Part-13

1.5K 137 0
                                    

Zawgyi

~~ကြာဖြူ~~
အပိုင်း(၁၃)
    ပုလဲနတ်ကျွန်း.....
    တောတောင်ထူထူနှင့် သဘာဝကပေးသော စားနပ်ရိက္ခာများပေါများကာ အလွန်သာယာလှပသောကျွန်း။ မြို့များနှင့်ဝေးကွာလွန်းကာ ဝေးလံခေါင်သီးသည့်နေရာတွင် တည်ရှိသည့် ကျွန်းတစ်ကျွန်း....
    အနီးဝန်းကျင်တွင် ကျောက်ဆောင်များပေါများပြီး လူနေကျွန်းများသိပ်မရှိသဖြင့်  သီးသန့်တည်ရှိနေသည့် ကျွန်းပင်။ သို့တိုင် ကျွန်းပေါ်ရှိရွာလေးက အတန်အသင့်ကြီးမားပြီး လူဦးရေစည်းကားလှသည်။ ဒါကလည်း ပုလဲနတ်ကျွန်းကာ ရှာဖွေစားသောက်ဖို့လွယ်ကူပြီး နေထိုင်ရန်သာယာလွန်းသောကြောင့်ပင်။
    ထူထပ်သောတောကြောင့် သစ်သီးဝလံပေါများပြီး သားရဲတိရစ္ဆာန်များလည်း ပေါကြွယ်ပြန်သည်။ ကျွန်းနားတစ်ဝိုက်ငါးပေါသလို ပုလဲငှက်သိုက်စသည့်ရတနာတို့လည်း များစွာထွက်သည့်ကျွန်းဖြစ်သည်။ 
     ကျွန်းကာသာယာလှပသလောက် ကျွန်းပေါ် နေထိုင်ကြသူများကာ ရှေးဆန်လွန်းကာ အယူသီးလွန်းပြန်သည်။ ဗုဒ္ဓသာသနာ သိပ်လက်လှမ်းမမှီသဖြင့် ကျွန်းပေါ်ရှိ လူဦးရေအားလုံးနီးပါး နတ်ကိုးကွယ် ယုံကြည်ကြသည်။
    ဘိုးဘွားစဉ်ဆက်ရှေးကျသော ယုံကြည်မူတွေ အယူသီးမူတွေရှိကြပြီး တိရိစ္ဆာန်များနှင့် ယစ်ပူဇော်သည့်ဓလေ့ပင် ရှိနေဆဲပင်။
    ပုလဲနတ်ရွာ၏အစွန်းဖက် တောစပ်နားတွင်တော့ ရွာသားများနှင့်မပတ်သတ်ဘဲ သီးခြားတည်ရှိနေသည့်တဲအိမ်လေးတစ်အိမ်....
    ထိုတဲအိမ်လေးအနီးတွင် မိုင်းညှို့နေသည့်ရေကန်ကြီးတစ်ခု ..
    ထိုတဲအိမ်ပိုင်ရှင်ကတော့ တစ်ရွာလုံးစုန်းမဟု သတ်မှတ်ကာ ရှောင်ကြည်ကြသည့်အဘွားဇုံ..
    မျက်နှာပေါက်ဆိုးလွန်းလို့လား... ထူးခြားသောအတတ်ပညာကြောင့်လားမသိ အဘွားဇုံကို ရွာကလူအားလုံးကြောက်ရွံ့ကာ မပတ်သတ်ဘဲနေကြသည်။
    အဘွားဇုံကလည်း အကြောင်းမရှိပါက ရွာထဲသို့မသွားပေ။ သူ့တဲအိမ်လေးတွင်သာ တစ်ကုပ်ကုပ်နှင့်ရှိနေသည်။ သို့သော် အဘွားဇုံကာ မည်သူတွေမည်မျှပြောဆိုပါစေ ရွာသားများကို ဒုက္ခပေးလေ့မရှိပါ။ သူ့ကို ရန်လာစရင်သာ ပြန်တုန့်ပြန်တတ်သည်။
    ထူးခြားသည်ကထိုတဲအိမ်တွင် နောက်ထပ်နေထိုင်သည့်လူတစ်ဦး.....
    ပျိုမြစ်ခြင်းတွေနှင့်အတူ ငယ်ရွယ်သောမိန်းကလေး...
    ရှည်လျားသောဆံနွယ်များနှင့် လှပလွန်းသောမိန်းကလေး...
    အဖြူရောင်ဝတ်စုံလေးအမြဲဝတ်ဆင်ပြီး အမြဲရေကန်ဘေးနားထိုင်ကား ကြာပန်းတွေကို ငေးမောကြည့်နေတတ်သည့် ချစ်စဖွယ်မိန်းမပျိုလေး..
    တစ်ခါတခါတစ်ယောက်တည်း တောထဲပြေးလွှာဆော့ကစားပြီး ပျော်ရွှင်နေတတ်သည့် အဖော်မဲ့အထီးကျန်နေရှာသော သနားစဖွယ် မိန်းမပျိုလေး....
     ရုပ်အဆင်းအင်္ဂါပြည့်စုံလွန်းလှကာ ဖြူစင်ခြင်းတွေနှင့် သက်ဝင်လှပနေသောမိန်းကလေး...
    သူမလေးကာ.... ကြာဖြူ
    တကယ်တော့ ကြာဖြူကားအဘွားဇုံနှင့် မည်သို့မျှသွေးသားမတော်စပ်ပါ။ မြူနှင်းတွေ ဆိုင်းနေသည့် ဆောင်းဦးရာသီ၏ မနက်ခင်းတစ်ခုတွင်....
    လသားအရွယ်ကလေးငယ်လေးတစ်ဦးကို ရေကန်၏နံဘေးတွင် တစ်စုံတစ်ယောက် လာစွန့်ပစ်သွားခဲ့သည်။ ကလေးငိုသံကြောင့် အပြင်ထွက်လာသည့် အဘွားဇုံတစ်ယောက် ရေကန်နံဘေးတွင် မြင်လိုက်ရသည်က
    အနှီးအဖြူရောင်လေးနှင့် ထုပ်ပိုးထားသည့် ချစ်စဖွယ်လသားကလေးငယ်။ ထူးဆန်းသည်က ကလေးငယ်၏ဘေးတွင် အဖြူရောင်ကြာပန်းလေးတစ်ပွင့် ရှိနေလျက်နှင့်။
    အဘွားဇုံသည်ကလေးငယ်ကို ကောက်ချီလိုက်ချိန်တွင်တော့... 
    "ဘယ်သူကများ ဒီလောက်ချစ်စရာကောင်းတဲ့ကလေးကို လာစွန့်ပစ်ရက်ပါလိမ့်"
   ထိုမျှသာတွေးခဲ့သည်။ မည်သူမည်ဝါ၏ ကလေးမှန်းမသိခဲ့သဖြင့် အဘွားဇုံ မွေးစားခဲ့လိုက်သည်။ ကလေးငယ်၏အနားတွင်တွေ့ရသည့် ကြာပန်းကြောင့် ကြာဖြူဟုသာလွယ်လွယ်ကူကူ အမည်ပေးလိုက်သည်။
    ကြာဖြူလေးတဖြည်းဖြည်း အရွယ်ရောက်လာချိန်မှာတော့ အဘွားဇုံကာ ကြာဖြူ၏ထူးခြားမူကို စတင်ခံစားလာတော့သည်။
    "အို...ကလေးရယ် မင်းဟာ ရာဇာဝင်တစ်ခုရဲ့ကျိန်စာသင့်ခဲတဲ့ မိန်းကလေးပါလား ဒီကျိန်စာတွေထမြောက်ဖို့ မွေးဖွားခဲ့ပြန်ပြီလား ဝဋ်ကြွေးရယ်ဆပ်ရပြန်ပေဦးမယ် မင်းကံကောင်းပါစေ ကလေးရယ်...."
    ကြာဖြူလေးကတော့ဘာမှမသိရှာ။ ဘယ်သူမှ အဖက်မလုပ်ချင်သည့်ဘဝတွင် တစ်ယောက်တည်း အထီးကျန်စွာဖြတ်သန်းရင်း တောထဲတောင်ထဲတွင်သာ အချိန်ကုန်ခဲ့ရရှာသည်။
     အရွယ်ရောက်လာသည်နှင့်အမျှ အစွမ်းကုန်လှပလာသည့်တိုင် ကြာဖြူပန်းလေးကို မည်သူမှ မနမ်းဝံ့ခဲ့ပါ။ မြင်ရုံနဲ့ရူးလောက်အောင် စွဲမက်ဖွယ်အတိရှိသည့် ကြာဖြူလေးသည် အဘွားဇုံ၏နာမည်ဆိုးနှင့် ကျော်ကြားမူကြောင့် ဟိုးငယ်ဘဝကတည်းကပင် လူတောမတိုးနိုင်ခဲ့သည် မဟုတ်လား.....
    တချို့ကလည်း မနေနိုင်၍ သွေးတိုးစမ်းကြသည်။ သို့သော် သူမကိုနှောက်ယှက်သည့်ယောကျာင်္းအားလုံး ကြောက်မက်ဖွယ်အဖြစ်တွေနှင့် ခြောက်လှန့်ခံရသည်။ အချို့ဆိုလျှင် သွေးပျက်ပြီး အသက်ပါဆုံးသွားသည်အထိပင်...
    နဂိုကပင်ရှေးဆန်သောဓလေ့များနှင့် ရွာလေးကကြာဖြူကို ရှောင်ကျဉ်နိုင်သမျှ ရှောင်တော့သည်။ မိန်းကလေးများက သူမအလှကြောင့် မနာလိုဝန်တိုမူများဖြင့် ပို၍ အပုပ်ချပြောဆိုလေ့ရှိသည်။
    "သူနဂိုရုပ်ကအရမ်းကြောက်ဖို့ကောင်းတယ် ဒီလိုလှအောင်တမင်လုပ်ထားတာ စုန်းမလေ သိပ်ကြောက်ဖို့ကောင်းတယ်"
    "ယောကျာင်္းလေးတွေကိုမြူဆွယ်ပြီး ဝိညာဉ်နူတ်ပစ်လိမ့်မယ် ကြည့်ပါလား သူနဲ့ပတ်သတ်မိတဲ့လူတိုင်း သေမလိုဖြစ်ရတယ် မိစ္ဆာမ ရွာမှာရှိနေတာရွာနာလိုက်တာ"
   "အမလေး အခုဆိုသူ့အဘွားဆီက ပညာပါသင်ယူနေပုံရပြီ သတိထားနော် ရွာထဲအဝင်မခံနဲ့"
   သူမ ဘာမှမသိဘဲ ဘာမှမလုပ်ရပါဘဲနှင့် အမျိုးမျိုးပြောဆိုခံခဲ့ရတော့သည်။ သို့သော် သူမလူမှန်းသိတတ်စကတည်းက ခါးသီးစွာခံစားခဲ့ရပြီးပြီမို့ ကြာဖြူအနေနှင့် အထူးတလည် ဝမ်းနည်းမနေတော့သလို ဥပေက္ခာပြုထားနိုင်ခဲ့သည်။ သူမအတွက် မထူးဆန်းတော့သည့် ကိစ္စမဟုတ်လား...
    ကြာဖြူ၏ထူးခြားမူတစ်ခုကာ မြွေများနှင့် ချစ်ခင်ရင်နှီးခြင်းပင်။ ကလေးဘဝကတည်းက တစ်ယောက်တည်းကြီးပြင်လာသည့် ကြာဖြူနားတွင် ဘယ်ကလာမှန်းမသိသည့် မြွေကြီးတစ်ကောင် အဖော်ပြုပေးလေ့ရှိသည်။
    တစ်ခါတရံ ကြာကန်ဘေးတွင်တွေတွေလေး ထိုင်နေတတ်သည့် သူမဘေးနားတွင် ကြီးမားသောမြွေတစ်ကောင်ကို တွေ့ရလေ့ရှိသည်။
    ထိုကြောင့်သူမကိုကျွန်းပေါ်ရှိလူများက မိစ္ဆာဟု ယုံမှတ်ကာ ပို၍စပ်ဆုပ်မုန်းတီးကြလေသည်။ ကြာဖြူအနေနှင့်လည်း လူများနှင့်ပတ်သတ်လေ စိတ်မချမ်းသာရလေဖြစ်ရသဖြင့် လူတွေနှင့်ဝေးသည်ထက်ဝေးအောင်နေရင်း တောထဲတွင် တိရိစ္ဆာန်ငယ်လေးများဖြင့်သာ ပျော်မွေ့နေတတ်သည်။
    သို့သော် ပျော်သလိုအေးချမ်းစွာနေခဲ့သည့် သူမဘဝလေးထဲတွင် မုန်တိုင်းတစ်ခုကား တိုးဝင်လာတော့၏။ ထိုမုန်တိုင်းကာ သူမကိုပျက်ဆီးပြာကျသွားစေသည်အထိ ပြင်းထန်လွန်းလှသည်။
    ထိုမုန်တိုင်းကို သယ်ဆောင်လာသူက မင်းစက္ကရာ..
    မင်းစက္ကရာသည် ပုလဲနတ်ကျွန်း၏အချမ်းသာဆုံး ရွာလူကြီး၏ တစ်ဦးတည်းသောသားဖြစ်သည်..။
   ငယ်စဉ်ကတည်းက မိဘများနှင့်နေလေ့မရှိဘဲ အဘိုးအဘွားရှိရာရွာတွင် ပိုအနေများခဲ့သဖြင့် ပုလဲနတ်ရွာဇာတိဖြစ်သည့်တိုင် ရွာနှင့်စိမ်းလှသည်။
    ယောကျာင်္းပီသကာချောမောလှသော မင်းစက္ကရာသည် ဘိုးဘွားဆုံးပါး၍ ရွာပြန်လာသည့်အခါ ရွာရှိအပျိုများကြား  ဂုဏ်သတင်းကျော်စောခဲ့လေသည်။
     မင်းစက္ကရာ၏မိဘနှစ်ပါးက မင်းစက္ကရာကို ဒီနယ်ခံသင့်တော်သည့်မိန်းကလေးနှင့်သာ အိမ်ထောင်ချပေးမည်ဟု ဆိုလိုက်သည့်ခါ အမျိုးသမီးထုကြား အတော်လေးဂယက်ထကာ လူပ်လူပ်ရှားရှားဖြစ်သွားခဲ့သည်။
    မင်းစက္ကရာ၏မိဘနှစ်ပါးကာ အယူသည်းလွန်းသည့်ထဲမပါသည့်တိုင် ရှေးရိုးကိုလက်ခံထားကာ ဂုဏ်ရှိန်မောက်မာလွန်းသဖြင့် တော်ရုံမိန်းကလေး မင်းစက္ကရာဘဝထဲ မတိုးနိုင်ခဲ့ချေ။
    ထိုသို့သောအသိုင်းအဝန်းနှင့် ကြာဖြူပတ်သတ်မိလေသောအခါ....
    ကံကြမ္မာသည် ကြာဖြူကိုမည်သည့်အခါမှ မျက်နှာသာမပေးခဲ့သည့်အလျောက် မင်းစက္ကရာနှင့်တွေ့ဆုံစေခဲ့၏။
   မိုးဖွဲဖွဲလေးကျသည့် တစ်နေ့တွင်...
   တောထဲတွင်ဟင်းကောက်သွားရန် ကြာဖြူ အိမ်ကနေထွက်လာခဲ့သည်။ ဒီနားဝန်းကျင်တွင် ဟင်းရွက်တွေက သိပ်မကျန်တော့သဖြင့် ရှေ့တိုးရင်းရှေ့တိုးလာရင်း တောနက်ထဲရောက်မှန်းမသိ ရောက်လာတော့သည်။
    ပလိုင်းထဲတွင်ရိက္ခာပြည့်မှ တောနက်ထဲရောက်နေပြီဖြစ်မှန်း ကြာဖြူ သတိထားမိလိုက်သည်။
    "အင်း ဒီထိတောင်ရောက်လာပါလား ဟင်းလည်းအတော်ရပြီဆိုတော့ အိမ်ပြန်မှဖြစ်တော့မယ် နောက်ကျနေရင် တော်ကြာ အဖွားစိတ်ပူနေလိမ့်မယ်"
   သူမအနေဖြင့် တောနှင့်အကျွမ်းဝင်လာခဲ့သူမို့ သိပ်ပြီးမစိုးရိမ်လှသည့်တိုင်  အဖွားဖြစ်သူ စိတ်ပူနေမည်စိုးသောကြောင့် ပြန်လှည့်ရန်ပြင်လိုက်စဉ်
    "ဟင်း...ဟင်း..."
    လူတစ်ယောက်၏ညည်းညူသံ။ တောထဲတောင်ထဲညည်းညူသံကို ရုတ်တရုတ်ကြားလိုက်ရတော့ အံ့သြသွားရင်း အနီးနားတဝိုက်လိုက်ရှာနေမိစဉ်...
    "ဟင်..."
    ချုံတစ်ခုနားတွင် တွေ့လိုက်ရသည်က လူတစ်ယောက်။ လူသူသိပ်အရောက်အပေါက် မရှိသည့်နေရာတွင် လူသားတစ်ယောက်ကိုတွေ့လိုက်တော့ ကြာဖြူ အံ့သြသွားရင်း မဝံ့မရဲဖြင့်ထူလိုက်တော့...
    "ဟင် တကယ်လူအစစ်ပဲ ဘယ်လိုလုပ်ပြီး ဒီရောက်လာပါလိမ့်"
    သူမ ကြာကြာမတွေးအား။ ထိုလူ၏အသားမှာ ကျစ်ကျစ်တောက်ပူနေသောကြောင့်ပင်။
    "အို..ဒုက္ခပါပဲ ကိုယ်တွေပူလိုက်တာ အဖျားကြီးနေတယ်ထင်တယ် မိုးကသည်းလာမယ့်ပုံပဲ သူ့ကိုတစ်နေရာခေါ်သွားမှ ဖြစ်မယ် "
    ပြောနေရင်းမှာပင် မိုးကတပေါက်ပေါက်ကျလာသဖြင့် ကြာဖြူ ကမန်းကတမ်းပင် ထိုသူကိုနီးရာဂူထဲ ခက်ခက်ခဲခဲ ခေါ်သွားရသည်။
    လုံးဝသတိလစ်နေတာမဟုတ်၍ တော်တော့သည်။ မဟုတ်ရင်ဒီခန္ဓာကိုယ်ကို သယ်ဖို့လွယ်မှာမဟုတ်။ ဂူထဲနေရာချပြီးတော့ ကြာဖြူအလုပ်ရူပ်တော့သည်။
    ဂူဝန်းကျင်ရှိ သစ်ခြောက်တွေစုပြီး မီးမွေးလိုက်သည်။ တော်သေးသည်.. မိုးလွတ်သည်မို့ ထင်းခြောက်တွေကရေမစို၍ လွယ်လွယ်ကူကူ မီးမွေးနိုင်သည်။
    မီးမွေးပြီးတော့ မိုးရွာရွာနှင့်ဆေးမြစ်တွေ သွားရှာရပြန်ရသည်။ သူမအနေနှင့် တောထဲကြီးပြင်းလာသည်မို့ ဘယ်နေရာဘာရှိသည်ကို အလွယ်တကူသိနိုင်သဖြင့် သိပ်မရှာလိုက်ရပါ။
   အဖျားတက်နေသည့်ထိုသူကို တတ်သမျှနှင့်ပြုစုပြီး သူနိုးလာရင်သောက်ဖို့ ဆေးမြစ်ကျိုထားလိုက်သည်။
    အားလုံးပြီးတော့မှသက်ပြင်းချနိုင်ပြီး သူ့မျက်နှာကိုရေးရေးကြည့်နိုင်တော့သည်။
    မျက်ခုံးထူထူ နှာတံချွန်ချွန်နှင့် အတော်ချောသည့်လူပါလား။ အဖျားဝင်နေသည်မို့ နဂိုဖြူနေသည့်အသားအရည်မှာ ရဲတွက်နေသည်က အတော်ကြည့်ကောင်းသည်။
     ဘာကြောင့်မှန်းမသိ ကြာဖြူရင်ထဲတွင် တလှပ်လှပ်ခုန်သွားသလို ခံစားလိုက်ရသည်။
     ဆန်းကြယ်လှသည်။ ကိုယ့်ဘာသာငေးကြည့်ရင်း ကိုယ့်ဘာသာ ရှက်သွေးဖြာနေမိပြန်သည်။ ခဏနေတော့ သူသတိရလာပြီး အထိတ်တလန့်နှင့်..
    "ဟင် ကျွန်တော်ဘယ်ရောက်နေသလဲ "
   "တောထဲမှာရှင်အဖျားတက်ပြီး သတိလစ်နေလို့ ကျွန်မဒီကိုခေါ်လာတာပါ မကြောက်ပါနဲ့"
    မင်းစက္ကရာသည်ဇဝေဇဝါနှင့် စိတ်ရူပ်ထွေးနေသည့်ကြားမှ သူ့ရှေ့တွင်ရှိသော အလွန်လှပသည့်မိန်းကလေးကို ငေးခနဲ့ကြည့်မိပြီးမှ မယုံတယုံနှင့်..
   "မင်းက လူလား... နတ်လား.."
    "အဟင်း.. ရှင်ကလည်း အဖျားကြောင်နေပြီထင်တယ် ကျွန်မလူစစ်စစ်ပါ တောထဲဟင်းရွက်လာရှာရင်း ရှင့်ကိုတွေ့လို့ ဒီခေါ်လာတာ "
    ထိုအခါမှမင်းစက္ကရာသက်ပြင်းချနိုင်ပြီး သူ့အဖြစ်ကိုပြန်တွေးမိသည်။ သူငယ်ချင်းတွေနှင့် တောထဲအပျော်အမဲလိုက်ရင်း လူစုကွဲသွားခဲ့သည်။
    သူကဒီအရပ်ဒေသမကျွမ်းကျင်သည်မို့ သွားရင်းသွားရင်းနှင့် တောနက်ထဲရောက်ကာ လမ်းပျောက်သွားခဲ့သည်ပဲ။
    မိုးကရွာဗိုက်ကဆာနှင့် ခြေကုန်လက်ပန်းကျကာ အဖျားဝင်ပြီး သတိလစ်မလိုဖြစ်သွားခဲ့ပုံရသည်။
    "ကဲ... သတိရလာတုန်း ဒီဆေးမြစ်လေးသောက်လိုက်ပါဦး သူကအရမ်းအစွမ်းထက်တဲ့ဆေး အဖျားပျောက်စေတဲ့အပြင် အဟာရပါပြည့်စေတယ်.."
    ကြင်ကြင်နာနာဆိုလိုက်သောသူမစကားက သူ့ရင်ကိုနွေးထွေးသွားစေသည်။ သူ သူမကမ်းပေးသည့် ဝါးဆစ်နှင့်ကျိုထားသည့်ဆေးရည်ကို ယုံယုံကြည်ကြည်ပင် သောက်မိသည်။
     ဆေးရည်သောက်နေရင်း အလွန်လှသောမိန်းကလေး၏မျက်နှာကို ငေးကြည့်ရသည်မှာလည်း နတ်စည်းစိမ်တစ်ခုလိုပင်။
     ဒီလောက်လှသည့်မိန်းကလေး သူတစ်ခါမှမတွေ့ဖူးပါ။ သူမကိုမြင်မြင်ချင်းပင် သူရင်သည်ပထမဦးဆုံးအကြိမ် လူပ်ခတ်လာခဲ့သည်။ ဆေးသောက်ပြီးတော့ သိသိသာသာပင် ခွန်အားပြည့်လာသကဲ့သို့ ခံစားရသဖြင့်...
     "ကျေးဇူးကြီးလှပါတယ်အမိရယ် "
     "ရပါတယ်ရှင် ဒီညတော့ ဒီမှာခဏနားရမယ်ထင်တာပဲ မိုးကလည်းရွာနေတယ် မိုးလည်းချုပ်နေပြီ ကျွန်မကကိစ္စမရှိပေမယ့် ရှင်ကအဖျားရှိတော့ အဆင်မပြေလောက်ဘူး.."
    တကယ်တော့ထိုစကားက မင်းစက္ကရာအတွက် ပို၍ပျော်ရွှင်စေမိသည်။ သူသည်တစ်ညလုံး အလွန်လှသောမိန်းကလေးတစ်ယောက်နှင့်အတူ ရှိနေရမည်မဟုတ်လား..
    "ဒါနဲ့မင်းနာမည်သိလို့ရမလား ကိုယ့်နာမည်က မင်းစက္ကရာပါ..."
   "ကျွန်မနာမည် ကြာဖြူပါ"
    ကြာဖြူ.... ထိုနာမည်သူကြားဖူးသလိုလိုပင်။ သို့သော် နာမည်နှင့်လိုက်အောင်လှလွန်းသော သူမ၏အလှတရားက သူ့ကိုပို၍ဖမ်းစားစေခဲ့သည်။
   ရှေးရေးစက်လား ဒါမှမဟုတ် ဖူးစာကြောင့်လား
   သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ခဏတွင်းချင်းပင် ရင်းနှီးခဲ့သည်။ မိန်းကလေးများစွာဝန်းရံခံရသည့်တိုင် ဘယ်သူ့ကိုမှရင်မခုန်ဖူးသော မင်းစက္ကရာအတွက် ကြာဖြူသည် ပထမဆုံးရင်ခုန်သံ ဖြစ်လာသကဲ့သို့ အထီးကျန်လွန်းသော ကြာဖြူဘဝတွင်လည်း မင်းစက္ကရာသည် ပထမဆုံးနှောင်ကြိုး ဖြစ်လာခဲ့သည်။ ပထမဦးဆုံးအချစ်ဆိုတာ ဖြစ်တည်လာခဲ့တော့၏။
     တကယ်တော့သူတို့တွေ့ဆုံခြင်းသည် ကံကြမ္မာ၏အရက်စက်ဆုံးသော လှည့်ကွက်တစ်ခု ဖြစ်လာစေခဲ့သည်။ ထိုရင်းနှီးမူမှအစပြု၍ ကြာဖြူနှင့်မင်းစက္ကရာသည် မကြာခဏ တောထဲချိန်းတွေ့ပြီးနောက် ချစ်သူအဖြစ်သို့ ရောက်ရှိစေခဲ့သည်..။
     မင်းစက္ကရာအနေနှင့် ကြာဖြူမကောင်းသတင်းကို ရွာထဲတွင်သိလာပြီဖြစ်သည့်တိုင် နောက်မဆုတ်ခဲ့ချေ။ ကိုယ်တိုင်က မြို့နှင့်နီးသည့်ကျွန်းတွင် နေထိုင်လာခဲ့သူမို့  ဤအယူအဆတို့ကို မယုံကြည်ခဲ့ပါ။ ပထမဦးဆုံးအချစ်မို့ အချစ်စိတ်မွန်နေတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။
    အထီးကျန်မူ၊အားငယ်မူ၊ဥပေက္ခာတရား ဒဏ်ရာပေါင်းများစွာနှင့်ကြီးပြင်းလာသည့် ကြာဖြူသည် သူမကိုဂရုတစိုက်နှင့် အရေးတယူအချစ်တွေပေးခဲ့သည့် မင်းစက္ကရာအပေါ် စူးနင့်စွာချစ်ခဲ့မိသည်မှာတော့ သိပ်အထူးအဆန်း မဟုတ်ချေ...။
    တောထဲမကြာခဏသွားကာ မူပျက်နေသော ကြာဖြူအမူအယာတို့ကြောင့် များမကြာမီမှာပင် အဘွားဇုံရိပ်မိသွားပြီး...
   "ငါ့မြေးလေး ချစ်သူရှိနေပြီထင်တယ်.."
    မညာတတ်သောကြာဖြူလေး အမှန်အတိုင်းဝန်ခံတော့ အဘွားဇုံ သက်ပြင်းချမိရင်း
    "မဖြစ်နိုင်ပါဘူးငါ့မြေးရယ် ဒီရွာကလူတွေရဲ့ အတ္တအစွဲတွေလည်း မြေးလေးအသိပါပဲ မင်းစက္ကရာဆိုတာ ရွာလူကြီးရဲ့တစ်ဦးတည်းသောသား ငါ့မြေးကို ကြည်ဖြူပါ့မလားကွယ် တစ်နေ့ငါ့မြေးလေး စိတ်ဆင်းရဲရလိမ့်မယ်"
    "သူကကြာဖြူကိုအရမ်းချစ်တာအဘွားရဲ့ ကြာဖြူသူ့ကိုယုံကြည်တယ် သူသာကြာဖြူအနားမှာဆို ဘာဘဲဖြစ်ဖြစ် ကြာဖြူရင်ဆိုင်ရဲပါတယ်"
    ကြာဖြူကား တားမရတော့ပါ။ မင်းစက္ကရာအပေါ်အရူးအမူးဖြစ်ကာ မျှော်လင့်ချက်လေးထားလျက် ချစ်နေသည်ကိုမြင်တော့ အဘွားဇုံစိတ်မကောင်းဖြစ်ကား မတားရက်ပြန်။     ကြာဖြူလေးပျော်ပါစေဟူသည့်စိတ်လေးဖြင့် လွတ်ထားမိသည်မှာ တကယ်တော့ အမှားကြီးတစ်ခုဖြစ်စေမှန်း ထိုစဉ်ကဘယ်သိနိုင်ခဲ့မှာလဲ...
   "မြေးလေးပျော်တယ်ဆို အဘွားမတားရက်ပါဘူးလေ တောထဲထိတော့ မတွေ့ကြပါနဲ့ အန္တာရယ်များတယ် ဒီနားဝန်ကျင်လောက်ပဲတွေ့ပါ လုံခြုံပါတယ် "
    အဘွား၏ခွင့်ပြုစကားကြောင့် ကြာဖြူ အတိုင်းမသိပျော်သွားမိသည်။ နောက်ပိုင်း မင်းစက္ကရာသည် တောထဲထိမသွားဘဲ ကြာဖြူရှိရာနေရာသို့သာ လာတွေ့လေ့ရှိသည်။
    မင်းစက္ကရာအနေနှင့် ကြာဖြူ၏တဲအိမ်လေးက ရွာကမြင်သကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းမနေခဲ့ပါ။ အဘွားဇုံ၏သွင်ပြင်ကလည်း သူ့အတွက် ကြောက်မက်ဖွယ်မကောင်းခဲ့ပါ။ တစ်ခါတလေ ကြာဖြူနှင့်အတူရှိနေသည့် မြွေကြီးကလည်း သူ့ကိုအထူးအဆန်းဖြစ်စေရုံမှလွဲ၍ အခြားသောအမြင်တစ်ခု သူ့မှာမရှိခဲ့ချေ။
    ချစ်တတ်ခါစအရူးအမူးစွဲလမ်းစဉ်မို့ အရာရာကိုအကောင်းတိုင်း မြင်ပေးနိုင်တာလည်း ဖြစ်နိုင်သည်။ အချစ်ကြောင့်လည်း ကြာဖြူပတ်ဝန်းကျင်ရှိ အရာအားလုံးသည် လှပသွားခဲ့တော့သည်။
     "မောင် ကြာဖြူကိုပစ်မသွားပါနဲ့နော် မောင်မရှိရင် ကြာဖြူသေလိမ့်မယ်ထင်တယ် "
    စိုးရိမ်စွာဖြင့် မကြာခဏမဝံ့မရဲပြောတတ်သော လှပလွန်းသည့်နူတ်ခမ်းလေးကို သူမြတ်နိုးစွာပင် နမ်းရှိုက်လိုက်ရင်းနှင့်
    "စိတ်ချပါကြာဖြူရယ် ဘယ်အခြေအနေရောက်ရောက် မောင်ကြာဖြူကို ခွဲမသွားပါဘူး မောင်ကတိပေးပါတယ် ဘယ်အရာပဲကြုံကြုံ ဘယ်လိုအတားအဆီးပဲဖြစ်ဖြစ် ကြာဖြူ့နားမှာ မောင်အမြဲရှိနေမယ်နော်"
    "မောင်ရယ်.... မောင့်ကိုကြာဖြူ ယုံကြည်ပါတယ် "
   "ယုံကြည်ပါ ကြာဖြူကမောင့်ဘဝရဲ့အချစ်ရဆုံး မိန်းကလေးတစ်ယောက်ပါ ကြာဖြူမရှိရင် မောင့်ဘဝလည်းမရှိတော့ဘူး ဒါကိုမှတ်ထားပေးပါ.."
   "အို....မောင်ရယ်"
   အချစ်ငတ်ခဲ့သည့် ကြာဖြူရင်ထဲတွင်နင့်ခနဲ့။ သူမအတွက်အရာရာသည် မင်းစက္ကရာဖြစ်ခဲ့ပါသည်။
    မင်းစက္ကရာမလာတာကြာပြီဆို နေမထိထိုင်မထိဖြစ်ကာ မိုင်းတွေ့ပြီး မျှော်နေတတ်တော့သည်။ အချိန်ကာလကြာလေ မင်းစက္ကရာအပေါ်ထားခဲ့သည့် အချစ်နှင့်မျှော်လင့်ခြင်းတို့က စူးနင့်လေပင်။
    ထိုအချိန်က အချစ်နှင့်အရာရာလှပခဲ့ပါသည်။ ဟုတ်ပါသည်.. အသက်ရူလိုက်သည့်အခါတိုင်းတွင်ပင် မောင့်ကိုချစ်သည့်အချစ်တို့က ပို၍တိုးလာမြဲ။
    မောင့်မျက်နှာသည် သူမကမ္ဘာဖြစ်ခဲ့သည်။ ရှင်သန်ခြင်းသည် ပို၍အဓိပ္ပယ်ရှိလာသကဲ့သို့ ခံစားရသည်။
    အရာရာအားလုံး  မောင်မှမောင်ဖြစ်ခဲ့သည်အထိ ကြာဖြူ ချစ်ခဲ့ပါသည်။  ဖြူစင်စွာရူးသွပ်ခဲ့ပါသည်။  ရိုးသားစွာ မြတ်နိုးခဲ့ပါသည်... ။
    သို့သော်ကံတရားသည် သူမအပေါ်မည်သည့်အခါမှ မျက်နှာသာမပေးခဲ့ပါ။ မျှော်လင့်ထားသည့်နေ့သည် ပို၍စောစီးစွာ ရောက်လာသည်။
    အရာရာသည် မျှော်လင့်ထားသည်ထက် ပို၍ရက်စက်စွာပင် ရိုက်ခတ်လာသည့်အခါ...
    သူမတို့၏ချိန်းတွေ့မူကို ရွာသားတစ်ယောက်မြင်ခဲ့သည်မှအစပြု၍ တစ်ရွာလုံးပြန့်နှံ့သွားသည့်အခါဝယ်..
    မင်းစက္ကရာ၏မိဘနှစ်ပါး အကြီးအကျယ်ပေါက်ကွဲသွားသည်မှာ ဆိုဖွယ်ရာမရှိတော့ပါ။
  " ငါသေချင်တယ်မင်းစက္ကရယ် မင်းမှာပတ်သတ်စရာ မိန်းမဒီလောက်ရှားသလား စုန်းမနဲ့သွားပတ်သတ်ရတယ်လို့ ဘုရားဘုရား.."
   "အကြီးရယ် ကိုစက္ကကအပြုစားခံရတာနေမှာပါ အဲ့ဒီမိန်းမက အောက်လမ်းတွေနဲ့လုပ်လိုက်တာ "
   "ဟုတ်တယ် ဒါကြောင့်ကိုစက္ကက ကြာဖြူမှကြာဖြူဖြစ်နေတာ အတော်အောက်တန်းကျတဲ့ မိန်းမပါ"
   "ဟိုစုန်းမကအောက်လမ်းနည်းနဲ့ပြုစားထားတာ ရုပ်လေးနဲ့ကိုစက္ကကိုမြူစွယ်တာ ကိုစက္ကမှာအပြစ်မရှိဘူး ဒင်းယုတ်မာလို့ဖြစ်ရတာ"
    မိန်းမသားအများစုသည် မိန်းမချင်းစာနာမူ တရားမရှိခဲ့ပါ။ ဒေါပုန်ထနေသည့် မင်းစက္ကရာမိဘနှစ်ပါးကို အမျိုးမျိုးမြောက်ပင့်ထိုးကော်လုပ်ကြသည်။
    အရာအားလုံးသည် ကြာဖြူ၏အပြစ်တစ်ခုသာ ဖြစ်သွားခဲ့သည်။ မင်းစက္ကရာ၏မိဘနှစ်ပါးသည် မင်းစက္ကရာကို အမျိုးမျိုးဆူပူကြိမ်းမောင်းပြီး အိမ်ထဲမှအိမ်ပြင်ထွက်မရအောင် အစောင့်တွေနှင့် ချုပ်ထားတော့သည်။ ကြာဖြူထံသို့လည်း တစ်ဆွေလုံးတစ်မျိုးလုံးသွားပြီး ရက်စက်စွာပင် ပြောဆိုခဲ့သည်။
     "ဟဲ့ အယုတ်တမာမ ညည်းမို့ကိုယ့်အခြေအနေမသိ ငါ့သားနဲ့ပတ်သတ်ရဲသေးတယ် ညည်းမရှက်ဘူးလား "
    "ကြာဖြူတောင်းပန်ပါတယ် ကြာဖြူမောင့်ကို တကယ်ချစ်ခဲ့တာပါ.."
    အချစ်ကြောင့် ကြာဖြူအောက်ကျို့ခဲ့သည့်တိုင် ဘာမှအရာမဝင်ခဲ့ချေ...။
    "အမလေး စုန်းမကများ ရာရာစစ ညည်းနဲ့သဘောတူမယ့်အစား ငါ့ကိုငါပဲ သတ်သေလိုက်မယ်အေ.."
    "မလုပ်ပါနဲ့အန်တီရယ် ကျွန်မကိုသနားပါ"
    "ညည်းကိုပဲ ငါ့သားနဲ့မပတ်သတ်ဖို့ ငါကအသနားခံပါတယ်အေ "
    "အကြီးရယ် အသနားခံမနေနဲ့ သူကလူစိတ်မရှိတဲ့စုန်းမလေ လူစိတ်သာရှိရင် မတန်မရာကိုစက္ကကို ပြုစားခဲ့မှာမဟုတ်ဘူး ဒီမှာကြာဖြူ ဒီလောက်နဲ့ပဲရပ်တန့်ပါ မဟုတ်ရင် ငါတို့အဆိုးမဆိုးနဲ့..."
    "ဟုတ်တယ်... ငါ့သားနဲ့နောက်တစ်ခါ ပတ်သတ်ဖို့ကြိုးစားရင် ညည်းကိုနူတ်နူတ်စင်းပြီး ခွေးစာကျွေးပစ်မယ်"
    လူတို့သည် အရက်စက်ဆုံးသတ္တဝါပင်။ မြေနိမ့်ရာလှံစိုက်ကာ ရက်စက်စွာ ထိုးနှက်ကြသည်။
     အတ္တတွေကြားနင်းခြေခံရသည့် နှလုံးသားအတွက် သူမနေ့နေ့ညညငိုရုံမှလွဲ၍ ဘာများတတ်နိုင်မည်နည်း..။
    အချစ်ကိုလှပသည်ဟု ထင်ခဲ့ဖူးသည်။ ထို့ကြောင့် မိုက်မဲစွာတိုးဝင်ခဲ့သည်။ တကယ်တော့ မီးရောင်တစ်ခုသာသာပင်။
    မီးရောင်ထဲဝင်တိုးသည့် ပိုးဖလံမိုက်လိုပင် လောင်ကျွမ်းခံရသည်မှာ မချိမရိနှင့်...။
    အဘွားဇုံသည်ကြာဖြူအတွက် အလွန်ပင်စိတ်မကောင်းဖြစ်လှသော်လည်း ဘာမှမတတ်နိုင်ခဲ့ချေ။
    "မြေးလေးရယ် မစားနိုင်မသောက်နိုင် ခံစားမနေပါနဲ့နော် သူတကယ်ချစ်ရင်မြေးလေးဆီ ပြန်လာမှာပါ"
    အဘွားဖြစ်သူ၏နှစ်သိမ့်စကားက သူမအတွက် ခွန်အားမဖြစ်ခဲ့ပါ။ ရိုက်ကြီးတငင် ငိုကြွေးနေရင်းနှင့်ပင်
    "အဘွားရယ် ကြာဖြူလေသူတို့ပြောသလို စုန်းကဝေပဲဖြစ်လိုက်ချင်တယ် ကြာဖြူတို့ကိုခွဲတဲ့ လူအားလုံးကိုလုပ်ပစ်ချင်တယ် မောင့်ကိုပြန်ခေါ်ချင်တယ် ဟင့်ဟင့်"
    "မြေးလေးရယ်... သူမြေးကိုချစ်တာပဲ ရောက်အောင် ပြန်လာမှာပါနော်"
    တကယ်လည်း မင်းစက္ကပြန်လာခဲ့ပါသည်။ ချော့တလှည့်ခြောက်တလှည့်နှင့် မည်မျှပင်ချုပ်နှောင်တားဆီးပါစေ အချစ်စွမ်းအားတို့ဖြင့် ကြာဖြူဆီအရောက်သွားခဲ့သည်။
   သူ့ကိုခွဲရန်လိုက်လာသောလူများကိုလည်း..
   "ကျွန်တော်တို့ကိုထပ်မနှောင့်ယှက်ပါနဲ့ တကယ်လို့ထပ်ပြီး အကြမ်းဖက်လာပြီဆိုရင် ကျွန်တော်နဲ့ကြာဖြူအဆိပ်သောက်ပြီး သတ်သေမှာနော် မယုံမရှိနဲ့ "
    မင်းစက္ကရာစကားကြောင့် သူတို့အကြမ်းမဖက်ရဲတော့ချေ။ မင်းစက္ကမိဘနှစ်ပါးကာ ယူကြုံးမရသည့်ဒေါသများနှင့် အိပ်ရာထဲလှဲသွားသည်အထိ ဖြစ်ရသည်။
   သို့သော် လက်မလျှော့သေးပေ။ အချိန်ကောင်းအခါကောင်းစောင့်ပြီး နည်းအမျိုးမျိုးနှင့် ကြံစည်တော့သည်။
     မင်းစက္ကသည်ကြာဖြူနှင့်အတူ သတ္တိရှိရှိနေထိုင်ဖို့ ထိုစဉ်ကဆုံးဖြတ်ခဲ့ဖူးပါသည်။ သို့သော်ကြာဖြူ၏ပျော်ရွှင်မူသည် ရေရှည်မခံခဲ့ပါ။
    မင်းစက္ကဆီ သူ့အိမ်မှာလူများရောက်လာပြီး..
    "မင်းအမေအသဲအသန်ဖြစ်နေတယ် မင်းအမေအသက်ကိုမှီချင်ရင် အိမ်ခဏလာခဲ့ပါသား ဟိုမိန်းမတော့ခေါ်မလာနဲ့နော် မင်းအမေအသက် တစ်ခါတည်းထွက်သွားလိမ့်မယ်.."
     မင်းစက္ကတွေဝေသွားသည်။ စုံစမ်းကြည့်တော့လည်း တကယ်လည်း သူ့အမေနေမကောင်းဖြစ်နေမှန်းသိတော့ မိခင်လည်းဖြစ်သည်မို့ ဥပေက္ခာမပြုထားနိုင်ဘဲ လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
    ကြာဖြူကတော့ စိုးရိမ်စွာပင်...
  "ကြာဖြူမသွားစေချင်ဘူးမောင်ရယ် တော်ကြာမောင့်ကိုပြန်မလွတ်ဘဲ ခေါ်ထားလိမ့်မယ် ကြာဖြူသိနေတယ်"
   "အော်ကြာဖြူရယ် မောင့်အမေ သေရေးရှင်ရေးဖြစ်နေတာလေကွာ မသွားလို့ဘယ်ရမလဲ ဘာဘဲဖြစ်ဖြစ် မောင့်ကိုမွေးခဲ့တဲ့အမေလေ နားလည်ပေးပါနော်"
    "ဒါပေမယ့်.."
    "ကဲပါ စိတ်မပူပါနဲ့ မောင်ပြန်လာခဲ့ပါမယ် မောင်ကြာဖြူကိုဘယ်လောက်ချစ်လဲဆိုတာ ကြာဖြူအသိဆုံးပဲလေ  ကြာဖြူကိုမောင်ပစ်မထားပါဘူး သစ္စာလည်းဆိုရဲတယ် ကျိန်လည်းကျိန်ရဲတယ် ဟုတ်ပြီလား"
    နောက်ဆုံးတော့ ကြာဖြူစိတ်မဖြောင့်စွာပင် လွတ်ပေးလိုက်ရသည်။ တကယ်လည်း သူမစိုးရိမ်ပူပင်သည့်အတိုင်း ဖြစ်လာခဲ့သည်။ ရက်အတော်ကြာသည်အထိ မင်းစက္ကပြန်မပေါ်လာခဲ့ပါ။
     ဆောက်တည်ရာမရသည့်စိတ်တို့ဖြင့် တစ်ချိန်လုံးစိတ်ပူနေခဲ့သည့် ကြာဖြူသည် သည်းမခံနိုင်တော့သဖြင့် အဘွားဇုံတားနေသည့်ကြားမှ ရွာထဲရှိ မင်းစက္ကရာအိမ်သို့ အရောက်သွားခဲ့သည်။
    သူမကိုမလိုလားမကြည်ဖြူ မုန်းတီးနေကြသောနေရာတွင် အချစ်တစ်ခုတည်းနှင့် အန်တုရင်ဆိုင်ခဲ့သည်။
    နိမ့်ချဆက်ဆံပြီးမောင်းထုတ်နေသည့်တိုင် အံတင်းတင်းကြိတ်ပြီး..
    "ကျွန်မကိုမောင်နဲ့ပေးတွေ့ပါ.. ဒီရွာရဲ့ထုံးတမ်းဓလေ့အရ လင်မယားဖြစ်သွားရင် မိန်းမကယောကျာင်္းကိုပိုင်သလို ယောကျာင်္းကလည်းမိန်းမကိုပိုင်တယ် မိဘဆွေမျိုးတွေရဲ့ အာဏာမသက်ရောက်ဘူးဆိုတာ ရှင်တို့အသိပါ ရှင်တို့ခေါ်ထားပိုင်ခွင့်မရှိတော့ပါဘူး ဒါကိုမှချိုးဖောက်တယ်ဆိုရင် ကျွန်မနတ်ကွန်းမှာ ရှင်တို့ကိုဓလေ့စည်းကမ်းဖောက်မူနဲ့ ကျိန်စာသွားတိုက်မယ်"
     အစွဲကြီးသူတို့၏ထုံးစအတိုင်း ကျိန်စာနှင့်တိုက်တော့ ကြောက်သွားရှာသည်။ မင်းစက္ကရာ၏အဒေါ်သည် ခြောက်၍မရမှန်းသိတော့ ဟန်ဆောင်မျက်နှာချိုသွေးပြီး
    "မင်းစက္ကမရှိဘူးကြာဖြူ သူ့အမေအတွက် ဟိုးမြို့ရှိတဲ့ဖက် ဆေးသွားယူနေတယ် "
   "ကျွန်မသူမလာမချင်းစောင့်နေမယ် ဒီနေရာကနေ မခွာနိုင်ဘူး..."
    "ကောင်းပြီလေ သူဒီညနေတော့ပြန်ရောက်မယ်ပြောတာပဲ ညည်းစောင့်ချင်တယ်ဆိုလည်း ဟိုနွားတင်းကုပ်မှာနေပြီးစောင့်..."
    ရင်ထဲနာမိသည်မှာ နင့်ခနဲ့။ ခံပြင်းနာကျဉ်းမူတို့က နင့်သည်းလွန်းသည့်တိုင် ချစ်သူအတွက် ကြာဖြူသည်းခံခဲ့သည်။
    ညမှောင်သည့်အထိ မင်းစက္ကရာကာ ရောက်မလာသေးပါ။ တကယ်တော့ မင်းစက္ကအိမ်ပေါ်မှာပင်ရှိသည်။ အိမ်၏အတွင်းခန်းတွင် မိခင်ကိုပြုစုနေသည်မို့ အပြင်မှာဘာဖြစ်နေမှန်းမသိချေ။
    မသိအောင်လည်းအားလုံးက တမင်အပြင်မထွက်ရအောင် စီစဉ်ထားခြင်းပင်။ သူ့ကိုအစီအရင်အရဆိုပြီး တော်ရုံအပြင်အသံမကြားရသည့်အခန်းတွင် ဓလေ့ရိုးရာအတိုင်း ဝတ်ပြုခိုင်းခဲ့သည်။
    မင်းစက္ကရာကလည်း မိခင်အတွက်လုပ်ပေးရှာသည်။ တကယ်တော့ မင်းစက္ကရာ၏မိခင်က သက်သာနေပြီဖြစ်သည်။ သား၏အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဒီကာလတွေမှာ ချော့မော့သွေးဆောင်ခဲ့သည်။
    မင်းစက္ကတွေဝေသကဲ့သို့ဖြစ်နေချိန်တွင် ကြာဖြူကာရောက်လာသဖြင့် သူတို့အစီအစဉ် မပျက်ဆီးသွားအောင် ကမန်းကတမ်း ကြံစည်ရပြန်သည်။
   လူတို့၏ယုတ်မာမူကို ဘယ်အရာမှယှဉ်နိုင်မည် မဟုတ်ပါ။ တကယ်တော့ကြာဖြူ ထိုအိမ်သို့ရောက်လာမိခြင်းသည် သူမအတွက် ကံဆိုးမူကို ဖြစ်စေခဲ့သည်။
    ညနေစောင်းချိန်ဝယ်...
    "မမရေဆာနေပြီထင်တယ် ရေသောက်ပါပြီး ခဏနေအစ်ကိုလေးမင်းစက္က ပြန်ရောက်လာတော့မှာပါ"
    ကလေးငယ်တစ်ယောက်ရေလာပေးတော့ သွေးရိုးသွေးသားထင်ပြီး သူမသောက်လိုက်မိသည်။ သူမကိုယ်တိုင်ကလည်း ရေအလွန်ဆာနေသောကြောင့်ပင်။
     ရေသောက်ပြီးခဏလေးမှာပင် သူမမှေးခနဲ့ အိပ်ပျော်သွားမိသည်။ ပြန်နိုးလာတော့ ညအတော်မှောင်နေပြီ..
    "ဟင်..ဘယ်အချိန်ရှိပြီလဲ ငါဘာလို့အိပ်ပျော်သွားပါလိမ့် ဘုရားရေ ဒါတွေက ဒါတွေက. ဘာတွေလဲ"
    လရောင်အောက်မှ သူမလက်တွင် စေးကပ်ကပ်အရာများကို တံအံ့တသြကြည့်နေရင်း သူမမျက်နှာကိုပါ မသတီသလိုဖြစ်လာသဖြင့် စမ်းကြည့်တော့..
    "ဟင် ဒါ ဒါကဘာလဲ မျက်နှာ ပါးစပ် ပါးစပ်မှာတွေရော အမလေး... ဟိုဟာ ဟိုဟာက... "
    သူမအံ့သြနေရင်းမှ ရုတ်တရက်အနားတွင် မြင်လိုက်သည့်အရာကြောင့် အလွန်ထိတ်လန့် တုန်လူပ်သွားမိသည်။ အူတွေအခွေလိုက်ထွက်ကာ သေဆုံးနေသည့် နွားတစ်ကောင်...
     ကြာဖြူသွေးပျက်ခြောက်ခြားကာ မှင်သက်နေစဉ်မှာပင်
  "အမလေး လာကြပါဦး လာကြပါဦး"
    ဘယ်ကတည်းကရောက်နေသည်မသိသော အလုပ်သမားတစ်ယောက်က အလန့်တကြားအော်လိုက်ပြီး
    "လာကြပါဦး ဒီမှာ စုန်းမကြီး ဗိုက်ဖောက်စားနေတယ် အမလေးတော်..."
    "ဟင့်အင်း.... မဟုတ် မဟုတ်.."
    သူမဘာမှရှင်းပြချိန်မရပါ။ ခဏချင်းတွင်းပင် လူတွေမီးတုတ်တွေနှင့်ဝိုင်းအုံလာပြီးနောက် သူမကိုလက်ညှိုးဝိုင်းထိုးကာ..
    "စုန်းမ ကဝေမ အခုတော့ သရုပ်မှန်ပေါ်ပြီပေါ့လေ"
   "ဟင့်အင်း...မဟုတ်ဘူး ဒါအမှန်မဟုတ်ဘူး..."
    "ဘာမဟုတ်တာလဲ ဒီလောက်လက်ပူးလက်ကြပ်မိတာတောင် ဘူးခံချင်သေး ရူပ်တယ်ကွာ သတ်ပစ်"
    "မဟုတ်ဘူး ရှင်တို့သပ်သပ်ယုတ်မာတာ ကျွန်မကိုလုပ်ကြံတာ..."
    ထင်မှတ်မထားသောကောက်ကျစ်မူက သူမရင်ကိုခါးသက်နာကျင်စေသည်။ မျက်ရည်တွေစီးကျလာပြီး တစ်ကိုယ်လုံး အေးစက်နေကျင်နေမိစဉ်...
    "ဘာတွေဖြစ်နေသလဲ..."
     ဆူညံဆူညံအသံတို့ကြောင်း မင်းစက္ကရာဝတ်ပြုခန်းမှထွက်လာပြီး အိမ်အောက်သို့ ဆင်းလာလိုက်သည်။ မင်းစက္ကရာကိုမြင်တော့ ကြာဖြူသည် ဝမ်းသာအားရနှင့်..
     "မောင်...."
     "ဟင်.... ကြာဖြူ မင်းဘယ်လိုဖြစ်သလဲ"
     မင်းစက္ကရာသည် ကြာဖြူ၏ပါးစပ်နှင့်လက်တွင် ပေပွနေသည့်သွေးများကြောင့် အံ့သြသင့်စွာဆိုလိုက်တော့ အနားရှိအဒေါ်ဖြစ်သူက မဲ့ကာရွဲ့ကာနှင့်...
   "ဘာဖြစ်ရမလဲ မင်းမိန်းမကဝမ်းတွင်းစုန်းလေ မင်းနဲ့တွေ့ချင်တယ်ဆိုလို့ ခဏစောင့်ခိုင်းထားတာကို မနေနိုင်လို့ထင်တယ် နွားကိုသတ်ပြီး အူထုတ်စားနေတာ"
    "မဟုတ်ဘူး ရှင်မဟုတ်တာမပြောနဲ့ မောင် ဒါတွေအမှန်မဟုတ်ဘူးနော် ကြာဖြူဒါမျိုးမဟုတ်ဘူးဆိုတာ မောင်အသိပါ မယုံပါနဲ့..."
   ပြောနေရင်းနာကျင်လွန်းသဖြင့် မျက်ရည်တွေက တပေါက်ပေါက်ကျလာသည်။ မင်းစက္ကရာက ကြာဖြူကိုတလှည့် အူထွက်နေသည့်နွားကိုတလှည့်ကြည့်ပြီး ဘာပြောရမှန်းမသိသလို အတော်လေး စိတ်ရူပ်ဟန်ဖြင့်..
    "ဒါပေမယ့်..ဒါတွေက ဘယ်လိုဖြစ်သလဲ.."
    "ကြာဖြူရှင်းပြမယ်မောင်.."
    "ဒီလောက်လက်ပူးလက်ကြပ်မိတာတောင် ညည်းကပလီချင်သေးတယ် စုန်းမပီသပါတယ်အေ.."
    "ရှင်မဟုတ်တာမပြောနဲ့ ရှင်ပြောတော့ မောင် ဒီမှာမရှိဘူးဆို ကျွန်မကိုထိုင်စောင့်ခိုင်းထားပြီး ဒီလိုအကွက်ကျကျစီစဉ်တာ.."
    ကြာဖြူစကားကြောင့် အဒေါ်ဖြစ်သူက မလုံမလဲဖြင့်
    "အေး ဒါကတော့ မောင်စက္ကသူ့အမေအတွက် အစီအရင်လုပ်နေတာ ညည်းလာရူပ်ရင် ပျက်သွားနိုင်လို့ ပြောရတာပါအေ အခုညည်းသရုပ်မှန်ပေါ်နေပြီ မလိမ်ချင်စမ်းပါနဲ့ ညည်းအခုလိုရွာမြေမှာရှိနေတာ ရွာနာတယ် ခုချက်ချင်းထွက်သွားပါ..."
    "ဟုတ်တယ် ရွာနာတယ် ထွက်သွား ထွက်သွား"
     အခြားလူတွေကပါ သံပြိုင်ဝိုင်းအော်တော့ ကြာဖြူ၏ရင်ထဲတွင် အလွန်နာကျင်မိသည်။ ယုတ်မာလွန်းသောဤမိန်းမနှင့်လည်း တုပြိုင်၍ မပြောလိုတော့ပါ။ ချစ်ရလွန်းသော ချစ်သူမျက်နှာကိုသာ စူးစိုက်ကြည့်ပြီး
    "မောင်က ဉာဏ်အမြော်အမြင်ရှိတဲ့ယောကျာင်္းပါ ဒါဟုတ်မဟုတ် မောင်စဉ်းစားနိုင်ပါတယ် ကြာဖြူသာတကယ်စုန်းမဆို ဘာလို့မောင့်အိမ်ဝန်းမှာ ဒီလိုအထင်လွဲမယ့်ကိစ္စကိုလုပ်မှာလဲ မောင် ကြာဖြူကိုယုံပါ"
    "မောင်...ယုံချင်ပါတယ် ကြာဖြူ.."
     ကြာဖြူသည်မင်းစက္ကရာစကားကြောင့် တအံ့တသြဖြစ်သွားရသည်။ ကြာဖြူမျက်ဝန်းတွင်လည်း မျက်ရည်တို့ တသွင်သွင်စီးကျလာပြီးနောက်...
    "မောင့်ကိုလွမ်းလွန်းလို့ ကြာဖြူလာတွေ့တာ ကြာဖြူကိုမုန်းနေတဲ့ဒီလူတွေကြား မောင့်မျက်နှာတစ်ခုတည်းနဲ့ ကြာဖြူလာခဲ့တာပါ မောင်ကြာဖြူနောက်ပြန်လိုက်ခဲ့ပါနော်.."
    "မောင်..."
    "မောင် ဘာတွေတွေဝေနေသလဲဟင်"
    ကြာဖြူဝမ်းနည်းစွာမေးတော့ မင်းစက္ကရာ သက်ပြင်းချမိသည်။ တကယ်လည်း သူတွေဝေနေမိပြီထင်သည်။ တစ်ရွာလုံးနှင့်တစ်ယောက် သူ့ရပ်တည်မူက ကြာလေယိုင်နဲ့လာလေဖြစ်သည်။ အချိန်နှင့်အမျှအားလုံးက ချော့မော့ပြောဆို ဖျားယောင်နေတော့ သူစိတ်တွေ တွေဝေလာတော့သည်။
     ခိုင်မာသောကျောက်ဆောင်သည် ရေတိုက်စားလာတာများသည်နှင့်အမျှ ပဲ့ကြွေသွားတတ်သေးသည်ပဲ
   သူကလူသားမဟုတ်လား...
    တစ်ဖက်ကလည်း ကြာဖြူကို သနားမိပြန်သည်။ သို့သော် ကြာဖြူနှင့်အတူရှိစဉ်ကာလတွင်  ကြာဖြူနှင့်ထူးဆန်းမူတို့ကို ပြန်မြင်ယောင်မိလာပြောတော့ သံသယအချို့ ဝင်လာပြန်သည်။ ဘယ်လိုလူကမြွေနဲ့ ဒီလောက်ရင်းနှီးကျွမ်းဝင်နေမှာလဲ..
    ဇဝေဇဝါဖြစ်နေတုန်း ဒီလိုမျိုးမြင်လိုက်ရတော့ သူအတော်စိတ်ရူပ်ထွေးရပြန်သည်။
    မင်းစက္ကရာတွေဝေနေမှန်းသိတော့ ကြာဖြူသည်နာကျင်လွန်းစွာဖြင့် ဒူးလေးထောက်ရှာပြီး...
   "ကြာဖြူနဲ့ပြန်လိုက်ခဲ့ပါမောင်ရယ် မောင်မရှိရင် ကြာဖြူသေသွားလိမ့်မယ် မောင်ကတိပေးခဲ့တယ်လေ ကြာဖြူကို မထားခဲ့ဘူးဆိုတာ.."
   "မောင်သိပါတယ် ခုအမေနေမကောင်းသေးဘူး မောင်လိုက်ခဲ့လို့မရဘူး..."
   မျက်ရည်တွေကမြေပြင်ပေါ်သို့  တတောက်တောက်။ အဆုံးထိချထားသည့် မာနနှင့်သိက္ခာတရားက အားလုံး၏ခြေဖဝါးအောက်တွင် ကျိုးကြေလို့..
   "မောင်ခုမလိုက်ခဲ့ရင် ကြာဖြူတို့တသက်လုံး ဝေးသွားလိမ့်မယ်. ဒါအမှန်ပါ မောင်ကြာဖြူကို မချစ်တော့ဘူးလား.."
   "တော်ပြီ ကြာဖြူ မင်းပြန်တော့..."
    ပြတ်သားလွန်းသောမင်းစက္ကရာစကားကြောင့် သူမအလွန်အံ့သြသွားရင်းမှ နာကျင်ရပြန်သည်။ မယုံကြည်လွန်းစွာ တုန်တုန်ရင်ရင်နှင့် ထရပ်လိုက်ပြီး
    "မောင်ဘယ်လိုများပြောလိုက်သလဲ.."
    "ပြန်တော့ကြာဖြူ ငါမင်းအတွက်လုပ်ပေးနိုင်တာ ဒါအကုန်ပဲ မင်းဒီမှာဆက်ရှိနေရင် အန္တရယ်များတယ်.."
    "မောင်..."
    မင်းစက္ကကြာဖြူထံမျက်နှာလွဲလိုက်ပြီး..
  " အားလုံးပဲ ကျွန်တော့်မျက်နှာထောက်ပြီး သူ့ကို ဘာအန္တရယ်မှမပြုကြပါနဲ့ ဒါမှားတယ်မှန်တယ် ဘာမှကျွန်တော်မပြောချင်ဘူး သူ့ကိုကောင်းကောင်းမွန်မွန် ပြန်ခွင့်ပေးလိုက်ပါ"
     ပြောပြီးကျောခိုင်းကာ မင်းစက္ကရာ အိမ်ပေါ်တက်သွားတော့သည်။ တစ်စုံတရာသည် သေဆုံးသွားသကဲ့သို့....
   အလွန်နာကျင်မူများနှင့် သူမ လှဲပြိုကျလုမတက်...
   "ထွက်သွား ဘယ်သောမှ ရွာထဲမလာနဲ့ ရွာနာတယ် "
   "နောက်တစ်ခါရွာထဲလာရင် အသေသတ်ပစ်မယ်"
    "ကဝေမ...စုန်းမ"
    ကြာဖြူနားကိုတင်းတင်းပိတ်ပြီး အသက်မဲ့သောခြေလှမ်းများဖြင့် ပြေးထွက်လာမိသည်။ မောင်ချန်ထားခဲ့သည့်ဘဝထက် ဘယ်အရာက ပို၍များနာကျင်ဖွယ်ကောင်းမည်နည်း..။
    နာကျင်လွန်းသဖြင့် ကြာဖြူ ကြာကန်လေးဘေးတွင် ဆောက်တည်ရာမရစွာ ငိုကြွေးနေမိသည်။ သူမယုံကြည်မျှော်လင့်ခဲ့သော ချစ်ခြင်းမေတ္တာတစ်ခုကို ဆုံးရူံးလိုက်ရသည့်နာကျင်မူက ဘာနှင့်မှ မဖြေသာခဲ့ပါ။
    သူမတစ်ညလုံးမအိပ်ဘဲ ရေကန်ဘေးတွင် ငိုကြွေးနေခဲ့သည်။ အားပေးနှစ်သိမ့်ရန် အနားတွင်ရောက်လာသည့် အဘွားဇုံကို တင်းတင်းဖက်ရင်းနဲ့...
    "အဘွားရယ် သူကြာဖြူနောက်မလိုက်ခဲ့ဘူး သူကြာဖြူကိုထားခဲ့ပြီထင်တယ် ဟင့်ဟင့်..."
   "မြေးလေးရယ် ကိစ္စလေးတွေမပျက်သေးလို့နေမှာပါ မောင်စက္ကသမီးကိုချစ်တာ အဘွားသိပါတယ် ပြန်လာမှာပါနော်..."
    "မဟုတ်ဘူး သူကြာဖြူကိုနှင်ထုတ်ခဲ့တာ ဟင့်ဟင့်"
     ကြာဖြူရိုက်ကြီးတငင်ငိုပြီးဆိုတော့ အဘွားဇုံပါနာကျင်ရသည်။ အဘွားအနေနှင့် ဒီရလဒ်ကိုမျှော်လင့်ပြီးသားမို့ စိတ်မကောင်းစွာဖြင့်...
   "မြေးရယ်. သူ့ကိုမေ့လိုက်ပါတော့လား.."
    မေ့ရမယ်. ဘယ်လိုနှလုံးသား ဘယ်လိုအင်အားနဲ့ သူမမေ့ပစ်လို့ရပါမည်နည်း။ ကြာဖြူလွယ်လွယ်ချစ်ခဲ့သည် မဟုတ်ပါ။
    မျှော်လင့်ခြင်း... ယုံကြည်ခြင်း.. အားကိုးခြင်းများစွာဖြင့် အသက်နှင့်ထပ်တူ ချစ်ခဲ့ပါသည်။ သူမတို့နှစ်ယောက် တစ်ဘဝထပ်တူကျမယ်ဟု ယုံကြည်ခဲ့သည်။
     ဘဝနှင့်ထပ်တူရင်းထားသည့် ချစ်ခြင်းမေတ္တာတစ်ခုကို ဘယ်လိုအင်အားနှင့် သူမဖျောက်ပစ်နိုင်မှာလဲ။
    ကြာဖြူ ငိုပါသည်.။  အချိန်တွေအတော်ကြာအောင် ငိုခဲ့သည်။ ပြန်လာမလားဟူသည့် မျှော်လင့်ချက်ရေးရေးဖြင့်လည်း သူမတိတ်တခိုးစောင့်ခဲ့သည်။
     အချစ်တွေပြည့်နေသည့် နှလုံးသားက မမုန်းရက်နိုင်ခဲ့ပါ။ သို့သော် များမကြာမီမှာပင် သူမအတွက်သတင်းဆိုးတစ်ခု ကြားလိုက်ရသည်။ 
      "မင်းစက္ကနဲ့ရွာထဲကသြဇာအရှိဆုံး နတ်ဆရာရဲ့တူမလက်ထပ်တော့မယ်.. မကြာခင် မင်္ဂလာဆောင်တော့မယ်"
     ဒီသတင်းကသူမနှလုံးသားကို သံရည်ပူနှင့် လောင်းထည့်လိုက်သည့်အလား...
     သည်းခြေပျက်လုမတက်ခံစားရသည်မှာ မငိုနိုင်တော့သည်အထိပင်..
    "ကြာဖြူကို မောင်ဘယ်သောမှပြစ်မထားဘူး ကြာဖြူကသူတို့ပြောသလို စုန်းကဝေဖြစ်နေရင်တောင် မောင်အနားက ခွာမှာမဟုတ်ဘူး"
    "မောင့်အူတွေဖောက်စားပစ်လည်း မောင်ကချစ်နေဦးမှာ ကြာဖြူရယ်..."
    "မောင်ကြာဖြူအပေါ် အမြဲသစ္စာရှိပြီး ချစ်နေမှာပါ မောင်ကျိန်ရဲတယ်ကြာဖြူ"
    ကတိစကားတွေပြန်ကြားယောင်ရင်း ကြာဖြူ မျက်ရည်ကြားမှ ရယ်မိပါသည်။ ဒီနေ့ထိ ခံစားရသည့်အဖြစ်တွေထက် ချစ်သူ၏ကတိသစ္စာဖောက်ဖျက်ခြင်းက ပို၍နာကျင်စေသည်။
    လူအားလုံး၏ခြေဖဝါးအောက် သူမချနင်းခဲ့သည့် မျက်ရည်နှင့်မာနတို့က ခုတော့ဟာသသပ်သပ်သာ..
    အချစ်ကြီးလွန်းခဲ့သည့်ကြာဖြူ အမုန်းကြီး မုန်းခဲ့ရပြန်သည်။ ကြာဖြူခံစားနေရသည့်အဖြစ်ကို မမြင်ရက်နိုင်တော့သည့်အဆုံး အဘွားဇုံက..
    "ငါ့မြေး ဘာဖြစ်ချင်လဲပြော ငါ့မြေးကိုနာကျင်စေတဲ့ လူတွေကို အဘွားမှာရှိတဲ့ပညာနဲ့ လုပ်ပေးမယ်"
   "နေပါစေအဘွားရယ် ကြာဖြူဘယ်သူနဲ့မှ အမုန်းမပွားချင်တော့ပါဘူး ဒါကြာဖြူရဲ့ဝဋ်ကြွေးလို့ပဲ သဘောထားလိုက်ပါမယ် "
   သူမတကယ်ပင် နာကျဉ်းလွန်းစွာဆိုမိသည်။ တကယ်တော့ခုချိန်ထိ သူမတောင့်ခံလာခဲ့သည်မှာ မင်းစက္ကရာကို ချစ်လွန်း၍မဟုတ်လား...
    မင်းစက္ကရာကိုယ်တိုင်သူမအပေါ် စိတ်မရှိတော့သည့်အခါ သူမဘာကိုမှ ဆုပ်ကိုင်မထားချင်လောက်အောင် နာကျင်နေမိသည်။ သူမအပေါ်မကောင်းခဲ့သော ရွာကလူများကိုလည်း ဘာမှမတုန့်ပြန်ချင်ပါ။
    အရာရာကိုလက်လွတ်ပြီး အရူံးခံနေတော့မည်။ သို့သော်ရင်ထဲတွင်တော့ ဖျက်ဆီးခံရသည့် နှလုံးသားအတွက် နာကျင်လို့နေသည်။ မင်းစက္ကအပေါ် အမုန်းတရားတို့ကလည်း ပူလောင်လျက်...
    အရာရာကိုလက်လွတ်ပြီး တစ်ယောက်တည်း နေထိုင်တော့မည်ဟု သူမဆုံးဖြတ်လိုက်သည့်တိုင် ကံကြမ္မာ၏ရက်စက်ခြင်းက ထိုမျှနှင့်မရပ်တန့်ခဲ့ပါ။
    ကံဆိုးမသွားလေရာ မိုးလိုက်ရွာသည်လား...
    ကံတရားက ရက်စက်ပြန်သည်။ တစ်နေ့တွင် မင်းစက္ကအဒေါ်၏တစ်ဦးတည်းသော ၁၀နှစ်အရွယ်ကလေးသည် သူမအိမ်နှင့်မဝေးလှသည့်နေရာတွင် ဇတ်ကျိုးပြီးသေနေသည့်အခါ...
    ဆိုးဝါးသောကံတရားက သူမကိုလောင်မြိုက်သွားစေခဲ့ပြန်သည်။ တကယ်တော့ထိုကလေးကာ အိမ်ကခိုးထွက်ပြီး သစ်သီးပေါများသည့်ဤနားတစ်ဝိုက်တွင် အသီးလာခူးနေကျပင်။ အပင်တက်လည်း အတော်ကျွမ်းသည်။ မိဘများတားလည်း ခဏပင် ...
    လစ်သလိုခိုးထွက်ပြန်သည်။ သို့သော်ဒီနေ့က ကလေးငယ်အတွက် အသက်ဆုံးပါးသည်အထိ ကံဆိုးစေသောနေ့ဖြစ်ခဲ့သည်။
    အပင်ပေါ်တက်အသီးခူးနေစဉ် မိုးရွာထားသဖြင့် စိုစွတ်နေသည့်အကိုင်းမှ ခြေချော်ကျကာ အောက်သို့ဇောက်ထိုး ပြုတ်ကျသွားသည်..
    ကံကုန်နေသည့်အချိန်ဖြစ်၍လား.... ကံဆိုးစွာပင် အောက်မှာသစ်ငုတ်တစ်ခုက ထိုးထောက်လို့..
    အကျမတော်သည့်ကလေးငယ်သည် ဇာတ်ကျိုးပြီး သေသွားရှာသည်။ သို့သော် ပြသာနာကာ ဤမျှနှင့်မပြီး။ ကလေးပျောက်၍ လိုက်ရှာနေသောရွာသားများက ကလေးငယ်အလောင်းကိုတွေ့တော့ မင်းစက္ကရာအဒေါ်ထံ ပို့ပေးသည်။
     အဒေါ်ဖြစ်သူသည် သားငယ်ကိုဖက်ပြီး ကြူကြူပါအောင် ငိုကာ..
    "အမလေးသားရယ် အဖြစ်ဆိုးလှချည်လား အမေပြောပါတယ် အဲ့ဒီဖက်မသွားပါနဲ့လို့ ခုတော့ မင်းဂုပ်ချိုးခံရပြီ ဟီးဟီး... လုပ်ကြပါဦး ကျွန်မသားလေးကို ကြာဖြူဂုပ်ချိုးသတ်လိုက်ပြီ ကျွန်မကိုမကျေနပ်လို့ ကျွန်မသားကို သတ်လိုက်တာ ဟီးဟီး သားရယ် "
    "သတ်ချင်ရင်ငါ့ကိုလာသတ်ပါ ကြာဖြူရဲ့ ငါ့သားမှာဘာအပြစ်ရှိလို့လဲ အမေရင်တွေကွဲရပြီသားရယ် ဟီးဟီး"
    မင်းစက္ကရာအဒေါ်၏ဆင်ခြင်တရားမရှိသော စကားက နဂိုကမှအစွဲကြီးနေသည့် ရွာသူရွာသားတွေထဲ ပွက်လောရိုက် သွားတော့သည်။
     အသိညဏ်ထုံထိုင်းသောရွာသားတို့သည့် အလွန်စိတ်ဆိုးသွားပြီး ဒေါသခိုးများဝေကုန်လျက်
    "ဟာ ဒီကဝေမအတော်ဆိုးနေပြီ ဒီတိုင်းထားလို့ မဖြစ်တော့ဘူး တောက်..."
   "ဟုတ်တယ် ဒီတိုင်းထားရင် ငါတို့ကလေးတွေပါ ဂုပ်ချိုးလာလိမ့်မယ် လွတ်ထားလို့မရတော့ဘူး.."
   "ကြာတယ်ကွာ အဲ့ကောင်မကို သွားသတ်ရအောင်"
    တုတ်ဆွဲဓားဆွဲနှင့်ရွာသူရွာသားများ ဒေါပုန်ထနေစဉ် မီးလောင်ရာလေပင့်ကာ ဓာတ်ဆီလောင်းထည့်လိုက်သူက နတ်ဆရာကြီးပင်။
     သူကိုယ်တိုင်က သူ့တူမနှင့်မင်းစက္ကရာမင်္ဂလာပွဲ ကြာဖြူကြောင့် တစ်ခုခုဖြစ်မည်စိုးရိမ်နေသဖြင့် ကြာဖြူကိုအပြတ်ရှင်းဖို့ ပွဲလန့်တုန်းဖျာခင်းလိုက်သည်။
   "ကျွန်းပေါ်က နတ်တွေအကုန်စိတ်ဆိုးနေကြပြီ သူ့ကိုအသက်ရှင်ခွင့်ပေးလို့မရဘူး မီးရှို့ပြီး ယစ်ပူဇော်ပေးရမယ် မဟုတ်ရင် ရွာမှာကပ်ကြီးဆိုက်မယ် ကံဆိုးမယ် ဒီညတွင်းချင်း သူ့ကိုအဆုံးစီရင်လိုက်ပါ"
    ရွာသူရွာသားများသည် ရွာကလွဲပြီး ဘယ်မှာမှမရောက်ဖူးသည့် လူများဖြစ်သည်။ အသိညဏ်ဆင်ခြင်နိုင်စွမ်း နည်းပါးသည်။ ပညာမသင်ခဲ့သလို ဗုဒ္ဓသာသနာလည်း မရှိသည့်နေရာမို့ အယူသည်းကာအစွဲကြီးသည်။
    နတ်ဆရာကြီးစကားကိုပဲ အားလုံးအမှန်ယုံမှတ်ကာ လိုက်နာကြသည်။ ခုလည်းနတ်ဆရာ၏သတိပေးစကားက ရွာသူရွာသားတွေကြားပို၍ ဆူပူသွားစေသည်။ ရွာအတွက်စိုးရိမ်သွားသလို ဒေါသမီးတို့သည်လည်းပို၍ တောက်လောင်သွားကာ ဘာမှမစဉ်းစားတော့ဘဲ..
     "လာဟေ့ အချိန်ဆွဲလို့မရဘူး အဲဒီ့စုန်းမသားအမိကို ဒီညပဲ အပြတ်ရှင်းရအောင်"
    "စုန်းဆိုတာမီးရှို့သတ်မှရမယ် မီးမွေးထားကြဟေ့ ဒီညဒင်းတို့ကို အသေသတ်မှဖြစ်မယ် မဟုတ်ရင်ရွာထဲက ကလေးတွေသေကုန်မယ်"
    "ဟုတ်တယ် ငါတို့ကလေးကို ငါတို့ကာကွယ်ရမယ် "
    "ဟေး.....ဟေး"
     ညတွင်းချင်းပင် မီးတုတ်ဆွဲကာ ရွာသားများစုဝေးထွက်လာကြသည်။ သူတို့သည် ရွာပြင်ရှိ ကြာဖြူရှိရာတဲလေးဆီသို့ ဒေါသတကြီး ထွက်လာတော့သည်။ ဘာမှမသိစွာ အိမ်ထဲတွင် အေးအေးလူလူဟင်းချက်နေသည့် ကြာဖြူ..
    သူမကိုယ်တိုင်ဘာမှန်းသေချာမသိသေးသည့် လူသေမူတစ်ခုတွင် ရက်စက်စွာ စွပ်စွဲပြောဆိုခံခဲ့ရသည်။
    ရုတ်ချည်းဖြစ်သွားသည့်အခြေအနေကြောင့် အံ့သြသင့်ကာငြိမ်သက်နေစဉ်မှာပင် ကြိုးဖြင့်မလူပ်နိုင်အောင် ဝိုင်းဝန်းတုပ်တာ ခံလိုက်ရသည်... ။
   သနားစရာကောင်းလွန်းသော ကြာဖြူ....
   ကြိုးဖြင့်ရက်ရက်စက်စက် တရွတ်တိုက်စွဲတာခံရပြီး ဘာမှနားမလည်သော ကြိမ်းဝါးမူတွေကြား နာကျင်မူကခါခါသီးသီး...
    "ဟင့်အင်း မဟုတ်ဘူး ဒါကျွန်မလုပ်တာမဟုတ်ဘူး ကျွန်မလူစစ်စစ်ပါ ရှင်တို့မှားမယ်နော်"
    တရွတ်တိုက်ဆွဲခံရသဖြင့် နာကျင်မူတွေကြားက သူမအော်ဟစ်တောင်းပန်ရှာသည်။ နာကျင်လွန်းသဖြင့် မျက်ရည်တို့က တပေါက်ပေါက်..
   သို့သော် သူမမျက်ရည်တွေက ရွာသားများ၏ခြေစင်းတွင်သာ ဝပ်ဖျားကုန်သည်။ ကြောက်လန့်တကြီး အော်ဟစ်နေသည့်တိုင် အသံတွေသာဝင်သွားသည်။ 
   သူမ၏အသံကိုဘယ်သူမှနားမထောင်ခဲ့ပါ။ အော်ဟစ်ကြွေးကြော်သံတွေကြား သူမမျက်ရည်နှင့်အသနားခံမူတို့ ပျောက်ကွယ်သွားခဲ့သည်။
   "သတ်ပစ်... သတ်ပစ် စုန်းမကို သတ်ပစ်"
   "ကျွန်းစောင့်နတ်တွေ စိတ်ဆိုးပြေအောင် ဒီစုန်းမကို ယစ်ပူဇော်ရမယ်.."
   "ဟေး...ဟေး"
    ကြည့်စမ်း... သူမကိုရက်စက်စွာအဆုံးစီရင်ဖို့ အားလုံးကဟစ်ကြွေးနေကြပါလား..
    သူမမျက်ရည်တွေအလူးလူးနှင့်..
   "မလုပ်ပါနဲ့ ကျွန်မဘာမှမလုပ်ခဲ့ပါဘူး ဒီကျွန်းမှာ မနေစေချင်ရင် ထွက်သွားပေးပါ့မယ် ဟင့်ဟင့်..."
   "ကျွန်မမှာ ဘာအပြစ်မှမရှိဘူး.."
    သူမငိုယိုတောင်းပန်ခဲ့သည်။ မည်သူမှ သူမစကားကို နားမဝင်ခဲ့ပါ။ သူမကို ယစ်တိုင်ရှေ့မီးရှို့ပြီး ယစ်ပူဇော်ဖို့ကိုသာ စိတ်အားထက်သန်နေကြသည်။
   ယစ်တိုင်ရှေ့ကြိုးတုပ်ခံထားရသည့် ကြာဖြူ ကူရာမဲ့နေသည့်အခြေအနေတွင် တုန်လူပ်ခြောက်ခြားစွာဖြင့်. 
    "မောင်...မောင်ရေ ဘယ်ရောက်နေလဲ ကြာဖြူကိုလာကယ်ပါ ဟင့်ဟင့်..."
    "အဘွားရေ ဘယ်သွားနေသလဲ ကြာဖြူကြောက်တယ် ကြာဖြူကိုကယ်ပါ..."
    သူမကြောက်ရွံ့အားငယ်စွာနှင့် ဝမ်းနည်းပက်လက်ငိုကြွေးရင်း အားကိုးတကြီး တိုင်တည်နေရှာသည်။ ထိုညက မင်းစက္ကရာရွာတွင်မရှိဘဲ အခြားသို့ရောက်နေခြင်းက သူမကိုပို၍ ကံဆိုးစေခဲ့သည်။ ရက်စက်သော အဆုံးစီရင်မူအတွက် သွေးပျက်ချောက်ချားနေစဉ်
    "ဟဲ့ အယုတ်တမာရွာသားတွေ ငါ့မြေးကို အခုလွတ်စမ်း"
    ဒေါသတကြီးအော်သံနှင့်အတူ ရောက်ချလာသူက အဘွားဇုံ ။ ရုတ်တရက် ရွာသားများထိတ်လန့်ပြီး ငြိမ်ကျသွားသည်။
    အဘွားဇုံကြာဖြူနား ဒေါသတကြီးလျှောက်သွားပြီး သူမကိုချည်ထားသည့်ကြိုးတို့ကို စိတ်ဆိုးစွာဖြင့် ဖြည်လိုက်ရင်းနှင့်...
    "မြေးလေးဘာဖြစ်သွားလဲ အဘွားခဏလေး သတိလွတ်သွားတယ် ကလေးရယ်..."
    "ဟင့်..ဟင့် အဘွားရယ် ကြာဖြူ အာ့ကလေးကိုဘာမှမလုပ်ရပါဘူး "
   "အဘွားသိတယ် ဦးနှောက်မရှိတဲ့ အယုတ်တမာရွာသားတွေ ငါသည်းမခံတော့ဘူး နင်တို့အားလုံး ငါကျိန်စာတိုက်ပစ်မယ် တောက်.."
    အဘွားဇုံသည် ကြောက်စရာကောင်းလှအောင် ဒေါသထွက်နေပြီး ဂါထာတစ်ခုကို စိတ်ဆိုးမာန်ဆိုးရွတ်ဆိုလိုက်သည်။
     ရွာသားတို့သည် ထိတ်လန့်ကာ ကြောင်ငေးပြီးမှင်သက်နေစဉ်နတ်ဆရာက ..
    "ဘာမှမကြောက်နဲ့ ကျွန်းစောင့်နတ်တွေ ငါတို့ကိုကာကွယ်လိမ့်မယ် ဒီအဘွားကြီးကို အရင်သတ်.."
   နတ်ဆရာ၏လူံ့ဆော်မူကြောင့် ရွာသားအားလုံး လူပ်လူပ်ရှားရှားပြန်ဖြစ်လာပြီးနောက်
   "ဟုတ်တယ် မကြောက်နဲ့ သတ်ပစ်.."
   "သေစမ်း အဘွားကြီး စုန်းမကြီး"
   ကြောက်မက်ဖွယ်ကြွေးကြော်လိုက်ပြီး အဘွားဇုံအားလက်နက်တို့ဖြင့် ပစ်ပေါက်ကြလေရာ..
    အဘွားဇုံ ဘယ်လိုမှရှောင်ချိန်မရလိုက်ပါ။ ချွန်ထက်သောလှံတစ်စင်းက အဘွားရင်ဝတည့်တည့် လာစိုက်သွားသောအခါ.. 
   "အ..."
   "ဟင်..အဘွား.."
   ကြာဖြူမျက်လုံးများပြာတက်သွားပြီး အဘွားကိုပြေးထူလိုက်သည်။ အဘွားကာ နာကျင်မူဒဏ်ကို အံကြိတ်ထားပြီး
   "မြေးလေး သွား.. ထွက်ပြေး ထွက်ပြေးတော့"
    "ဟင့်အင်း.. ကြာဖြူ အဘွားကိုမထားခဲ့နိုင်ဘူး"
    အဘွားဇုံသည် သွေးတွေတလဟော စီးကျနေသည့်ကြားမှ အတင်းအားတင်းထားရင်းနှင့် မြေးဖြစ်သူအတွက် စိုးရိမ်စွာဖြင့် တုန်တုန်ယင်ယင်ပြောရှာသည်။
    "သွား.. သွားတော့ မြေး သူတို့လက်ထဲ အသေမခံနဲ့ လွတ်အောင်ထွက်ပြေး.."
    "အဟင့်..ဟင့်.."
    "ပြေးတော့ မြေးလေး အဘွား မြေးလေးနား အမြဲ မြဲ ရှိနေမာ.... သွား သွားတော့..."
    ကြာဖြူ၏မျက်ဝန်းမှမျက်ရည်တို့ အဆတ်မပြတ်စီးကျလာသည်။ သို့သော် ဒီတစ်ခါမျက်ရည်တို့က ကြောက်ရွံ့ခြင်း သွေးပျက်တုန်လူပ်ခြင်း ကူရာမဲ့နေခြင်းတို့အတွက် မဟုတ်ခဲ့ပါ။
    ခါးသက်သောနာကျင်မူနှင့်အမုန်းတရား..
    ဟုတ်တယ်... နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး ထုံကျင်လာတော့သည်။ စပ်ဆုပ်ဖွယ်ကောင်းသော ရွာသားများအပေါ် အမုန်းတရားတို့က နှလုံးသား၏အနက်ရှိုင်းဆုံးသော နေရာမှနိုးထလာလျက် ..
     မျက်ရည်တို့ကတပေါက်ပေါက် ကျလာပြီးနောက်..
    အဘွားကိုရင်နာနာနှင့်ထားရစ်ပြီး ဆတ်ခနဲ့ထကာ တောအုပ်ရှိရာဘက် ပြေးထွက်သွားလိုက်သည်။ ရွာသားတို့သည် ရုတ်တရက်ကြောင်သွားရင်းမှ သတိဝင်လာပြီး
    "ဟာ ကြာဖြူ ပြေးပြီလိုက်... လိုက်..."
    "မလွတ်စေနဲ့ လိုက်ဟေ့.."
     နောက်မှလွင့်ပျံလာသည့်အသံတို့ကြောင့် ကြာဖြူခွန်အားမဲ့နေသည့်ကြားမှ ပိုပြီးအားစိုက်ပြေးတော့သည်။ ရုတ်တရက် မိုးကသည်းကြီးမည်းကြီး ရွာချလိုက်သည့်အခါဝယ်...
     သူမ မရပ်နားရဲ... သူမနောက်တွင် သူမကိုအမဲဖျက်ရန် ဓားလှံတုတ်ကိုင်ဆောင်ထားသည့် ရွာသားတို့၏ခြေသံများက အထင်းသား ကြားနေရဆဲ...
    ပြေးရင်း မောပန်းနာကျင်လွန်းသဖြင့် မျက်ရည်များက အဆက်မပြတ်စီးကျလာသည်။ တစ်လမ်းလုံးတရွတ်တိုက်ဆွဲခံရသည့် ဒဏ်ကြောင့် သူမခြေထောက်တို့က နာကျင်နေသည့်တိုင် အသက်ရှင်လွတ်မြောက်ဖို့အတွက် သူမပြေးနေရသည်။ 
     မိုးသည်းသည်းကြားမှ သစ်ပင်သစ်ကိုင်းကျောက်တုံးတို့ကို မကြာခဏတိုက်မိသဖြင့် ခြေလှဲသွားသည်မှာ အကြိမ်ကြိမ်။ အသည်းခိုက်မတက် နာကျင်လွန်းသည့်တိုင် သူမ ပြန်လူးလဲထပြီး ပြေးသည်...။ သူမမျက်ရည်တို့က မိုးရည်နှင့်အတူ ရောထွေးလျက်
    ရင်ထဲတွင် နာသည်ထက်မကနာလွန်းနေသည်။ သူမဘဝ၏တစ်ဦးတည်းသော တွယ်တာစရာ အဘွားမရှိတော့ပါ။ သူမရှေ့တွင်ပင် ရက်စက်သောလူတွေ၏လက်ချက်ဖြင့် ဆိုးဝါးစွာ အဆုံးသတ်သွားရရှာသည်။
   ဘာကိုမျှော်လင့်ပြီး ဆက်အသက်ရှင်မှာလဲ..
   ရင်တစ်ခုလုံးကွဲကြေလုမတက် ကြာဖြူ နာကျဉ်းမိသည်။ သူမဘာမှမလုပ်သော အပြစ်တို့အတွက် ပေးဆပ်ရသည်မှာ ထိုက်တန်ပါရဲ့လား...
    ပြီးတော့ သူမကိုချစ်လှပါသည်ဆိုသော မင်းစက္ကရာဘယ်ပျောက်နေခဲ့သလဲ...
    ကြာဖြူ အံကိုတင်းတင်းကြိတ်ထားမိသည်။ သူမမျက်ဝန်းတွင် မျက်ရည်တွေခမ်းခြောက်သွားသည်အထိ ရင်ထဲ အမုန်းတရားတို့က လောင်မြိုင်သွားသည်။
    အံကိုကြိတ်ထားလွန်းသဖြင့် နူတ်ခမ်းသားတို့ ပေါက်ကာ သွေးများပင်စို့တက်လာသည်..
    အနက်ရှိုင်းသောအမုန်းတရားမီးနှင့် နာကျဉ်းချက်တို့က သူမတစ်ကိုယ်လုံး တရိပ်ရိပ်တောက်လောင်လာတော့သည်။
   လူသားတို့သည် ဖြူစင်ခြင်းတရား မေတ္တာတရားနှင့် လုံးဝမထိုက်တန်ပါ...
   ဤဆိုးဝါးသောအပြုအမူတွေအတွက် သူမ သည်းခံသင့်ရဲ့လား..
   ဘယ်သောမှသူမဖက်မရှိခဲ့သော ကံတရားကိုလည်း ကြာဖြူ ခါခါသီးသီး နာကျဉ်းမိသည်။
    မိုးကားလုံးလုံးတိတ်သွားသည်... လပြည့် ဖြစ်သည်ထင်ပါ့.။ မိုးတိတ်သွားသည်နှင့် လရောင်ကား အံ့သြဖွယ်ကောင်းအောင် ဖြာထွက်လာသည်.
    ထိုလရောင်အောက်တွင် လူကိုလူချင်းမုဆိုးလိုက်သော ရက်စက်လွန်းသည့်သတ်ပွဲကား ကျိန်စာဆိုးတစ်ခုနှယ်...
    လမ်းတွင် မြွေအချို့၏နှောင့်ယှက်မူကြောင့် ရွာသာများကတော်တော်နှင့် သူမကို လိုက်မမှီနိုင်ခဲ့ပါ။ သို့သော် သူမဆက်မပြေးနိုင်တော့ပါ။ အားအင်တွေကုန်ခမ်း၍ အသက်ရူမဝအောင် မောပန်းနေပြီဖြစ်သည်..။
    နာကျဉ်းမှုနှင့်အမုန်းတရားတို့ကလည်း သူမကိုပို၍မွန်းကျပ်ကာ ပင်ပန်းလွန်းစေခဲ့သည်။
     ထိုထက်ပို၍ဆိုးဝါသည်က ရွာသားတစ်ယောက်ပစ်ပေါက်လိုက်သော လှံကသူမအား ရှပ်ထိုးသွားခဲ့ပြီဖြစ်သည်။
    ခါးထက်နားဆီမှ တစက်စက်ကျနေသည့် သွေးတို့ကိုလက်ဖြင့်ဖိထားရင်းမှ မျက်ရည်တို့က ခြောက်သွေ့သွေ့စီးကျလာသည်။
   ဒီနာကျင်ပင်ပန်းမူတွေကို ရင်ထဲမခံစားရတော့ပါ။ သူမရင်ထဲက နာကျဉ်းမူနှင့်အမုန်းတရားတို့က တောက်လောင်လွန်းနေပြီဖြစ်သည်။ 
    ဟော... ဟိုမှာ လမ်းဆုံးပြီ ချောက်ကမ်းပါးထိပ်ကြီး...
    ချောက်ကမ်းအောက်ငုံ့ကြည့်တော့ မိုးရွာထားသဖြင့် ပင်လယ်ရေလိုင်းတို့က ကြောက်မက်ဖွယ်ကောင်းလောက်အောင် တဝုန်းဝုန်းနှင့်..
    ကြာဖြူခပ်မဲ့မဲ့ပြုံးလိုက်သည်။ အမုန်းတရားတို့ကြောင့် သူမမျက်ဝန်းတို့က မီးတောက်တစ်ခုနှယ် ကြောက်မက်ဖွယ် အတိဖြစ်လာသည်.. ။
    သူမချောက်ကမ်းပါးထိပ်တွင် မားမားရပ်တည်လိုက်ပြီး ရွာသားတို့ကို စောင့်နေလိုက်သည်.။
    ခါးသက်သောအမုန်းတရားတို့နှင့် သေခြင်းတရားကို ကြာဖြူတစ်ယောက် အေးစက်စက်ရင်ဆိုင်လိုက်သည်..။
    မကြာမီ ရွာသားများသူမဆီရောက်လာသည်။ ကမ်းပါးထက်မတုန်မလူပ်ရပ်နေသည့် ကြာဖြူကိုမြင်တော့ ရုတ်တရက်ခြေလှမ်းတွေ ရပ်တန့်ကုန်သည်။
     ကြာဖြူကား သူတို့မြင်နေခဲ့ဖူးသည့် ပုံစံမဟုတ်တော့ပါ။ ခက်ထန်သောမျက်ဝန်းတို့က ရွာသားများစွာ၏ခြေလှမ်းကို ရပ်တန့်သွားစေသည်အထိ ပြင်းထန်လွန်းလှသည်။
    ဆံနွယ်ရှည်တို့က လေတွင်ဝဲခါလျက်..
    အဖြူရောင်ဂါဝန်တွင် အနီရောင်သွေးတို့ စွန်းပေနေသည်မှာ ကြက်သီးထဖွယ်အတိ..
    သူမနူတ်ခမ်းတို့သည် အေးစက်စက်အပြုံးတို့နှင့်..
   ခါးသက်သောအမုန်းတရားတို့ကြောင့် သူမနူတ်ဖျားမှပြင်းထန်သော ကျိန်စာဆိုးတစ်ခု ထွက်ကျလာသည်။
   "ငါဘာမှမလုပ်ခဲ့ဘူး ငါစေတနာထားခဲ့တယ် ဒါပေမယ့်နင်တို့ကငါ့ကို အရာအားလုံးဖျက်ဆီးခဲ့တယ် နင်တို့တွေဟာ ခွင့်လွတ်ခြင်းနဲ့မထိုက်တန်တော့ဘူး ငါနင်တို့အားလုံးကို ဘဝအဆက်ဆက် လုံးဝခွင့်မလွတ်ဘူး ငါသေသွားလည်း နင်တို့လွတ်မြောက်ပြီမထင်နဲ့ ငါပြန်လာမယ် ငါကနင်တို့သေခြင်းတရားကို ဖန်တီးပေးမယ် ဒါပေမယ့် နင်တို့အားလုံးသေသွားလည်း ငါ့အရိပ်ကနေ မလွတ်မြောက်စေရဘူး အကြောက်တရားတွေနဲ့ ငါ့နားမှာ နင်တို့အမြဲရှိနေရမယ်..
     ငါ့နာမည်ကြားတိုင်း နင်တို့အားလုံးသွေးပျက်စေရမယ် ငါ့နာမည်ကြားတိုင်း နင်တို့အားလုံး ကြောက်ရွံ့တုန်လူပ်စေရမယ် ငါ့နာမည်ကြားတိုင်း နင်တို့ငါခံစားရတာထက် အဆပေါင်းများစွာခံစားရပြီး အကြိမ်ကြိမ် သေဆုံးစေရမယ် ဒါပေမယ့် နင်တို့ဘယ်သောမှ မလွတ်မြောက်စေရဘူး...
     ကြာဖြူရဲ့အရိပ်အောက်မှာ အကြောက်တရားတွေနဲ့ နင်တို့အားလုံးဝိညာဉ်တွေ အမြဲသွေးပျက်နေရမယ် ဒီနေ့ကစပြီး အကြောက်တရားတွေနဲ့ နင်တို့အားလုံး ရှင်သန်နေရမယ် ဒီလိုနေ့မျိုးမှာ ငါ့ကိုနင်တို့အားလုံး အမှတ်ရနေရမယ် ဒါငါ့ကျိန်စာပဲ..."
    သူမအမုန်းတရားများစွာဖြင့် နာကျဉ်းစွာ ဒေါသတကြီးကျိန်ဆိုသံအဆုံး ပင်လယ်သည် ကြောက်မက်ဖွယ်ကောင်းအောင် တဝုန်းဝုန်းလိုင်းထန်လာသည်။
    ပတ်ဝန်းကျင်သည် သွေးပျက်ဖွယ်ကောင်းအောင် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်..
    အေးစက်စက်အပြုံးတို့ဖြင့် ကြာဖြူသည် ကမ်းပါးချောက်မှသည် နက်ရိုင်းသောပင်လယ်တွင်းသို့ ခုန်ကျသွားလေသည်။ ထို့နောက် တဝုန်းဝုန်း အော်ဟီးနေသည့်လိုင်းလုံတွေကြား စုန်းစုန်းမြှပ် ပျောက်ကွယ်သွားလျက်..
     ပုလဲနတ်ရွာသူရွာသားတို့သည် ကြောက်ရွံ့တုန်လူပ်စွာ ခြေလှမ်းတွေ ပျက်ကုန်သည်။ ကြာဖြူ၏ကျိန်စာက သူတို့အားလုံးကို အမှန်တကယ် သွေးပျက်သွားစေခဲ့သည်။
    ကြာဖြူ၏သေခြင်းတရားက သူတို့အားလုံးမျှော်လင့်သလို သူတို့အား ပျော်ရွှင်ကျေနပ်မူမဖြစ်စေခဲ့ပါ။ လေးပင်သော ခြေလှမ်းများဖြင့် သူတို့ရွာပြန်လာခဲ့သည်။
    တစ်စုံတစ်ရာသည် အမှန်တကယ်မှားယွင်းခဲ့ပြီလား
   သေချာသည်ကအားလုံးရင်ထဲ ကြောက်ရွံ့မူတွေဖြစ်လာစေခဲ့သည်။ ဘာများဖြစ်လာမှာလဲဆိုသည့် စိုးရွံ့သည့်စိတ်များဖြင့် တစ်နေ့ပြီးတစ်နေ့ ဖြတ်ကျော်ခဲ့သည်။
    သို့သော်ရက်အတန်ကြာသည်အထိ ဘာမှ ထူးထူးခြားခြားဖြစ်မလာသဖြင့် သူတို့အားလုံး စိတ်အေးလက်အေးရှိလာသည်။
    မေ့မေ့ပျောက်ပျောက်ပင် ထားလာနိုင်တော့သည်။ သို့သော် ကြာဖြူသေဆုံးပြီး တစ်လတိတိပြည့်သည့်နေ့...
    လပြည့်နေ့..
    ပို၍တိကျစွာပြောရမည်ဆိုပါက မင်းစက္ကရာနှင့်နတ်ဆရာ၏တူမတို့၏ မင်္ဂလာပွဲကျင်းပမည့်နေ့..
   ကြောက်ရွံ့တုန်လူပ်ဖွယ်အဖြစ်ဆိုးတစ်ခု စတင်လာတော့သည်။ မင်းစက္ကရာသည် ဒဏ္ဍရီထဲမှ ထူးဆန်းသောမြွေတစ်ကောင် အကိုက်ခံလိုက်ရသည်။
    အကိုက်ခံရသည့်နေရာတွင် ကြာရွက်ပုံဒဏ္ဏန် ပေါ်လာပြီးနောက် ပြင်းထန်ဆိုးဝါးသော ဝေဒနာကို ခံစားလိုက်ရသည်။
    မည်သည့်ဆေးဆရာမှ ကုလိုက်ချိန်မရ။ အချိန်ရလျှင်ပင် ကုစရာဆေးရှိမည်မဟုတ်ပါ။ တစ်ကိုယ်လုံး မီးလောင်မြိုက်သကဲ့သို့ ဝေဒနာဆိုးဝါးစွာခံစားပြီးနောက် မင်းစက္ကရာ ဆုံးပါးသွားခဲ့ရှာသည်။
    မင်္ဂလာပွဲကျင်းပသည့်အိမ်သည် အသုဘအိမ် ဖြစ်သွားရှာသည်။ အစိမ်းသေဖြစ်၍ ရွာဓလေ့အတိုင်းအလောင်းကို ရွာပြင်မှာ ထားသည်။
   သို့သော်ထိုညမှာပင် မင်းစက္ကရာ၏အလောင်းသည် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သည်။ ပို၍ သွေးပျက်ဖွယ်ကောင်းသည်က ရွာသားအချို့၏ စကားများပင်...
    မင်းစက္ကရာ၏အလောင်းကို မြွေကြီးတစ်ကောင်ရစ်ပတ်ပြီးယူသွားကြောင်း၊ အဖြူရောင်ဂါဝန်နှင့် မိန်းကလေးတစ်ယောက်ကိုပါ တွေ့လိုက်ရကြောင်း ထိတ်လှန့်တုန်လူပ်စွာ ပြောဆိုနေကြသည်။ ထိုစကားသည် မသေချာသည့်တိုင် တစ်ရွာလုံးပြန့်နှံ့သွားခဲ့သည်။
   "ဘုရားရေ ကြာဖြူပြန်လာပြီထင်တယ်.. "
   "သူပြန်လာတာသေချာတယ် သူငါတို့ကို ကျိန်စာတိုက်ခဲ့တာ တကယ်ဖြစ်လာတော့မှာ ဘုရားဘုရား"
   "ငါတို့အားလုံးကို သူလက်စားပြန်ချေတော့မယ် သူခွင့်လွတ်မှာမဟုတ်ဘူး "
    ရွာသူရွာသားများက တစ်ယောက်တစ်ပေါက်ပြောဆိုရင်း ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ထိုချိန်မှစ၍ ညမှောင်သည်နှင့်ခွေးများကာ ရွာလုံးကျွတ်နီးပါး ကြောက်မက်ဖွယ်ကောင်းအောင် ထအူကြသည်။
    ညည့်နက်သန်းခါအချိန်ရောက်တော့ တချို့က မြင်လိုက်ရသည်။  အဖြူရောင်ဂါဝန်ရှည်နှင့် ကြာဖြူသည် ရွာလမ်းမကြီးအတိုင်း သွားလာနေသည်..။
     သူမ၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းအောင် အေးစက်လွန်းနေသည်။ တစ်ခါတရံကြာဖြူကို မတွေ့ရပါ။ အဘွားအိုတစ်ယောက် လျှောက်သွားနေသည်ကို တွေ့ရသည်.
    အဘွားဇုံဖြစ်မည်ထင်သည်...
   ညည့်နက်ချိန်ဝယ် ပလုံးပထွေးစကားသံများနှင့် အဘွားအို၏ရယ်သံများကလည်း သူတို့အားလုံးကို အသက်ပင်ရဲရဲမရှုရဲအောင် ကြောက်ရွံ့တုန်လှုပ်နေကြသည်။
    ရွာသည်ညရောက်သည်နှင့် သိသိသာသာ ခြောက်ကပ်လာသည်။ နေဝင်သည်နှင့် အားလုံးကာအိမ်တံခါးပိတ်ကား အိမ်ထဲမှ အိမ်ပြင်မထွက်ရဲကြတော့ချေ..။
   သို့သော် သူတို့ရဲရဲပင်အိပ်မပျော်ရဲကြတော့ပါ။ ညည့်နက်ရောက်လာတိုင်း လန့်နိုးလာကြသည်။ အိမ်ရှေ့ကဖြတ်လျှောက်သွားသည့် တဖြတ်ဖြတ်ခြေသံကြားတိုင်း အသည်းကလီစာတွေ ဆွဲနူတ်ခံရသည့်အလား ကြောက်ရွံ့တုန်လူပ်ကြသည်။
    ကလေးများကလန့်ဖျတ်ပြီး ငိုကြသည်။ တချို့ကား လန့်ဖျားဖျားကုန်သည်။ နောက်ဆုံး သေဆုံးသည်အထိ ပြင်းထန်လာတော့ ရွာသူရွာသားအားလုံး မနေသာတော့ပါ။
    နတ်ဆရာဆီသွားပြီး အကူအညီတောင်းကြသည်။ နတ်ဆရာက မိမိထံအားကိုးတကြီးလာသော ရွာသားများအား ဘာမှမကြောက်ရန်ပြောဆိုပြီး နတ်ပင့်ကာ ဆုတောင်းပွဲလုပ်ဖို့ စီစဉ်ခိုင်းသည်..
    "ကျုပ်တို့အားလုံးရွာပြင်ဖို့လိုပြီ ဒီကျွန်းမှာရှိတဲ့မကျွတ်မလွတ် အစိမ်းသေဝိဉာည်အားလုံးပင့်ပြီး ကန်တော့ပွဲလုပ်ရမယ် သူတို့အကူအညီနဲ့ ဟိုမြေးအဘွားကို တိုက်ထုတ်ရမယ်"
     ရွာသားတို့သည် အန္တာရယ်ကြီးလှသော ရွာကန်တော့ပွဲကို စိတ်အားထက်သန်စွာ စီစဉ်ကြသည်။ ဤဝိဉာည်ပင့်ပူဇော်ကန်တော့ပွဲကား မလိုအပ်ဘဲ သူတို့ကျင်းပလေ့မရှိပါ။
    သားရဲတိရိစ္ဆာန်ပေါင်းအမျိုး၂၄မျိုး၏ သွေးဖောက်ကာ ယစ်ပူဇော်ခြင်းတစ်မျိုးပင်။ ဝိဉာည်စိမ်းတို့ကိုပင့်ကား သွေးစိမ်းတို့ဖြင့်ပူဇော်ကာ လိုရာတောင်းဆိုရသောကြောင့် အမှားအယွင်း လုံးဝအဖြစ်ခံ၍မရပါ။
    မတော်တဆတစ်စုံတစ်ရာ မှားယွင်းသွားပါက ကျွန်းပေါ်ရှိမကျွတ်မလွတ်သေးသည့် ဝိဉာည်များစိတ်ဆိုးကာ ရွာပင်ပျက်သွားနိုင်သည်ဟု အဆိုရှိကြသည်။
    ထို့ကြောင့် သူတို့အားလုံးကန်တော့ပွဲကို သတိကြီးစွာဂရုတစိုက်စီစဉ်ကြသည်။ ကန်တော့ပွဲ ကျင်းပသည့်ညတွင်..
    နတ်ဆရာသည် သွေးစိမ်းထည့်ထားသည့် ပန်းကန်ကိုပင့်ပြီး ကျွန်းပေါ်ရှိ မကျွတ်မလွတ်အပေါင်းတို့ကို ပင့်ဆောင်ရန် ဂါထာအချို့ကို ရွတ်ဆိုနေသည်..။
   ရွာသားများကာ နောက်တွင်ငြိမ်သက်စွာထိုင်ပြီး ဆုတောင်းနေချိန်ဝယ်...
   နတ်ဆရာကြီးသည် ဂါထာရွတ်ဆိုပြီး မျက်လုံးအဖွင့် သူ့ရှေ့မလှမ်းမကမ်းတွင် မြင်လိုက်ရသည်က
   စိမ်းတောက်သော မျက်ဝန်းများနှင့်ကြာဖြူ...
   "ဟင်..."
    ရုတ်တရက်မြင်လိုက်ရသောကြောင့် နတ်ဆရာကြီးသည် လန့်ဖျပ်သွားပြီး ဟန်ချက်ပျက်သွားသည်။
    သူဟန်ချက်ပျက်သွားသည်နှင့် လက်ထဲပင့်ထားသည့် သွေးပန်ကန်ကြီးကာ တိမ်းစောင်းသွားပြီးနောက် ပန်းကန်ထဲမှ သွေးရည်စက်တို့က အစီရင်နှင့်ပြုလုပ်ထားသည့် အင်းဖယောင်းတိုင်များပေါ်သို့ဝေါခနဲ့....
    "ဟာ...."
    "ဟင်..."
     အားလုံးအထိတ်အလန့်နှင့် လူပ်လူပ်ရှားရှား ဖြစ်ကုန်သည်။ အင်းဖယောင်းတိုင်မီးအားလုံး ဝုန်းခနဲ့ငြိမ်သွားသည့်အခါ လေပြင်းများက ရုတ်ချည်းလိုပင် တဝေါဝေါနှင့် တိုက်ခတ်လာသည်။
    လေပြင်းနှင့်အတူရောပါလာသည်က အသည်းပျက်ဖွယ်ကောင်းသော ညည်းညူသံများ...
    "ဟာ ကန်တော့ပွဲအမှားအယွင်းဖြစ်သွားပြီ ဒုက္ခတော့ရောက်ပါပြီ.."
   "ပြေးကြ... ရွာထဲ ပြေးကြဟေ့.."
    နတ်ဆရာကြီးသည် ကန်တော့ပွဲပျက်သွားကြောင်း သိလိုက်သည်နှင့် ချက်ချင်းပင်..
    "ဟေ့ မပြေးကြနဲ့ဦး စည်းဝိုင်းမှာပဲနေ ပြန်တောင်းပန်ပြီး ပြင်လို့ရတယ် ဒီတိုင်းထွက်ပြေးရင် အခြေအနေပိုဆိုးသွားမယ် ငါ့စကားနားထောင်ကြစမ်း"
    သို့သော်ရွာသားများကာ ထိန်းမရတော့ပါ။ ကန်တော့ပွဲမှားယွင်းသွားကြောင်းသိသည်နှင့် ရုတ်ရုတ်သည်းသည်းဖြစ်ကား ကြောက်လန့်တကြား ထွက်ပြေးကုန်သည်။
    အခြေအနေသည်ချက်ချင်းလိုပင် ဆိုးဝါးလာသည်။ လေပြင်းများတိုက်ခတ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်လာသည်။
  ကန်တော့ပွဲတွင်ထိတ်လန့်ဖွယ်ကျန်ရစ်ခဲ့သူက နတ်ဆရာကြီးတစ်ဦးတည်းသာ...
  ထိုအချင်းအရာကို စူးစိုက်ကြည့်နေသည့် ကြာဖြူသည် အောင်နိုင်သောအပြုံးတို့ဖြင့် ထွက်ခွာသွားသည်ကိုတော့ မည်သူမှသိလိုက်မည် မဟုတ်ပါ။
    တစ်ညလုံးမုန်တိုင်းသည် ကြောက်မက်ဖွယ်ကောင်းအောင် သောင်းကျန်းနေခဲ့လေသည်။
   ထို့နောက်.....
   မနက်ရောက်သည့်အခါတွင်တော့ ပုလဲနတ်ရွာသူရွာသားများအားလုံး ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရတော့သည်။
    ကန်တော့ပွဲကျောက်စင်ပေါ်တွင် ရုပ်ပျက်ဆင်းပျက်သေဆုံးနေသည့် နတ်ဆရာကြီး၏အလောင်းပင်..
    အလွန်တရာကြောက်ရွံ့ထိတ်လန့်ဟန်ဖြင့် သေသွားသည့်နတ်ဆရာကြီးသည် မည်သည့်အရာနှင့် ကြုံတွေ့ခဲ့လေသနည်း...
   မည်သူကနတ်ဆရာကြီးကို သေဆုံးစေခဲ့သနည်း ။ ဘယ်သူမှအဖြေမထုတ်နိုင်သည့်တိုင် အားလုံးသောရွာသားများ၏ ရင်ထဲတွင်တော့ ခံစားချက်တစ်ခုသာ ကိန်းဝပ်နေသည်။
    ထိုအရာကား...အကြောက်တရား
    ဟုတ်သည်။ ကြာဖြူကျိန်ဆိုထားသည့်အတိုင်း သူတို့အားလုံး အကြောက်တရားနှင့် နေ့စဉ်ရှင်သန်နေကြသည်။ 
   အထူးသဖြင့် မင်းစက္ကရာ၏မိဘဆွေမျိုးများ...
   မင်းစက္ကရာ၏အဒေါ်ဖြစ်သူသည် အပြစ်များစွာ ပြုလုပ်ထားခဲ့သူပီပီ ကိုယ့်လိပ်ပြာကိုမလုံကာ အမြဲသွေးပျက်နေခဲ့သည်။ နောက်ဆုံး ထိုအကြောက်တရားများက သူ့ကို ဘယ်လောက်ထိတောင်များ နှိပ်စက်လိုက်သည် မသိ..
    အဝတ်စဖြူမြင်တိုင်း ကြောက်လန့်တကြား အော်ဟစ်ကာ သွပ်သွပ်ခါအောင် ရူးသွပ်သွားခဲ့သည်။ ညတစ်ညတွင်တော့ မျက်လုံးပြူးမျက်ဆန်ပြူးနှင့် အိမ်အောက်တွင် နှလုံးသွေးပျက်ကား သေဆုံးသွားခဲ့ရှာသည်။
    မင်းစက္ကရာ၏ မိဘများသည်လည်း ရွာတွင်မနေဝံ့တော့ဘဲ ထွက်ပြေးဖို့ ကြိုးစားသည်။ သို့သော်၎င်းတို့စီးနင်းသည့်လှေကြီးသည် ကမ်းခွာခါစမှာပင် ရုတ်တရက်ရေအောက်က တစ်စုံတရာဆွဲတွန်းလိုက်သကဲ့သို့ တိမ်းမှောက်သွားသည်... ။
    ပင်လယ်ပြင်တွင် သူတို့၏ ထိတ်လန့်ဖွယ်အော်သံတို့က ဆူညံနေသည့်တိုင် မည်သူမှဆင်းမကယ်ရဲခဲ့ချေ။ ထို့နောက် နောက်မနက်ခင်းတွင်တော့ ၎င်းတို့၏အလောင်းများကို ကမ်းစပ်တွင် စီစီရီရီတွေ့လိုက်ရသည်။
    ထူးဆန်းသည်က ရေနစ်သေဆုံးသည့်အနေအထားမျိုးမဟုတ်ဘဲ အလွန်တရာထိတ်လန့်သွေးပျက်နေသည့် မျက်နှာများနှင့် မျက်လုံးများပြူးထွက်ကာ အသက်မဲ့နေခြင်းပင်။
    ပုလဲနတ်ရွာသူရွာသားများ၏ အကြောက်တရားများကာ ပို၍ဆိုးဝါးလာတော့သည်။
    ညရောက်တိုင်းခွေးအူသံတို့က တစ်ရွာလုံး လွှမ်းခြုံလာသည်။ ရယ်သံအချို့ကို တစ်ခါတလေ ချောက်ချားဖွယ်ကြားခဲ့ရပြန်သည်။
    သည်နောက်တွင်တော့ ရွာတွင်ကပ်ဆိုးတစ်ခု ကျလာခဲ့သည်။ ဆိုးဝါးသောဝမ်းပျက်ဝမ်းလျှောရောဂါ ရွာတွင်ဖြစ်ပွားလာခဲ့ပြီးနောက် ကုသဖို့ရန် ဆေးဝါးမရှိသဖြင့် လူသေဆုံးမူတွေ ဖြစ်လာတော့သည်။
    ထို့နောက် ကူးစက်မြန်သောရောဂါဖြစ်သဖြင့် လျှင်မြန်စွာဖြင့် ရွာလူထုကြားပြန့်နှံ့ကာ လူများစွာ တဖြုတ်ဖြုတ်သေဆုံးကုန်သည်။
   ဥပါယ်ဒဏ်ကြောင့် ဥပါဒ်ဖြစ်သွားခဲ့သည်လား.
   သူတို့အားလုံးရင်ထဲအမြစ်တွယ်နေသည့် အကြောက်တရားက သူတို့ကို ပြန်သတ်စေခဲ့သည်။ ပလိပ်ရောဂါဆိုးကြီးကို ကြာဖြူ၏အငြိုးတရားဖြင့် လက်စားချေသည်ဟု ထင်မှတ်ကာ တစ်နေ့ထက်တစ်နေ့သွေးပျက်ရင်း ခုခံအားနည်းပြီး ရောဂါ၏နှိပ်စက်ဒဏ်ကို အလူးအလိမ့် ခံစားရသည်။
    ရွာ၏လူဦးရေထက်ဝက်နီးပါး သေဆုံးသွားချိန်ဝယ် တချို့ကာ ထွက်ပြေးကုန်သည်။ တချို့ကာ ငိုယိုကား ကြာဖြူကို အသနားခံတောင်းပန်သည်။ အသက်ရှင်လွတ်မြောက်ဖို့ အမျိုးမျိုး ကြိုးစားကြသည်။
    သို့သော်ကြာဖြူ၏အမုန်းတရားတို့ကာ မရပ်တန့်ခဲ့ပါ။ အချို့တလေ ထွက်ပြေးသွားကြသလို ကျန်ခဲ့သူများကလည်း ပလိပ်ရောဂါဆိုးကြောင့် တဖြုတ်ဖြုတ် သေဆုံးသွားသည်မှာ စည်ကားလှသော ပုလဲနတ်ကျွန်းရွာတစ်ခုလုံး ပျက်ဆီးသွားစေသည် အထိပင်။
    ဟုတ်သည်... အင်မတန်စည်ကားခဲ့သော ရွာကြီးကာ ခုတော့ရွာပျက်ကြီးဖြစ်လျက် နေ့ခင်းပင်ဘယ်သူမှမလာရဲသည်အထိ ခြောက်ခြားဖွယ် တည်ရှိနေသည်။
     ပုလဲနတ်ကျွန်းသည် ကြာဖြူ၏ ကျိန်စာသင့်ခဲ့လေသလား
    ဒါမှမဟုတ် ကန်တော့ပွဲမှားယွင်းမူကြောင့် ဖြစ်သွားခဲ့သည်လား
    အဖြေမရှာနိုင်သည့်တိုင် ပုလဲနတ်ရွာကြီးကာ အမှန်တကယ်ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။ သာယာလှပခဲ့သောကျွန်းကြီးကာ ခုတော့ သွေးပျက်ခြောက်ခြားဖွယ်အတိနှင့်..
    ထိုအချိန်မှစ၍ ကြာဖြူနှင့်ပတ်သတ်ပြီး ဘာသတင်းမှ ထပ်မကြားရတော့ချေ။ သို့သော် ပုလဲနတ်ကျွန်းကြီးကာ မကျွတ်မလွတ်သည့်ဝိဉာည်များကြောင့် ထိုအနီးနားတဝိုက် နာမည်ဆိုးနှင့် ကျော်ကြားခဲ့လေသည်။
    ကြာဖြူကျိန်ဆိုခဲ့သည့်အတိုင်း အမှန်တကယ်ပင် သူတို့အားလုံး အကြောက်တရားမှ မလွတ်မြောက်နိုင်ခဲ့ဘူးလား... သူတို့ရှိနေဆဲလား
    သေချာသည်က ဆယ်စုနှစ်တစ်ခုကျော်လွန်သွားသည့်တိုင် ပုလဲနတ်ကျွန်းကို မည်သူမှခြေဦးမလှည့်ရဲခဲ့ပါ။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် အနီးအနားကျွန်းများတွင် လူနေရွာများပေါ်လာခဲ့သည်။
    သို့သော်ပုလဲနတ်ကျွန်းကိုတော့ အားလုံးရှောင်ရှားကြသည်။ ပုလဲနက်တွေပေါများသော နေရာဖြစ်သောကြောင့် မယုံကြည်သော လောဘသားအချို့ကားသွားကြည့်ဖို့ ကြိုးစားသည်။
     ထိုအခါကျွန်းပေါ်က လူပ်ရှားသွားလာသောလူများနှင့် စည်ကားသော ရွာကြီးတစ်ရွာကိုတွေ့ခဲ့ပြီးနောက် ရုတ်ချည်းပင် တစ်ကျွန်းလုံးမှောင်ကျကား ကြောက်မက်ဖွယ် အသံများကြားခဲ့ရပြန်သည်။ စည်ကားသောရွာကြီးသည် ရုတ်တရက်ပျောက်ကွယ်သွားပြီး သွေးပျက်ဖွယ် ပုံရိပ်တို့ကိုတွေ့လိုက်ရသဖြင့် အသက်လုပြီး ကြောက်လန့်တကြား ထွက်ပြေးလာကြရသည်။
    တချို့ငါးဖမ်းသမားများသည် ခရီးလွန်ပြီး ထိုနေရာကိုရောက်သွားသည့်အခါ ခပ်လှမ်းလှမ်းဆီမှ ညှိုးငယ်သောလူအုပ်စုကို ကမ်းစပ်ကနေတွေ့လိုက်ရသည်။
    ထို့နောက် သူတို့ကိုလက်ယှက်ခေါ်နေသည်ကိုမြင်တော့ ကြောက်လန့်တကြား ထွက်ပြေးရပြန်သည်။ တချို့လမ်းမှားရောက်သွားသူများကလည်း ကမ်းစပ်ကနေ ကယ်ကြပါဟူသော ညည်းညူသံများကို ထိတ်လန့်ဖွယ် ကြားခဲ့ရသည်။
     အရိပ်မဲမဲများကိုလည်း နေရာအနှံ့တွေ့လိုက်ရသည်ဟု ဆိုကြပြန်၏။ မည်သို့ပင်ဖြစ်စေ ပုလဲနတ်ကျွန်းကြီးကာ အမျိုးမျိုးသောခြောက်လန့်မူတွေဖြင့် မည်သူမှ နေ့ခင်းချိန်တွင်ပင်မလာရဲသည့် နေရာဆိုးတစ်ခု ဖြစ်ခဲ့သည်။
    အခုတော့ နှစ်နှစ်ဆယ်နီးပါးရှိခဲ့ချေပြီ...
    ပုလဲနတ်ကျွန်းကြီးသည် ကြာဖြူ၏ကျိန်စာအောက်တွင် ရွာပျက်ကြီးကို ထွေးပိုက်လျက် အထီးကျန်စွာရှိနေဆဲ..
   သူတို့အားလုံးသည်လည်း ကူရာမဲ့ဘဝဖြင့် မကျွတ်မလွတ် ရှိနေဆဲလား... အကြောက်တရားများကြား ထပ်ခါထပ်ခါ သေဆုံးနေဆဲလား....
    သေချာသည်တစ်ခုကတော့ ထိုနယ်မြေတဝိုက်တွင် ကြာဖြူဟုအသံကြားရုံနှင့် အားလုံးကြောက်ရွံ့တုန်လူပ်သွားကြသည်။ ကြာဖြူပန်းကိုပင် တော်ရုံနှင့်မည်သူမှ မထိကိုင်ရဲပါ...
    အမှန်တကယ်ပင် ကြာဖြူ၏ကျိန်စာအသက်ဝင်သွားခြင်းလား
   သူမသည် အကြောက်တရားအားလုံး၏မိဖုရား ဖြစ်သွားခဲ့လေသည်မှာအမှန်ပင်။
    ပုလဲနတ်ကျွန်း၏ရာဇာဝင်ကာ တဖြည်းဖြည်း တိမ်မြှပ်ပျောက်ကွယ်သွားသည့်တိုင် သူမ၏နာမည်ကိုတော့ အကြောက်တရားများနှင့်အတူယှဉ်တွဲပြီး ထိုနယ်မြေမှ လူများသတိတရရှိကြကုန်သည်။
     ထို့နောက်အချိန်သည် တဖြည်းဖြည်းကုန်လာပြီးနောက် ပျောက်ကွယ်သွားခဲ့သည့်သူမ ပြန်နိုးထလာခဲ့ပြီလား
  ကြာဖြူ ပြန်နိုးထလာခဲ့ပြီလား...
  ....................................................

ကြာဖြူ(ကြာဖြူ) Where stories live. Discover now