ကြားလိုက်ရသည့်စကားကြောင့် သုတျာမျက်လုံးတွေပြာဝေသွားရတော့သည်။မောင်! မောင်က ထွက်သွားဖို့အထိလုပ်ခဲ့တာလား။ ပြောတဲ့အတိုင်းလုပ်တတ်တဲ့ မောင့်အကြောင်းသိထားပေမည့် ဒီလောက်အထိတော့ မလိုအပ်ဘူးလေ။
အန်တီမြတ်ကရော ဘာလို့များ ဒီလိုအချိန်မှာ မောင့်ကိုစိတ်ချလက်ချလွှတ်ထားရတာလဲ။ မောင်ကရော ဘာလို့များ
အဆုံးစွန်ထိမိုက်မဲရတာလဲ ။ မောင်သာတစ်ခုခုဖြစ်သွားရင် အချစ်က ဘယ်လိုကျန်ခဲ့ရမှာလဲမောင်ရယ် ။
အတွေးတွေ ယောက်ယက်ခတ်နေမိပြီး တစ်ဖက်အိမ်ကို ပြေးထွက်ဖို့ခြေလှမ်းပြင်လိုက်တာနဲ့ ဦးမိုက်ကယ်က ကိုယ့်လက်ကိုလှမ်းဆွဲထားလေသည်။
" ဟိုဘက်အိမ်ကကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ။ ကိုယ်တွေကမင်္ဂလာယူနေတဲ့အချိန် ။ အခုပဲ သတိုးသမီးဘက်သွားရတော့မှာ။ သွားမနေနဲ့ အကုသိုလ်တွေကူးမယ်။ စောစောစီးစီးကျက်သရေမရှိတာတွေ ဂြိုလ်ကောင်ကဂြိုလ်ထနေတာနေမှာပေါ့ "
" ဟုတ်တယ် နင်အဲအိမ်ကိုသွားဖို့တွေးမနေနဲ့ ။ လာခဲ့
ဟေမာန်နှင်းတို့အိမ်သွားမယ် "
ကိုယ့်ကို အတင်းချုပ်ခေါ်ဖို့ပြင်နေတဲ့ လူကြီးတွေလက်ကနေအားကုန်းရုန်းထွက်လိုက်ရင်း မွန်းကျပ်နေတဲ့စိတ်ကို ထွက်ပေါက်ရလိုရငြား အားကုန်အော်လိုက်မိပါတော့သည် ။
" အား !!!!! အား !!!!! "
တစ်သက်လုံး ကိုယ်ကိုစိတ်ကြိုက်ဖိနှိမ်ထားတဲ့မိသားစု ။
အခုလည်း မောင့်ကိုဂြိုလ်ကောင်တဲ့ ။ သူတို့လက်ထဲကနေရုန်းထွက်ဖို့အားအင်တွေက ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိဘဲ ချက်ချင်းသန်မာလာသလိုခံစားလိုက်ရသည် ။
လူကြီးတွေလက်ထဲကနေ အားကုန်ရုန်းထွက်လိုက်တဲ့အချိန်
ဒေးဗစ်က ကိုယ့်ကိုဝင်ချုပ်ဖို့ကြိုးစားနေတာမို့ မျက်နှာဆီ
လက်သီးတစ်လုံးပို့လွှတ်လိုက်တော့သည် ။
မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုမို့ ဒေးဗစ်နောက်ပြန်လဲကျသွားတဲ့အချိန် သုတျာမျက်လုံးက အခန်းထဲဝေ့ကြည့်လိုက်ပါသည် ။ စားပွဲပေါ်မှာတင်ထားတဲ့ ပန်းသီးနဲ့ အခွံနွှာဖို့ဓားတစ်ချောင်းကအဆင်သင့် ။ ဖျက်ခနဲပြေးသွားလိုက်ရင်း ဓားကိုကောက် ကိုင်လိုက်ကာ ရင်ဘက်နေရာလောက်ကနေ လက်ပြောင်းပြန်ကိုင်ထားလိုက်၏ ။ပြီးတာနဲ့ အရှေ့ကလူတွေကိုရွယ်ထားလိုက်ရင်း ကျန်တဲ့လက်တစ်ဖက်ကနေ အကုန်လုံးကို လက်ညှိုးနဲ့ဝေ့ထိုးလိုက်သည်။
" သေရဲတဲ့လူ ငါ့အရှေ့လာခဲ့စမ်း! !! ဆက် အခုလိုဖြစ်တာငါ့ကြောင့်မို့ ငါသွားမယ် ။ ကြိုက်တဲ့လူလာတား တားတဲ့လူငါ့အကြောင်းသိစေရမယ် ။လာခဲ့ကြ ငါက အခုချိန်မှာ သေဖို့အတွက်အဆင်သင့်ဖြစ်နေပြီနော်။ အလောင်ပြိုင်လိုက်ခဲ့ချင်ကြတာလား ။ မသေချင်ရင် တစ်ယောက်မှရှေ့တိုးမလာနဲ့ "
ပြောရင်းနဲ့ တံခါးဆီနောက်ပြန်လျှောက်သွားလိုက်သည်။
အိမ်အပြင်ရောက်တာနဲ့ တစ်ဖက်အိမ်ဆီအပြေးသွားလိုက်၏။
လူနာတင်ကားက အိမ်ရှေ့မှာအဆင်သင့်စောင့်နေသည်။
မောင်ဘာမှမဖြစ်ပါစေနဲ့ ။ မပြောကောင်းမဆိုကောင်း မောင်သာတစ်ခုခုဖြစ်သွားရင်လည်း အချစ်က နည်းနည်းမှတွေဝေမနေဘဲမောင့်အနောက်ကိုလိုက်လာခဲ့ပါ့မယ် ။ ခွင့်လွှတ်ဖို့မတောင်းဆိုဝံ့ပါဘူး ။ တောင်းပန်ချင်ယုံပါပဲ ။ မောင့်ဘက်မှာရှိမနေပေးခဲ့လို့ အားနာရပါတယ်။ တောင်းပန်ပါတယ် မောင်ရယ် ။
<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>
ဝေဝါးနေတဲ့အသိစိတ်က လုံးလုံးကြီးလွတ်ထွက်မသွားသေးတာမို့ ဆက်ကတော့ အရာအားလုံး ဝိုးတဝါးမြင်နေရ ကြားနေရပါသေးသည် ။ အထူးသဖြင့် မေမေရဲ့ငိုသံတွေကို ကြားနေရတာ ။
ကိုယ့်လည်ပင်းဆီကနာကျင်မှုဟာ ကိုယ်လိုချင်တဲ့နာကျင်မှုအတိုင်းအတာဆီကိုမရောက်ခင် အသိစိတ်ကဝေဝါးလာပြီး
လက်ထဲကဓားလွတ်ကျသွားခဲ့ရတာကို မှတ်မိနေခဲ့ပါသေးသည် ။ ကိုယ့်လည်ပင်းပေါ် ဓားတင်ခဲ့မိတာဟာ တစ်ယောက်သောသူမရှိဘဲ ဒီဘဝကိုဖြတ်သန်းဖို့သတ္တိမရှိခဲ့လို့ပါ ။ ရူးသွားရင်တောင် သူ့ကိုမေ့နိုင်ဖို့မသေချာတာမို့ ဒီလမ်းကိုနောင်တမရှိရွေးချယ်ခဲ့တာ ။
" မောင်! !!! "
မျက်စိမမှိတ်ခင်ကြားလိုက်ရတဲ့အသံဟာ အချစ်ရဲ့ အသံများလား ။ ဒီအချိန်က အချစ်ရဲ့စေ့စပ်ပွဲအချိန်လေ ။ ဘယ်လိုရောက်လာတာလဲ ။ ကိုယ့်အကြောင်း သူသိသွားတာလား ။ မောင် ကြောက်လိုက်တာ ။ မောင်က အချစ်ရဲ့မင်္ဂလာပွဲကို ဖျက်ဖို့မရည်ရွယ်ပါဘူး ။ တကယ်မရည်ရွယ်ပါဘူး အချစ်ရယ် ။ မောင့်ကို သေတဲ့အထိ မုန်းလိုက်ပြီလို့များ လာပြောလေသလား ။ မောင့် စိတ်ရင်းအမှန်ကို ရှင်းပြမယ်နော် ။ မောင့် ကိုမမုန်းလိုက်ပါနဲ့ ။
" မောင်!!! မောင်လို့ "
စကားမပြောနိုင်လောက်အောင် နာကျင်နေရတဲ့ခံစားချက်ကို လျစ်လျူရှုရင်း ရှိရှိသမျှအားတွေအကုန်တင်းကာ ပြောလိုက်မိသည်။
" မောင်ကလေ အချစ်ရဲ့မင်္ဂလာပွဲကို မဖျက်ရပါဘူး။
ဒီတိုင်လေး တစ်ယောက်ထဲ ထွက်သွားချင်ယုံပါ။
အဲဒါကြောင့် မောင့်ကို ... မောင့်ကိုတော့ မမုန်းလိုက်ပါနဲ့နော် "
အခုတကယ်ကြီးကို မောင်ကြောက်နေတာ ။ မောင့်ကိုမုန်းတယ်လို့ပြောမှာကို တကယ်ကြီးကိုကြောက်လွန်းလို့ အခုအချိန်တွေကို မောင်မေ့လိုက်ချင်တယ် ။ ပြန်မလာချင်တော့ဘူး ။ နောက်ပြီး မောင်လေ မင်းကိုစကားတစ်ခွန်းပြောချင်သေးတယ် ။ ဘယ်တုန်းကမှ မောင့်ဘက်ကိုငဲ့မကြည့်တဲ့မင်းကိုလေ မောင် မုန်းလို့ရရင် မုန်းကြည့်ချင်တယ်လို့ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>
ဆေးရုံကုတင်ပေါ်မှာ ငြိမ်သက်နေတဲ့သားသားဟာ
လည်ပင်းမှာပတ်တီးအပြည့်နဲ့ ။ နောက်ပြီး အသက်ရှုစက် အကူအညီကိုလည်းယူထားရသေး၏ ။သူ့ကိုသူသေကြောင်းကြံဖို့လုပ်တဲ့မနက်က သားသားဟာ တစ်ကိုယ်လုံးမီးခဲလိုပူကျစ်နေပြီး သတိလစ်ခါနီးဖြစ်နေချိန်မှာ သူ့ကိုသူ သေကြောင်းကြံခဲ့တာမို့ ဓားဒဏ်ရာက ထင်သလောက်နက်မသွားခဲ့တာ အဆိုးထဲကအကောင်း ။ မိသားစုပိုင်လုပ်ငန်းထဲကတစ်ခုဖြစ်တဲ့ ပုဂ္ဂလိကဆေးရုံမှာတင်ထားတာမို့ ကုသမှုပိုင်းကလိုလေသေးမရှိ ။ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်မိသားစုရဲ့ တစ်ဦးတည်းသောသားမို့ သတင်းမီဒီယာတွေကြားထဲ သတင်းမရောက်အောင်လဲဂရုစိုက်ရသေးသည် ။
ဦးမှိုင်ဝေကတော့ သားဖြစ်သူနဲ့ ဘေးနားမှာထိုင်နေနဲ့ သုတျာကိုငေးကြည့်နေတဲ့ဇနီးသည်ကို လက်ကနေအသာဆွဲပြီး
သီးသန့်နားနေခန်းထဲခေါ်လာလိုက်၏ ။
" မြတ်! သားကိုအခုလိုတွေ့ရတော့ မင်းစိတ်ထဲအဆင်ပြေနိုင်ပါ့မလား "
" အစ်ကိုကပါ မြတ်ကို အပြစ်တင်ချင်တာလားဟင် "
" အပြစ်တင်တာမဟုတ်ပါဘူး။ မြတ် မတွေးမိတဲ့တစ်ဖက်ခြမ်းကို အစ်ကိုက လှစ်ဟပြပေးတာပါ။ သားအကြောင်းကိုသိရဲ့သားနဲ့ ဘာလို့ဇွတ်လုပ်ရလဲ မြတ်ရယ် ။အနည်းဆုံးတော့ အစ်ကို့ကို တိုင်ပင်သင့်တယ်လေ "
" မြတ်က အမှားလုပ်မိရင်တောင် မိဘတစ်ယောက်က
သားသမီးတွေ လမ်းမှားမရောက်စေချင်နဲ့စေတနာနဲ့ပါ အစ်ကိုရယ်။ သားသားတင်မဟုတ်ဘူး သုတျာလေးကပါ မြတ်ရဲ့ သားလိုပါပဲ။ ဒီကလေးနှစ်ယောက်ကို လမ်းမှားမရောက်စေချင်လို့ပါ "
" လမ်းမှန် လမ်းမှားဆိုတာကို အစ်ကိုတို့ ဘယ်လိုသတ်မှတ်
ကြမလဲ ။ ကိုယ်တို့သားသမီးလေးတွေ ဘဝတစ်လျှောက်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန်ဖြတ်သန်းရရင် တော်လောက်ပါပြီ ။ မျှော်လင့်ချက်တွေ အများကြီးမထားပဲနေရအောင်လေ ။သားက သူ့ချစ်ရသူကို သူ့သဘောကျရွေးချယ်ထားခဲ့ပြီးသားဆို ကိုယ်တို့ကလက်ခံပေးရမှာပဲမို့လား "
" ပတ်ဝန်းကျင်ဆိုတာကြီးက "
" ပတ်ဝန်းကျင်ကအပြစ်ပြောလာရင်တောင် အစ်ကိုတို့က
သူတို့အတွက်ရှိပေးရမယ်လေမြတ်ရယ် ။ အစ်ကိုတို့သားလေးအတွက် အစ်ကိုတို့ရှိနေပေးရမှာပေါ့ ။ ဒါမှသူအားရှိမှာလေ အစ်ကိုကရော ဒီလိုအခြေအနေကြီးကို အဖေတစ်ယောက်အနေနဲ့ ပျော်ပျော်ရွှင်ရွှင်လက်ခံချင်မယ်လို့ မြတ်ထင်နေသလား ။အဲလိုမဟုတ်ပါဘူး ဖြစ်နိုင်ရင်တော့ အခြားကလေးတွေလိုပဲ သာမာန်အိမ်ထောင်ရေးပဲ ထူထောင်စေချင်တာပေါ့ ။ သားသားအကြောင်းသိတော့ အစ်ကိုလန့်သွားပါတယ်။
ဒါပေမဲ့ အခုလိုအခြေအနေက အစ်ကို့ကို ပိုလန့်စေတယ်မြတ်ရယ် "
" သားက ဘာလို့ မြတ်ကို နားမလည်ရတာလဲဟင်။
ဘာလို့များ သုတျာနဲ့ယှဉ်ရင် မိဘတွေကိုအနောက်ကိုပို့ရတာလဲ အစ်ကိုရယ် "
" ထင်လို့ပါ မြတ်ထင်နေလို့ပါ ။ သားက ဘယ်တုန်းကမှ
မိဘတွေကို အနောက်မှာချန်ခဲ့တဲ့ကလေးမဟုတ်ပါဘူး ။
အစ်ကိုတို့သားက သိပ်ကိုလိမ္မာတဲ့ကလေးပါ ။ဒါပေမဲ့ ထောင့်ငါးရာနဲ့ ငါးရာနှစ်ဆယ့်ရှစ်ကို ယှဉ်ပြီးတန်းမညှိနဲ့လေနဲ့ ။
မိဘတွေဆိုတာက ပေးသူတွေပါ။ အစ်ကိုတို့ပေးတဲ့မေတ္တာကို သူတို့ကလက်ခံနေရတာ။ ထောင့်ငါးရာကတော့ သူကိုယ်တိုင်ပိုင်ဆိုင်ချင်တဲ့ အတ္တနဲ့ယှဉ်ပြီးချစ်ပေးနေရတာမျိုးမို့လား ။ ကိုယ်တို့လဲ ဒီအခြေအနေကိုဖြတ်ကျော်လာခဲ့ရတာပဲလေ။ သားကိုနားလည်ပေးရအောင်နော် "
" မြတ်လေ သားကိုသိပ်ချစ်တယ်သိလား "
ဦးမှိုင်းဝေကတော့ ငိုနေတဲ့ချစ်ဇနီးရဲ့လက်လေးကိုအသာဆုတ်ကိုင်ပေးလိုက်သည် ။ အရာအားလုံးကို နောက်ကျပြီးမှ
သိလိုက်ရပေမည့် ဘယ်သူ့ကိုမှလဲအပြစ်မတင်လိုတော့ ။
အထူးသဖြင့် သားကိုချစ်တဲ့ဇောနဲ့ ကာကွယ်ခဲ့မိတဲ့မိခင်
တစ်ယောက်ကို အပြည့်အဝနားလည်သည်။
" မြတ်ရဲ့စိတ်ကို အစ်ကိုနားလည်ပါတယ်။ သားကိုမြတ်လောက်ဘယ်သူချစ်ပေးနိုင်မှာလဲ။ နောက်ပြီး သုတျာလေးကိုလဲ
မြတ်က တကယ်ချစ်ပေးနိုင်တာပဲဟာ ။ အစ်ကိုတို့မှာ
သားလေးနှစ်ယောက်ရလာတယ်လို့ သဘောထားပေးလိုက်ရင် အဆင်ပြေသွားတာပဲလေမြတ်ရယ် ။ သားကိုလုံးဝအဆုံးရှုံးမခံနိုင်တဲ့ကိုယ်တို့ကပဲ တစ်ထစ်လျှော့ပေးလိုက်ရအောင်နော် ။
ပတ်ဝန်းကျင်ဆိုတာကိုလဲ ထည့်တွက်မနေပါနဲ့ ဦးမှိုင်ဝေနဲ့ ဒေါ်မြတ်မဟေသီရဲ့သားကို ဘယ်သူက အထင်သေးရဲမှာလဲ။ အစ်ကိုတို့က ကလေးတွေအရှေ့ကနေ မားမားမတ်မတ်ရပ်ပေးလိုက်ရအောင်နော်မြတ် ။အစ်ကိုအမျိုးသမီးလေးက
စိတ်ထားကောင်းတာ အစ်ကိုသိပါတယ် "
ခင်ပွန်းသည်ရဲ့စကားအဆုံးမှာတော့ ဒေါ်မြတ်မဟေသီ မျက်ရည်တွေနဲ့ပြုံးလိုက်မိပါတော့သည် ။ သားကို သေတွင်းထဲကနေဆွဲထုတ်ခဲ့ရပြီးပြီးမို့ ဒီလိုအခြေအနေမျိုး ထပ်မကြုံရရင်တော်ပါပြီ ။ ကျန်တာ သားသဘောအတိုင်းပဲ ရှိပါစေတော့ ။ အရာအားလုံးဆုံးရှုံးသွားရင်တောင် ဒီသားလေးကိုတော့
အဆုံးရှုံးမခံနိုင်ပါ ။ အမြန်သတိရလာပါတော့ မေမေ့သားလေးရယ် ။ အခုသားဘေးနားမှာ သုတျာလေးလဲရှိနေပြီလေ ။ မေမေတို့ကလဲ အရာအားလုံး သားသဘောအတိုင်း ရှိစေတော့မှာမို့ သားလေးကမြန်မြန် သတိရလာပေးပါတော့ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ဆေးရုံပေါ်မှာ တစ်ပတ်တိတိသတိလစ်နေတဲ့ မောင်ဟာ
တစ်ခုသောမနက်ခင်းမှာတော့ မိသားစုတွေအားလုံးရှိနေတဲ့
အချိန်မှာ ပြန်လည်နိုးထလာခဲ့ပါတော့သည် ။
ဦးဦး၊ အန်တီမြတ်နဲ့ ကိုယ်ပါ ဝမ်းသာအားရနဲ့ မောင့်နာမည်ကို တစ်ယောက်တစ်ခွန်းခေါ်နေတဲ့အချိန် မောင့်ဆီက
ပထမဆုံးကြားလိုက်ရတဲ့ခေါ်သံက မေမေ တဲ့ ။ နောက်ပြီး မောင့်မျက်ဝန်းတွေက ဦးဦးရှိတဲ့နေရာဆီရွေ့သွားပြီး ဖေဖေဆိုတဲ့ရေရွတ်သံလေးကတိုးတိုးဖွဖွ ။ ပြီးတာနဲ့ ကိုယ်မျက် နှာကိုငေးမောကြည့်လာတဲ့မောင် ။ မိနစ်အနည်းကြာတဲ့အချိန် ---
" မောင်! !! အချစ်လေ "
ကိုယ်စကားဆုံးတာနဲ့ စိတ်ရှုပ်ထွေးသွားသလို မျက်မှောင်ကျုံသွားတဲ့မောင့်မျက်နှာ ။ ပြီးတာနဲ့ မေးသံခပ်တိုးတိုးလေး ။
" သူက ဘယ်သူလဲ မေမေ "