70 01
"အပိုင်း (၇၀)"
"ရှရှ... အခုက နောက်ကျနေပြီလေ။ ဘာလို့ အထုတ်အပိုးတွေ ပြင်နေရတာလဲ..."
ညဘက်သို့ရောက်သောအခါ အမျိုးသမီးအန်းသည် နွားနို့တစ်ဖန်ခွက်ကို ဖျော်၍ အန်းရှ၏ အခန်းထဲသို့ ယူသွားသောအခါ သမီးဖြစ်သူသည် အထုတ်အပိုးများ ပြင်နေသည်ကို တွေ့လိုက်ရလေသည်။
အန်းရှသည် ဖုံးကွယ်ထားခြင်းမရှိလေဘဲ မော့ကျားရှု ဖျားနာနေခြင်းအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေသည်။
ထို့နောက် သူမသည် ချမ်းသာကြွယ်ဝသော ခင်ပွန်းဟောင်းကြောင့် မော့ကျားရှုနှင့် ရင်းနှီးခွင့် မရရှိခဲ့ရကြောင်းကိုပါ မိသားစုဝင်များကို ပြောပြလိုက်လေသည်။
မော့ကျားရှုသည် သူတို့သမီး၏ ကလေးဖြစ်ပြီး သူတို့၏ မြေးလေးဖြစ်နေသောကြောင့် သူတို့အနေဖြင့် တစ်ခါမျှ မတွေ့မမြင်ဖူးသေးသော်လည်း ချစ်ခင် မြတ်နိုးနေကြလေသည်။
"ဖျားနေတာလား... ဒါဆိုရင် သမီးသူတို့ဆီကို သွားကြည့်လိုက်ဦးလေ..."
အမျိုးသမီးအန်းသည် အန်းရှထက် စိတ်အားထက်သန်နေလေသည်။ သွေးသည် ရေထက်ပိုပျစ်သည် ဟူ၍သာ အန်းရှသည် တွေးမိလိုက်တော့သည်။
မူလပိုင်ရှင်နှင့် မော့ကျားရှုသည် အချိန်အတော်ကြာအောင် အတူရှိမနေကြချေ။ မော့ကျားရှု၏ သူမအပေါ်ထားရှိသော သဘောထားများသည်လည်း သာမန်မျှသာဖြစ်လေသည်။
သို့သော် သူမ ထွက်ခွာမသွားခင် သူမအပေါ်တွင် အမေအဖြစ် မသတ်မှတ်ထားသော မော့ကျားရှုကို လက်မလွှတ်နိုင်သေးချေ။
"ဟုတ်ကဲ့... သမီး မနက်ဖြန်မနက်မှာ လေယာဉ်နဲ့သွားမှာပါ..."
"ကောင်းပါပြီ... သမီး ကျားရှုအတွက် တစ်ခုခု ယူသွားဦးမှာလား..."
"မယူသွားတော့ပါဘူး အမေ... အဲဒီလူက လိုလေသေးမရှိ အရမ်းချမ်းသာတယ်..."
"အဲဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ သူက အမေတို့ရဲ့ မြေးဖြစ်နေသေးတယ်လေ။ သူ့အတွက်တစ်ခုခု ပြင်ဆင်ပေးရမှာပေါ့။ နေဦး... အမေ မင်းအဖေကို မေးကြည့်လိုက်ဦးမယ်..."
ထိုကဲ့သို့ ပြောလိုက်ရင်းဖြင့် အမျိုးသမီးအန်းသည် နွားနို့ခွက်ကို အန်းရှ၏လက်ထဲသို့ ထည့်ပေးလိုက်ကာ သူတို့အနေဖြင့် တစ်ခါမျှမမြင်ဖူးသေသော မြေးဖြစ်သူအတွက် လက်ဆောင်ပြင်ဆင်ပေးရန် အလောတကြီးဖြင့် ထွက်ခွာသွားလေသည်။
အန်းရှသည် အမျိုးသမီးအန်း၏ နောက်ကျောဘက်ကိုသာ ကြည့်နေလိုက်မိတော့သည်။
သူမသည် မော့ကျားရှုအတွက် လက်ဆောင်များစွာ ယူသွားခဲ့လျှင် မော့ယွီစန်းသည် သူမကို မည်သို့ပြောမည်ကို မသိနိုင်ချေ။
အန်းရှသည် မြို့ပေါ်သို့ တစ်ဖန်ပြန်သွားကာ အဓိဇာတ်ဆောင်နှင့် တွေ့ရမည်ဖြစ်သောကြောင့် ကောင်းစွာအိပ်မပျော်နိုင် ဖြစ်နေရလေသည်။
သူမသည် ဝတ္ထုဇာတ်ကြောင်းတစ်ခုကို အိပ်မက် မက်ခဲ့လေသည်။ ထိုဇာတ်ကြောင်းမှာ မူလပိုင်ရှင်နှင့် အမျိုးသမီးဇာတ်ဆောင်သည် ပြန်ပေးဆွဲခံကြရ၍ အမျိုးသားဇာတ်ဆောင်သည် သူမကို မကယ်တင်ခဲ့ဘဲ အမျိုးသမီးဇာတ်ဆောင်ကိုသာ ရွေးချယ်သွားခဲ့ခြင်းပင်။
ထိုအချိန်တွင် သူမသည် ကိုယ်ဝန်ခုနလရှိနေပြီ ဖြစ်သည်။ သူမ၏ မတော်တဆ ကိုယ်ဝန်ပျက်ကျမှုကြောင့် ကျန်းမာရေးသည်လည်း ယိုယွင်းလာခဲ့တော့သည်။
ချက်ချင်းဆိုသလို ထိုကိစ္စနောက်ပိုင်းတွင် အဓိဇာတ်ဆောင်နှင့် သားဖြစ်သူသည် သူမအပေါ်တွင် မုန်းတီးသွားတော့သည်။
ထိုအရာသည် အိပ်မက်တစ်ခုသာဖြစ်ပြီး သူမသည်လည်း အမျိုးသားဇာတ်ဆောင်အပေါ်တွင် အိပ်မက်ထဲကကဲ့သို့ တွယ်တာမှုမရှိကြောင်းကိုလည်း သိရှိနေသော်လည်း အိပ်မက်ထဲတွင် သူမကိုယ် သူမ မထိန်းချုပ်ထားနိုင်ပေ။
ထိုခံစားချက်သည် အလွန်ဆိုးဝါးလှသည်။ သူမသည် အိပ်မက်မှ နိုးလာသောအခါ အဓိကဇာတ်ဆောင်နှင့် ပြန်တွေ့ရမည်ကို စဉ်းစားမိရင်း လွန်စွာ ရွံရှာမိလေတော့သည်။
ဖြစ်နိုင်မည်ဆိုလျှင် သူမသည် သူမ၏ ဘဝတစ်လျှောက်လုံးတွင် ထိုသူများနှင့် အဆက်အသွယ် မပြုလုပ်ချင်တော့ပေ။ ထိုအခါ သူမသည် မိသားစုနှင့်အတူ တိတ်ဆိတ်အေးချမ်းစွာနှင့် ဘဝတစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်တော့မည် ဖြစ်လေသည်။
ကံမကောင်းသည်က ထိုကိစ္စသည် မဖြစ်နိုင်သော အကြောင်းဖြစ်လေသည်။
သို့သော် အန်းရှသည် နားမလည်နိုင် ဖြစ်နေလေသည်။ မော့ကျားရှုသည် သူမအပေါ်တွင် လုံးဝ မနှစ်မြို့ပေ။ သူလိုချင်သော အမေပုံံစံသည် အမျိုးသမီးဇာတ်ဆောင် ထောင်ကျစ်ရှင်းကဲ့သို့ပင် ဖြစ်လေသည်။
70 02
ထိုကဲ့သို့သာဆိုလျှင် မော့ယွီစန်းသည် အဘယ်ကြောင့်များ သူမကို ဖုန်းခေါ်ခဲ့ရသနည်း။
များစွာ စဉ်းစားပြီးနောက်တွင် အန်းရှသည် အဖြေမရှာနိုင် ဖြစ်နေသောကြောင့် ဆက်လက်၍ မစဉ်းစားရန်သာ ဆုံးဖြတ်လိုက်တော့သည်။
အကြောင်းပြချက် မည်သည်ပင် ဖြစ်နေစေကာမူ ယခုအချိန်တွင် မော့ကျားရှုသည် ဖျားနာနေသောကြောင့် သူမအနေဖြင့် သွားရောက်ရမည် ဖြစ်လေသည်။
သူမသည် မူလပိုင်ရှင်ကို သူမ၏သားကို စောင့်ရှောက်ပေးမည်ဟု ကတိပေးထားခဲ့လေသည်။
ထိုအချိန်မှစ၍ အန်းရှသည် စိတ်မကြည်မသာဖြစ်နေ၍ မီးဖိုချောင်ထဲသို့ မနက်စာပြင်ဆင်ရန် ဝင်သွားလေသည်။
သူမသည် မနက်စောစော အိပ်ရာမှ ထလာခဲ့ခြင်း ဖြစ်လေသည်။
"ဟဲလို... ရှရှ... ကျွန်တော်တို့ ဒီနေ့မနက် ဘာစားကြရမှာလဲ..."
အန်းရှသည် အားကစားဝတ်စုံကို ဝတ်ဆင်ထားသော ဟော်စစ်ကို တွေ့လိုက်ရလေသည်။ သူသည် အားကစားလုပ်ပြီး၍ ပြန်လာပုံရသည်။ အန်းရှသည် သူ့ကို တွေဝေစွာဖြင့် ကြည့်လိုက်မိလေသည်။
သူသည် အစားအသောက်အတွက် သူမထံသို့ မနက်စောစော ရောက်လာခဲ့လေသည်။ ထိုလူသည် အမှန်တကယ်ရော အနုပညာရှင် ဟုတ်ရဲ့လား...။
အနုပညာရှင်များသည် သူတို့၏ ပုံပန်းသဏ္ဍာန်ကို များစွာ ဂရုမစိုက်ကြသူများလား...။
အနုပညာရှင်များသည် များစွာ စားသောက်ကြလေသလား။
ဟော်စစ်သည် တစ်နေကုန် စားသောက်နေနိုင်သူဖြစ်သည်ဟု အန်းရှ တွေးနေမိတော့သည်။
"ရှင် ဘာများ စားချင်လဲ..."
အန်းရှသည် ထွက်ခွာသွားတော့မည် ဖြစ်၍ မည်သည့်အချိန်တွင် ပြန်လာနိုင်မည်ကိုလည်း မသိသေးချေ။ ထို့ကြောင့် သူမသည် ဟော်စစ်အတွက် ဗိုက်ပြည့်သွားစေရန် ဟင်းလျာအနည်းငယ် ချက်ပြုတ်ပေးခဲ့မည် ဖြစ်သည်။
ဟော်စစ်သည် အန်းရှကို တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၍ ချီးကျူးပြောဆိုလိုက်လေသည်။ "မင်း ချက်ပြုတ်ပေးတာတွေ အားလုံးကို ကြိုက်တယ်..."
အန်းရှသည် အကြောင်းအရင်း တစ်စုံတစ်ရာကို မသိသော်လည်း ဟော်စစ်၏ မျက်နှာကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ခံစားချက်များသည်လည်း များစွာ တိုးတတ်လာတော့သည်။
"ကောင်းပါပြီ... အဲဒါဆိုရင် ကျွန်မလည်း ပုံမှန်အတိုင်းပဲ ချက်ပြုတ်ပေးမယ်နော်..."
ထိုကဲ့သို့ပြောလိုက်ရင်းဖြင့် အန်းရှသည် မီးဖိုချောင်ထဲသို့ ဝင်သွားကာ မနက်စာကို အလျင်အမြန် ပြင်ဆင်ပေးလေသည်။
သူမသည် မနက်စာ ပြင်ဆင်ပြီးသောအခါ လေယာဉ်ချိန်အမီ သွားရမည် ဖြစ်လေသည်။
ဟော်စစ်နောက်သို့ တောက်လျှောက်လိုက်နေသော ကင်မရာဆရာသည် အန်းရှချက်ပြုတ်နေသည်ကို မြင်လိုက်ရသောအခါ သူမကိုလည်း ရိုက်ကူးလေတော့သည်။
အမှန်တကယ်တော့ ဓာတ်ပုံဆရာအဖွဲ့သည် အန်းရှချက်ပြုတ်နေစဉ်တွင် ရိုက်ကူးရခြင်းကို နှစ်သက်လေသည်။
ထိုအရာသည် အလှတရားတစ်ခု ဖြစ်လေသည်။ သူမ ချက်ပြုတ်သော အစားအသောက်များသည် အရသာရှိရုံမျှမက အနုပညာလက်ရာ တစ်ခုလည်း ဖြစ်လေသည်။
ရိုက်ကူးမှုတိုင်းသည် ပြန်လည်ပြုပြင်စရာ မလိုဘဲ လျှပ်တစ်ပြက် ရိုက်ချက်လေးတင်ပင် ပြီးပြည့်စုံသော ဗီဒီယိုတစ်ပုဒ် ဖြစ်ပေါ်လာနိုင်သည်။
သူတို့သည် ဒါရိုက်တာထံမှ ထိုမိန်းကလေးသည် တီဗွီထဲတွင် မပါဝင်နိုင်ကြောင်းကို ကြားသိထားရသောကြောင့် ထိုအရာများသည် နှမျောစရာ ဖြစ်နေလေတော့သည်။
အလွန်ပင် နှမျောစရာ ကောင်းလှလေသည်။
ကင်မရာသမားများသည် အန်းရှကို ရိုက်ကူးနေကြစဉ်တွင် ဟော်စစ်သည် ဘေးနားတွင်ရပ်နေ၍ သူမ၏ ချက်ပြုတ်နေမှုကို တိတ်တဆိတ်သာ ကြည့်ရှုနေလေသည်။
အန်းရှသည် သူမ၏ သွယ်လျ၍ နူးညံ့နေသော လက်ဖဝါးလေးများနှင့် ဟင်းသီးဟင်းရွက်များကို ဆေးကြောနေပြီး ဟင်းခတ်အမွှေးကြိုင်များနှင့် ရောနှောနေလေသည်။
ဟော်စစ်သည် တစ်ခဏမျှကြာအောင် တွေဝေနေမိလေသည်။
70 03
သူ့အနေဖြင့် လူတစ်ယောက်၏ လက်ကလေးများသည် ထိုမျှလောက် ကြည့်ကောင်းနေလိမ့်မည်ဟု မသိရှိခဲ့ဖူးပေ။
သူ့ကိုယ်သူလည်း လက်များကို စွဲလမ်းတတ်သော စရိုက်ရှိမည်ဟုလည်း မတွေးထင်ထားမိခဲ့ချေ။
သူသည် အန်းရှနှင့် အတူရှိနေလေလေ ထိုမိန်းကလေးသည် သူ့အတွက် စိတ်သက်သာမှုရလေလေဟု ခံစားနေရတော့သည်။
ထိုအရာသည် သူ့အနေနှင့် အခြားမည်သူနှင့်မျှ မတွေ့ကြုံဖူးခဲ့သော ခံစားချက်ဖြစ်လေသည်။
ထို့အပြင် သူမနှင့်ဆိုလျှင် ရှင်းမပြတတ်သော ရင်းနှီးမှုတစ်ခုခုကို ရရှိနေသကဲ့သို့ ခံစားလိုက်ရလေသည်။
သူမ ချက်ပြုတ်ပေးသော ဟင်းလျာများသည် အရသာ ရှိလွန်းခြင်းကြောင့်ပေလား။
ချက်ပြုတ်ခြင်းတွင်သာ အာရုံစိုက်နေသော အန်းရှသည် ဟော်စစ်တွင် အတွေးများနေသည်ကိုလည်း သတိမထားမိပေ။ သူမသည် ချက်ပြုတ်နေရင်းဖြင့် နေ့လယ်ပိုင်းတွင် မြို့ထဲသို့ရောက်သွားချိန်တွင် မည်သည့်အရာများ ဖြစ်ပျက်နိုင်မည့်အကြောင်းကိုသာ တွေးတောနေမိလေသည်။
သူမသည် နေ့လယ်စာ စားသောက်ကာ နူးညံ့ သိမ်မွေ့၍ သန်မာလှသော အမျိုးသမီးဇာတ်ဆောင်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
သူမသည် အဓိက ဇာတ်ဆောင်နှစ်ဦးနှင့် တွေ့ဆုံရမည်ကို တွေးတောမိသောအခါ တုန်လှုပ်မိလေတော့သည်။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။