ထိုသူက ကိုကို့ကိုဖက်ထားတာကနေ ခွာလိုက်ချိန် ဆယ်မင်းဆက်သည် ကိုကို့လက်ကိုဆွဲချကာထိုင်စေလိုက်သည်။
"နေရာကမနည်းဦးထားရတာ"
နွေဦးကတော့ ဆယ်မင်းဆက်စကားကို ခေါင်းသာညိတ်ပြနိုင်သည်။ ရီဝေဝေဖြစ်နေသောသူ့ခေါင်းတောင် ကြည်လင်သွားရသည်။ ကိုစောနေသွေးက ဘာလို့ဒီမှာရှိနေတာလဲ။
"ကိုစောနေသွေး ဘယ်လိုလုပ်ပြီးဒီရောက်နေတာလဲ"
"အလုပ်ကိစ္စကြောင့်ပါ ဒီမှာမင်းနဲ့တွေ့တာကတော့ တိုက်ဆိုင်တာပဲ...ကိုယ်တို့တွေတကယ်ရေစက်ပါတာပဲနော်"
နွေဦးမှာ ရုတ်တရက်ကြီးမလုံမလဲဖြစ်သွားသည်။ သူနှင့် အလွန်ထိကပ်နီးစပ်နေသည့် ဆယ်လေးကို လှည့်ကြည့်လိုက်သည်။
"အာ မိတ်ဆက်ပေးရအုံးမယ်။ သူက ဆယ်မင်းဆက်တဲ့...ကိုလင်းမာန်ရဲ့ညီလေး"
"အိုး ကိုလင်းမာန်ရဲ့ညီလေးလား တွေ့ရတာဝမ်းသာပါတယ်ကွာ...ကိုယ်က ကိုလင်းမာန်နဲ့အလုပ်အတူတူလုပ်တဲ့သူပါ နာမည်ကစောနေသွေး"
"အဲတာဆို ကိုကိုနဲ့လည်း အတူတူအလုပ်လုပ်ရမှာပေါ့"
ဆယ်မင်းဆက်က ထိုသူ၏ပျော်ရွှင်ပီတိဖြစ်နေသည့်မျက်နှာကိုကြည့်ကာ မေးလိုက်သည်။ ထိုလူက အဖော်လည်းမပါဘဲ ဤနေရာကိုတစ်ယောက်တည်းရောက်လာသည်။ သည်လောက်ကျပ်သပ်နေသောလူတွေကြားထဲမှာ ကိုကို့ကိုတန်းတန်းမတ်မတ်ရှာတွေ့သည်။
"ဟုတ်တယ် နွေဦးကကိုယ်နဲ့အလုပ်တူတူလုပ်တာ ကိုယ်အားအထားရဆုံးသူလေ"
ထိုသူရဲ့ ကိုကို့ကိုကြည့်တဲ့အကြည့်နဲ့ အပြုံးကိုမုန်းလိုက်တာ...
ဆယ်မင်းဆက်သည် ဤရုတ်တရက်ပေါ်လာသည့်သူကြောင့် စိတ်အခြေအနေမကောင်းတော့။
"ကိုယ်တကယ်မင်းကိုတွေ့တော့ ဝမ်းသာသွားတယ်"
"ကျွန်တော်လည်း ဒီမှာဆုံရမယ်လို့ထင်မထားဘူး"
သပ်ရပ်သားနားနေအောင် ဝတ်ဆင်ထားပြီး အခုလိုမျိုးလူတွေဆူညံရှုပ်ထွေးတာကိုမကြိုက်ပုံရသည့်လုပ်ငန်းရှင်ကြီးက ပတ်ဝန်းကျင်ထဲပျော်ဝင်မသွားပေမဲ့ ကိုကို့ဘေးနားမှာတော့ လွန်စွာတောင့်ခံနေတာကို ဆယ်မင်းဆက်သိလိုက်ရသည်။
တဖြည်းဖြည်းနှင့် ဆယ်မင်းဆက်သည် ဤလူ့ကိုမုန်းလာသည်။
ကိုကိုနဲ့လေပေးဖြောင့်နေတာကိုမုန်းတယ်...ကိုကိုနဲ့အတူရှိခွင့်ရတဲ့ သူ့အချိန်ကိုလုယူလိုက်တာမို့ ပိုမုန်းတယ်...
စောနေသွေးဆိုသည့်သူက စကားပြောအလွန်းကောင်းသည်။ သူ့မှာ ကိုကိုနှင့်ပြောစရာတွေမကုန်မခမ်းနိုင်အောင် ရှိနေသလို။
"ကိုယ်စဥ်းစားမိတာ ရွာငံဘက်မှာ home stayလေးတွေဖွင့်သင့်တယ်လို့လေ...ဒီတောင်ပေါ်မြို့တွေမှာ အပန်းဖြေအိမ်ရာတွေပိုဖွင့်သင့်တယ်"
"ကျွန်တော်လည်း အဲလိုထင်ပါတယ်"
"မင်းသိလား ကိုယ်ကွန်ဒိုဝယ်လိုက်ပြီ။ ဒါပေမဲ့အတွင်းပိုင်းဒီဇိုင်းအတွက် ဘာမှမလုပ်ရသေးဘူး။ ကိုယ်ကမင်းလက်ထဲအပ်ဖို့စဥ်းစားနေတာ...မန္တလေးကို မင်းပြန်ရောက်တဲ့အခါ ကိုယ့်ကွန်ဒိုအတွက်ကြည့်ပေးမယ်မလား"
"ဟုတ်ကဲ့ရပါတယ်...ဒါပေမဲ့ ကျွန်တော်ပြန်လာမှဆို နောက်ကျနေလိမ့်မယ် ဒီမှာနေဖို့အတွက်ဝယ်ထားတာမလား"
"ရပါတယ် ကိုယ်စောင့်နိုင်ပါတယ် ကိုယ်ကမင်းလက်ထဲပဲ အပ်ချင်တာ"
ဆယ်မင်းဆက်သည် သူ့နားထဲသံပုရာသီး လာညှစ်ထည့်နေသလို ခံစားလိုက်ရသည်။ ကိုကို့မိတ်ဆွေ ကိုကြီး၏လုပ်ငန်းပါတနာမှန်းသိနေတာတောင် ဆယ်မင်းဆက်မှာ သည်လူ့ကိုအမြင်ကြည်ပေးလို့ မရ။ သူ့အဖြစ်က ဘာမှလည်းဝင်ပြောလို့မရဘဲ စုတ်တသပ်သပ်နှင့်ချဥ်စူးနေရသည့်အဖြစ်။
"ဆယ်လေး ငါအပြင်ခဏသွားအုံးမယ်... ကိုစောနေသွေးကို လိုက်ပို့လိုက်အုံးမယ်"
ကိုကိုက သူ့နားကိုတိုးတိုးကပ်ပြောပြီး လျင်မြန်စွာထွက်သွားလေသည်။ ဆယ်မင်းဆက်လိုက်မသွားဖြစ်တော့။ အပြင်ဘက်ခဏပို့ပြီး ပြန်လာမှာပဲလေ။
သို့ပေမဲ့ ဆယ်မင်းဆက်သည် နှစ်မိနစ်လောက်ကြာတော့ ရှိသည့်rumကိုအကုန်မော့ပြီး ကိုကို့နောက်လိုက်သွားမိသည်။ သည်လူနှင့်အချိန်ခဏလေးတောင် အတူမထားချင်သည်အထိ အတ္တတွေက ကြီးစိုးလာသည်။
ကိုစောနေသွေးက နွေဦးကိုအေးအေးဆေးဆေး စကားခဏပြောပါရစေဟု ခွင့်တောင်းလာသောကြောင့်ပင်။ နွေဦးသည် များများစားစားတွေးမနေ။ ကိုစောနေသွေးကိုအပြင်ဘက် ကားနားထိလိုက်ပို့ရင်း သူပြောချင်တာတွေခဏနားထောင်လိုက်မည်ဟူ၍။
ကားနားရောက်သောအခါ ကိုစောနေသွေးက နွေဦးကိုထပ်မံဖက်လာသည်။ အနည်းငယ်ချမ်းနေသည့်ရာသီဥတုမှာ ဤပွေ့ဖက်မှုက နွေဦးကိုနွေးမသွားစေဘဲ ပိုလို့တောင် တောင့်ခဲသွားစေသည်။
"ဘားထဲမှာမင်းကိုမြင်ရတော့ ကိုယ်အဲဒီညကိုပဲတွေးမိတယ်၊ နောက်ဆုံးအကြိမ်နမ်းခဲ့တဲ့ မင်းရဲ့နှုတ်ခမ်းတွေရဲ့အရသာကို ကိုယ်ဘယ်လိုမှမေ့မရဘူး..."
နွေဦးနှုတ်ခမ်းနားထိ နီးကပ်လာသည့်ကိုစောနေသွေး၏အနမ်းတွေကိုရှောင်လိုက်သည်။
"ကိုစောနေသွေး ကျွန်တော်ပြောပြီးပြီလေ..."
"ကိုယ်သိတယ် ကိုယ်လင်းမာန်ဆီကနေလည်း ကြားတယ်...မင်းကအရင်rsကြောင့်အများကြီးပင်ပန်းခဲ့တယ်ဆိုတာကို။ ကိုယ်မင်းကိုနားလည်ပါတယ် ဒါပေမဲ့ ကိုယ်ကလဲမင်းအပေါ်မှာ တကယ်အစစ်အမှန်ဆိုတာကို ပြောချင်တာပါ..."
ကိုစောနေသွေးမျက်လုံးတွေက နက်ရှိုင်းပြင်းထန်လွန်းသည်။ ခက်တာက နွေဦးသည် ထိုအရာကိုမမက်မောပေ။
"ကောင်းကောင်းပြန်ပါ"
နွေဦးသည် နှုတ်ဆက်စကားသာ ဆိုလိုက်သည်။
ဆယ်မင်းဆက်တစ်ယောက် ထိုမြင်ကွင်းများကို အစအဆုံးမြင်သည်။ ကိုကိုက ထိုလူ့အနမ်းကို ရှောင်လိုက်တာလည်းမြင်သည်။
ခက်တာက ဆယ်မင်းဆက်က စောနေသွေးဆိုသူကို မှတ်မိသွားခြင်းပင်။
clubမှာ ကိုကိုနှင့်နမ်းနေခဲ့သည့်သူ...
ထိုအရာကြောင့် သူ ကိုကို့ကိုတောင် အထင်မှားခဲ့သေးတယ်မလား...ကိုကိုနှင့်ဒီလူပတ်သက်မှုက ဆယ်မင်းဆက်သိခဲ့သည့်တစ်လျှောက်လုံးမှာ ဘာမှအရေးမပါသည့် ဖြတ်လျှောက်သာသာဖြစ်ခဲ့ပေမဲ့ အခုတော့ဒီလူကပြန်ပေါ်လာခဲ့ပြီ။ တစ်ညတာဆက်ဆံရေးလို့ သဘောပေါက်ထားပြီး ဆယ်မင်းဆက်လုံးဝမေ့ထားသောသူတစ်ယောက်က ကိုကို့အနားမှာ တိကျခိုင်မာနေသည့်ဆက်ဆံရေးနှင့် ပြန်ရောက်လာသည်။
ဆယ်မင်းဆက်သည် ဆိုင်ထဲပြန်ဝင်လိုက်သည်။ ကံကောင်းစွာဖြင့် ထောင့်စွန်းကစားပွဲကလွတ်နေသေးသည်။ သူ့ရင်ထဲကို ပူလောင်ပြင်းပြသည့်အယ်လ်ကိုဟောတွေ လောင်းထည့်ဖို့အသည်းအသန်လိုအပ်နေပြီ။
"ဘာလို့အဲလောက်သောက်ရတာလဲ"
နွေဦးသည် Barကနေတည်းသော Hotelထိကားမောင်းရင်း သည်စကားကိုပဲတွင်တွင်ပြောမိနေသည်။ ဆယ်မင်းဆက်ကရုတ်တရက်ကြီး အသိမကပ်တော့သည်အထိ သောက်နေခဲ့သည်။ ကားထဲကလူကို ထိန်းပြီးတွဲခေါ်လာရင်း အခန်းထဲရောက်တော့သူတော်တော် ပင်ပန်းနေပြီ။ လက်တစ်ဖက်ဖြင့်ဆယ်မင်းဆက်ခါးကို ဖက်ထားရင်း နောက်တစ်ဖက်ဖြင့်အခန်းတံခါးကိုဖွင့်လိုက်သည်။ အခန်းတံခါးဖွင့်လိုက်သည့်အချိန် ဆယ်လေးကသူ့အပေါ်ယိုင်ကျလာသည်။ သူတို့ခန္ဓာကိုယ်နှစ်ခုက လွန်စွာနီးကပ်သွားသည်။ ဆယ်လေး၏မျက်နှာက သူ့လည်ပင်းနားမှာဝေ့သီနေသည်။
အခုလိုမျိုး ပူးကပ်မတတ်နီးကပ်နေတာက နွေဦးကိုနေရခက်စေသည်။ တွန်းဖယ်နေပေမဲ့ ဆယ်လေးခန္ဓာကိုယ်ကပုံမှန်ထက်လေးလံနေသည်။ သူ့ဆံပင်တွေပေါ်ဖြတ်တိုက်သွားသော အထိအတွေ့တွေ... တွန်းဖယ်ရင်းနှင့်ပင် နွေဦးက ဆယ်မင်းဆက်၏အုပ်မိုးချုပ်ကိုင်မှုအောက် လုံးဝရောက်သွားရသည်။
ဆယ်လေး၏ နှုတ်ခမ်းတွေကသူ့ပါးပြင်ပေါ်ရောက်လာသည်။ အသက်ရှူသံတွေလုံးထွေးနေပြီး ပူနွေးနေသည့်နှုတ်ခမ်းများ၏အထိအတွေ့... သူ့ကိုဖက်တွယ်ထားသည့်ဆယ်လေး၏ခန္ဓာကိုယ်အောက်ကနေ နွေဦးသည်အသားကုန်ရုန်းမိတော့သည်။
ဒါဘယ်လို အသိစိတ်မရှိတဲ့အချိန်လုပ်တဲ့ အပြုအမူလဲ။
"ဆယ်လေး ဖယ်စမ်း"
နွေဦးသည် တွန်းဖယ်ပစ်လိုက်ပေမဲ့ ဆယ်မင်းဆက်ကိုထိန်းထားပြန်သေးသည်။ ရီဝေဝေမျက်လုံးတွေက နွေဦးကိုဘယ်သူနဲ့ အထင်မှားနေတာလဲ...
နွေဦးသည် စိတ်တင်းတင်းထားကာ ဆယ်မင်းဆက်ကိုအိပ်ရာပေါ်ရောက်အောင် ဆွဲခေါ်သွားလိုက်တော့သည်။
အိပ်ရာနားရောက်သည့်အချိန် ဆယ်မင်းဆက်က နွေဦးကိုချုပ်ကိုင်လို့ နမ်းရှိုက်လာပြန်သည်။
အခုတစ်ခေါက်မှာတော့ နှုတ်ခမ်းပေါ်ကိုဖြစ်သည်။
Rumနံ့တွေစွဲနေသော နှုတ်ခမ်းသားတွေက နွေဦးကိုအသိစိတ်ကင်းမဲ့သွားအောင် လုပ်နိုင်သည်။ ထိုသည်းမခံနိုင်ဖြစ်နေသည့်အနမ်းတွေကအဆက်မပြတ်ပေ။ နွေဦးမျက်နှာကိုကိုင်ထားသောလက်တွေက ခေါင်းအနောက်ဘက်ကိုရောက်သွားပြီး ပိုပြီးပြင်းထန်သည့်အနမ်းတွေအဖြစ် ပြောင်းလဲသွားသည်။
နွေဦးမှာအသက်ရှူချိန်တောင်မရ။ သူ့နှုတ်ခမ်းသားတွေကို ဆယ်မင်းဆက်ကနေရာလပ်မကျန်အောင် သုံးဆောင်နေသည်။ နွေဦးသည် တွန်းထိုးနေရင်းမောဟိုက်လာသည်။ ရင်ဘတ်ကိုအတင်းတွန်းထုတ်နေသည့် နွေဦးလက်တွေကိုပါ ဆွဲယူချုပ်ကိုင်လာသည်။ လျှာပါ ပါလာသည့် ဤအနမ်းကကြမ်းတမ်းပြင်းထန်လွန်းသည်။ ပြင်းပြသည့်စုပ်ယူနမ်းရှိုက်သံတွေရယ်...နွေဦးနှုတ်ခမ်းအောက်ဘက်ကနေ နာကျင်မှုတစ်ခုကိုရလိုက်သည်။
ဆယ်မင်းဆက်ပုံစံကကြောက်စရာကောင်းလွန်းနေသည်။ နွေဦးကိုလွှတ်ပေးလိုက်ပေမဲ့ ပြင်းထန်သည့်သက်ရောက်အားက ပျောက်ကွယ်မသွားပေ။ နွေဦးသည် ဆယ်မင်းဆက်ကိုတွန်းချလိုက်သည်။ ထို့နောက် သန့်စင်ခန်းထဲကိုပြေးဝင်သွားမိသည်။
ဆယ်မင်းဆက်သည် ဆိုင်မှာလုံးဝမှောက်သွားခြင်း ဖြစ်သည်။ အသိစိတ်ရှိမနေတာ သေချာပါသည်။ ဤကြမ်းတမ်းပြင်းပြတဲ့ အနမ်းတွေကို ဘာဖြစ်လို့နွေဦးအပေါ်မှာ...
နွေဦးအပေါ်ကိုရော ဟုတ်ရဲ့လား !
မှန်ထဲကြည့်လိုက်သောအခါ နှုတ်ခမ်းတွေကယောင်နေသည်။ အောက်နှုတ်ခမ်းကပါ ပေါက်သွားသည်။ နွေဦးမှာ သောက်ထားသမျှအရက်တွေအကုန် အငွေ့ပျံသွားသည်ဟု ထင်လာသည်။ ရင်ဘတ်ကတလှပ်လှပ်တုန်လှုပ်နေပြီး အသက်ကိုတောင်မနည်းရှူနေရသည်။
နွေဦးအပြင်ဘက်ကိုပြန်ထွက်လာချိန်မှာ ဆယ်မင်းဆက်က ခုတင်ပေါ်မှာအိပ်နေပြီ။ နွေဦးသည် မနေနိုင်စွာဖြင့် ဆယ်မင်းဆက်၏အပေါ်ဝတ်များ ဖိနပ်များကိုချွတ်ပေးမိလိုက်သေးသည်။
နှုတ်ခမ်းပေါ်က စပ်ဖျင်းဖျင်းနာကျင်မှုအပေါ် စိတ်ရောက်သွားသည့်အခါ /ဒါကဘာအပြုအမူလဲ/ဟု ဆယ်မင်းဆက်ကို အခုချက်ချင်းနှိုးပြီးမေးချင်လာတော့သည်။
ညကို ရှည်လျားစွာဖြတ်သန်းပြီးနောက်မှာ မိုးသောက်ယံအချိန်ကိုရောက်လာသည်။
အနည်းငယ်အေးနေသောနံနက်သည် နေရောင်ပင်မမြင်ရသေးပေ။ နံနက်လေးနာရီပဲရှိသေးသည်။ ဆယ်မင်းဆက်ခေါင်းက ချာချာလည်အောင်မူးနေဆဲပင်။
သူသည် ဘေးခုတင်မှာအိပ်နေသည့် ကိုကို့ကိုမကြည့်ရဲပေ။ မျက်လုံးတွေကိုပွတ် ဆံပင်များကိုဆွဲဖွလို့ စိတ်ညစ်ညစ်နှင့်ရေချိုးခန်းထဲကိုသာ ဝင်လိုက်တော့သည်။ ဆယ်မင်းဆက် မျက်နှာသစ်ပြီးပြန်ထွက်လာတော့ ကိုကိုသည်လည်းနိုးနေပြီ။
အိပ်ရာပေါ်မှာထိုင်ကာ သူ့ကိုစေ့စေ့စပ်စပ်ကြည့်နေသော ကိုကို့ကြောင့် သူမလုံမလဲဖြစ်လာသည်။ ဆယ်မင်းဆက်ခေါင်းထဲမှာ ဘာမှမတွေးရသေးပေ။ သူ ဤအခြေအနေကို မဖျက်စီးချင်ဘူးဆိုတာပဲသိသည်။ သူတကယ်ပဲ ကိုကို့ကို ဒီခရီးမှာစိတ်ချမ်းသာပျော်ရွှင်စေချင်တာပဲ သိသည်။
အရာအားလုံးဖွင့်ပြောရမယ်ဆိုရင်တောင် မန္တလေးကိုရောက်မှလို့ သူဆုံးဖြတ်ထားတာ...
မနေ့ကအမှန်တကယ်ပဲ ခွေးစိတ်ပေါက်သွားခဲ့တာ ဖြစ်သည်။
ကိုကိုက အိပ်ရာပေါ်ကနေထလာသည်။
"မင်း အစောကြီးနိုးနေတာပဲ"
"မနေ့က တိမ်ပင်လယ်သွားကြည့်မယ်ဆိုပြီး ပြောထားတာလေ"
"မင်းက ငါပြောတာတွေအကုန်မှတ်မိသားပဲ...ဒါဆိုမနေ့ကကိစ္စကိုရော မှတ်မိလား"
"ဗျာ ဘာကိစ္စကိုပြောတာလဲ"
ဆယ်မင်းဆက်သည် အရေထူထူဖြင့် ပြောင်လိမ်လိုက်သည်။ သူ၏အပြစ်ကင်းသောမျက်နှာကိုကြည့်ရင်း ကိုကိုတစ်ယောက်စိတ်မဆိုးဖို့ မျှော်လင့်ရသည်။ သူ့မှာအမှန်တိုင်းဖြေစရာ အဖြေတစ်ခုပဲရှိသည်။ ထိုစကားကိုလည်း ကိုကိုကနားထောင်ချင်မှာမဟုတ်ဘူး။ ထိုစကားကိုထုတ်ပြောလိုက်လျှင် ဤခရီးကအမှန်တကယ်ပဲ ပျက်စီးသွားလိမ့်မည်။
"မနေ့က ဆိုင်မှာအမှောက်သောက်ပြီးနောက်က ကိစ္စတွေကိုပြောတာ"
"ကျွန်တော် မမှတ်မိတော့ဘူး...ဒီကိုဘယ်လိုပြန်ရောက်လာလဲတောင် မမှတ်မိဘူး"
မှတ်မိတာပေါ့ ! သူအကုန်မှတ်မိတယ် !
ကိုကို့ပါးပြင်တွေ ဘယ်လောက်အေးစက်ပြီး နုထွေးနေခဲ့လဲသူမှတ်မိတယ်...ကိုကို့နှုတ်ခမ်းတွေက ဘယ်လောက်တောင်နှစ်လိုဖွယ်အပြည့်နဲ့ ထပ်ခါထပ်ခါဆွဲဆောင်နေကြောင်းလည်း သူမှတ်မိတယ်...ဟိုလူပေါ်လာပြီး ကိုကို့ကိုဆွဲလားရမ်းလားတွေလုပ်တာနဲ့ သူ့စိတ်တွေအကုန် ကယောက်ကယက်ဖြစ်ပြီး အမှားအမှန်သေချာမတွေးနိုင်တော့တာ။
"ဘယ်လိုရောက်လာရမှာလဲ ငါမင်းကို ပြန်ခေါ်လာတာပေါ့ မမှတ်မိလဲထားလိုက်ပါတော့"
ကိုကိုက သက်ပြင်းချလိုက်တာကို မြင်ရသည်။ သူ ဘူးတစ်လုံးဆောင်ပြီး ဟန်ဆောင်နေတာမို့ ကိုကိုလည်းဘာမှမတတ်နိုင်ပုံပါပဲ။ သူ ကိုကို့ကိုသနားသွားသည်။ ကိုကို့ကို အတင်းအဓမ္မအနိုင်ကျင့်လိုက်မိသလို ခံစားလိုက်ရသည်။ သူတကယ်ပဲ အနိုင်ကျင့်လိုက်တာပဲ။
ကိုကိုက သူ့ဘေးကနေဖြတ်သွားသည်။ သူသည် ကိုကို့နှုတ်ခမ်းအောက်ဘက်ကို မြင်လိုက်သည်။ သူအခုမှ ကိုကို့နှုတ်ခမ်းကိုကြည့်ရဲတာဖြစ်သည်။
သူသည် ကိုကို့လက်ကိုခဏဖမ်းဆွဲလိုက်သည်။
"ကိုကို ဒီဟာက ! "
သွေးစို့နေသည့် နှုတ်ခမ်းအောက်ဘက်ကိုမြင်ရသည်။ မေးဖို့ပြင်ပြီးမှ ဒါသူလုပ်လိုက်တာပဲဆိုတာ သတိရသည်။ နှုတ်ခမ်းပေါက်သွားအောင်ထိ နမ်းလိုက်မိတာလား။
"ဘာဖြစ်တာလဲ"
ဆယ်မင်းဆက်၏အဆုံးသတ်အသံက လွန်စွာတိုးဖျော့သွားသည်။
"ခွေးကိုက်ခံလိုက်ရတာလေ"
ကိုကိုသည် ဒီစကားကိုရုပ်တည်ကြီးနှင့်ပြောပြီး ရေချိုးခန်းထဲကိုဝင်ချသွားသည်။ ဆယ်မင်းဆက်မှာ မျက်နှာမဖော်ဝံ့တော့ပါချေ။ သို့ပေမဲ့ မသိချင်ယောင်ဆောင်ပြီး မျက်နှာပြောင်တိုက်နေရပေဦးမည်။
နွေဦးမှာ နှုတ်ခမ်းပေါက်နေသည့်နေရာကို သက်သာစေရန် လျှာနှင့်တောင်မသပ်ရဲချေ။ ဒီနှုတ်ခမ်းသားတွေကို ဆယ်မင်းဆက်ကထိတွေ့ဖူးသည်ဟူသော
အသိနှင့်တင် သူရူးချင်လာသည်။
သူရင်ခုန်နေတယ်...
ဒီအနမ်းတွေကို ရင်ခုန်ခဲ့တယ်...
ပြန်တွေးကြည့်တော့လည်း ရင်ခုန်နေဆဲပဲ။ နွေဦးသည် သူမစတင်ခဲ့သည့်အရာအတွက် ဆယ်လေးကိုကြည့်ရမှာ မျက်နှာပူလာသည်။ ဆယ်မင်းဆက် မမှတ်မိတော့တာပဲကောင်းသည်။ သူသည် နေရခက်သောအခြေအနေကြီးကို မကျော်ဖြတ်ချင်ပေ။ နောက်တစ်ခေါက်တော့ ဆယ်လေးနှင့်အမူးသောက်ရမှာကို သူတကယ်ပဲစိုးထိတ်သွားလေပြီ။
အိုးစည်တောင်ပေါ်ကနေ နံနက်ခင်းတိမ်ပင်လယ်ကိုကြည့်ဖို့ အစီအစဥ်ဆွဲထားခြင်းပင်။ ကလောမြို့၏ဆောင်းတွင်းနံနက်ခင်းတွေကလည်းလှသည်။ ဖုံးအုပ်ထားသည့်မြူတွေဝိုးတဝါးကြားမှာ လောကကြီးကငြိမ်သက်နေသည့်အချိန်။ အေးချမ်းငြိမ်သက်နေလွန်းလို့ ဒီနေရာလေးမှာပဲတစ်သက်လုံးနေရင်း မြှုပ်နှံပျောက်ကွယ်သွားချင်သည်ဟူသော စိတ်ပါပေါ်ပေါက်လာသည်။ လမ်းတွေပေါ်မှာလည်း လူရှင်းနေကာ လောကတစ်ခွင်မှာသူတို့နှစ်ယောက်ပဲရှိနေသလို
ခံစားချက်.... မြင်လေသမျှက လိမ္မော်ရောင် cosmosပန်းတွေ... သည်ရာသီက ကလောမှာ cosmosပန်းတွေနေရာအနှံ့ပွင့်ချိန်ဖြစ်သည်။
အကယ်၍ ရှေ့ကကုန်လွန်ခဲ့သော လများမှာ...နွေဦးနှလုံးသားတွေစုတ်ပြတ်သက်သွားရသည့်အချိန်မှာသာ ဤမြို့ကိုထွက်ပြေးလာခဲ့မိလျှင် သူတကယ်ပဲမန္တလေးကိုမပြန်တော့ဘဲ ဒီမှာပဲနေမိမည်ထင်သည်။
အိုးစည်တောင်ပေါ်တက်ရာလမ်းက အနည်းငယ်မတ်စောက်ပြီး ကျဥ်းမြောင်းသည်။ တောင်ပေါ်ရောက်တော့ ကားပါကင်ထိုးပြီးတာနှင့် တိမ်ပင်လယ်ကိုရှုစားမိကြသည်။
အငွေ့ဖြူဖြူတွေက မျက်စိရှေ့မှာပြင်လိုက်ကြီး တည်ရှိနေသည်။ သူတို့ကတိမ်တွေ၏အထက်မှာဟူသည့် အသိကရင်ခုန်ဖွယ်။ လွင့်မျောနေသောတိမ်အစုအဝေးဟာ ရေလှိုင်းတွေလိုမျိုး ရွေ့လျားနေသည်။ သူတို့လိုပဲ တိမ်ပင်လယ်ကိုလာရောက်ကြည့်ရှူသူ အများအပြားရှိသည်။
နွေဦးသည် တိမ်စတွေကြား ကိုယ့်ကိုယ်ကိုယ်လွင့်မျောကြည့်သည်။ စိတ်ဖိဆီးမှုတွေ သောကတွေ ဝေဒနာတွေကိုမေ့သွားသည်။
ဆယ်မင်းဆက်သည်လည်း တိမ်ပင်လယ်ကိုငေးရင်း စိတ်ချမ်းသာမှုကိုခံစားလို့နေသည်။ သူ့ဘဝ၏ငယ်ရွယ်လှပချိန်ကို အခုလိုမျိုးချစ်ရသူနှင့်အတူ ကုန်ဆုံးခွင့်ရတာ သူသိပ်ကိုကံကောင်းလွန်းပါသည်။ ဒါကိုပဲသူက မရောင့်ရဲနိုင်ဖြစ်ပြီး စိတ်ပူပန်လွန်းအားကြီးကာ ကိုကို့ကိုစိတ်ကသိကအောက် ဖြစ်အောင်လုပ်မိသည်။
ပြီးတော့လည်း သူရဲဘောကြောင်စွာဖြင့် ငြင်းဆန်သည်။
တိမ်ပင်လယ်၏အဆုံးသတ်မျဥ်းကနေ ရွှေအိုရောင်အလင်းက ထွက်ပြူလာသည်။ နွေဦးသဘောကျဆုံး နေရောင်ကနွေဦးဆီကို ရောက်ရှိလာပြီ။ ညတွေကဘယ်လောက် ပင်ပန်းခက်ခဲပါစေ...
နံနက်ခင်းနေရောင်ကမကြာခင် ထွန်းလင်းလာတော့မည်ဆိုသည့် ယုံကြည်မျှော်လင့်ချက်နှင့် အမြဲရှင်သန်လာခဲ့သည်။
"နေထွက်ချိန်ကအရမ်းလှတာပဲ ဟုတ်တယ်မလား"
ဆယ်လေးက တိမ်ပင်လယ်ကိုကြည့်ရင်းမှ နွေဦးကိုစောင်းငဲ့လှည့်ကြည့်ကာ မေးမြန်းလာသည်။ နွေဦးသည် သာသာလေးခေါင်းညိတ်ပြလိုက်သည်။
"အင်း လှတယ်"
နွေဦး၏အဖြေကြောင့် ဆယ်လေးကပြုံးပြလာသည်။
မျောလွင့်နေသောအဖြူရောင်တိမ်စတွေကြားက တောက်ပနေသောအလင်းရောင်ကို နှစ်ယောက်သားအတူငေးကြည့်ရင်း သူတို့စကားမပြောဖြစ်ကြပေ။
"တောင်းပန်ပါတယ်..."
ဆယ်မင်းဆက်အသံက တိုက်ခတ်နေသည့်လေအေးစိမ့်စိမ့်တွေကြားကနေ ဖြတ်သန်းသွားသည်။
"ဘာအတွက်လဲ"
"ကိုကို့ကို စိတ်ဆိုးအောင်လုပ်မိတာအတွက်"
"မင်းပြောတော့ မမှတ်မိဘူးဆို"
"ဟုတ်တယ် မမှတ်မိဘူး ဒါပေမဲ့ဘာပဲဖြစ်ဖြစ် ကျွန်တော်တောင်းပန်ပါတယ်"
ဆယ်လေးမျက်နှာက နွမ်းနယ်နေသည်။ စိတ်ပူပန်မှုအပြည့်နှင့်မျက်နှာကြောင့် နွေဦးမှာစိတ်မကောင်း ဖြစ်သွားရသည်။
ဆယ်မင်းဆက်က တကယ်ပဲဝမ်းနည်းကာ ငိုချချင်နေသည်။ ထိုအနမ်းအတွက် သူမတောင်းပန်ချင်...ဒါကသူ့အတွက် အမှားတစ်ခုမဟုတ်ခဲ့ဘူး။ သို့ပေမဲ့ အဆုံးမှာတော့ ကိုကိုကသူ့ကိုရှောင်ဖယ်သွားမှာစိုးရိမ်လာတော့သည်။
ဒါကအမှားတစ်ခုမဟုတ်ဘဲ လှပတဲ့အမှတ်တရတစ်ခုပဲဆိုတာ သူသိထားရင်ပဲရပါပြီ...
နွေဦးက ဆယ်မင်းဆက်ကိုချိုသာနွေးထွေးသော အသံအေးအေးဖြင့် နှစ်သိမ့်လာသည်။
"အင်း ဘာမှမဖြစ်ပါဘူး မင်းတောင်းပန်တာကိုလက်ခံပါတယ်...ဒီဟာကိုမေ့လိုက်တော့နော်"
ဆယ်မင်းဆက်၏နှလုံးအိမ်ထဲတွင်တော့ မျက်ရည်တစ်စက် ကျဆင်းသွားသည်။
ရှုံးလိုက်တာ...ဒီအရှုံးဆိုတဲ့အရသာကို ဆယ်မင်းဆက်အခုမှပဲ နားလည်တော့တယ်....