Part-28

1.4K 130 8
                                    

Zawgyi

~~ကြာဖြူ~~
အပိုင်း(၂၈)

    "ဒီမြွေကြီးဟာသာမာန်မဟုတ်ပါဘူးအရှင် ဟိုးလွန်လေပြီးသော နှစ်ပေါင်းများစွာကတည်းက ဤကျွန်းနဲ့အတူဖြစ်တည်လာခဲ့တာပါ ဤကျွန်းမြေကိုစောင့်ရှောက်ဖို့ ပင်လယ်နတ်မင်းကြီးဖန်ဆင်းခဲ့တယ်လို့လည်း သဘောင်စကားရှိခဲ့ပါတယ် သက်တမ်းအားဖြင့် မရေတွက်နိုင်အောင်ရှိခဲ့တဲ့နတ်မြွေကြီးဟာ ကြာဖြူကို ဟိုးငယ်စဉ်ကတည်းကစောင့်ရှောက်ခဲ့တာပါ အရှင်..."
      ကြာဖြူမင်းသမီး၏ လျှောက်တင်မူအဆုံးတွင်တော့ ရှင်ဘုရင်သည် ခေါင်းတဆက်ဆက်ညိတ်ရင်း...
     "နှမတော်စကားသည်အမှန်ပင်ဖြစ်လင့်ကစား နန်းတော်တွင်းလူအပေါင်းတို့ဟာ ဤမြွေကြီးကို စိုးရွံနေကြတယ် နှမတော်ကိုလည်း အထင်အမြင်လွဲခြင်းတို့ဖြစ်ကုန်လိမ့်မယ် အစ်ကိုတော်ဟာမင်းသမီးအတွက် စိုးရိမ်ပေလို့ပြောနေခြင်းသာ ဖြစ်တယ်"
     "မစိုးရိမ်ပါနဲ့အရှင်မင်းကြီး မြွေကြီးဟာ မည်သူ့ကိုမှအန္တရယ်ပေးမည် မဟုတ်ပါ အရှင့်ဘုန်းကံအောက်တွင် ဤနိုင်ငံနှင့်ဤကျွန်းကြီးအား စောင့်ရှောက်ပေးနေတာပါ "
     ရှင်ဘုရင်သည်မင်းသမီး၏စကားကို လက်ခံခဲ့သည့်တိုင် နန်းတွင်းလူအချို့၏ကောက်ကျစ်မူကြောင့် ဤမြွေကြီးနှင့်အတူ မင်းသမီး၏အကြောင်းကာ မဟုတ်မမှန်သတင်းအနေဖြင့် ပြည်သူတွေကြားပျံ့နှံ့ခြင်းတို့ ဖြစ်ကုန်တော့သည်။
      ပြည်သူအများသည် ဤသတင်းကြောင့် ကြောက်ရွံ့တုန်လူပ်ခြင်းကြောင့်ဖြစ်လာသည့်အခါ ထိုသတင်းသည် မင်းကြီးနားထံသို့ ရောက်ခဲ့ရပြန်၏။ ကြာဖြူမင်းသမီးအား မလိုလားသောစိမ်းမိဖုရားနှင့်အတူ နန်းတွင်းလူတို့သည် သွေးထိုးလူံ့ဆော်ခြင်းတွေ ပြုကြကုန်သည်။
    "အရှင်မင်းကြီး ပြည်သူတို့သည် မြွေကြီးကြောင့် စိုးရွံ့ထိတ်လန့်ခြင်းတို့ ဖြစ်ကြကုန်ပါပြီ တောတွင်းသွားလာသည့်အခါတွင်လည်း စိတ်မအေးရတော့ဘဲ ပူပင်သောကရောက်ရနေရကြောင်းပါ ဘုရား..."
    "ကူးသန်းသွားလာရာတွင်လည်း ဤမြွေဆိုးကြီးကြောင့် စိတ်လက်မအေးဖြစ်နေရပါတယ် ဘုရား.."
     "ငါကိုယ်တော်သိပေပါပြီ သို့သော်ဤမြွေသည်မြွေဆိုးမဟုတ်ပါ ငါ့နိုင်ငံတော်နှင့်ကျွန်းကို စောင့်ရှောက်ပေးသူသာလျှင်ဖြစ်သည် မစိုးရိမ်ကြပါရန် ပြည်သူတွေထံကြေညာပါ အမတ်မင်းတို့.."
      ဘုရင်၏အမိန့်စကားကြောင့် စိမ်းမိဖုရားသည်အလိမ်မာနည်းဖြင့် သွေးထိုးလှုံ့ဆော်တော့သည်။
     "မောင်တော်ဟာ ဘုန်းတော်နှင့်ပြည့်စုံသည့်ဘုရင်တစ်ပါးဖြစ်သည့်အပြင် ဤဇဗ္ဗူမြေတွင် အကျွမ်းကျင်ဆုံးသော စက်ယန္တားရားအတတ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ် မောင်တော်ရဲ့ဘုန်းကံနဲ့ပညာအောက်မှာ ပြည်သူပြည်သားတို့သည် လုံခြုံစိတ်ချနေရပြီးဖြစ်ပါတယ် စက်ယန္တာရားအတတ်ပညာဖြင့် တည်ထားခဲ့သောဤနိုင်ငံတော်သည် မည်သည့်အန္တရယ်ကို စိုးရိမ်ရမည်နည်း..."
      "သို့ပေမယ့် ဤမြွေဟာ ဤကျွန်းကြီးစဖြစ်ပေါ်လာကတည်းက ဤကျွန်းတွင်နေကာ ကျွန်းကိုစောင့်ရှောက်ခဲ့သော နတ်မြွေကြီးဖြစ်တယ် မောင်တော်တို့နိုင်ငံအတွက် ပို၍တောင်လုံခြုံမူ ရှိစေတယ်.."
     "နတ်မြွေဆိုတာ ယုံတမ်းစကားပါမောင်တော် လောကမှာအမြင့်မြတ်ဆုံးက လူသားတွေပဲမဟုတ်လား ဘုန်းကံကြီးမားလှတဲ့မောင်တော်လို ဘုရင်တစ်ပါးဟာ တရိစ္ဆာန်တစ်ကောင်ရဲ့ ကာကွယ်စောင့်ရှောင့်မူအောက်မှာ ရှိနေခြင်းဟာ မသင့်တော်လှပါ ပြည်သူများဤအကြောင်းကိုသိပါက ဟားတိုက်ကာလှောင်ပြောင်ကြလိမ့်မည် ရှင်ဘုရင်အပေါ်အထင်မြင်သေးခြင်းတို့ ဖြစ်လာမည်ကို နှမတော်မလိုလား၍ လျှောက်တင်ရခြင်းသာဖြစ်တယ်"
     စိမ်းမိဖုရား၏ကြိမ်ဖန်များစွာလူံ့ဆော်သော စကားကြောင့် ဘုရင်သည်တွေဝေခြင်းတို့ ဖြစ်လာခဲ့လေသည်။
    "မောင်တော်စဉ်းစားပါ မိဖုရားခေါင်အတွက်နဲ့ ပြည်သူတို့ရဲ့စိုးရိမ်ထိတ်လန့်မူကို မျက်ကွယ်ပြုထားတော့မလား ရှင်ဘုရင်ဆိုတာတိုင်းသူပြည်သူတွေရဲ့ အားကိုးရာယုံကြည်ရာ နတ်တစ်ပါးပင်မဟုတ်လား ပြည်သူနဲ့မိဖုရားကြားမှာချစ်ခြင်းကြောင့် တိုင်းပြည်အတွက်မှားယွင်းမူတွေ  မောင်တော့်ကိုမပြုမိစေလိုပါ မောင်တော်ဟာ ဘုရင်ကောင်းတစ်ပါးရဲ့ ကျင့်ဝတ်တွေစောင့်ထိန်းလိမ့်မယ်လို့ ယုံကြည်ပါတယ်.."
      စိမ်းမိဖုရားကာ လိမ္မာပါးနပ်လှချေသည်။ဘုရင်၏ ရင်ကိုထိမှန်စေသော စကားတို့ကိုရိုက်သွင်း ပြောဆိုခဲ့သည်။ နောက်ဆုံးတော့ရှင်ဘုရင်သည် မနေသာတော့ဘဲ ကြာဖြူမင်းသမီးအား မြွေကြီးအားတိုင်းပြည်တွင်းရှိမနေစေရန် မိန့်ကြားခဲ့လေ၏။
      မင်းသမီးသည် ရှင်ဘုရင်၏အမိန့်စကားကြောင့် အလွန်အံ့သြထိတ်လန့်သွားကာ..
     "အရှင် ဒီမြွေဟာဒီကျွန်းကြီးပေါ်မှာ အရှင်တို့အားလုံးထက်ဦးစွာရှိနေခဲ့သူပါ ကျွန်းကိုစောင့်ရှောက်နေတဲ့မြွေပါ မြွေကြီးကို ဒီကျွန်းကနေထွက်ခွာခိုင်းလို့မရပါဘူး ဒီကျွန်းကြီးဘေးဥပဒ်သင့်ကာ ပျက်ဆီးသွားနိုင်ပါတယ်"
    "ကျွန်းကိုမပျက်ဆီးနိုင်အောင် အစ်ကိုတော်ကာကွယ်နိုင်တယ် ဒါကိုမကြောက်ရွံပါနဲ့"
    "အရှင်ထင်သကဲ့သို့ မလွယ်ကူလှပါ မြွေကြီးဟာဘယ်သူ့ကိုမှ အန္တရယ်မပေးနိုင်ရန် ကြာဖြူတာဝန်ယူပါတယ် သနားကြင်နာသောအားဖြင့် ဤကျွန်းတွင်နေခွင့်ပြုပါ..."
      မင်းသမီးသည်မြွေကြီးအား ရှင်ဘုရင်နှင်ထုတ်နေမှန်း မြွေကြီးသိသွားပါက အလွန်စိတ်ဆိုးပြီး တိုင်းပြည်အတွက်ဘေးသင့်လာမည်စိုးသဖြင့် အသနားခံရှာ၏။ ရှင်ဘုရင်သည် ကြာဖြူနှင့်ပြည်သူကြား စိတ်မချမ်းသာခြင်းတို့ ဖြစ်နေခဲ့တော့သည်။
      ကြာဖြူသည်လည်း ရှင်ဘုရင်စိတ်မချမ်းမြေ့နေသည်ကိုသိလေရာ အလွန်ပင်စိတ်မကောင်းဖြစ်မိပြီး..
   "အရှင် ဤမြွေအားပဒုမ္မာဥယျဉ်တော်တွင်း ကြာဖြူမွေးဖွားရာ ရေကန်တွင်နေထိုင်စေမည် ဤရေကန်မှလွဲ၍ မည်သည့်နေရာမှမသွားရန် တာဝန်ယူတားမြစ်ထားပါမည် ထို့ကြောင့် မြွေကြီးအား ရေကန်တွင်နေထိုင်ခွင့်ပြုပေးပါ ဘုရား.."
     "ကောင်းပြီနှမတော် ဤမြွေအားပဒုမ္မာဥယျာဉ်တွင် နေထိုင်ခွင့်ပြုစေမည် ဥယျာဉ်တော်၏အပြင်ဘက်သို့ထွက်လာပါက အစ်ကိုတော်သည်ဘုရင်တစ်ပါးဖြစ်သည့်အညီ တိုင်းသူပြည်သားတွေရဲ့ ဘေးအန္တာရယ်အတွက် မင်းသမီးရဲ့မြွေကိုမဖြစ်မနေ သုတ်သင်ရပါလိမ့်မယ် "
     မင်းသမီးသည်ဂါထာတော်ဖြင့် မြွေကြီးအား ရေကန်အောက်သို့ ခေတ္တာအိပ်စက်စေခဲ့သည်။ သို့နှင့်ဤပြသာနာကား တစ်ခန်းရပ်ပြီးဆုံးသွားခဲ့လေသည်။ ဒီအချိန်ထိ ရှင်ဘုရင်နှင့်မင်းသမီးကြား ချစ်ခြင်းမေတ္တာကာ လေပင်တိုးမပေါက်အောင် ခိုင်မြဲနေဆဲ။
    တစ်နေ့၌ကြာဖြူမင်းသမီးသည် ထူးဆန်းသောအိပ်မက်တစ်ခုကိုမြင်မက်၍ စိတ်ထဲနေထိုင်မကောင်းဖြစ်ကား မျိုးနွယ်စုခေါင်းဆောင်အား မေးမြန်တော့၏။ 
    "နတ်သားတစ်ပါးဟာရေကန်ကြီးရှေ့မှာ အဖြူရောင်ကြာပန်းလေးတစ်ပွင့်ကို မြတ်မြတ်နိုးနိုးနမ်းရိုက်နေခဲ့တယ် အဲ့ဒီ့အချိန်မှာပဲ ကောင်းကင်ကနေရုတ်တရက် အလွန်တရာမည်းနက်တဲ့ ကျီးကန်းတစ်ကောင်ဟာ နတ်သားရဲ့မျက်ဝန်းအစုံကိုထိုးဖောက်လိုက်ပြီး ကြာပန်းကိုကိုက်ချီသွားတယ် နတ်သားဟာမျက်လုံးကန်းသွားခဲ့တယ် ပန်းဟာလည်းကျီးကန်းရဲ့ကိုက်ချီမူကြောင့် သိပ်မကြာခင်မှာပဲ ညှိုးနွမ်းပျက်ဆီးသွားတယ် ကျီးကန်းဟာပန်းကို ကန်ရေပြင်ထဲပစ်ချလိုက်တယ် ကန်ရေပြင်ဟာ ထူးထူးခြားခြားညစ်နွမ်းသွားခဲ့တယ် ခေါင်းဆောင်ကြီးပါရ်သဇိစ် ဒီအိပ်မက်ရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုကြည့်ပါ ကြာဖြူဟာဒီအိပ်မက်ကြောင့် ဘာကြောင့်မှန်းမသိ အလိုလိုစိတ်ဆင်းရဲခြင်းတို့ ဖြစ်နေရပါတယ်"
       မျိုးနွယ်စုခေါင်းဆောင်သည် မင်းသမီး၏အိပ်မက်တော်ကို နတ်ဖန်လုံးဖြင့်အဓိပ္ပယ်ဖွင့်ပြီးနောက်တွင် မျက်နှာပျက်ကာ တုန်လူပ်သွားရလေသည်။
      "မင်းသမီးငယ် အိပ်မက်ထဲမှနတ်သားကာ ပြည့်ရှင်မင်းမြတ်ပင်ဖြစ်သည် ကြာပန်းသည်မင်းသမီးအား ကိုယ်စားပြုချေမည် ကျီးကန်းဟူသည် မင်းသမီးကိုပျက်ဆီးအောင်ပြုမည့် ဆိုးညစ်သောတစ်စုံတစ်ရာပင် ဖြစ်သည် ထိုသူသည် မျက်လုံးနှင့်တူသောရှင်ဘုရင်၏ အသိပညာအမျှော်အမြင်တို့အား ဖျက်ဆီးပစ်လိမ့်မယ် ထိုအခါရှင်ဘုရင်သည် အကန်းတစ်ယောက်နှင့်တူသွားပေမည်... မလိုမုန်းထားသော မိစ္ဆာတို့၏စကားအားယုံကြည်လတ္တံ ထိုအရာသည် မင်းသမီးအားပျက်ဆီးခြင်းကို ဖြစ်စေမည် ကျီးကန်းနှင့်တူသော မကောင်းသောဝိညာဉ်ဆိုးနှင့်လူသည် မင်းသမီးနှင့်ကျွန်ုပ်တို့မျိုးနွယ်စု၏ ပျက်ဆီးခြင်းကိုဆောင်ရွက်ရန် မကြာမီရောက်လာလတ္တံ.. မင်းသမီးငယ် " 
      "အို... ခေါင်းဆောင်ကြီး သင့်ဟောကိန်းသည်မှားချေလိမ့်မည် အရှင့်ကိုမြွေကြီးကိစ္စနှင့်အငြိုးထားပြီး ဤသို့မိန့်ဆိုနေသည်လား အရှင်သည် မည်သည့်အခါမှအကန်းတစ်ယောက်ဖြစ်မည် မဟုတ်ပါ ကြာဖြူအားလည်း မည့်သည့်အခါမှပျက်ဆီးခြင်းကို ဆောင်ရွက်မည်မဟုတ်ပါ အရှင့်၏ချစ်ခြင်းမေတ္တာအား ကြာဖြူအကြွင်းမဲ့ယုံကြည်ပါသည် အရှင်သည်တစ်ပါးသူ၏သွေးထိုးစကားကြောင့် ကြာဖြူအားအနည်းငယ်မျှပင် ထိခိုက်အောင်လုပ်မည်မဟုတ်သောကြောင့် နောက်နောင်ဤသို့သော စကားကိုမဆိုပါနှင့်..."
      သနားစရာကြာဖြူမင်းသမီးကာ မျိုးနွယ်စုခေါင်းဆောင်၏စကားကို မယုံကြည်ခဲ့ပါ။ မင်းသမီးသည် အဆုံးမဲ့သောချစ်ခြင်းတို့ဖြင့် ရှင်ဘုရင်အား သူမအသက်တာနှင့်ထပ်တူ ယုံကြည်ခဲ့လေသည်။ 
     ထို့နောက်...မကြာလိုက်ပါ။ အမတ်မင်းဒီပနှင့်အတူ နန်းတော်သို့ရောက်လာသူက နတ်မိစ္ဆာကြီးပင်။
      နတ်မိစ္ဆာကြီးသည် ကြာဖြူမင်းသမီး၏နန်းဆောင်အနီးတွင် တိတ်တဆိတ်အနံ့ခံပြီးနောက်တွင်...
     "ဤမင်းသမီးသည် သာမာန်လူသားမျိုးနွယ်မဟုတ်ပါ နတ်တို့၏အသွေးအသားတို့ဖြင့် ရောယှက်ကာ ဖြစ်တည်လာသူပင်ပါလား အစောင့်အရှောက်များစွာလည်း ဝန်းရံနေတယ် ထူးဆန်းသောပညာရပ်လည်း လျှိုဝှက်စွာရှိနေပြန်တယ်.."
      "ဒါဆို..မင်းသမီးကိုလုပ်ကြံဖို့က.."
      "စိတ်မပူပါနှင့် ကျွန်ုပ်နည်းလမ်းရှိပါတယ် မင်းသမီး၏ အသက်ဝိညာဉ်အားရအောင် နုတ်ယူပေးမယ် အဘယ်ကြောင့်ဆိုသော် နတ်မျိုးနွယ်ဝင်မင်းသမီး၏နှလုံးသွေးသည် ကျွန်ုပ်၏မိစ္ဆာပညာရပ်အား အထွဋ်အထိပ်သို့ရောက်စေလိမ့်မယ် .. မည်သည့်နတ်ဆရာမဆို ကျွန်ုပ်အားယှဉ်နိုင်တော့မည် မဟုတ်ပါ ဟား...ဟား "
      နတ်မိစ္ဆာကြီးသည် မင်းသမီးငယ်၏နှလုံးသွေးသည် ၎င်း၏ပညာရပ်အား ပြိုင်ဘက်ကင်းစေအောင် အစွမ်းထက်စေမည်ကိုသိလေသောအခါ မင်းသမီးအားသတ်ရန်စိတ်ဆန္ဒများ ပြင်းပျနေတော့သည်။
     "သင်ဘယ်လိုပဲလုပ်လုပ် သင့်စိတ်ကြိုက်စီရင်ပါ ကြာဖြူမရှိဖို့ကအဓိကပဲ မောင်တော်နဲ့ကြာဖြူ ပျော်မွေ့နေတာမြင်တိုင်း ငါ့နှလုံးသားတွေပဲ့ကြွေသွားပြီးလားလို့တောင် ထင်ရအောင် နာကျင်နေရတယ် အမြန်ဆုံးသင်ဆောင်ရွက်ပေးပါ ရွှေငွေပစ္စည်းဥစ္စာ သင်လိုသလောက် ငါပေးမယ်.."
     စိမ်းမိဖုရားစကားကြောင့် နတ်မိစ္ဆာကြီးသည် ခေါင်းတညိတ်ညိတ်နှင့်
     "စိတ်မပူနှင့်မိဖုရား ကျွန်ုပ်အတွက်ယခုချိန်တွင် စိန်ရွှေငွေစိမ်းစည်ထက် မင်းသမီး၏နှလုံးသွေးကို ပိုမက်မောပါတယ် ဤအရာသည် ကျွန်ုပ်အတွက်အားလုံးကို ပြီးပြည့်စုံသွားစေလိမ့်မယ် ထို့ကြောင့် မိဖုရားစိတ်ချတော်မူပါ မင်းသမီးအားကျွန်ုပ်ပညာရပ်ဖြင့် ရအောင်စီရင်ချေမည်.."
       ထို့နောက် နတ်မိစ္ဆာကြီးသည် ကြာဖြူမင်းသမီး၏နက္ခတ်ကံတရားတို့ကို ၎င်း၏ပညာရပ်ဖြင့် တွက်ချက်ကြည့်လိုက်သည့်အခါ..
     " မင်းသမီးဟာဘုန်းကံကြီးသည့်ပြင် နတ်တို့၏စောင့်ရှောက်ခြင်းကို ခံထားရသောကြောင့် လုပ်ကြံရန်မလွယ်ကူလှပါ သို့သော်မင်းသမီး၏အားနည်းချက်ကို ကျွန်ုပ်ရှာဖွေနိုင်ခဲ့သည်က မင်းသမီး၏ကံတရားသည် ရှင်ဘုရင်၏ ဘုန်းကံအောက်တွင်မှီခိုနေသည် "
      "ဒါဖြင့်ဘာလုပ်ရမလဲ နတ်မိစ္ဆာလိုတာပြောပါ"
     "ဘုရင်မင်းမြတ်ကို ဘုန်းကံနိမ့်အောင်ပြုလုပ်ပါက မင်းသမီး၏ကံတရားသည်လည်း အလိုလိုမှေးမိန်သွားပါမယ်မိဖုရား ထိုအခါမင်းသမီးအားလုပ်ကြံရန် လွယ်ကူပါလိမ့်မယ် ထို့ကြောင့် ဘုရင်မင်းမြတ်ဘုန်းကံနိမ့်လာဖို့အတွက် မိဖုရားဘက်ကကူညီပေးဖို့လိုအပ်ပါတယ်.."
     "ဘာများငါဆောင်ရွက်ပေးရမလဲ..."
     "မိဖုရား၏ခြေဆေးရေအား ဘုရင်မင်းမြတ်ကိုသုံးလတိတိတိုက်ပါ ထို့နောက်ကျွန်ုပ်ပညာရပ်ဖြင့် မင်းကြီးအားစီမံထားမည်"
     စိမ်းမိဖုရားကားအမှောင်ဖုံးချေပြီ။ ဘုရင်မင်းမြတ်ဘုန်းကံနိမ့်ပါက ဘုရင်၏ဘုန်းကံကိုမှီခိုရသော တိုင်းပြည်နှင့်ပြည်သူတို့သည်လည်း ဘေးအန္တာရယ်ကျရောက်နိုင်သည်ကို မတွေးနိုင်တော့ပါ။ အမှောင်မိုက်ဖုံးလွှမ်းနေသည့် အစွန်းရောက်နေသောချစ်ခြင်းတို့က မိဖုရား၏အသိတရားတို့အား ကွယ်ပစ်လိုက်ပြီဖြစ်၏။
     ကြာဖြူမင်းသမီးကို အနိုင်ယူလိုစိတ်ဆန္ဒသည်သာ ပြင်းထန်လွန်းမက ပြင်းထန်နေသည့်အခါတွင်တော့..
     "ကောင်းပြီ...ငါဆောင်ရွက်ပေးမယ်.."
    ထို့နောက်စိမ်းမိဖုရားသည် နေ့စဉ်ခြေဆေးတော်မူသည့်အခါ နတ်မိစ္ဆာမှာကြားသည့်အတိုင်း ထိုရေကိုအနည်းငယ်ခပ်ပြီး ဘုရင်အားဆက်သမည့်သောက်ရေတော်ထဲတွင် ပေါင်းထည့်လိုက်လေ၏။
    သို့နှင့်တစ်ပတ်ခန့်ကြာသည့်အခါ.. ရှင်ဘုရင်သည်အားနည်းခြင်းတို့ စတင်ဖြစ်လာတော့သည်။ နေမကောင်းမကျန်းမာတစ်ခါမျှပင်မဖြစ်သော ရှင်ဘုရင်သည် ရုတ်တရက်အားနည်းလာခြင်းအတွက် အံ့သြသင့်ကာ သမားတော်များနှင့် စမ်းသပ်သည့်အခါတွင်လည်း
   "အရှင်မင်းကြီးထံ မည်သည့်ရောဂါလက္ခဏာမှ မရှိကြောင်းပါ အတိုင်းထက် အလွန်ကောင်းမွန်နေသောကြောင့် စိုးရိမ်စရာမလိုကြောင်းပါဘုရား.."
    "ငါကိုယ်တော်ဘာကြောင့် အားနည်းနေသလို ခံစားရပါလိမ့် တစ်ခါမှဒီလိုမဖြစ်ခဲ့ဖူးဘူး"
   "မှန်လှပါ တိုင်းပြည်အရေးတွေးရင်း စိတ်လက်မရွှင်ပါက အားနည်းသကဲ့သို့ ခံစားနိုင်ပါသောကြောင့် အရှင်မင်းကြီး ကောင်းမွန်စွာအိပ်စက်အနားယူဖို့သာ လိုအပ်ပါတယ် ဘုရား.."
    သို့သော်နှစ်ပတ်ကြာသည့်အခါ ရှင်ဘုရင်သည်အားနည်းမြဲဖြစ်နေခဲ့ရာ...
    "သမားတော်တွေဟာ ရောဂါလက္ခာဏာစိုးစိမျှမရှိကြောင်း ပြောပေမယ့် ဘာကြောင့်ငါကိုယ်တော် ပိုပိုပြီးအားနည်းလာရသလဲ.."
    "အရှင်မင်းကြီးခံစားရတာဟာ ရောဂါလက္ခဏာကြောင့်မဟုတ်ပါက တစ်စုံတယောက်သော မကောင်းသည့် အတတ်ပညာကြောင့်ပင် ဖြစ်ပါလိမ့်မယ်ဘုရား.."
    အမတ်မင်းဒီပသည် ၎င်းတို့၏ယုတ်မာသောအကြံအစည်အတွက် သွေးထိုးဂုန်းချောခြင်းတို့ဖြင့် ကြာဖြူမင်းသမီးအား ချောက်တွန်းရန်ကြိုးစားတော့၏။
    "အမတ်မင်းစကားက မည်သည့်အဓိပ္ပာယ်နည်း.."
    "မှန်လှပါ ဘုန်းကံနှင့်ပြည့်စုံသောအရှင်မင်းကြီးသည် ယခုကဲ့သို့ ရောဂါမရှိ ရုတ်တရက်အားနည်းလာရခြင်းသည် မကောင်းသောပညာရပ်ဖြင့်ပြုစားခြင်းခံရမည်ကိုစိုးရိမ်မိကြောင်းပါ ဘုရား.."
     "မကောင်းသောပညာရပ် ဟုတ်လေစွ.. မည်သူကများ ငါကိုယ်တော်မြတ်ကို ဤသို့ကြံစည်ဝံ့မည်နည်း.."
     "ဤတိုင်းပြည်တွင် ထူးဆန်းသောပညာရပ်တို့ကို တက်မြောက်ထားသူမှာ စဉ်းစားစရာပင်မလိုအပ်ပါ အရှင်မင်းကြီး ကျွန်တော်မျိုးလျှောက်တင်ရန် စိုးရွံ့လှပါတယ် "
    ထက်မြက်သောရှင်ဘုရင်သည် အမတ်မင်းဒီပ၏ဆိုလိုရင်းကို ချက်ချင်းပင်သဘောပေါက်သွားကာ စိတ်ဆိုးတော်မူလေပြီး..
    "အမတ်မင်း... အတင့်ရဲလှချည်လား.. ငါ၏မိဖုရားကိုမည်သည့်အားနှင့် အသင်စွပ်စွဲဝံ့သနည်း ကြာဖြူကား ထူးဆန်းသောမျိုးနွယ်ဝင်ဖြစ်သည့်တိုင် အင်မတန်စိတ်သဘောထားဖြူစင်ကာ ငါကိုယ်တော်အပေါ် အလွန်ချစ်မြတ်နိုးသည့်မိဖုရားဖြစ်ပေတယ် နောင်အခါဤသို့မဆင်ခြင်ဘဲ လျှောက်တင်ပါက အမတ်မင်းကို ငါကိုယ်တော်အပြစ်ပေးရမယ်"
   " ထားရင်နေ သတ်ရင်လည်းသေဝံ့ပါတယ်ဘုရား ကျွန်တော်မျိုးးမင်းကြီးအတွက်စိုးရိမ်တော်မူ၍ လျှောက်တင်ခြင်းသာဖြစ်ပါတယ် အရှင်မင်းကြီးမယုံကြည်ပါက စောင့်ကြည့်တော်မူပါ .."
     မင်းကြီးသည်ယုံကြည်ခြင်းမရှိသည့်တိုင် တစ်နေ့တခြားရောဂါလက္ခဏာရှာမရဘဲ အားနည်းလာရခြင်းကြောင့် တွေဝေစပြုလာ၏။
    ထိုအချိန်၌ကြာဖြူမင်းသမီးသည် ရှင်ဘုရင်၏ရင်သွေးရှိနေပြီဟူသော မင်္ဂလာသတင်းထွက်လာသည့်အခါ ဘုရင်သည် သံသယစိတ်တို့ပျောက်ကွယ်သွားပြန်သည်။ မင်္ဂလာမရှိနိုင်သူက မိဖုရားငယ်စိမ်း..
    "ကြာဖြူမင်းသမီးမှာ မောင်တော်ရဲ့ရင်သွေးရှိနေပြီ ဒီအတိုင်းကြည့်နေကြတော့မှာလား တစ်ခုခုကြံစည်ပါဦး နတ်မိစ္ဆာ "
    "စိတ်အေးအေးထားတော်မူပါ မိဖုရား."
    "ငါမည်သို့စိတ်အေးနိုင်မည်နည်း.. အခုဆိုရင် မောင်တော်ဟာ ဒီရင်သွေးသတင်းအတွက် ဝမ်းမြောက်လွန်း၍ နန်းတော်အတွင်းခုနှစ်ရက်ခုနှစ်လီပွဲတော် ကျင်းပပေးဖို့ပင် ပြင်ဆင်နေချေပြီ ငါ့ရင်တွေသွေးစိမ်းစိမ်းကျနေပြီ.."
     မရူနိုင်မကယ်နိုင်ခံစားနေသော မိဖုရားကိုကြည့်ပြီး နတ်မိစ္ဆာကြီးသည် ကောက်ကျစ်စွာပြုံးလိုက်ရင်း..
   "ကျွန်ုပ်မှာအကြံအစည်ရှိပါတယ်မိဖုရား ဤရင်သွေးကို ပျက်ကျအောင်လုပ်ဆောင်ပေးပါ့မယ်"
   "ဟင်.."
     မိဖုရားငယ်စိမ်းကာ အသိတရားမရှိတော့ပါ။ ချိုးနှိမ်ခံရသည့်တလွဲမာနမီးတလူလူနှင့် အမုန်းတရားတို့ပေါင်းစပ်ကာ ဘာမှမဆင်ခြင်နိုင်ခဲ့ပါ။ ကြာဖြူမင်းသမီး၏ အစားအသောက်ထဲတွင် အလွန်ပြင်းထန်သော အဆိပ်တို့ကို သုံးရက်မျှထည့်လိုက်ပြီးသည့်အခါ..
     ခုနှစ်ရက်ကျင်းပသော ပျော်ပွဲရွှင်ပွဲတို့မပြီးသေးခင်မှာပင် ကြာဖြူမင်းသမီး၏ ကိုယ်ဝန်ပျက်ကျခဲ့လေသည်။ အလွန်စိတ်ထိခိုက်ကြေကွဲကာ အိပ်ယာထဲလဲကျသွားသော ကြာဖြူမင်းသမီးကို မင်းကြီးကိုယ်တိုင်နှစ်သိမ့်ခဲ့ရသည်။
      စိတ်ထိခိုက်ကာ ကြာဖြူမင်းသမီးအားနည်းလာသကဲ့သို့ မင်းသမီး၏ကံတရားသည်လည်း မှေးမှိန်လာခဲ့သည်ကို ဘယ်သူများကြိုသိနိုင်မည်နည်း။
    မင်းကြီးကာ အချိန်ကြာလာသည်နှင့်အမျှ အားနည်းလာခြင်းအပြင် စိတ်လက်မကြည်မသာဖြစ်ခြင်း၊ ဒေါသအမျက်ထွက်လွယ်ခြင်း၊ မင်းသမီးအနားရောက်ပါက အလိုလိုမနှစ်မြိုသကဲ့သို့ခံစားရခြင်းတို့ ဖြစ်နေတော့၏။ ထိုအချိန်တွင် မိဖုရားစိမ်းနှင့်အမတ်မင်းဒီပတို့၏ သွေးထိုးကုန်းချောစကားတို့ကို နေ့စဉ်ဆိုခဲ့လေရာ...
     "မောင်တော် စိမ်း ကျမ်းဂန်ထဲမှာဖတ်ရပါတယ် စုန်းနှင့်တူသော မိန်းကလေးဟာ ဘုန်းကံကြီးသော ယောကျာင်္းတစ်ယောက်၏ ရင်သွေးမလွယ်နိုင်ပါ အကြိမ်ကြိမ်ပျက်ကျရပါတယ်တဲ့.. သို့သော် ကြာဖြူမင်းသမီးဟာ ဖြူစင်ရိုးသားသောနတ်မျိုးနွယ်မိန်းကလေး ဖြစ်သည်ဆိုတော့ ဒီဖြစ်ရပ်သည်မတော်တဆဖြစ်ဖို့ မျှော်လင့်မိပါတယ် မောင်တော်စိတ်ထိခိုက်ခံစားရသကဲ့သို့ နှမတော်လည်းဝမ်းနည်းရကြောင်းပါ ဘုရား"
     "အရှင်မင်းကြီး ကြာဖြူမင်းသမီးနန်းတော်တွင်းသို့မရောက်မီ တိုင်းရေးပြည်ရေးသည် အဖက်ဖက်က အေးချမ်းသာယာခဲ့ပါတယ် ယခုဆိုရင်ပြည်သူအများသည် စိုးရွံခြင်းတို့ဖြစ်ကြကုန်ပြီဖြစ်ပါတယ် အမျိုးအမည်မသိသော သေဆုံးခြင်းတို့ကလည်း ရံဖန်ရံခါဖြစ်နေပါတယ် ဤထူးဆန်းသော သေဆုံးမူကြောင့် လူအများထိတ်လန့်နေကြပြီ ဖြစ်သည် မင်းသမီးအားစစ်ဆေးတော်မူပေးပါရန် ပြည်သူများကိုယ်စား ကျွန်တော်မျိုးအမတ်မင်းဒီပ မေတ္တာရပ်ခံအပ်ပါတယ်ဘုရား..."
     အမှန်ကဤသို့လူသေမူမှာ နတ်မိစ္ဆာ၏စားသုံးမူကြောင့်ပင်ဖြစ်သည်။ ရှင်ဘုရင်သည် စိတ်ရူပ်ထွေးလာကာ မင်းသမီးအပေါ်သံသယဝင်လာသည့်တိုင် ချစ်မြတ်နိုးသဖြင့် မပြောရက်ဘဲရှိနေခဲ့သည်။
     သို့သော်ကြာဖြူမင်းသမီးဒုတိယအကြိမ် ကိုယ်ဝန်ပျက်ကျလာသည့်အခါတွင်တော့ ရှင်ဘုရင်သည်အမျက်ရှခြင်းတို့ စတင်ဖြစ်လာတော့၏။ ဤကိုယ်ဝန်သည် စိမ်းမိဖုရားလက်ချက်ကြောင့်ပင် ပျက်ကျသွားသည်ကိုတော့ မသိခဲ့လေရာ
    "အစ်ကိုတော်ရင်သွေးကို မင်းသမီးဟာတစ်ကယ်ပဲမလိုချင်လို့ ဤသို့အကြိမ်ကြိမ်ပျက်ကျနေခြင်းလား ဘာကြောင့်များ မိမိရင်သွေးကိုပင် မကာကွယ်မစောင့်ရှောက်နိုင်ရသလဲ..."
      ဘုရင်ထံမှ ပထမဆုံးသောပြစ်တင်စကားကြောင့် ကြာဖြူမင်းသမီးခမျှာ စိတ်ထိခိုက်နာကျင်ရပြန်သည်။ ရင်သွေးလေးအတွက်ခံစားရသည်ကတစ်ပိုင်း၊ ရှင်ဘုရင်၏အထင်လွဲမူအတွက် နာကျင်ရသည်ကတစ်ပိုင်းနှင့် ကြာဖြူမင်းသမီး၏နေ့ရက်များသည် မျက်ရည်တို့လွှမ်းမိုးခဲ့ရတော့သည်။
     ဟိုးအရင်ကကဲ့သို့ မကြင်နာတော့သော ရှင်ဘုရင်၏အပြုအမူများကလည်း ကြာဖြူမင်းသမီးကိုပို၍ သောကဝေစေခဲ့ရ၏။ သူမကိုတရှောင်ရှောင်ဖြစ်လာရုံမက နွေးထွေးမူ တဖြည်းဖြည်းကင်းမဲ့လာခြင်းအတွက် မင်းသမီးခမျှာမည်သို့မျှနားမလည်နိုင်ခဲ့ရာ...
     မျက်ရည်ကျရုံမှအပ သူမဘာမှမတတ်နိုင်ခဲ့ပါ။ သူမကိုမကြည်ဖြူသောနန်းတွင်းတွင် ရှင်ဘုရင်သည်သာ တစ်ဦးတည်းအားကိုးချစ်မြတ်နိုးရာ ဖြစ်နေခဲ့သည်မဟုတ်လား...
     သုံးလဆိုသည့်အချိန်ကာလတစ်ခု ကျော်ဖြတ်လာပြီးနောက်တွင်တော့ မျိုးနွယ်စုခေါင်းဆောင်ကြီးသည် နမိတ်တစ်ခုကို ထိတ်လန့်တုန်လူပ်ဖွယ်တွေ့လိုက်ရ၏။
    "အ....အ.....အ"
     ညနေစောင်းတစ်ခုတွင် ကောင်းကင်တွင်ဌက်ဆိုးများက ကြောက်မက်ဖွယ်ကောင်းအောင် အော်မြည်လျက် ပျံသန်းနေ၏။ စူးရှသင်းပျံ့သောကြာပန်းရနံ့နှင့်အတူ ရောထွေးစွာရလိုက်သည်က လိုင်းလိုင်းထနေသော သွေးညှီနံ့များ...
    ပြီးနောက် ပတ်ဝန်းကျင်တစ်ခွင်သည် အရိပ်မည်းများဖြင့် လွှမ်းခြုံလို့နေရာ...
     "အို....ဘုရားရေ ကြောက်စရာကောင်းလွန်းတော့ နမိတ်ဆိုးတွေပါလား.."
     မျိုးနွယ်စုခေါင်းဆောင်သည် ထိတ်လန့်တုန်လူပ်စွာရေရွတ်လိုက်၏။ ထို့နောက်ထိုညတွင်ပင် အလွန်သွေးပျက်ဖွယ် အိပ်မက်ဆိုးကြီးတစ်ခုကို မြင်မက်နေ၏။
     ကန်ရေပြင်ကြီးသည် သွေးတို့ဖြင့်ရဲရဲနီနေ၏။ ကန်ရေပြင်အလယ်တွင်ရှိသော ကြာဖြူပန်းသည်လည်း ညှိုးနွမ်းကာ မီးတောက်လောင်လို့နေသည်။
    ပတ်ဝန်းကျင်တွင် အော်သံများကာ ကြောက်ခမိန်းလိလိ။ တောတွင်းတရိစ္ဆာန်များသည် အသိုက်အမြုံ ပြောင်းကြကုန်၏။ ငိုညည်းသံများသည် နေရာအနံ့ထွက်ပေါ်လာ၏။ ထို့နောက် မှော်ဝင်ကျွန်းကြီးသည် ပင်လယ်တွင်းသို့ စုန်းစုန်းမြှပ်သွားသည်ကို မြင်မက်လိုက်သည့်အခါ..
      "ဒါဟာအတိတ်နမိတ်ဆိုးတစ်ခုပဲ ဒီနိုင်ငံတော်ပျက်သုဉ်းခြင်း လက္ခာဏာတွေပါလား ဘုရားဘုရား ဘာတွေဖြစ်ကုန်ပြီလဲ.."
     မျိုးနွယ်စုခေါင်းဆောင်သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြာဖြူမင်းသမီး၏ကံတရားနက္ခတ်ကို တွက်ချက်လိုက်သည့်အခါတွင် ပို၍တုန်လူပ်ချောက်ချားသွားရသည်။
    "မင်းသမီးရဲ့ကံတရားကြယ်ဟာ အလင်းရောင်ကင်းမဲ့ပြီး အင်မတန်မှေးမှိန်နေပါလား ပြတ်တောက်သွားနိုင်မယ့် လက္ခဏာတွေဟာ မင်းသမီး၏သေဆုံးခြင်းကိုရည်ညွှန်းနေတယ် အို...ဘုရားရေ ကျွန်ုပ်တို့ရဲ့မင်းသမီးကို ကယ်တင်ရချေမည် အို ကပ်ဆိုးကြီးကျမည့် အချိန်အင်မတန်နီးကပ်လာပြီ မင်းသမီးလေးကို ငါတို့အသိပေးရမယ် ဘုရား ဘုရား.."
     မျိုးနွယ်စုခေါင်းဆောင်သည်မိမိ၏သားအား မင်းသမီးအားအသိပေးရန် နန်းတော်သို့စေလွှတ်ခဲ့သည်။ သူကိုယ်တိုင်သည် ၎င်း၏ပညာရပ်ဖြင့် မျိုးနွယ်စုအားကာကွယ်နိုင်ရန် ကြိုတင်စီမံတော့သည်။
     ငယ်ရွယ်နုပျိုသော မျိုးနွယ်စုခေါင်းဆောင်၏သား သိင်္ခါစဝ်သည် မင်းသမီးထံရောက်ရှိလာပြီး..
    "မင်းသမီးအား အရေးကြီးကိစ္စလျှောက်တင်ရန် ကျွန်တော်မျိုး၏ဖခင်သည် စေလွတ်လိုက်ခြင်းဖြစ်တယ် ဤမြို့တော်တွင် မင်းသမီး၏ကံတရားချုပ်ငြိမ်းမည့် နမိတ်ဆိုးတစ်ခုအား ဖခင်သည် မြင်တွေ့ခဲ့ရပါတယ် ထို့ကြောင့်ဤနိုင်ငံတော်မှ အမြန်ဆုံးထွက်ခွာပါလော့ မင်းသမီးငယ်..."
     "ပဒုမ္မာရီမြို့တော်ဟာ ကြာဖြူရဲ့မြို့တော်ပဲဖြစ်တယ် သိင်္ခါစဝ် ရှင်ဘုရင်ဟာလည်း ကြာဖြူရဲ့ချစ်ခင်ပွန်း တစ်ယောက်ဖြစ်တယ် ဤနိုင်ငံကို ကြာဖြူမည်သို့မျှစွန့်ခွာမည်မဟုတ်ပါ ကြာဖြူကို အသက်ပေးကာကွယ်မယ့် ရှင်ဘုရင်တစ်ယောက်လုံးရှိသောကြောင့် ကြာဖြူအတွက်မစိုးရိမ်ပါနဲ့လို့ ခေါင်းဆောင်ကိုပြောလိုက်ပါ "
     သိင်္ခါစဝ်ခမျှာဖခင်၏နိမိတ်စကားနှင့် ခေါင်းမာလွန်းသောမင်းသမီးလေးကြောင့် ဗျာများကာသောကဖြစ်ခဲ့ရသည်။ နန်းတွင်းသို့လာရောက်နေထိုင်ပြီး မင်းသမီးထံ နေ့စဉ်လာရောက်လျှောက်တင်သည့်တိုင် မင်းသမီးသည် ခေါင်းမာကာ ငြင်းဆန်နေဆဲ...
    "မင်းသမီးအားလုပ်ကြံမည့်လူရှိနေပါတယ် ဒီနိုင်ငံကနေအမြန်ဆုံးထွက်ခွာပါ အချိန်ရှိတုန်းထွက်ခွာပါ မင်းသမီးအား မကြင်နာသောဤနိုင်ငံကိုထားခဲ့ပြီး ကျွန်တော်မျိုးနှင့်အတူလိုက်ခဲ့ပါ.. "
     "ကြာဖြူအရှင့်ကိုဘာအကြောင်းနဲ့မှ စွန့်ခွာသွားမည်မဟုတ်ပါ သေမည်ဆိုရပါကလည်း သေဝံ့ပါတယ် ရှင်ခြင်းနှင့်ပဒုမ္မာရီမြို့တော်နဲ့အရှင့်ကိုခွဲခွာမည် မဟုတ်ပါ သေခြင်းတရားသာလျှင်ခွဲနိင်မယ် "
    "ဒါပေမယ့် မင်းသမီး...."
    "ပြီးတော့ ကြာဖြူမွေးဖွားစဉ်က သဘောင်တစ်ခုလည်းရှိခဲ့တယ်သိင်္ခါစဝ် ထိုသဘောင်ကား ကြာဖြူဟာ ဤမှော်ဝင်ကျွန်းကိုစွန့်ခွာသွားသည့်အခါ ဤကျွန်းကြီးသည်ပျက်ဆီးကာ ပင်လယ်တွင်းသို့ မြှပ်နှံသွားလတ္တံတဲ့ ထိုသဘောင်စကားမှန်ကန်ပါက ကြာဖြူဤကျွန်းကနေ ထွက်ခွာလို့မရပါဘူး ဒီနိုင်ငံတော်နဲ့အတူ ပြည်သူအများ ပျက်ဆီးသေကျေခြင်းတို့ ဖြစ်လာလိမ့်မယ် "
     "သို့သော် မင်းသမီးမသွားပါက မင်းသမီးကိုယ်တိုင်ပျက်ဆီးခြင်းကို ကြုံရလိမ့်မယ်.."
    "အရှင်မင်းမြတ် ပဒုမ္မာရီမြို့တော် ပြည်သူတွေအားလုံးရှင်သန်ဖို့အတွက် သေရမည်ဆိုပါကလည်း ကြာဖြူဝမ်းမြောက်စွာ ကျေနပ်ပါတယ် သိင်္ခါစဝ်ရယ်"
     မင်းသမီးသည် ရှင်ဘုရင်ကိုချစ်မြတ်နိုးလွန်းရှာ၏။ နိုင်ငံတော်ကို တွယ်တာလွန်း၏။ ပြည်သူပြည်သားများအပေါ် သနားကရုဏာကြီးမားလွန်းလှ၏။
    ဤကျွန်းကိုကြာဖြူမင်းသမီးစွန့်ခွာသွားပါက ကျွန်းကြီးပျက်ဆီးသွားလတ္တံဟူသော သဘောင်စကားရှိခဲ့သည် မဟုတ်လား..
     ထို့ကြောင့်လည်း မျိုးနွယ်စုတစ်ခုလုံးက ကြာဖြူမင်းသမီးအား နတ်ဘုရားတစ်ပါးကဲ့သို့ ချစ်ကြောက်ရိုသေကာကိုးကွယ်ခဲ့ခြင်းသာ...။
     သို့သော် မင်းကြီးသည်ကတိတရားတို့ ပျက်ယွင်းခဲ့၏။ နိုင်ငံတော်သည် သူမအပေါ်သစ္စာဖောက်ခဲ့လေ၏။ ပြည်သူပြည်သားများသည် ကြာဖြူမင်းသမီးအား မကြင်နာခဲ့ပါ။ မင်းသမီးသည် အသက်ကိုပင်မစိုးရွံ့ဘဲ မေတ္တာတရားကြီးမားလွန်းခဲ့သည့်တိုင် သူတို့သည် အစွမ်းကုန်ယုတ်မာလွန်းလာခဲ့ရာ
     သိင်္ခါရသည်မင်းသမီး၏ခေါင်းမာမူကို လက်လျှော့ခဲ့ရလေသည်။ သို့သော်ဖခင်၏အမိန့်တော်အတိုင်း မင်းသမီးအားစောင့်ရှောက်ရန် နန်းတွင်းနှင့်ပင် ၎င်း၏မျိုးနွယ်စုနှင့်အတူ နေထိုင်ခဲ့၏။
    ဤအရာကပင် ကြာဖြူမင်းသမီးအား ကံဆိုးသွားစေခြင်းလား ...
    စိမ်းမိဖုရားတို့အတွက် ဤအချင်းအရာသည် မင်းသမီးအားချောက်ချရန် အကောင်းဆုံးဖြစ်ခဲ့လေသည်။ မင်းသမီးနှင့် သိင်္ခါရတို့၏မဟုတ်မမှန်သတင်းအား ယုတ်မာစွာပင်လွင့်ခဲ့သည်။
     "မောင်တော် ကြာဖြူမိဖုရားနဲ့သိင်္ခါစဝ်ဟူသော ချောမောသည့်လူငယ်လေးဟာ အင်မတန်ကို ရင်းနှီးနေခြင်းဟာမသင့်တော်လှပါ မျိုးနွယ်တူချင်းမို့ မတော်တရော်နီးစပ်လာပါက မကြားဝံ့ဖွယ်ဖြစ်လာပါလိမ့်မယ် ဘုရား.."
     "နန်းတွင်းထဲမှာ မိဖုရားခေါင်ကြီးနဲ့ ဟိုလုလင်ငယ်လေးသတင်းဟာ အတော်ပျံ့နှံ့နေပါပြီ အရှင်မင်းကြီး မင်းကြီး၏သိက္ခာတော်အတွက် အရှက်ရစရာဖြစ်မလာစေရန် တားမြစ်တော်မူပါဦးဘုရား.."
     အမတ်မင်းများနှင့်တကွ အခြားသောမောင်းမတော်များ၏ လျှောက်တင်ပြောဆိုမူကြောင့် မင်းကြီးသည် စိတ်အနှောင့်ယှက်ဖြစ်တော်မူပြီး ကြာဖြူမင်းသမီးအား မေးမြန်ခဲ့သည်။
     သူမအပေါ်မယုံမကြည်ဖြစ်နေသော မင်းကြီး၏စကားများကြောင့် ကြာဖြူမင်းသမီးသည် မျက်ရည်များကျဆင်းလာလျက်နှင့်..
     "အရှင့်အပေါ် ကြာဖြူဟာမြူတစ်မူန်သဲတစ်စေ့မျှပင် စိတ်တော်နှင့်တောင် သစ္စာမဖောက်ဝံ့ပါဘူး ဘာကြောင့် ယခုကဲ့သို့မယုံမကြည်မေးမြန်းရပါသလဲ ကြာဖြူအလွန်ဝမ်းနည်းနာကျင်ရပါတယ်အရှင် ကြာဖြူဟာအသက်နဲ့ထပ်တူသစ္စာဆိုဝံ့ပါတယ် မင်းကြီးအပေါ် ကြာဖြူတစ်ကြိမ်တစ်ခါမှဖောက်ပြန်ခဲ့ခြင်း မရှိသကဲ့သို့ မည်သည့်အခါမှလည်းရှိလာမည် မဟုတ်ပါဘူး.. မည်သည့် ကိစ္စမျိုးပေါ်ပေါက်လာသည်ဖြစ်စေ ကြာဖြူကိုယုံကြည်ပေးပါ အရှင်"
     ကြာဖြူမင်းသမီး၏မျက်ရည်ကိုမြင်တော့ ရှင်ဘုရင်သည် စိတ်ပျော့သွားရပြန်၏။ တွေဝေစိတ်တို့ဖြင့် မတင်မကျဖြစ်နေစဉ် နိုင်ငံ့အရေးကိစ္စရပ်တစ်ခုပေါ်ခဲ့သည်။
    ထိုအရာကား ဤကျွန်းကြီးနှင့်ဝေးကွာသော ကျွန်းငယ်တစ်ခုမှ ဘုရင်၏နယ်မြေအား အခြားစစ်ဘုရင်တစ်ပါး လာရောက်ကျူးကျော်သိမ်းပိုက်လိုက်ပြီ ဟူသောသတင်းကြောင့်ပင် ဖြစ်သည်။
     ဘုရင်သည် ဒေါသအမျက်ချောင်းချောင်းထကာ..
    "တယ်...ရာရာစစ ငါ့ပိုင်နက်အား လာရောက်ကျူးကျော်ဝံ့တယ် ငါကိုယ်တော်အကြောင်း သင်းမသိပေဘူးလား အမတ်မင်းစစ်တပ်ကိုအမြန်ဆုံးပြင်ဆင်လော့ ငါကိုယ်တော်ကိုယ်တိုင် သွားရောက်တိုက်ခိုက်ကာ ငါ့ကိုမထီမဲ့မြင်ပြုသော ကျူးကျော်ဘုရင်အား အစိပ်စိပ်အမွှာမွှာပြုချေမည်.."
     "မှန်လှပါ အရှင်မင်းကြီး နိုင်ငံတော်တွင်းစစ်တပ်တို့သည် စစ်တိုက်ရန်အမြဲအသင့်ရှိလျက်ရှိကြောင်းပါ ဘုရား.."
     မင်းကြီးသည်ကျေနပ်စွာ ပြုံးတော်မူလိုက်၏။ စစ်မတိုက်ခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်သောကြောင့် စစ်တိုက်ရန် အင်မတန်သွေးဆူနေတော့သည်။ထို့နောက် စစ်တပ်အင်အားအလုံးအရင်းဖြင့် တိုက်ပွဲဆင်ရန် ထွက်ခွာသွားတော့သည်။
     ရူံးပွဲမရှိသောစစ်ပွဲသာ ဆင်နွဲခဲ့သောဘုရင်သည် ဤစစ်ပွဲကိုလည်း မုချမလွဲမသွေနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။ သို့သော်ခြေဆေးရည်ရက်ပေါင်း(၉၀) သောက်သုံးခဲ့သော ရှင်ဘုရင်၏ဘုန်းကံနှင့်ကံတရားသည် အင်မတန်နိမ့်ဆင်းလာသည့်အခါ..
    ရှင်ဘုရင်သည် အံ့သြစရာကောင်းလှအောင် ဤစစ်ပွဲကြီးကိုရူံးနိမ့်ခဲ့သည်။ ပထမဆုံးအကြိမ် အရူံးနှင့်အတူ ဖရိုဖရဲဖြစ်နေသောစစ်တပ်ကြီးနှင့် အရှက်ရစွာပြန်လာခဲ့ရသောရှင်ဘုရင်သည် မြို့တော်သို့ပြန်ရောက်သည့်အခါ ပို၍အရှက်ရစရာကောင်းသောသတင်းတစ်ခုက ဆီးကြိုနေခဲ့ရာ....
     မင်းကြီးထွက်သွားပြီးနောက် ကြာဖြူမင်းသမီးသည် ပဒုမ္မာဥယျာဉ်တော်ရှိ ကြာဖြူနန်းဆောင်တွင် မင်းကြီးအားလွမ်းဆွတ်တမ်းတစွာဖြင့် သွားရောက်နေထိုင်ခဲ့၏။ နန်းတွင်းတွင် မည်သို့ယုတ်မာစွာကြံစည်နေသည်ကို မင်းသမီးလေးခမျှာ မသိခဲ့ရှာပါ။ အချိန်နှင့်အမျှ ရှင်ဘုရင်ကိုသာ လွမ်းဆွတ်နေခဲ့၏။
     ထိုအချိန်တွင်စိမ်းမိဖုရားတို့သည် ရှင်ဘုရင်မရှိခိုက် ကောက်ကျစ်စွာကြံစည်တော့၏။ ကြာဖြူ၏ မျိုးနွယ်တို့အား စိတ်ဝမ်းကွဲအောင် အမျိုးမျိုးပြုလုပ်ကာ ဖျားယောင်းသွေးဆောင်ခဲ့သည်။
     အသိညဏ်အားဖြင့်နည်းပါးသော လူမျိုးစုအချို့တစ်ဝက်ကာ စိမ်းမိဖုရား၏ ဖျားယောင်းသွေးဆောင်းမူအောက်တွင်ပါသွားခဲ့သည်။ မိန်းမပျိုများကိုရွှေငွေရတနာများနှင့် အရသာရှိသောအစားအသောက်များဖြင့်တစ်ဖုံ၊ ယောကျာင်္းပျိုများကို အရက်သေစားများနှင့်အတူ နန်းတွင်းလှပျိုဖြူများနှင့်ပါ မူးယစ်ပျော်ပါးစေခဲ့ရာ အချို့သောမျိုးနွယ်စုကား စိမ်းမိဖုရားထံ ခစားလာကြသည်။ တစ်ခါမှမရခဲ့ဖူးသော စိမ်းစိမ်ဥစ္စာအောက်တွင် ယစ်မူးသာယာကာ ကြာဖြူမင်းသမီးအပေါ် သစ္စာဖောက်ခဲ့ကြလေသည်။ နတ်မိစ္ဆာကြီး၏ဆေးအစီအမံကြောင့်လည်းဖြစ်သည်။
     အရူံးတွေဒေါသတွေအရှက်တွေကွဲကာ ပြန်ရောက်လာသောမင်းကြီးသည် ကြားလိုက်ရသည့်သတင်းကား
    "ကြာဖြူမင်းသမီးဟာ သိခါင်္စဝ်နှင့်ချစ်သူဖြစ်ကြလေပြီး ဘုရင်အားပုန်ကန်တော်လှန်ကာ နိုင်ငံတော်အား သိမ်းပိုက်ရန် ကြံစည်ဆောင်ရွက်နေချေပြီ.."
    ဟူသောသတင်းဆိုးပင်။ ရှင်ဘုရင်သည် မည်သို့မျှမယုံကြည်နိုင်အောင်ဖြစ်ခဲ့သည့်တိုင်..
     "မောင်တော်ခရီးပန်းလာတုန်း ဤအမင်္ဂလာသတင်းအား မလျှောက်တင်ဝံ့သော်လည်း တိုင်းပြည်အရေးမို့ စိုးရွံ့စွာလျှောက်တင်ရပါတယ် မင်းသမီးဟာ သိင်္ခါစဝ်နဲ့ပူးပေါင်းပြီး မောင်တော်မရှိတုန်း နိုင်ငံ့ပုလ္လင်ကိုသိမ်းပိုက်ရန် ကြံရွယ်ခဲ့ပါတယ် သစ္စာဖောက်ပြားရုံသာမက ပုန်ကန်ရန်ကြိုးစားသော ဤမင်းသမီးယုတ်၏အကြံအစည်အား နှမတော်ကံကောင်းစွာပင်သိခဲ့ရပါတယ် မောင်တော်မယုံကြည်ပါက မင်းသမီး၏မျိုးနွယ်စုထံ စစ်ဆေးမေးမြန်းပါ.."
     အမှန်ကထိုမျိုးနွယ်စုသည် မိဖုရားစိမ်းထံသစ္စာလာခံကြသည့် သစ္စာဖောက်များသာဖြစ်ခဲ့ကြသည်။ ကြာဖြူမင်းသမီး၏မျိုးနွယ်စုသည် မိဖုရားမှာကြားသည့်အတိုင်း လိမ်ညာစွာလျှောက်တင်ကြတော့၏။
    "သိခါင်္စဝ်နဲ့မင်းသမီးဟာ ဟိုးယခင်တည်းကချစ်သူဖြစ်ကြပြီး မင်းကြီးအားပုန်ကန်ရန်ကြံစည်သည်မှာ အမှန်တကယ်ဖြစ်ပါတယ် သိင်္ခါစဝ်သည် နန်းတော်တွင်းမှစစ်တပ်များကို စုဆောင်းပြီးနေပြီဖြစ်ပါတယ် မင်ကြီးအကယ်၍ မင်းကြီးသာအရောက်နောက်ကျခဲ့ပါက မြို့တော်ကို သိမ်းပိုက်ပြီးနေပြီဖြစ်ပါတယ်"
    "တယ်...ရာဇဝင်ရိုင်းလိုက်လေခြင်း.."
     မင်းကြီးကာ ဒေါသအမျက်ပြင်းထန်စွာ ထွက်သွားလေသည်။ ကြာဖြူမင်းသမီး၏မျိုးနွယ်ကိုယ်တိုင် လျှောက်တင်သောစကားမို့ အကြွင်းမဲ့ပင် ယုံကြည်သွား၏။
     ပို၍ဆိုးဝါးသည်က သိခါင်္စဝ်နေထိုင်သည့်နေရာဝန်းကျင်တွင် အခိုင်အမာတည်ထားသော စစ်တပ်အင်အားကို တွေ့လိုက်ရသောကြောင့်ပင်။ သိင်္ခါစဝ်သည် အရေးကြုံပါက မင်းသမီးအားကယ်တင်နိုင်ရန် လူအင်အားဖွဲ့ထားခြင်းက အမှားတစ်ခုဖြစ်သွားခဲ့ပြီလား..
    ထိုလူအင်အားထဲမှအများဆုံးသည် သစ္စာဖောက်သွားခဲ့ပြီ မဟုတ်လား။ စိမ်းမိဖုရားသည်ဘုရင်ပို၍ယုံကြည်ရန် လူအင်အားထပ်ဖြည့်ထားခဲ့ရာ ဤအခြေအနေသည် အဆိုးဖက်သို့ ဖန်တီးလာတော့၏။
    သိင်္ခါစဝ်အားရှာဖွေဖမ်းဆီးရန် သူ၏အိမ်တော်တွင်းသို့ လူအင်အားနှင့်ဝင်ရောက်လာချိန်တွင်တော့ အိပ်ဆောင်ခန်းထဲတွင်တွေ့လိုက်ရသည်က...
    ရှင်ဘုရင်ကိုယ်တိုင်ပေးခဲ့သော ကြာဖြူမင်းသမီး၏ဆံထုံးတော်...
    "ဟင်.....ဒါ....ဒါက..."
    ဘုရင်သည်လူအများရှေ့တွင်များစွာ အရှက်ရခဲ့လေ၏။ မရူံးခဲ့ဖူးသောစစ်ပွဲတွင် အရူံးနှင့်ပြန်လာခဲ့ရသည့် စစ်ဘုရင်တစ်ယောက်၏ရင်ထဲတွင် မည်သို့ခံစားနေရမည်နည်း။  တွေးစရာပင်မလိုတော့ပါ။
    ထိုသို့အရှက်တကွဲပူလောင်ခံစားရစဉ် ဤအဖြစ်ကြီးကာ ရှင်ဘုရင်၏ဒေါသကိုပို၍ လောင်မြိုက်စေခဲ့၏။
   (ကြာဖြူမင်းသမီး၏မျိုးနွယ်စုကား စိမ်းမိဖုရားညွှန်ကြားသည့်အတိုင်း ကြာဖြူမင်းသမီး၏ဆံထုံးတော်ကို ခိုးယူစေပြီး သိင်္ခါစဝ်၏အိပ်ခန်းတွင်းသို့ သိမ်းဆည်းစေခဲ့၏။ ထိုအချိန်တွင်သိင်္ခါရသည် ဖခင်ဖြစ်သူရှိရာသို့ ခေတ္တာပြန်သွားနေချိန်ဖြစ်သည်။ )
     စိမ်းမိဖုရား၏လျှောက်တင်စကားတို့ကလည်း မီးလောင်ရာ လေပင့်ခဲ့ပါသည်။
     "ကြာဖြူဟာ သိင်္ခါစဝ်နှင့်ချစ်ကျွမ်းဝင်ခဲ့သောကြောင့် မင်းကြီး၏ရင်သွေးအားနှစ်ခါတိတိတိုင် ဖျက်ကျခဲ့ပါတယ် ထီးနန်းကိုပါသိမ်းပိုက်ပြီး သိင်္ခါစဝ်နှင့်ပျော်မွေ့လိုသောကြောင့် မိမိ၏သွေးသားကိုပင် မလိုလားစွာရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်မောင်တော်"
    "ကြာဖြူဟာ အရင်ကတည်းကစုန်းကဝေအမျိုးနွယ်ဝင်ပါ နတ်မျိုးနွယ်ဟု လိမ်လည်ထားခြင်းသာဖြစ်တယ် ဒါကြောင့်ဘုန်းကံကြီးလွန်းတဲ့ မောင်တော့်ရင်သွေးကို မလွယ်နိုင်ခဲ့ပါဘူး စိမ်း မောင်တော့်ကိုသတိပေးခဲ့ပါတယ် မောင်တော်မယုံကြည်ခဲ့တာပါ.."
     "စုန်းကဝေတစ်ယောက်ကို မိဖုရားခေါင်မြောက်တင်ထားသောကြောင့် အရှင်မင်းကြီးဟာ ဘုန်းကံနိမ့်ကျသွားပြီး ဤစစ်ပွဲကိုရူံးနိမ့်ခဲ့ရခြင်းသာဖြစ်တယ် စက်ယန္တားရားဘုရင်တစ်ပါးဟာ ဤသို့သော စစ်ပွဲငယ်ကိုရူံးနိမ့်ခြင်းမှာ ရာဇဝင်ရိုင်းသွားခဲ့ပါတယ်မင်းကြီး"
     အမတ်မင်း၏စကားတို့ကလည်း မင်းကြီး၏ဒေါသကို ပွက်ပွက်ဆူစေခဲ့၏။ မင်းကြီးသည်ဒေါသတို့မွန်ထူနေသဖြင့် ချက်ချင်းအမိန့်ထုတ်လိုက်သည်။
     "ငါ့အားပုန်ကုန်လိုသည့် ဤမျိုးနွယ်စုအားလုံးအား ယခုချက်ချင်းခေါင်းဖြတ်သတ်စေ.. ငါ့နန်းတော်တွင် သင်တို့၏ယုတ်မာသောသွေးများဖြင့် ဆေးကြောပစ်မယ် သစ္စာဖောက်အားလုံး အရှင်မထားနဲ့.."
    အမတ်မင်းတို့အဖွဲ့သည် ၎င်းတို့ထံသစ္စာခံသည့် လူများကိုပါနူတ်ပိတ်သည့်အနေဖြင့် အားလုံးတစ်စုတစည်းသတ်ဖြတ်ခဲ့သည်။ အချို့လူများကား ကြောက်လန့်တကြား ထွက်ပြေးလွတ်မြောက်ကုန်၏။ ခဏတွင်းချင်းပင် မြို့ရိုးသည်သွေးချင်းချင်း နီစွေးသွားတော့သည်။ အမျက်ဒေါသမပြေနိုင်သေးသော ရှင်ဘုရင်သည်
     "ကြာဖြူမင်းသမီးဘယ်မှာလဲ"
     "ပဒုမ္မာဥယျာဉ်တော်က ကြာဖြူနန်းဆောင်ထဲမှာပါ မင်းကြီး"
     မင်းကြီးသည် အမျက်ဒေါသအလိမ့်လိမ့်နှင့် မင်းသမီးရှိရာသို့ ဒေါသတကြီးထွက်သွားတော့၏။ မင်းကြီး၏ဒေါသကို အဆုံးစွန်စေခဲ့ပါပြီ။
     နန်းတွင်းပြည်သူအများရှေ့ အရှက်ရဖွယ်ကောင်းလွန်းသော ဤဖြစ်ရပ်ကား စစ်ရူံးခဲ့သည်ထက် အဆပေါင်းများစွာ ပိုဆိုးဝါးပြင်းထန်နေခဲ့သည်။
     ကြာဖြူမင်းသမီး၏ကံတရားကား အမှန်တကယ်အမှောင်မိုက်ဆုံးသို့ ရောက်ခဲ့ပြီထင်ပါ့။ ဘယ်လိုမှ ရှောင်လွဲမရခဲ့ပါလား။
     ဘာမှမသိစွာပင်အိပ်ဆောင်တော်တွင် စိတ်ညှိုးနွမ်းစွာရှိနေခဲ့သည်။ ထိုအချိန်တွင် သိင်္ခါစဝ်သည် နန်းတွင်းသို့ပြန်အလာတွင် ကြားလိုက်ရသည့်သတင်းကား..
    "သခင်လေးထွက်ပြေးပါတော့ ကျွန်ုပ်တို့လူမျိုးကား ကျွန်ုပ်တို့ကိုသစ္စာဖောက်ခဲ့လေပြီ စိမ်းမိဖုရားနှင့်ပူးပေါင်း၍ ကျွန်ုပ်တို့အားတိုင်းပြည်ကိုပုန်ကုန်မည်ဟု စွပ်စွဲပြောဆိုခဲ့သည် ထို့အပြင်သခင်လေးနှင့်မင်းသမီးအား မတရားစွပ်စွဲပြောဆိုခဲ့၏ ရှင်ဘုရင်သည် ဒေါသအလွန်ထွက်နေသောကြောင့် အသက်လွတ်ရာပြေးပါတော့.."
     "ဒီကိစ္စသည် ယုတ်မာသောကြံစည်မူတစ်ခုသာဖြစ်တယ် ထွက်ပြေးရန်မလိုပါ အဖြစ်မှန်ကို ဘုရင်ကိုကျွန်ုပ်သွားရောက်လျှောက်တင်ပါမယ်"
    "နောက်ကျသွားပါပြီသခင်လေး ယခုအခါရှင်ဘုရင်သည် ကျွန်ုပ်တို့မျိုးနွယ်စုအား မျိုးသုဉ်းသတ်ဖြတ်ခိုင်းစေပြီ ယခုအားလုံးသည်သေခြင်းတရားမှ ထွက်ပြေးနေရပြီဖြစ်တယ် သေသောသူများစွာလည်းရှိနေပါပြီ"
     "ဟင်..."
     "ယခုမင်းကြီးသည် မင်းသမီးရှိရာသို့သွားနေပြီဖြစ်သည် သခင်လေးကိုလည်း ရှာဖွေနေသောကြောင့် အမြန်ဆုံးဤနေရာကနေထွက်ပြေးပါတော့.."
     သွေးအလိမ်းလိမ်းနှင့် အသက်လုပြေးလာဟန်ရှိသောသူစကားကြောင့် သိင်္ခါစဝ်သည်မင်းသမီးအတွက် အလွန်စိုးရိမ်ထိတ်လန့်သွားပြီး
    "ကျွန်ုပ်ကိုယ်လွတ်ရုန်းထွက်ပြေးလို့မဖြစ်ဘူး မင်းသမီးကိုကယ်ရမယ် ယခုကိစ္စအား ဖခင်ရှိရာသို့ အသင်အမြန်ဆုံးလျှောက်တင်ပါလော့.."
    "ကောင်းပါပြီသခင်လေး.."
     သိင်္ခါစဝ်သည်ထွက်ပြေးပါက လွတ်မြောက်နိုင်သော်လည်း မင်းသမီးအားမထားခဲ့နိုင်သဖြင့် ကြာဖြူနန်းဆောင်သို့ မရမကဝင်ရောက်သွားခဲ့သည်။
      ထို့နောက်ရုတ်ရုတ်သဲသဲသတင်းကြောင့် ထိတ်လန့်နေဟန်ရှိသော မင်းသမီး၏အိပ်ဆောင်တွင်းသို့ ခိုးဝင်သွားပြီး..
     "မင်းသမီးအခုလိုမသင့်တော်စွာ ဝင်လာမိတဲ့ခွင့်လွတ်ပါ ယခုအခါအလွန်အရေးကြီးနေပါပြီ ကျွန်တော်မျိုးနောက်လိုက်ခဲ့ပါတော့ မဟုတ်ပါကမင်းကြီးသည် မင်းသမီးအားသတ်ချေတော့မယ်.."
     "အို..ဘာအတွက်ကြောင့် အရှင်ကကြာဖြူကိုသတ်ရမည်နည်း မဖြစ်နိုင်ပါဘူး.."
     "မင်းသမီးယခုရှင်းပြဖို့ရန် အချိန်မရှိသောကြောင့် ကျွန်တော်မျိုးနောက်လိုက်ခဲ့ပါ ထွက်ပြေးဖို့ရန် အချိန်မီပါသေးတယ် မင်းကြီးမရောက်ခင် ဤနန်းဆောင်မှအမြန်ဆုံးထွက်ခွာရအောင် ကျွန်တော်မျိုးစကားကိုနားထောင်ပေးပါ မင်းသမီးအသက်ရေးအတွက် အလွန်အန္တရယ်ရှိနေပါပြီ.."
     သို့သော်ကြာဖြူမင်းသမီးသည် မည်သို့မျှနားမဝင်ခဲ့ပါ။ ခေါင်းခါငြင်းဆန်နေမြဲ..
    "ကြာဖြူ အရှင့်နားလည်အောင်ရှင်းပြမယ် ကြာဖြူသိင်္ခါစဝ်နဲ့ထွက်ပြေးခဲ့ရင် အရှင်ပိုပြီးအထင်မြင်လွဲလိမ့်မယ် ဒီမဟုတ်မမှန်သတင်းကအမှန်ဖြစ်သွားလိမ့်မယ် အရှင်ဟာကြာဖြူ့ကိုမုန်းတီးသွားမှာကို ကြာဖြူလက်မခံဘူးသိင်္ခါစဝ် ကြာဖြူထွက်မပြေးနိုင်ဘူး "
     "မင်းသမီးခုချိန်မှာအသက်ဘေးကျနေပါပြီ ကျန်တာမတွေးပါနှင့်တော့ ကျွန်တော်မျိုးနောက်လိုက်ခဲ့ပါ.."
    "အသက်ဘေးထက်အရှက်ရေးက ကြာဖြူအတွက်ပိုအရေးကြီးတယ် ကြာဖြူဤစွပ်စွဲချက်ကို ဖြေရှင်းရမယ် တောင်းပန်ပါတယ်.."
    ကြားဖြူမင်းသမီးနှင့်သိင်္ခါစဝ်တို့ အိပ်ဆောင်တော်တွင်ငြင်းခုန်နေစဉ်မှာပင် တံခါးမကြီးသည်ဝုန်းခနဲ့ ပွင့်သွားခဲ့ပြီးနောက်...
     "ဟင်...."
     ရောက်လာသူက ဘုရင်ကြီးနှင့်မူးမတ်များ...
    "အရှင်..."
     မင်းကြီးသည် အိပ်ဆောင်တော်မှ သိင်္ခါစဝ်နှင့်ကြာဖြူမင်းသမီးကို အတူတွေ့လိုက်သောအခါ ဒေါသမီးတို့ဝုန်းခနဲ့တောက်လောင်သွား၏။
     အချစ်ကြီးတော့ အမျက်ကြီးသည်တဲ့...
     နန်းတွင်းမည်သူမည်မျှပြောခဲ့ပါစေဦး မင်းသမီးဖက်ရပ်တည်ကာကွယ်ပေးခဲ့သော ဘုရင်မင်းမြတ်သည် ယခုကိစ္စတွင်တော့ မည်သို့မျှခွင့်မလွတ်နိုင်အောင် ဒေါသမီးတို့ လောင်ကျွမ်းနေသည်။
     ချစ်မြတ်နိုးခဲ့သော နှလုံးသားတို့သည်လည်း မီးလောင်တိုက်သွင်းခံရသည့်အလား ပူလောင်ပြင်းထန်စွာခံစားခဲ့ရပြီးနောက်..
     "မိန်းမယုတ်... မိစ္ဆာမ ငါ့ကိုယ်တော်ကွယ်ရာမှာ ဤသူငယ်နှင့် အရှက်မဲ့စွာဖောက်ပြန်နေခဲ့ပါလား အင်မတန်ကောက်ကျစ်လွန်းလှချည်လား.."
   "မဟုတ်ဘူး အရှင်...ကြာဖြူရှင်းပါရစေ.."
    မျက်ရည်တို့လိမ့်ဆင်းလာရင်း ရှင်ဘုရင်၏လက်မောင်းကို သနားစဖွယ်ကိုင်လျှက်ဆိုလိုက်သော ကြာဖြူမင်းသမီး၏စကားတို့က မင်းကြီးရင်သို့မထိုးဖောက်နိုင်တော့ပါ။
     မင်းသမီးကိုစက်ဆုပ်မုန်းတီးစွာဖြင့် တွန်းထုတ်လိုက်လေသည်။ မင်းသမီးငယ်သည် ဘုန်းခနဲ့လဲကျသွားချိန် နံရံကိုခေါင်းနဲ့တိုက်မိပြီး သွေးတို့ကဖြာခနဲ့.... 
     "မင်းသမီး.."
    စိုးရိမ်တကြီးပြေးထူလိုက်သော သိင်္ခါစဝ်ကြောင့် မင်းကြီး၏အမျက်ဒေါသကား ဟုန်းခနဲ့ပိုတောက်လာသည်။ အချစ်ကြီးခဲ့သမျှ အမျက်သည်လည်း ထိန်းမရတော့ပါ။
     ကြာဖြူမင်းသမီး၏မျက်ရည်နှင့် နဖူးမှစီးကျလာသည့်သွေးတို့ကာ ရောထွေးသွား၏။ ရှင်ဘုရင်အား အံ့သြတုန်လူပ်စွာမော့ကြည့်ရင်း
     "အရှင် ကြာဖြူပြောသည်ကို အရင်နားထောင်ပေးပါ ပြီးမှ အရှင်ကြိုက်သလိုဆုံးဖြတ်ပေးပါ .."
     "တိတ်စမ်း ပလီပလာညဏ်ဆင်ပြီး ငါ့အားလှည့်စားရန်မကြံစည်နဲ့တော့ ငါဟာမင်းကိုချစ်မြတ်နိုးလွန်းလို့ နိုင်ငံရဲ့မိဖုရားခေါင်အဖြစ် တင်မြောက်ပေးခဲ့တယ် ဒီနိုင်ငံရဲ့အကောင်းဆုံးအရာတွေပေးအပ်ခဲ့တယ် မူးမတ်တွေသတိပေးတားနေတဲ့ကြားက မင်းကိုယုံကြည်ခဲ့တယ် ငါ့ပြည်သူတွေထက် မင်းကိုရှေ့တန်းတင်ဦးစားပေးခဲ့တယ် မင်းဟာငါ့ရဲ့ချစ်ခြင်းနဲ့မထိုက်တန်တဲ့မိန်းမယုတ် အခြားသောယောကျာင်္းနှင့်ဖောက်ပြန်ပြီး ငါကိုယ်တော်အားအရှက်ရစေခဲ့တယ် ပြည်သူတွေရှေ့မှာ ငါကိုယ်တော်ရဲ့သိက္ခာတော်ကို ချနင်းတဲ့မိန်းမယုတ်"
      "အရှင်မင်းကြီး.... မင်းသမီးဟာချောက်တွန်းခံရတာပါ ကျွန်တော်မျိုးကျိန်ဝံ့ပါတယ် ယခုဖြစ်ရပ်ဟာ လုပ်ကြံခံရခြင်းသာဖြစ်ပါတယ် စဉ်းစားဆင်ခြင်တော်မူပါ"
     "တယ် ငါကိုယ်တော်အား မိမိအဆင့်မသိ ပြန်ခံပြောဝံ့သော ဤအရိုင်းအစိုင်းအား ရဲမတ်တို့အပြင်ခေါ်ဆောင်သွားပြီး နှိပ်စက်ချေ... ငါကိုယ်တော်ရွံရှာလွန်းနေသဖြင့် မျက်နှာမမြင်စေသည့်နေရာခေါ်ဆောင်သွားပါ  မသေစေနဲ့ သေခြင်းသည်ပင် ဤလူယုတ်မာနှင့် မထိုက်တန်သေးဘူး ငါဘုရင်ကိုယ်တိုင် ဤသေးသိမ်သောလူအားသတ်မည်.."
     ရဲမက်များသည် သိင်္ခါစဝ်အားဓါးလှံများဖြင့် ရိုက်နှက်နှိပ်စက်ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်တွင်တော့ ရိုက်ငိုနေသောမင်းသမီးအား လက်ညှိုးငေါက်ငေါက်ထိုးပြီး
     "မင်းဟာ ဒီလောက်နဲ့မတင်းတိမ်ဘဲ မင်းလင်ယောကျာင်္းနဲ့ပူးပေါင်းကြံစည်ပြီး ငါ့ကိုယ်တော်ထီးနန်းကိုတောင် သိမ်းဖို့ကြံစည်ဝံ့တယ် ဤဇဗ္ဗူမြေမှာ မင်းလောက်ကြောက်စရာကောင်းအောင် ကောက်ကျစ်တဲ့မိန်းမမရှိတော့ဘူးကြာဖြူ"
      အမျက်ဒေါသတွေလွှမ်းခြုံထားသော ကြေကွဲမူတွေနှင့် ဘုရင်သည်အံကိုတင်းတင်းကြိတ်ပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလေသည်။ မင်းသမီးကိုစက်ဆုပ်မုန်းတီးစွာ စိုက်ကြည့်ရင်းနှင့်
     "ငါကိုယ်တော်ဟာ ချစ်တုန်းကကောင်းကင်ထိအောင် နန်းတော်ဖြင့်စံစားစေခဲ့တယ် ယခုမုန်းပါကလည်း ငရဲရောက်အောင် ငါကိုယ်တိုင်ဆွဲခေါ်ပြီးပြာချမယ် မူးမတ်တို့ ဤမိန်းမယုတ်အား အပြင်သို့ဆွဲခေါ်လာစေ."
     "အရှင်မင်းကြီးဒေါသကိုထိန်းပါ ကြာဖြူစကားကိုနားထောင်ပေးပါ.."
      ဒေါသဖုံးနေသည့်မင်းကြီးကား ဘာမှမမြင်တော့ပါ။ မူးမတ်များဆွဲခေါ်ရာနောက် တရွတ်တိုက်ပါလာသည့် မင်းသမီးတစ်ကိုယ်လုံးသည် ဒဏ်ရာတွေပွန်းပဲ့လို့..
    နန်းဆောင်အပြင် ရေကန်ကြီးရှေ့ရောက်သည်အထိ တရွတ်တိုက်ဆွဲခေါ်လာပြီးနောက်တွင်တော့..
    "ကြာဖြူအားကြိမ်ဒဏ်ဖြင့် ပြင်းထန်စွာရိုက်နှိက်ချေ.. သေခြင်းသည် အင်မတန်လွယ်ကူသည် ဤမျှယုတ်မာသော မိန်းမအားလွယ်လွယ်နှင့်ငါကိုယ်တော် သေခိုင်းမည်မဟုတ်ပါ ပြည်သူပြည်သားအပေါင်းတို့အား ကြေညာပါ ငါကိုယ်တော်ချီးမြင့်မြောက်စားခဲ့သည့် ကျေးဇူးတော်အား မထောက်ထားမငဲ့ငြာဘဲ ငါ့အားသစ္စာဖောက်ယုတ်မာရုံမက တိုင်းပြည်အပေါ်တွင်လည်း သစ္စာဖောက်သော ဤမိန်းကလေး၏မျက်နှာကို လာရောက်ကြည့်စေ ကြိုက်သလိုပြုမူစေ ငါ့ကိုယ်တော်ခွင့်ပြုမည် အသက်ရှင်ခွင့်ပေးထားသည့်တိုင် ပုန်ကုန်ရန်ကြိုးစားသောမိစ္ဆာမျိုးနွယ်တစ်စုလုံးအား မြင်သည့်နေရာတွင်ခေါင်းဖြတ်သတ်စေ.. ခေါင်းတစ်လုံးဖြတ်နိုင်သည့် မည်သူမဆို ငါကိုယ်တော်ဆုလဘ်များစွာ ချီးမြှောက်မည်"
     ဘုရင်သည် ရက်စက်စွာအမိန့်ချမှတ်ပြီးနောက် ထွက်ခွာသွားလေ၏။ အကြင်နာကင်းမဲ့သော ပါးကွက်သားတို့သည် မင်းသမီးအားအဆက်မပြတ် ရိုက်နှက်လေတော့သည်။
     တစ်ညနေခင်းလုံး မင်းသမီး၏နာကျင်စွာအော်ညည်းသံ၊ ငိုကြွေးသံများက ပဒုမ္မာရီဥယျာဉ်တစ်ခွင် ပဲ့တင်နေတော့သည်။ ဥယျာဉ်တော်သည် ဟိုးယခင်ကဲ့သို့ မလှပတော့ပါ။ မင်းသမီး၏သွေးစက်များ စွန်းထင်ခဲ့လေပြီ။ ကျေးဌက်တွန်ကျူးသံလည်း မကြားရတော့ပါ။ မင်းသမီး၏ရိုက်ငိုသံများသာ လွှမ်းခြုံလို့နေသည်။ လေပြေပင်မတိုးတော့ပါလား....
     နာကျင်လွန်းသော မင်းသမီး၏ညည်းညူသံများသာ ထပ်ခါထပ်ခါ ကြားနေရလျက်။ နောက်တစ်နေ့မိုးသောက်ချိန်ဝယ်တွင်တော့ ကြာဖြူမင်းသမီးကာ မသေရုံတမယ် မျော့မျော့လေးသား ကျန်ခဲ့ရှာ၏။
    ဘုရင်၏မောင်းချကြေညာမူကြောင့် များစွာသောပြည်သူများသည် ဥယျာဉ်တော်တွင်းသို့ရောက်ရှိလာပြီး မင်းသမီးအား စပ်ဆုပ်မုန်းတီးစွာ ကြည့်ရူကြလေသည်။ တချို့ကား ကျိန်ဆဲကြ၏။ အချို့ကာ တံတွေးထွေးကြသည်။ အချို့ကာ ခဲလုံးများဖြင့်ပင်ပစ်ပေါက်ကြသည်။
    မင်းသမီး၏ကျောပြင်တွင်ဒဏ်ရာများစွာက မြင်မကောင်းအောင်ရှိနေသည့်တိုင် လူတို့သည် သူမအားသနားကြင်နာခြင်းမရှိကြပါ။ လှောင်ပြောင်သရော်ကြကုန်သည်။ မင်းသမီးသည် ကြောက်ရွံ့ထိတ်လန့်စွာ ရိုက်ငိုနေစဉ်...
     "အရှင်ဘုရင်မင်းမြတ် ကြွတော်မူလာပြီ"
ကျယ်လောင်သောသတိပေးသံကြောင့် ဝိုင်းအုံနေသည့်လူတွေအားလုံး ကပျာကယာလမ်းဖယ်ပြီး ဒူးထောက်ထိုင်ချ တော့၏။ ဘုရင်သည် အင်မတန်ခက်ထန် တင်းမာသော လေသံဖြင့်...
     "ငါကိုယ်တော်မင်းမြတ်အပေါ် ဖောက်ပြန်ခဲ့သည့်အပြင် ပုန်ကန်ရန်ကြံစည်ခဲ့သည့် ဤအယုတ်တမစုန်းမအား ငါအမိန့်ချမည်..."
    အားလုံးတိတ်ဆိတ်သွားသည်။ ဘုရင်သည် အလွန်တရာပြင်းထန်သောဒေါသများနှင့်
    "ဤစုန်းမအားမြောက်ဘက်သုသာန်တွင် ခုနှစ်ရက်တိတိ အစာရေစာမကျွေးမွေးဘဲ သံကြိုးဖြင့်ချည်နှောင်ထားစေ ခုနှစ်ရက်မြောက်နေ့နေဝင်သည်နှင့် ဤနေရာတွင် အရှင်လတ်လတ်မီးရို့သတ်စေ "
      အို...... ကြောက်စရာကောင်းလိုက်သော ရက်စက်မူတစ်ခုပါလား။ ကြာဖြူမင်းသမီးသည် ဒဏ်ရာတွေ အလူးအလိမ့်ခံစားနေရသည့်ကြားမှ အံ့သြတုန်လူပ်သွားကာ
     "ကျွန်မကိုအမိန့်မချခင် အမှန်တရားတစ်ခုကို အရှင်မင်းကြီးနားထောင်သင့်တယ် ကျွန်မကိုပြောခွင့်ပဲပြုပါ မယုံကြည်လို့လက်မခံနိုင်ခဲ့ရင်တော့ စိတ်ကြိုက်စီရင်ပါ.. တစ်ဖတ်သတ် စွပ်စွဲချက်တွေနဲ့ ဘာစကားမှပြောခွင့်မပြုဘဲ စီရင်ချက်ချတာ ပြင်းထန်လွန်းပါတယ်"
      မင်းသမီးသည် ငိုယိုပြီးတောင်းပန်နေသည့်တိုင် ဘုရင်ကား လှည့်ပင်မကြည့်ဘဲကျောခိုင်းသွားလေရာ...
     ထို့နောက်.. တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းလွန်းသော သုသာန်ရှေ့တွင် သံကြိုးဖြင့် ချည်နှောင်ထားခံရသည့်မိန်းကလေး...
    သူမကာတစ်ချိန်ကအလွန်ခမ်းနားခဲ့သော ပဒုမ္မာကြာဖြူမင်းသမီးလေး..
     ရှင်ဘုရင်သည်တစ်စုံတစ်ယောက်ကို သူမရှေ့ခေါ်ဆောင်လာသည်။ ထိုသူကား သိင်္ခါစဝ်...
    အပြင်းအထန်ညှင်းပန်းနှိပ်စက်ခံထားရသဖြင့် လူရုပ်ပင်မပေါ်တော့သော သူသည်ဝေဒနာကို အံကြိတ်တင်းခံထားသည့်တိုင် မင်းသမီးအဖြစ်ကိုမြင်တော့ နာကျင်လွန်းဟန်တူ၏။ ရိုက်နှက်နှိပ်စက်ခဲ့စဉ်က လုံးဝမကျခဲ့သော မျက်ရည်တို့သည်စီးကျလာ၏။
    သံကြိုးဖြင့်ချည်ထားသဖြင့် လက်တွေခြေတွေသွေးစို့ကာ နာကျင်နေဟန်တူသောမင်းသမီးလေး..
    ရိုက်နှက်ခံထားရသဖြင့် ဒဏ်ရာအလိမ်းလိမ်းနှင့် ညည်းညူနေရှာသော မင်းသမီးလေး...
     အင်မတန်လှပသောရုပ်ဆင်းအဂါင်္ပင် ပျောက်လုနီးပါးပါလား။ အဖြူရောင်ဂါဝန်တို့သည် သွေးတို့ဖြင့် ချင်းချင်းနီလို့ပါလား...  
     "သင်မသေဆုံးခင် မင်းသမီးအား နူတ်ဆက်စကားဆိုခွင့်ပြုမည် သင်ဘာပြောမှာလဲ.."
     ဘုရင်ကြီးစကားကြောင့် သိင်္ခါစဝ်သည်ဝေဒနာကြားမှ မင်းသမီးကိုမော်ဖူးရင်း အားတင်းကာ ဆိုလိုက်ရှာသည်။
    "မင်းသမီးအား မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်မျိုးတောင်းပန်ပါတယ် ခွင့်မလွတ်လိုက်ပါနှင့် ယခုဘဝတာဝန်မကျေခဲ့သမျှ ဖြစ်လေရာဘဝတွေမှာပြန်ဆပ်ခွင့်ပြုပါ မင်းသမီး "
     "သိင်္ခါစဝ်.. "
     "ကျွန်တော်မျိုးဟာဤအချိန်ထိ မင်းသမီးအပေါ်စိတ်ရောကိုယ်ပါ ဖြူစင်ခဲ့ပါတယ် ဘုရင်မတစ်ပါးကဲ့သို့ ရိုကျိုးစွာဆက်ဆံခဲ့ပါတယ် မြူတစ်မူန်မျှပင်မကောင်းသည့် တဏှာစိတ်မထားရှိခဲ့ပါ မင်းသမီးအတွက် အသက်ကိုပင်ပေးရန်အသင့်ရှိခဲ့ပါသည် ဤသစ္စာစကားကြောင့် မင်းသမီးအားဘဝတစ်ခုတွင် ပြန်လည်ဆုံဆည်းခွင့်ရပါစေသား တာဝန်မကျေခဲ့သည့်အကြွေးတို့အား ပြန်လည်ဆပ်ခွင့်ရပါစေသား ယခုဘဝအတွက်တော့ ကျွန်တော်မျိုးသည်ရှက်ရွံ့စွာပင် နူတ်ဆက်ခဲ့ပါတယ် တောင်းပန်ပါတယ် မင်းသမီးလေး.."
     ဒူးထောက်ကာတောင်းပန်နေသော သိင်္ခါစဝ်ကို မင်းသမီးသည်မျက်ရည်များဖြင့်ငေးကြည့်ပြီး ဘာမှမပြောနိုင်ခင်မှာပင် ဘုရင်သည်သိင်္ခါစဝ်အားသတ်ရန် အမိန့်ပေးလိုက်တော့သည်။
     သူမရှေ့မှာတင် ပါးကွက်သားတို့၏ချွန်ထက်သောဓါးသွားသည် သိင်္ခါစဝ်လည်ပင်းထက်ဆီသို့ ရက်ရက်စက်စက် ပိုင်းဖြတ်သွားရာ...
    "အား..."
     "အို..."
    ရက်စက်သောစီရင်မူတစ်ခုက ကြာဖြူမင်းသမီး၏နှလုံးသားထက်ဆီသို့ စူးခနဲ့..
     "သစ္စာဖောက်ပြားသူတို့သွားရာလမ်းသည် ဤလမ်းတစ်ခုသာဖြစ်တယ် သင်၏မင်းသမီးအား ငရဲတွင်သာစောင့်ကြိုနှင့်ပါ ငါမကြာခင်ပို့ဆောင်ပေးမယ်.."
     ထို့နောက် သိင်္ခါစဝ်၏ဦးခေါင်းအား မင်းသမီး၏ရှေ့တိုင်တစ်တိုင်တွင် ချိတ်ဆွဲစေပြီးနောက် မင်းကြီးသည်ရက်စက်စွာ မိန့်ဆိုလိုက်ပြန်၏။
    "ဤလူ၏ဦးခေါင်းခွံအားကြည့်ပြီး ခုနှစ်ရက်တိုင်တိုင် အသင်မင်းသမီးသည် ဒုက္ခဆင်းရဲစွာခံစားစေရမယ် မင်းသမီးကြောင့် ဤလူသားသေဆုံးရခြင်းအတွက် ဤခုနှစ်ရက်တာတွင် ပူလောင်ပြင်းထန်စွာခံစားရပြီး ပင်ပန်းခက်ခဲစွာအသက်ရှင်ရမယ် သေချင်သည့်ဆန္ဒတွေနဲ့ ပင်ပန်းစွာရှင်သန်ရမယ် အသက်ရှင်နေရခြင်းသည် အသင်မင်းသမီးအတွက် အကြီးမားဆုံးသောဝဋ်ဒုက္ခတစ်ခုဖြစ်စေရမည် သေခြင်းတရားဖြင့် အသင်မင်းသမီး လွတ်မြောက်ခွင့်မရစေရပါ ငါကိုယ်တော်အပေါ်ကျူးလွန်ခဲ့သည့် အပြစ်အတွက် ဤခုနှစ်ရက်တာသည် မင်းအတွက်ငရဲတစ်ခုကဲ့သို့ ပူလောင်စွာခံစားရစေတည်း ခုနှစ်ရက်မြောက်နေ့တွင် ငါကိုယ်တိုင်အဆုံးစီရင်ပစ်မည်..."
      မည်မျှရက်စက်ပြင်းထန်သော စီရင်ချက်တစ်ခုလဲ။ မင်းသမီး၏ရင်တစ်ခုလုံးသည် နာကျင်မူများဖြင့် ပေါက်ကွဲလုမတက်ခံစားလိုက်ရသည်။ အားလုံးထွက်ခွာသွားပြီနောက် သွေးပျက်ခြောက်ခြားဖွယ်သုသာန်တွင် သံဆူးကြိုးများဖြင့်ချည်နှောင်ကာ သနားစရာကျန်ရစ်ခဲ့သည့် မိန်းကလေး...
     သူမရှေ့မှအသက်မဲ့နေသော ခေါင်းပြတ်ကြီးကိုကြည့်ပြီး မျက်ရည်တို့ကတလိမ့်လိမ့်...
     "သိင်္ခါစဝ်မမှားပါဘူး တောင်းပန်စရာမလိုပါဘူး မှားတာကကြာဖြူပါ တောင်းပန်ပါတယ်သိင်္ခါစဝ်ရယ် ကြာဖြူကြောင့် သိင်္ခါစဝ်ခုလိုအဖြစ်ဆိုးနဲ့ကြုံရတာပါ ကြာဖြူသာသိင်္ခါစဝ်စကားနားထောင်ခဲ့ရင် ခေါင်းမမာခဲ့ဘူးဆိုပါက ယခုလိုသေဆုံးရမှာမဟုတ်ဘူး ယခုလိုအဖြစ်ဆိုးမျိုးကြုံရမှာမဟုတ်ဘူး ဒီလိုအသေမလှခဲ့တာ ကြာဖြူကြောင့်ပါ ဟင့်ဟင့်"
      မင်းသမီးငယ်၏ငိုရိုက်သံကာ သုသာန်တွင် နာနာကျင်ကျင်ပျံ့လွင့်သွားခဲ့သည်။ စကားတစ်ခွန်းဆိုတိုင်း ရင်ထဲဆစ်ခနဲ့ခံစားရပြီး မျက်ရည်တို့ကလွင့်ခနဲ့...
     "တာဝန်ကျေခဲ့ပါတယ်သိင်္ခါစဝ်ရယ် ကြာဖြူသာလျှင် အပြစ်ကြွေးတွေတင်ခဲ့တာပါ ကြာဖြူအပေါ်စိတ်မချမဖြစ်ဘဲ သံသရာကိုလွပ်လပ်စွာသွားပါ ဒီနေရာကနေထွက်ခွာသွားပါတော့ သင့်ရဲ့သစ္စာတရားအတွက် လွပ်လပ်စွာနဲ့ထွက်ခွာခွင့်ပေးပါတယ် သံသရာတလျှောက် သင့်ကိုအသေမလှစေခဲ့တဲ့ မင်းသမီးနဲ့ဝေးရာသွားပါ ဒီသေခြင်းတရားကို သင်ဘယ်သောအခါမှ အမှတ်မရပါစေနဲ့ ဒီနာကျင်မူတွေသင့်ကို ကြာဖြူထပ်မပေးရက်တော့ပါဘူး သင့်ဝိညာဉ်ချုပ်ငြိမ်းအေးချမ်းပါစေ...."
       "တကယ်လို့များကံတရားကြောင့် ဘဝသံသရာတစ်ခုခုမှာ ပြန်ဆုံတွေ့ခွင့်ရခဲ့ရင် ပြန်ပြီးတော့များဆုံတွေ့ခွင့်ရခဲ့မယ်ဆိုရင် ဒီအပြစ်ကြွေးတွေအတွက် ကြာဖြူပဲပြန်ဆပ်ပေးပါရစေ ... ယခုသိင်္ခါစဝ်ဟာ ကြာဖြူရဲ့ကျေးကျွန်မဟုတ်တော့ပါဘူး လွပ်လပ်စွာနဲ့အေးချမ်းရာဘုံဘဝကို သင့်ဝိညာဉ်ထွက်ခွာသွားစေ..."
       မင်းသမီး၏နာနာကျင်ကျင် ဆုတောင်းစကားအဆုံးတွင်တော့ အဖြူရောင်ဝိညာဉ်တစ်ခုက ဟိုးအဝေးဆီသို့ လွင့်ပျံသွားလျက်....
      ဘယ်သူများသိနိုင်ခဲ့မလဲ.....
      ကြာဖြူဒဏ္ဍာရီမှာ လွတ်မြောက်ခွင့်ရခဲ့လေသော တစ်ခုတည်းသောဝိညာဉ်ကား သိင်္ခါစဝ်ဖြစ်ခဲ့သည်ဆိုတာ.......
     ထို့နောက်အလောင်းများနှင့်ပြည့်နှက်ရာ သုသာန်သည် ပြန်လည်ခြောက်သွေ့သွား၏။ ချောက်ချားဖွယ်ပတ်ဝန်းကျင်တွင် တစ်ချက်တစ်ချက် မင်းသမီးငယ်၏နာနာကျင်ကျင်ရိုက်ငိုသံမှလွဲ၍ အရာအားလုံးအေးစက်နေခဲ့သည်။
     ကြောက်ရွံတုန်လူပ်မူများစွာဖြင့် အချိန်တိုင်းသည် မင်းသမီးအတွက် ငရဲတစ်ခုနှယ်ပင်ပန်းနာကျင်စေခဲ့၏။ မင်းကြီးကျိန်ဆိုခဲ့သကဲ့သို့ပင် အကြောက်တရားတွေ နာကျင်မူတွေက နှိပ်စက်ညှင်းပန်းဒဏ်ကို မခံနိုင်သည့်အဆုံး သေဆုံးဖို့နာကျင်လွန်းစွာ ဆုတောင်းရပြန်သည်။ သို့သော် မသေနိုင်ဘဲငရဲတစ်ခုနှယ် အသက်ရှင်ရသည့်ဝေဒနာမှာ ဆိုးဝါးပြင်းထန်လွန်းလှ၏။
      သံဆူးကြိုးဖြင့် အချည်ခံထားသောလက်သည် ပွန်းပဲ့ရာများဖြင့် ပြည်ပင်တည်နေသည်မှာ စက်ဆုပ်စရာအတိ။ ရိုက်နှက်ခံရသည့်ဒဏ်ရာများကလည်း စူးရှနာကျင်နေဆဲ...
      နေပူပူမိုးရွာရွာ အစာရေစာမစားမသောက်ရလေရာ မင်းသမီးသည် အသက်ရူတယ်ဆိုရုံမျှ မျော့မျော့လေးသာကျန်ခဲ့လေ၏။ တစ်ခါအသက်ရူလိုက်တိုင်းပင် နာကျင်လွန်းသဖြင့် ရင်ဝကိုမီးစနှင့် ထိုးချေလိုက်သည့်အလားခံစားရကာ....
      သတိမေ့လိုက်ပြန်သတိရလိုက်နှင့် နာကျင်စွာရှင်သန်လာသည်မှာ ခြောက်ရက်မြောက်နေ့ပင် ရောက်ခဲ့ချေပြီ။ အားတင်းပြီးအသက်ရူတိုင်း နာကျင်လွန်းသဖြင့် မျက်ရည်တို့ကဝေါခနဲ့...
      သို့သော်သူမမှာကျစရာ မျက်ရည်ပင်မရှိတော့ပါလား။ နာကျင်မူတွေများလာလေလေ ရင်ထဲတွင် အမုန်းများကလည်း တဖြည်းဖြည်းအမြစ်တွယ်လာရင်းနှင့်...
      ခြောက်ရက်မြောက်ညတွင် ကြာဖြူမင်းသမီးထံရောက်လာသူက စိမ်းမိဖုရား...
      ကြည့်စမ်း... အစာမစားရ၍ ပိန်လှီသွေ့နေပြီး နေပူမိုးရွာထဲခြောက်ရက်တာ ညှင်းပန်းထားခံရသဖြင့် မင်းသမီးရုပ်သည် ရုပ်ပျက်ဆင်းပျက်နှင့်ပါလား..
     မအိပ်စက်ထားသောမျက်ဝန်းတို့ကလည်း ဟိုးယခင်လို မလှပနိုင်တော့ပါ။ ညိုမည်းကာ ကြောက်မက်ဖွယ်အတိနှင့်..
     ဆေးမထည့်ရသောဒဏ်ရာအနာများသည် လေဒဏ်မိုးဒဏ်နေဒဏ်ကြောင့် ပြည်များပင်တည်ကာ လောက်တဖွာဖွာပင် ဖြစ်နေတော့၏။ အသက်ရှင်လျက်နှင့်သေဆုံးသကဲ့သို့  ပြည်တည်ကာလောက်ထွက်နေသော တစ်ခါကအလွန်ခမ်းနားလှပခဲ့သော မင်းသမီးလေး...
    ဘယ်မှာလဲ ပဒုမ္မာရီကြာဖြူမင်းသမီး၏အလှတရားတွေ ..
     အရာအားလုံးပျက်ဆီးသွားခဲ့ပြီဖြစ်သည်။ စိမ်းမိဖုရားသည်ကျေနပ်စွာ ပြုံးတော်မူလိုက်ပြီး
     "အို... သနားစရာကောင်းလိုက်တဲ့မင်းသမီးလေး ကြည့်စမ်း အလှဆုံးပါဆိုတဲ့ပင်လယ်နတ်သမီးလေး အခုတော့ကြွက်သေပုပ်လို စပ်ဆုပ်ရွံရှာဖွယ်ကောင်းလှပါလား ဟင်းဟင်း "
    "စိမ်း... ဒေ...ဝီသျှင်.. ဘာကြောင့် ဒီလို..လုပ်ရသလဲဟင်.."
     ရှိသမျှခွန်အားနှင့် အားယူပြောရှာသောမင်းသမီးကိုကြည့်ပြီး စိမ်းမိဖုရားသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း...
     "ဟင်း..ဟင်း အသံတော့ထွက်နိုင်တာပဲ မင်းသမီးဟာ ကိုယ့်နေရာကိုမသိတတ်ဘူး ငါ့ဆီကနေမင်းကြီးကိုလုယူချင်တဲ့ အပြစ်အတွက်ပဲ ငါနင်ကျင်ခံစားခဲ့ရသမျှ ဒီလိုပြန်ပေးဆပ်ရတာပဲမင်းသမီး နောက်ဘဝအဆက်ဆက်ထိ စွဲစွဲမြဲမြဲမှတ်ထားပါ ငါနဲ့မယှဉ်ချင်နဲ့ မင်းသမီးကိုမုန်းလွန်းလို့ ခက်ခဲစွာအသက်ရှင်ခဲ့ရသမျှ ဒီလိုနေ့မျိုးဟာသိပ်ချိုမြိန်တာပဲ မင်းသမီးရယ်..."
    "ယုတ်မာ...လိုက်တာ.."
    "အော်... ယခုဆိုမင်းသမီးအရမ်းခံစားရမှာပဲနော် ဒီထက်ခံစားရအောင် အမှန်တရားတစ်ခုပြောပြမယ် မနက်ဖြန်ဆိုမင်းသမီးဟာ မင်းသမီးကိုအရမ်းမုန်းနေတဲ့ မင်းကြီးလက်ချက်နဲ့သေဆုံးရတော့မယ်ဆိုတော့ ဒီအမှန်တရားကိုသိသင့်ပါတယ် ဒါမှမသေဆုံးခင်မှာ တမြေ့မြေ့ခံစားပြီး နာကျင်နေရမှာလေ ..ဟင်း ဟင်း မင်းသမီးရဲ့ကိုယ်ဝန်ပျက်ကျအောင် ငါပဲဆောင်ရွက်ခဲ့တာ ကြာဖြူ.."
     "ဟင်....."
     "အံ့သြသွားချေပြီလား နှစ်ခါလုံး ငါလုပ်ကြံခဲ့တာပဲ ဟင်းဟင်း...."
     ကြာဖြူမင်းသမီး၏ရင်ကို လှံနှင့်အဆက်မပြတ်ထိုးစိုက်လိုက်သကဲ့သို့ပင် ပြင်းထန်သောနာကျင်မူက ရင်ထဲစူးနင့်စွာ စိုက်ဝင်လာသည်။
     မခံရပ်နိုင်သောမင်းသမီးကိုကြည့်ပြီး စိမ်းမိဖုရားသည်သဘောကျဟန်ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောနေတော့သည်။ မိဖုရားနှင့်အတူပါလာသည့်အမတ်မင်းနှင့် နတ်မိစ္ဆာတို့၏ရယ်သံတို့ကလည်း စက်ဆုပ်ဖွယ်အတိနှင့် ။
     ထိုရယ်သံတို့က မင်းသမီး၏ရင်ကိုတမြေ့မြေ့လောင်ကျွမ်းသွားစေခဲ့သည်။ အဆုံးစွန်သော နာကျင်မူနှင့်အတူ ဖော်မပြနိုင်သောအမုန်းမီးတို့က ဟုန်းခနဲ့တောက်လောင်လာခဲ့ရာ...
     နတ်မိစ္ဆာသည်မင်းသမီးအားစေ့စေ့ကြည့်ပြီး
    "မနက်ဖြန်မင်းသမီးကို မီးလောင်တိုက်ရန်စီရင်မူကို မိဖုရားသည်အကြင်နာတရားရှိဟန်ဖြင့် တားမြစ်ပါ ကျွန်ုပ်မင်းသမီး၏နှလုံးသားကို လိုအပ်ပါသည် မင်းသမီးကိုဒီအတိုင်းသေဆုံးစေပါမိဖုရား ကျွန်ုပ်သူ့အလောင်းမှနှလုံးကိုထုတ်ယူပြီး အလောင်းအား မကောင်းဆိုးဝါးတို့အား စားသုံးရန်ကျွေးပစ်ချေမည် ဟားဟား.."
    "ကောင်းပါပြီ သင့်သဘောတိုင်းဖြစ်ရမယ် နူတ်ဆက်ပါတယ် မင်းသမီးလေး ငရဲကိုသွားရန်အသင့် ပြင်ဆင်ချေတော့ ဟင်းဟင်း ပင်လယ်နတ်မင်းကြီး၏သမီးတော်ရဲ့ သေခြင်းတရားကို ဘယ်နတ်မှမကယ်နိုင်ပါလား ယခုလိုကြွက်ပုပ်တစ်ကောင်ကဲ့သို့ သေရချေတော့မယ်"
     လှောင်သံ၊ရယ်မောသံတို့က တဖြည်းဖြည်းဝေးကွာသွားသည့်တိုင် ကြာဖြူမင်းသမီး၏ရင်ကာ အမုန်းမီးတို့ဖြင့် ဟုန်းဟုန်းတောက်လောင်နေပြီဖြစ်သည်။
     ဘာနာကျင်မူမှမခံစားနိုင်အောင် သူမနှလုံးသားသည် အမုန်းတရားတို့ဖြင့် အမြစ်တွယ်နေခဲ့၏။ အေးစက်တင်းမာသောမျက်ဝန်းတို့ဖြင့် ကောင်းကင်ကလမင်းကြီးကို အတန်ကြာအောင် စူးစိုက်ကြည့်နေ၏။
     မနက်ဖြန်သည်လပြည့်နေ့ဖြစ်၏။ လကား ဝင်းလက်တောက်ပနေဆဲ။ သို့သော် အလှတရားတို့ကား ချုပ်ငြိမ်းခဲ့ပြီ ဖြစ်သည်။
     မင်းသမီးသည် လမင်းကိုစူးစူးဝါးဝါးစိုက်ကြည့်ပြီး နာကျဉ်းစွာ ကျိန်ဆိုလိုက်လေသည်။
     "ငါသည်ရှင်ဘုရင်အပေါ် စိတ်မျှနှင့်ပင်မဖောက်ပြားဘဲ သစ္စာရှိရှိချစ်ခဲ့ပါသည် အသက်တမျှလည်း မြတ်နိုးခဲ့ပါ၏ ငါ့မျိုးနွယ်စုမဟုတ်သည့်တိုင် ပြည်သူပြည်သားအရေးကိုစိုးရိမ်ခဲ့ပါသည် တိုင်ပြည်အပေါ်တွင် မေတ္တာထားကာကွယ်ခဲ့ပါသည် ငါမင်းသမီး၏အသက်ကိုပုံအပ်လျက် ရှင်ဘုရင်တိုင်းသူပြည်သား နိုင်ငံတော်အပေါ် ဖြူစင်စင်ကြယ်ခဲ့ပါလျက်နှင့် ဤမတရားသောအမူတို့ဖြင့် ငါအားရက်စက်စွာ ညှင်းပန်းခဲ့လေသည် ဤဘုရင် ဤနိုင်ငံ ဤပြည်သူတို့သည် ငါ့အားသေခြင်းတရားထက်ဆိုးသော နာကျင်မူတွေပေးခဲ့သည် ငါ့အပေါ်ယုတ်မာခြင်းတို့ ပြုကြကုန်၏ ငါ့မေတ္တာတရားနဲ့မထိုက်တန်သော ဤနိုင်ငံတော်နှင့်ပြည်သူအား အမုန်းများသာငါပေးအပ်ချေမည်.. ဘုရင်နှင့်တိုင်းပြည်အပေါ် ငါ့ချစ်ခြင်းမေတ္တာတွေစစ်မှန်ခဲ့ပါက ငါ့ကျိန်စာတွေတည်တံ့စေသတည်း ငါထားခဲ့လေသော သစ္စာတရားတို့စစ်မှန်ခဲ့ပါက ငါ့အမုန်းတို့သည် ပဒုမ္မာရီမြို့တော်သို့တည်စေသတည်း..."
      ကြောက်မက်ဖွယ်ကောင်းသော အမုန်းမီးများတောက်လောက်သော ကျိန်စာတစ်ခုသည် ထိုညည့်သန်းခေါင်ယံ လပြည့်နေ့တို့ကူးပြောင်းချိန်တွင် ဖြစ်ပေါ်လာခဲ့လေ၏။
     အမုန်းတရားတွေဟုန်းဟုန်းတောက်နေသည့် ကြာဖြူမင်းသမီး၏ကျိန်စာကား မှော်ဝင်ကျွန်းတစ်ခုလုံးကို တုန်ခါသွားစေခဲ့၏။
   "လူသားတို့သည် ယုတ်မာလွန်းကြကုန်၏ ကောက်ကျစ်စဉ်းလဲ့ကြကုန်၏ အလိုရမ္မာလောဘတို့ဖြင့် အစဉ်အမြဲတစ်ဦးအပေါ်တစ်ဦး သတ်ဖြတ်ခြင်းတို့ပြုကြကုန်၏ မဆုံးနိုင်သောမောဟမီးတို့ဖြင့် ရက်စက်သောလူသားမျိုးနွယ်စုသည် သတ္တဝါထဲတွင်ကြောက်စရာအကောင်းဆုံးပင်ဖြစ်သည် ဤလူသားတို့သည် ချစ်ခြင်းမေတ္တာနှင့်မထိုက်တန်တော့ပါ ငြိမ်းချမ်းမူတို့နှင့် မထိုက်တန်တော့ပါ ငါ့အားပျက်ဆီးခြင်းတို့ပြုကုန်သော ဤလူသားမျိုးနွယ်စုအား ငါပင်လယ်နတ်မင်းကြီး၏သမီးတော် ပဒုမ္မာကြာဖြူမင်းသမီးကျိန်ဆိုမည် မဆုံးနိုင်သောပင်လယ်ကြီးနှင့်အတူ နတ်အပေါင်းတို့ကြားစေလော့..."
     "မေတ္တာနှင့်မထိုက်တန်သော ဤလူသားမျိုးနွယ်သည် ငါ့မင်းသမီးအမုန်းတို့ဖြင့် ပျက်ဆီးခြင်းတို့ ဖြစ်ကြစေ..  မကုန်ခမ်းနိုင်သောနာကျင်မူဖြင့် ငိုကြွေးကြစေ .. အဖန်တလဲလဲသေဆုံးပြီးတိုင် မလွတ်မြောက်ခြင်းဖြင့် ပင်ပန်းဆင်းရဲစွာခံစားရစေ.. ညသည်ညည်းညူသံတို့ဖြင့် အိပ်စက်ရမည် ဝိညာဉ်တို့၏ငိုကြွေးသံဖြင့် ဤမြို့တော်သည်တန်ဆာဆင်သွားရမည် မလွတ်မြောက်သောဝဋ်ဆင်းရဲဖြင့် ဤမြို့တော်ကြီးနှင့်အတူ အရာခပ်သိမ်း ပျက်ဆီးဆင်းရဲခြင်းတို့ဖြစ်စေ......"
    "ထိုမျှမကငါမင်းသမီးသေဆုံးခြင်းမှတဖန် ပြန်လည်မနိုးထလာသည့်အချိန်ထိ ငါ့ကျိန်စာသည် ကမ္ဘာတည်သရွေ့ ဤမှော်ဝင်ကျွန်းတွင်တည်ရှိနေရမည် ငါ့နာမည်ကိုကြားသူတိုင်းသည် သွေးပျက်တုန်လူပ်စေ.. ငါ့ကိုရှာဖွေသူတိုင်းသည် ဆင်းရဲဒုက္ခအတိတို့ ရောက်စေ.. ငါ့ပိုင်မြေသို့ခြေချလာသူတိုင်းသည် မလွတ်မြောက်နိုင်သောဝဋ်ဆင်းရဲတို့ခံစားရစေ  ဤကျွန်းမြေသည် ငါ့အမုန်းမီးတို့ဖြင့် ထာဝရဟုန်းဟုန်းတောက်လောင်ကျွမ်းစေ သတည်း"
     "ငါတဖန်ပြန်လည်နိုးထလာမည့်အချိန်တွင် ငါသည်ငါ့အားပျက်ဆီးစေခဲ့သော လူသားမျိုးနွယ်အား ကြီးမားသောပြစ်ဒဏ်စီရင်စေမည်.. အရာအားလုံးကိုသွေးဝိညာဉ်တို့ဖြင့် ငါဆေးကြောပစ်မည် ထွက်ပြေးလွတ်မြောက်သွားသူတိုင်း ဤနေရာသို့အပြစ်ပြန်လည်ပေးဆပ်ရမည် ငါသည်ပျက်ဆီးခြင်းများနှင့် ဤကျွန်းမြေအား ပင်လယ်နက်တွင်းတော့ ထာဝရခေါ်ဆောင်သွားရစေတည်း ယုတ်မာကောက်ကျစ်သော လူသားများ၏ဝိညာဉ်သည် လွတ်မြောက်ခွင့်မရဘဲ ပင်လယ်ရေအောက်တွင် ပင်လယ်ရေမကုန်ဆုံးသရွေ့ ငိုကြွေးစေရမည် ငါမင်းသမီး၏ကျိန်စာအား နတ်ဒေဝါအပေါင်းတို့ ကြားသိစေသတည်း..."
      အိုး.... အမုန်းတရားတွေလောင်ကျွမ်းနေသည့် ကျိန်စာဆိုးကြီးတစ်ခု။ ကြောက်မက်ဖွယ်ကောင်းသော အမုန်းမီးတောက်များက ကျွန်းမြေတစ်ခုလုံးကို လောင်မြိုက်လျက်...
     ဘာမှမသိစွာအိပ်စက်နေသည့် ပဒုမ္မာရီမြို့တော်၏ကံကြမ္မာသည်လည်း..
     နောက်တစ်နေ့ မိုးသောက်ချိန်.. လပြည့်နေ့တွင်တော့
     မင်းသမီးအားအဆုံးစီရင်ရန် ပါးကွပ်သားတို့သည် ရေကန်ကြီးရှေ့သို့ ခေါ်ဆောင်လာကြလေ၏။ ထို့နောက် ဘုရင်နှင့်တကွ မောင်းမအပေါင်းတို့ကြွချီလာသကဲ့သို့ မင်းသမီး၏သေဆုံးခြင်းအား ကြည့်ရူရန် တိုင်းသူပြည်သားအပေါင်းတို့သည်လည်း လာရောက်ကြကုန်သည်။
      ရှင်ဘုရင်သည် စင်တိုင်တွင်ကြိုးဖြင့်တုပ်ထားသော မင်းသမီးရှေ့သို့ရပ်လိုက်၏။ မင်းသမီးသည် အသက်ယဲ့ယဲ့လေးသာကျန်ရှာသည်။ ဒဏ်ရာအလူးလူးနှင့် လှပခြင်းတို့ကင်းမဲ့နေသော မင်းသမီးကိုဘုရင်သည် အေးစက်စွာပင်မိန့်ဆိုလိုက်၏။
    "ဒီနေ့ငါကိုယ်တော် သင့်အားအဆုံးစီရင်မယ် စိမ်းမိဖုရား၏မေတ္တာထားမူကြောင့် သင့်အား မီးဖြင့်ရို့သတ်ခြင်းမပြုဘဲ သက်ညှာစွာသေဆုံးစေမယ် ငါဘုရင်နှင့် တိုင်းပြည်အပေါ် သင့်သစ္စာဖောက်ပြားမူအတွက် ဝန်ခံတောင်းပန်မည်လား နောက်ဆုံးအကြိမ်သင့်စကားကို ငါကိုယ်တော် နားထောင်ပေးမယ်.."
      မင်းသမီးသည် ခက်ခဲပင်ပန်းစွာအသက်ရူနေရင်းမှ ဘုရင်အား အားတင်းကာမော့ကြည့်လိုက်သည်။ ထူးဆန်းသည်က မင်းသမီး၏မျက်ဝန်းသည် အားဖျော့မနေဘဲ အေးစက်တင်းမာလို့နေ၏။
     မင်းသမီးသည် ညည်းညူခြင်းလည်းမရှိပါ။ နာကျင်မူလည်း ခံစားတော့ဟန်မတူပါ။ မျက်ရည်များလည်း ရှိမနေခဲ့ပါ။ သူမထံတည်ရှိနေသော တစ်ခုတည်းသောအရာကား အမုန်းတရားများသာ...
     စူးရဲသောမျက်ဝန်းတို့တွင် အမုန်းတရားတို့က တဟုန်းဟုန်းနှင့်။ ဒီအမုန်းကြောင့်ပဲထင်သည်။ ခြောက်သွေ့တုန်ယင်နေသော နူတ်ခမ်းတို့မှစကားတို့က ခက်ထန်မာကြောစွာ ထွက်ကျလာသည်။
     "ငါသည်အပြစ်မရှိပါလျက်နှင့် လုပ်ကြံသတ်ဖြတ်ခံရတော့မယ် ငါချစ်ခြင်းမေတ္တာတို့အတွက် သင်တို့ပြန်ပေးခဲ့သည်က ညှင်းပန်းနှိပ်စက်ခြင်းသာဖြစ်သည် ထို့အတွက် အရာအားလုံးပြန်ပေးဆပ်ရမည် ငါသေဆုံးသွားသည့်တိုင် ပြီးဆုံးသွားမည်မဟုတ်ပါ သင်တို့၏အသက်ဝိညာဉ်တို့ကို ထာဝရခေါ်ဆောင်သွားရန် ကြာဖြူမင်းသမီးပြန်လာခဲ့မယ် ဤကျိန်စာကိုမှတ်သားထားကြကုန်လော့..."
    " အရှင်မင်းမြတ် ငါ့အားမိန့်ဆိုသကဲ့သို့ပင် ဤကျိန်စာအားငါဆိုမည် အသင်တို့အားလုံးသည် ဒုက္ခဆင်းရဲစွာခံစားစေရမယ် ငါမင်းသမီးသေဆုံးခြင်းနှင့်အတူကျိန်စာကြောင့် ပူလောင်ပြင်းထန်စွာခံစားရပြီး ပင်ပန်းခက်ခဲစွာအသက်ရှင်ရမယ် သေချင်သည့်ဆန္ဒတွေနဲ့ ပင်ပန်းစွာရှင်သန်ရမယ် အသက်ရှင်နေရခြင်းသည် အသင်တို့အားလုံးအတွက် အကြီးမားဆုံးသော ဝဋ်ဒုက္ခတစ်ခုဖြစ်စေရမည်.. သေခြင်းတရားဖြင့် အသင်တို့လွတ်မြောက်ခွင့်မရစေရပါ ငါ့အပေါ်ကျူးလွန်ခဲ့သည့်အပြစ်အတွက် ဤကျွန်းမြေတွင် ငရဲတစ်ခုကဲ့သို့ ပူလောင်စွာခံစားပြီး မလွတ်မြောက်ခြင်းတို့ဖြင့်ရှင်သန်ရမည် သင်တို့၏ဝိညာဉ်ပင် လွတ်မြောက်ခွင့်ရမည်မဟုတ်ပါ.. အရှင်မင်းမြတ်နှင့်တိုင်းပြည်အပေါ်ထားခဲ့သော ငါ့မေတ္တာနှင့်သစ္စာစစ်မှန်ခဲ့ပါက ငါကျိန်စာအားလုံး မလွဲမသွေဧကန်မုချ ဖြစ်စေ.."
      ကြောက်စရာကောင်းကျိန်စာကြောင့် အားလုံးထိတ်လန့်တုန်လူပ်သွားစဉ် မင်းသမီးသည် နောက်ဆုံးအကြိမ် နာကျဉ်းစွာဆိုလိုက်သည်က...
    "သင်တို့၏ငိုညည်းသံကိုငါနားဆင်နေမည် သင်တို့၏သွေးတို့အားငါသုံးဆောင်မည် သင်တို့၏ဝိညာဉ်အား ငါချုပ်နှောင်ထားမည် သင်တို့၏ငိုကြွေးသံသည် ငါ့အတွက်ခွန်အားဖြစ်စေမည် ဤမြို့တော်ကြီးသည် ယခုချိန်မှစ၍ အမှောင်မိုက်သွင်းသို့ရောက်စေမည် မည်သူမျှမလာနိုင်အောင် ပျောက်ဆုံးလတ္တံ ရောက်ခဲ့သောသူများအပေါ် ငါ့ကျိန်စာအားလုံးသက်ဝင်စေမည် ငါမင်းသမီးနာမည်ကြားတိုင်း သင်တို့ထာဝစဉ် တုန်လူပ်ခြောက်ခြားစေရမယ် ငါကြာဖြူပြန်လာခဲ့မယ်.."
     ဘုရင်သည် မင်းသမီး၏ထူးဆန်းသောစကားများကြောင့် အံ့သြတုန်လူပ်နေရင်းမှ သတိဝင်လာပြီးနောက်
     "သင်ပြောလိုရာပြောပြီးပြီ ငါမင်းမြတ်ငရဲသို့ပို့ဆောင်ပေးတော့မည်.. သွားပေဦးတော့ မိန်းမယုတ်.."
    သို့နှင့်ဘုရင်၏ဓါးမြောင်သည် မင်းသမီး၏နှလုံးသားဆီသို့ ရက်စက်စွာထိုးစိုက်သွားချေတော့ရာ
    "အား..."
     နာကျဉ်းလွန်းသောအော်သံအပြီးတွင်တော့ မင်းသမီး၏အသက်ဝိညာဉ်နှင့်အတူ အရာအားလုံးချုပ်ငြိမ်းသွားခဲ့ပြီဖြစ်လေသည်။ ကြာဖြူမင်းသမီးသေဆုံးပြီးနောက်တွင်တော့ ချက်ချင်းလိုပင် မြေငလျင်ကြီးသည် တုန်ခါသွား၏။ လေပြင်းများသည် တိုက်ခတ်လာသည်။ ကောင်းကင်တွင် ဌက်ဆိုးများက ရုတ်ချည်းပင်ပြည့်နှက်လာ၏။
     ပတ်ဝန်းကျင်တခွင်ကြာပန်းရနံ့နှင့်အတူ သွေးညှီနံ့တို့ကအုပ်မိုးလာတော့သည်။ ကြောက်စရာကောင်းအောင် ပြောင်းလဲသွားသော ပတ်ဝန်းကျင်အခြေအနေကြောင့် ပြည်သူပြည်သားများအားလုံး ကြောက်လန့်တကြား ထွက်ပြေးသွားတော့၏။
     မင်းနှင့်မိဖုရားတို့သည်လည်း ကြာဖြူမင်းသမီးအလောင်းကို ဒီအတိုင်းထားစေလျက် နန်းတော်သို့ အလျှင်အမြန်ဝင်ရောက်သွားလေသည်။
     အားလုံးပျောက်ကွယ်သွားပြီးနောက် ထိုနေရာသို့ရောက်ရှိလာသူကား....
    မျိုးနွယ်စုခေါင်းဆောင်ကြီး………
    အသက်ဝိညာဉ်ကင်းမဲ့နေသော မင်းသမီးအလောင်းကို ထိတ်လန့်စွာငေးကြည့်ရင်း သက်ပြင်းချကာ ခေါင်းခါရမ်းလိုက်သည်။ သူနောက်ကျသွားခဲ့ချေပြီ။
     ရဲမတ်တွေလက်မှ ထွက်ပြေးတိမ်းရှောင်မူကြောင့် မင်းသမီးထံ သူရောက်မလာနိုင်ခဲ့ပါ။ ယခုအခါဤမနက်တွင် မင်းသမီးအားအဆုံးစီရင်မည်ဟူသော သတင်းကြောင့် မျိုးနွယ်စုခေါင်းဆောင်သည် ကံကြမ္မာဆိုးကို တားဆီးနိုင်ရန် အပြေးလာခဲ့သည်။
     သို့သော်သူနောက်ကျသွားပါသည်။ ဘုရင်သည် ကြာဖြူမင်းသမီးအား သတ်လိုက်ချေပြီ။
    ကြာဖြူမင်းသမီး၏သေဆုံးခြင်းနှင့်အတူ ကျိန်စာဆိုးတစ်ခုသည် သက်ဝင်သွားခဲ့ပါပြီ။ မတားဆီးလိုက်နိုင်သလို ဖြစ်လာမည့်ကံတရားကိုလည်း မျိုးနွယ်စုခေါင်းဆောင်းကြီး တားလို့မရနိုင်တော့ရာ...
     ခေါင်းကိုလေးပင့်စွာခါရမ်းလိုက်ပြီး..
     "မကြာခင်ပဒုမ္မာရီမြို့တော်ကြီး ပျက်ဆီးတော့မှာပါလား အင်း... သေခြင်းတရားတွေနဲ့ မှောင်မိုက်ကုန်ပြီ"
     ထို့နောက်မျိုးနွယ်စုခေါင်းဆောင်သည် ထိုနေရာမှထွက်ခွာခဲ့လိုက်၏။ ထိုညသည် အလွန်ကြောက်စရာကောင်းသော အေးစက်ခြင်းများဖြင့် တိတ်ဆိတ်နေခဲ့သည်။
     မင်းသမီး၏အလောင်းရှိရာ ကန်ရေပြင်နားသို့ရောက်လာသူက နတ်မိစ္ဆာကြီးပင်။ သူရည်ရွယ်ရာ မင်းသမီး၏နှလုံးသားကို ထုတ်ယူရန်အတွက်ပင်။
    သို့သော် ထိုနေရာသို့ရောက်ရှိသွားချိန်တွင် မင်းသမီး၏အလောင်းကို လုံးဝမတွေ့တော့ပါ။  အလောင်းကာ ပျောက်ဆုံးသွားခဲ့ချေပြီ။ နတ်မိစ္ဆာကြီးသည် အံ့သြထိတ်လန့်စွာ လိုက်ရှာမိစဉ်မှာပင်...
     "ဝုန်း..."
     "ရှီး..."
     "ဟင်.."
     ကန်ရေပြင်မှဝုန်းခနဲ့ထိုးထွက်လာသည်က ကြီးမားသောမြွေကြီး။ မင်းသမီး၏ဂါထာတော်ဖြင့် အိပ်မွေ့ချခံထားသောမြွေကြီးကာ မင်းသမီးသေဆုံးသွားပြီးချိန်တွင် ပြန်လာနိုးထလာခဲ့ပြီဖြစ်သည်။
     မြွေကြီး၏နတ်မိစ္ဆာတို့၏တိုက်ခိုက်မူက ကြောက်ခမိန်လိလိ။ သို့သော်နောက်ဆုံးတွင်တော့ ဒေါသအမျက်ချောင်းချောင်းထွက်နေသော မြွေကြီးကိုနတ်မိစ္ဆာကြီးမယှဉ်သာနိုင်ခဲ့ပါ။
     "အား..."
     အပိုင်းပိုင်းဖြတ်သွားသောခန္ဓာကိုယ်နှင့်အတူ ကြောက်မက်ဖွယ်အော်ဟစ်သံတို့ကို ထူးဆန်းစွာပင် အားလုံးလိုလိုကြားလိုက်ရ၏။ ထို့နောက်မြွေကြီးသည် နတ်မိစ္ဆာ၏ခန္ဓာကိုယ်အားဆွဲခါရမ်းပြီး ကန်ရေပြင်ထဲသို့ ပစ်ချလိုက်လေသည်။
     ထိုအရာသည် မင်းသမီးအားပူဇော်လေခြင်းလာ။ မင်းသမီးသည် ထိုကန်ရေပြင်ရှေ့တွင် အသက်ဝိညာဉ်ချုပ်ငြိမ်းခဲ့သည် မဟုတ်လား။
     ထို့နောက် ဒေါသအလွန်ထွက်နေသောမြွေကြီးသည် မြို့တွင်းသို့ဝင်ရောက်သောင်းကျန်းတော့သည်။ ကြောက်ရွံ့စွာ အော်ဟစ်သံ ငိုကြွေးသံ ညည်းညူသံများကာ ငရဲကျနေသည့်အလားပင်။
      ပဒုမ္မာရီမြို့တော်ကြီးကား သွေးအတိလွှမ်းခဲ့သည်။ မြွေကြီးကား လူပေါင်းများစွာကို ရစ်ပတ်ခွေလိမ်ပြီး ကန်ရေပြင်ထဲသို့ ပစ်ချလေရာ...
      ကန်ရေပြင်သည် သွေးတို့ဖြင့်ချင်းချင်းနီရဲလျက်....
     ထို့နောက် မနက်မိုးသောက်တွင်တော့ တိုင်းပြည်အတွင်း၌ သွေးပျက်တုန်လူပ်ဖွယ်ရာအဖြစ်အတွက် မငြိမ်မသက်ဖြစ်ကြကုန်သည်။ မြွေဆိုးကာ မနက်ရောက်တော့ ပျောက်ဆုံးသွားခဲ့၏။
     နတ်မိစ္ဆာသေဆုံးပြီးနောက် မကြာမီမှာပင် ၎င်း၏အစီအမံပျက်ပြယ်သွားသည်။ ဘုရင်သည်မူလအတိုင်း ပြန်ဖြစ်သွားသည့်တိုင် အရာအားလုံးကား နောက်ကျသွားခဲ့လေပြီ။ ရှင်ဘုရင်သည် တဖြုတ်ဖြုတ်သေဆုံးနေကြသော ပြည်သူများကိုကြည့်ပြီး ရင်နာမဆုံးဖြစ်ရသည်။ တဖြည်းဖြည်းပျက်ဆီးလာသော တိုင်းပြည်ကိုမကာကွယ်နိုင်သော ဘုရင်တစ်ယောက်၏ရင်သည် မည်မျှနာကျင်ကြေကွဲစွာခံစားရမည်နည်း။
     နေ့စဉ်လိုပင်လူတို့သည်သေဆုံးကြ၏။ နည်းအမျိုးမျိုးဖြင့် ကြောက်ရွံ့ကုန်သည်။ ကျန်ရှိနေသောလူများသည်လည်း အကြောက်တရားတို့ဖြင့်ရှင်သန်ကြရသည်။ မြွေကြီးသည်ညစဉ်၎င်းတို့အတွက် သေခြင်းတရားကို ယူဆောင်လာသည်။
      တစ်ပတ်ခန့်ကြာသော် ကြာဖြူမင်းသမီးကို သစ္စာဖောက်ခဲ့သော အသက်ရှင်ကျန်ခဲ့သည့် မျိုးနွယ်စုအချို့သည် နောင်တကြီးစွာရလျက် ကြောက်ရွံ့တုန်လူပ်နေရခြင်းကို မခံရပ်နိုင်သည့်အဆုံး ဘုရင်မင်းမြတ်ကို သွားရောက်လျှောက်တင်ကြသည်။
     အကြောင်းစုံသိသွားသောရှင်ဘုရင်သည် ရင်ကွဲလုမတက်ပင် ခံစားလိုက်ရသည်။ မိမိ၏မဆင်ခြင်သောအမှားအတွက်လည်း ခွင့်မလွတ်နိုင်အောင်ဖြစ်ခဲ့ရ၏။ နောင်တနှင့်ပူလောင်ပြင်းထန်စွာ ခံစားရတော့၏။ သို့သော် ကြာဖြူမင်းသမီးကတော့ မည်သည့်အခါမှ ခွင့်လွတ်တော့မည် မဟုတ်ပါ။
     "မင်းသမီးအပေါ် ငါကိုယ်တော်အထင်လွဲမှားပြီး သတ်ဖြတ်မိအောင် ယုတ်မာကောက်ကျစ်စွာ ကြံစည်သောအမတ်မင်းအား ငါ့ထံခေါ်ခဲ့စမ်း.."
     မင်းကြီးသည် ဒေါသတကြီးပင်မိန့်ဆိုလိုက်၏။သို့သော် အမတ်မင်းကိုကာ မတွေ့နိုင်တော့ပါ။ ကန်ရေပြင်အောက်တွင် ၎င်း၏ဝိညာဉ်သည် ချုပ်ငြိမ်းသွားခဲ့ချေပါပြီ။
    ကျိန်စာဆိုးကာ ရက်စက်သောသေခြင်းတရားနှင့်အတူ အမတ်မင်းကိုခေါ်ဆောင်သွားခဲ့ပြီဖြစ်သည်။ ယူကြုံးမရသောစိတ်၊ နာကျဉ်းခံပြင်းသောစိတ်၊ ဒေါသစိတ်များဖြင့် ဘုရင်သည်စိမ်းမိဖုရားထံသို့ ဒေါသတကြီးရောက်သွားပြန်သည်။
     သို့သော် မိမိကံကြမ္မာကိုကြိုသိနေသော လိမ်မာပါးနပ်လှသောစိမ်းမိဖုရားသည် အဆိပ်သောက်ကာ မိမိကိုယ်ကို အဆုံးစီရင်လိုက်ပြီဖြစ်၏။ ဘုရင်မင်းမြတ်ရောက်သွားချိန်တွင်တော့ စိမ်းမိဖုရားသည် အသက်ငွေ့ငွေ့သာ ကျန်တော့သည်။
     ဘုရင်သည် အမုန်းဒေါသများနှင့်သတ်ရန်လာခဲ့သော်လည်း မသတ်လိုက်ရသဖြင့် ခံပြင်းလွန်းလှကား
     "စိမ်းဒေဝီသျှင် မင်းဟာအင်မတန်ယုတ်မာလွန်းလှတယ် ငါ့လက်နဲ့ကြာဖြူကို ရက်ရက်စက်စက်သတ်အောင် ဖန်တီးခဲ့တယ် ငါနဲ့ကြာဖြူကိုသံသရာတစ်လျှောက် ဝေးကွာအောင်ပြုခဲ့တယ် မင်းဟာအတော်ဆိုးဝါးရက်စက်တဲ့မိန်းမ.. ငါ... ငါကိုယ်တော်မင်းကိုယုံကြည်မိတာ အမှားပဲ..."
     "စိမ်းကတော့ ဒီလုပ်ရပ်အတွက်နောင်တမရဘူး မောင်တော် ဘယ်သောမှရမှာမဟုတ်ဘူး ကြာဖြူကိုလည်း အရူံးမပေးဘူး ဒါကြောင့်သူ့လက်နဲ့မသေချင်လို့ အဆိပ်သောက်လိုက်တာပဲ စိမ်းအမှားမဟုတ်ဘူး မောင်တော့်ကိုစိမ်းဆီကနေလုယူသွားခဲ့တဲ့ သူ့အမှားတွေအတွက် သူပြန်ပေးဆပ်ရတာပါ.."
      "မင်း...."
      "စိမ်းအခုလို လုပ်တာမောင်တော့်ကိုချစ်လွန်းလို့ပါ ဒါအမှားဆိုရင်တောင် ချစ်လွန်းလို့မှားခဲ့တာပါ မောင်တော်ရယ်.. အဲ့ဒီအတွက် စိမ်းနောင်တရမှာမဟုတ်ဘူး ဘုရား"
      " ငါကိုယ်တော်မင်းကို ဒီဘဝမှာနာကျင်အောင် မလုပ်နိုင်ခဲ့ရင် သံသရာတကွေ့မှာ မင်းကိုနာကျင်စေဖို့ ငါကျိန်ဆိုတယ်စိမ်းဒေဝီသျှင် သေခြင်းထက်ဆိုးတဲ့ ဒုက္ခတွေငါပေးမယ် ငါ့ကိုယ်တော်ကိုချစ်လွန်းလို့တဲ့လား ဟားဟား. အခုငါမင်းကိုမသတ်လိုက်ရပေမယ့် ကံမကုန်လို့ ပြန်ဆုံရမယ့်ဘဝတစ်ခုခုမှာ ငါ့နားမှာမင်းရှင်လျက်နဲ့သေဆုံးပါစေ မင်းရဲ့ချစ်ခြင်းတွေမင်းကိုပြန်သတ်ပြီး ပျော်ရွှင်မူမရှိမင်းရှင်သန်ရပါစေ မင်းရဲ့အသက်ရှင်ခြင်းက ဒုက္ခအတိနဲ့ဖြစ်စေ ဘဝဆက်တိုင်း မင်းကိုမချစ်သောလူသားအဖြစ် ငါဖြစ်တည်နေမယ်.. ဒါငါဘုရင်ရဲ့မင်းအတွက်ကျိန်စာပဲ .."
      ဘုရင်သည်ဒေါသအမျက်ပြင်းထန်စွာ ကျိန်ဆိုပြီး သေအံ့မူးမူးဖြစ်နေသော စိမ်းမိဖုရားကိုထားကာ ထွက်သွားဟန် ပြင်လိုက်စဉ်..
       မိဖုရားသည် ရုတ်တရက်အသင့်ဖွတ်ထားသောဓါးဖြင့် မင်းကြီး၏ရင်ဝအားထိုးချလိုက်ရာ..
     "အား.."
      ထင်မှတ်မထားသောကြောင့်မင်းကြီးသည် ရင်ဝအားလက်ဖြင့်ဖိသိပ်ပြီး မိဖုရားအားအံ့သြသင့်စွာဖြင့် ကြည့်လိုက်၏။
      "မင်း...."
      "အရှင်မင်းကြီး မကြာခင်တိုင်းပြည်ဟာပျက်ဆီးပြီး ကြာဖြူသည် အရာအားလုံးကို ငရဲသို့ခေါ်ဆောင်သွားတော့မယ် မောင်တော်မင်းကြီးကို ကြာဖြူလက်နှင့်ကံမကုန်စေလိုသောကြောင့် စိမ်းကိုယ်တိုင်သတ်ရခြင်းဖြစ်ပါတယ် စိမ်းဟာ မောင်တော်မုန်းတီးရွံရှာသကဲ့သို့ ယုတ်မာခဲ့သည့်တိုင် မောင်တော်အပေါ်အချစ်ရဆုံးသောလူသားပါ ကြာဖြူလက်နှင့်ကံကုန်ပါက ကျိန်စာကြောင့် မင်းကြီးဟာ ဤနေရာတွင်ပိတ်လှောင်ထားခြင်းခံရလိမ့်မယ် ဒါကြောင့်ကျွန်တော်မျိုးမစိမ်းဒေဝီသျှင် မင်းကြီးအား လွတ်မြောက်စေလိုသောကြောင့် ဤသို့ပြုမူရခြင်းပင်ဖြစ်တယ်  ကျွန်တော်မျိုးမနဲ့အတူ လွတ်မြောက်ရာ ဘဝသို့အတူထွက်ခွာရအောင် အရှင်မင်းကြီးအား ကြာဖြူနှင့်ချန်မထားရစ်နိုင်ပါ ဘယ်ဘဝရောက်သည်ဖြစ်စေ စိမ်းဒေဝီသျှင်ဟာ အရှင်မင်းကြီးအပေါ် အချစ်ဆုံးသော လူသားတစ်ယောက်ပဲဖြစ်ရမည်.."
     စိမ်းမိဖုရား၏ချစ်ခြင်းမေတ္တာကာ နောက်ဆုံးထွက်သက်သည့်အတ္တများဖြင့် ကြောက်စရာကောင်းနေခဲ့သည်။ သေအံ့မူးမူးအချိန်မှာပင် မာန်မာနတို့လူးလွင့်နေဆဲ။
     မိမိအပြစ်တရားတို့အတွက်လည်းစိုးစိမျှ နောင်တရဟန်မတူ။ ကြောက်ရွံ့တုန်လူပ်ဟန်မရှိပါလား
     စိမ်းမိဖုရားအတွက် အကြောက်ရွံ့ရဆုံးသောအရာကား ဘုရင်မင်းမြတ်နှင့်ခွဲခွာရခြင်းပင်မဟုတ်လား..
    ထို့ကြောင့်သူမ၏သေခြင်းတရားနှင့်ပင် အတူခေါ်ဆောင်သွားခဲ့ချေပြီ။ ရှင်ဘုရင်သည် ကြောက်စရာကောင်းလှသော မိဖုရား၏အတ္တကြောင့် ရင်ဝမှဓါးကို ဒေါသတကြီးထုတ်လိုက်ရင်း..
    "ကမ္ဘာတစ်သိန်းကုန်ချေသွားမည် သင်ကဲ့သို့သောမိန်းမယုတ်မျိုး ရှိနိုင်မည်မဟုတ်ပါ ဘဝသံသရာတကွေ့ကွေ့မှာ သင်နဲ့ငါပြန်မဆုံလိုပါ မလွဲသာ၍ပြန်ဆုံရပါက သင့်ကိုနာကျင်အောင်လုပ်နိုင်သော တစ်ဦးတည်းသောလူသားကား ငါဘုရင်ကိုယ်တိုင်ပဲဖြစ်ပါစေ.."
      ရှင်ဘုရင်သည်အမျက်ဒေါသများဖြင့် ထိုဓါးနှင့်ပင် မိဖုရား၏နှလုံးသားတည့်တည့်သို့ အဆက်မပြတ် ထိုးချလိုက်လေ၏။
      "အား....."
       ဆိုးဝါးယုတ်ညစ်လှသော စိမ်းဒေဝီသျှင်မိဖုရားကား ကံကုန်သွားခဲ့ပြီ။ သူ့တိုင်ကြောက်စရာကောင်းသော သူမ၏အစွန်းရောက်ချစ်ခြင်းတရားတို့ကာ ကုန်ဆုံးနိုင်မည်မဟုတ်ပါ။
      ပြင်းထန်သောစိတ်ဆန္ဒကြောင့် ဘဝတစ်ခုခုတွင် ရှင်ဘုရင်နှင့်ကံပြန်ဆုံရဦးမည် မဟုတ်လား..
     ဘုရင်မင်းမြတ်သည် ဒဏ်ရာအပြင်းအထန်နှင့် စိမ်းမိဖုရား၏နန်းဆောင်မှထွက်လာခဲ့သည်။ နှလုံးသားကိုထိုးစိုက်သွားသော သေလောက်သည့်ဒဏ်ရာအတွက် ရှင်ဘုရင်သည် ကုသရန်မကြိုးစားတော့ပါ။
      ဘုရင်အတွက်ရှင်သန်ခြင်းသည် အခက်ခဲဆုံးနှင့်အနာကျင်ရဆုံး ဖြစ်နေခဲ့ပြီမဟုတ်လား..
      ဘုရင်သည် ဖရိုဖရဲဖြစ်ကာပျက်ဆီးစပြုနေသော တိုင်းပြည်အရေးကိုလည် စိတ်မဝင်စားတော့ပါ။ အရာအားလုံးကိုဥပေက္ခာပြုလိုက်ပြီး သူ၏ဂူဗိမ္မာန်တွင်းသို့ ဝင်ရောက်သွားချေတော့သည်။
     "ကြာဖြူ...ရယ်"
      ရှင်ဘုရင်သည်ဓါးဒဏ်ရာနှင့်ပင် ဂူဗိမ္မာန်အတွင်း မင်းသမီးအတွက် ယူကြုံးမရစွာခံစားခဲ့သည်။ နောင်တကြီးစွာနှင့် သေဆုံးသွားသည်အထိ ငိုကြွေးခဲ့၏။
     မင်းသမီးသည် ရှင်ဘုရင်၏ငိုကြွေးသံကြောင့် ရယ်မောပျော်ရွင်နေမည်လား....
      နောက်ဆုံးထွက်သက်ထိ ဂူဗိမ္မာန်အတွင်းသာ နေထိုင်ခဲ့သည်။ ရှင်ဘုရင်သည် သေအံ့မူးမူးချိန်တွင် ရုပ်ကလပ်တော်တွင်းသို့ ကိုယ်တိုင်သွားရောက်လဲလျောင်းခဲ့၏။ အရာအားလုံးသည် အေးစက်ခြောက်သွေ့နေခဲ့သည်။
     ဘုန်းကံကြီးမားလွန်းသော ဘုရင်တစ်ယောက်၏အဆုံးသတ်ဇာတ်သိမ်းကာ ဤသို့အကျဉ်းတန်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း.။
      ထိုခေတ်ကာလက အတော်ဆုံးသောစက်ယန္တာရားပညာရှင် ဘုရင်မင်းမြတ်၏ဈာပနာကား မခမ်းနားခဲ့ပါ။ ကတိသစ္စာပျက်ယွင်းခဲ့သောမင်းတစ်ယောက်၏ ဇာတ်သိမ်းသည် မလှပခဲ့ချေ။
      ထို့အတူ မင်း၏ဘုန်းကံကိုမှီခိုသော တိုင်းပြည်၏ကံတရားသည်လည်း ...
      မင်း၏နူတ်စကားသည် တိုင်းပြည်ကိုသာယာစေသကဲ့သို့ ပျက်ဆီးစေခဲ့ပါသည်။ အထူးသဖြင့် လူသားမျိုးနွယ်မဟုတ်သော ထူးခြားဆန်းကြယ်သောမျိုးနွယ်ဖြစ်သော ကြာဖြူမင်းသမီးအပေါ် အပြစ်ကျူးလွန်လေမိသောအခါ....
     နတ်ပေါင်းတို့သည် ဘုရင်အတွက်ပျက်ဆီးခြင်းကို ယူဆောင်လာခဲ့ချေပြီ။ ဘုရင်သည် နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊ ယူကြုံးမရခြင်း၊ နောင်တကြီးစွာဖြင့် ဝေဒနာခံစားပြီး အထီးကျန်စွာ ကံကုန်တော်မူခဲ့၏။
    ကြီးကျယ်ခမ်းနားခဲ့သော ဘုရင်တစ်ယောက်၏နတ်ရွာစံခြင်းသည် လူမသိသူမသိခြောက်သွေ့ အေးစက်ခဲ့လေသည်။ ဒါဟာ ကြာဖြူမင်းသမီးပေးအပ်သော ဝဋ်ကြွေးတစ်ခုပဲလား....
      ရှင်ဘုရင်နတ်ရွာစံပြီးသုံးရက်မြောက်နေ့မှ ရှင်ဘုရင်နတ်ရွာစံမှန်း အားလုံးသောပဒုမ္မာရီမြို့သားများ သိရှိခဲ့ရသည်။ အားကိုးရာမဲ့သွားသော တိုင်းသူပြည်သားများကား ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်ငိုကြွေးနေရင်း...
       ထွက်ပြေးဖို့ကြိုးစားသူတိုင်း ကမ်းပျောက်ကာ ဤနေရာသို့ပြန်ရောက်လာမြဲ။ သို့နှင်ဘုရင်မင်းမြတ် နတ်ရွာစံပြီး တစ်ပတ်ကြာသောအခါ...
       ပဒုမ္မာရီမြို့တော်သည် နေ့အလင်းရောင်မမြင်ရတော့ပါ။ ကောင်းကင်တခွင်သည် မည်းညစ်နေခဲ့သည်။ နေရာအနှံ့ဌက်ဆိုးများက အမင်္ဂလာအတိနှင့် အော်မြည်နေ၏။ ပဒုမ္မာကြာရနံ့နှင့်သွေးညှီနံ့များကလည်း တစ်မြို့လုံးကို ဖုံးလွှမ်းနေခဲ့သည်။
      မင်းသမီး၏ကျိန်စာကြောင့် မြို့တော်ကာ တဖြည်းဖြည်းပျက်ဆီးပြိုလဲလာပြီးနောက် လူတို့သည်ကျိန်စာဆိုးတွင် ပိတ်မိနေခဲ့၏။ လူပေါင်းများစွာသေကြေသွားပြီးနောက် ကျန်ရှိနေသော လူအချို့တို့သည် အကြောက်တရားများနှင့် ရှင်သန်ခဲ့ရလေသည်။
     မင်းသမီးအပေါ်အပြစ်ကျူးလွန်ခဲ့သော မျိုးနွယ်စုမှ အချို့လူများကာ နည်းအမျိုးမျိုးဖြင့် တောင်းပန်သည့်တိုင် လွတ်မြောက်ခွင့်မရခဲ့ပါ။ သေသည်ထက်ဆိုးဝါးသော ရှင်သန်ခြင်းဖြင့် မြို့ပျက်ကြီးတွင် ပိတ်လှောင်နေခဲ့ရ၏။ အဖန်တလဲလဲသေဆုံးခြင်းသည်ပင် လွတ်မြောက်ခွင့်မရခဲ့ပါ။
     သာယာဝပြောသောမြို့ကြီးကာ ပျက်ဆီးသွားခဲ့ချေပြီ။ ပန်းရနံ့တို့အစား သွေးနံ့တို့သင်းခဲ့ပြီ။ ဆည်းလည်းသံတို့အစား ငိုကြွေးညည်းညူသံများက လွှမ်းခြုံခဲ့ပြီ။
     ထို့နောက် ပဒုမ္မာရီမြို့တော်သည်ပျက်ဆီးသွားပြီးနောက် မှော်ဝင်ကျွန်းကြီးနှင့်အတူ တိမ်မြှပ်ပျောက်ကွယ်သွားခဲ့သည်။ ကြောက်စရာကောင်းသောကျိန်စာနှင့်အတူ ပျောက်ချင်းမလှပျောက်သွားသော ပဒုမ္မာရီမြို့တော်ကာ ပင်လယ်ပြင်တခွင်တွင် သွေးပျက်စရာအကောင်းဆုံး ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ခဲ့လေပြီ..။
      ပဒုမ္မာရီမြို့တော်တို့လာရောက်လေ့ရှိသော ကုန်သည်များသည် ပင်လယ်ပြင်တွင်မှော်ဝင်ကျွန်းကို လုံးဝရှာမတွေ့တော့သည်အတွက် အံ့သြသင့်ခဲ့ရ၏။
     "ဒါမှော်ဝင်ကျွန်းကိုသွားတဲ့လမ်းပါ ဘာလို့ကျွန်းကိုရှာမတွေ့ပါလိမ့် ပဒုမ္မာရီမြို့တော်ရော ဘယ်ပျောက်သွားခဲ့သလဲ ဘုရားရေ ထူးဆန်းလိုက်တာ.."
     "ကျွန်းကြီးများ ရေအောက်မြှပ်သွားသလား"
     ထူးဆန်းစွာပျောက်ဆုံးသွားသော ပဒုမ္မာရီမြို့တော်အကြောင်းကာ ပင်လယ်ပြင်တွင် အားလုံးကိုအံ့သြတုန်လူပ်စေခဲ့ပါသည်။ လူတွေ၏ပါးစပ်ဖျားတွင် ထိတ်လန့်ကြောက်ရွံ့စရာအကောင်းဆုံး ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့၏။ တဆင့်စကားတဆင့်ဖြင့် ပျောက်ဆုံးသွားသောမြို့တော်ကြီး၏ ထိတ်လန့်စရာကျိန်စာဆိုးကား ပျံ့နှံ့သွားခဲ့သည်။ ကြာဖြူမင်းသမီးအကြောင်းကာ နာမည်ကြားရုံမျှဖြင့် ပင်လယ်တွင်းမှလူတို့အား ခြောက်ခြားတုန်လူပ်စေခဲ့သည်။
     သို့သော်သေသောသူကြာလျှင်မေ့ဟု ဆိုသကဲ့သို့ အချိန်ကြာလာသည်နှင့်အမျှ ပဒုမ္မာရီမြို့တော်နှင့် မှော်ဝင်ကျွန်းအကြောင်းကို လူတို့သည်မေ့မေ့လျော့လျော့ ဖြစ်လာသည်။ ကြာဖြူမင်းသမီး၏အကြောင်းကာ ချေက်ချားစရာအိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့၏။ နှစ်ပေါင်းရာချီကြာလာသည့်အခါတွင်တော့ ကြာဖြူသည် ပုံပြင်ဆန်ဆန်ဒဏ္ဍာရီအဖြစ်သာ လူတို့သည်သိထားကြတော့သည်။ ဖြစ်ရပ်မှန်တစ်ခုမှန်း ပင်လယ်တွင်းမှ မည်သူမျှသေချာစွာ မပြောနိုင်တော့ပါ။ မမှတ်မိကြသကဲ့သို့ ဤဇာတ်လမ်းအား ရေရေရာရာလည်း မသိကြတော့ပါ။
      သို့နှင့်ကြာဖြူဒဏ္ဍာရီသည် အခြားသောပင်လယ်ပုံပြင်များကဲ့သို့ တိမ်မြှပ်ပျောက်ကွယ်သွားတော့၏။ အချို့သောသူများကာ ပုံပြင်နောက်လိုက်ကြသည်။ မြို့တော်ကို ရှာဖွေကြ၏။ မတော်တဆရှာတွေ့ခဲ့သည့်လူများသည် ကြောက်စရာကောင်းသောကျိန်စာကြောင့် ပုံပြင်တွင်းပိတ်မိသွားခဲ့သည်။
      ရှေးဟောင်းမြို့တော်ကြီးတွင် ကျိန်စာဆိုးတို့ကြားပြန်မထွက်နိုင်ခဲ့ပါ။ ထို့ကြောင့်ကြာဖြူကို သရဲတစ္ဆေကဲ့သို့ ပင်လယ်ပြင်မှလူတို့သည် ကြောက်ရွံ့ကြကာ ရှောင်ရှားကြကုန်၏။
      ထို့နောက်ပဒုမ္မာရီမြို့တော်ကြီးကာ ပုံပြင်တစ်ပုဒ်အဖြစ်သာ အမှတ်ရသိထားကြလေသည်။ သို့သော် ၎င်းတို့မသိခဲ့သည်က ပုံပြင်ထဲမှပိတ်လှောင်ခံခဲ့ရသည့် ထူးဆန်းသော မျိုးနွယ်စုတစ်စုအကြောင်း...
     ထိုမျိုးနွယ်စုတို့သည် ပဒုမ္မာရီမြို့တော်တွင် လျှို့ဝှက်စွာနေထိုင်ခဲ့ရ၏။ နှစ်ပေါင်းရာချီတိုင် မကုန်ဆုံးနိုင်သောဝဋ်ကြွေးတို့ကို သားစဉ်မြေးမြစ်တိုင် ဆပ်ခဲ့ရလေသည်။ အဖန်တလဲလဲသေဆုံးသည့်တိုင် ဤကျွန်းမြေမှ မလွတ်မြောက်နိုင်ခဲ့ရာ မင်းသမီးပြန်လည်မွေးဖွားမည့်အချိန်ကို ဝဋ်ဒုက္ခကြီးစွာစောင့်ခဲ့ရသည်။
      ပဒုမ္မာရီမြို့တော်တွင်ကျန်ရှိခဲ့ပြီး လျှို့ဝှက်စွာနေထိုင်ခဲ့သော  မျိုးနွယ်စုခေါင်းဆောင်ကြီးသည် သဘောင်တစ်ခုကိုထားရှိခဲ့သည်မဟုတ်လား
      နက္ခတ်တာရာဆုံသည့် နှောင်နှစ်ပေါင်းသုံးရာတိတိတွင် ကြာဖြူမင်းသမီးပြန်လည်နိုးထလာမည်...။ ကျိန်စာဆိုးကြီးတစ်ခုသည်လည်း သက်ဝင်လာပြီးနောက် အရာအားလုံးကို ပျက်ဆီးခြင်းအတိနှင့် ရေအောက်သို့ ခေါ်ဆောင်သွားမည်။
      ရှေးကပြုခဲ့သောကုသိုလ်ကောင်းမူကြောင့် ဘုရင်မင်းမြတ်နှင့်မိဖုရားသည် လွတ်မြောက်သွားသည့်တိုင် ကျိန်စာကြောင့် ပဒုမ္မာရီမြို့တော်သို့ ပြန်ရောက်လာကာ ဝဋ်ကြွေးကို ပြန်လည်ပေးဆပ်ရမည်။
     ကြောက်စရာကောင်းသောကျိန်စာဆိုးကာ မကြာမီဖြစ်တည်တော့မည်။ သို့သော် မျိုးနွယ်စုခေါင်းဆောင်ထားခဲ့သည့် သဘောင်တစ်ခုလည်းရှိပြန်၏။
     ကြာဖြူမင်းသမီးပြန်နိုးထလာပြီးနောက် ကျိန်စာဆိုးသည် ဖြစ်တည်လာနိုင်သကဲ့သို့ ထိုကျိန်စာကို ဖျက်ဆီးနိုင်သည့်အရာသည်လည်း ဖြစ်ပေါ်လတ္တံတဲ့...
     ကျိန်စာဆိုးကြီးကိုဖျက်ဆီးဖို့ရန်အတွက် ရှင်ဘုရင်သည် ပြန်လည်ရောက်ရှိလာချေမည်။ ထိုနည်းလမ်းကို ဘုရင်သည်သာသိနိုင်မည်တဲ့
      ထိုအရာသည် အခွင့်အရေးအလွန်နည်းပါးသည့်တိုင် နှစ်ပေါင်းရာချီဝဋ်ကြွေးဒုက္ခခံခဲ့ရသော မျိုးနွယ်စုကား မျှော်လင့်ချက်ကြီးမားစွာဖြင့် စောင့်စားခဲ့လေသည်။
       ဆင်းရဲဒုက္ခအတိနှင့် နှစ်ပေါင်းသုံးရာခန့်ပင်ကြာခဲ့လေပြီမဟုတ်လား
     မင်းသမီးကားပြန်လည်မွေးဖွားခဲ့ချေပြီ။ ကပ်ဆိုးကြီးကား မကြာမီကျရောက်တော့မည်။
     သူတို့အားလုံးလွတ်မြောက်သွားမည်လား.... ဒါမှမဟုတ် ပင်လယ်နက်တွင်းသို့ထာဝရ ပိတ်လှောင်သွားခဲ့မည်လား.....
      သေချာသည်ကတော့... နှစ်သုံးရာကြာခဲ့ချေပြီ။ လပိုင်းသာ လိုတော့ခဲ့ရာ...
      ထို့ကြောင့်...........

ကြာဖြူ(ကြာဖြူ) Where stories live. Discover now