35

2.5K 470 46
                                    

အပိုင်း။ ၃၅

တောင်ပေါ်မှာ နှင်းမပြတ်ကျတာ‌ကြောင့် ခိုက်ခိုက်တုန်နေအောင် အေးတယ်၊ စမ်းချောင်းတွေက ခဲကုန်ကြတယ်။

ကျောပေါ်တင်ပြီးသယ်လာတဲ့ အမျိုးသားရဲ့ ခန္ဓာကိုယ်ကတော့ မီးဖိုကြီးတစ်ခုအလား ခြစ်ခြစ်တောက် ပူနေတယ်၊ ခန္ဓာကိုယ်ချင်း ပူးကပ်နေတဲ့အခါ ညည်းညူရင်း ရှူထုတ်လိုက်တဲ့လေပူတွေက ဝမ်ရိပေါ်ရဲ့ နားရွက်တစ်ဖက်ကို တိုက်ရိုက်ထိပြီး နီရဲပူလောင်လာစေတယ်။

ဝမ်ရိပေါ်က အောက်လျှောကျချင်နေတဲ့ ရှောင်းကျန့်ကို အပေါ်ပင့်တင်လိုက်ပြီး လှမ်းပြောတယ်။

"အရှင်မင်းသမီး မအိပ်လိုက်ပါနဲ့အုံး"

ရှောင်းကျန့်က ခပ်တိုးတိုး ညည်းသံပြုတယ်။

"ပုဝမ်... ဒီဝေါယာဉ်က ခုန်လွန်းတယ်.."

အသံကြားလိုက်တော့ ဝမ်ရိပေါ် အံ့အားသင့်သွားတယ်၊ တကယ်တော့ ရှောင်းကျန့်စကားတွေက တောင်ရောက်မြောက်ရောက် ဖြစ်နေတာ။

"ရိုက်.. အဲဒီကောင်ကို ရိုက်ပစ်.."

ဝမ်ရိပေါ် နှုတ်ခမ်းထောင့်လေးတွေက မဆိုသလောက်လေး ကွေးတက်သွားတယ်၊ သူ့လက်နဲ့ကိုင်ထားတဲ့ ခြေထောက်ကို အနည်းငယ် လှုပ်ယမ်းလိုက်ပြီး။

"ကောင်းပြီ.. တောင်အောက်ရောက်တဲ့အချိန်ထိ သည်းခံလိုက်.. အောက်ရောက်ရင် အရှင်မင်းသမီး စိတ်ကြိုက်လုပ်ခွင့်ပေးမယ်"

အမှန်တော့ သူတို့တွေ တောင်အောက် ပြန်ဆင်းနိုင်ပါ့မလားဆိုတာတောင် ဝမ်ရိပေါ် မသေချာဘူး၊ လေထန်ပြီး နှင်းတွေက သိပ်သည်းစွာ ကျဆင်းနေတာ၊ လမ်းပေါ်မှာ နှင်းဖုံးပြီး ဘာမှမမြင်ရတော့ဘူး၊ မြင်မြင်သမျှဖြူနေတာမို့ ဘယ်ရောက်လို့ရောက်နေမှန်းတောင် မသိရဘူး။

လှမ်းလိုက်တိုင်း ခြေထောက်က နှင်းထုထဲကို လက်မအနည်းငယ်လောက် နစ်ဝင်သွားတတ်တယ်၊ ဝမ်ရိပေါ်မှာ ခြေတစ်လှမ်းချင်းစီကိုတောင် ခက်ခက်ခဲခဲ လှမ်းနေရတယ်၊ ဒါပေမဲ့ သူ့လက်တွေကတော့ ကျောပေါ်ကလူကို မြဲမြံစွာ ထိန်းကိုင်ထားတုန်းပါ၊ တစ်လောကလုံးမှာ သူတို့နှစ်ယောက်ပဲ ကျန်တော့တဲ့အတိုင်း ပတ်ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်နေခဲ့တယ်။

He Dufo [何渡佛] •COMPLETED•Hikayelerin yaşadığı yer. Şimdi keşfedin