အပိုင်း။ ၅၁
ရှောင်းကျန့်မှာ နှလုံးသားကို လက်နဲ့ဖိချေခံရသလို ခံစားလိုက်ရတယ်၊ တော်ရုံတွေ့ရလေ့မရှိတဲ့ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အငွေ့တချို့ သူ့မျက်နှာပေါ်မှာ ပေါ်လာတယ်။
"ရက်..ရက်ပိုင်းလောက်ပဲ ရှိသေးတယ်.."
ဝမ်ရိပေါ်စကားသံက ရှေးဟောင်းရေတွင်းထဲက ရေလို တည်ငြိမ်တယ်။
"ရေထဲကို ပြုတ်ကျသွားတာကကော အရှင်မင်းသမီးရဲ့ အကြံအစည်ပဲလား?"
ရှောင်းကျန့် တကယ်ကို လန့်ဖျပ်သွားတယ်၊ ကျောက်စိမ်းကန်ကကိစ္စကို ဝမ်ရိပေါ် မြင်သွားလိမ့်မယ်လို့ သူမထင်ခဲ့ဘူးလေ။
အ..အကုန်မြင်သွားတာလား? ကျန်းချောင်နင်အရှေ့မှာ ဟန်ဆောင်ပြီး အယုံသွင်းနေခဲ့တုန်းကပုံစံကိုပါ မြင်သွားခဲ့တာလား?
ရှောင်းကျန့် လည်ချောင်းမှာ တစ်ဆို့သွားပြီး အဖြေပြန်မပေးနိုင်ဘဲ ဖြစ်သွားတယ်၊ ဒါပေမဲ့ သူ့ရဲ့တိတ်ဆိတ်မှုကို ဝမ်ရိပေါ်က အဓိပ္ပါယ်တစ်မျိုး ကောက်သွားခဲ့တယ်။
"မင်းသမီးက ကိုယ့်ခန္ဓာကိုယ်ရဲ့ လက်ရှိအခြေအနေကို တကယ်မသိတာလား?"
ဝမ်ရိပေါ်မျက်နှာက အနည်းငယ် ဖြူရော်နေတယ်၊ မျက်လုံးတွေထဲမှာ သိုဝှက်ထားတဲ့ နာကျင်မှုတချို့ မြင်နေရတယ်၊ လေသံက အေးစက်နေတုန်းပဲ။
"အရှင်မင်းသမီးကိုကိုယ်တော် နေ့တိုင်း သွေးတစ်ခွက်တိုက်ပြီး ကုပေးခဲ့တာ.. အရှင်မင်းသမီးရဲ့ မျက်လုံးထဲမှာ အဲဒါတွေက အပိုအလုပ်တွေလို့ ထင်နေခဲ့တာလား.. ဟုတ်သလား?"
ဒီစကားက ရှောင်းကျန့်ကို ဆွံ့အသွားစေဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်၊ ရှောင်းကျန့်က စွာလဲစွာသလို၊ စကားပြောရာမှာလဲ ကျွမ်းကျင်တဲ့သူပါ၊ ဒါပေမဲ့ အခုအခိုက်အတန့်လေးမှာတော့ ဝမ်ရိပေါ်ကို ဘယ်လိုတုံ့ပြန်ရမှန်း တကယ် မသိတော့ဘူး။
"အဲလိုမျိုး တစ်ခါမှမတွေးဖူးပါဘူး"
ရှောင်းကျန့်ရဲ့ စကားသံတွေက အနည်းငယ် တုန်ယင်နေတယ်။
"ရွေး..ရွေးချယ်စရာ မရှိလို့ပါ.."
ဒီတစ်ခါလဲ ရွေးစရာမရှိပြန်ဘူးလား။
ဝမ်ရိပေါ်က အသံထွက်ပြီး ရယ်တယ်၊ သူ့ရယ်သံမှာ ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့ အရိပ်အငွေ့တွေနဲ့ ပြည့်နှက်နေတယ်။
"အဟက်..အရှင်မင်းသမီးမှာ ရွေးစရာမရှိခဲ့ဘူးပေါ့"
"..."
"အရှင်မင်းသမီးက.. ရွေးစရာမရှိလို့ ကိုယ်တော့်ကို လိမ်ညာတယ်.. ရွေးစရာမရှိလို့ ကိုယ့်ကိုယ့်ကို မညှာဘူး.. ရွေးစရာမရှိလို့ တခြားယောက်ျားနဲ့ တိတ်တဆိတ် တွေ့ဆုံတယ်"
ဝမ်ရိပေါ်က ရှောင်းကျန့်မျက်လုံးတွေထဲကို စူးနင့်စွာစိုက်ကြည့်လာရင်း တစ်ခွန်းချင်း ထုတ်ပြောသွားတာ။
"ဒီလိုမျိုး မနေသင့်ပါဘူး အရှင်မင်းသမီး"
ကိုယ်တော့်ကို ညာတာက ရပေမဲ့၊ ကိုယ့်ကိုယ်ကိုတော့ ဒီလောက်ထိ မညှဉ်းပမ်းသင့်ပါဘူး။
ရှောင်းကျန့် လက်ဖျားတွေ အေးစက်ထုံကျင်လာတယ်၊ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကို သူဆက်ပြီး ရင်မဆိုင်ရဲတော့ဘူး၊ ဝမ်ရိပေါ်က ဒီလိုလေသံ၊ ဒီလိုစကားမျိုးတွေ မပြောဖူးတဲ့သူပါ၊ သူတို့တွေ့စက ရှောင်းကျန့်သူ့ကို အလေးမထားဘဲ စနောက်ကျီစယ်နေခဲ့တုန်းကတောင် သူ့ကို ဒီလိုမျိုး မပြောဆိုခဲ့ဖူးဘူး။
အခု ဝမ်ရိပေါ်ရဲ့စကားတွေက ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ဖြတ်ပစ်နိုင်တဲ့ ဓားတွေလိုပဲ ထက်မြနေတယ်၊ ဝမ်ရိပေါ်ကို ဘာမှပြန်ပြောနိုင်တာက ရှောင်းကျန့်ကို ပိုပြီးဝမ်းနည်းစေတာ၊ ဝမ်ရိပေါ်ပြောခဲ့တာတွေအကုန်လုံး သူလုပ်ခဲ့လို့ပဲ၊ ရှောင်းကျန့်လုပ်ခဲ့တာတွေမို့ သူ့မှာပြန်မငြင်းနိုင်ဘူး။
"တောင်းပန်ပါတယ်"
အတန်ကြာ နှုတ်ဆိတ်နေပြီးမှ ရှောင်းကျန့်ဆီက တောင်းပန်စကား ထွက်လာတယ်။
"မဟုတ်ဘူး.. အရှင်မင်းသမီးက ဒီနိမ့်ကျတဲ့ ကိုယ်တော့်ကို တောင်းပန်စရာ မလိုပါဘူး"
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အကြည့်တွေကို ရှောင်ဖို့အတွက် တစ်ဖက်ကို မျက်နှာလွှဲလိုက်တယ်၊ ဘေးတစ်စောင်း အနေအထားကြောင့် ဓားတစ်ချောင်းလို ချွန်ထက်နေတဲ့မေးရိုးကို မြင်နေရတဲ့အခိုက် သူ့ပုံစံက အဆပေါင်းများစွာ အေးစက်သွားတယ်။
"ဒီနိမ့်ကျတဲ့ ကိုယ်တော်က ခဏတာ ရူးသွပ်သွားတာပါ.. ဒီနိမ့်ကျတဲ့ ကိုယ်တော်ဘက်က စည်းမစောင့်ဘဲ စကားနယ်ကျွံသွားတာပါ"
"..."
"အရှင်မင်းသမီးက မှတ်ဉာဏ်တွေ ပြန်ရနေပြီဆိုတော့ ကိုယ်တော်က အရှင်မင်းသမီးရဲ့ ဆရာသခင်ထားခဲ့တဲ့သူ မဟုတ်ဘူးဆိုတာလဲ သိသွားလောက်ပြီ ထင်ပါတယ်.. အရှင်မင်းသမီးရဲ့ ကိစ္စတွေတွေကို အမှားရယ် အမှန်ရယ်ဆိုပြီး စိတ်ထဲရှိသလို ဝေဖန်ခွင့် ကိုယ်တော့်မှာ မရှိပါဘူး"
"..."
"အားလုံးရဲ့ အဆုံးသတ်မှာ ကိုယ်တော်က မင်းသမီးနဲ့ ဘာမှမပတ်သက်တဲ့သူပါ"
စကားဆုံးသွားတာနဲ့ အဖြူရောင်ဝတ်ရုံနဲ့ အမျိုးသားက လိပ်ပြာလေး တောင်ပံခတ်ပြီး ပျံပြေးသွားသလို ရှောင်းကျန့်အနားကနေ လှည့်ထွက်သွားခဲ့တယ်။
"ဝမ်ရိပေါ်!"
ရှောင်းကျန့် ပျာယာခတ်သွားပြီး အနောက်ကနေ လိုက်ခေါ်တယ်၊ ဒါပေမဲ့ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကို မစောင့်ဘူး၊ ဝတ်ရုံအောက်နားကို အနည်းငယ်မပြီး ခြေလှမ်းမှန်မှန်နဲ့ ထွက်သွားတယ်။
"မဟုတ်ဘူး.. မင်းပြောတာတွေ တစ်ခုမှ မဟုတ်ဘူး!"
ရှောင်းကျန့်က အတင်းလိုက်ဆွဲဖို့ လုပ်မိတဲ့အခါ ဝတ်ရုံအောက်နားကို မတော်တဆနင်းမိပြီး ပြုတ်ကျသွားခဲ့တယ်။
"အာ့!"
အော်သံမဆုံးခင်မှာပဲ မှောက်လျက်ကျသွားတော့မဲ့ သူ့ကိုယ်လေးကို နောက်လှည့်မကြည့်ဘဲ ထွက်သွားတဲ့သူက ဖမ်းထိန်းပေးတာကို ခံလိုက်ရတယ်၊ ဝမ်ရိပေါ်က ရှောင်းကျန့်ကို မတ်တပ်ရပ်နိုင်အောင် ကူပေးတယ်၊ သူ့မျက်နှာက အမူအယာမရှိဘဲ တည်တံ့အေးခဲနေတယ်၊ သူက ရှောင်းကျန့်ကို နည်းနည်းတောင် မကြည့်ဘူး။
ရှောင်းကျန့်က နာနေတဲ့ခြေကျင်းဝတ်ကို ဂရုမစိုက်အားဘူး၊ ဝမ်ရိပေါ်ရဲ့ ဝတ်ရုံလက်ကို ဖမ်းဆွဲထားပြီး လွှတ်ပေးဖို့ ငြင်းဆန်တယ်။
"ပန်ကုန်း အကုန်မှတ်မိသွားပြီလေ.. မင်းဘယ်သူလဲဆိုတာ ပန်ကုန်းသိပါပြီ.."
"..."
"မင်းက ပန်ကုန်းရဲ့ရှောင်ဟယ်ရှန်လေ"
အဲဒီအခိုက်အတန့်လေးမှာတော့ အေးခဲမှောင်မိုက်နေခဲ့တဲ့ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေမှာ ဖယောင်းတိုင်မီးစာလေးကို မီးညှိလိုက်သလို လင်းထိန်သွားတယ်၊ ဝမ်ရိပေါ်က မယုံနိုင်သေးတဲ့ မျက်နှာနဲ့ ရှောင်းကျန့်ကို စိုက်ကြည့်နေတယ်၊ သူ့ရဲ့လက်ဖျားတွေက တုန်ယင်နေကြတယ်။
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ဝတ်ရုံလက်ကို ဆွဲထားရင်း ဆက်ပြောတယ်။
"ပန်ကုန်း တကယ်မှတ်မိပါပြီ.. တောင်းပန်ပါတယ်.. အကြာကြီးမေ့နေခဲ့တဲ့အတွက်.. တောင်းပန်ပါတယ်.. မင်းကိုအသုံးမချခဲ့သင့်ပါဘူး.. တကယ်တောင်းပန်ပါတယ်.."
ရှောင်းကျန့်က တောင်းပန်တဲ့အကြောင်းကို အပိုင်းတွေခွဲပြီး တရှည်တလျား ပြောလာတယ်။
သူတို့နှုတ်ဆက်စကား ပြောခဲ့ကြတုန်းက သစ်တော်ပင်ကြီးအောက်မှာ တစ်ယောက်နဲ့တစ်ယောက် မမေ့ကြဖို့ ကတိတွေထားခဲ့တာ၊ ဒါကို ရှောင်းကျန့်က မေ့သွားခဲ့တယ်၊ ပြန်ဆုံတဲ့အချိန်မှာလဲ ဝမ်ရိပေါ်ကို မမှတ်မိဘဲ တစ်ချိန်လုံး အနှောင့်အယှက်ပေးခဲ့တယ်၊ အသုံးချခဲ့တယ်၊ အကြိမ်ကြိမ်ညာခဲ့တယ်။
ဝမ်ရိပေါ်နေရာကကြည့်ရင် ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိပါ့မလဲ။
ဒီတစ်ခါသာ ထပ်မမေ့ခဲ့ရင်၊ ဝမ်ရိပေါ်က သူ့သွေးဖောက်တိုက်ပြီး ကုမပေးခဲ့ရင်၊ ဘယ်တော့များမှ ဒီအကြောင်းတွေ မှတ်မိမလဲ မသိနိုင်ဘူး။
ဒါပေမဲ့ မှတ်မိလာတော့လဲ ရှောင်းကျန့် ဘာမှမလုပ်နိုင်ဘူး၊ ကမ္ဘာကြီးက အရင်လိုမဟုတ်ဘဲ ပြောင်းလဲနေပြီ၊ ရှောင်းကျန့်က အရင်တုန်းကလို သစ်တော်ပင်အောက်မှာ ယုန်ဖြူလေးလိုက်ရှာနေတဲ့ ဖြူဖြူစင်စင် ကလေးတစ်ယောက် မဟုတ်တော့ဘူး။
ရှောင်းကျန့်ဘဝက အာဏာလွန်ဆွဲပွဲထဲမှာ ပိတ်မိနေတာ ကြာခဲ့ပြီ၊ သူ့ဘဝက ညစ်ညမ်းရိုင်းစိုင်းနေခဲ့ပြီ၊ အကြောင်းပြစရာကလဲ 'ရွေးချယ်စရာမရှိလို့ပါ' ဆိုတဲ့ စိတ်ပျက်စရာစကားတစ်ခွန်းပဲ ကျန်တော့တယ်။
တကယ်ကို ရှောင်းကျန့်မှာ တတ်နိုင်တာ ဘာမှမရှိဘူး။
ဒါတွေပြန်တွေးမိတော့ ရှောင်းကျန့်ကိုယ့်ကိုယ်ကိုတောင်ပြန်ပြီး စက်ဆုပ်ရွံ့ရှာလာတယ်၊ သူလှမ်းဆွဲထားမိတဲ့ ဝမ်ရိပေါ်ရဲ့ဝတ်ရုံအဖြူကို ကြည့်နေရင်း သူ့ဆီကမစင်ကြယ်တဲ့အရာတွေ ဒီဖြူဖြူစင်စင်အဝတ်လေးမှာ စွန်းပေသွားမှာကို စိုးရိမ်လာတယ်၊ ဒါကြောင့် ဆွဲထားမိတဲ့ လက်ချောင်းတွေကို ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးလိုက်တယ်။
ဒါပေမဲ့ အောက်ကိုပြုတ်ကျလာတဲ့ ရှောင်းကျန့်ရဲ့လက်ချောင်းလေးတွေကို လက်တစ်စုံက ခိုင်မာစွာ ဆုပ်ကိုင်ထားလိုက်တယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကို ကိုင်ထားရင်း မေးတယ်။
"တခြားထပ်ရှိသေးလား?"
တခြားကိစ္စ...ထပ်ရှိသေးလို့လား?
ရှောင်းကျန့် သေချာစဉ်းစားနေတော့ နှုတ်ခမ်းလေး အနည်းငယ် ချွန်ထွက်လာတယ်၊ ဒါပေမဲ့ စဉ်းစားလို့မရတာမို့ လိုချင်တာပဲ အရင်ပြောတယ်။
"ပန်ကုန်းကို ခွင့်လွှတ်ပေးမှာလား?"
ဝမ်ရိပေါ်က ဘာမှမဖြေဘဲ ရှောင်းကျန့်လက်ဖျားလေးတွေကို ဖိညှစ်လိုက်တယ်။
ရှောင်းကျန့်က မျက်တောင် နှစ်ဆင့်လောက် ခတ်လိုက်ပြီး ဝမ်ရိပေါ်ကို အသနားခံသလို ကြည့်တယ်၊ ပွနေတဲ့ ဆံပင်လေးတွေကို သပ်တယ်၊ အောက်နှုတ်ခမ်းကို ယုန်သွားလေးတွေနဲ့ ဖိကိုက်ထားတယ်၊ ဝမ်ရိပေါ်သူ့ကို မရက်စက်နိုင်အောင် တတ်နိုင်သမျှ ပညာကုန်ထုတ်သုံးထားတယ်။
အဲဒီနောက်တော့ ဝမ်ရိပေါ်မျက်နှာ ယောင်ယောင်လေး ပြုံးသွားတယ်၊ သူ့ နှုတ်ခမ်းထောင့်လေးတွေက အလွန်သေးငယ်တဲ့ ပမာဏလောက်လေးပဲ ကော့တက်သွားကြတာဆိုပေမဲ့ ရှောင်းကျန့်က သေချာမြင်လိုက်တယ်။
ဒါပေမဲ့ ဝမ်ရိပေါ် ပြန်ဖြေလာတာက။
"ခွင့်လွှတ်ပေးလို့မရဘူး"
"အမ်?"
ကြားလိုက်တဲ့စကားကို ရှောင်းကျန့် ကိုယ်တိုင်တောင် မသေချာဘူး။
အမှန်က ရှောင်းကျန့် အလောင်းအစားတစ်ခု ထပ်လုပ်လိုက်တာပါ၊ ဒါကို သူဝန်ခံတယ်၊ ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့ ပတ်သက်ရင် အမြဲအူတိုတတ်တာသိပေမဲ့ စိတ်လိုက်မာန်ပါ ပြောဆိုတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး၊ ရှောင်းကျန့်ကို ဒေါသထွက်ဖူးတာ မရှိဘူး၊ ရှောင်းကျန့်ကို အမြဲတမ်း ကြင်ကြင်နာနာ ဆက်ဆံတယ်၊ ဒါကြောင့် သိပ်ကြာကြာ စိတ်မဆိုးနိုင်လောက်ဘူးလို့ ခပ်ပေါ့ပေါ့ တွေးခဲ့မိတာ။
မထင်မှတ်ဘဲ ဒီတစ်ခါ အလောင်းအစားမှာ ရှောင်းကျန့် ရှုံးသွားတယ်။
တစ်ခုခု မှားယွင်းသွားပြီမှန်း ရှောင်းကျန့် ချက်ချင်း သတိထားမိသွားတော့၊ သနားစရာပုံစံလေး ဟန်ဆောင်နေရာကနေ မျက်နှာတစ်ခုလုံးက အလိုမကျကာ မည်းမှောင်သွားခဲ့တယ်၊ လမ်းပျောက်နေတဲ့ ကလေးတစ်ယောက်လို ဘာလုပ်ရမှန်းမသိဘဲ နေရာမှာတင် ရပ်နေမိတယ်။
ရှောင်းကျန့်က လူသတ်တာ ကျွမ်းကျင်တယ်၊ သူများကို ထောင်ချောက်ဆင်နိုင်တယ်၊ အာဏာသုံးပြီး လူတွေကို အနိုင်ကျင့်ဖူးတယ်၊ မျက်ခုံးတစ်ချက်မတွန့်ဘဲ လူတွေကို နှိပ်စက်ဖူးတယ်၊ ဒါပေမဲ့တစ်ခုခုလုပ်ပြီး သူများဆီက ခွင့်လွှတ်မှု ပြန်တောင်းခံတာကတော့ ဘ၀မှာ ဒါပထမဆုံးပါ။
ဒါပေမဲ့ အဲဒါကို ရှောင်းကျန့် အောင်မြင်အောင် မလုပ်နိုင်ဘူးထင်တယ်။
အဲဒီအချိန်မှာပဲ ရှောင်းကျန့်ရဲ့နဖူးကို အေးစက်စက် လက်ချောင်းထိပ်လေးတွေနဲ့ တို့လိုက်တာမို့ နူးညံ့တဲ့အထိအတွေ့လေးကို ခံစားလိုက်ရတယ်။
ဝမ်ရိပေါ်ရဲ့လက်ချောင်းရှည်တွေက ရှောင်းကျန့်ရဲ့ မျက်ခုံးတန်းလေးပေါ်ကို ညင်သာစွာ ပွတ်တိုက်ထိတွေ့သွားတယ်။
"တခြားစဉ်းစားမိတာ ထပ်ရှိလာခဲ့ရင်.. ကိုယ်တော့်ကိုလာရှာ"
ရှောင်းကျန့်ဘက်က တစ်ခုခု မေးချင်ဟန်နဲ့ နှုတ်ခမ်းလွှာတွေက ပွင့်ဟလာတယ်၊ ဒါပေမဲ့ အဲဒါနဲ့ အချိန်ကိုက်မှာပဲ ပုဝမ်က အပြင်ကနေ လှမ်းသတင်းပို့တယ်။
"အရှင်.. ဧကရာဇ်ကအရှင့်ကို အခုချက်ချင်း နန်းတော်ကို အခစားဝင်ဖို့ အမိန့်ပေးလိုက်ကြောင်းပါ"
ရှောင်းကျန့်ကြည့်ရတာ အပြင်ကပြောနေတာကို မကြားလိုက်သလိုပဲ၊ ဒါပေမဲ့ ဘေးမှာရှိနေတဲ့ ၀မ်ရိပေါ်ကတော့ သူ့လက်ကိုလွှတ်ပေးလိုက်ပြီး။
"သွားတော့လေ"
သွားတော့?
ဒါကဘာကိုဆိုလိုချင်တာလဲ?
ဒီအိမ်မှာပဲ ဆက်ရှိနေပေးမယ်လို့ ပြောချင်တာလား?
ဒါဆိုရင် စောနကဘာလို့ အလောတကြီး ထွက်သွားတော့မဲ့ပုံစံ လုပ်ရတာလဲ?
နန်းတော်ကိုသွားတဲ့လမ်းမှာ ၀မ်ရိပေါ် နောက်ဆုံးပြောလိုက်တဲ့စကားကို ရှောင်းကျန့် စိတ်ထဲမှာ အထပ်ထပ် ပြန်စဉ်းစားနေမိတယ်၊ ရှောင်းကျန့်ပုံစံက ငေးငေးငိုင်ငိုင်ဖြစ်နေတာ ဧကရာဇ်က သူ့ကို စကားပြောဖို့ အနားကို ဆွဲခေါ်လိုက်တဲ့အချိန်ထိပဲ။
ဧကရာဇ်က ရှောင်းကျန့်ရဲ့ကျန်းမာရေးကို စိုးရိမ်တာကြောင့် ဖြည့်စွက်စာနဲ့ အားဆေးတွေလဲ အများကြီး ပေးနေသေးတယ်၊ အားလုံးပြီးသွားတော့မှ ကျန်းချောင်နင်နဲ့ရှောင်းကျန့်ကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စကို မေးမြန်းလာတယ်။
နောက်ဆုံးတော့ ဒီလှေဆိပ်ကိုပဲ ဆိုက်မယ်ဆိုတာ သိသားပဲ၊ မြေခွေးအိုကြီး။
ဧကရာဇ်က ရှောင်းကျန့်ဆီက စကားနှိုက်ချင်နေမှန်း သိတယ်လေ၊ ခန်းမဆောင်ထဲမှာ ပြောခဲ့တာကိုပဲပြန်ပြောရင် ရှောင်းကျန့်ကို ကျိန်းသေပေါက် သံသယ ၀င်လိမ့်မယ်၊ ဒါကြောင့် ယုံနိုင်လောက်တဲ့ နောက်တစ်မျိုး ပြောင်းပြောရတယ်။
အဲဒီကျန်းချောင်နင်က ရှောင်းကျန့်အပေါ်မှာ မရိုးသားကြောင်း ပြောင်ပြောင်တင်းတင်းပဲ ပြောလိုက်တယ်၊ ပွဲမှာ ရှောင်းကျန့်မူးနေတာကို မြင်တော့ အကြံအစည်နဲ့ အနားကိုရောက်လာတယ်၊ အဲဒီမှာ ရှောင်းကျန့်က ဒေါသထွက်ပြီး ရေကန်ထဲကန်ချလိုက်တာ၊ ဒါပေမဲ့ ရှောင်းကျန့်ကိုလဲ အနောက်ကနေ တွန်းချလိုက်တဲ့သူ ရှိနေခဲ့တယ်၊ ဒါကြောင့် သူလဲ ပြုတ်ကျသွားရတာဆိုပြီး ခပ်တည်တည်နဲ့ လှိမ့်ပစ်တယ်။
"ခမည်းတော်ပဲ စဉ်းစားကြည့်ပါအုံး.. ချင်ဟွေ့ကသူ့ကို နည်းနည်းလေးတောင် စိတ်မ၀င်စားဘူး.. သူက တိုင်းတစ်ပါးသားလေ.. သူနဲ့သွားပြီး ပတ်သက်ရအောင် ချင်ဟွေ့က ဦးနှောက်ပျက်နေတာမှမဟုတ်တာ.. အခုလိုမျိုး လူအများရှိနေတဲ့အချိန်မှာ သူနဲ့အတူတူ ရေထဲကျသွားတာများ သိကုန်ရင်.. ဘယ်လိုကောလဟလတွေ ထပ်ပြီး ပြန့်လာအုံးမလဲ မသိနိုင်ဘူး.."
ရှောင်းကျန့်က ခါတိုင်းလုပ်နေကျ အလိုလိုက်ခံရလို့ ဆိုးသွမ်းနေတဲ့ မင်းသမီးပုံစံအတိုင်း မကျေမနပ် ပြောတယ်။
သူပြောတာတွေ နားထောင်ပြီး မျက်နှာပျက်သွားတဲ့သူကတော့ ဧကရာဇ်ပဲ၊ ဒါကို သတိထားမိတော့ ရှောင်းကျန့်က ဆက်မပြောတော့ဘူး၊ အဲဒီနောက်မှာတော့ ရေထဲကျထားတာကြောင့် နေလို့မကောင်းတာမို့ စောစောအနားယူချင်ကြောင်း ဧကရာဇ်ကိုပြောပြီး နှုတ်ဆက်လိုက်တယ်။
နန်းတော်ကနေ ပြန်ထွက်လာပေမဲ့ ရှောင်းကျန့်က အိမ်တော်ကို မပြန်ဘူး၊ အနောက်က လိုက်လာတဲ့ ပုဝမ်ကလဲ ရှောင်းကျန့် ဘာမှမပြောပေမဲ့ ဘယ်သွားချင်လဲဆိုတာ သိတယ်။
ဧကရာဇ်အရှေ့မှာ ပြောခဲ့သမျှစကားတွေက အလေးအနက်မရှိဘူးလို့ ထင်ရပေမဲ့ စကားလုံးတိုင်းက ဧကရာဇ်ကို လမ်းပြပေးနေတာ၊ တစ်စုံတယောက်က ရှောင်းကျန့်ကို အခွင့်ရေးရတုန်း ရေထဲတွန်းချပြီး စစ်သူကြီးနဲ့အတူရှိအောင် ကြံစည်တယ်လို့ ဧကရာဇ်ကို မြင်သွားစေတယ်။
ကံကောင်းချင်တော့ ရှောင်းကျန့်မှာ အနီးကပ်ကိုယ်ရံတော်ရှိနေတာမို့ ရေထဲကျသွားတာနဲ့ ဆယ်မဲ့သူ ချက်ချင်း ရောက်လာတယ်၊ မဟုတ်ရင် ကျန်းချောင်နင်နဲ့ရေထဲမှာ အချိန်တစ်ခုကြာတဲ့အထိ အတူရှိနေရလိမ့်မယ်။
မင်ကျောက်မင်းသမီးက ရေထဲမှာ တခြားယောက်ျားတစ်ယောက်နဲ့ အတူရှိခဲ့တယ်၊ အဲဒီယောက်ျားက ရေထဲကနေကယ်လာတာကို အများမြင်သွားခဲ့မယ်၊ သူတို့နှစ်ယောက်စလုံးရဲ့ အ၀တ်တွေကလဲ ရေတွေစိုရွဲနေမယ်ဆိုရင် ၀န်မင်းတွေ အရာရှိတွေက သူတို့ရဲ့ဖြူစင်မှုကို ဆေးဆိုးပစ်မဲ့ စကားတွေ ဆိုလာလိမ့်မယ်။
ပြသနာအနေနဲ့ ကျန်းချောင်နင်က တခြားတိုင်းပြည်က စစ်သူကြီး၊ သူ့လို စစ်သွေးကြွတစ်ယောက်က မင်ကျောက်မင်းသမီးနဲ့လက်ဆက်ပြီး သူများတိုင်းပြည်မှာ ကြင်ယာတော်အဖြစ် ငြိမ်ငြိမ်လေးနေပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ နောက်တစ်ခု သူက ထျန်ယွမ်နယ်စပ်မှာ တစ်နှစ်ပတ်လုံး အုပ်ချုပ်ခဲ့တဲ့ စစ်သေနာပတိ၊ မင်ကျောက်ကို ပြသနာရှာဖို့သက်သက် ထည့်ပေးလိုက်ရုံပဲ၊ ထျန်ယွမ်ကလဲသူ့ကို လွယ်လွယ်နဲ့ လက်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး။
နောက်ဆုံးမှာ ဖြစ်လာနိုင်တာက သူတို့ကို လက်ဆက်ပေးပြီးရင်တောင် မင်းသမီးကိုပဲ တခြားတိုင်းပြည်ကို ထည့်လိုက်ရမှာ၊ တကယ်လို့ မင်ကျောက်ရဲ့ အာဏာစက်အပြင်းဆုံးမင်းသမီးသာ တိုင်းပြည်ကနေ ထွက်သွားရင် ဘယ်သူ့မှာ အကျိုးရှိဆုံး ဖြစ်လာမလဲ?
ရှောင်းကျန့်က အရိပ်ပြရုံ ပြခဲ့တာပါ၊ ဥာဏ်ပြေးလွန်းတဲ့ မြေခွေးအိုကြီးက ကျိန်းသေပေါက် အကောင်ပါမြင်ပြီး သံသယတွေ ပွါးလာလိမ့်မယ်၊ ကျန်တာကိုတော့ ဆက်ပြီး စည်းရုံးရအုံးမှာပေါ့။
မနက်ခင်းစောစောပဲ ရှိသေးတာမို့ အထူးဧည့်သည်အဆောင်က တိတ်ဆိတ်ငြိမ်သက်နေတယ်၊ ရှောင်းကျန့်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ကျန်းချောင်နင်ရဲ့အခန်းကိုရှာပြီး တိုက်ရိုက်ဝင်သွားတယ်၊ အခန်းထဲမှာတော့ ကျန်းချောင်နင်အပြင် သွေးကြောစမ်းပေးနေတဲ့ သမားတော်ပါ ရှိနေတယ်၊ ရှောင်းကျန့်ကို မြင်တော့ နှစ်ယောက်လုံးရဲ့ မျက်နှာတွေက လန့်ဖျပ်သွားကြတယ်၊ ကျန်းချောင်နင်က အရင်ဆုံး သတိဝင်လာပြီး အိပ်ရာအနောက်ကို မှီထိုင်လိုက်တယ်၊ နောက်တော့ ရှောင်းကျန့်ကို မဲ့ရွဲ့ပြီး ပြောလာတယ်။
"ရှာမှရှား ဧည့်သည်တော်ပဲ"
ညက ချောက်ချခံရပြီး ပြသနာတက်ခဲ့ပေမဲ့ တစ်ဖက်တိုင်းပြည်ရဲ့စစ်သူကြီး ဖြစ်နေတာမို့ ဧကရာဇ်က ကျန်းချောင်နင်ကို အပြစ်ပေးဖို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် သူက အိမ်တော်မှာပဲ ရှိနေတာ။
ရှောင်းကျန့်က နူးညံ့စွာပြုံးလိုက်ပြီး လက်ထဲက ကျောက်စိမ်းယပ်တောင်ကို အသာအယာ ခတ်လိုက်တယ်။
"ဘာတွေများ စိတ်လှုပ်ရှားနေတာလဲ.. ပန်ကုန်းကစစ်သူကြီးဆီ သာကြောင်းမာကြောင်း လာမေးရုံပါ"
ရှောင်းကျန့်ကပုဝမ်ကို အရှေ့ကိုလာခိုင်းလိုက်ပြီး။
"ပန်ကုန်းရဲ့တပည့်လေးက ဆေးပညာ ကျွမ်းကျင်တဲ့သူပါ.. သူ့ကို နည်းနည်းလောက် သွေးကြောစမ်းခိုင်းကြည့်မလား စစ်သူကြီး"
ကျန်းချောင်နင်က အင်္ကျီလက်ကို ဆွဲချလိုက်ပြီး ပြတ်ပြတ်သားသား ငြင်းတယ်။
"မလိုဘူး"
"ဒီလိုတော့ ဘယ်ဖြစ်မလဲ.. စစ်သူကြီးက ပန်ကုန်းတို့ရဲ့ အရေးကြီးဧည့်သည်လေ.. ဧည့်သည်က ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေတာကို အိမ်ရှင်က ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်ပါ့မလဲ?"
ရှောင်းကျန့်စကားကို ကျန်းချောင်နင်က အေးစက်စွာ တုံ့ပြန်တယ်။
"မင်းသမီးကကျုပ်ကို မြန်မြန်သေစေချင်နေတာ မဟုတ်ဘူးလား.. ဒီလောက်ထိ စေတနာထားဖို့ မလိုပါဘူး"
ရှောင်းကျန့်ကလဲ အတင်းအကျပ် မလုပ်ပါဘူး၊ ပုဝမ်ကို ထွက်သွားဖို့ အချက်ပြလိုက်တယ်၊ အဲဒီနောက်တော့ ကျန်းချောင်နင်ဘေးက ခုံမှာဝင်ထိုင်လိုက်ပြီး ကျောက်စိမ်းယပ်တောင်နဲ့ ကျန်းချောင်နင် လက်ကိုထိလိုက်ပြီး။
"စစ်သူကြီးကလဲ ပြောရက်လိုက်တာ.. ပန်ကုန်းက စိတ်ထားညံ့ဖျင်းတဲ့လူကျလို့ပဲ"
ကျန်းချောင်နင်ရဲ့ ချောမောတဲ့မျက်နှာက ဒေါသကြောင့် ရှုံတွသွားတယ်၊ သူက ရှောင်းကျန့်ကို လက်ညိုးနဲ့ ထိုးထားရင်း။
"သူများကို သိပ်အနိုင်မကျင့်ချင်နဲ့ ချင်ချင်"
ဒီအခွင့်အရေးမှာ ရှောင်းကျန့်က ကျန်းချောင်နင်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး သွေးကြောစမ်းလိုက်တယ်။
"သွေးခုန်နှုန်းတွေ မြန်နေပါလား"
ရှောင်းကျန့်က ခေါင်းလေးစောင်းပြီး အသံထွက်ရယ်လိုက်တယ်။
"ဒေါသသိပ်ကြီးတာပဲ"
ကျန်းချောင်နင်က လက်ကို ချက်ချင်းပြန်ရုတ်လိုက်ပြီး အေးစက်စွာ ပြောတယ်။
"မင်ကျောက်ရဲ့တော်ဝင်မင်းသမီးက သွေးကြောစမ်းပြီး ရောဂါနာမည်တပ်ပေးတတ်တယ် ဆိုတာကို မသိခဲ့ဘူး"
ရှောင်းကျန့်ကလဲ လက်ကိုပြန်ရုတ်လိုက်ပြီး ခါးမတ်မတ် ပြန်ထိုင်လိုက်တယ်၊ ခပ်မှန်မှန် လှုပ်ရှားနေတဲ့ ကျောက်စိမ်းယပ်တောင်ကနေ လေအေးတချို့ရလာတယ်။
"ကျွမ်းကျင်တယ်ရယ်လို့တော့ မဟုတ်ပေမဲ့.. ဒါပေမဲ့ စစ်သူကြီးရဲ့ရောဂါကို မမြင်နိုင်ရလောက်အောင်တော့ မဟုတ်သေးဘူး"
ကျန်းချောင်နင်က ဟွန့်ခနဲ နှာမှုတ်ကာ ရွဲ့တဲ့တဲ့ ပြောတယ်။
"အသေးစိတ် ဆက်ပြောကြည့်ပါအုံး"
ရှောင်းကျန့်က ယပ်တောင်ကို လေးတွဲ့တွဲ့ခပ်လိုက်တယ်၊ အသွားပါတဲ့ ယပ်တောင်ရဲ့ ထိပ်ဖျားလေးတွေက သူ့ရဲ့နှာတံချွန်ချွန်လေးကို ကွယ်သွားတယ်၊ ပေါ်နေတဲ့ မျက်လုံးတွေမှာ နားလည်ရခက်တဲ့ အလင်းတန်းတချို့ ဖြတ်ပြေးသွားတယ်၊ နောက်တော့ တိုးတိုးမှန်မှန် စကားသံတချို့ ထွက်လာတယ်။
"စစ်သူကြီးမှာ ထျန်ယွမ်ရဲ့တော်ဝင်မျိုးရိုးတွေမှာပဲ ဖြစ်လေ့ရှိတဲ့ မျိုးရိုးလိုက် အအေးဓာတ်လွန်ကဲတဲ့ရောဂါရှိနေတာလေ"
ရှောင်းကျန့်စကားဆုံးသွားတာနဲ့ အနောက်ကိုမှီနေတဲ့ ကျန်းချောင်နင်မှာ လန့်ဖျပ်သွားပြီး မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ကြည့်လာတယ်။
"ဘာလို့လဲ ပန်ကုန်း ရောဂါအမည်တပ်တာ မှားနေလို့လား?"
ရှောင်းကျန့်ပြောနေတုန်းမှာပဲ မျက်စိရှေ့မှာ အလင်းတစ်ချက်လက်သွားတယ်၊ ကျန်းချောင်နင်က ကုတင်တိုင်မှာ ချိတ်ထားတဲ့ဓားကို ဆွဲထုတ်လိုက်ပြီး ရှောင်းကျန့်ကို ထိုးလိုက်တယ်။
ရှောင်းကျန့်ရဲ့ ကျောက်စိမ်းယပ်တောင်က အလွယ်တကူပဲ ကာထားလိုက်နိုင်တာမို့ သာမန်နဲ့ကွဲပြားတဲ့ ချွင်ခနဲ့အသံ မြည်သွားတယ်။
ရှောင်းကျန့်က သရော်တော်တော်နဲ့ ရယ်လိုက်ပြီး။
"စစ်သူကြီးက စိတ်လောလိုက်တာ..ပန်ကုန်းက စမ်းသပ်ခ မတောင်းသေးပါဘူး.. "
ကျန်းချောင်နင်က ဓားကိုအားထည့်ပြီး ရှောင်းကျန့်ကို ဖိအားပေးတယ်၊ သူ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်တဲ့ အရိပ်အငွေ့တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
"ကျုပ်ကို ရောဂါအမည်လာတပ်လိုက်တာ မင်းရဲ့အမှားပဲ.. အဖိုးအခအနေနဲ့ မင်းသေမှရမယ်"
ရှောင်းကျန့်ကလဲ အလျှော့မပေးဘဲ ကျောက်စိမ်းယပ်တောင်နဲ့ ပြန်လည်ခုခံတယ်၊ ဓားသွားနဲ့ ကျောက်စိမ်း ထိမိတဲ့နေရာတွေမှာ အေးစိမ့်တဲ့အလင်းတချို့ ဖြာထွက်ကုန်တယ်၊ ရှောင်းကျန့်က မျက်လွှာချထားရင်း။
"ပန်ကုန်းက ရောဂါအမည် တပ်ချင်တာ မဟုတ်ဘူး.. သိပ်သိသာနေတဲ့ ကိုယ့်ရောဂါလက္ခဏာတွေကိုပဲ အပြစ်တင်သင့်တယ် စစ်သူကြီး"
ကျန်းချောင်နင်က အားကုန်သုံးပြီး တွန်းထုတ်တယ်၊ ဒါပေမဲ့ လက်ရှိမှာ သူ့ကရှောင်းကျန့်ကို မယှဉ်နိုင်ဘူး၊ ရှောင်းကျန့်က အားနဲ့ပြန်ဖိထားတဲ့အခါ သူတို့နှစ်ယောက် နီးကပ်သွားတယ်။
"ပန်ကုန်းတောင် မြင်နိုင်သေးတာ...လူတိုင်းမြင်သွားဖို့က သိပ်မဝေးတော့လောက်ဘူး"
ဒီနယ်မြေမှာ ထျန်ယွမ်က အင်အားအတောင့်ဆုံး တိုင်းပြည်ပါ၊ မင်ကျောက်ကော ချူရှောင်ပါ သူနဲ့ တစ်ယောက်ချင်းယှဉ်နိုင်ဖို့ မလွယ်တဲ့အထိ အင်အားကြီးတယ်၊ ကံဆိုးချင်တော့ အကြောင်းအရင်းရှာမရပါပဲ ထျန်ယွမ်ရဲ့ တော်ဝင်မျိုးနွယ်တွေမှာ မျိုးရိုးလိုက်တတ်တဲ့ ဆန်းပြားပြားရောဂါတစ်ခု စွဲကပ်လာတယ်။
အဲဒီ ရောဂါခံစားရရင် အစပိုင်းမှာ အအေးဒဏ်ကို ကြောက်ရွံ့လိမ့်မယ်၊ တဖြည်းဖြည်းနဲ့ ကိုယ်ခံအားလျော့နည်းကာ ဖျားနာလွယ်ပြီး နောက်ဆုံးမှာ နှလုံးကြွက်သားတွေ အလုပ်မလုပ်တော့ဘဲ သေဆုံးရတယ်၊ ဘယ်ဝေဒနာရှင်မှ အသက် ၃၀ ကျော်တဲ့အထိ အသက်မရှင်ကြဘူး၊ ထျန်ယွမ်ရဲ့ တော်ဝင်မျိုးနွယ်တွေက အအေးကြောက်တာမို့ ရှေးယခင်ကတည်းက နှင်းမကျဘဲ တစ်နှစ်ပတ်လုံး အလွန်ပူပြင်းနေတဲ့ ပင်လယ်နားမှာ နန်းတော်တည်ပြီး နေခဲ့တာပဲ။
ဒီရောဂါခံစားရတဲ့ အများစုက ယောက်ျားတွေဖြစ်ပြီး မျိုးဆက်တစ်ဆက်ကနေတစ်ဆက် လွယ်ကူစွာ လက်ဆင့်ကမ်းလာတယ်၊ အဲဒါကြောင့်ပဲ ထျန်ယွမ်ရဲ့မျိုးဆက်တွေက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာကြတယ်၊ နှစ်ပေါင်းတစ်ရာကျော်အတွင်း မင်းပြောင်းမင်းလွှဲ မကြာမကြာဖြစ်ကြတာမို့ သွေးချောင်းစီးတဲ့ကိစ္စတွေကလဲ များခဲ့တယ်။
ကောလဟလတွေအရ ပင်းယွင်ဘွဲ့အမည်ရတဲ့ ဧကရာဇ်ကတော့ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက် ဥယျာဉ်ဆိုပြီး နာမည်ကြီးတဲ့ မူလဖူရှီးတောင်ကြားကို ဆေးကုသခံဖို့ ထွက်သွားခဲ့တယ်၊ ဒါပေမဲ့ ထျန်ယွမ်ကို ပြန်ရောက်မလာခဲ့တာကြောင့် ရောဂါအတွက်ဆေး ရှာတွေ့ခဲ့သလားဆိုတာကို ဘယ်သူမှမသိခဲ့ရဘူး။
မှတ်ဥာဏ်တွေပြန်ရလာကတည်းက ဒီကြားထဲမှာ ကြုံတွေ့ခဲ့ရတာတွေကို ရှောင်းကျန့်က အသေးစိတ် ပြန်လည်သုံးသပ်ခဲ့တယ်၊ ဒါကြောင့် သူနဲ့ပတ်သက်ပြီး ကျန်းချောင်နင်မှာ မရိုးသားစိတ်ရှိနေတာကို သိသလို၊ ကျန်းချောင်နင်ရဲ့ ကျန်းမာရေးအခြေအနေကိုလဲ ကောင်းကောင်း သတိထားမိခဲ့တယ်။
နယ်စပ်မှာတာဝန်ကျတဲ့ စစ်သူကြီးဆိုမှတော့ ရှောင်းကျန့်ထက် သန်မာသင့်တာပေါ့၊ မထင်မှတ်ဘဲ ဆောင်းဦးမှာရွာတဲ့ မိုးလေးတစ်ဖြောက်နှစ်ဖြောက်မိရုံနဲ့တင် ကျန်းချောင်နင်က အအေးမိသွားတယ်၊ မနေ့က ရေထဲကျတော့လဲ ပြုတ်ကျတာချင်းအတူတူ ရှောင်းကျန့်က ဘာမှမဖြစ်ပေမဲ့ ကျန်းချောင်နင်ကတော့ အိပ်ရာပေါ်ရောက်နေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်သူကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ်က ဒီလောက်ထိ ပျော့မနေသင့်ဘူး၊ သေချာတွေးကြည့်လိုက်တော့ သူ့လက္ခဏာတွေက အအေးဓာတ်လွန်ကဲတဲ့ရောဂါနဲ့ သွားဆင်နေတယ်၊ ဒါက နယ်စပ်ကစစ်သေနာပတိဖြစ်တဲ့ ကျန်းချောင်နင်ကို မင်းနေပြည်တော် ပြန်ခေါ်ထားရတဲ့ အဓိကအကြောင်းအရင်းပဲ။
အမြတ်အနေနဲ့ ကျန်းချောင်နင်က ထျန်ယွမ်တော်ဝင်သွေးပါနေတဲ့လူ ဖြစ်နိုင်တယ်ဆိုပြီး ရှောင်းကျန့်က ရိပ်မိသွားခဲ့တယ်။
စစ်သူကြီးတစ်ယောက်က တိုင်းတစ်ပါးက မင်းသမီးကို လိုက်လံပို့ဆောင်ရမဲ့တာဝန်ကို ယူခဲ့တယ်၊ သူ့ကို ဒီလိုလုပ်ဖို့ တောင်းဆိုလာတဲ့သူက တော်ဝင်မိသားစုထဲမှာတောင်မှ သူနဲ့ရင်းနှီးတဲ့လူပဲ ဖြစ်နိုင်တယ်။
ကျန်းချောင်နင်က မသိမသာနဲ့ ရှောင်းကျန့်အနားကပ်ဖို့လုပ်လာတာကို မြင်ရတော့ နောက်ကွယ်ကလူကို ခန့်မှန်းဖို့ ပိုတောင်လွယ်သွားတယ်၊ အဲဒီလူကတော့ ရှောင်းကျန့်ကို မြန်မြန်အိမ်ထောင်ချပေးပြီး တိုင်းပြည်က ထွက်သွားစေချင်နေတဲ့ ရန်ဖေးပဲပေါ့။
ကျန်းချောင်နင်က ရှောင်းကျန့်ကို အလျှော့မပေးဘဲ တိုက်ခိုက်ချင်သေးတယ်၊ ဒါက သူ့ရဲ့အကြီးမားဆုံး လျှို့ဝှက်ချက်၊ ဘယ်သူမှ သိလို့မရတဲ့ကိစ္စ။
"ဒီတော့မင်းပြောချင်တာဘာလဲ?"
သူ့ကိုမေးလာတော့ ရှောင်းကျန့်က ကျန်းချောင်နင်ကို ကြည့်လိုက်ပြီး တစ်လုံးချင်းပြောတယ်။
"မင်းရဲ့ရောဂါကို ကုသဖို့အတွက် ပန်ကုန်းမှာ နည်းလမ်းရှိတယ်ဆိုရင်ကော?"
ရှောင်းကျန့်နဲ့ ထိပ်တိုက်တွေ့နေတဲ့ ဓားက ချက်ချင်းလက်ငင်း အားလျော့သွားတယ်၊ သူပြောတာ အမှန်ဟုတ်သလား သိချင်နေဟန်နဲ့ ကျန်းချောင်နင်က ရှောင်းကျန့်ကို စူးစမ်းနေတယ်၊ သူက ဓားကိုအောက်အနည်းငယ် ပြန်ချလိုက်ပြီး။
"နောက်ထပ် ဘာလှည့်ကွက်တွေ သုံးဖို့တွေးနေတာလဲ?"
ရှောင်းကျန့်က ကျောက်စိမ်းယပ်တောင်ကိုသုံးကာ မျက်စိရှေ့ကဓားကို တွန်းဖယ်ချလိုက်ပြီး။
"ဒီရောဂါကို ကုလို့ရတဲ့ဆေးရှိမှန်း ပန်ကုန်းသိတယ်"
ကျန်းချောင်နင်က ရှောင်းကျန့်ကို သံသယမျက်လုံးတွေနဲ့ ကြည့်နေတုန်းပါ၊ အမှန်တကယ် မကျန်းမာတဲ့လူတစ်ယောက်အတွက် ကုရမဲ့ဆေးရှိတယ်ဆိုတဲ့သတင်းမျိုးကြားရတာက မျှော်လင့်ချက်ရောင်ခြည်သန်းလာတာပဲ၊ ဘယ်လောက်ပဲ မယုံရတဲ့လူရဲ့ပါးစပ်က ပြောနေတာဆိုရင်တောင် နားထောင်မိမှာမလွဲဘူး။
"ကျန်းစစ်သူကြီးတို့ရဲ့ပင်းယွင်ဧကရာဇ်က ဒီရောဂါကုသဖို့အတွက် မူလဖူရှီးတောင်ကြားကို သွားခဲ့တယ်ဆိုတာ သိမှာပေါ့နော်"
ကျန်းချောင်နင်က ဘာမှပြန်ပြောဘူး၊ ဒီအကြောင်းက ထျန်ယွမ်က ကလေးလူကြီးအကုန်သိတဲ့ ဒဏ္ဍာရီပုံပြင်ပဲဟာ။
"သူကဆေးရှာတွေ့ခဲ့ပေမဲ့ မသောက်ခဲ့ဘူး.. အကြောင်းကတော့ ဒီဆေးသောက်ရင် အချစ်နဲ့ သံယောဇဉ်ကို ဖြတ်တောက်ပစ်မှာမို့လို့ပဲ.. အဲဒီအချိန်တုန်းက သူ့မှာချစ်ရတဲ့သူ ရှိနှင့်နေပြီးသား.. ဒါကြောင့် အချစ်ကိုမေ့ပစ်လိုက်မဲ့အစား လှပအမှတ်တရတွေကို ထာဝရအမှတ်ရပြီး သေဖို့ပဲ ရွေးချယ်လိုက်တယ်"
ကျန်းချောင်နင်မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာတယ်၊ ဒီယုံတမ်းပုံပြင်လိုလိုကိစ္စက ထျန်ယွမ်သားဖြစ်တဲ့ သူကိုယ်တိုင်တောင်မသိတဲ့အကြောင်းအရာ ဖြစ်သွားပြီ။
ရှောင်းကျန့်က မျက်ခုံးသွယ်တွေကို လှပစွာပင့်ပြီး ပြုံးလိုက်တယ်။
"သူ့နေရာမှာ စစ်သူကြီးဆိုရင်တော့ အချစ်ကိုမေ့သွားလဲဘာအရေးလဲ ဆေးကိုပဲ အရသောက်လိမ့်မယ်ထင်တယ်နော်"
"မင်းက ဒါတွေဘယ်လိုလုပ် သိနေတာလဲ?"
"ပန်ကုန်းရဲ့ဆရာသခင်က ရှဲ့မိသားစုနဲ့ ဆုံဖူးတယ်.. ရှဲ့ဆိုတာက နတ်ဆေးသမားတော် မျိုးနွယ်တွေလေ.. ပန်ကုန်းရဲ့တပည့်က ရှဲ့မိသားစုဆီက ဆေးပညာသင်လာတာ.. သူတို့ဆီက သိလာတာပေါ့"
"မင်းပြောတာကို ကျုပ်ကယုံလိမ့်မယ်လို့ ထင်နေတာလား?"
ကျန်းချောင်နင်က အေးစက်စွာ ပြောတယ်။
ရှောင်းကျန့်က ကျောက်စိမ်းယပ်တောင်နဲ့ လက်ဖဝါးကို ရိုက်လိုက်တယ်။
"သိပ်မကြာခင်သေရတော့မဲ့လူအတွက် အသက်ရှင်ဖို့အတွက် အခွင့်အလမ်းပေါ်လာတဲ့ဟာ.. ဘာကြောင့်များ မကြိုးစားကြည့်ဘဲနေမှာလဲ မဟုတ်ဘူးလား?"
ရှောင်းကျန့်က အရှိုက်ထိအောင် ပြောပစ်လိုက်တာမို့ ဒီတစ်ခါတော့ ကျန်းချောင်နင် ပြန်မစွာနိုင်ဘဲ အသံတိတ်သွားတယ်။
ကျန်းချောင်နင်က စစ်မြေပြင်မှာ မြင်းတစ်စီး၊ ဓားတစ်လက်နဲ့ လျှောက်သွားခဲ့တဲ့ လူငယ်တစ်ယောက်၊ တော်ဝင်မိသားစုကနေ စွန့်ပစ်ခံလိုက်ရတဲ့အချိန်မှာ စစ်မြေပြင်ကသာ သူ့ရဲ့စွမ်းဆောင်ရည်ကို ဖော်ထုတ်ပြသခွင့်ရခဲ့တဲ့နေရာ၊ အသိအမှတ် ပြုပေးခဲ့တဲ့နေရာ ဖြစ်ခဲ့တယ်၊ သူ့လိုလူအတွက်က ကျန်းမာတဲ့ခန္ဓာကိုယ်က မရှိမဖြစ် လိုအပ်တဲ့အရာပဲ။
ခဏတာလောက် တိတ်ဆိတ်သွားအပြီးမှာ ကျန်းချောင်နင်ဆီက အနည်းငယ် အက်ကွဲနေတဲ့ စကားသံ ထွက်လာတယ်။
"မင်းလိုချင်တာဘာလဲ?"
မနေ့ညကကိစ္စ ဖြစ်ပြီးသွားတော့ မင်ကျောက်ရဲ့မင်းသမီးက ရိုးစင်းတဲ့သူ မဟုတ်ဘူးဆိုတာကို ကျန်းချောင်နင် ကောင်းကောင်းသိသွားတယ်၊ ကျန်းချောင်နင်အပေါ်မှာ စိတ်ကောင်းစေတနာ ထားလွန်းလို့ ဒီအကြောင်း လာပြောပြတာမဟုတ်မှန်း သူ သေချာပေါက် ရိပ်မိတယ်။
"ပန်ကုန်းက အဲဒီနေရာကို ပြောပြမှာပါ.."
ရှောင်းကျန့်က နားလည်ရခက်စွာ ပြုံးနေရင်း လေသံကို တမင်နှိမ့်ချလိုက်တယ်။
"စစ်သူကြီးနဲ့ မိဖုရားခေါင်ကြီး ဘယ်လိုပတ်သက်ကြတယ်ဆိုတာရယ်.. စစ်သူကြီးကို ရန်ဖေး လုပ်ခိုင်းထားတဲ့ကိစ္စက ဘာလဲဆိုတာ ပန်ကုန်းကို ပြောပြခဲ့ရင်ပေါ့"
ကျန်းချောင်နင်က မျက်လွှာချထားပြီး ငြိမ်နေတယ်၊ ဒီကိစ္စတွေပြောပြလို့ ဖြစ်ပါ့မလားဆိုတာကို ချင့်ချိန်နေတဲ့ပုံ။
"ဒါဆို ပန်ကုန်းပဲ ခန့်မှန်းကြည့်ရမလား?"
ရှောင်းကျန့်က ကျောက်စိမ်းယပ်တောင်နဲ့ မေးစေ့ကို ထိလိုက်ပြီး ဈေးထဲက ပုံပြောပြတဲ့လူလို စီကာပတ်ကုံး ပြောလာတယ်။
"သူက စစ်သူကြီးနဲ့ သွေးသားတော်စပ်တဲ့သူ ဖြစ်မယ်.. ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် တော်ဝင်မိသားစုထဲမှာ စစ်သူကြီးအမည် ပါခွင့်မရဘူး.. သူကတော့ စစ်သူကြီးအခြေအနေကို သိပြီး အသိအမှတ်ပြုတဲ့သူ.. ဒီနေ့အခြေအနေထိ ရောက်လာဖို့ နောက်ကွယ်က ပံ့ပိုးပေးခဲ့တဲ့သူတောင် ဖြစ်နေနိုင်တယ်..အပြန်အလှန်အနေနဲ့ စစ်သူကြီးရဲ့ရာထူးကလဲ သူ့ကို ပြန်ပြီးအထောက်အကူ ပြုခဲ့လိမ့်မယ်.."
"ဒီတစ်ခါတော့ ပန်ကုန်းကို မင်ကျောက်ပြန်ပို့ဖို့အတွက် သူကစစ်သူကြီးကိုခိုင်းတယ်.. ဒီလိုလုပ်ခိုင်းရတဲ့ အကြောင်းအရင်းက နှစ်ချက်ရှိနိုင်တယ်.. ပထမတစ်ခုက မြို့တော်ကို ပြန်တဲ့လမ်းမှာ တစ်ခုခုဖြစ်လာရင် ထျန်ယွမ်နဲ့ မင်ကျောက်ကြားမှာ ပြသနာတက်မှာ စိုးရိမ်လို့.. ဒုတိယတစ်ခုက.."
ရှောင်းကျန့်က ခဏရပ်လိုက်ပြီး လှောင်ပြုံးလေးပြုံးရင်း ဆက်ပြောတယ်။
"သူက စစ်သူကြီးနဲ့ပန်ကုန်းကို နီးစပ်စေချင်တာ.. ပန်ကုန်းက စစ်သူကြီးကို သဘောကျသွားပြီး ထျန်ယွမ်ကို အတူပြန်လိုက်သွားရင်တော့ အကောင်းဆုံး ဖြစ်သွားမှာပေါ့"
ဒီစကားကြားတော့ ကျန်းချောင်နင်က ပြုံးသွားတယ်၊ သူ့ရဲ့ဖြူရော်နေတဲ့မျက်နှာမှာ အရောင်တချို့ ပြန်မြင်လာရတယ်။
"သူက အရှင်မင်းသမီးကို မနိုင်ပါဘူး.. မနိုင်လဲ တိုက်ရမဲ့ အခြေအနေဖြစ်နေတာကိုး"
ကျန်းချောင်နင်က ရှောင်းကျန့်စကားကို ဖြတ်ပြောလိုက်တယ်။
"မင်းသမီးမှန်းတာ မှန်ပါတယ်.. ကျုပ်ရဲ့အမေက မိဖုရာကြီးရဲ့ ရံရွေတော်ပါ.. တစ်နေ့တော့ ဧကရာဇ်က မျက်စိကျသွားပြီး ကျုပ်ကိုကိုယ်ဝန်ရသွားတယ်.. ဒါပေမဲ့ မိဖုရားကြီးကတော့ ဒါကို ဘယ်လိုလုပ်ပြီး လက်သင့်ခံနိုင်မလဲ..သူက ကျုပ်အမေကို လုပ်ကြံခိုင်းလိုက်တယ်.. အဲဒီမှာ အမေက မိန်းမစိုးအိုကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ထွက်ပြေးလွတ်မြောက်လာပြီး ကျုပ်ကိုမွေးတယ်"
"အမေက သိပ်မကြာခင်မှာပဲ ဆုံးပါးသွားတာမို့ ကျုပ်တစ်ယောက်တည်း ဖြစ်သွားတယ်.. ဒါပေမဲ့ ရန်ဖေးက ကျုပ်ကို ဘယ်ကနေဘယ်လို ရှာတွေ့သွားခဲ့လဲတော့ မသိဘူး.. ကျုပ်ဆီရောက်လာပြီး သူက အစ်မတော်ပါလို့ ပြောလာခဲ့တယ်"
"တော်ဝင်မိသားစုတွေကို မကျေနပ်တာပေမဲ့ အကူအညီက လိုအပ်နေခဲ့တာလဲ အမှန်ပဲ.. နောက်တော့ သူခေါ်တဲ့နောက်ကို လိုက်ဖြစ်သွားတယ်..ပြီးတော့ စစ်သေနာပတိဖြစ်လာတာပဲ"
"ဒီနှစ်ရဲ့ အစပိုင်းလောက်ကျတော့ ကျုပ်မှာ အအေးဓာတ် လွန်ကဲတဲ့ရောဂါ စဖြစ်တာမို့ မြို့တော်ကို ပြန်ရောက်လာတယ်.. နောက်တော့ သူကကျုပ်ဆီစာရေးပြီး မင်ကျောက်အထိ မင်းသမီးကို ပြန်လိုက်ပို့ဖို့နဲ့ လမ်းမှာ လုပ်ကြံသူတွေရောက်လာရင် ဝင်ကယ်ပြီး မင်းသမီးဆီက မေတ္တာရအောင်ယူဖို့ ပြောတယ်"
"ကံဆိုးချင်တော့.. ထျန်ယွမ်ကပြန်ထွက်လာပြီး သိပ်မကြာခင်မှာပဲ အတူလိုက်လာတဲ့သူက မင်းသမီးအစစ်မဟုတ်တာကို ကျုပ်ရိပ်မိသွားတယ်.. သူ့ရဲ့အကြံကလဲ သဲထဲရေသွန်လို ဖြစ်သွားတာပေါ့.. ဒီအကြောင်းကို ကျုပ်ကသူ့ဆီစာရေးပြီး ပြောပြလိုက်တယ်.. ဒါပေမဲ့ ထျန်ယွမ်ကလူတွေထဲမှာ မင်းသမီးကို မြင်ဖူးတဲ့သူ မရှိတာကြောင့် သက်သေမပြနိုင်ဘူး.. အယောင်ဆောင်ကိုလဲ ဘာမှလုပ်လို့မရတာမို့ ဒီအတိုင်းပဲ ထားလိုက်ရတယ်.. နောက်ပိုင်း မင်းသမီး ပြန်ရောက်လာတော့.. "
ကျန်းချောင်နင်က ပြောနေရင်း လမ်းတစ်ဝက်မှာ ရပ်လိုက်ပြီး ရှောင်းကျန့်ကို နူးညံ့ရီဝေစွာ ကြည့်လာတယ်။
"ပြန်ရောက်လာတော့ ဘာဖြစ်သလဲ?"
ရှောင်းကျန့်က မေးလိုက်တော့ ကျန်းချောင်နင်က ပြုံးပြလာပြီး တိုးညင်စွာ ပြောတယ်။
"မင်းသမီးမယုံလဲ ကိစ္စမရှိဘူး.. မင်းသမီးနဲ့ဆုံပြီးတဲ့နောက်တော့ မင်းသမီးကို အသုံးချတာမျိုး ဆက်မလုပ်ချင်တော့ဘူး"
ရှောင်းကျန့်က ဟာသတစ်ခု ကြားလိုက်သလို ရယ်ချလိုက်တယ်။
"အခုချိန်မှ ဒီလိုပြောလာတာကို ဘယ်သူက ယုံတော့မှာလဲ ကျန်းစစ်သူကြီးရယ်"
ကျန်းချောင်နင်က ဒီအကြောင်းကို ဆက်မပြောတော့ဘဲ။
"အခုမင်းသမီးသိချင်တာ အကုန်သိရပြီးလေ.. ကျုပ်ရဲ့ဆေးကော?"
ရှောင်းကျန့်က ကျောက်စိမ်းယပ်တောင်ကို ချထားလိုက်ပြီး အဓိပ္ပါယ်ဖော်ရခက်စွာ ပြုံးလိုက်တယ်။
"ပန်ကုန်းသိရုံနဲ့ မလုံလောက်သေးဘူးလေ"
"..."
"ဧကရာဇ်သိဖို့လိုသေးတာ"
အခုဆို နန်းမွေခံမင်းသားရဲ့ဦးလေးအရင်းက ရန်ဖေးလက်အောက်ခံ ထျန်ယွမ်ရဲ့ အာဏာရှိ စစ်သူကြီးမှန်း သိခဲ့ရပြီ။
မိဖုရားက မင်းသမီးကို ဝေးလံခေါင်းဖျားတိုင်းတပါးကို ထိမ်းမြားပေးဖို့ကြံစည်ပြီး သူတို့ကြားက မျှခြေဖြစ်နေတဲ့ အခြေအနေကို ဖျက်ပစ်ဖို့လုပ်နေတာကိုလဲ သိခဲ့ရပြီ။
နှစ်ပေါင်းများစွာကြာအောင် ရန်မိဖုရားနဲ့ ရှောင်းကျန့်ကြားမှာ ပဋိပက္ခတွေဖြစ်ပြီး သောင်းကျန်းခွင့်ရှိနေတဲ့ အဓိကအကြောင်းအရင်းက ဧကရာဇ်က မျက်စိမှိတ်ထားပေးလို့ပဲ။
ဧကရာဇ်ရဲ့မျက်လုံးထဲမှာ ရှောင်းကျန့်တို့နှစ်ယောက်လုံးက ပြသနာဖန်တီးဖို့ လုံလောက်တဲ့ရာထူးအဆင့်တန်း ရှိကြသူတွေလို့ သတ်မှတ်ထားတယ်။
ကြက်မ,တွန်လို့ မိုးမလင်းဘူးဆိုသလိုပဲ ရှောင်းကျန့်တို့ နှစ်ယောက်လုံးက သူ့ထီးနန်းကို ခြိမ်းခြောက်ဖို့အထိတော့ အဆင့်မမီကြလို့ တွေးထားတာ၊ သူတို့က အနောက်ကနေ ဘယ်လိုပဲမွှေမွှေ၊ အရှေ့တော့ ထွက်ရပ်ခွင့်မရှိဘူး၊ အားလုံးကို ထိန်းချုပ်နိုင်တဲ့ အခွင့်အာဏာအလုံးစုံကတော့ ဧကရာဇ်တစ်ယောက်တည်းဆီမှာ တည်နေတုန်းပဲ။
ဒါပေမဲ့ မမျှော်လင့်ပဲ နန်းမွေခံမင်းသား မွေးလာပြီး ဧကရာဇ် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့တဲ့ ဘုရင်စနစ်ရဲ့မျှခြေကို ဖျက်ဆီးလိုက်တယ်၊ ဒါက ဧကရာဇ် မလိုချင်ဆုံးအခြေအနေလို့ ပြောလို့ရတယ်။
ဒါကြောင့် မိဖုရားက မျှခြေကို ဖျက်ဆီးနေရုံမက သူ့ရဲ့ သက်ဦးဆံပိုင်အာဏာကိုပါ ထိပါးဖို့ လုပ်နေတာပါ ဆိုပြီး ရှောင်းကျန့်က ဧကရာဇ်ရိပ်မိအောင် လမ်းကြောင်းပေးခဲ့တာပဲ၊ ဒီကိစ္စက ဧကရာဇ်ရဲ့ သည်းခံနိုင်စွမ်းကို အောက်ခြေကနေ မြေလှန်ပစ်လိမ့်မယ်။
ရှောင်းကျန့် ကျန်းချောင်နင်ကို နောက်ဆုံးပြောခဲ့တဲ့စကားကတော့။
"ကိစ္စတွေ အားလုံးပြီးသွားရင်တော့.. ဆေးရှိနေတဲ့နေရာကို ပြောပြမှာပါ"
နဂါးဝင်စားတဲ့ နိမိတ်ဘောင်အတု၊ စစ်တပ်အာဏာကို ချုပ်ကိုင်ထားနိုင်တဲ့ ဦးရီးတော်၊ ပြည်သူတွေကို အဆိပ်ခတ်ခဲ့တဲ့ မယ်တော်။
တစ်ခုချင်းစီက ဧကရာဇ်ဘက်က သည်းမခံနိုင်လောက်အောင် ပေါက်ကွဲလာစေမဲ့ လောင်စာတွေပဲ၊ ရှောင်းကျန့်က အသေးစိတ်အကွက်ချပြီး ပြင်ဆင်ထားတာမို့ ဒီကိစ္စတွေက ဧကရာဇ်ရဲ့အရှေ့မှာ တစ်ခုပြီးတခု ပေါ်ပေါက်လာတော့မှာ၊ ဒီလိုဖြစ်လာရင်တော့ မိဖုရားမှာ ပြေးစရာမြေရယ်လို့ ရှိလိမ့်မယ် မထင်တော့ဘူး။
ရှောင်းကျန့်က ဧည့်သည်တော် နားနေဆောင်ကနေ စိတ်လက်ပေါ့ပါးစွာ ပြန်ထွက်လာတယ်၊ ခြေလှမ်းတွေက ခါတိုင်းထက် သွက်လက်တက်ကြွနေတယ်၊ နှစ်ပေါင်းများစွာ ရူးသွပ်ခဲ့ရတဲ့ ဆန္ဒတစ်ခုက နောက်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပြီ။
ရှောင်းကျန့် ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်တယ်၊ တိမ်စိုင်တချို့နဲ့ ကွယ်နေသေးတယ်ဆိုပေမဲ့ မယ်တော်၊ ဆရာသခင်နဲ့ ထောင်ပေါင်းများစွာသော ကျို့ယီစစ်သည်တွေကတော့ သူလုပ်နေတာတွေကို မြင်နိုင်မယ်လို့ ယုံကြည်တယ်။
"ဘာတွေများ ကြည့်နေတာပါလဲ အရှင်?"
လိုက်ကာစကို မ,ဖွင့်ထားပေးတဲ့ပုဝမ်က ခပ်တိုးတိုး မေးလာတယ်။
"ကြည့်လိုက်.. အလင်းတန်းတွေ.."
ရှောင်းကျန့်က တီးတိုးရေရွတ်လိုက်တဲ့အခါ ပုဝမ်က မိုးသားတွေပိတ်ကာအုံ့မှိုင်းနေတဲ့ ကောင်းကင်ကို ရှုပ်ထွေးစွာ မော့ကြည့်လိုက်တယ်၊ ပြီးမှ သူ့အရှင်ကို ထပ်မေးတယ်။
"ဝမ့်ချင်းရွှေ (မေ့လျော့ခြင်း ရေစင်) အကြောင်း သူ့ကို တကယ်ပဲ ပြောပြတော့မလို့လား အရှင်?"
ရှောင်းကျန့်က ခေါင်းငုံ့ပြီး အောက်ကိုပြန်ကြည့်လာတယ်။
"ပင်းယွင်က သေတဲ့အထိ အဲဒီဝမ့်ချင်းရွှေကို မသောက်ခဲ့ဘူး.. သူသေသွားတော့ အတူမြုပ်နှံခိုင်းတယ်ဆိုတဲ့ စကားတွေရှိတယ်.. ဒါပေမဲ့ သူသေသွားတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ.. သူဘယ်မှာနေခဲ့သလဲ.. ဘယ်လောက်ထိ အသက်ရှင်ခဲ့သလဲ.. ဘယ်မှမြုပ်ထားလဲဆိုတာ ဘယ်သူမှမသိဘူး"
"ပန်ကုန်းက ဆေးကဘာလဲဆိုတာ ပြောပြမယ်ပဲ ပြောခဲ့တာ.. သူ့ကိုကူညီပြီးရှာပေးမယ်လို့ မပြောခဲ့ဘူး.. ရှာတွေ့တာ မတွေ့တာကတော့ သူ့ထိုက်နဲ့သူ့ကံပဲပေါ့"
အဲဒီနောက်တော့ လှည်းပေါ်ကို လှမ်းတက်လိုက်တယ်။
"ပြန်ကြမယ်"
ရှောင်းကျန့်မှာ ပိုအရေးကြီးတာတွေ လုပ်ဖို့ကျန်နေသေးတာ၊ ဒါပေမဲ့ အိမ်ပြန်ရောက်ချိန်မှာတော့ တွေ့ချင်တဲ့လူကို မတွေ့ရတော့ဘူး။
"သာ့ရှီးက စာတစ်စောင်ထားခဲ့ပြီး သူ့မှာ အရေးကြီးကိစ္စ လုပ်ဖို့ရှိတာမို့.."
ပုယွီက ရှောင်းကျန့်ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ မော့ကြည့်လာပြီး တိုးတိုးလေး ဆက်ပြောတယ်။
"လိုက်ရှာစရာမလိုဘူးလို့ ပြောသွားပါတယ်"
ဒီစကားကြားတော့ ရှောင်းကျန့်မှာ ခန္ဓာကိုယ်က ရှိသမျှအားအင်တွေ စီးထွက်ကုန်သလို ခံစားလိုက်ရပြီး ခုံပေါ်ကို ခြေပစ်လက်ပစ် ထိုင်ကျသွားတယ်။
ထွက်သွားပြန်ပြီပေါ့။
ဒီတစ်ခါက တကယ်သွားတာလား?
အရှိုက်ထိသွားသလို ရှောင်းကျန့် လည်ချောင်းဝမှာ တစ်ဆို့ကာ ချက်ချင်း အသက်ရှူရခက်ခဲလာတယ်၊ တကယ်တော့ ရှောင်းကျန့်က မကောင်းခဲ့တာပါ၊ ရှိသမျှမှတ်ဉာဏ်တွေကို မေ့ပစ်လိုက်တာလဲ သူပဲ၊ ခဏခဏ အသုံးချခဲ့တာလဲ သူပဲ၊ အားလုံး မှတ်မိလာတဲ့အချိန်မှာတောင် သူ့ကို လိမ်ညာခဲ့သေးတယ်။
ဒါပေမဲ့ ဝမ်ရိပေါ်ပေးခဲ့တဲ့ ဆံထိုးဓားလေးက ရှောင်းကျန့်ကိုယ်ပေါ်မှာ ရှိနေတုန်းပါ၊ အတိတ်က ကိစ္စတွေအတွက်လဲ သေချာမရှင်းရသေးဘူး၊ ဒီလို အခြေအနေမှာ ဘယ်လိုလုပ်ပြီး လက်လွှတ်ပေးနိုင်မှာလဲ၊ ရှောင်းကျန့်က ဆံထိုးလေးကို လက်ဖဝါးထဲမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားတယ်။
တကယ်လို့ ထွက်သွားချင်တယ်လို့သာ သူ့ပါးစပ်က ထုတ်ပြောခဲ့မယ် ဆိုရင်တော့ ရှောင်းကျန့်ဘက်က လက်လွှတ်ပေးမိမလား မသိနိုင်ဘူးလေ?
"အရှင်"
ပုယွီက ရှောင်းကျန့်ရဲ့ ဖြူရော်နေတဲ့ မျက်နှာကို စိုးရိမ်တကြီး ကြည့်လာပြီး မဝံ့မရဲခေါ်လိုက်တယ်။
"သွားရှာစမ်း!"
ရှောင်းကျန့်က ဖြတ်ပြောလိုက်တယ်။
"ဒီလောက်ကြီးနေတဲ့လူကတော့ မြို့တော်ကနေ အလွယ်တကူ ခြေရာဖျောက်လို့ရမှာမဟုတ်ဘူး.. ပန်ကုန်းကပဲ လိုက်ရှာပေးရမှာပေါ့.. ရသမျှအင်အားသုံးပြီးသာ ရှာခဲ့"
ပုယွီက ခေါင်းညိတ်ကာ အမိန့်ကို လက်ခံလိုက်တယ်၊ ဒါပေမဲ့ မသွားသေးဘဲ အနားကို ထပ်ကပ်လာပြီး တိုးတိုးမေးတယ်။
"ရှာလို့တွေ့ရင် ဘယ်လိုလုပ်ရမလဲ အရှင်.."
ရှောင်းကျန့်က လက်ချောင်းထိပ်လေးတွေနဲ့ ဆံထိုးကို ချောက်ခနဲ လှည့်ဖွင့်လိုက်ပြီး။
"ချုပ်ပြီးခေါ်ခဲ့"
ရှောင်းကျန့်ရဲ့လူတွေက အလုပ်လုပ်ရင် မြန်ဆန်သေသပ်တယ်၊ နာရီပိုင်းအတွင်းမှာပဲ ဝမ်ရိပေါ်ရှိနေတဲ့နေရာကို သိလာတယ်၊ ဝမ်ရိပေါ်က သူသွားမဲ့နေရာကို ဖုံးကွယ်ထားဖို့စိတ်ကူး မရှိတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။
သိပ်မကြာခင်က မြို့တော်မှာ ကပ်ဘေးသင့်ကာ ပြည်သူတွေ မကောင်းဆိုးဝါး ပူးကပ်ခံရပြီး ဒုက္ခရောက်ခဲ့တယ်၊ ဒါကြောင့် ကံအညံတွေကို ဆေးကြောသန့်စင်ဖို့အတွက် ဧကရာဇ်က ချီလင်တောင် ရှန်းကော်ဘုံကျောင်းမှာ ဆုတောင်း မေတ္တာပို့သပွဲတွေ ပြုလုပ်ဖို့ အမိန့်ထုတ်ခဲ့တယ်၊ ဆုတောင်းပွဲကို လဝက်ကြာအောင် ကျင်းပမှာ ဖြစ်ပြီး ၁၅ ရက်နေ့မှာတော့ ဧကရာဇ်ကိုယ်တိုင် ချီလင်တောင်ကိုလာပြီး ဆုတောင်းမယ်လို့ ဆိုတယ်။
ဆုတောင်းပွဲစတင်မဲ့ ပထမဆုံးရက်မှာပဲ ချီလင်တောင်ပေါ်ကို အထင်ကရ ဟယ်ရှန်တစ်ပါး ကြွမြန်းလာတယ်၊ ရောက်လာတဲ့သူက လွန်ခဲ့တဲ့လပိုင်း အနည်းငယ်တုန်းက မင်ကျောက်ကို ကြွခဲ့ဖူးတဲ့ ရိပေါ်ဟယ်ရှန်မှန်း မြင်လိုက်တာနဲ့ တန်းပြီးသိကြတယ်။
ဒီတစ်ခေါက်မှာတော့ ရိပေါ်သာ့ရှီးက အရင်အတိုင်းဟယ်ရှန်ဝတ်စုံကို ဝတ်ဆင်ထားတယ်၊ ဒါပေမဲ့ ခေါင်းမှာ ပိတ်ကျဲသားပဝါတပ် ဝါးခမောက်ကို ဆောင်းထားတယ်၊ နှင်းပွင့်တွေလို ကြည်လင်အေးချမ်းတဲ့မျက်နှာကို ဇာပဝါပါးပါးအောက်ကနေ ရိုးတိုးရိတ်တိတ် မြင်နေရတယ်၊ သူက သန့်စင်မြင့်မြတ်လွန်းတဲ့အတွက် အမှန်တကယ်ပဲ ဗုဒ္ဓဝင်စားလာသလို ခံစားရစေတယ်။
ကပ်ဆိုးနဲ့ကြုံနေရတဲ့ မင်ကျောက်ကို ရိပေါ်ဟယ်ရှန်က မျက်နှာလွှဲခဲပစ် မလုပ်နိုင်ဘူးဆိုတာ လူတိုင်းက သိကြတယ်၊ အငြိုးကြီးတဲ့ မကောင်းဆိုးဝါးစွမ်းအင်ကို ပယ်ရှားပေးဖို့အတွက် အထင်ကရ ဟယ်ရှန်က ပြန်ရောက်လာခဲ့တာပဲ။
"ဒီကကိစ္စတွေကို အဖြေမရှာနိုင်သေးဘဲ. သူများအတွက်ပြေးပြီး ဆုတောင်းပေးတာလား?"
ပုယွီပြောပြနေတာကို နားထောင်ရင်းကနေ၊ အခုလက်ရှိဝမ်ရိပေါ်မှာ သာမန်လူနဲ့ကွဲပြားနေတဲ့ ငွေရောင်ဆံနွယ်တွေ ရှိနေတာကို သတိရသွားပြီး ရှောင်းကျန့် ရင်ပူသွားတယ်။
"ဒီကိစ္စအတွက်စိတ်မပူပါနဲ့ အရှင်"
ရှောင်းကျန့်စိတ်ကိုကြိုပြီး ခန့်မှန်းလိုက်နိုင်တဲ့ ပုယွီက ဂုဏ်ယူနေတဲ့လေသံနဲ့ အားပါးတရ ပြောလာတယ်၊
"ရှန်းကော်ဘုံကျောင်းက ဟယ်ရှန်တွေ ပြောလိုက်တာကတော့ စုပေါင်းဆံချပွဲက လုပ်ပြီးသွားပြီတဲ့.. ဒါကြောင့် အခုလောက်ဆို သာ့ရှီးက အရင်လို ခေါင်းတုံး ပြန်ဖြစ်သွားလောက်ပါပြီ"
"ဘာပြောလိုက်တယ်?!"
ရှောင်းကျန့်ဆီက မယုံကြည်နိုင်သလို အသံအကျယ်ကြီး ထွက်သွားပြီး လက်ထဲမှာကိုင်ထားတဲ့ အခါးရည်ခွက်လေးက ကြမ်းပြင်ပေါ်ကို ခွမ်းခနဲ ပြုတ်ကျသွားတယ်။
ဒါပေမဲ့ အရှင့်ဘက်က ရုတ်တရက်ကြီး ထ,အော်လိုက်မယ်လို့ ပုယွီမထင်ခဲ့တာမို့ မျက်လုံးပေကလယ်ပေကလယ် ဖြစ်သွားတယ်။
မပြောသင့်တာ တစ်ခုခုများ သူပြောလိုက်မိသလား?
"အရှင်!.. အရှင် ဘယ်သွားမလို့ပါလဲ?!"
ပုယွီ အဖြေမထုတ်နိုင်သေးခင်မှာပဲ ရှောင်းကျန့်က လေးကိုင်းက ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းလို အပြင်ကို ပြေးထွက်သွားခဲ့ပြီ။
အောက်ကျသွားတဲ့ ကြွေပန်းကန်အကွဲကို သိမ်းဆည်းဖို့ လုပ်ချင်နေတဲ့ပုယွီကို မြင်တော့ ပုဝမ်က မနေနိုင်တော့ဘဲ။
"အရူး.. အရှင့်နောက် မြန်မြန်လိုက်သွားလေ"
ပုယွီလဲ အူကြောင်ကြောင်လေး ထရပ်လိုက်ပြီး ပြေးထွက်သွားတယ်၊ ပါးစပ်ကနေလဲ ပြောသွားသေးတယ်။
"ပြန်လာမှပဲ သိမ်းပေးတော့မယ် ကြွေခွက်လေးရေ.. ခဏစောင့်"
မသိတဲ့လူတွေကတော့ ဧကရာဇ်သမီးတော်ရဲ့အိမ်မှာ ခစားနေတဲ့လူ နှစ်ယောက်ပဲရှိတယ်လို့ ထင်ကြတော့မှာပဲ။
ကြွေခွက်အပိုင်းအစလေးတွေကို ကောက်သိမ်းနေတဲ့ ပုဝမ်ရဲ့အေးစက်စက်မျက်နှာမှာ တွေ့ရခဲတဲ့ နူးညံ့ခြင်းတချို့ ဖြတ်ပြေးသွားတယ်။
"အရူးလေးပဲ"
ရှောင်းကျန့်က ဝတ်ရုံကိုမ,ပြီး ခပ်သွက်သွက် သွားတယ်၊ နန်းတွင်းမဝင်ရရင် ရိုးရှင်းတဲ့ဝတ်စုံတွေကိုပဲ ဝတ်လေ့ရှိတာမို့ တော်သေးတယ် ပြောရမယ်၊ ဒီနေ့လဲ သိုးမွေးအနုသားလေးနဲ့ယက်လုပ်ထားတဲ့ အဖြူရောင်ဝတ်ရုံကို ဝတ်ထားတာမို့ ခြေတစ်လှမ်း,လှမ်းသွားတိုင်း စွတ်စွတ်ဖြူနေတဲ့ အဖြူရောင်လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်ပြီး ပျံထွက်သွားတာနဲ့ သွားတူနေတယ်၊ ဆံနွယ်တွေကိုတော့ ရစ်ခွေထားပြီး ရိုးရှင်းတဲ့ သစ်ခွလိပ်ပြာဆံထိုးလေးပဲ ထိုးထားတယ်၊ ရှုပ်ထွေးတဲ့အဆင်တန်ဆာတွေ မပါတာတောင် သူ့ရဲ့တော်ဝင်ဆန်မှုက ဖုံးကွယ်ထားလို့ မရဘူး။
အမှန်တော့ တောင်တက်လမ်းကနေ တက်လာတဲ့အချိန် ရှောင်းကျန့်စိတ်အစဉ်က တစ်ဟုန်ထိုး လှိုင်းထလှုပ်ရှားနေခဲ့တယ်၊ မျက်လုံးထဲ တစ်ချိန်လုံး မြင်နေတာက ဆံပင်ရှည်နဲ့လိုက်ဖက်လွန်းတဲ့ ဝမ်ရိပေါ်ရဲ့ အနှိုင်းမဲ့သွင်ပြင်ပဲ။
တစ်နေ့ကျရင်တော့ ၃၀၀၀ ကျော်မကရှိတဲ့ မဟူရာဆံချည်မျှင်တွေက ဆီးနှင်းလို စွတ်စွတ်ဖြူလာလိမ့်မယ်၊ အဲဒီအချိန်မတိုင်ခင်တော့ ချစ်ရသူနဲ့ နှစ်ကိုယ်တူ ချည်နှောင်မဲ့ မဟူရာဆံချည်မျှင်တွေကို မဖြတ်တောက်ဘဲ သေချာထိန်းသိမ်းသင့်တယ်ဆိုပြီး ပြောလေ့ရှိကြတယ်။
ဝမ်ရိပေါ်ရော ဒါကိုသိနေနိုင်လား၊ သိတာကြောင့် တမင် ဆံချပစ်လိုက်ပြီး ရှောင်းကျန့်တို့ကြားက နှောင်ကြိုးကို အဆုံးသတ်ဖို့ လုပ်ချင်တာလား?
ရှောင်းကျန့် စိတ်ပြောင်းသွားပြီ၊ လောကကြီးက ရှုပ်ထွေးနေတယ်ဆိုပေမဲ့ လူ့ပတ်ဝန်းကျင်ရဲ့ ကျင့်ဝတ်တွေကတော့ အဖြူအမည်းသဲကွဲစွာ ရှိနေသေးမှန်း သိတယ်၊ ဒါပေမဲ့ ဘယ်လိုနေနေ သူ့ရဲ့ ရှောင်ဟယ်ရှန်ကိုတော့ မူလနေရာကို ပြန်မသွားစေချင်ဘူး၊ ညစ်ညမ်းနေတဲ့ လူ့လောကရဲ့ ဒုက္ခတောထဲဆွဲချပြီး အနားမှာ တစ်သက်လုံးအဖော်ပြုပေးစေချင်တာ။
ရှောင်းကျန့် ခပ်သွက်သွက် လျှောက်တယ်၊ ချီလင်တောင်ရဲ့ ဂိတ်တံခါးဝနား ရောက်ချိန်မှာတော့ လူက အနည်းငယ် မောဟိုက်နေခဲ့ပြီ၊ ဂိတ်ကိုတော့ ဟယ်ရှန်နှစ်ပါးက စောင့်နေတယ်။
"အလှူရှင်.. အထဲမှာ ဆုတောင်းပွဲကျင်းပဖို့ ပြင်ဆင်နေရတာမို့ အမွေးတိုင်ပူဇော်ဖို့ ဧည့်သည်တွေ လက်မခံသေးပါဘူး.. ဒီကနေပဲ လှည့်ပြန်လိုက်ပါ"
ရှောင်းကျန့်မှာ သူတို့နှစ်ယောက်ကို ဂရုစိုက်ဖို့အချိန် ဘယ်မှာရှိလို့လဲ၊ လက်ယမ်းပြကာ ငြင်းလိုက်ပြီး ဘုံကျောင်းထဲကို ဆက်ဝင်သွားတယ်၊ အနောက်ကလိုက်လာတဲ့ ပုယွီက ဟယ်ရှန်နှစ်ပါးကို ရှင်းပြဖို့ ကျန်နေခဲ့တယ်။
ဘုံကျောင်းတစ်ခုလုံး စန္ဒကူးနံ့သာရနံ့ ပျံ့လွင့်နေတယ်၊ ဝမ်ရိပေါ်ကိုတော့ အရိပ်အယောင်တောင် မတွေ့ရဘူး၊ ရှောင်းကျန့်က လူများတဲ့နေရာတွေကို ရှောင်ကွင်းပြီး ဟယ်ရှန်တွေ တရားအားထုတ်တဲ့ အဆောင်တွေဘက် တိတ်တိတ်လေး ဝင်သွားတယ်။
တောင်ပေါ်ကို မနားတမ်းတက်ခဲ့တာမို့ လူက အတော်လေး ပင်ပန်းနေပြီ၊ ချီလင်တောင်နောက်ဘက်ထိ ဝင်ရှာတာတောင် ဝမ်ရိပေါ်ကို မတွေ့ရသေးတာမို့ ရှောင်းကျန့် ပူပန်လာတယ်။
ရုတ်ချည်းဆိုသလိုပဲ ရယ်သံတချို့ ကြားလိုက်ရတယ်။
လှမ်းကြည့်လိုက်တော့ တောင်ကြားက သစ်တော်ပင်ကြီးတွေရဲ့အရိပ်အောက်မှာ ကြည်ညိုဖွယ် အဖြူရောင် ဟယ်ရှန်ဝတ်ရုံ ဝတ်ထားတဲ့ လူတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်၊ သစ်ရွက်တွေကြားထဲကနေ တိုးဝင်လာတဲ့ အလင်းစက် အလင်းပြောက်တွေက သူ့ကိုယ်ပေါ်မှာ တိုက်ရိုက် ကျပြီး တလက်လက် ဖြစ်နေတယ်။
အဲဒါကတော့ ရှောင်းကျန့်လိုက်ရှာနေတဲ့ ဝမ်ရိပေါ်ပါပဲ။
ဝမ်ရိပေါ်ရဲ့ဘေးမှာတော့ မီးခိုးရောင်ဝတ်စုံကိုယ်စီ ဝတ်ထားတဲ့ ကိုရင်ငယ်လေးတွေ အများကြီး ဝိုင်းနေကြတယ်၊ ကိုရင်လေးတွေက ငယ်ရွယ်ကြသေးတော့ သိက္ခာတော်ရ ဟယ်ရှန်တွေလောက် ကိုယ်ဣန္ဒေသြိက္ခာတွေ ထိန်းသိမ်းတာမျိုး မရှိသေးဘူး၊ ကလေးတွေရဲ့ သဘာဝအတိုင်း ဝမ်ရိပေါ်အနားမှာ ပျော်ရွှင်စွာဝိုင်းဖွဲ့ပြီး ရယ်မောနေတယ်၊ ကလေးအရွယ်မို့ ဆံပင်ပေါက်တာကလဲ မြန်တယ်၊ ကိုရင်ငယ်လေးတစ်ပါးဆို ညင်သာစွာ ဆံချပေးတာကို ဝမ်ရိပေါ်ဝတ်ရုံစကို ဆွဲထားပြီး ငြိမ်နေတယ်။
ဆောင်းဝင်ခါနီးမို့ သစ်တော်ပင်မှာ အပွင့်တွေ မတွေ့ရတော့ဘူး၊ ရော်ရွက်ဝါတွေက လေလာရာအတိုင်း အရပ်မျက်နှာအနှံ့ ကြွေကျပေးနေတယ်၊ သိမ်မွေ့တဲ့ နေရောင်ခြည်က လှပတဲ့မြင်ကွင်းပေါ်မှာ ဖြာကျနေတဲ့အခါ ပတ်ဝန်းကျင်လေထုက အများကြီး နူးညံ့သွားတယ်။
မောဟိုက်ပြီး ကြမ်းတမ်းစွာ ခုန်ပေါက်နေခဲ့တဲ့ ရှောင်းကျန့်ရဲ့ နှလုံးသားတစ်စုံကလဲ ရုတ်ချည်း ငြိမ်သက်အေးဆေးသွားတယ်၊ ကောင်းမွန်ပါတယ်ဆိုတဲ့ လောကကြီးရဲ့ဘယ်လိုမြင်ကွင်းမျိုးပဲ ဖြစ်ပါစေ လက်ရှိအခြေအနေရဲ့ ငြိမ်းအေးတိတ်ဆိတ်မှုကို ယှဉ်နိုင်မှာ မဟုတ်ဘူး။
တစ်ချိန်လုံး လွမ်းဆွတ်တမ်းတခဲ့ရတဲ့သူက ရှောင်းကျန့်နဲ့ တူညီတဲ့လောကထဲမှာ ရှိနေသေးတယ်၊ သူလုပ်ချင်တာတွေလုပ်ရင်း သုခဒုက္ခသံသရာစက်ဝိုင်းထဲမှာ ကျင်လည်နေသေးတယ်၊ အဲဒီ အမျိုးသားကို မြင်ခွင့်ရရုံနဲ့တင် ပြင်ပလောကရဲ့ ပူလောင်မှု အရှုပ်အထွေး အားလုံးကနေ ခဏတာလောက်ပဲဖြစ်ဖြစ် လွတ်မြောက်သွားသလို ခံစားရတယ်။
အားလုံးထဲမှာ သူ့တစ်ယောက်ကတော့ သိသိသာသာ ကွဲပြားနေခဲ့တယ်၊ ရှောင်းကျန့်ကလဲသူ့ကိုပဲ မြင်တော့တယ်။
ရုတ်ချည်းရောက်ချလာတဲ့ ရှောင်းကျန့်ကြောင့် အေးချမ်းနေတဲ့အခြေအနေလေးက ယိုယွင်းသွားတယ်၊ ကိုရင်ငယ်လေးတစ်ပါးက ရှောင်းကျန့်ကို မြင်သွားပြီး စူးစမ်းလာတယ်၊ သူ့နောက်မှာ ရပ်နေတဲ့ အရပ်နည်းနည်းပိုရှည်တဲ့ ကိုရင်လေးက ရှောင်းကျန့်ကို လှမ်းမေးတယ်။
"အလှူရှင် ဆုတောင်းပွဲအတွင်းမှာ ဝတ်ပြုဖို့လာတဲ့သူတွေကို လျှောက်သွားခွင့် မပေးထားပါဘူး.. အလှူရှက်က ဒီနေရာကို ဘာကိစ္စကြောင့် ရောက်လာတာပါလဲ?"
"သူ့ကိုလာရှာတာ"
ရှောင်းကျန့်နဲ့ဝမ်ရိပေါ်က တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေကြတယ်။
ဝမ်ရိပေါ်ရဲ့မျက်လုံးတွေက တောက်ပနေပေမဲ့ ရေကန်ရဲ့အောက်ခြေလို တည်ငြိမ်နေတုန်းပါ။
"ဒါဆိုရင် တွေ့ခွင့်လက်မှတ်လေး ထုတ်ပြလို့ရမလား?"
ကိုရင်ငယ်လေးက ထပ်မေးတယ်။
ဝမ်ရိပေါ်က အထင်ကရ ဟယ်ရှန်ဖြစ်တာမို့ ဝတ်ပြုသူတိုင်း အလွယ်တကူ တွေ့ခွင့်မရဘူး၊ ဘုံကျောင်းမှာ အမွှေးတိုင် အရင်ပူဇော်ပြီး လက်မှတ်ရလာမှသာ တွေ့ခွင့်ရှိတယ်၊ ရှောင်းကျန့်လိုမျိုး ခွင့်မတောင်းဘဲ ကျူးကျူးကျော်ကျော် လုပ်လာတာက ရိုင်းပြတယ်လို့ သတ်မှတ်တယ်။
ရှောင်းကျန့်က ဘာမှပြန်မပြောဘူး၊ မျက်နှာပေးတည်တည်နဲ့ ဝမ်ရိပေါ်ကို ကြည့်နေတယ်၊ ကိုရင်လေးတွေကတော့ ဒီအလှူရှင်က အပြုအမူ ရိုင်းပြရုံတင်မက အလွန်ထူးဆန်းတယ်ဆိုပြီး တွေးနေကြတယ်၊ အဲဒီအချိန်မှာပဲ လေးစားရတဲ့သာ့ရှီးဆီက စကားသံ ခပ်တိုးတိုး ထွက်လာတယ်။
"ရပြီ.. အားလုံးပဲ ကျမ်းစာရွတ်ရမဲ့အချိန် ရောက်ပြီ"
ဝမ်ရိပေါ်က ကိုရင်လေးတွေရဲ့ ရိတ်သင်ပြီးစ ခေါင်းတုံး ပြောင်ပြောင်လေးတွေကို ကြင်နာစွာ ထိနေရင်း ပြောလိုက်တယ်။
ကိုရင်ငယ်လေးတွေဆီက ညည်းညူသံ ပြိုင်တူ ထွက်လာတယ်၊ ကလေးတွေက လှပတဲ့အရာတွေကို သဘောကျတယ်၊ အသစ်ရောက်လာတဲ့ဟယ်ရှန်က ပိတ်ကျဲပဝါခမောက်ကို ဆောင်းထားပေမဲ့ ချောမောတည်ကြည်လွန်းတဲ့ မျက်နှာကိုတော့ အပြည့်အ၀ မဖုံးကာထားနိုင်ဘူး၊ အထင်ကရဟယ်ရှန်ဆိုပေမဲ့ မာနမကြီးဘူး၊ စကားများများမပြောပေမဲ့ သူတို့အားလုံးကို ကြင်နာစွာ ဆက်ဆံတယ်၊ ဒါကြောင့် လူတိုင်းကသူ့ကို ချစ်ခင်လေးစားကြတယ်။
စာသင်ခန်းပြန်ပြီး ကျမ်းစာရွတ်ရမဲ့စကားကြားတော့ စိတ်ညစ်သွားကြပေမဲ့ ပေကပ်ပြီးမနေရဲဘူး၊ အားလုံးက ယဉ်ယဉ်ကျေးကျေး ဦးညွတ်နှုတ်ဆက်ပြီး ထွက်သွားကြတယ်။
လက်ရှိ သစ်တော်ပင်ရိပ်အောက်မှာ ကျန်နေခဲ့တဲ့လူနှစ်ယောက်ပဲ ရှိတော့တယ်၊ ရှောင်းကျန့်က ကျောက်တုံး လှေကားလေးရဲ့ အောက်ခြေမှာ ရပ်နေပြီး ဝမ်ရိပေါ်ကို မော့ကြည့်နေတယ်၊ ပုတီးကို လက်တစ်ဖက်မှာကိုင်ထားတဲ့ ဝမ်ရိပေါ်က ခပ်အေးအေးပဲ မေးလာတယ်။
"အလှူရှင်က ဘာကိစ္စကြောင့်များ ကိုယ်တော့်ကိုလာရှာတာလဲ?"
ဝမ်ရိပေါ်က မရင်းနှီးတဲ့လူတွေလို တလေးတစား မေးလာတယ်၊ ဒါပေမဲ့ နှုတ်ခမ်းလွှာလေးတွေက အနည်းငယ် ကော့တက်နေကြတယ်၊ ပြုံးတုံ့တုံ့မျက်နှာကို မြင်တော့ ရှောင်းကျန့်လဲ မနေနိုင်ဘဲ အတူလိုက်ပြုံးမိတယ်၊ အဲဒီနောက်တော့ လက်အုပ်ချီကာ အရိုအသေပေးလိုက်ပြီး။
"ဒီအလှူရှင်မှာ တောင်းဆိုစရာရှိလို့ ရောက်လာတာပါ သာ့ရှီး"
ဝမ်ရိပေါ်က သစ်တော်ပင်အောက်မှာ ရပ်နေတာပါ၊ ဆုတောင်းပုတီးမှာ အလှဆင်ထားတဲ့ ပန်းပွားလေးက လေနဲ့အတူ လွင့်ပါနေတယ်၊ သူ့ရဲ့ကျောက်စိမ်းလို ဖြူတဲ့မျက်နှာနဲ့ မျက်လုံးတွေက လှုပ်ခတ်ခြင်းတစ်စုံတရာမရှိဘဲ ငြိမ်သက်နေတယ်။
"ဒကာ့ရဲ့ဆန္ဒက ဘာများလဲ?"
ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့ မျက်လုံးချင်း ဆုံအောင်ကြည့်နေရင်း ကျောက်လှေကားကို တစ်ဆင့်ချင်း တက်လာတယ်၊ နောက်ဆုံး ဝမ်ရိပေါ်အရှေ့တည့်တည့်မှာ ရပ်လိုက်တယ်။
လေပွေတစ်ချက်အဝှေ့မှာ သူတို့ကြားကို ရော်ရွက်ဝါတွေ ကြွေလာတယ်၊ အချင်းချင်းရဲ့ အဖြူရောင်ဝတ်ရုံအသီးသီးက လေထဲမှာ ရောထွေးယှက်နွယ်ကာ နူးညံ့တဲ့ အပြာရောင်တိမ်တိုက်တွေအလား လွင့်မျောနေကြတယ်။
ရှောင်းကျန့်စကားသံက နွေဦးအစောပိုင်းက စိမ့်စမ်းရေလို ငြိမ့်ညောင်းကြည်လင်တယ်၊ စကားလုံးတွေရဲ့ ခိုင်မာမှုကတော့ တောင်တန်းနဲ့ မြစ်ချောင်းတွေကိုပါ ရွေ့လျားသွားစေနိုင်တယ်။
"ရိုင်းပြတယ်လို့တော့ မထင်စေချင်ဘူး.. ဒီအလှူရှင်အတွက် အမည်းရောင်ဆံပင်ရှည်ထားပေးဖို့ အထင်ကရဟယ်ရှန်ဆီမှာ တောင်းဆိုမလို့ပါ"
240308
青丝 (သန်စွမ်းတဲ့ အနက်/အမည်းရောင်ဆံပင်) refers to the threads of love.