Part-6

1.5K 137 0
                                    

Unicode

~~~ကြာဖြူ~~~
အပိုင်း(၆)

    "ခရာတို့ ကိုကို့ကို သွားရှာကြရအောင်လား"
    မိုးလင်းလင်းချင်း မျက်နှာငယ်လေးနှင့် ဆိုလိုက်သောသူမစကားကြောင့် ဈာန်သက်ပြင်းချမိသည်။
    ကိုကိုဆိုသည့်လူက သူမလေးအပေါ်အတော် လွှမ်းမိုးနေပုံရသည်။ မနက်စာပင်မစားဘဲ တဂျီဂျီတောင်းဆိုနေသောသူမကြောင့် သူမနေသာတော့ဘဲ..
    "ဟုတ်ပါပြီ ကိုယ်တို့ကမ်းစပ်တွေဘက် သွားရှာကြည့်တာပေါ့"
    ဝမ်းသာသွားဟန်ဖြင့် လှစ်ခနဲ့ပြုံးလိုက်သော အပြုံးလေးကြောင့် သူနှစ်မျောသွားမိပြီးမှ ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်မိသည်။ ချာတိတ်သာသာအရွယ်ကောင်မလေးနဲ့မှ မင်းဘယ်လိုတွေ ဖြစ်နေရသလဲ ဈာန်ရာ..
    ကမ်းစပ်ဖက်ရောက်တော့...
   "နေရာကို မှတ်မိသေးလား ခရာ"
   "ဟင့်အင်း ခရာမမှတ်မိဘူးထင်တယ်"
   တကယ်ဘာမှမသိနိုင်လွန်းသည့် ကလေးမ။ ကမ်းစပ်တစ်လျှောက် ရပ်ထားသည့်သဘောၤတွေ တစ်စီးပြီးတစ်စီးလိုက်ကြည့်ရင်းနှင့်သူမက
    "ကိုကိုလို့အော်ခေါ်လို့ရရင်ကောင်းမှာပဲနော်"
    အတော်ကြာသည့်အထိ ရှာမတွေ့သည့်အဆုံး ညည်းညူလိုက်သည့်သူမစကားကြောင့် သူပြုံးမိသွားပြီး..
    "ကောင်းသားပဲ...အော်ခေါ်ကြည့်ပါလား"
    "တကယ်လား လူတွေအများကြီးနဲ့.."
    သူစသည်ကို တကယ်ထင်မှတ်ဟန်ဖြင့် မျက်လုံးပြူးပြူးနှင့်ပြန်ကြည့်တော့ သူရယ်ချင်မိပြန်သည်။ ဖြူစင်လွန်းသည့်မျက်နှာလေးကို ငုံ့ကြည့်ရင်း တစ်စုံတရာကိုဖျတ်ခနဲ့ သတိရမိတော့..
     "ဒါနဲ့ မင်းပြောတဲ့ကိုကိုဆိုတာ မင်းနဲ့ဘာတော်သလဲ မင်းသူ့ကိုအတော်ချစ်ပုံရတယ်.."
    "ရှင်.."
    "မောင်နှမတွေလား ချစ်သူတော့မဟုတ်လောက်ဘူးထင်တယ် မင်းပုံကအသက်ပြည့်သေးပုံမရဘူး"
    သူမသူ့ကိုမော့ကြည့်ပြီး ဘာဖြေရမယ်မှန်းမသိခင်..
    "ခရာ..."
    ရုတ်တရက်အသံနက်ကြီးနှင့် သူမရှေ့ပေါ်လာသူက ကိုကို။ ခရာလှိုက်ခနဲ့ ဝမ်းသာသွားပြီး
    "ကိုကို... ကိုကို့ကို ခရာလိုက်ရှာ..."
    "ဖြန်း..."
    "အ..."
    စကားမဆုံးလိုက်...။ ပါးတစ်ဖက်ပူခနဲ့ ဖြစ်သွားပြီး လူကလည်ထွက်သွားကာ သဲသောင်ပေါ် ပုံကျသွားသည်။
    "ကိုကို..."
    နာသွားသည့်ပါးတစ်ဖက်ကိုကိုင်ရင်း ခရာကိုကိုကို့ အထိတ်တလန့်မော့ကြည့်မိသည်။
    ဒီလိုတုန့်ပြန်လိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် ရှက်ရွံဝမ်းနည်းခြင်းများဖြင့် မျက်ရည်တို့ကပေါက်ခနဲ့..။
    ဈာန်သည် မျှော်လင့်မထားသည့်အဖြစ်ကြောင့် အံ့သြမှင်သက်သွားရာမှ သတိဝင်လာပြီး သူမကိုချက်ချင်းပြေးထူလိုက်ရင်း..
    "ဟေ့လူ ခင်ဗျားဘယ်လိုလုပ်လိုက်သလဲ..."
    သူ့အမေးကိုမဖြေသလို သူ့ကိုလည်းရှိသည်ဟုပင် ဂရုမစိုက်။ ခရာ့ကိုသာ မီးဝင်းဝင်းတောက်နေသည့်မျက်ဝန်းဖြင့် စိုက်ကြည့်နေပြီး...
    "ငါမင်းကြောင့် တစ်နေကုန်စိတ်ရူပ် အလုပ်ပိုနေတဲ့ချိန် မင်းကယောကျာၤးတစ်ယောက်နဲ့ ကမ်းခြေမှာ လမ်းသလားနေတယ်ပေါ့ခရာ သိပ်ကောင်းတယ်"
    "မဟုတ်ဘူးကိုကို ခရာပြောမယ်"
    "တော်စမ်း ပလီပလာတွေလာမလုပ်နဲ့ နားခါးတယ် မင်းကြောင့်ငါ့မှာ အလကားအချိန်ပုပ်ရတယ် တောက်"
    "ဒီမှာ ကိုယ့်လူစကားက သိပ်တရားလွန်နေပြီနော် ကျွန်တော်ပြောမယ် နည်းနည်းယဉ်ကျေးပါ "
    ဈာန်မနေသာဘဲဝင်ပြောတော့ သူ့အကြည့်က ဈာန့်ဆီအလိုမကျစွာ ဆတ်ခနဲ့ရောက်လာပြီး
    "ငါမင်းနဲ့ပြောဖို့ အချိန်မရှိဘူး.."
    သူဒေါသတွေထောင်းခနဲ့ဖြစ်သွားမိသည်။ သူ့နူတ်ခမ်းတို့သည်လည်း တင်းခနဲ့ဖြစ်သွားမိရင်း.
    "ခင်ဗျားကနက်ရှိုင်းမြေဆိုတဲ့လူထင်တယ် ခင်ဗျားအတော်မိုက်ရိုင်းတဲ့လူပဲ အကျိုးအကြောင်းဘာမှမသိဘဲ ဘာအပြစ်မှမရှိတဲ့ကလေးသာသာမိန်းကလေးကို ဒီလိုလက်ပါရတာ အတော်အောက်တန်းကျတယ်.."
    "ဟုတ်တယ် ငါအောက်တန်းကျတယ် ဒီမိန်းမယုတ်အတွက်နဲ့ ငါဘာမှမြင့်မြတ်နေစရာ အကြောင်းကိုမရှိဘူး မင်းဘာမှမသိဘူးဆို ဘေးမှာရပ်နေ စကားအပိုမပြောနဲ့.."
    "ကျုပ်ကလည်း ပြောချင်လွန်းလို့ပြောနေတာ မဟုတ်ဘူး ခင်ဗျားအကြောင်းမဲ့ ရိုင်းနေတာလည်း နားမလည်ဘူး ဘာလို့ဒီလိုမိန်းကလေးမျိုးအပေါ် လက်ပါရတဲ့အထိဖြစ်ရတယ်ဆိုတာ မသိသလိုလက်လည်းမခံနိုင်ဘူး ဒါလူမြင်ကွင်းရှေ့ ခင်ဗျားသိက္ခာထိန်းပါ.. ပြီးတော့ခရာက ခင်ဗျားပြောသလို ကျုပ်နဲ့ကမ်းခြေမှာ လမ်းသလားနေတာမဟုတ်ဘူး ခင်ဗျားနဲ့အဆက်အသွယ်ပြတ်သွားလို့ လိုက်ရှာနေတာ မနေ့ညကတည်းကလည်း သူခင်ဗျားကိုလိုက်ရှာနေတယ် ကျုပ်နဲ့တွေ့လို့ ကျုပ်စောင့်ရှောင့်ထားပေးပြီး အတတ်နိုင်ဆုံးခင်ဗျားနဲ့တွေ့ဖို့ ကူညီပေးနေခဲ့တာ သိက္ခာမဲ့တဲ့အပြုအမူတွေနဲ့ ကိုယ့်လူဘယ်လောက် ရိုင်းစိုင်းလဲဆိုတာ ပြန်သုံးသပ်ဦး"
    ဈာန်ဒေါသကိုအတော်ထိန်းပြီး ပြောနေရသည်။ သူစကားကြောင့် နက်ရှိုင်းမြေနူတ်ခမ်းတို့က ထီမထင်ဟန်ဖြင့် ကွေးညွတ်သွားရင်း
     "အဲ့ဒီတော့ သူ့ကိုစောင့်ရှောက်ပေးလို့ ငါကကျေးဇူးတင်ရမလား ဖြစ်နိုင်ရင် ငါကပုပ်ပွနေတဲ့သူ့အလောင်းကို ကမ်းခြေမှာ ပြန်တွေ့တဲ့သတင်းမျိုးကြားချင်တာကွ ဒါဆိုရင်လောကကြီးကို သိပ်ကျေးဇူးတင်မိမှာ"
    "ဘာ...."
    "သူကငါ့အတွက်ဂြိုလ်ဆိုးပဲ သူပျောက်သွားလို့ ငါ့မှာခရီးမထွက်ရဘဲ အလကားအချိန်ပုပ်တယ် ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲ.."
    ပြောပြောဆိုဆိုနှင့်ချာခနဲ့လှည့်ထွက်သွားတော့ ခရာကြောင်ငေးနေရင်းမှ ကပျာကယာ လူးလဲထပြီး
    "ကိုကို... "
     ယိုင်တိုင်တိုင်နှင့် အပြေးလေးလိုက်သွားဟန်ပြင်ပြီးမှ သူ့ကိုသတိရလိုက်ဟန်နှင့် ခြေလှမ်းတို့က တုန့်ခနဲ့ရပ်သွားပြီး
    သူ့ဘက်ခေါင်းလေးလှည့်ရင်းနှင့် ဘာမှမဖြစ်သောအပြုံးယဲ့ယဲ့လေးဖြင့်
    "ခရာ့ကိုကူညီထားတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်နော် ကိုကိုကို့စိတ်မဆိုးပါနဲ့ ကိုကိုကလူကောင်းပါ ခရာကြောင့်ဆိုးနေတာ ခရာ့အတွက်လည်းစိတ်မပူပါနဲ့ ခရာအဆင်ပြေပါတယ် ခရာနူတ်ဆက်ခဲ့တယ်နော်"
     ဘာစကားမှပြန်မတုန့်ပြန်နိုင်သည်အထိ သူ့ရင်သည် သူမအတွက်တင်းကျပ်နေမိသည်။ မြင်ကွင်းထဲ ပျောက်ကွယ်သွားသည်အထိ တိတ်ဆိတ်စွာငေးမောကြည့်ရင်း ဘယ်ဘက်ရင်သည် တဆစ်ဆစ်နာကျင်နေလျက်  
    ဖြန်း..
    အ...
     ခပ်ပြင်းပြင်းရိုက်ချက်အဆုံး လည်ထွက်သွားသည့် မျက်နှာလေး။ အကြောက်တရားတွေနှင့်ပြည့်နှက်နေသော တဆက်ဆက်တုန်ရီနေသည့်နူတ်ခမ်းလေး...
     ပို၍နာကျင်စရာကောင်းသည်က ရှက်ရွံဝမ်းနည်းဟန်ဖြင့် မျက်ရည်တွေရစ်ဝိုင်းနေသည့် မျက်ဝန်းတို့တွင် အမုန်းတရားတွေရှိမနေခဲ့ပါ။
    ဤမျှအကြင်နာတရားကင်းမဲ့သည့် လူအတွက်ဘာလို့သူမမျက်ဝန်းတို့တွင် မြတ်နိုးခြင်းတွေ ပြည့်နေပါလိမ့်...
     သူခြေစုံရပ်ပြီးပင်လယ်ပြင်ကို အသိမဲ့စွာ ငေးစိုက်ကြည့်နေမိသည်။ တစ်ခါတခါ လိူင်းပုတ်သံတို့က ဘာလို့များရင်ကိုထိရှသွားစေခဲ့ပါလိမ့်။
     အပြစ်ကင်းလွန်းသည့် သနားစဖွယ်မျက်နှာလေးကိုမြင်ယောင်ရင်း သက်ပြင်းအခါခါချနေမိတော့သည်။
    နက်ရှိုင်းမြေနှင့်သူမဘယ်လိုပတ်သတ်ပါလိမ့်..
    ပြီးတော့ဘာလို့များ ဒီကလေးမလေးအပေါ် ဒီလောက်မုန်းတီးနေရသလဲ..
    နက်ရှိုင်းမြေ၏မျက်ဝန်းထဲမှ အမုန်းတရားတို့ကာ ခဏအတွင်းမှာပင် သူမှန်းဆလို့ရနေပြီဖြစ်သည်။ ဈာန်သည်အတွေးတို့ဖြင့် မွန်းကျပ်လွန်းသဖြင့် သူမပျောက်ကွယ်သွားသည့် နေရာလေးကို ငေးကြည့်နေမိရင်း တီးတိုးရေရွတ်နေမိတော့သည်။
    ကံမကုန်ရင်ပြန်ဆုံချင်သေးတယ် ကောင်မလေးရေ.. မင်းကပင်လယ်ရေလိူင်းလိုပဲ ငါ့ကိုရိုက်ခတ်သွားတယ်..
    ကလေးရယ်........
    ခဏလေးပါပဲ..... ငါသိခဲ့တယ်
    ဒါပေမယ့်.. ငါလွမ်းမိမယ်ထင်ပါရဲ့...
    ဘယ်လောက်ထိကြာအောင် သူငေးငိုင်နေမိလည်း မသိလိုက်။ ဖုန်းမြည်သံကြားမှ ဈာန်အသိဝင်လာပြီး
     "ဟဲလို..."
    "ဆရာ ကျွန်တော်ငထိုက်ပါ.. ဆရာစုံစမ်းခိုင်းတဲ့ကိစ္စသိရပြီ"
    ငထိုက်ဆိုတာ သူအတော်အားကိုးရသည့် တပည့်တစ်ယောက်ပါ။ ခုလည်းသူခိုင်းသည့်ကိစ္စ သတင်းထူးပြီထင်ပါရဲ့....
    "အင်း.. ဆိုပါဦး"
   "ဆရာထင်တဲ့အတိုင်းပါပဲ.. လွန်ခဲ့တဲ့ဆယ်နှစ်က သူဌေးသုံးယောက်ကပင်လယ်ခရီးကို ရွက်လွင့်သွားတဲ့အခါလမ်းပြငှားခဲ့တယ် အာ့ဒီလမ်းပြနာမည်က ဦးလုံထန်းတဲ့ ကျွန်တော်အချိန်ယူပြီး သေချာစုံစမ်းထားတယ်"
     "ဦးလုံထန်းဟုတ်လား..."
    "ဟုတ်တယ်ဆရာ ပင်လယ်မုဆိုးတစ်ယောက်ပဲ ဦးမင်းသန့်ရဲ့အသိမိတ်ဆွေ ထားဝယ်က သူဌေးတစ်ယောက်စပ်ပေးထားတာတဲ့ အဲ့ဒီ့သူဌေးနဲ့ကျွန်တော်တွေ့ခဲ့ပြီးပြီ သူပြောပုံအရတော့ ပင်လယ်ခရီးကျွမ်းကျင်တဲ့ လမ်းပြတစ်ယောက်ရှာခိုင်းလို့ရှာပေးခဲ့ရုံပဲတဲ့ ကျန်တာတော့သူဘာမှမသိဘူးတဲ့ ဒါပေမယ့်ဦးလုံထန်းဟာ တစ်ချိန်လုံးသူတို့နဲ့အတူ ခရီးစဉ်မှာရှိနေတာမို့ သူကတော့သိနိုင်တယ်တဲ့"
     "ဟုတ်ပြီ ဦးလုံထန်းဘယ်မှာနေသလဲ သူနဲ့ဘယ်လိုတွေ့နိုင်မှာလဲ"
    "သူမသိဘူးတဲ့ဆရာ အဲ့ဒီ့နောက်ပိုင်းသူနဲ့လည်း အဆက်အသွယ်ပြတ်သွားတာ ခုထိပဲတဲ့ ဒါပေမယ့်သူ့ကိုတွေ့ချင်ရင် တွေ့နိုင်မယ့်တစ်နေရာတော့ရှိတယ်တဲ့ ဆရာ"
    "ဘယ်နေရာလဲ..."
     ငထိုက်ရွက်ပြသမျှကို စိတ်ထဲတွင်မှတ်ထားလိုက်ရင် သူကျေနပ်စွာပင်ပြုံးလိုက်ကာ...
    "မင်းတော်တယ်ငထိုက် ကောင်းကောင်းအနားယူလိုက်ဦး"
    "ရပါတယ်ဆရာ လိုအပ်ရင်ကျွန်တော့်ကို အချိန်မရွေးဖုန်းဆက်ပါ "
    သူဖုန်းချလိုက်ပြီးနောက် အတန်ကြာ ငြိမ်သက်နေမိသည်။ သူမသိသည့်ကျွန်းတစ်ကျွန်းကို သွားရပါဦးမှာပါလား...
     ဘာဘဲဖြစ်ဖြစ် ဦးလုံထန်းနှင့်တွေ့ရပါက အတော်ကံကောင်းမည်။ အဖြေမရသည့် ပုစ္ဆာတစ်ပုဒ်အတွက် အနည်းဆုံးဖော်မြူလာအမှန်တစ်ခု ရသွားမည်မဟုတ်လား..
     အတွေးဖြင့်စိတ်အားထက်သန်စွာ ထွက်လာဟန်ပြင်ပြီးမှ ဖျတ်ခနဲ့သူမကိုအမှတ်ရမိပြန်သေးသည်။ ချက်ချင်းအတွေးဖျောက်ပြီး ထွက်လာခဲ့သည့်တိုင် သူမပုံရိပ်တွေက သောင်ပြင်တွင်ကျန်မနေခဲ့ရာ...
     သဲသောင်တွင်ထင်ချန်ခဲ့သမျှအရာတို့သည် ခြေရာသပ်သပ်မဟုတ်ဘဲ အလွမ်းတွေဖြစ်နေပြန်ခဲ့ခဲ့ရာ.....  သူဟာပင်လယ်နတ်သမီးရဲ့ ကျိန်စာသင့်သွားပြီထင်သည်။
................... ...... ............................

ၾကာျဖဴ(ကြာဖြူ) Where stories live. Discover now