Part-5

1.6K 156 1
                                    

Unicode

~~ကြာဖြူ~~
အပိုင်း(၅)

    "ခရာ...."
    "ခရာ..."
    ဟိုးအဝေးမှဆွဲဆွဲငင်ငင်ခေါ်နေသည့် အသံကြောင့် ခရာ့ခြေလှမ်းတို့က တရွေ့ရွ့လှမ်းနေရင်း အသံပိုင်ရှင်ကို လိုက်ရှာနေမိသည်။
    ခေါ်သံကနီးလာလိုက် ဝေးလာလိုက်နှင့်..
ပတ်ဝန်းကျင်တစ်ခုလုံးလည်း မြူနှင်းတွေ ပြည့်နေသဖြင့် မြင်ကွင်းတွေကဘာမှမသဲကွဲ...။
    သူမ....ဘယ်ရောက်နေပါလိမ့်..
    အသံတိတ်သွားသဖြင့် ခရာဇဝေဇဝါဖြင့် ရပ်နေမိစဉ်..
    "ခရာ..."
    ဟော... ကြားရပြန်ပြီ။ စွဲငင်မှုအပြည့်ရှိသော ယောကျာၤးတစ်ယောက်၏ အသံသြဇာကို သူမဘယ်လိုမှမလွန်ဆန်နိုင်ဖြစ်လေရာ..
    အသံကြားရာဆီသို့ စိုးရွံစွာလျှောက်လာမိစဉ် မြူနှင်းတွေကြားမှ ရုတ်တရက်မြင်လိုက်ရသည်က
    ကြီးမားသော ရေကန်ပြာကြီးတစ်ခု...
    ပြီးတော့ ကြာပန်းတွေအပြည့်နှင့်..
    ခရာ့ခြေလှမ်းတွေတုန့်ခနဲ့ရပ်သွားပြီး လှပလွန်းသောရေကန်ကြီးကို သတိလက်လွတ် ငေးကြည့်နေမိသည်။
    "ရေကန်ကြီးက... လှလိုက်တာ"
    "မဟုတ်ဘူးခရာ ရေကန်ကခရာထင်သလို မလှဘူး အဲ့ဒီရေကန်အောက်မှာ ကြောက်စရာကောင်းတဲ့ကျိန်စာနဲ့ စက်ဆုပ်ဖို့ကောင်းတဲ့ သေခြင်းတရားတွေရှိနေတယ်"
     "ဟင်..."
    ရုတ်တရက်ထွက်လာသည့်အသံကြောင့် ကျောထဲစိမ့်သွားရင်း ခရာပတ်ဝန်းကျင်ကို အထိတ်တလန့်ကြည့်မိတော့ မြူတွေကလွဲ၍ ဘာမှရှိမနေသည့်တိုင် အသံကတော့ ထွက်ပေါ်လာဆဲ....
    "စိတ်ငြိမ်ငြိမ်ထားပြီး ရေကန်ကိုစိုက်ကြည့်ပါခရာ အဲ့ဒီအောက်မှာ သနားစရာကောင်းတဲ့ဝိညာဉ်တွေ အများကြီးရှိနေတယ် "
    ခရာဘာကြောင့်မှန်းမသိ သူခိုင်းသည့်အတိုင်း ကန်ရေပြင်ကို စိုက်ကြည့်နေမိပြန်သည်။ စိတ်အာရုံတွေစုစည်းပြီး အတန်ကြာအောင် ကြည့်နေမိစဉ်....
    ရုတ်တရက် ကန်ရေပြင်ကနီရဲသောသွေးတို့ဖြင့် ပွက်ပွက်ဆူလာပြီးနောက် နားထဲတွင်ကြားလိုက်ရသည်က မချိမရိညှီးညူသံတွေ ...
    ထို့ပြင်.... ငိုကြွေးသံတွေ...
    "ဘုရားရေ.."
     ခရာအထိတ်တလန့်ပင်နောက်ဆုတ်မိပြီး ကန်ရေပြင်မှချက်ချင်းအကြည့်ခွာလိုက်သည်။ ထိုစဉ် ရုတ်တရက်မြင်ကွင်းထဲတွင် ပေါ်လာသည်က မြို့ရိုးတစ်ခု...။
    ရေကန်ကြီး၏တစ်ဖက်ခြမ်းတွင် မြင်နေရသည့်မြို့ရိုးတံတိုင်းကြီးကာ မြူနှင်းတွေကြားမှာပင် ထင်ထင်ရှားရှားရှိနေရာ သူမအံ့သြသင့်စွာ ငေးကြည့်နေမိပြန်သည်။ မှိုင်းညှို့ကာလွမ်းဆွတ်ဖွယ်မြို့ရိုးကြီးသည် အထီးကျန်ဆန်လွန်းနေသယောင်...
    "သူတို့အဲ့ဒီ့နံရံတစ်ဖက်မှာ ပိတ်မိနေခဲ့တာ နှစ်အတော်ကြာခဲ့ပြီ ခရာ.."
    "ရှင်..."
    သူ့အသံကဝမ်းနည်းနေသကဲ့သို့ ဆို့ဆို့နင့်နင့်..။ ခရာနားမလည်စွာဖြင့်...
    "ဘာဖြစ်လို့လဲဟင်..."
    အသံကတိတ်ဆိတ်သွား၏။ ခရာငြိမ်သက်စွာ နားစွင့်နေမိစဉ် ဆိတ်ငြိမ်နေသည့်ကန်ရေပြင်သည် ရုတ်တရက်ကြမ်းတမ်းစွာပင် လှုပ်ခတ်လာပြီး...
     "ဗွမ်း..."
     ရေကန်ထဲမှပေါ်လာသည်က ကြီးမားသော နှစ်ချို့မြွေကြီးတစ်ကောင်။ ဒေါသတကြီးနှာမှုတ်သံနှင့်အတူ စိမ်းတောက်သော မျက်ဝန်းများကလည်း လက်ခနဲ့..
     ခရာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့်...
     "အား....."
    အထိတ်တလန့်အော်ပြီးသည့်နောက်.....။ ခရာသည်အိမ်မက်မှ ဇောချွေးအပြည့်နှင့် နိူးထလာတော့၏။ ထိတ်လန့်စိတ်က မပြေနိုင်သေး။
     ကမန်းကတမ်းရေသောက်လိုက်သည့်တိုင် တော်တော်နှင့် စိတ်မငြိမ်သေးပါ။ တစ်ခါမှမမက်ဖူးသည့်အိမ်မက်အတွက် မျက်နှာလေးထက်ဝယ်ချွေးတို့ကာ မြင်မကောင်းအောင်ပင် ဖြစ်နေတော့၏။ သူမ.. အိမ်မက်မက်နေတာပဲ။
    "အိမ်မက်က ထူးဆန်းလိုက်တာ.."
    သို့သော် မျက်ဝန်းထဲတွင် ကြောက်စရာကောင်းလွန်းသောမြွေကြီးကို မြင်ယောင်မိတော့ ခရာကြက်သီးတွေပင် ထလာသည်။
    အခန်းထဲဆက်မနေရဲတော့သဖြင့် အပြင်ကိုကမန်းကတမ်း ပြေးထွက်လာမိသည်။ အပြင်ဘက်တွင်တော့အမှောင်ထုကာ လွမ်းမိုးနေဆဲ။ ခရာသဘောၤကုန်းပတ်ဆီသို့ တက်လာပြီး ငြိမ်သက်နေသည့် ပင်လယ်ပြင်ကြီးကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။
    ခရာ့အတွက် ပင်လယ်ခရီးစတင်ခြင်းမှာ ထူးဆန်းသည့်အိမ်မက်တစ်ခုက ဆီးကြိုနေခဲ့သည်။ ခရာသည်ပင်လယ်ပြင်ကို စိတ်ရူပ်ထွေးစွာငေးကြည့်ရင်း သက်ပြင်းအခါခါ ချနေမိတော့သည်။
    ဒီခရီးကိုဘာအတွက်ကြောင့်မို့ ခရာ့ကို ကိုကိုခေါ်လာခဲ့ပါလိမ့်...
     "သမီးကိုကိုကကြာဖြူကိုသွားရှာမှာ သမီးကိုခေါ်သွားမှာဘာရည်ရွယ်ချက်မှန်း ကြီးကြီးမသိပေမယ့် အနည်းဆုံးတော့ဒီခရီးမှာ သမီးဘဝအမှန်ကိုသိရမှာပါ ဘာဖြစ်ဖြစ်အားမငယ်နဲ့နော်"
     ကြီးကြီးစကားကိုပြန်ကြားယောင်ရင်း ခရာစိတ်ထဲ မနှစ်မြိုသလိုခံစားလိုက်ရသည်။
     ခရာဘဝ... အမှန်တဲ့
     ခရာဘဝအမှန်က.... ဘာဖြစ်မလဲ
     ဟင့်အင်း.. ခရာမသိချင်ပါ။ ခရာဟာ ကြာဖြူဆိုသောအမျိုးသမီးနှင့် တစ်စုံတရာပတ်သတ်မှုရှိခဲ့ပါက ကိုကိုခရာ့ကိုဘယ်လိုမြင်မှာလဲ..
     ဒီအမုန်းတွေနှင့်တောင် ခရာဒီလောက်ခက်ခဲပင်ပန်းနေတာ..
    "ကျေးဇူးပြု၍.. ကြာဖြူနဲ့ခရာ ဘာမှမပတ်သတ်ပါစေနဲ့ ခရာကိုကိုနဲ့ဒီထက်ပိုပြီး မဝေးချင်တော့လို့ပါ "
     တိုးတိတ်စွာဆုတောင်းမိရင်း ခရာအခန်းထဲ ပြန်ဝင်လာလိုက်သည်။ ညည့်နက်နေဆဲမို့ ထပ်ပြီးအိပ်စက်နိုင်ဖို့ ကြိုးစားကြည့်မိသည်။
     မှေးခနဲ့အိပ်ပျော်သွားတော့ ဒီတစ်ခါ အိပ်မက်မမက်တော့ပါ။ ညကအိပ်ရေးပျက်ထားသဖြင့် မိုးစင်စင်လင်းသွားသည့်တိုင် မနိုးမိသေး။
    "ဒုန်း..ဒုန်း.."
     အပြင်ဘက်ဆီမှ ဒေါသတကြီးတံခါးခေါက်သံကြောင့် ခရာလန့်နိုးလာပြီး ကပျာကယာ တံခါးဖွင့်ကြည့်မိတော့.. ကိုကို။ ခရာ့ကို ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်နေရင်း
     "မင်းဘယ်လိုမိန်းကလေးလဲ မိုးလင်းနေပြီ ခုထိမနိုးသေးဘူး "
     "ဟို.. ခရာ.."
     "စောစောစီးစီးဒေါသထွက်ရတယ် တကယ်အကုသိုလ်ပဲ ၅မိနစ်အတွင်းလုပ်စရာရှိတာ အမြန်လုပ်ပြီး ထွက်ခဲ့ ကမ်းကပ်နေတုန်း လိုအပ်တာဝယ်ရမယ် အချိန်မရှိဘူး.."
    ဒေါသတကြီးပြောဆိုပြီး ကိုကိုထွက်သွားတော့ ခရာဝမ်းမနည်းအားသေး။ မျက်နှာမြန်မြန်သစ်ပြီး အဝတ်အစားကိုလည်း ဖြစ်သလိုလဲလိုက်သည်။ ရေမချိုးအားသလို မျက်နှာပြောင်လေးနှင့်ပင် ထွက်လာတာတောင် ကိုကိုက စိတ်မရှည်ဟန်ဖြင့်
     "ကြာလိုက်တာ.. ဘာတွေလုပ်နေသလဲ.."
    ခရာဘာမှပြန်မပြောမိ။ ပြန်ပြောရင် ကျိန်းသေပေါက်အော်ခံရမည် မဟုတ်လား..
     "ဒီမြို့မှာနောက်ဆုံးကမ်းကပ်မယ် ငါလိုအပ်တာသွားဝယ်မယ် မင်းလည်းလိုအပ်တာ တစ်ခါတည်းဝယ်ဖို့ လိုက်ခဲ့.."
     "ဟုတ်ကဲ့..."
     လိုက်ခဲ့ဟုဆို၍သာ လိုက်ရသည်။ တကယ်တမ်းကျ ခရာဘာလိုအပ်လို့ ဘာဝယ်ရမှန်းပင် မသိပါ။ လူတွေရူပ်ထွေးများပြားလွန်းသည့် ကမ်းခြေဈေးကိုရောက်တော့ ခရာမျက်လုံးလေးတွေ လည်ကုန်သည်။
     ခရာဒီလောက်လူအများကြီး မကြုံဖူးပါ။ တကယ်တမ်းခရာသည် ဒီအရွယ်ထိ အိမ်နှင့်ကျောင်းသာ သွားသွားလာလာရှိသည်။
    ဘယ်နေရာမှမရောက်ဖူးသလို ဘယ်သူမှလည်း ခရာ့ကိုအရေးတယူ ပို့ပေးတာမရှိခဲ့ပါ။ ခရာ့အတွက် ကိုကို့အိမ်သည် ကြီးပြင်းရာ ဘဝတစ်ခုပင် ဖြစ်ခဲ့သည်။
     ဒီခရီးထွက်လာမှအပြင်လောကထဲ ရောက်ဖူးသည့်ခရာသည် သူမအတွက်အရာအားလုံး ရူပ်ထွေးနေတော့သည်။ များပြားလွန်းသည့် လူတွေကို တအံ့တသြငေးကြည့်ရင်း အားလုံးကသူမအတွက် ဆန်းကြယ်လွန်းနေသည်။
     "ရော့.. ဒီမှာပိုက်ဆံ လိုအပ်တာရှိရင် တစ်ခါတည်းဝယ် ပင်လယ်ထဲရောက်ရင် မင်းလိုတာ ဘာမှမရနိုင်တော့ဘူး"
    သူမလက်ထဲ ခပ်ဆတ်ဆတ်ထည့်ပေးလိုက်သည့် ပိုက်ဆံလေးကို ပြူးကြောင်ကြောင်ကြည့်ရင်း ခရာဘာလုပ်ရမှန်း တကယ်ကိုမသိပါ။
     သူမကိုမစောင့်ဘဲ သွားချင်ရာသွားနေသည့် ကိုကို့ခြေလှမ်းတွေကိုမှီဖို့သာ စိတ်ဇောပြီး ခရာအသဲအသန် လျှောက်နေမိသည်..။
     လူတွေကများလွန်းနေသလို အရာအရာတိုင်းကသူမအတွက် ဆန်းကြယ်လွန်းနေသည်ထင်ပါ့။ တစ်ချက်တစ်ချက် တအံ့တသြနှင့် ငေးကြည့်နေမိစဉ် အမျိုးသမီးတစ်ယောက်နှင့် မထင်မှတ်ဘဲတိုက်မိလေတော့
     "အမေ့..."
     "ဟဲ့... ဘာတွေဒီလောက်ငေးနေသလဲ လူလာတာ မမြင်ဘူးလာ"
     "ခရာတောင်းပန်ပါတယ်ရှင်.. တောင်းပန်ပါတယ်နော်မမ"
     ခရာအသဲအသန်လက်အုပ်လေးချီပြီး တောင်းပန်တော့ ထိုအမျိုးသမီးကမကျေမနပ်ဖြင့် ပွစိပွစိပြောပြီး ထွက်သွားတော့သည်။ ခရာအခုမှ သက်ပြင်းချနိုင်ပြီး ဘေးဘီဝဲကို သတိတရ ကြည့်လိုက်မိခါမှ..
     "ဟင်.. ကိုကို မရှိတော့ဘူး"
     ဒီတစ်ခါတော့ တကယ်အလန့်တကြားဖြစ်မိသွားသည်။ ကိုကိုက ခရာ့မြင်ကွင်းထဲတွင် မရှိတော့ပါ။ ခဏအတွင်းမှာပင် ရူပ်ထွေးနေသည့်လူတွေကြား ရောယောင်ပျောက်သွားရာ
     "ကိုကို.. ကိုကိုဘယ်မှာလဲ.."
     ခရာကြောက်ကြောက်လန့်လန့်နှင့် အသဲအသန် လိုက်ရှာနေမိသည်။ များပြားလွန်းသည့် လူအုပ်တွေထဲ ကိုကိုနှင့်တူသည့်အရိပ်အယောင်မျှပင် မတွေ့တော့လေရာ..
     ခရာမျက်ရည်လေးတွေ လည်လာသည်။ ဟိုသွားဒီသွားနှင့် သူမကိုသူမဘယ်ရောက်သွားမှန်းပင် မသိတော့ပါ။ ခြေဦးတည့်ရာ လျှောက်သွားနေသဖြင့် လမ်းပျောက်မှန်းမသိ ပျောက်လာရင်း မျက်ရည်ကတစ်ခါတခါ စီးကျလာသည်။
     "ကိုကို..."
     ကြောက်စိတ်နှင့်အတူ မနက်ကတည်းက ဘာမှမစားခဲ့သည်မို့ ဝမ်းကဟာနေတော့သည်။ လက်ထဲတွင် ပိုက်ဆံပါသည့်တိုင် ခရာဝယ်မစားရဲပေ။ ပိုက်ဆံအလိပ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ခရာမျက်ရည်တစမ်းစမ်းနှင့် ကိုကို့ကိုလိုက်ရှာနေမိသည်မှာ တစ်နေကုန်သွားသည်...။
     ခြေထောက်တွေတောင့်နေသည့်တိုင် ခရာမရပ်နားရဲပါ။ တဖြည်းဖြည်း နေဝင်သွားသည်ကိုကြည့်ပြီး ကြောက်စိတ်တွေက ပြည့်နေတော့သည်။
     ကမ်းကပ်သည့်နေရာလည်း မသွားတတ်သလို ဘယ်သူ့ကိုမှလည်း မမေးရဲ..။ သို့သော် နေလည်းဝင်တော့မည်မို့ ခရာတစ်ယောက်ယောက်ကို မေးမှဖြစ်တော့မည်..။
     အတွေးဖြင့် ဟိုကြည့်ဒီကြည့်နှင့်ကြည့်မိတော့ ခပ်လှမ်းလှမ်းတွင် ကန်ဘောင်လက်ရမ်းကိုင်ပြီး ပင်လယ်နေဝင်ချိန်ကိုငေးစိုက်နေသည့် လူတစ်ယောက်က ခရာ့မြင်ကွင်းထဲဝင်လာရာ..
     ခရာထိုလူရှိရာလျှောက်သွားရင်း အရဲစွန့်ကာ
    "ဟို.. ဒီက.. ဦးလေး.."
    "ဘာ.. ဘယ်လို.."
     နေဝင်ချိန်ကို မက်မက်မောမောငေးကြည့်နေတုန်း ရုတ်တရက်ခေါ်သံကြောင့် စိတ်ထဲမအီမသာ ဖြစ်သွားရသည်။
     ဘယ်နှယ့် ဦးလေးတဲ့..
     အသက်(၂၅)နှစ်ကျော်ကျော်အရွယ်နှင့် စမတ်ကျကျဝတ်ထားသည့်သူ့ပုံက ဦးလေးပုံပေါက်နေလို့လား...
     မကျေမလည်ဖြင့်ကြည့်လိုက်တော့ အရပ်မနိမ့်မမြင့် အသားဖွေးဖွေးလေးနှင့် ချာတိတ်မလေးတစ်ယောက်..
     အလွန်အပြစ်ကင်းစင်သည့် မျက်ဝန်းလေးနှင့် လှပလွန်းသည့်နူတ်ခမ်းတို့က သူ့ကိုပင် ငေးခနဲ့ဖြစ်သွားစေသည်။ ပြီးတော့ အလွန်လှသော ဆံပင်ရှည်များနှင့်...
    ဒီလိုမိန်းမလှလေးဆီက ဦးလေးအခေါ်ခံရတော့ စိတ်ထဲမကျေလည်စွာဖြင့်...
     "နေပါဦးအမိ ဦးလေးခေါ်ရအောင် ကျုပ်ပုံကအရမ်းအသက်ကြီးနေတယ် ထင်ရအောင် တုံးနေလို့လား"
     "မဟုတ်ပါဘူး တောင်းပန်ပါတယ် ခရာ ဒီတိုင်းခေါ်လိုက်တာပါ"
     နဂိုကမှ အားတင်းပြီးခေါ်ရသည်မို့ ခုလိုပြောလိုက်တော့ ခရာငိုမဲ့မဲ့ဖြစ်သွားရှာသည်။ လက်လေးတခါခါနှင့် ငိုမဲ့မဲ့လေးဖြစ်သွားသည့် မျက်နှာလေးကြောင့် သူတောင်ကြောင်သွားမိသည်။ ဒါလေးပြောမိတာကို ဒီလောက်ထိဖြစ်သွားရလား
     "ကဲပါ.. ဒါကပြသာနာမဟုတ်ဘူး ဘာကိစ္စရှိလို့လဲ "
    "ဟို... ခရာ့ကိုကို ပျောက်သွားလို့ပါ."
    "ဘယ်လို.."
     သူနားမရှင်းစွာထပ်မေးတော့ သူမလေးက ငိုမဲ့မဲ့လေးဖြင့်
     "မနက်ကတည်းကိုကိုပျောက်သွားတာ ခရာလိုက်ရှာတယ် ခုထိမတွေ့ဘူး ခရာ့ကိုကိုကို ကူရှာပေးပါလားဟင်"
     "ဒုက္ခပါပဲ မင်းကိုကိုဘယ်သူမှန်း ကိုယ်ဘယ်လိုလုပ်သိမှာလဲ"
    "ကိုကိုလေ. ကိုကို့နာမည်က နက်ရိူင်းမြေ.."
    "နက်ရှိုင်းမြေ... ကိုယ်မသိဘူး.."
    "ကိုကို့အရပ်ကအမြင့်ကြီး အသားဖြူတယ် မျက်လုံးစူးစူးနဲ့ မျက်နှာကစူပုပ်နေတယ်လေ အရမ်းချောတယ် အဝေးကကြည့်ရင်တောင် ထင်းနေတာပဲသိလား"
     ဒီကလေးက ဦးနှောက်ရောပြည့်ရဲ့လား။ လက်ထဲမှာလည်း ပိုက်ဆံလိပ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဘာတွေပြောလို့ပြောမှန်းမသိပေ... ။
     သို့သော် အားငယ်စိတ်တွေပြည့်နေသည့် မျက်ဝန်းတို့က သူ့ကိုအားကိုးတကြီးကြည့်ပြီးဆိုတော့ သူစိတ်မကောင်းဖြစ်မိသွားသည်။
     "မင်းပြောတာကိုယ်မသိဘူးအမိ မင်းကိုကိုက ဘယ်လိုပျောက်သွားသလဲ.."
     "မနက်ကဈေးထဲမှာ ဈေးဝယ်ဖို့သွားရင်း ဗြုန်းဆိုပျောက်သွားတယ်"
     သူမလေးအပြောကြောင့် သူရယ်ချင်မိသွားသည်။ ကြည့်ရသည်မှာ ပျောက်သွားတာ နက်ရှိုင်းမြေဆိုတဲ့လူမဟုတ်ဘဲ သူမကိုယ်တိုင်ပင် ဖြစ်ပုံရသည်။
     မာယာကင်းစင်သည့်မျက်ဝန်းတို့က သူမဘယ်လောက်ဖြူစင်နေမှန်း ခန့်မှန်းလို့ပင်ရသည်။ တစ်နေကုန်လိုက်ရှာနေဟန်တူသည်... မျက်နှာဝင်းဝင်းလေးမှာ ချွေးတွေစွဲနစ်နေသည်။
    ဒါတောင်အလှမပျက်သေးသည့် နုဖက်လွန်းသည့်မျက်နှာလေးအား သူငေးခနဲ့ကြည့်မိရင်းမှ
     "မင်းတို့ဘယ်ကလာကြသလဲ.. လာတဲ့နေရာကိုမှတ်မိလား ကိုယ်လိုက်ပို့ပေးမယ် အဲ့ဒီ့နေရာမှာတော့ မင်းကိုကိုရှိလောက်မှာပါ"
    "ခရာ မသိဘူး အဲ့နေရာမှာသဘောၤရပ်တယ် ခရာတို့ သဘောၤပေါ်မှာပဲအိပ်တယ် ဘယ်သင်္ဘောလဲ ခရာမမှတ်မိဘူး "
    "သဘောၤတွေကမ်းကပ်တဲ့နေရာက နည်းနည်းတော့ဝေးတယ် အဲ့ဒါထက် သဘောၤတွေကအများကြီးရှိတာ မင်းဘယ်လိုရှာမလဲ "
     "ခရာမသိဘူး.."
     "ဒါနဲ့မင်းကိုကို ဖုန်းနံပါတ်တော့သိတယ်မဟုတ်လား ကိုယ်ဖုန်းခေါ်ပေးမယ်"
     "ဟင့်အင်း ခရာမသိဘူး."
     သိတာဘာရှိလဲဟု ခပ်ချဉ်ချဉ်ပြောလိုက်ချင်သည့်တိုင် တကယ်ဘာမှမသိရှာသည့် မျက်ဝန်းလေးနှင့် သူ့ကိုငိုမဲ့မဲ့လေးကြည့်နေသည့် မျက်နှာလေးကြောင့် မပြောရက်ပြန်။ သူမကမျက်နှာငယ်လေးနှင့်ပင်
     "ခရာမသိဘူး ခရာ့ကိုကူရှာပေးပါနော်"
     အားကိုးတကြီးမော့ကြည့်နေသည့် မျက်ဝန်းတို့က သူ့ရင်ကိုထိုးဖောက်သွားသည်။ မျက်ဝန်းတို့တွင် ရစ်တွယ်နေသည့် မျက်ရည်စတို့ကြောင့် သူအတော်စိတ်မကောင်းဖြစ်မိသည်။
     သူမလေး အတော်ဒုက္ခတွေ့နေဟန်တူသည်။ မိုးလည်းချုပ်တော့မည်။ မအူမလည်အရိုးခံရုပ်လေးနှင့် လျှောက်သွားနေလို့ကတော့ မတော်မသမာလူနှင့်တွေ့ပါက မတွေးဝံ့စရာ..
     "ဟုတ်ပါပြီ ကိုယ်မင်းကိုကူရှာပေးမယ် အခုလောလောဆယ် မင်းအတွက်လည်းမင်းပူဦး မိုးချုပ်တော့မယ် ဘယ်မှာသွားနေမှာလဲ ညဆို ဒီဝန်းကျင်က သိပ်ကောင်းတာမဟုတ်ဘူး"
     "ခရာ့ကို ခဏခေါ်ထားပါလားဟင် ခရာဘယ်သွားရမှန်းမသိလို့ပါ ခရာဒီကိုတစ်ခါမှ မရောက်ဖူးဘူး ရန်ကုန်မှာတောင် အိမ်နဲ့ကျောင်းပြီးတော့ ကြီးကြီးနဲ့အတူ ဈေးပဲရောက်ဖူးတယ်
ခရာဒါဘာမြို့မှန်းတောင်မသိဘူး ကိုကိုခေါ်လာလို့ ဒီကိုပထမဆုံးရောက်ဖူးတာ.."
     ပြောနေရင်းဝမ်းနည်းလာဟန်ဖြင့် သူမမျက်ရည်လေး စီးကျလာတော့သည်။ သူမကိုကြည့်ပြီး သူဘာပြောရမှန်းပင်မသိအောင် အံ့သြနေမိသည်။ အတော်ဖြူစင်ရိုးသားသည့် မိန်းကလေးပါလား
     တကယ်လည်း ဘယ်မှရောက်ဖူးဟန်မတူပေ။ ကြောက်စိတ်ဖြင့် လက်လေးတွေပင် တုန်ယင်နေသည်ကိုမြင်တော့ ရင်ထဲနင့်ခနဲ့..။
      သူ့ကိုလည်း လူဆိုးလားလူကောင်းလား စဉ်းစားမိဟန်မတူ။ ပင်ကိုအရိုးခံစိတ်လေးဖြင့် ကောက်ရိုးတစ်မျှင်နှယ် အားကိုးတကြီး ဆုပ်ကိုင်လိုက်ဟန်တူသည်။ သူ့နေရာမှာ တစ်ခြားသောတစ်ယောက်ဖြစ်ခဲ့ရင်...
     ဒီလောက်ဖြူစင်သည့် သူမအတွက် တကယ်မတွေးဝံ့စရာ။ သူ စိတ်မသက်သာစွာဖြင့်..
    "ကိုယ်ဒီနားလေးမှာပဲအိမ်ဌားထားတယ် မင်းကိုယ့်ကိုယုံတယ်ဆိုလိုက်ခဲ့လို့ရတယ် အဆင်မပြေဘူးဆိုရင်လည်း ကိုယ်မင်းကိုစိတ်ချရမယ့် ဟိုတယ်တစ်ခုမှာထားပေးမယ် မနက်ကျမှလာခေါ်ပြီး မင်းကိုကိုဆိုတဲ့လူကို အတူလိုက်ရှာကြတာပေါ့.."
     "ဟင့်အင်း ခရာကြောက်တယ် မနေရဲဘူး ခရာ အစ်ကိုနဲ့ပဲလိုက်ခဲ့မယ် ခရာယုံပါတယ်.."
     ဘာလို့ခုမှတွေ့သည့်လူကို သူမဇွတ်ယုံနေပါလိမ့်။ အပြင်မှာမနေရဲသလို သူ့အပေါ်အားကိုးမိသည့် အရိုးခံစိတ်တစ်ခုကြောင့်ပင် ဖြစ်လိမ့်မည်။
    ဘာလိုလိုနှင့်သူသည် နတ်မိမယ်တစ်ယောက်ကို ကမ်းစပ်တွင်ကောက်ရပြီး အိမ်ကိုခေါ်လာမိပါလား..
     ကိုယ့်အတွေးနှင့်ကို ရယ်ချင်မိသည်။ သူ့ကိုမျက်စိအောက်ကအပျောက်မခံဘဲ မကြာခဏမော့ကြည့်နေသော ဖြူစင်လွန်းသည့် မျက်ဝန်းလေးတွေကြောင့်လည်း အားနာမိပြန်သည်။ သူဌားထားသည့် အိမ်လေးဆီရောက်တော့..
     "မင်း ကိုယ့်အခန်းထဲမှာလွပ်လပ်သလိုနေနိုင်တယ် စိတ်ထဲကြောက်နေရင် သော့ခတ်ထားလို့ရတယ် ကိုယ်အပြင်မှာအိပ်မယ် "
     "ဟုတ်ကဲ့..."
    "ဒါနဲ့ မင်းတစ်ခုခုစားချင်ရင်ပြောနော် ကိုယ်က ဒီမှာယာယီနေတာမို့ ဘာမှစားဖို့မရှိဘူး ready madeတွေပဲရှိတယ် မင်းဆာနေရင်ဒါက သိပ်အဆင်ပြေမှာမဟုတ်ဘူး"
    "ဟို.. ခရာ တစ်နေကုန်ဘာမှမစားရသေးဘူး "
     သူမစကားကြောင့် သူအတော်လေးအံ့သြသွားမိရင်း..
    "ဘာလို့လဲ.. မင်းလက်ထဲမှာ ပိုက်ဆံပါနေတာပဲ ဘာမှဝယ်မစားခဲ့ဘူးလား"
     "ခရာ ဝယ်မစားရဲလို့.."
     တကယ့်.... ကလေးမ။ ဘာပြောရမှန်းပင် သူမသိတော့ပေ။ ဘာလို့ဒီလောက်တောင် ကြောက်တတ်ပြီး ရိုးအနေပါလိမ့်..။ မျက်နှာနွမ်းနွမ်းလေးကို သူစိတ်မသက်သာစွာကြည့်မိပြီး
     "ကိုယ်အပြင်မှာသွားဝယ်ခဲ့မယ် ခဏစောင့်နေနော်"
    "ခရာ မနေရဲဘူး လိုက်ခဲ့လို့မရဘူးလား.."
    "ဒီနားလေးပဲအမိ အလကားပင်ပန်းနေမယ်.."
     "ဟို... အစ်ကိုပါပျောက်သွားရောရော"
    စိတ်မကောင်းတဲ့ကြားက ရယ်ချင်မိသွားသည်။ သူမပုံက တကယ်ကို စိုးရိမ်နေသည့်ဟန်။ သူအလိုလိုပြုံးမိရင်းနှင့်...
     "စိတ်ချ... ကိုယ်ဘယ်မှထွက်မပြေးဘူး အမြန်ဆုံးပြန်လာခဲ့မယ် "
     ခေါင်းလေးညိတ်ရှာနေသည့်တိုင် စိုးရိမ်စိတ်ကင်းဟန် မတူသေး။ သူသူမအတွက် စားစရာတွေအမြန်ဆုံးဝယ်ပေးပြီး သတိတရနှင့် မိန်းကလေးအဝတ်အစားပါ လမ်းကြုံဝယ်ခဲ့လိုက်သည်။ တော်ပါသေးရဲ့... ဒီဝန်းကျင်မှာ အဝတ်အစားဆိုင်ရှိပေလို့..
     သူသွားတာ နည်းနည်းကြာသွားလို့ထင်ပါ့။ စိုးရိမ်စိတ်လေးဖြင့် တမျှော်မျှော်ဖြစ်နေသည့် သူမကသူ့ကိုမြင်မှ စိတ်ချသွားဟန်ဖြင့် သက်ပြင်းလေးချတော့သည်။
     ဘယ်လောက်တောင်ဖြူစင်လိုက်တဲ့ မိန်းကလေးလဲ..
      သူပြုံးမိရင်း သူမအတွက် စားစရာတွေ ပြင်ပေးလိုက်သည်။ သူပြင်ပေးသည့် အစားအသောက်တို့ကို ကလေးတစ်ယောက်လိုပင် ဟန်မဆောင်စွာစားနေသည်မြင်တော့ ဂရုဏာစိတ်တွေပိုရပြန်သည်။ စားသောက်လို့ပြီးတော့ သူမမျက်နှာလေးကြည်လာပြီး
     "ကျေးဇူးတင်လိုက်တာ အစ်ကိုကတကယ်ကျေးဇူးရှင်ပဲ ခရာ့အစ်ကို့ကိုကန်တော့မယ်"
    "ဟေ့ဟေ့... မလုပ်နဲ့ အဲ့လောက်ထိမလိုဘူး"
    "ဘာလို့လဲ ကြီးကြီးက ကျေးဇူးရှင်ကိုကန်တော့ရတယ်တဲ့ ခရာတကယ်စိတ်ထဲရှိလို့ပါ"
     သူရယ်ချင်မိပြန်သည်။ သူမ၏ဖြူစင်ခြင်းတို့က သူ့ရင်ကိုလာလာထိမှန်နေသဖြင့် သူအတော်ပင် နေရခက်လာမိသည်။
     "မလိုပါဘူးကွာ ဒါနဲ့ မင်းရေချိုးချင်တယ်ဆို နောက်ဖေးမှာရေချိုးခန်းရှိတယ် ပြီးတော့ မင်းအင်္ကျီလဲဖို့ ကိုယ်ဂါဝန်တစ်ထည်ဝယ်ခဲ့တယ် တော်မလားတော့မသိဘူး ကိုယ်လည်းဘာဝယ်ရမှန်းမသိဘူး "
     "ကျေးဇူးပါနော် ခရာရေချိုးချင်နေတာနဲ့အတော်ပဲ ဂါဝန်လှလှလေးကို ခရာကြိုက်တယ်"
    သူထပ်ပြုံးမိသလား မသဲကွဲ။ သေချာသည်က သူမနှင့်ဆုံတွေ့ပြီးသည့်နောက်ပိုင်း ဘယ်မိန်းကလေးနှင့်မှမပြုံးခဲ့ဖူးသည့် သူ့နူတ်ခမ်းသည် မကြာခဏပြုံးတတ်လာခဲ့သည်။
     ရေချိုးပြီး သူဝယ်ပေးသည့်ဂါဝန်လေးနှင့် သူမပြန်ထွက်လာတော့ သူငေးခနဲ့ဖြစ်ရပြန်သည်။ ဂါဝန်က သူမကိုယ်လုံးသေးသေးလေးနှင့် စာလျှင်ပွနေသည့်တိုင် သူမအတော်လှပါသည်။
     သူမျက်တောင်ခတ်ဖို့ပင် မေ့လျောနေမိသည်။ ပါးဖောင်းဖောင်းလေးနှင့် ပါးချိုင့်လေးတွေပေါ်အောင် စကားပြောတတ်သည့် သူမဟန်တို့က တကယ့်ကလေးတစ်ယောက်နှယ်။ သူမက.. သူနားဝင်ထိုင်လိုက်ရင်း
     "ခရာ အစ်ကို့နာမည်မသိရသေးဘူး ခရာ့ကိုပြောပြပါလား ခရာမှတ်ထားချင်လို့.."
     "ဟုတ်သားပဲ မိတ်ဆက်ဖို့မေ့နေတယ် ကိုယ့်နာမည်ကဈာန်ပါအမိ ဒီကိုအလည်လာတယ်ဆိုပါတော့.."
     "ဈာန်တစ်လုံးတည်းလားဟင်"
     "ဈာန်ည.. မင်းနာမည်က ခရာလား"
     "ဟုတ်.. အပြည့်အစုံက မိုးနတ်ခရာပါ"
    "မိုးနတ်ခရာ... အတော်လှတဲ့နာမည်ပဲ"
     လူနဲ့လည်းလိုက်ဖက်လွန်းပါတယ်။ ထိုစကားကို သူ့ရင်ထဲတွင်သာဆိုလိုက်မိသည်။ သူစကားကြောင့် သူမပြုံးလိုက်သည့်အခိုက် အရာရာသည် ခေတ္တာရပ်တန့်သွားသလို သူရင်ကိုလှိုင်းအချို့ ရိုက်ခတ်သွားတော့သည်။
     "ခရာသွားအိပ်တော့မယ်နော် မနက်ကျရင် ကိုကို့ကိုလိုက်ရှာရဦးမယ်"
     "ဟုတ်ပါပြီ အိပ်ပျော်အောင်အိပ်နော် အဆင်ပြေသွားမှာပါ "
     "ဟုတ်ကဲ့"
     သူမထွက်သွားသည့်တိုင် လှိုင်းအချို့ကတော့ ရင်တွင်လှုပ်ခတ်နေဆဲ...
     မိုးနတ်ခရာ....
     သူ့ရင်ကိုလှုပ်ခတ်သွားစေခဲ့သည့် ကြွေရုပ်လေးတစ်ရုပ်လား...
     တကယ်တော့ထိုကြွေရုပ်လေးတွင် ကျိန်စာတွေပြည့်နေခဲ့လေတော့...
     သူသည်လည်း...

ၾကာျဖဴ(ကြာဖြူ) Where stories live. Discover now