အခန်း (၁၂)
နန်းတော်အသစ်သို့ ရွှေ့ပြောင်းရခြင်း
မနေ့က မနက်ခင်းညီလာခံအပြီးမှာတော့ မိန်ဓိရာဇ်တစ်ယောက် သူ၏အဆောင်တော်အတွင်း မျက်ခုံးလှုပ်လှုပ်နှင့် နေထိုင်ခဲ့သည်။ အကြောင်းကတော့ ရာဇသိင်္ဂါ သို့မဟုတ် သီဟလင်္ကာမှ ပြဿနာလာရှာမည်ကို လန့်နေခဲ့သည့်အတွက်။ သို့သော်လည်း ညီလာခံအပြီးတွင် ရာဇသိင်္ဂါမှာ ဖခမည်းတော်နှင့်အတူတူ တောကစားထွက်ပေးခဲ့ရသဖြင့် ထိုညတွင် မိန်ဓိရာဇ်ဆီသို့ မရောက်လာခဲ့ပေ။ သီဟလင်္ကာတို့သားအဖကလည်း ရာဇသိင်္ဂါတို့နှင့်အတူလိုက်လံ၍ ခဏတာ တောကစားထွက်ခဲ့ကြ၏။ ထို့ကြောင့် မိန်ဓိရာဇ် ကံကောင်းသွားခဲ့သည်။
" ဘယ်လို အူကြောင်ကြောင်နိုင်လိုက်တဲ့အမိန့်လဲ။ ခုတော့ လူတကာရဲ့လက်တွေကို လိုက်နမ်းနေရတော့မယ်။ လက်တွေကနေ ပိုးမွှားပေါင်းစုံပါလာရင် ရွံစရာကြီး။"
မိန်ဓိရာဇ်က သူ၏ဆံပင်ရှည်ကိုဖီးသပ်နေပြီး စိတ်ညစ်ညစ်နှင့်ပြောလိုက်သည်။ ထိုအခါ စာအုပ်ကြီးက မိန်ဓိရာဇ်၏ကိုယ်ရံတော်မှူးအဝတ်အစားနှင့်အဆောင်အယောင်ပစ္စည်းများကို မှော်အစွမ်းနှင့် သေချာဝတ်ဆင်ပေးနေသည်။ ခြေလက်အင်္ဂါမရှိနေသည့်စာအုပ်ဘဝဖြစ်နေ၍ မှော်အစွမ်းဖြင့်သာ မိန်ဓိရာဇ်၏ဝေယျာဝစ္စအနည်းအကျဉ်းကို အနီးကပ်ဆောင်ရွက်ပေးတတ်သည်။ ဖြောင်ခေတ်က ဝတ်စားဆင်ယင်ပုံမှာလည်း အနည်းငယ်ရှုပ်ထွေးသောကြောင့် မိန်ဓိရာဇ်အနေဖြင့် နေသားမကျသေးပေ။ ထို့ကြောင့် ဆရာဖြစ်သူ စာအုပ်ကြီး၏အကူအညီကိုသာ အမြဲယူနေရသေးသည်။
အစေခံလေး ဗဘုံက မိန်ဓိရာဇ်၏နန်းတွင်းအဝတ်အစားများအား လဲလှယ်ရာတွင် ကူညီပေးမည်ဟု လျှောက်တင်ခဲ့သည့်အကြိမ်တိုင်းမှာလည်း စာအုပ်ကြီး၏အမိန့်ကြောင့် ဗဘုံလေးအား ငြင်းဆန်ခဲ့သည်။
"လူတကာတော့ မဟုတ်ပါဘူးကွ။ သူချသွားတဲ့အမိန့်မှာက ပထမဆုံးစတွေ့တဲ့လူတွေနဲ့ ဒေါသထွက်တဲ့အချိန်တွေပဲ နှုတ်ဆက်အနမ်းပေးခိုင်းတာ။ ဘာပဲဖြစ်ဖြစ်...ဒီတစ်ခါဖြောင်ခေတ်မှာ လက်နမ်းတဲ့ဓလေ့ကို 'မိန်ဓိရာဇ်ရဲ့အကြင်နာပန်း'ဆိုပြီး ခေါင်းစဉ်တပ်လိုက်တော့ ဟိုဘက်ခေတ်ပြန်ရောက်ခဲ့ရင် မင်းတော့နာမည်ကြီးတော့မယ် ဟားဟားဟား....ဖြောင်ခေတ်ကနေ နောက်နှစ်ပေါင်း ၁၀၀၀ ဆို ခေတ်မီတိုးတက်တဲ့ ၂၁ ရာစုပန်ရာနိုင်ငံဖြစ်တော့မှာလေ"
စာအုပ်ကြီးက ဝမ်းသာဂုဏ်ယူသည့်လေသံနှင့် ကျေနပ်ပီတိဖြစ်နေသော်လည်း မိန်ဓိရာဇ်ကမူ မျောက်ဝံမကြီး အထီးပူမိနေသကဲ့သို့ လေးလေးတွဲ့တွဲ့ပြန်ဖြေသည်။
"ဘာပဲဖြစ်ဖြစ်လေ... ဟိုစောက်ရူးလင် ရာဇသိင်္ဂါနဲ့ စောက်ရူးမင်းသား သီဟလင်္ကာဆိုတဲ့ကောင်ကိုတော့ တစ်ချိန်လုံး နမ်းနေရတော့မယ့်အဖြစ်မျိုး။ ကောင်မလေးချောချောလေးတွေကို နမ်းရရင်တော့ မဆိုးပါဘူး။ ခုမှတွေးကြည့်မိတယ်။ ဒီတိုင်းဆိုရင် အပျိုတော်လေးတွေရဲ့ကိုလည်း နမ်းလို့ရတော့မှာပေါ့ ဟားဟားဟား။"
စကားအဆုံးတွင်တော့ သူ၏နှုတ်ခမ်းမွေးရေးရေးအား လက်ဖြင့်သပ်ကာ ရယ်မောနေမိလျက်။ စာအုပ်ကြီးက မိန်ဓိရာဇ်၏ဖွာထွက်နေသော ဆံပင်များကို ကျွန်းနက်မှန်တင်ခုံတွင်ရှိသောဖြောင်အင်ပါယာ၏နာမည်ကြီး ခေါင်းလိမ်းဆီတစ်မျိုးအား မှော်နှင့်အသုံးပြုကာ ဦးရေဖျားထဲ စိမ့်ဝင်နေအောင် လိမ်းပေးနေသည်။ ထို့နောက်တွင် မိန်ဓိရာဇ်၏ဆံပင်ကို သျှောင်ထုံးလုပ်ပေးလိုက်သည်။
ထိုစဉ် စာအုပ်ကြီးအနေဖြင့် အတိတ်ဖြစ်ရပ်တစ်ခုအား ရုတ်တရက် မှတ်မိသွား၏။ ယခင်နှစ်ပေါင်းတစ်ထောင်က မိန်ဓိရာဇ်ကမူ သျှောင်ထုံးထုံးရသည်ကိုအလွန်မနှစ်သက်ခဲ့သည့်အတွက် ထီးနန်းလုပြီး နန်းတက်ခံနီးတွင် သူ၏ဆံပင်ရှည်အား တိုတိသည်အထိ ဖြတ်တောက်ခဲ့သည့်ဖြစ်ရပ်ပင်။ ထိုမျှမက ဖြောင်နိုင်ငံ၏ဧကရာဇ်ဘုရင်နန်းတို့ ဝတ်လေ့ရှိသော နန်းတွင်းအဝတ်အစားကိုပါ သူ၏ကိုယ်ပိုင်ဒီဇိုင်းဖြင့်ပြောင်းလဲဝတ်ဆင်ခဲ့သေးသည်။
ဤဖြစ်ရပ်အား ပြန်အမှတ်ရသော်လည်း မိန်ဓိရာဇ်ကို မပြောပေ။ တပည့်ဖြစ်သူအား သျှောင်ထုံးသေချာထုံးပေးရင် သူ့မူလတာဝန်ကို မမေ့လျော့စေရန် သတိပေး၏။
"အေး...ကြည့်ကြပ်လုပ်။ မင်းရဲ့လင်တော်မောင်က အပြစ်ကင်းစင်တဲ့ သနားကမားမျက်နှာလေးနဲ့ ခန့်မှန်းရခက်တဲ့လူ... မင်းတာဝန်က သူ့ဆီက ခွင့်လွှတ်ခံရပြီး ကြည်ဖြူလာတဲ့အထိနေရမှာကိုလည်း မေ့မနေနဲ့။ ခုတောင် သူတစ်ယောက်တည်း နတ်ဘုရားမဆီက အကူအညီိတွေယူပြီး ဘာတွေကြံစည်နေသလဲကို ငါတို့တွေ မသိနိုင်ဘူး။ နောက် မင်းကိုအငြိုးတကြီးမုန်းပြီး သတ်ချင်နေခဲ့တဲ့လူတွေထဲ သူ့ညီမတော် ခုနှစ်ပါးလည်းပါခဲ့တော့ ဒီဘဝမှာ သူ့ညီမတော်တွေကို လက်ဖျားနဲ့တောင် မထိနဲ့။ "
"အင်းပါ....ခုတော့ တရားဝင်မတော်ရသေးတဲ့ အူကြောင်ကြောင်ယောက္ခမတော်ဆီ အမှူတော်သွားထမ်းလိုက်အုံးမယ်။ ဒါနဲ့မေးမို့။ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ မှော်ပညာတွေ စီးဆင်းနေတယ် မဟုတ်ဘူးလားဗျ။ မော်ဒန်ခေတ်စကားနဲ့ပြောရရင် အဲ့မှော်ပညာတွေကို activate လုပ်ဖို့အတွက် တစ်ခုခုလုပ်မှဖြစ်မယ်မလား။ နောက်ပြီး ကျွန်တော်ခုရောက်နေတဲ့ အချိန်ကာလက မိန်ဓိရာဇ်မှာ စွမ်းအားကြီးနေတဲ့အချိန်...ဒါပေမဲ့ ဇာတ်လမ်းက ပြောင်းသွားတော့ ကျွန်တော့်မှာ ဘာစွမ်းအားမှ မရှိနေတာမျိုးဖြစ်နေမလား။ အဲဒီအကြောင်းကိုလည်း ခင်ဗျားကိုမေးဖူးသလိုလိုနဲ့ မမေးမိဘူးထင်တယ်။
မိန်ဓိရာဇ်အား ခေါင်းကနေ ခြေအဆုံး သေချာ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးသည့်နောက် စာအုပ်ကြီးက မိန်ဓိရာဇ်ရှေ့သို့ ဝဲပျံလာသည်။
"မဟုတ်ဘူး။ မင်းမှာ ဒီကိုရောက်လာကတည်းက မှော်ဖြူစွမ်းအားတွေ ပါလာပြီးသား။ ဒါပေမဲ့ ဒီဖြောင်ခေတ်ရောက်တော့ မင်းရဲ့စွမ်းအားကို နတ်ဘုရားမက ကန့်သတ်ပေးထားတဲ့ပုံပဲ။ ဟိုးတစ်နေ့က နတ်ဘုရားမဆီ လမ်းကြုံဝင်တုန်းက ငါ သူနဲ့ရန်မဖြစ်ဘဲ သူ့ကိုစကားနှိုက်ကြည့်ခဲ့တယ်။ ငါ့ကိုဆို ဘယ်တော့မှ စကားရှင်းရှင်းလင်းလင်းမပြောလို့ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး မေးရတာကွာ။
သူပြောပုံအရတော့ မင်းရဲ့မှော်ဖြူစွမ်းအားတွေက မင်းအသက်အန္တရာယ်ကြုံလာတဲ့အချိန်တွေ မဖြစ်မနေ မှော်ထုတ်သုံးရတော့မယ်ဆိုမှ အလိုအလျောက် မှော်ပညာသုံးနိုင်မယ့်ပုံစံ။"
"ပြောနေတာကြာတယ်။ ခုပဲ စမ်းကြည့်ကြမယ်လေ။"
"မစမ်းနဲ့။ အဲဒီလို နတ်ဘုရားတွေဆီကနေ ထိန်းချုပ်ကန့်သတ်ထားခံရတဲ့မှော်ပညာတွေဆိုတာ သမာရိုးကျမဟုတ်တဲ့နည်းနဲ့စမ်းသပ်မယ်ဆို လုံးဝသုံးမရဘူး လူလေးရဲ့။"
စာအုပ်ကြီးက စိတ်မရှည်သည့်အသံနှင့်အော်ပြောလိုက်လျှင် မိန်ဓိရာဇ်က မချိုမချဉ် မထုံတက်သေးမျက်နှာပေးနှင့် မအူမလည်တုံ့ပြန်သည်။
"ဪ...အဲဒီလို"
"အေးဆို"
"ဘယ်တတ်နိုင်မလဲ....ခုတော့ တရားမဝင်တဲ့ ယောက္ခမတော်ဆီ လစ်ကြတာပေါ့။"
"ဘာလစ်တာတုန်း"
"သွားကြရအောင်လို့ မော်ဒန်ဗန်းစကားနဲ့ပြောတာ"
"ဟော...အဲ့ဗန်းစကားကလည်း ငါ ဘယ်လောက်သင်သင် မကုန်နိုင်ဘူး။ အေး...ဒါဖြင့်လစ်ကြစို့"
ဤသို့ဖြင့် သူတို့မိန်ဓိရာဇ်တို့အဆောင်တော်ကအထွက် ဆီးကြိုစောင့်နေသော ရာဇသိင်္ဂါကိုတွေ့လိုက်ရချိန်၌ မိန်ဓိရာဇ်တုန်လှုပ်သွားသည်။ ထို့ကြောင့် ဆရာတပည့်နှစ်ယောက်မှာ စိတ်ဖြင့်ဆက်သွယ်ရကြတော့သည်။
(မိန်ဓိရာဇ်။ ။"အား...သူ့မြင်တာနဲ့ ဖင်ကျိန်းတာ")
(စာအုပ်ကြီး။ ။ "ကျိန်းမနေနဲ့... မြန်မြန်နှုတ်ဆက်")
(မိန်ဓိရာဇ်။ ။ သူ့ညာဘက်လက်ကို နမ်းရဦးမှာလား")
(စာအုပ်ကြီး။ ။ မနမ်းရဘူးလေ...ပထမဆုံးအကြိမ် မိတ်ဆက်မှ နှုတ်ဆက်တဲ့ဓလေ့အနေနဲ့နမ်းခိုင်းတာ...ဆိုတော့ ဘုရင်က မင်းတို့တွေ လူတကာကို အမြဲတမ်းမနမ်းနေရအောင် လျော့လျော့ပေါ့ပေါ့လေး အမိန့်ချပေးခဲ့တဲ့ပုံလို့ ပြောရမယ်။)
မိန်ဓိရာဇ်လည်း ချက်ချင်းဆိုသလို ခေါင်းငုတ်အရိုအသေပြုလိုက်ကာ...
"ဘုန်းတော်အနန္တနှင့်ပြည့်စုံတော်မူ၍ ဂုဏ်ရောင်ဂုဏ်ဝါထွန်းလင်းလှသည့်အရှင့်သား...အဘယ်ကြောင့် ကျွန်တော်မျိုး၏အဆောင်တော်ရှေ့တွင် ရောက်နေရသနည်း"
(စာအုပ်ကြီး။ ။ သူ့ကိုတအား မြှောက်ပြောနေရာရောက်တယ်)
(မိန်ဓိရာဇ်။ ။ ခုလောက်မြှောက်ပြောထားမှ အခြေအနေကောင်းမှာပေါ့ဗျ။ ဒီစောက်ရူးလင်လေးက ဘယ်အချိန်မှာ ကျွန်တော့်ကို ဘာလုပ်မယ်ဆိုတာလည်း ကြိုမြင်နိုင်တာမဟုတ်လို့ ခုထဲကနည်းမျိုးစုံဖားထားရမယ်)
ရာဇသိင်္ဂါမှာ လူရှေ့သူရှေ့တွင် သူ၏ယုန်ဖြူလေးကဲ့သို့ ဖြူစင်လှသည့်မျက်နှာဖုံးတစ်ခုအား ချိတ်ဆွဲထားသဖြင့် အပြစ်ကင်းစင်လွန်နေသည်။ ဖော်ရွေပျူငှာသည့် အပြုံးတုတစ်ခုကိုလည်း သေသပ်စွာ ဝတ်ဆင်ထား၏။ နူးညံ့သိမ်မွေ့သောလေသံနှင့်လည်း စကားပြောဆိုတတ်သည်။ ထို့ကြောင့် အများသူငါ ရှေ့မှောက်တွင်မူ ရိုးသားဖြောင့်မတ်လွန်းပြီး အကြင်နာတရားကြီးမားသည့်အိမ်ရှေ့စံမင်းသားတစ်ပါး၏စံသတ်မှတ်နှုန်းများက ဖြာထွက်နေသည်။
ယခုတွင်လည်း ယခင်ဘဝကတည်းက ဇာတ်လမ်းအတိုင်း သွေးသားတော်စမ်မှုမရှိသည့် ကျွန်မျိုးနွယ် မိန်ဓိရာဇ်အား 'အစ်ကိုတော်' ဟူသည့် အခေါ်အဝေါ်အသုံးပြုကာ သိမ်မွေ့သောလေသံနှင့် စကားနိဒါန်းပျိုးခဲ့သည်။
"အစ်ကိုတော် မိန်ဓိရာဇ်အား ခမည်းတော်မင်းတရားကြီး၏အမိန့်နှင့်တကွ လာရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။ ယနေ့မှစ၍ အစ်ကိုတော်သည် ဤအဆောင်ငယ်တွင် နေထိုင်စရာမလိုတော့ပြီ။ ထို့ကြောင့် ဤအဆောင်တော်ရှိ အသုံးအဆောင်ပစ္စည်းများလည်း အစ်ကိုတော် မိန်ဓိရာဇ်နှင့် လားလားမျှ မသက်ဆိုင်တော့ပေ။ အဆောင်တော် ရွှေ့ပြောင်းမိန့်နှင့်တကွ ယခုပင် ကျွန်ုပ်နှင့်အတူတူ လိုက်ခဲ့ပါလော့။ အစ်ကိုတော်၏အစေခံ ဗဘုံကိုလည်းထားခဲ့ပါလော့။ သူသည် ယနေ့မှစ၍ သူ၏မိဘများဆီ ပြန်သွားခွင့်ရမည်။"
(မိန်ဓိရာဇ်။ ။ ဟ...ပြဿနာပဲ စာအုပ်ကြီးရေ။ ဘာတွေလား။)
(စာအုပ်ကြီး။ ။ ငါလည်း ဘာမှမသိဘူးလေ...)
စာအုပ်ကြီးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် သူ့ကိုမြင်နေရသော ရာဇသိင်္ဂါကိုသာ စိုက်ကြည့်နေသည်။ မိန်ဓိရာဇ်လည်း နှုတ်ခမ်းတုန်တုန်နှင့်မေးလိုက်သည်
"အရှင့်သား....အဘယ်သို့...နည်း..."
ထိုအခါ ရာဇသိင်္ဂါ၏အပြုံးမှာ နားရွက်တက်ခိတ်တော့မည်အထိ ပြုံးနေလျက်။
"ကျွန်ုပ်စံမြန်းနေထိုင်ရာ ရတနာနန်းဆောင်တော်ဆီသို့"
ထိုစကားကြောင့် မိန်ဓိရာဇ်မှာ အရှင်လတ်လတ် မိုးကြိုးပစ်ခံလိုက်ရသလို တစ်ကိုယ်လုံးတုန်တက်သွားသည်။ သို့သော် စာအုပ်ကြီးက မချိုမချဉ် ပြည်တည်တည်လုပ်နေသည်။
(မိန်ဓိရာဇ်။ ။ nani?!!! ငါက သူနဲ့အတူတူနေရတော့မှာလား.....အား....မဖြစ်ဘူး...မဖြစ်ဘူး။ That's impossible....impossible...ငါ-ိုးနဲ့မ...ရာဇသိင်္ဂါ)
(စာအုပ်ကြီး။ ။ "မင်းရဲ့ချစ်လှစွာသောလင်လေး နဲ့ တစ်အိမ်တည်း အတူတူနေရမှာကို ပျော်နေရမယ့်အစား ဘာလို့စိတ်ရူးဖောက်ပြီး ငါမသိတဲ့ ဘာသာစကားတွေ ကြားညှပ်ပြောနေရတာလဲ။ ဒါမှမဟုတ် အဲ့ဝေါဟာရတွေကို ငါ မလေ့လာရသေးတာတွေများလား။ ဆဲတဲ့စကားလုံးတော့ သိပါတယ်...")
(မိန်ဓိရာဇ်။ ။ ခင်ဗျားကလည်း တစ်မျိုး...စားတယ်။ သူနဲ့အတူတူနေရရင် တစ်ချိန်လုံး သူ့အရိပ်အကဲကြည့်နေရမှာ တစ်ခုတလေတောင် အမှားခံလို့မရဘူးလေ။ ဒီစောက်ရူးက ကျွန်တော့်ကိုဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ။
သူနဲ့အတူတူနေရမဲ့အစား ကျားဖင်ပြေးနှိုက်ပြီး ကိုက်စားခံလိုက်ရတာမှ ကောင်းဦးမယ်။)
(စာအုပ်ကြီး။ ။ ဒါဆို ငါ မှော်အစွမ်းသုံးပြီး ကျားတစ်ကောင်လုံး ဖန်ဆင်းပေးမယ်...လက် ၅ ချောင်းလုံးသုံးပြီး ကျားဖင်နှိုက်ကြည့်")
စာအုပ်ကြီး၏အားပေးမှုကြောင့် မိန်ဓိရာဇ်လည်း စိတ်လေသွားသည့်မျက်နှာနှင့် သက်ပြင်းမထင်မရှားချလိုက်သည်။ ဤသည်ကို ရာဇသိင်္ဂါရိပ်မိလျှင် ပြုံးစိစိနှင့် မေး၏။
"အစ်ကိုတော် အလွန်ပျော်နေသလော"
"မပျော်နေဘူး...အဲ..."
မိန်ဓိရာဇ်လည်း စိတ်လွတ်က အမှန်တိုင်းယောင်ဖြေမိသွားသည့်အပြင် ခေတ်သစ်စကားအသုံးနှင့်ပါ ဖြေမိသွားသည်။
(စာအုပ်ကြီး။ ။ "မင်းမေကြီးကို...ပေါ်တင်သွားပြောစရာလားဟ။ ဒီကောင်လေးကတော့ အမိန့်တော်အတိုင်းပါဆိုပြီး သူနဲ့လိုက်သွား။ ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ။ ဝဋ်ကြွေးရှိသမျှ ဆပ်နေရမှာ။ တရားနဲ့သာဖြေသိမ့်။")
သို့ဖြစ်လျှင် ဟယ်ရီရှိန်းနောင် ခေါ် မိန်ဓိရာဇ်လည်း စာအုပ်ကြီး၏စကားအတိုင်းလိုက်နာ၍ အရှေ့အင်ပါယာနန်းတော်အတွင်းတွင် တည်ရှိသော ရာဇသိင်္ဂါ၏ရတနာနန်းဆောင်တော်ဆီသို့ စိတ်မပါဘဲ ရွှေ့ပြောင်းခဲ့ရသည်။
══════ ◈ ═══════
Edit ver မဟုတ်လို့ စာလုံးပေါင်းသတ်ပုံအမှား၊ Typing Error လေးတွေ ပါနိုင်ပါတယ်။ ဖတ်ရအဆင်မပြေတာ၊ ဇာတ်လမ်းအဆင်မပြေတာရှိခဲ့လည်း ပြန်ပြောပေးပါဦးနော်။
Update နှေးလည်း ခုထိသဘောကျပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😘🫶
26.4.2024 (Fri)
3:33 AM