကွယ်ပြီး ထွက်ပြေးလွတ်မြောက်စေခဲ့၏။ ရှင်သန်ခဲ့သည့်ကြာဖြူဘဝတွင် အချစ်ခဲ့ရဆုံး အဘွားဖြစ်သူ၏သေခြင်းက ကြာဖြူ၏နှလုံးသားထိတိုင် စက်ဆုပ်နာကျင်စေခဲ့သည်။
     အသက်ဘေးအတွက်မိုးရေအောက်တွင် ပြေးလွှာရင်းနှင့် ပစ်ပေါက်ခံရသည့်ဓါးလှံချက်တွေကြား နူးညံ့သိမ်မွေ့သောနှလုံးသားက ကြွေမွပျက်ဆီးသွားရင်းနှင့်။
     ရင်ထဲထူးဆန်းစွာခံစားလိုက်ရသည်က ဒီလိုခံစားချက်မျိုး သူမဖြစ်ဖူးသည်။ ဒီလိုနာကျင်မူမျိုး သူမသေချာခံစားခဲ့ဖူသည်။ မျက်ဝန်းထဲတွင် အရိပ်အချို့ကဝေဝေဝါးဝါး..
   သို့သော် သူမဖမ်းဆုပ်လို့မရနိုင်ခဲ့သေးပါ။ ပဒုမ္မာကြာဖြူမင်းသမီးဘဝက အရိပ်တစ်ခုအဖြစ်သာ ပျောက်လိုက် ပေါ်လိုက်နှင့်။
    ထို့နောက်ချောက်ကမ်းပါးထိပ်တစ်ခုသို့ သူမရောက်သွားခဲ့သည်။ ထပ်ပြေးဖို့ရန်... လမ်းမရှိတော့ပေ။ အောက်တွင်တဝုန်းဝုန်းအော်နေသည့် ကြောက်စရာအတိဖြစ်သော ပင်လယ်ရေလိုင်းကြီးတွေ။ နောက်တွင်တော့ သူမကိုသတ်ဖြတ်ရန် ဓါးလှံမီးတုတ်တွေကိုင်ပြီး လိုက်လာသည့် မကောင်ဆိုးဝါးကဲ့သို့သော ရွာသားတစ်စုကာ နီးကပ်လာခဲ့ချေပြီ...။
     သူမ၏ဒုတိယကြာဖြူဘဝတွင်လည်း အမုန်းတရားတွေပွက်ပွက်ဆူလျက် လူသားတို့အား မုန်းတီးစက်ဆုပ်စွာ ကျိန်စာတိုက်ခဲ့လေ၏။
    "ငါ ဘာမှမလုပ်ခဲ့ဘူး ငါစေတနာထားခဲ့တယ် ဒါပေမယ့်နင်တို့က ငါ့ကိုအရာအားလုံး ဖျက်ဆီးခဲ့တယ် နင်တို့တွေဟာခွင့်လွတ်ခြင်းနဲ့ မထိုက်တန်တော့ဘူး ငါနင်တို့အားလုံးကို ဘဝအဆက်ဆက လုံးဝခွင့်မလွတ်ဘူး ငါသေသွားလည်း နင်တို့လွတ်မြောက်ပြီမထင်နဲ့ ငါပြန်လာမယ် ငါကနင်တို့သေခြင်းတရားကိုဖန်တီးပေးမယ် ဒါပေမယ့်နင်တို့အားလုံးသေသွားလည်း ငါ့အရိပ်ကနေမလွတ်မြောက်စေရဘူး အကြောက်တရားတွေနဲ့ ငါ့နားမှာနင်တို့အမြဲရှိနေရမယ်
     ငါ့နာမည်ကြားတိုင်း နင်တို့အားလုံးသွေးပျက်စေရမယ် ငါ့နာမည်ကြားတိုင်း နင်တို့အားလုံး ကြောက်ရွံ့တုန်လူပ်စေရမယ် ငါ့နာမည်ကြားတိုင်း နင်တို့ငါခံစားရတာထက် အဆပေါင်းများစွာခံစားရပြီး အကြိမ်ကြိမ်သေဆုံးစေရမယ် ဒါပေမယ့် နင်တို့ဘယ်သောမှ မလွတ်မြောက်စေရဘူး
     ကြာဖြူရဲ့အရိပ်အောက်မှာ အကြောက်တရားတွေနဲ့ နင်တို့အားလုံးဝိညာဉ်တွေ အမြဲသွေးပျက်နေရမယ် ဒီနေ့ကစပြီးအကြောက်တရားတွေနဲ့ နင်တို့အားလုံးရှင်သန်နေရမယ် ဒီလိုနေ့မျိုးမှာ ငါ့ကိုနင်တို့အားလုံး အမှတ်ရနေရမယ် ဒါငါ့ကျိန်စာပဲ.."
      ဤဘဝတွင်လည်းပြင်းထန်သော အမုန်းတရားတို့ဖြင့် ကျိန်ဆိုအပြီးတွင်တော့ သေလုမျောပါဒဏ်ရာနှင့် ကြာဖြူသည် နက်ရိုင်းသောချောက်တွင်းသို့ ခုန်ချသွားခဲ့၏။ တဝုန်းဝုန်းနှင့်အော်မြည်နေသည့် ပင်လယ်ကြီးသည် သူမကိုသေခြင်းတရားသို့ ခေါ်ဆောင်သွားခဲ့ပြီလား....
     ဟင့်အင်း..... မဟုတ်ခဲ့ပါ။
     ဘယ်သူမှမသိခဲ့သည်က ကြာဖြူမသေဆုံးခဲ့ပါ။ ပင်လယ်အောက်မှ သူမကိုနှစ်သုံးရာနီးပါးစောင့်ခဲ့သည့် မြွေကြီးကာ ကယ်တင်ပြီးတစ်နေရာသို့ခေါ်ဆောင်သွားခဲ့လေ၏။
      ထိုနေရာကတော့.. ပင်လယ်တွင်ပျောက်ဆုံးနေသော မှော်ဝင်ကျွန်း။ တနည်းအားဖြင့် ကျိန်စာကြောင့်ပျက်ဆီးခဲ့သော ပဒုမ္မာရီမြို့တော်တည်ထားသောကျွန်း။
    ဟုတ်သည်... ပဒုမ္မာရီရွှေမြို့တော်သို့ ကြာဖြူ ပြန်ရောက်သွားခဲ့ပြီ။ ကြာဖြူနန်းဆောင်တော် အပေါ်ဆုံးအလွှာတွင်ရှိသော စိန်ခြယ်ထားသောရုပ်ကလပ်တော်ဘေးတွင် ပြန်လည်နိုးထလာသည့်အခါတွင်တော့ သူမသည်ပုလဲနတ်ရွာသူကြာဖြူ မဟုတ်တော့ပါ။
    ပဒုမ္မာကြာဖြူမင်းသမီးအနေဖြင့် သူမကား ပြန်လည်ရှင်သန်နိုးထလာတော့၏။ ပင်လယ်ထဲခုန်ဆင်းကား သတိမေ့မျောသွားသည့်ကာလတွင်း သူမ၏စိတ်ဝိညာဉ်တို့သည် ကြာဖြူမင်းသမီးဘဝ၏ နာကျင်ဖွယ်အတိတ်ပုံရိပ်တို့ကို ဖမ်းဆုပ်နိုင်ခဲ့ပြီဖြစ်သည်။
   အတိတ်နှင့်ပစ္စုပန်သည်ထိတွေ့ကာ ဆက်စပ်မိသောအခါ သူမ၏နှလုံးသားသည် ပဒုမ္မာကြာဖြူမင်းသမီးအဖြစ် ပြန်လည်ရှင်သန်လာပြီးနောက် ပုလဲနတ်ရွာသူ ကြာဖြူကတော့ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။
      သို့သော် ပုလဲနတ်ရွာသူကြာဖြူ၏နှလုံးသားသည် သေဆုံးသွားပြီဖြစ်သော်လည်း ထိုရွာလေးတွင်ဖြစ်ခဲ့သည် ခါးသီးဖွယ်အဖြစ်ဆိုးကတော့ ပျောက်မသွားခဲ့ပါ။ အမုန်းတရားနှင့်ကျိန်စာတစ်ခုကား ထင်းကျန်နေဆဲ....
     ထို့ကြောင့်ကြာဖြူသည် ပုလဲနတ်ကျွန်းသို့ ပြန်သွားခဲ့သည်။ အမှားယွင်းပြုခဲ့သော ရွာသားများကား ကြာဖြူပြန်ရောက်လာခြင်းကို မကောင်းဆိုးဝါးထင်မှတ်လျက် ကြောက်ရွံ့တုန်လူပ်ကြသည်မှာ ဆိုဖွယ်ရာမရှိတော့ပေ။
     ကြာဖြူကိုလူသားတစ်ယောက်ဖြစ်နေမှန်း အဘွားဇုံမှလွဲ၍ ဘယ်သူမှမသိခဲ့ပါ။ အသေဆိုးနှင့်သေခဲ့သော အဘွားဇုံကိုယ်တိုင်ကတော့ မကောင်းဆိုးဝါးဝိညာဉ်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
     ထို့နောက်ရွာသားတို့သည် ကြာဖြူ၏မကြာခဏခြောက်လှန့်ခြင်းကြောင့် သွေးပျက်လာကြသည်မှာ ပျက်ဆီးခြင်းအတိတို့ ရောက်ကုန်သည်အထိပင် ဖြစ်သွားရ၏။
     ဥပါယ်ဒဏ်ကြောင့်... ဥပါဒ်ဖြစ်ရသည်တဲ့
    ထိုစကားပုံသည် မှန်လွန်းလှ၏။ အကြောက်တရားတို့နှိပ်စက်မူကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားရတော့သည်။ နောက်ဆုံး အသေအပျောက်များလာသည့်အခါ နတ်ဆရာကြီးသည် ကြာဖြူကိုတားဆီးဖို့ရန် ကြိုးစားလာသည်။
     သို့သော် အဘွားဇုံသည် မကောင်းဆိုးဝါးဖြစ်နေသည့်တိုင် ကြာဖြူသည်လူသားတစ်ယောက်ပင် ဖြစ်နေသေးသည် မဟုတ်လား။
     သူမကိုတားဆီးဖို့ကြိုးစားသော နတ်ဆရာကြီး၏ပညာရပ်ကာ ကြာဖြူအတွက်တော့ ဘာမှမထူးခြားခဲ့ပါ။ ထို့နောက်နတ်ဆရာကြီးသည် နောက်ဆုံးအနေနှင့် မကောင်းဆိုးဝါးတို့ကိုပင့်လျှက် ကန်တော့ပွဲပြုလုပ်ရန် ကြိုးစားတော့၏။ သို့တိုင်ဒါကပင် အကြီးမားဆုံးအမှား ဖြစ်လာသည့်အခါ...
     နတ်ဆရာကြီး၏ကန်တော့ပွဲသည် မှားယွင်းစွာနှင့် ပျက်သွားခဲ့ရ၏။ ထိုအကျိုးဆက်အနေဖြင့် ပုလဲနတ်ရွာအပေါ်ကြီးမားသော ကပ်ဘေးကျလာတော့သည်။ မကြာခင်မှာပင် ပလိပ်ရောဂါကြောင့် တစ်ရွာလုံးပျက်ဆီး ခြင်းတို့ ဖြစ်လာတော့၏။
     ရွာမှထွက်ပြေးဖို့ကြိုးစားသူတိုင်းလည်း မလွတ်မြောက်ခဲ့ပါ။ လူဖြစ်စဉ်ကပင် စုန်းပညာပါခဲ့သောအဘွားဇုံသည် မတရားသောသေခြင်းတရားကြားတွင် မကောင်းသည့်ဝိညာဉ်ဖြစ်လာသည့်အခါ ပို၍ကြောက်စရာကောင်းကာ ဆိုးဝါးရက်စက်လာ၏။
     ထို့နောက်တွင်တော့ အကြောက်တရားတို့ နှိပ်စက်လျှက် ပုလဲနတ်ရွာတစ်ရွာလုံး ပျက်ဆီးသွားခဲ့ရလေသည်။ ထိုအရာသည် ကျိန်စာကြောင့်လား... 
    ကန်တော့ပွဲမှားသွား၍လား.....
    သေချာသည်က ပုလဲနတ်ရွာတစ်ခုလုံးပျက်ဆီးစေသည်အထိ အကြောက်တရားတို့ဖြင့် တုန်လူပ်စေခဲ့သောကြာဖြူကတော့ ထိုအချိန်တွင်လူသားတစ်ယောက် ဖြစ်နေဆဲဆိုသည်ကို ဘယ်သူမှသိမသွားခဲ့ပါ။
     ပုလဲနတ်ရွာပျက်ဆီးသွားပြီးနောက်တွင်တော့ ကြာဖြူသည်ထိုကျွန်းကိုစွန့်လျက်.. သူမ၏နေရာအစစ်အမှန်ဖြစ်သော ပဒုမ္မာရီမြို့ဟောင်းဆီသို့ ပြန်သွားလေသည်။ ပုလဲနတ်ကျွန်းတွင် ကျန်ခဲ့သည်ကရွာပျက်ကြီးတစ်ခုနှင့်အတူ အစွဲအလမ်းဆိုးနှင့်အကြောက်တရားကြောင့် မကျွတ်လွတ်သောဝိညာဉ်များသာ။
    သို့သော် ကြာဖြူမင်းသမီးနှင့်အတူ ပုလဲနတ်ရွာမှကပ်ပါလာသည့်အရာတစ်ခုကာ
    ကိုယ်ဝန်.....
    ဟုတ်သည်.... မင်းစက္ကရာနှင့်ရထားသည့်ကိုယ်ဝန်တစ်ခုကာ သူမထံကျန်ခဲ့လေရာ....
     ပုလဲနတ်ရွာသူကြာဖြူ၏ဘဝနှင့် နှလုံးသားကာ ပျောက်ဆုံးပျက်ဆီးသွားခဲ့ပြီဖြစ်၍ မင်းစက္ကရာနှင့်ပတ်သတ်သော ခံစားချက်တို့ကလည်း ထိုမျှနှင့်ပြီးသွားခဲ့ပြီဖြစ်သည်။ ကလဲ့စားချေလိုသောအမုန်းဖြင့် မင်းစက္ကရာကိုသေဆုံးစေပြီးနောက် ပြန်လည်မွေးဖွားနိုင်ခြင်းမရှိစေရန် အလောင်းကိုပင်ဖျောက်လျက် ဝိညာဉ်ကိုပိတ်လှောင်ထားသည်အထိ ရက်စက်ခဲ့သည်ဖြစ်၏။ 
    သူမကား.. မင်းစက္ကရာချစ်ခဲ့သော ကြာဖြူမဟုတ်တော့ပါ။ အမုန်းတွေ ဟုန်းဟုန်းတောက်လောင်နေခဲ့သည့် ကြာဖြူမင်းသမီး၏ဝိညာဉ်ပူးကပ်ခဲ့လေပြီဖြစ်သည်။
    ထို့ကြောင့် မင်းစက္ကရာနှင့်ရခဲ့သော ကိုယ်ဝန်အတွက်လည်း ဘာခံစားချက်မှမရှိခဲ့ပါ။ ချစ်ခြင်းမုန်းခြင်း မရှိသောနှလုံးသားဖြင့် ထိုကလေးငယ်ကို လှပသောလပြည့်ညလေးတစ်ညမှာပင် ကြာဖြူမွေးဖွားခဲ့လေ၏။
     မွေးပြီးခါစအချိန်တွင် လသည်သာလွန်းမကသာခဲ့ပြီး ထူးထူးခြားခြားကြာပန်းရနံ့တို့ကာ မြို့တော်တစ်ခုလုံး ထုံကျင်မွေးကြိုင်ခဲ့၏။ ထိုပန်းရနံ့ကြောင့် အမြဲတစေနာကျင်ညည်းညူခဲ့သော ဝိညာဉ်တို့ပင် ခေတ္တာအေးချမ်းသွား၏။ ၇ရက်တိုင်တိုင်ကြာပန်းရနံ့တို့ဖြင့် မွေးပျံ့နေခဲ့ရာ ထိုကလေးငယ်သည် အေးချမ်းခြင်း ငြိမ်းချမ်းခြင်းကို ဆောင်ကျဉ်ပေးလိမ့်မည်ကို နိမိတ်ဖတ်ခဲ့ကြလေသည်။ ဝဋ်ဒုက္ခကြီးစွာ နှစ်သုံးရာနီးပါးခံစားခဲ့ရသော ၎င်းတို့၏လွတ်မြောက်ရာအတွက် အခွင့်အရေးကို နတ်မင်းကြီးဖန်ဆင်းပေးလိုက်သည်ဟူသော မျှော်လင့်ချက်များဖြင့်...
     ထိုကလေးငယ်ကိုအမည်တွင်စေခဲ့သည်က မိုးနတ်ခရာတဲ့...
     ဘာမှမသိစွာမွေးဖွားလာသော မိုးနတ်ခရာ၏ဖြစ်တည်မူကတော့ ဝမ်းနည်းနာကျင်ဖွယ်ကောင်းခဲ့၏။ အမုန်းတရားနှင့်ကျိန်စာကြောင့် ရှင်သန်နိုးထလာသောနှလုံးသားတွင် အဘယ်ကဲ့သို့သော ချစ်ခြင်းမေတ္တာကာ ရှိနိုင်တော့မည်နည်း...
     ဖျက်ဆီးပစ်ရန်မရ၍ဖွားမြင်ခဲ့ရသော ဖြစ်တည်မူတစ်ခုတွင် မိခင်မေတ္တာဆိုသောအရာကာမရှိခဲ့ပါ။ မွေးဖွားခဲ့ပြီးချင်းမှာပင် နန်းဆောင်တစ်ခုတွင် ပစ်ထားခြင်းခံခဲ့ရ၏။ ပွေ့ဖက်ခြင်းအလျင်းမရှိသလို ချစ်ခြင်းတရားဆိုသည်မှာ နတ္တိ။ သူမကိုချစ်မြတ်နိုးစွာ ပြုစုစောင့်ရှောက်ခဲ့သော အရာများတွင် "ကြာဖြူ"ကာ မပါဝင်ခဲ့ပါ။ နွေးထွေးမူမရရှိခဲ့သော ရင်ခွင်တစ်ခုသာဖြစ်ခဲ့၏။
    ကြောက်စရာကောင်းသောအမုန်းများဖြင့် ကျိန်စာဆိုးကြီး အသက်ဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည် ကြာဖြူနှလုံးသားတွင် "မိုးနတ်ခရာ"သည်သမီးအဖြစ်မတည်ရှိခဲ့ပါ။
    အမြဲတစေအေးစက်ကာ တင်းမာနေသော ကြာဖြူသည် မိုးနတ်ခရာအတွက်လည်း မိခင်မဖြစ်ခဲ့ပါ။ ရိပ်ခနဲ့မြင်လိုက်ရသည်ပင် သူမအားအမြဲတစေကြောက်ရွံ့ တုန်လူပ်ခြင်းကိုသာပေးခဲ့၏။ ထိုပြင်"ကြာဖြူ"သည် သူမလေး၏မိခင်မှန်းမသိခဲ့သည်အထိပင် နွေးထွေးမူတွေ မရခဲ့ရရှာပါ။
     အားလုံးနည်းတူကြာဖြူအရိပ်မြင်တိုင်း ကလေးငယ်လေးကတော့ ကြောက်ရွံ့စွာ ထွက်ပြေးနေရရင်းနှင့်........

ကြာဖြူ(ကြာဖြူ) Where stories live. Discover now