လူတစ်ယောက်၏ဘဝကို သိသိသာသာပြောင်းလဲနိုင်စေသည့် ဖြစ်ရပ်တွေက မကြာခဏမဖြစ်ပေါ်တတ်ပေ။ သို့ပေမဲ့ ထိုသို့အချိန်ရောက်ပြန်လျှင်လည်း ရှိသမျှသောအင်အားများနှင့် ကြံ့ကြံ့ခံလို့ရင်ဆိုင်ရတော့သည်။
နွေဦးသည် ထိုအချိန်ကာလကို ထပ်ပြီးဖြတ်ကျော်နေရခြင်း။
အမြဲတမ်းသူ့တိုက်ခန်းရှေ့မှာစောင့်နေတတ်ပြီး သူနှင့်အတူအိမ်ထဲလိုက်ဝင်ဖို့ ကြိုးစားနေသည့် ဆယ်လေးကို အသံတိတ်မသိချင်ယောင်ဆောင်ကာ ဆက်ဆံမိသည်။ ထပ်ပြီးလာနေရင် ငါအိမ်ပြောင်းဖို့ပဲရှိတော့တယ် ဆိုသောစကားမှာ ဆယ်လေးကသူ့ကို လုံးဝလက်လွှတ်လိုက်ဟန်ရှိသည်။ သူကလည်းသူပါပဲ...ဆယ်လေးကို ချောက်ကမ်းပါးအစွန်းထိ တွန်းပို့လိုက်တာ။ထပ်ပြီး စီးကရက်တွေကသူ့ကို အဖော်ပြုပေးသည့်အရာတွေ ဖြစ်လာသည်။
စားပေးမည့်သူမရှိဘဲ မုန့်ထုပ်ပေါင်းများစွာကို သူဝယ်သိမ်းထားမိတုန်း။
သူ့ဘဝဟာ နေရောင်ခြည်မရသည့်သစ်ပင်လိုမျိုး ခြောက်သွေ့သေဆုံးသွားသည်။ ဘဝကို ကိုယ်တိုင်ပိတ်ဆို့ကာရံပြီး နှလုံးသားကို ကိုယ်တိုင်ဖျက်ဆီးပစ်သည်။
သူနေနိုင်ပါတယ်... သူအဆင်ပြေနေပါတယ် ချစ်ရတဲ့သူကိုလက်လွှတ်ပြီး မေ့ပစ်
နေနိုင်တဲ့ အတွေ့အကြုံတွေသူ့မှာအများကြီး ရှိတာပဲလေ။
အရာရာက နွေဦးမျှော်လင့်ထားသလို လှလှပပလေး ကြေကွဲကာအဆုံးသတ်သွားသည်။
အန်တီမေခင်ဆီက ဖုန်းမလာခင်အချိန်ထိ သူအဲလိုပဲထင်ခဲ့သည်။
.................................................................
ဆယ်လေးသည် အိမ်ကိုလုံးဝပြန်မလာ။ ဘယ်မှာနေသည်ဆိုတာလည်းမသိရသလို တစ်ပတ်လုံးကျောင်းမတက်ပေ။ ဒီထက်ပိုပြီးကျောင်းပျက်ရင် ကျောင်းတစ်နှစ်နားရလိမ့်မည်။ ဒီထက်ပိုသည့်ဆိုးကျိုးတွေဖြစ်လာမည်ဆိုလျှင်တောင် ဂရုမစိုက်ဟန်ရှိသည်။
ဒေါ်မေခင်ရော၊ လင်းမာန်ရော မိသားစုဝင်တွေအကုန် ခေါင်းမီးတောက်နေရပြီ။ ဆယ်လေးသည် ထိုသို့မပြောမဆိုပျောက်သွားဖူးတာ တစ်ခါလားပဲရှိဖူးပြီး ထိုစဥ်က ဒေါ်မေခင်နှင့်စကားများပြီး၂ရက်လောက်အိမ်ပြန်မလာခြင်းသာ။ အခုတစ်ခေါက်ကတော့ တော်တော်ဆိုးသည်။ အဆက်အသွယ်လုံးဝလုပ်၍မရ။
ဒေါ်မေခင်သည် သွေးကျဆေးသောက်နေရင်းဖြင့် သားပျောက်ရှာဖွေနေရသည်။
လူငယ်တို့သဘာဝ အချစ်ရေးကိစ္စသည် ထိုမျှအထိပြင်းထန်လွန်းသည်။ ဒေါ်မေခင်သည် ဆယ်လေးကိုစိတ်ပူလွန်းသဖြင့် ရှိသမျှလူအကုန် အကူအညီတောင်းထားရသည်။ သူမ၏မတ်နှင့် ယောင်းမတို့မိသားစုဝင်တွေရော ဆယ်လေး၏တဝမ်းကွဲ အစ်ကိုအစ်မတွေပါမချန် တစ်မြို့လုံးနှံ့ ဆယ်မင်းဆက်ပျောက်ရှာပုံတော်ဖွင့်ကြသည်။ ဆယ်လေး၏ သူငယ်ချင်းတွေကိုယ်တိုင်ကပါ ဆယ်လေးဘယ်ရောက်နေမှန်းမသိဟု ဆိုလာသည်။
ဒေါ်မေခင်သည် ဆယ်လေးကိုလွတ်လပ်မှုများစွာ ပေးခဲ့သည့်အတွက် နောင်တရလာသည်။ မိမိ၏သားငယ် တစ်ခုခုအမှားအယွင်းဖြစ်သွားလျှင် သူမဘယ်လိုရှင်သန်ရမလဲ။
နွေဦးနှင့်ကိစ္စက ဤမျှလောက်ထိနက်ရှိုင်းစွာ ပြဿနာတက်မည်မှန်းသိလျှင် သူမဒီအခြေအနေထိရောက်အောင် လွှတ်ထားပေးမိမှာ မဟုတ်ပေ။
နွေဦးနှင့်ပတ်သက်ပြီး သူမသည် အရာအားလုံးကို အလျှော့ပေးထားခဲ့သည်။ မျှော်လင့်ထားခဲ့သည့် ဆယ်မင်းဆက်၏ အိမ်ထောင်ရေး ရှေ့ရေးများကိုလျစ်လျူရှုပြီး သားလေးပျော်ရွှင်မှုသာ အဓိကရယ်လို့ နှလုံးပိုက်ခဲ့ပေမဲ့ နောက်ဆုံးတော့။
နောက်ဆုံးတော့ ပျက်စီးခြင်းလမ်းပေါ်ကို ရောက်သွားရတယ်တဲ့လား....
အပူတွေ သောကတွေများစွာထွေးပိုက်ပြီးနောက်မှာ ဆယ်လေးကအိမ်ပြန်ရောက်လာခဲ့သည်။
နွေဦးကိုအသိပေးပြီးသည့်နောက်မှာ ဆယ်လေးကပြန်ရောက်လာသည်။
ထိုအသိတရားကင်းမဲ့၍ လောကကြီးကိုအရှုံးပေးထားပါသောမျက်နှာနှင့် အိမ်ပြန်လာသည့် ဆယ်လေးကိုမြင်တော့ရက်ပေါင်းများစွာ စုပုံထားသည့်စိုးရိမ်စိတ်တွေက ဒေါသအဖြစ်အသွင်ကူးပြောင်းသွားလေ၏။
"ဆယ်လေး မင်း ငါသေတာမြင်ချင်လို့လား...ဘာဖြစ်လို့လုပ်ချင်ရာလုပ်ပြီး မိသားစုကိုတစက်ကလေးမှ မကြည့်ရတာလဲ မင်းကိုအကုန်စိတ်ပူနေကြတာ နားလည်ရဲ့လား"
"ကျွန်တော် တောင်းပန်ပါတယ်"
"အဲဒီအချစ်ကဘာမို့လို့လဲ...ငါ့ရင်ကိုပါခွဲလိုက်ရမှပျော်မှာလား မင်းကိုငါဘာတွေ ချုပ်ချယ်သလဲ ဆယ်မင်းဆက်ရဲ့... ဒီအတိုင်းလေးပဲ ငါ့မျက်စိရှေ့မှာကောင်းကောင်းမွန်မွန်လေး နေပေးလို့မရဘူးလား...ငါဘာတွေများ မင်းကိုအလျှော့ပေးရအုံးမှာလဲ ဆယ်မင်းဆက်ရယ်"
ဒေါ်မေခင်သည် ဆယ်လေးကိုထရိုက်ရင်း အော်ဟစ်နေတော့သည်။
"ငါ ဒီနေ့ရက်တွေမှာ ဘာကိုတွေးပြီးရှင်သန်နေရလဲ မင်းသိမှာမဟုတ်ပါဘူး မင်းကမင်းဖြစ်ချင်တာပဲ မင်းသိတာ မင်းလုပ်ချင်တာပဲသိတာ"
"မာမီ"
ဆယ်လေးက မျက်ရည်များတွင်တွင်ကျကာ သူမ ရှေ့ဒူးထောက်လာသည်။ ထို့နောက် သူမခါးကိုတင်းကျပ်စွာပွေ့ဖက်လေ၏။
"ဒီလိုပုံစံကိုပြမိမှာစိုးလို့ပါ...မာမီ့ကိုအခုလိုပုံစံတွေ ပြမိမှာစိုးလို့ပါ ပြိုလဲနေတဲ့ကျွန်တော့်ကိုတွေ့ရင် မာမီပိုစိတ်ဆင်းရဲမှာစိုးလို့...ကျွန်တော် ကတိပေးတယ် ဒီတစ်ခါကနောက်ဆုံးအကြိမ်ပဲ နောက်ထပ်ဘယ်တော့မှ မာမီစိတ်ပူအောင်မလုပ်တော့ဘူး"
တင်းကျပ်စွာပွေ့ဖက်ထားရင်း
မျက်ရည်တွေကြားထဲက ဆယ်လေး၏ ဗလုံးဗထွေးစကားများက နာကျင်မှုများစွာကို သယ်ဆောင်လို့ထားသည်။
မိသားစုကိုပါ အပူတွေမပေးချင်ပေမဲ့ လုပ်ရပ်တစ်ခုနောက်မှာ အားလုံးသောကများရလေပြီ။
မာမီ့၏မျက်ရည်တွေက ဆယ်မင်းဆက်ကို ငရဲအသွယ်သွယ်ဖြတ်ရသလိုခံစားရစေပါသည်။ သူသည် မိသားစုမျက်နှာကိုစောစောကြည့်ခဲ့မိလျှင် ကောင်းမည်။
ကိုကို နောက်ပြန်လှည့်အောင် အဆုံးစွန်ထိခေါင်းမာပြပြီး ကိုကိုအလျှော့ပေးအောင်သူရွေးချယ်ခဲ့သည့် နည်းလမ်းကတစ်ကိုယ်ကောင်းဆန်ပြီး မှားယွင်းတယ်ဆိုတာ သိရက်နှင့်သူလုပ်ခဲ့တာ။ ဘဝမှာဒီတစ်ကြိမ်ပဲဆိုပြီး သူလုပ်ခဲ့သမျှ အထိခိုက်ရဆုံးက မာမီပါပဲ။
"ကျွန်တော်မှားပါတယ်... ကျွန်တော့်ကိုခွင့်လွှတ်ပါ ဒါကတကယ် နောက်ဆုံးအကြိမ် မာမီ့ကိုဒုက္ခပေးတာပါ နောက်ဘယ်တော့မှမဖြစ်စေရဘူး"
မျက်ရည်တွေကြားထဲက ကတိစကားအထပ်ထပ်ကို မာမီကမျက်ရည်တွေကျရင်း နားထောင်ပေးခဲ့ပါသည်။
"ဆယ်လေး"
ကိုကြီးက သူ့အခန်းထဲကို ရောက်လာသည်။ အိမ်ပြန်ရောက်ပြီး အခန်းထဲကမထွက်နိုင်သေးတာက အိမ်ကလူတွေကို မျက်နှာချင်းမဆိုင်ရဲလို့။ မာမီက သူ့ကိုဘယ်လိုကိုင်တွယ်ရမလဲမသိသဖြင့် ဖုန်းနှင့်ပိုက်ဆံအိတ်များ မှတ်ပုံတင်ကတ်တွေအကုန်သိမ်းသွားလေသည်။ အိမ်ထဲက အိမပြင်မထွက်အောင် မာမီကိုယ်တိုင်မျက်စိဒေါက်ထောက်ကြည့်နေပြီး ကျောင်းကိုလည်းကိုယ်တိုင် အကြိုအပို့လုပ်မည်တဲ့။
ဆယ်မင်းဆက်မတားဖြစ်တော့ပေ။ အမှန်တော့ ဒီရက်တွေအတွင်း သူဒီမြို့မှာပဲရှိသည်။ အဆောင်တစ်ခုမှာငှားနေနေခြင်းပင်။
"အခုဘယ်လိုနေသေးလဲ"
ကိုကြီးက သူ့မျက်နှာကိုကြည့်ပြီး မေးလာသည်။ သူ့အစ်ကို၏အနူးညံ့ဆုံးပုံရိပ်ကို ပြန်မြင်ရခြင်းပင်။
"ကျွန်တော်အဆင်ပြေပါတယ်..."
ကိုကြီးက သက်ပြင်းချရှာသည်။
"နောက်တစ်ခါတော့ ဒီလိုတွေမလုပ်ပါနဲ့ မာမီကကျန်းမာရေးကောင်းတယ်ဆိုပေမဲ့ မင်းကြောင့်စိတ်ဆင်းရဲပြီး တစ်ခုခုဖြစ်သွားမှာစိုးလို့"
"ဆောတီး ငါမင်းကို မဆူချင်ပါဘူး... ဒါပေမဲ့ မင်းဘဝကို ဖျက်လိုဖျက်ဆီးတော့မလုပ်ရဘူးလေ ဆယ်လေးရာ ဘဝမှာဒီထက်ဆိုးတာတွေ အများကြီးကြုံတွေ့ရအုံးမှာ...ဒီထက်ပိုကောင်းတာတွေ အများကြီးလဲရှိတယ် မင်းသိရဲ့လား မင်းမှာငါတို့ရှိတယ်လေ"
ကိုကြီး၏ ဆူတစ်ခါချော့တစ်လှည့် စကားများကြောင့် ဆယ်မင်းဆက်သည် ငိုချချင်လာသည်။
"တောင်းပန်ပါတယ် ကျွန်တော် ကလေးဆန်သွားတာပါ"
"ကိုကို လုံးဝနောင်တရသွားအောင် ကလေးဆန်ဆန်လုပ်ခဲ့တာပါ...ကိုကြီးနဲ့မာမီ့ကို မတွေးတာမဟုတ်ရပါဘူး"
"အခုရော နွေဦးကဖျောင်းဖျလို့ပြန်လာတာလား...မင်းကလေ တကယ်ကိုပဲ ငါတို့ကိုထည့်မတွေးတာပါ"
ကိုကြီးက ဆယ်မင်းဆက်၏လက်မောင်းကို ဖျက်ခနဲရိုက်သည်။
"ကိုကိုဖျောင်းဖျလို့ထက် လမ်းဆုံးသွားလို့ပါ သူကလေ ကျွန်တော့်ထက်ပိုပြီးခေါင်းမာတယ်...ကျွန်တော်ဒီလိုတွေဖြစ်နေတာတောင် အလျှော့ပေးဖို့စိတ်ကူးမရှိဘူး အဲတော့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ်မဖျက်စီးနိုင်တော့ဘူးလေ..."
ကိုကိုမှမရှိရင် သူ့ဘဝကအချိန်မရွေးပျက်စီးသွားနိုင်တယ်ဆိုတာ သက်သေပြချင်ခဲ့ရုံတင်...
တကယ်လည်း သူ့စိတ်တွေပျက်ပြားကာ အောက်ဆုံးထိထိုးကျနေပါပြီ။ တောင့်ခံရုံကလွဲ ရှေ့ဆက်ရုံကလွဲ ရွေးချယ်စရာမရှိလို့သာ။
"အဆင်ပြေသွားမှာပါ ဆယ်လေး... အဆင်ပြေသွားမှာ"
ကိုကိုက ကျွန်တော့်ကိုနှင်ထုတ်လိုက်တာ။
အဲတာကတကယ်ပဲ အဆင်မပြေဘူး။
တစ်ပတ်လုံး ကိုယ့်ကိုယ်ကိုယ်အမှောင်ထဲမှာ ပိတ်ထားတာ ဒါပေမဲ့ ကိုကိုကရောက်လာပြီး သူ့ကိုထွေးပွေ့ပေးမယ်လို့ မျှော်လင့်ခဲ့တယ်။ ဘဝနဲ့ရင်းပြီးလောင်းကြေးထပ်ပြီးတာတောင် သူအနိုင်မရခဲ့ဘူး။ ကိုကိုစိတ်ဆင်းရဲနေရပြီး နာကျင်နေတဲ့မျက်နှာကို မကြည့်ရက်လို့ သူအလျှော့ပေးလိုက်မိတယ်။
အိမ်ရောက်ပြီး မာမီ့မျက်ရည်တွေကိုမြင်တော့ သူတကယ်ပဲ မှားသွားတယ်ဆိုတာ သိလိုက်တယ်။ မိုက်မဲတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် ခံစားရဆုံးက မာမီပဲ။
ကိုကိုပြောသလိုပေါ့
ကျွန်တော့်မှာ ကိုကိုမရှိရင်တောင် အကောင်းဆုံးသောအရာတွေ ရှိသေးတယ်။