အခန်း(၉)
နန်းတွင်းအရှုပ်အထုပ်များ
လွန်ခဲ့သော အနှစ်တစ်ထောင်ခန့်က သာယာအေးချမ်းသော ဖြောင်ခေတ်တွင်ဖြစ်သည်။ ဖြောင်ဧကရာဇ်မင်းကြီး ရာဇာသိင်္ဂါဩရသ စိုးစံစဉ်အချိန်ကာလ....။
"ဉုံ ဒုံဒါဒီဘူဘူ .... ဒုံဒါဒီဘူဘူ
ဉုံ ဘူဘူဒီဒါဒုံဒုံ... ဘူဘူဒီဒါဒုံဒုံ"
"ဉုံ ... လာလေ့ရောလေ လေရော့လေလေ
ဉုံ...လေရော့လေလေ လာရော့လေလေ"
"သုန် အုန် မုန် ဟုန် အဓွန့်ရှည်စေ"
'သုန်အုန်မုန်အုန်' မှော်ဖြူကျောင်းတော်ကြီး၏မနက်ခင်းအတန်းချိန်အတွင်း မင်းညီမင်းသားကျောင်းသားများစွာမှ ဆရာကြီး ဒုံဒါဒီဘူဘူ သို့မဟုတ် ဆရာဒုံအား ဂုဏ်ပြုမန္တန်ဖြင့် နှုတ်ဆက်နေကြခြင်းဖြစ်၏။
ဆရာဒုံက သက်တော် ၄၀ ကျော်ရှိနေသော်လည်း ချောမောနုပျိုသော သက်လတ်ပိုင်းအမျိုးသားအသွင်ရှိသည်။ မျက်ခုံးထူထူနက်နက်၊ နှာခေါင်းတိုတိုစင်းစင်း၊ နှုတ်ခမ်းပါးလှပ်လှပ်နှင့် ကျောက်စိမ်းရောင် မှော်မျက်လုံးများကို ပိုင်ဆိုင်ထားလျက်။ ထို့အပြင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ထားသော မှော်ဂမ္ဘီရအတွင်းစွမ်းအားများကြောင့် နက်မှောင်သန်စွမ်းတောက်ပြောင်ပြီး လှိုင်းတွန့်သဏ္ဌာန် ကောက်ကွေးသော ဆံကေသာရှည်ကို ပိုင်ဆိုင်ထားသည်မှာ သူ၏ရုပ်ရည်ကို ပိုပေါ်လွင်စေသည်။
သို့သော် ချွင်းချက်မူကား ဆရာဒုံသည် အရပ်အားဖြင့် ၅ ပေ ၂ လက်မခွဲသာရှိသည်။ ထိုဖြောင်ခေတ်က အမျိုးသားအများစုသည် အရပ် ၆ ပေ ၈လက်မအထိ သန်မာထွားချိုင်းကြပြီး ၅ပေ ၆လက်မသည် အနေတော်ဖြစ်သည်။ ပျှမ်းမျှဖြောင်အမျိုးသားတစ်ယောက်၏ပုံမှန်အရပ်မှာ ၆ ပေဖြစ်လျက်။ ထိုခေတ်၌ အမျိုးသားတစ်ဦူသည် အရပ် ၅ ပေ ၆ လက်မအောက်ရှိလျှင် လူစဉ်မမီသောပုဂ္ဂိုလ်ဖြစ်လျက်။
(အမျိုးသမီးများကမူ ပျှမ်းမျှ အရပ်အရှည်ဆုံး ၆ ပေမှ အပုဆုံး ၃ ပေ ၅ လက်မအထိရှိ၏။ ဖြောင်အမျိုးသမီးများတွင် ပုံမှန်အားဖြင့် အရပ် ၅ ပေ ၆ လက်မရှိသည်။ အရပ်ပုသည့်အမျိုးသမီးဟူသည် ရှားပါးလွန်း၏။)
တစ်နည်းအားဖြင့် ဆရာဒုံသည် ရုပ်ချော၍ စွမ်းအားကြီးမားသော မှော်ဆရာကြီးဖြစ်လင့်ကစား အရပ်ပုသဖြင့် အမျိုးသမီးများ၏စိတ်ဝင်စားမှုလည်း မခံရပေ။ မှော်အစွမ်းများဖြင့် အရပ်ရှည်ဆေးများအား အကြိမ်ကြိမ်တီထွင်ဖန်တီးသော်လည်း ဆေးအစွမ်းများသည် ကြာရှည်မခံ။ အလွန်ဆုံးတာရှည်ခံပါက ၁ ရက်သာ။ မှော်အရပ်ရှည်ဆေးများတွင်လည်း ဘေးထွက်ဆိုးကျိုးရှိသောကြောင့် ဆရာဒုံက နောက်ပိုင်းတွင် ဆေးဆက်မထွင်တော့ဘဲ ရပ်တန့်ပစ်လိုက်သည်။
ထို့ကြောင့် သူ၏တပည့်များနှင့် မတ်တတ်ရပ်စကားပြောရာတွင် အမြဲတမ်း ခုံခုကာ စကားပြောရသော အခက်အခဲရှိသည်။ မဟုတ်လျှင် သစ်ကုလားအုတ်လောက်ရှည်သော တပည့်များကို ပြန်မော့ကြည့်နေရသည့်အတွက်။ နောက်ပိုင်းတွင် သူကိုယ်တိုင်တီထွင်ထားသည့် အမျိုးသားစီး ၃လက်မ ဒေါက်မြင့်ဘွတ်ဖိနပ်များကို ဝတ်ဆင်ကာ မှော်ကျောင်းတော်အနှံ့ မြောက်ကြွမြောက်ကြွနှင့် လျှောက်လည်တတ်သည်။
၃ လက်မဒေါက်စီးသော်လည်း ၅ ပေ ၆ လက်မမဟုတ်နေသေး၍ လူစင်မမီဆဲ။
မည်သို့ပင်ဆိုစေကာမူ လူစင်မမီအရပ်နှင့် ဆရာဒုံသည် ဖြောင်အင်ပါယာ၏မှော်ပညာလောကတွင် နာမည်ကောင်းနှင့် ကျော်ဇောသူဖြစ်သည်။ ဆရာဒုံက နန်းတွင်း၌ အချိန်ပြည့်တာဝန်မထမ်းဆောင်လိုသောကြောင့် အင်ပါယာနန်းတော်နှင့် မပတ်သက်မိစေရန် ရှောင်ခွာတတ်၏။ သို့သော် မည်မျှပင်ရှောင်ဖယ်နေပါစေ၊ အင်ပါယာ၌ ပြဿနာအရေးကြုံလာတိုင်း ဧကရာဇ်မင်း ရာဇာသိင်္ဂါဩရသကိုယ်တိုင် ဆရာဒုံအား လူချင်းတွေ့အကူအညီတောင်းရသည်အထိ ဆရာဒုံက အရေးပါအရာရောက်သည်။
ဤသို့ဖြင့် မှော်စွမ်းအားကြီးမားရုံမက အသိပညာဗဟုသုတအဖြာဖြာတွင်လည်း ကျွမ်းကျင်နှံ့စပ်သူဖြစ်သည့်အလျောက် ဖြောင်ဧကရာဇ်မင်း၏စစ်ရေးစစ်ရာကိစ္စအဝဝတွင်လည်း ပါဝင်ဆွေးနွေးခြင်းခံရသည်။ တစ်ခါတလေ ဆရာဒုံကိုယ်တိုင် ဖြောင်အင်ပါယာ၏လက်ရွေးစင် သူရဲကောင်းစစ်သူကြီးများနှင့်တွဲဖက်၍ စစ်ဗျူဟာစီမံကိန်းများကို အထူးရေးဆွဲပေးရသည်အထိ ဆရာဒုံက အာဏာကြီး၏။
ဆရာဒုံ ဦးဆောင်ပါဝင်သမျှ စစ်ဗျူဟာစီမံကိန်းတိုင်းက အမြဲလိုလို အောင်ပွဲပြည့်လျှံသည်။ သို့ဖြင့်လျှင် ဧကရာဇ်မင်း ရာဇာသိင်္ဂါဩရသထံမှ ဘွဲ့တံဆိပ်များစွာကို မကြာခဏ တခမ်းတနား ဆုချီးမြှင့်ခံရသည်။ ထိုမျှမက ဖြောင်နိုင်ငံ၏မိုးလေဝသကို ခန့်မှန်းရာတွင်လည်း မှန်ကန်တိကျလွန်းသည့်အပြင်ဝနက္ခတ္တဗေဒပညာရပ်တွင် ပြိုင်စံရှားသည်အထိ ပါရမီရှိလွန်းသည်။
သူ့ထံတွင် ဖြောင်အင်ပါယာအတွင်းသာမက တခြားသော နိုင်ငံရပ်ခြားကနေ နှစ်စဉ်လာရောက်၍ ပညာသင်ကြားနေသော သို့မဟုတ် ပညာသင်ကြားပြီးခဲ့သော တပည့်သာဝက ၁ သိန်းထဲတွင် မိန်ဓိရာဇ်နှင့် ရာဇသိင်္ဂါတို့သည် ငယ်စဉ်ကတည်းကပင် သူ့ခြေရာကို ထက်ကြပ်မကွာ မီလွန်းသည့်သူများဖြစ်ကြလျက်။
မိန်ဓိရာဇ်နှင့် ရာဇသိင်္ဂါတို့က အသက်အရွယ်အားဖြင့် ၅ နှစ်ကွာဟသည်။
မိန်ဓိရာဇ်ကမူ ကျွန်မျိုးရိုးမှ ဆင်းသက်လာသော်လည်း မင်းမျိုးမင်းနွယ်မှ မွေးဖွားဆင်းသက်လာသူ အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါထက်ပင် ပိုပညာရည်ပြည့်ဝ၍ ထူးချွန်ထက်မြက်လွန်းသည်။ ခေတ်စကားနှင့်ဆိုရလျှင် ဖြောင်ခေတ်၏ ရှာမှရှား "Genius" တစ်ဆူဟုဆိုရလောက်သည်။
ထို့ကြောင့်လည်း ရာဇသိင်္ဂါမှာ မိန်ဓိရာဇ်ကို အမြဲတစေ လေးစားအားကျ၍ ချစ်ခင်နေခဲ့ရသည်။ မိန်ဓိရာဇ်ဘက်ကလည်း အချိန်တစ်ခုအထိတော့ မင်းသားရာဇသိင်္ဂါအပေါ် ညီငယ်တစ်ဦးထက်ပိုသောစိတ်ဖြင့် တိတ်တခိုး မေတ္တာရှိနေခဲ့ရင်း အမြဲကာကွယ်စောင့်ရှောက်ပေးခဲ့၏။ တဖြည်းဖြည်းအရွယ်ရောက်လာကြချိန်၌ မိန်ဓိရာဇ်သည် အင်ပါယာနန်းတော်၏တရားဝင်ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်လာခဲ့သည်။
ဧကရာဇ်မင်း ရာဇသိင်္ဂါဩရသနှင့် သားတော်အိမ်ရှေ့စံထံတွင် အလှည့်ကျတာဝန်ထမ်းဆောင်လေ့ရှိသည်။
ညတိုင်းနီးပါး မင်းသား ရာဇသိင်္ဂါ၏အိပ်ခန်းအဆောင်တော်၌ မင်းသားကိုအဖော်ပြုသည့်အနေဖြင့် မှော်ကြွေအန်ကစားပေးလေ့ရှိသလို မင်းသားလေး အိပ်ပျော်သည်အထိ စကားပြောပေးတတ်၏။
တစ်နေ့သောအခါ အင်ပါယာဥယျာဉ်တော်အတွင်း၌ မိန်ဓိရာဇ်သည် ကိုယ်ရံတော်မှူးအဖြစ် ဧကရာဇ်မင်းကြီးအပါးတော်၌ တာဝန်ထမ်းဆောင်နေစဉ် မင်းသားရာဇသိင်္ဂါမှာ မိန်ဓိရာဇ်ကို လာရောက်တွေ့ဆုံခဲ့သည်။
"အစ်ကိုတော် မိန်ဓိရာဇ်...ယနေ့ညလည်း ကျွန်ုပ်နှင့်ကြွေအန် အတူတူကစားပေး၍ အဖော်နေပေးမည်လော။ ခမည်းတော်ဆီကနေ အစ်ကိုတော် မိန်ဓိရာဇ်ကို စောစောခေါ်ဆောင်သွားခွင့်ပြုနိုင်မလား။ သားတော် ပျင်းရိနေသည့်အတွက် နန်းတော်အပြင်ဘက်သို့ လျှောက်လည်ချင်ပါသည် ဘုရား။"
မိန်ဓိရာဇ်က မင်းသားကိုပြန်ဖြေဖို့အရေး ဧကရာဇ်မင်းဘက်ကို တစ်ချက်မျက်နှာလွှဲလိုက်သည်။ ဧကရာဇ်မင်းကြီးလည်း ထုံးစံအတိုင်းသားတော်၏အလိုဆန္ဒကို မပိတ်ပင်လိုပေ။
ထို့ကြောင့် ကြည်ရွှင်သောအပြုံးတစ်ခုနှင့်အတူ...
"သားတော်ဆန္ဒအတိုင်း ခွင့်ပြုပေးသည်။ ဂရုတစိုက် အလည်ထွက်ပါ သားတော်။ အသင်မိန်ဓိရာဇ်လည်း သားတော်ကိုဂရုစိုက်စောင့်ရှောက်သလို သင့်ကိုယ်သင်လည်း ဂရုစိုက်စောင့်ရှောက်ပေလော့။"
ဧကရာဇ်မင်းကြီးသည် ၅ နှစ်သားအရွယ်ကတည်းက အမိမဲ့သွားသော အိမ်ရှေ့စံသားတော်နှင့် သမီးတော် ခုနှစ်ပါးအပေါ် လွန်စွာသနားချစ်ခင်၍ အလိုလိုက်အကြိုက်ဆောင်ခဲ့သည်။ သားတော်လေးနှင့် သမီးတော်လေးများသည်လည်း အလွန်တရာမှ လိမ္မာရေးခြားရှိကြသောကြောင့် ဖခင်တစ်ယောက်အနေဖြင့် အလွန်တရာမှ စိတ်အေးချမ်းသာရာရသည်က အမှန်။
ဧကရာဇ်မင်းကြီးသည် သူ၏ဧကရီမိဖုရား နတ်ရွာစံပြီးနောက် မည်သည့်အမျိုးသမီး၊ မောင်းမမိဿံ၊ ကိုယ်လုပ်တော်ကိုမှ မိဖုရားတင်မြှောက်ခြင်းမရှိခဲ့သလို ဧကရီမိဖုရား မြနှင်းသီရိကလျာနှင့်သာ သားသမီး ၈ ဦးထွန်းကားခဲ့၏။
မိန်ဓိရာဇ်သည် ဧကရာဇ်မင်းကြီး၏ဒုတိယမြောက်သမီးတော်လေး မွေးဖွားပြီးစအချိန်တွင် နန်းတော်အတွင်းသို့ ကလေးကျွန်ငယ်အဖြင့် ရောက်ရှိလာခဲ့သည်။ ထိုစဉ်က မိန်ဓိရာဇ်လေးသည် ၇ နှစ်မျှသာရှိသေး၍ ရာဇသိင်္ဂါ မှာမူ၂ နှစ်သားလေးမျှသာရှိသည်။ မိန်ဓိရာဇ်က နန်းတော်အတွင်း ကျွန်မျိုးရိုးဟု မထင်ရလောက်အောင် ချောမောကြည့်ကောင်းသော ကလေးဖြစ်၏။ ထို့အပြင် အရွယ်နှင့်မလိုက်အောင် ဉာဏ်ပညာ သွက်လက်ဖျတ်လတ်လွန်းသောကြောင့် အချိန်တိုအတွင်း နန်းတော်တစ်ခွင်၌ ထင်ရှားကျော်ကြားလာပြီး ဧကရာဇ်မင်းကြီးဆီသို့ ခစားဝင်ခဲ့ရသည်။ သို့ဖြစ်လျှင် မိန်ဓိရာဇ်မှာ မင်းသားလေး ရာဇသိင်္ဂါကို အတူကစားပေး၍ ထိန်းကျောင်းပေးရသည်။
အစ်ကိုတော်၊ ညီတော်မရှိဘဲ ညီမတော်များသာရှိနေသော မင်းသားလေးကလည်း မိန်ဓိရာဇ်အပေါ် အစ်ကိုတော်အရင်းကဲ့သို့ သံယောဇဉ် တစ်စတစ်စ ရစ်တွယ်ချည်နှောင်လာခဲ့လျက်။ မင်းသားလေး ၅ နှစ်အရွယ်တွင် ဆရာဒုံ၏မှော်ကျောင်းတော်သို့ မိန်ဓိရာဇ်နှင့်အတူ ပို့ဆောင်ခဲ့ကာ မှော်ပညာများအပြင် မင်းသားတို့တတ်သိရမည့် အဌာရသအတတ်ပညာများစွာအား သင်ယူလေ့လာစေခဲ့၏။ မိန်ဓိရာဇ်လည်း မင်းသားလေးနှင့်အတူ ၁၀ နှစ်တိုင်အောင် ပညာသင်ကြားခဲ့ပြီးနောက် နန်းတော်သို့ပြန်လာ၍ ကိုယ်ရံတော်စလုပ်ခဲ့သည်။
နှစ်နှစ်ကြာပြီးနောက် ဧကရာဇ်မင်း၏တရားဝင်အမိန့်အရ ကိုယ်ရံတော်တပ်မှူး ဖြစ်လာခဲ့သည်။
ထိုစဉ် ဆရာဒုံကလည်း စည်းစိမ်မက်မောလာ၍ ဧကရာဇ်မင်းကြီးကမ်းလှမ်းခဲ့သော ဖြောင်အင်ပါယာ၏တရားဝင်မှော်ပညာရှင်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ဧကရာဇ်မင်း၏သမီးတော် (၇) ပါးနှင့် တခြားသော မင်းမျိုးမင်းနွယ်သားသမီးများကိုလည်း မှော်ပညာများသင်ကြားပေးရသည်။
မိန်ဓိရာဇ်၏ကိုယ်ရံတော်တပ်မှူး သက်တမ်း ၁၀ နှစ်ကျော်အထိမူ အင်ပါယာရွှေနန်းတော်အတွင်း မိန်ဓိရာဇ်ကို အလွန်အကြူးမုန်းတီးသော မင်းမျိုးမင်းနွယ်နှင့် အဆင့်မြင့်မှူးမတ်အရာရှိတို့ဘက်က ကျွန်သွေး မိန်ဓိရာဇ်ပျောက်ကွယ်သွားစေရန် ဂြိုဟ်မွှေလာခဲ့ကြသည်။ သို့ရာတွင် သူတို့၏မြေခွေးကျင့် မြေခွေးကြံအစီအစဉ်များကြောင့်သာမက ဧကရာဇ်မင်းကြီး၊ မင်းသားနှင့် မိန်ဓိရာဇ်တို့ကြား နားလည်မှုအထင်အမြင်လွဲစေမည့် ကုန်းချောစကားများကြောင့်လည်း မိန်ဓိရာဇ်တစ်ယောက် လူကောင်းမှသည် လူဆိုးအဖြစ်သို့ ဆင့်ကဲကူးပြောင်းရန် အကြောင်းဖန်လာခဲ့လျက်။
══════ ◈ ═══════
ဒီတစ်လတော့ ရေးနိုင်သလောက် အပိုင်းများများတင်ပေးသွားပါ့မယ်လို့။ Edit ver မဟုတ်လို့ စာလုံးပေါင်းသတ်ပုံအမှား၊ Typing Error လေးတွေ ပါနိုင်ပါတယ်။ ဖတ်ရအဆင်မပြေတာ၊ ဇာတ်လမ်းအဆင်မပြေတာရှိခဲ့လည်း ပြန်ပြောပေးပါဦးနော်။
8.4.2024 (Mon)
7:54 PM