အခန်း (၁၃)
မင်းက အမြဲတမ်းပဲ ကိုယ့်ကိုဆို အပိုင်စားရနေမှာပါ ရှင်ဘုရင်လေးရေ
အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါစံမြန်းရာ နန်းဆောင်တော်အတွင်းသို့ မိန်ဓိရာဇ်ရောက်လျှင်ရောက်ချင်း မင်းသားနှင့် ပြဿနာစဖြစ်ဖို့ အကြောင်းဖန်လာသည်။
"ငါ့နေရာကို ရောက်လာပြီဆိုတော့ ဒီနေ့ကစပြီး ငါ့ကိုယ်ရံတော်အဖြစ်နဲ့ရော ငါ့ရဲ့ကျွန်အဖြစ်နဲ့ရောနေရမယ်။ နောက်ပြီး ငါ့အာသာဖြေချင်တဲ့အချိန်မှာ အဆင်သင့်ဖြစ်နေပါစေ။"
ဤကဲ့သို့ ရာဇသိင်္ဂါက ရင့်သီးသောစကားကိုဆိုလိုက်လျှင် မိန်ဓိရာဇ်လည်း နဖူးကြောများတင်းသည်အထိ မခံမရပ်နိုင်ဖြစ်သွားသည်။ စိတ်ထဲတွင်လည်း ဆဲဆိုနေ၏။
(မိန်ဓိရာဇ်။ ။ အား....ဒီခွေးသူတောင်းစားကတော့ လွန်လာပြီ။ ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့ဘူး။ စောက်ခွက်ကို ခွပ်ခနဲ၊ ခွပ်ခနဲ ၆ ဆင့်လောက် ဆင့်ထိုးပစ်ချင်နေပြီ။ )
(စာအုပ်ကြီး။ ။ စိတ်လျော့လိုက်စမ်း...ဆက်သည်းခံရမှာ မင်းရဲ့တာဝန်ပဲ။)
(မိန်ဓိရာဇ်။ ။ မရတော့ဘူး။ ဒီကောင့်ကိုထိုးပြီးမှတ်လောက်သားလောက် ပြောပစ်မှရတော့မယ်။)
ထို့နောက် မျက်မှန်စူးရှစွာ လက်သီးနှစ်ဖက်ကို တင်းကျပ်စွာဆုတ်လိုက်ပြီးနောက် သူ၏ညာလက်ညိုးဖြင့် ရာဇသိင်္ဂါ၏မျက်နှာတည့်တည့်ကို ထိုးလိုက်သည်။
စာအုပ်ကြီးကတော့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် ကြောင်တောင်တောင်ကြည့်နေလျက်။
"ဟ... မင်းစကားက အရမ်းတရားလွန်နေပြီနော် ရာဇသိင်္ဂါ။ ငါက မင်းသိခဲ့တဲ့လူ မဟုတ်တော့ဘူးဆိုတာကို ဘာလို့သဘောမပေါက်နိုင်သေးတာလဲ။ မင်း တကယ်ရူးနေပြီပဲ။ အရင်ကမ္ဘာဆီ ပြန်သွားပြီး စိတ်ရောဂါဆရာဝန်နဲ့ သေချာပြကြည့်ဦး။"
ရာဇသိင်္ဂါကလည်း လှပ၍ အေးစက်စက်လှောင်ပြုံးတစ်ခုနှင့်အတူ ရယ်မော၏။ သူ၏ညာလက်က မိန်ဓိရာဇ်၏ဘယ်ပခုံးပေါ် တင်လိုက်ကာ ရိသဲ့သဲ့တုံ့ပြန်သည်။
"မိန်ဓိရာဇ်...မင်းလိုမျိုး သန္ဓေမကောင်းခဲ့တဲ့ကောင်တွေဆိုတာ ငရဲကနေပြန်လွတ်လာရင်တောင် အမှတ်သည်းခြေရှိကြတာရှားတယ်။ မင်းလည်း လူပြန်ဝင်စားပြီး တူညီတဲ့အမှားမျိုးတွေ ထပ်မလုပ်နိုင်ဘူးလို့ အာမခံချက်မရှိဘူး။"
ထိုစကားက မိန်ဓိရာဇ်၏သည်းခံနိုင်စွမ်းကို နောက်ထပ်စိန်ခေါ်နေသကဲ့သို့ပင်။ မိန်ဓိရာဇ်လည်း ရင်ခေါင်းထဲကနေ ဆန်တက်လာသော သက်ပြင်းလုံးကြီးကို ဟင်းခနဲ ချပစ်ရင်း....။
"ငါကလေ ဒီဘဝမှာ သူများသားသမီးတွေကို ပန်းကောင်းအညွန့်မချိုးနေသလို မွေးကတည်းက အချိန်တိုင်း ငါ့ဝါသနာတွေနဲ့ ပျော်ပျော်ကြီးဖြတ်သန်းနေတဲ့ကောင်။ ငါ သူများတွေကို ထိခိုက်လိုစိတ်နဲ့ မရှင်သန်ခဲ့ဖူးဘူး။ သူများတွေ ငါ့ကိုဘယ်လောက်ကြီးပဲ လာထိခိုက်ပါစေ...ငါက ပါးစပ်ကသာ အဆဲသန်မယ်။ ဘလိမ်းချင် ဘလိမ်းမယ်။ လက်တွေ့မှာတော့ ဘယ်သူ့ကိုမှ ရန်မလိုဖူးသလို မယုတ်မာဖူးဘူး။
ငါ့မှာ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ အများကြီးရှိခဲ့တယ်။ တက္ကသိုလ်ပြီးသွားရင် ငါ့မိဘကို ငါအလုပ်အကျွေးပြုရင်း ငါ့ဝါသနာတွေ အားလုံးဆက်လုပ်မယ်လို့ စိတ်ကူးရှိခဲ့တယ်။"
မိန်ဓိရာဇ်ထံမှ မကျေနပ်ချက်များအား ခံပြင်းမှုနှင့်အတူ အစဉ်လိုက်ပြောဆိုနေသော စကားလုံးများကို ရာဇသိင်္ဂါဘက်က ကြားရလျှင် အပြုံးတစ်ခုပေါ်လာပြန်သည်။ ထိုအပြုံးထဲတွင် အထင်အမြင်သေးပြီး ရွံမုန်းမှုများ တိမ်မြုပ်နေ၏။ တစ်နည်းအားဖြင့် မိန်ဓိရာဇ်၏စကားအားလုံးကို ဆက်တိုက်ပြန်လည်တုံ့ပြန်ရန် အရှိန်ယူနေခဲ့ခြင်းဖြစ်သည်။
"ငါ့မှာ ဒီိလိုမျိုးအတွေးတွေပဲရှိခဲ့တယ်။ ခုတော့ မင်းရဲ့ကလဲ့စားစီမံကိန်းကြီးကြောင့် အကုန်ပျက်စီးသွားပြီ။ ဒါပေမဲ့ ငါရှင်သန်ချင်သေးတယ်။ ဒီစိတ်နဲ့ပဲ ငါ ဆက်ကြိုးစားရှင်သန်နေတာ။
မင်းလည်း ဒီကမ္ဘာမရောက်ခင်မှာ ကိုယ်ပိုင်ဘဝတစ်ခုရှိခဲ့တယ်မလား။ မင်းမိသားစုကို မင်းမလွမ်းဘူးလား။"
"ငါ့မိသားစုလို့ သတ်မှတ်ထားတာ ဖြောင်ခေတ်က ငါ့မိသားစုနဲ့ ဖြောင်ပြည်သူတွေပဲရှိတယ်။ ငါ လူပြန်ဝင်စားလာတဲ့ဘဝတွေမှာ မိသားစုတွေရခဲ့ပေမဲ့ သူတို့တွေနဲ့ ရင်းရင်းနှီးနှီး မနေခဲ့ဖူးဘူး။
နောက်ပြီး မင်းက မင်းအိပ်မက်တွေကို ငါဖျက်ဆီးလို့ ပျက်သွားပြီပြောတယ်နော်။ မင်းကမှ လူသန်းတစ်ထောင်ရဲ့ အိပ်မက်အားလုံးကို ဖျက်ဆီးခဲ့တဲ့ကောင်....ခု မင်းအလှည့်ရောက်တော့ ရင်ဘတ်ကြီးနဲ့နာတတ်ပြီပေါ့။"
ဤတစ်ကြိမ်တော့ ရာဇသိင်္ဂါဘက်က မိန်ဓိရာဇ်ထက် လေသံ ၂ ဆ မြှင့်လိုက်သည်။ ပြတ်သားမာထန်သောလေသံနှင့်အတူ နာကြည်းချက်များအား ဖွင့်ဟလျက်။
"သာယာအေးချမ်းနေခဲ့တဲ့ ငါတို့ရဲ့အင်ပါယာကို အချိန်တိုအတွင်း ဖျက်ဆီးခဲ့တာလည်း မင်းပဲ။ ပျော်ရွှင်နေတဲ့ ငါ့မိသားစုကို ဖြိုခွဲခဲ့တာလည်း မင်းပဲ။ ငါ့ ခမည်းတော်ကိုလည်း မင်း သတ်ခဲ့တယ်။ ငါ့ ညီမတော်တွေကိုလည်း မတရားသိမ်းပိုက်ပြီး တိရစ္ဆာန်တွေလို သဘောထား နှိပ်စက်ခဲ့တာလည်း မင်းပဲ။ နန်းတွင်းက တခြားသူတွေနဲ့ တိုင်းသူပြည်သားတွေကိုလည်း မင်းရဲ့နယ်ရုပ်လေးတွေလို အသုံးချပြီး ဖျက်ဆီးခဲ့သေးတယ်။ အမိန့်နာမခံရင် သတ်ပစ်တယ်။ မတရားဖမ်းဆီးနှိပ်စက်တယ်..."
ဤစကားအဆုံးမှာ ရာဇသိင်္ဂါ သက်ပြင်းတစ်ချက်ချပြီး မိန်ဓိရာဇ်၏မျက်လုံးများကို စေ့စေ့ကြည့်ရင်း နှုတ်ခမ်းစုတ်သပ်၏။ ရံဖန်ရံခါ၌ ရင်နင့်ဖွယ် အတိတ်ဇာတ်ကြောင်းများကိုပြန်ပြောပြရသည်မှာ နစ်နာခဲ့သူများအတွက် သိပ်တော့ အဆင်မပြေလှ။ ရာဇသိင်္ဂါသည်လည်း ထို့အတူပင်။ ယခင် မာထန်နေသောလေသံမှာ တဖြည်းဖြည်းချင်း တိမ်ဝင်တုန်ယင်လာ၏။
တစ်ချိန်က ချစ်ဦးသူထံမှ အလိုမတူဘဲ အတင်းအဓမ္မ သားမယားပြုကျင့်ခံခဲ့ရသော နန်းကျမင်းသားတစ်ပါး၏ဘဝပုံရိပ်များက သူ့အမြင်အာရုံထဲဝယ် ရုပ်ရှင်မှတ်တမ်းများကဲ့သို့ မျက်ဝါးထင်ထင်မြင်ယောင်လာလေ၊ မုန်းတီးစိတ်နှင့်အတူ ဝမ်းနည်းဒေါသဖြစ်ရလေလေ။
သို့သော် မဟူရာမျက်ဝန်းအိမ်ထဲမှာ ဝပ်စပြုလာဆဲ မျက်ရည်ကြည်များကို မြေပြင်သို့မကျဆင်းစေရန် မျက်နှာကြောတင်းထားဆဲ။ သူ့လက်က မိန်ဓိရာဇ်ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လာသည်။ မိန်ဓိရာဇ်လည်း ရာဇသိင်္ဂါများ၏ဒေါသအငွေ့အသက်များကို ခံစားမိလာ၍ လည်ချောင်းထဲက တံတွေးများကိုပင် 'ဂလု'၊ 'ဂလု' နှင့် မြိုချနေရသည်။
"ဒါတွေ အကုန်လုံးကို မင်းတစ်ယောက်တည်းပဲ လုပ်ခဲ့တာ။ ငါတို့ မင်းအပေါ်ကောင်းပေးခဲ့တယ်။ ခမည်းတော်ဆိုလည်း မင်းကို သားအရင်းနဲ့မခြား ချစ်ပေးခဲ့သလို ငါလည်း မင်းကိုအစ်ကိုတစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ်။ အစ်ကိုတစ်ယောက်ထက်လည်း ပိုခဲ့တယ်။
မင်းကတော့ အဲဒါကို အခွင့်အရေးယူခဲ့တယ်လေ။ အဲဒီလိုကောင်က အခု သူ့အလှည့်ပြန်ခံရတော့မှ ခံပြင်းနေပြီလား...ဟားဟား"
မိန်ဓိရာဇ်မှာ ဒေါသမာန်ပြင်းနေသော ရာဇသိင်္ဂါ၏အမုန်းမျက်လုံးများကို ထိပ်တိုက်ရင်နိုင်စွမ်းမရှိပါပေ။ ယခုချိန် သူလုပ်နိုင်သည်က ပြောသမျှ ခါးသက်သက်အမုန်းစကားများကို မငြီးမငြူနားထောင်ရင်း ငြိမ်နေရုံသာ။ ထိုမှသာ ရာဇသိင်္ဂါ၏ဒေါသကို သွားမဆွမိမည်။ သူလည်း ဤသို့ တဒင်္ဂ တွေးထင်မိ၏။
သို့သော်လည်း သူ့အတွေးများက မှားသွားပုံရသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ခဏအတွေးများနေစဉ် သူ့ခန္ဓာကိုယ်သည် ရာဇသိင်္ဂါ၏လက်ချက်ဖြင့် အိပ်ရာပေါ်သို့ အလှဲခံလိုက်ရသောကြောင့်။
"မင်းက မိန်ဓိရာဇ် မဟုတ်တဲ့ ဟယ်ရီရှိန်းနောင် ဖြစ်နေလည်း ငါကတော့ တစ်သက်လုံး မင်းကို ခွင့်မလွှတ်ဘူး။ မင်းက အဲဒီကတည်းက မမွေးဖွားလာသင့်တဲ့ ကျွန်ကောင်။"
ရာဇသိင်္ဂါမှာ မိန်ဓိရာဇ်၏လက်များကို အတင်းအကျပ်ချုပ်ထားလိုက်ပြီး သူ့ခြေထောက်နှစ်ချောင်းကြားထဲကိုလည်း ဒူးတစ်ဖက်ဝင်ထားသည်။ စာအုပ်ကြီးလည်း အရိပ်ပြ အကောင်မြင်သောကြောင့် ချောင်းဟန့်၏။ ထို့နောက် ကျားမြိုခံရတော့မည့် သနားစရာ တပည့်ဖြစ်သူအား စိတ်နှင့်ဆက်သွယ် စကားပြောသည်။
(စာအုပ်ကြီး။ ။ လူကလေးရေ... ဒီညကတော့ အချစ်ရမ္မက်လှိုင်းထန်မဲ့ အပြာရောင်ညလေးတစ်ညလို့ဆိုရမယ်။ တတ်ထားသမျှပညာတွေ ကောင်းကောင်းအသုံးချပြီး ကောင်းကောင်းကြိုးစားနော်။ ငါ အခန်းအပြင်ကနေ အားပေးနေမယ် သိလား။ သူ မင်းကိုစွဲစွဲလမ်းလမ်းဖြစ်ပြီး ခွင့်လွှတ်ပေးချင်လာအောင် မူယာ မာယာပညာအကုန်ထုတ်သုံးပစ်။ လုံးဝ အရှုံးမပေးနဲ့...ဟားဟားဟား။)
(မိန်ဓိရာဇ်။ ။ ဘယ်လိုဆရာလဲဟ...တပည့်ဖြစ်သူတစ်ယောက်လုံး ခင်ဗျားရှေ့မှာလုံးပါးပါးတော့မှာကို မိုတီဗေးရှင်းအပြည့်ပေးနေသေးတယ်။ ရှိသမျှ ပညာအကုန်ထုတ်သုံးဆိုရအောင် သူကတအား ရန်ငြိုးကြီးနေတာ မဟုတ်သေးဘူးလေ။
ခက်တော့ခက်သား။ ယောကျာ်းတစ်ယောက်ကို ယောကျာ်းတစ်ယောက်က စွဲလမ်းလာအောင်၊ အပြစ်တွေ ခွင့်လွှတ်ချင်လာအောင် ဘယ်လိုနည်းတွေနဲ့ မြူဆွယ်ဖြားယောင်းရမှာတဲ့လဲ။ နည်းလမ်းလေးများရှိရင် မစပါဦး။)
(စာအုပ်ကြီး။ ။ အဟား ဒါကလွယ်ပါတယ်...မင်းသာ ခုနေ မိန်းမရလို့ မင်းမိန်းမကိုချစ်ရတော့မယ်ဆို မိန်းမရဲ့ဘယ်လိုပုံစံအမူအရာလေးတွေ...ဘယ်လိုအနေအထားလေးဆွေ ရင်ခုန်မလဲဆိုတာ မြင်ယောင်ပြီး တွေးကြည့်လိုက်။ မင်းကိုယ်မင်း မိန်းမတစ်ယောက်လို စိတ်နှစ်ကြည့်လိုက်ရင် စွဲလမ်းလာအောင်လုပ်ဖို့က အလိုလို အဆင်ပြေသွားလိမ့်မယ်။)
(မိန်ဓိရာဇ်။ ။ ရာဇသိင်္ဂါလို ယောက်ျားတစ်ယောက်ဆီက ခွင့်လွှတ်ခံရဖို့ကရော ဘယ်လိုမူယာမာယာတွေ ထုတ်သုံးရမှာလဲ)
(စာအုပ်ကြီး။ ။ မင်းကတော့ ပိန်းတိန်းနေရော။ ပိန်းတာမှ ပိန်းဥကတောင် အဘေးခေါ်ရမယ်ကွ။ မသေမချင်းမှတ်ထား.... အပေါ်ယံမာကျောသယောင်နဲ့ အတွင်းနှလုံးသားနုငယ်တဲ့ ယောကျာ်းတွေရဲ့အားနည်းချက်က သနားကမားအားနွဲ့တဲ့ အငိုမျက်လုံးလေးတွေ၊ ပျားသကာလို နူးနူးညံ့ညံ့အပြောချိုချိုလေးတွေနဲ့ တောင်းပန်တာတွေ...)
(မိန်ဓိရာဇ်။ ။ ဟိုးဟိုး....ခင်ဗျားပြောသလို လိုက်လုပ်ဖို့ မျက်လုံးထဲ ပုံဖော်ကြီးတာ အောဂလီဆန်ပြီး ရွံလာလို့။ သူ့ရှေ့ငိုပြလည်း သူက မသနားတဲ့အပြင် ပိုပွဲကြမ်းမယ့် မုဒိမ်းကောင်လေးလေ။ ပြီးတော့ သူ့အငြိုးအတေးကြီးပုံနဲ့ ခင်ဗျားပြောတဲ့နည်းလမ်းတွေက မဖြစ်နိုင်ပါဘူးဗျာ။)
(စာအုပ်ကြီး။ ။ ငါက မင်းတို့နှစ်ယောက်စလုံးရဲ့ဆရာဖြစ်ခဲ့ပါတယ်ကွာ။ ငါ့ ယုံလိုက်စမ်းပါ။ သစ်ငုတ်တောင် ကြာကြာခလုတ်တိုက်ရင် ယိုင်နဲ့လာနိုင်သေးတာပဲ။ သူ့နှလုံးသားကို ပြေးပြေးပြီး ခလုတ်တိုက်ကြည့်ရင် အချိန်တန် မင်းဘက်ကို ယိုင်နဲ့လာမှာပဲကို။
မကြိုးစားကြည့်ဘဲ အရှုံးစကားစမပြောနဲ့။ မင်းရဲ့ဆရာဒုံကို ယုံလိုက်...)
(မိန်ဓိရာဇ်။ ။ ဟုတ်...ဟုတ်။ ဆရာဒုံပြောသွားသလို ကြိုးစားကြည့်ပါ့မယ်ခင်ဗျာ။ မဖြစ်လာခဲ့ရင် ဆရာဒုံလည်း ဘဝဆက်တိုင်း ကျွန်တော့်လိုဖြစ်ပါစေခင်ဗျာ။)
(စာအုပ်ကြီး။ ။ မင်းမေ....)
မိန်ဓိရာဇ်လည်း ရာဇသိင်္ဂါကို မြူဆွယ်နိုင်ဖို့အရေး သူ၏မွေးရာပါ ယောကျာ်းမာယာများအား အတတ်နိုင်ဆုံးထုတ်သုံးရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ရာဇသိင်္ဂါက စာအုပ်ကြီးကို မျက်စောင်းထိုးလိုက်သည့်အခါ စာအုပ်ကြီးလည်း အလိုက်တသိဖြင့် အိပ်ခန်းဆောင်ထဲကနေ ထွက်သွား၏။
ထို့နောက် ရာဇသိင်္ဂါမှာ မိန်ဓိရာဇ်၏လက်နှစ်ဖက်ကို သူ့လက်တစ်ဖက်တည်းဖြင့် ယခင်ထက် ပိုတင်းကျပ်စွာ ချုပ်ထားရင်း ပြုံးနေလျက်။ ထိုအပြုံးမှာ ဆာလောင်နေသော ကျားတစ်ကောင်၏လှောင်ပြုံးအလား။
မိန်ဓိရာဇ်မှာ ရာဇသိင်္ဂါ၏မျက်လုံးများကို ထိပ်တိုက်မကြည့်တော့ဘဲ ဘေးလွှဲလိုက်သည်။ ထို့နောက် ဆရာဒုံ၏ဩဝါဒများအတိုင်း သူ့ကိုယ်သူ အားနွဲ့သည့်အမျိုးသမီးတစ်ဦးပမာ ခံစားချက်များကို ဖိအားပေး ရိုက်သွင်းတော့သည်။
"ဟို...လက်ကိုအရမ်း...တင်းတင်းကျပ်ကျပ်ကြီး မချုပ်ထားပါနဲ့လားရှင်...အယ်...ဗျာ"
မိန်ဓိရာဇ်၏အမူအယာနှင့်စကားက ရာဇသိင်္ဂါကို ဟားတိုက်ရယ်မောအောင်ပြုလုပ်ခဲ့သည်။
"မင်းက ငါ့နယ်ရုပ်။ ဒါကြောင့် ငါ့အပိုင်ဖြစ်နေလို့ တင်းတင်းချုပ်ထားတာ မကျေနပ်ဘူးလား။"
"မကျေနပ်လို့...မဟုတ်ပါဘူး။ ဒါပေမဲ့ ကြောက်မိတယ်။ "
အားနွဲ့သောမိန်းမသားသဖွယ် မခို့တရို့လေးပြောနေသော မိန်ဓိရာဇ်၏မျက်နှာသည် ရှက်သွေးများ လွှမ်းမိုးနေသည်။ ရာဇသိင်္ဂါမှာတော့ ရုတ်တရက် တအားနွဲ့နှောင်းပျော့ပျောင်းလာသော မိန်ဓိရာဇ်၏ပုံစံကိုကြည့်ရင်း ကျောချမ်းလာလျက်။
"ဘာ...ငါ့ကိုကြောက်တယ်လို့ပြောလိုက်တာလား။ ရုပ်ရင့်မာကြီးနဲ့ တအားနွဲ့နေလိုက်တာများ...အရင်ဘဝက သိပ်စောက်ကြောတင်းတဲ့ မင်းရဲ့မိန်ဓိရာဇ်ပုံစံက ဘယ်ချောင်ရောက်သွားတာလဲ။"
"လာပြန်ပြီ။ တစ်ခါလာလည်း အရင်ဘဝ...တစ်ခါလာလည်း အရင်ဘဝ... လူကိုတစ်ဆိတ်ရှိ မိန်ဓိရာဇ်...မိန်ဓိရာဇ်နဲ့...ဒီက ဟယ်ရီရှိန်းနှောင်ပါဆိုနေ....အရမ်းစိတ်ညစ်လာပြီ။ ရှင်းပြလည်း နားမဝင်တဲ့မင်းလိုလူတစ်ယောက်ကို ငါဆက်လည်း မရှင်းပြနိုင်တော့ဘူး။ ပြန်ခံဖို့ အားအင်လည်း မရှိတော့ဘူး။
မင်း ငါ့ကို ဆန္ဒရှိသလိုသာလုပ်နေလိုက်...
ငါက ဘယ်လောက်ကြိုးစားကြိုးစား မင်းရဲ့နယ်ရုပ်တစ်ရုပ်ပဲမလား။"
"ဒါပေါ့။ မင်း သဘောပေါက်ရင် ပြီးပြီပဲ"
ရာဇသိင်္ဂါ၏နှုတ်ခမ်းများက ရုတ်တရက် မိန်ဓိရာဇ်၏နှုတ်ခမ်းများကို ငုံထွေးနမ်းရှိုက်ခဲ့ပြီးနောက် အောက်နှုတ်ခမ်းကို သွေးစို့သည်အထိ ဖိကိုက်ခဲ့သည်။
"အ..."
မိန်ဓိရာဇ်မှာ မိန်းမသားတစ်ယောက်ကဲ့သို့ စိတ်ခံစားချက်များ စီးမျောပြီးနောက် သူ့နှလုံးသားထဲတွင် ခံစားချက်အစစ်အမှန်များနှင့်ဝမ်းနည်းလုံးစို့တက်လာသည်။ ရာဇသိင်္ဂါအတွက် မိန်ဓိရာဇ်ပုံစံကိုမြင်နေရသည်မှာ သူ့ကိုယ်သူအပြစ်ရှိသလို ခံစားမိချင်လာ၏။ သို့သော်လည်း ထိုစိတ်အား ချက်ချင်းဖျောက်ဖျက်ပစ်လိုက်၍ ခေါင်းငုံ့ကာ မိန်ဓိရာဇ်၏နားအနားသို့ သူ့နှုတ်ခမ်းက တိုးကပ်သွားသည်။
"မိန်းမကြီးလို ခုလိုငိုယိုပြနေလည်း ငါက မင်းကိုညှာညှာတာတာလုပ်ပေးမယ့်ကောင်စားမဟုတ်နေဘူးနော်"
"သိတယ်...မင်း ငါ့ကိုအငြိုးနဲ့ရက်စက်မယ်မှန်းသိတယ်။ မင်း သေဆိုသေ ... ရှင်ဆိုရှင်နေရမဲ့ကောင်ပါ။ မင်းရဲ့အမိန့်တွေကိုမလွန်ဆန်နိုင်ဘူး။"
ထိုစဉ် ရာဇသိင်္ဂါတစ်ယောက် အတိတ်ဖြစ်ရပ်တစ်ခုကို ထပ်မံပြီး သတိရမိသွားသည်။ ထိုအရာကား လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က လူယုတ်မာမုဒိမ်းဘုရင် မိန်ဓိရာဇ်အနေဖြင့် သူ၏ချစ်လှစွာသော ဧကရီ ရာဇသိင်္ဂါလေး၏မျက်ဝန်းထဲမှ မျက်ရည်တစ်တွေ့သည်နှင့် ချက်ချင်း အနိုင်ဆက်မကျင့်ဝံ့ဘဲ ချော့မော့တတ်ခဲ့သည်။ ထိုစဉ်က ရာဇသိင်္ဂါမှာ ယခုမိန်ဓိရာဇ် နွဲ့နေသလောက် မနွဲ့နေခဲ့ဘဲ ကြမ်းတမ်းခက်ထန်လွန်း၏။ ထိုစဉ်က မိန်ဓိရာဇ်မှာ မည်သည့်အကြောင်းကြောင့်နှင့် မျက်ရည်မကျမိအောင် မာန်တင်းထားလေ့ရှိခဲ့သည်။
ထိုအကြောင်းကို ပြန်တွေးမိလျှင် ယခုမိန်ဓိရာဇ်အား သက်ညှာပေးချင်စိတ်ပေါ်လာသည်က အမှန်။ ထို့ကြောင့် အတွေးပုံရိပ်များကို ခဝါချကာ မိန်ဓိရာဇ်၏ဆံပင်စည်းကိုဖြည်ချပေးခဲ့သလို သူ့အဝတ်အစားများကိုလည်း ချွတ်ခဲ့၏။ မိန်ဓိရာဇ်ကလည်း ရာဇသိင်္ဂါကို မျက်နှာလွှဲကာ ရှက်ရှက်နှင့် အဝတ်များကို ချွတ်ချခဲ့သည်။ ထို့နောက် မျက်လုံးနှစ်ဖက်ကို တင်းကျပ်စွာ မှိတ်ထားခဲ့လျက်။
ဤသို့ဖြင့် ညင်သာသိမ်မွေ့သောလုပ်ဆောင်ချက်များနှင့်အတူ လင်မယားအရာ ပြီးမြောက်ခဲ့သည်။ ထို့နောက် သူ့ဘေးနားမှာ အနည်းငယ် မောဟိုက်နေသော မိန်ဓိရာဇ်ကိုကြည့်ရင်း စကားစလိုက်သည်။
"ဒီဘဝမှာ ငါ့နာမည်က ဧဒင်ဟိန်းမောင်"
"ဧဒင်ဟိန်းမောင်...မင်းလည်း ငါ့လိုနာမည်လေးလုံးပဲ။ ဒါနဲ့ ဒီကမ္ဘာမရောက်ခင် မင်းအသက်ကရော...ငါကတော့ ၂၀။"
"ငါက ၂၁ ရာစုကမ္ဘာမှာ အသက်၂၅...ခုဖြောင်ခေတ်မှာ ငါက အသက် ၂၅ဆို မင်းက အသက် ၃၀"
"ဪ....ဟုတ်လား။ နှစ်တစ်ထောင်ကျော်တုန်းက ငါက မင်းထက် အသက် ၅ နှစ်ကြီးပြီး မော်ဒန်ခေတ် လူပြန်ဖြစ်တော့ ငါက မင်းထက် ၅ နှစ် ငယ်သွားတာပေါ့။"
"အင်း..."
"မင်းက ငါ့ကို အသက်ကအစ အငြိုးအတေးနဲ့ ကလဲ့စားချေထားသလား"
"ထင်ချင်သလိုထင်"
"အင်းပါ...ခုကစပြီး ငါတို့အနား စာအုပ်ကြီးကလွဲလို့ အပြင်လူတွေ ဘယ်သူမှမရှိရင် ဟိန်းလို့ခေါ်ရမလား။ ဧဒင်လို့ခေါ်ရမလား။"
" ရာဇသိင်္ဂါပဲခေါ်"
"ဘာလို့လဲ။ အဲဒီနာမည်ထက် ဧဒင်ဟိန်းမောင်က ပိုလှတယ်။ ခုသေချာစဥ်းစားမိတော့မှ မင်းနာမည်နဲ့ ငါ့နာမည်က ကာရံညီသားဟ။
ဟယ်ရီရှိန်းနောင် .... ဧဒင်ဟိန်းမောင်"
ရာဇသိင်္ဂါ (ခေါ် ) ဧဒင်ဟိန်းမောင်မှာ ရှက်သွေးဖြာလာသဖြင့် မျက်နှာကြက်ကိုမော့ကြည့်ရင်း နှုတ်ခမ်းစုတ်သပ်လိုက်သည်။
"ကျစ်...ဒီအရူးကောင်ကတော့ အခွင့်အရေးပေးတယ်ထင်ပြီး ရောင့်တက်နေတဲ့ပုံပဲ။ "
"အောင်မယ်...မင်းလည်းရူးနေတာပဲ။ အရူးချင်းတူတူ မင်းက ပို level မြင့်တယ်။"
"တော်စမ်း။ နားငြီးတယ်။ အခန်းထဲကထွက်တော့။ ငါ နားတော့မယ်။ မင်း အခန်း မင်းပြန်။ ငါ ခေါ်ရင် တန်းလာခဲ့။ ဒါပဲ။"
"ဟ..."
ဧဒင်ဟိန်းမောင်က လုပ်ချင်ရာလုပ်ထားပြီးနောက် မာရည်ကြောရည်နှင့် ယတိပြတ် နှင်လွှတ်နေသောအခါ သူ ခဏတော့ ဆွံ့အမိသည်။ သို့သော်လည်း သက်ပြင်းချ၍သာ စိတ်လျော့လိုက်သည်။ သူ၏မူလပန်းတိုင်မှာ ဧဒင်ဟိန်းမောင် (ခေါ်) ရာဇသိင်္ဂါထံမှ တစ်သက်တာ ခွင့်လွှတ်ကျေအေးပေးမှုအား ပိုင်ဆိုင်ရန် မဟုတ်ပေတကား။ ထို့ကြောင့် သူ့အနေဖြင့် အဆုံးထိ စိတ်ရှည်သည်းခံရပေမည်။
" Ok ပါ ဘေဘီ။ ကိုယ့်ဘုရင်လေးရဲ့အမိန့်တော်အတိုင်း အခုပဲ အခန်းပြင်ကို ထွက်ခွာသွားပါတော့မယ်ခင်ဗျာ။ "
ဟယ်ရီရှိန်းနောင်လည်း ဧဒင်ဟိန်းမောင်၏ပါးတစ်ဖက်ကို ရွှတ်ခနဲ နမ်းလိုက်ကာ ကုတင်ပေါ်ကနေ ဆင်းသွားသည်။ ထိုအခါ ဧဒင်ဟိန်းမောင်တစ်ယောက် သူ့ပါးပြင်ပေါ်တွင် စွဲကျန်နေခဲ့သော ဟယ်ရီရှိန်းနောင်၏အနမ်းရာအား သူ့လက်နှင့် ချက်ချင်းပွတ်ဖျက်ပစ်သည်။
"ကျစ်....ဒီဖေ..."
ရဲတင်းလွန်းသော ဟယ်ရီရှိန်းနောင်မှာ နောက်ထပ်တစ်ဖန် ဧဒင်ဟိန်းမောင်၏နှုတ်ခမ်းအား ပြွတ်ခနဲနမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဟယ်ရီရှိန်းနောင်က ဧဒင်ဟိန်းမောင်ကို အကြည့်ချင်းဆုံကာ အပြုံးချိုချိုလေးနှင့်ပြောလိုက်သည်မှာ...။
"မင်းက အမြဲတမ်းပဲ ကိုယ့်ကိုဆို အပိုင်စားရနေမှာပါ ရှင်ဘုရင်လေးရေ..."
ထိုစကားကြောင့် ဧဒင်ဟိန်းမောင်လည်း ချက်ချင်း မျက်နှာများ နီရဲတွတ်သွားသည်။ ဟယ်ရီရှိန်းနောင်ကတော့ ကုတင်အောက်ကာ ပွဲကျဲနေသော နန်းဝတ်နန်းစားများကို တစ်ခုချင်းစီ ကောက်ယူဝတ်ခဲ့သည်။ နောက်ဆုံး၌ ဧဒင်ဟိန်းမောင်ကို "Fly Kiss" တစ်ခုပေးလိုက်ပြီး အဝတ်ဖရိုဖရဲနှင့် အိပ်ခန်းဆောင်အပြင်ဘက်သို့ ထွက်သွားတော့သည်။
ရာဇသိင်္ဂါ (ခေါ်) ဧဒင်ဟိန်းမောင်မှာ မကျေမနပ်ဖြစ်ကာ ကျန်နေခဲ့ရင်း....။
══════ ◈ ═══════
Edit ver မဟုတ်လို့ စာလုံးပေါင်းသတ်ပုံအမှား၊ Typing Error လေးတွေ ပါနိုင်ပါတယ်။ ဖတ်ရအဆင်မပြေတာ၊ ဇာတ်လမ်းအဆင်မပြေတာရှိခဲ့လည်း ပြန်ပြောပေးပါဦးနော်။
Update နှေးလည်း ခုထိသဘောကျပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😘🫶
28.4.2024 (Sun)
2:37 AM