ဆယ်မင်းဆက်သည် နံနက်၆နာရီတွင် ကိုကို့ကွန်ဒိုကိုရောက်လာခဲ့သည်။ သည်အချိန်ကိုကို အိပ်နေလောက်ဦးမှာမို့ ဖုန်းမဆက်တော့ဘဲ လျှို့ဝှက်နံပါတ်ရိုက်ဖွင့်ကာဝင်ခဲ့လိုက်သည်။ နံနက်၆နာရီသည် စောလွန်းသည့်အချိန်မဟုတ်တာကြောင့် ပတ်ဝန်းကျင်ကလုံးဝတိတ်ဆိတ်နေတာတော့ မဟုတ်ပေ။
ဆယ်မင်းဆက်သည် မနက်အစောထတတ်တဲ့သူမဟုတ်ပေ။ အရင်တည်းကအလုပ်ကြောင့် ညနက်သည်ထိနေတတ်ကာ မနက်ဆို၈နာရီကျောင်းချိန်မီအောင်ပင်မထနိုင်ခဲ့။ အခုတော့ ကိုကိုနှင့်အတူမနက်စာစားနိုင်ဖို့ သူအစောကြီးထနိုင်နေပြီ။
ကိုကိုကအခန်းထဲကထွက်မလာသေး။ မနိုးသေးတာဖြစ်နိုင်သည်။ အေးချမ်းသာယာစွာ အိပ်နေသူကို မနှောင့်ယှက်ချင်တာနှင့် သည်တိုင်းထိုင်စောင့်ဖို့ဆုံးဖြတ်လိုက်သည်။ ကိုကို့ကွန်ဒိုက ခဲရောင်၊ အဖြူရောင်၊ အနက်ရောင်များကို မျှတအောင်သုံးထားပြီး လင်းနေအောင်ဒီဇိုင်းဖန်တီးထားခြင်းဖြစ်သည်။ ပရိဘောဂနှင့်အခင်းတချို့ကို အညိုရောင်၊ အသားရောင် အနုများကိုပြေလည်အောင်ညှိနှိုင်းသုံးထားသည်။ modern ဒီဇိုင်းကိုမှ minimalist ဖြစ်အောင်ပစ္စည်းများကို သပ်ရပ်စွာနေရာချထားသည်။ တစ်ကိုယ်တည်းနေသည့်ကိုကိုက သူ့နေရာကိုတော့သေချာလေး ဂရုစိုက်သူဖြစ်သည်။ သို့ပေမဲ့ ဝမ်းနည်းကြေကွဲနေသည့် အချိန်တွေတော့မပါ။ တကယ်တော့ ကိုကို့စိတ်အခြေအနေကို ခန့်မှန်းရခြင်းက လွယ်ကူပါသည်။ စားပွဲခုံပေါ်က ဆေးလိပ်ပြာခွက်မှာ ဆေးလိပ်တိုများပြည့်နေလျှင် မလျှော်ရသေးသော
အဝတ်ပေတွေပုံနေလျှင် ဆိုဖာပေါ်မှာဝတ်ပြီးသားအဝတ်တွေ ဖရိုဖရဲပြန့်ကျဲနေလျှင်ကိုကိုက တစ်ခုခုကြောင့်စိတ်ညစ်နေပြန်ပြီ ဆိုတာပါပဲ။ အများဆုံးက ကိုကို့နှလုံးသားဒဏ်ရာကြောင့်ပင်။ ကိုကိုကအတိတ်တွေကို တစ်ခါတလေသတိရတတ်သည်...ထို့အပြင်သူစွန့်ပစ်ခံရသည့်အချိန်ကာလကို အလိုအလျောက်တွေးမိမည်။
ဆယ်မင်းဆက်သည် ကိုကို့ကွန်ဒိုကိုလုံးဝမရောက်ဖြစ်သည့် တစ်ပတ်ရှိသည်။ ဆယ်မင်းဆက်ကတော့ အရမ်းလွမ်းတာပဲဆိုသည့် ခံစားချက်နှင့်နေမထိထိုင်မသာဖြစ်ခဲ့သည်ဆိုသော်ငြား စာမေးပွဲကာလမို့ အချိန်ဇယားအတိုင်း စာလုပ်လိုက်ကျောင်းတက်လိုက်ဖြင့် နေခဲ့သည်။ ထိုအပတ်မှာပဲ ကိုကိုကသူ့ဆီဖုန်းခေါ်လာသည်။ ဖုန်းဝင်လာသောအချိန်က ည၂နာရီ။ ကိုကိုကအများကြီးမူးနေပုံရသည်။ သူ့ကိုလည်း စကားတွေအများကြီးပြောသည်။
နောက်ဆုံးအနေနဲ့ ကိုကိုပြောလာတာက
"အထီးကျန်လိုက်တာ ဆယ်လေးရာ" တဲ့...။
ထိုညက ဆယ်မင်းဆက်သည် ကိုကို့ကွန်ဒိုကိုသွားခဲ့သည်။ ကိုကြီးလင်းမာန်ကိုမနှိုးချင်သောကြောင့် ည၂နာရီကျော်လမ်းမပေါ်ထိရောက်အောင် လမ်းလျှောက်ပြီးအငှားကားရအောင် ငှားခဲ့သည်။ ကွန်ဒိုရောက်တော့ ကိုကိုကအိပ်ပျော်နေခဲ့ပြီ။ ဆယ်မင်းဆက်သည် ထိုညကကိုကို့ကို သူ့ရင်ခွင်ထဲထွေးပိုက်ရင်း အိပ်ခဲ့တယ်ဆိုတာ ကိုကိုကတော့ လုံးဝသိမှာမဟုတ်ချေ။
မနက်ရောက်မှ အစောကြီးရောက်လာသလိုမျိုး ဟန်ဆောင်ခဲ့တာ။
ဆယ်မင်းဆက်သည် ဆက်တီခုံများ၏မျက်နှာချင်းဆိုင်နံရံတွင် ချိတ်ဆွဲထားသောပန်းချီကားနှစ်ချပ်ကို သွားကိုင်ကြည့်မိသည်။ ပြောင်ရှင်းနေသည့် နံရံပေါ်တွင်အရွယ်အစားသိပ်မကွာသောပန်းချီကားနှစ်ချပ်ကို ဘေးချင်းယှဥ်ကာချိတ်ဆွဲထားသည်။
ကံ့ကော်ပန်း ပန်းချီကိုကြည့်ရင်း သူရင်တသိမ့်သိမ့်တုန်လာရသည်။ အမှန်တော့ ဒီပန်းချီကားတွေကိုအပ်တည်းက သူရင်တွေခုန်နေခဲ့တာ...သူဘယ်သူ့ကိုပေးဖို့ဆိုတာရော အလှဆုံးသောပန်းတစ်ပွင့်က သူ့နှလုံးသားထဲမှာပထမဆုံးပွင့်လာတဲ့ ပန်းဆိုတာရော ပန်းချီဆရာကိုပြောပြနေတုန်းက သူဘယ်လောက်ထိရင်ခုန်ပျော်ရွှင်နေခဲ့တယ်ဆိုတာ အသေးစိတ်မှတ်မိတယ်...
မပြောင်းလဲတဲ့ ထာဝရအချစ်ပါ...
သူ ကိုကိုကို့ပြောပြချင်တဲ့ ကံ့ကော်ပန်းရဲ့အဓိပ္ပာယ်ဖြစ်ပြီး သူပေးချင်ခဲ့တဲ့အရာပါပဲ...
ကိုကို့မွေးနေ့မှာလက်ဆောင်ပေးရင်း ဒီစကားတွေကို ဖွင့်ပြောမယ်လို့ စီစဥ်ခဲ့တာ... ဒါပေမဲ့ သူကအချိန်ခဏလေးပဲ အနားမှာရှိခွင့်ရသေးတဲ့သူက ကိုကို့နှလုံးသားထဲကအမာရွတ်ကို ကျော်လွန်နိုင်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်ခဲ့ရတယ်။
"ဆယ်လေး မင်းမှာအဝါရောင်ပစ္စည်းတစ်ခုခုရှိလား...ကိုယ့်အနားမှာပျော်ရွှင်ခြင်းတွေရှိနေတယ်ဆိုတာ သတိရဖို့လိုအပ်လို့"
ဟု ကိုကိုကပြောလာသည့်အခါ သူသည် မကြာခင်ဖွင့်ပြောတော့မည့် စကားတွေကိုမျိုသိပ်လိုက်တော့သည်။
ဒါကကိုကို့ဘက်ကို စာနာနားလည်လို့ဆိုတာရော...ပြီးတော့ ကိုကို့ရဲ့အငြင်းစကားကိုလုံးဝလက်မခံနိုင်တာကြောင့်ရောပါပဲ။ ကိုကိုက သူ့ရဲ့အချစ်ဦးလေ...ကိုကိုကပြန်မချစ်ဘဲ ယတိပြတ်ငြင်းလိုက်မှာကို သေလောက်အောင်ကြောက်တယ်...သူမခံစားနိုင်ဘူးဆိုတာလည်း ရာနှုန်းပြည့်သေချာနေတယ်။
သူအတွေးတွေထဲ လွင့်မြောနေချိန်မှာ ကိုကို့အိပ်ခန်းတံခါးက ပွင့်လာသည်။
ဆယ်မင်းဆက်ကိုမြင်သောအခါ
ကိုကိုကအံ့သြဟန်မပြဘဲ "မောနင်း" ဟုပြုံးပြကာနှုတ်ဆက်လာခဲ့သည်။
ကိုကို၏လှပနှစ်လိုဖွယ်ကောင်းလွန်းသည့်အပြုံးကြောင့် ဆယ်မင်းဆက်မှာ မတိုင်ခင်ကထိရှိခဲ့သည့်အတွေးများအကုန်လွင့်ပြယ်သွားသည်။ သူ့မှာရှိသည့် စိတ်ဓာတ်ကျအတွေးများက မြူမှုန်တစ်စတောင်မကျန်ဘဲ ပျောက်ကွယ်သွားလေရဲ့...ကိုကို့အပြုံးက သူ့အတွက်မျှော်လင့်ချက်ပါပဲ။
နွေဦးသည် ရေတစ်ခွက်ယူသောက်ကာ ဝရန်တာဘက်ထွက်လိုက်သည်။ အရမ်းမပြင်းသေးသည့်နေရောင်ကြောင့် သူ့စိတ်တွေကြည်လင်သွားသည်။ နွေဦးသည် နေရောင်ခြည်ကိုအမှန်တကယ်ပဲ သဘောကျသည်။
ဆယ်လေးသည် နွေဦးအနားကိုရောက်လာသည်။ စိတ်ကူးရှိပေါက်သည့်
အချိန်ရောက်ချလာတတ်သော ဆယ်လေးကိုသူနေသားကျနေပြီ။ မနက်အစောကြီးရောက်လာလျှင် နွေဦးကကျောင်းလိုက်ပို့ပေးရမည်။ သူ့နေ့ရက်တွေက ပျင်းဖို့မကောင်းတော့တာပေါ့။
"ကိုကိုကအိပ်ပုတ်ကြီးလိုက်တာ ကျွန်တော်ရောက်နေတာဖြင့် ကြာလှပြီ"
"မင်းဘာသာမင်း အစောကြီးလာပြီးတော့"
"မနေ့ညက ကိုကို့ကိုအိမ်မက်မက်လို့လေ အဲတာကြောင့်တွေ့ချင်လာလို့"
နွေဦးသည် မျက်ခုံးပင့်ကြည့်လာသည်။ ဘာအိမ်မက်လဲပေါ့ ဆိုတာမျိုး... ဆယ်မင်းဆက်သည် အမှန်တိုင်းမက်သည့်အိမ်မက်တွေအကြောင်း အကုန်ပြောလိုက်လျှင် ကိုကိုကသူ့ကိုအခုချက်ချင်းဝရန်တာကနေ တွန်းချပစ်လောက်မှာပဲ။
"အိမ်မက်ထဲမှာ ကိုကိုကသရဲဖြစ်ပြီး ကျွန်တော့်ကိုလိုက်ခြောက်နေတာ"
"ပေါက်ကရတွေ"
"အတည်ပြောတာ ကိုကိုကကျွန်တော်မပြေးနိုင်အောင် ဟောဒီလိုချုပ်ထားသေးတာ"
ပြောရင်းနှင့် ဆယ်လေးက နွေဦးခါးကိုအနောက်ကနေ လာဖက်သဖြင့် "အား" ခနဲလန့်ကာအော်မိသွားသည်။
"ဟုတ်တယ် ကျွန်တော်လဲအိမ်မက်ထဲမှာ အဲလိုအော်နေရတာ ကိုကို့ကိုကြောက်လို့လေ"
ဆယ်မင်းဆက်က မနက်စောစောစီးစီး နွေဦးကိုစနောက်ကာ ပျော်ရွှင်နေသည်။ ဆယ်မင်းဆက်ရှေ့မှာရှိနေသည့် သူ့ထက်ခေါင်းတစ်လုံးစာပုနေသော ကိုကိုကို့ငုံ့ကြည့်ရင်း သူ့အပြုံးတွေကမရပ်တန့်နိုင်။ မျက်နှာသစ်ပြီးစ ကိုကို့မျက်နှာက ရေဖျန်းပြီးကာစ ပန်းပွင့်လေးတစ်ပွင့်လို။ အမှတ်နီလေးကပါ ပိုပြီးထင်ရှားနေသည်။ တကယ့်အိမ်မက်တွေထဲကလိုမျိုး သည်အမှတ်လေးကို သူအားနှင့်ဖိကပ်နမ်းပစ်လို့ရရင် သိပ်ကောင်းမည်။
"မနက်စာလည်းစားရအုံးမယ် မင်းကျောင်းနောက်ကျလိမ့်မယ် ငါမြန်မြန်ရေချိုးလိုက်မယ်"
နွေဦးသည် ဆယ်မင်းဆက်ကိုတွန်းဖယ်ကာ ဝရန်တာကနေထွက်သွားလိုက်သည်။ အခုလိုမျိုး သူနှင့်ဆယ်လေးအလွန်တရာ နီးကပ်သွားချိန်တွေမှာ သူ့ရင်ထဲမီးပွားငယ်လေးတစ်ခု ထထတောက်သည်။ ဒါက သူ့လိုယောက်ျားလေးချင်းကြိုက်သူအတွက် အလွန်ဆွဲဆောင်မှုရှိလွန်းသည့်သူနှင့်နီးကပ်သွားသည့်အခါ ဖြစ်တတ်သောသဘောတရားပါပဲ။ ဒါကို အန္တရာယ်တစ်ခုလို့တော့ နွေဦးမတွေးပါချေ။
ဆယ်မင်းဆက်ဘက်က သူ့ကိုအစ်ကိုလိုပဲသဘောထားသည်။ သူကလည်း ဆယ်လေးကို ညီငယ်လေးတစ်ယောက်လိုပဲ သဘောထားသည်။
သူ့ကွန်ဒိုနှင့်နီးသည့် ကရဝိတ်မှာပဲ မနက်စာစားဖို့ ဆုံးဖြတ်လိုက်သည်။
နွေဦးက မြီးရှည်တစ်ပွဲ၊ ဆိတ်သားကီးမား တစ်ပွဲနှင့် လက်ဖက်ရည်တစ်ခွက်မှာသည်။ ဆယ်လေးက နွားနို့တစ်ခွက်နှင့်ပဲပလာတာတစ်ပွဲပဲ မှာသည်။
"မင်းမနက်စာက နည်းတယ်"
"ကျွန်တော့်အတွက်ရပါတယ်"
"ကျောင်းမှာလည်း စာသင်ရအုံးမှာကို...ပေါက်စီတစ်လုံးပါထပ်မှာလိုက်မယ်"
ကိုကိုက သူ့အဖြေကိုပင်မစောင့်ဘဲ ပေါက်စီတစ်လုံးပါမှာသည်။ ဆယ်မင်းဆက်ရင်ထဲ သိမ့်ခနဲဖြစ်သွားသည်။
အခုတောင် ဒီလောက်ဂရုစိုက်ခံရတာ ကိုကိုနဲ့သာချစ်သူဖြစ်သွားရင် ကိုကိုကသူ့ကိုဘယ်လောက်ထိ ဖူးဖူးမှုတ်ထားမလဲမသိဘူး....
အတွေးနှင့်တင် ကြည်နူးစရာကောင်းလိုက်ပါဘိ။
"ကိုကို သီတင်းကျွတ်ပိတ်ရက်ကျရင် ဘာလုပ်မှာလဲ"
ဆယ်မင်းဆက်ကတော့ ကိုကို့အနားမှာပဲ ကပ်တွယ်နေဖို့ စဥ်းစားထားသည်။ ကိုကိုသွားသည့်နောက် သူ့ကိုကြောင်တစ်ကောင်လို သယ်သွားပေးဖို့မျှော်လင့်သည်။ သူသည် စားပွဲပေါ်လက်ထောက်ကာ ကိုကို့ကို ပြုံးပြုံးကြီးထိုင်ကြည့်နေမိသည်။
"ငါလား ကလောကိုအလည်သွားမလားလို့"
"ကျွန်တော်လဲ လိုက်ခဲ့မယ်"
စားပွဲခုံကိုလက်နဲ့ရိုက်ကာ မဆိုင်းမတွပြောချလိုက်သည်။ ဆယ်မင်းဆက်၏ တက်ကြွနေပုံကိုကြည့်ပြီး နွေဦးသည် ရယ်မောလာသည်။
"ငါကတစ်ယောက်တည်း ဆိုင်ကယ်နဲ့တက်မလို့စီစဥ်ထားတာ"
"ကျွန်တော်လည်း လိုက်ခဲ့မယ်လေ...ဒါပေမဲ့ဆိုင်ကယ်တော့မစီးတတ်ဘူး"
ကိုကို့ဆိုင်ကယ်နောက်ကနေ ခါးဖက်လိုက်ရလည်း အဆင်ပြေပါတယ်။ ဆယ်မင်းဆက်သည် မျက်နှာချိုသွေးလိုက်တယ်...ကိုကိုသူ့ကို ခေါ်သွားမှာကျိန်းသေတယ်။
"ကလောမှာ လည်ပြီးရင်တောင်ကြီးကို ဆက်သွားလို့ရတယ်...အဲဒီမှာ ကျွန်တော့်အဘိုးနဲ့အဘွားအိမ်ရှိတယ် ကျွန်တော်အရင်ကနေခဲ့တာလေ အဲဒီကို ကိုကို့ကိုခေါ်သွားမယ်"
"ငါမင်းကိုမခေါ်ပါဘူး ငါ့ဘာသာတစ်ယောက်တည်းသွားမှာလို့ ဆုံးဖြတ်ပြီးသား"
နွေဦးသည် ပြတ်ပြတ်သားသားပြောလိုက်သည်။ သူသည်မျက်နှာသေဖြစ်ရန် မနည်းတည်အောင်ထားလိုက်ရ၏။
သူ့စကားကြောင့် ဆယ်လေးမျက်နှာကငိုင်ကျသွားသည်။ ဒီကောင်လေးက သူ့ကိုပါခေါ်သွားမယ်လို့ တွေးနေပုံပဲ။ နွေဦးသည် ရယ်ချင်စိတ်ကိုအရှိန်သတ်ရန် လက်ဖက်ရည်ခွက်ကို ကိုင်သောက်လိုက်သည်။
သူတကယ်ပဲ တစ်ယောက်တည်းသွားဖို့ စီစဥ်ထားတာပါ။ ကလောကအလုပ်ကိစ္စနှင့်ဖြတ်သွားဖူးတာကလွဲလျှင် သေချာတည်းပြီးမလည်ဖူးတာမို့။ ထို့အပြင် သူလည်းအနားယူဖို့လိုအပ်သည်။ စိတ်ရောကိုယ်ပါအနားရနိုင်သည့်နေရာတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ်မြှုပ်နှံမည်။ ဘဝကတစ်ယောက်တည်းနေတတ်အောင် တစ်ယောက်တည်းလည်း ခရီးတွေသွားပြီးပျော်ပျော်နေတတ်အောင် ကျင့်ရတော့မှာပေါ့။
ဒါပေမဲ့ ဆယ်မင်းဆက်က သူ့အပေါင်းသင်းတွေနဲ့ပဲ ပျော်စရာရှာမယ်လို့ထင်ခဲ့တာ...
အကယ်၍ ဆယ်မင်းဆက်ကလိုက်ချင်တယ်ဆိုလည်း သူမငြင်းပါဘူး...သူခေါ်သွားမှာပါ။ အခုလိုငြင်းလိုက်တာက ဆယ်လေးကိုတမင်စနောက်ခြင်းသာ...ထိုကောင်လေးက သူ့ကိုခေါ်ဖို့ မရရအောင်ချွဲလိမ့်မည်။ ထိုအရာကိုမြင်ချင်လို့ တမင်စနေခြင်းပင်။ ချက်ချင်းကြီးအလိုလိုက်ရမှာကို သူတမင်ညစ်နေခြင်းသာဖြစ်သည်။
"သိပါပြီ"
ဆယ်မင်းဆက်မျက်နှာက မိုးဥတု၏ ကောင်းကင်ပြင်လို မှိုင်းညို့နေသည်။ အသံက မိုးခြိမ်းသံအလား။ ရုတ်တရက်ကြီး စိတ်ဆိုးသွားပုံရသည်။ နွေဦးက ယတိပြတ်ငြင်းတာ နည်းနည်းပြင်းသွားလို့များလား။
"ကိုကိုတစ်ယောက်တည်းသွား ကျွန်တော်မလိုက်တော့ဘူး"
နွေဦးမျက်ခုံးတွေ မြင့်တက်သွားသည်။ ဒီကလေးက လွယ်လွယ်အလျှော့ပေးလိုက်တာလား။ သူနဲ့သင်္ကြန်လည်ဖို့ကို ရန်ဖြစ်ရလောက်တဲ့အထိ ဖျောင်းဖျလို့မရတဲ့အဆုံးမှာ သူနဲ့အိမ်မှာအတူတူနေပေးခဲ့တဲ့ ကလေးကလေ။
အခုလို လွယ်လွယ်လက်လျှော့လိုက်တော့ နွေဦးရင်ထဲ ဟာသွားသည်။
အင်းပါလေ...အစတည်းက တစ်ယောက်တည်းသွားဖို့ စီစဥ်ထားခဲ့တာပဲ။
ဆယ်လေးက သူ့ကိုစကားမပြောတော့ပေ။ မနက်စာလက်စသတ်ပြီးတော့ ကျောင်းကိုလိုက်ပို့သည့်အချိန်အထိပင်။ မျက်နှာကလုံးဝတည်သွားပြီး နွေဦးကိုစေ့စေ့ပင်မကြည့်တော့သည့်ကောင်လေး။ သည်လိုပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်နေတော့ နွေဦးစိတ်ထဲမတင်မကျဖြစ်လာသည်။
အခုနေ ငါမင်းကိုခေါ်သွားပါ့မယ်ပြောရင်ရော...
ဒီလိုကျ သူ့ရဲ့အစ်ကိုကြီးသိက္ခာကျတယ်။ ဆယ်မင်းဆက်ဘက်ကသာ "ကျွန်တော့်ကို ဘာလို့ခေါ်မသွားချင်တာလဲ" တစ်ခွန်းပြောရုံပဲလေ...သူတို့တွေညှိလို့ရပါတယ်။
ကျောင်းရှေ့ရောက်တဲ့အခါ ဆယ်မင်းဆက်က သူ့ကို
"ကိုကို ကျွန်တော်သွားပြီးနော် တာ့တာ" ဟုနှုတ်ဆက်မလာတော့။ ကားတံခါးဖွင့်တော့မည့်သူ၏လက်ကိုနွေဦးသည် ဖမ်းဆွဲထားလိုက်သည်။ ဆယ်မင်းဆက်သူ့ကို ပြန်ကြည့်လာတဲ့မျက်လုံးများ၏ အဓိပ္ပာယ်က "ဘာလဲ!" ဟူ၍ဖြစ်သည်။
"ငါ့ကိုစိတ်ကောက်နေတာလား"
"စိတ်မကောက်ပါဘူး...ကျွန်တော်ကအဲလောက်တွယ်ကပ်တတ်တဲ့သူမဟုတ်ဘူး။ ခရီးလမ်းကအေးအေးချမ်းချမ်း ဖြစ်ပါစေနော် ဒီကြားထဲကျွန်တော်မလာတော့ဘူး"
နွေဦးမှာ အံ့သြကြီးစွာဖြင့် ကျန်ခဲ့ရတော့သည်။ ဆယ်မင်းဆက်၏တုံ့ပြန်ပုံကပြင်းထန်လွန်းသည်။
တကယ်ကြီးစိတ်ဆိုးသွားတာပဲ။ သူက တကယ်ကြီးမခေါ်တော့ဘူးလို့ပြောတာနဲ့ အမှန်အကန်ကိုစိတ်ဆိုးသွားတာ။
.................................................................
မနက်အတန်းချိန်မမီတော့ဘဲ ကန်တင်းမှာပဲမနက်စာစားကြသည့် ထက်သူနှင့်သူရိန်မင်းလွင်နှစ်ယောက် အတန်းထဲရောက်လာသည်။ မနက်အတန်းချိန်တက်နိုင်သည့် ဆယ်မင်းဆက်ကသူတို့အတွက် ခုံဦးပေးထားသည်။ သူရိန်မင်းလွင်နှင့်မိုးသောက်ကြယ်က သူတို့နှင့်အတန်းချိန်မတူပေ။ သူရိန်မင်းလွင်သည် ကိုယ်သွားရမဲ့အတန်းမသွားဘဲ ခဏဝင်လာခြင်းဖြစ်သည်။
ဆယ်မင်းဆက်မျက်နှာက ဆီချေးသုတ်ထားသလိုမဲချိတ်နေသည်။ စာသင်နေချိန်တစ်လျှောက်လုံး အရှေ့ကဆရာကိုအမဲဖျက်မလို မျက်လုံးနှင့်ကြည့်သည်။ စာအုပ်ကိုအာရုံစိုက်ချင်ယောင်ဆောင်သည်။ သို့ပေမဲ့ စာအုပ်ထဲအာရုံမရောက်နေတာ အသိသာပင်။
ဆယ်မင်းဆက်က မေးသမျှကိုအကန်တွေပဲ ဖြေနေတဲ့အချိန်မှာ အိမ်မှာမာမီမားသားနဲ့ပြဿနာတက်ခဲ့တာပဲလို့ ထက်သူသည် အကြမ်းဖျင်းနားလည်ပေးလိုက်သည်။
နောက်ပိုင်းကျ ဆယ်မင်းဆက်တစ်ယောက် ဂနာမငြိမ်ဖြစ်လာသည်။ ဖုန်းကိုကြည့်လိုက် စာရိုက်လိုက် ပြန်ဖျက်လိုက်။
အတန်းဆင်းချိန်ရောက်တော့ နေ့လယ်စာစားဖို့အတွက် ကျောင်းနှင့်မနီးမဝေးကထမင်းဆိုင်မှာ စားဖို့ဆုံးဖြတ်ကြသည်။ လေးယောက်ဆုံပြီး အသီးသီးစားစရာမှာသည့်အချိန်ထိ ဆယ်မင်းဆက်မှာ စိတ်နှင့်လူ မကပ်ပေ။
ဆယ်မင်းဆက်သည် ရင်ထဲတွင်မီးခဲကိုမျိုချထားရသလို ခံစားနေရခြင်းပင်။ ကိုကိုကသူ့ကို ဘာလို့မခေါ်ချင်တာလဲ...ဒါကပြဿနာမဟုတ်ဘူး။ ကိုကိုဘေးနားကနေ သူ့ကိုအခုလိုပဲ အချိန်မရွေးနှင်ထုတ်ပစ်နိုင်သည်ဟု ခံစားနေရသည်။ သူကရော ဘာလို့ကိုကို့ကို တစ်ယောက်တည်းပေးမနေနိုင်ရတာလဲ။ မနက်ကသူ့စကားတွေ အရမ်းလွန်သွားသည်။ ကိုကို့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မှာလဲ။ အသံကောင်းဟစ်ခဲ့ပြီးမှတော့ ပြန်တောင်းပန်ရမလား။ သို့ပေမဲ့ သူမတောင်းပန်ချင်ပြန်... "ကိုကိုနဲ့ဘာလို့အတူရှိခွင့်မရတာလဲ" ဟုသာ မေးချင်သည်။
ဆယ်မင်းဆက်သည် သက်ပြင်းအရှည်ကြီးချလိုက်သည်။
"ရော့ ဒါသောက်"
သူရိန်မင်းလွင်က သူမှာထားသည့်
ဖျော်ရည်ခွက်ကိုထိုးပေးလာသည်။
"တစ်ယောက်တည်းမီးလောင်နေပုံရလို့...ဒါလေးသောက်ပြီး စိတ်ငြိမ်အောင်ထား။ မင်းတဟင်းဟင်းသက်ပြင်းချနေတာ ငါတို့ထရိုက်ချင်လာလို့"
"ငါ့ကိုလွှတ်ထားစမ်းပါ"
ထိုစဥ် မျက်နှာချင်းဆိုင်မှာထိုင်နေသော
မိုးသောက်ကြယ်က ဖျော်ရည်ခွက်ကို ဆွဲလုသွားသည်။
"မင်းမသောက်ရင် ငါသောက်မယ်"
ထက်သူမှာ တရားကျသွားတော့သည်။ ဘေးကကောင်ကဖြစ်ချင်ရာဖြစ် အရှေ့ကတစ်ယောက်က အရိပ်အခြေမသိ လုပ်ချင်ရာလုပ်သည်။
သူတို့တွေထမင်းစားနေသည့်အချိန် ဆယ်မင်းဆက်က "ဟား" ဟုရုတ်တရက်ထအော်သည်။ ပြီးမှ ကိုယ့်ပါးစပ်ကိုယ်ပြန်အုပ်ပြီး ပြန်ငြိမ်သွားသည်။ ဘေးနှင့်အရှေ့အနောက်မှာ ထိုင်နေသမျှလူအပေါင်းက ခေါင်းထောင်ကြည့်လာကြသည်။ အလန့်တကြားနှင့်ဘာထဖြစ်မှန်းမသိ၍ မျက်စိရောက်လာကြခြင်းပင်။
ထက်သူသည် မနေနိုင်သဖြင့် စာအုပ်နှင့်ဆယ်မင်းဆက် ပခုံးကိုရိုက်ချလိုက်မိသည်။
"ဟီး ဟီး"
သူတို့အကုန်ကြောင်သွားသည်။ ခုနကတော့ တစ်ယောက်တည်းမီးခဲဖင်ခုထိုင်နေသလို သူ့ဘားဆိုင်ကြီးပဲမီးလောင်သွားသလိုမျိုး သုန်မှုန်မုန်တိုင်းတိုက်နေပြီး အခုကျဖုန်းကြည့်ကာ တဟီးဟီး ဖြီးနေပြန်သည်။
"ဆယ်မင်းဆက် စာမေးပွဲလဲမနီးသေးပါဘူး စိတ်ထိန်းပါအုံး"
"မင်းတို့ဘာသိလို့လဲ ကိုကိုကအခုပဲငါ့ကိုစာပို့တယ်"
"အော် အဲတာဆို တစ်မနက်လုံး လင်ပူမိနေတာပေါ့"
သူရိန်မင်းလွင်က မညှာမတာပြောချသည်။ သူငယ်ချင်းတွေအမြင်ကတ်သွားလည်း မတတ်နိုင်။ သူ့စိတ်အခြေအနေက အခုတော့နွေဦးကာလကို ပြန်ရောက်သွားပြီဖြစ်သည်။
"ကိုကိုက ငါ့ကိုပြန်ချော့တယ်"
ဆယ်မင်းဆက်မျက်နှာက ပျားရည်အိုးထဲခေါင်းစိုက်မိသွားတဲ့ Winnie the Poochလို။
/ငါကဆိုင်ကယ်နဲ့သွားမှာနောက်ကနေ လိုက်စီးရဲရင် လိုက်ခဲ့ပေါ့
ငါမင်းကို လုံးဝမခေါ်ချင်ဘူးလို့ မပြောမိပါဘူး...ခဏလေးတောင်စလို့မရဘူး/
/ငါ့ကိုစိတ်ဆိုးမနေနဲ့တော့/
ကိုကိုပို့သည့်စာက ဘောက်ဆတ်ဆတ်ရယ်ပါ။ သို့ပေမဲ့ ဆယ်မင်းဆက်မှာတော့ ပြုံးနေမိတာ ရပ်တန့်မရနိုင်တော့။ ကိုကိုကသူ့ကို ခရီးအတူခေါ်သွားဦးမှာ။
ဒီကမ္ဘာမှာ ကိုကိုနွေဦးထက် ချစ်ဖို့ကောင်းတဲ့သူရှိတော့မှာမဟုတ်ဘူး...
"ငါတို့လည်း ရည်းစားတွေထားခဲ့ဖူးပါတယ်ကွာ ဒီလောက်ကြီးကျအမြင်ကတ်လာပြီ"
"မင်းတို့နဲ့ မတူဘူးလေ ငါ့နှလုံးသားက ကိုကိုကြောင့်ခုန်နေတာ ဒီလောက်တော့ဖြစ်မှာပဲ"
"စောက်ပိုတွေမပြောနဲ့... နှလုံးခုန်နေတာ သူ့ရဲ့ automaticity ကြောင့်လေ Anatomyမသင်ခဲ့ရဘူးလား"
သူရိန်မင်းလွင်စကားက သူ၏ကဗျာဆန်ချင်စိတ်ကို တိတိပပကြီးလာဖျက်ဆီးသည်။
"အဲတာ physio မှာသင်တာလေ...ထပ်ပြီးတော့ပြောလိုက်အုံးမယ် သွေးကြောထဲကစွမ်းအင်တွေတောင် ကိုကိုဖန်ဆင်းပေးထားတာ"
မိုးသောက်ကြယ်က ရှေ့ကနေသူတို့စကားတွေကြောင့် တခွိခွိရယ်နေသည်။
ဆယ်မင်းဆက်ကတော့ ထမင်းမစားရသေးခင် ပုံမှန်ပြန်ဖြစ်သွားပြီပဲ ဖြစ်သည်။ အဆစ်အနေနှင့် သူ့ဗိုက်ထဲမှာလိပ်ပြာတွေပါပျံဝဲနေလေပြီ။
.................................................................
နေမဝင်သေးသည့်အချိန်မှာပဲ ဆယ်မင်းဆက်သည် ကိုကို့ဆီကိုရောက်လာသည်။ ကိုကိုကအလုပ်စားပွဲမှာထိုင်ကာ အလုပ်လုပ်နေသည်။ ဘေးနားမှာကော်ဖီခွက်အလွတ်ကို တွေ့ရပြီးကော်ဖီစက်ကိုပါ တွေ့လိုက်ရသည်။ သည်လောက်ဆိုကိုကို မထတမ်းအလုပ်လုပ်နေတာ သုံးနာရီလောက်ရှိနေပြီ။
"ကိုကို ကျွန်တော်နို့ဟင်းမလိုင်ဝယ်လာတယ်...မပူခင်သောက်ရအောင်"
သူလှမ်းအော်တော့ ကိုကိုကခေါင်းညိတ်ပြသည်။ ဆယ်မင်းဆက်၏တစ်နေ့တာသည် ကိုကိုနှင့်စပြီး ကိုကိုနှင့်အဆုံးသတ်မှသာ ပြည့်စုံသည်ဟု ခံစားရသည်။
"တစ်ဖက်သတ်အချစ်နဲ့ ပထမဆုံးအချစ်တွေက ကံမကောင်းတတ်ဘူး" ဟူသော
စကားကို သူကြားဖူးသည်။ ဆယ်မင်းဆက်၏စိတ်ကူးတွေက လွင့်နေပေမဲ့ သူသည်ဆိုဖာပေါ်မှာရှိနေသော ကိုကို့အပေါ်ဝတ်အင်္ကျီများကို သိမ်းဆည်းပေးလိုက်သည်။ အင်္ကျီတွေထဲကနေ လက်ကိုင်ပဝါအမဲရောင်တစ်ထည် ထွက်ကျလာသည်။
ကောက်ကိုင်လိုက်ပေမဲ့ သူ့နှာခေါင်းထဲရနံ့တစ်ခုရလိုက်သည်။ သူ့နှာခေါင်းနားထိရောက်အောင် တိုးကပ်ကြည့်လိုက်သည်။ ပြင်းရှရှရေမွှေးရနံ့က ဖျော့ဖျော့ပဲကျန်
တော့သည်။ ဒါသေချာပေါက် ကိုကို့လက်ကိုင်ပဝါမဟုတ်ဘူး။
ကိုကို့ပစ္စည်းမဟုတ်ဘဲ ကိုကို့အင်္ကျီထဲဘာလို့ရောက်နေတာလဲ...
ယောက်ျားသုံးရေမွှေးရနံ့က ဆယ်မင်းဆက်ကို စိတ်မသက်မသာ ဖြစ်စေသည်။ မသိလိုက်ဘဲ ထိုလက်ကိုင်ပဝါကိုလက်ထဲမှာ ခြေမွှမိသွားသည်။
ကိုကိုကသူ့အနားကိုရောက်လာသည်။
"အော် လက်ကိုင်ပဝါကဒီရောက်နေတာပဲ လျှော်မလို့လိုက်ရှာနေတာ"
ကိုကိုက ဆယ်မင်းဆက်လက်ထဲကနေ ဆွဲထုတ်သွားသည်။ ဆယ်မင်းဆက်သည် ကိုကို့မျက်နှာကို စူးစူးရဲရဲစိုက်ကြည့်မိသည်။
"ဒါကိုကို့လက်ကိုင်ပဝါမှမဟုတ်တာ"
"ဟုတ်တယ် သူများဟာ ခဏငှားထားတာပြန်လျှော်ပေးမလို့"
ဆယ်မင်းဆက်စိတ်အေးသွားသည်။ ဒါက သာမန်ပစ္စည်ငှားတာလေးပါပဲ။
"ထလေ နို့ဟင်းမလိုင်စားရအောင် အေးသွားလိမ့်မယ်"
နို့ဆီရောင်ပူနွေးပျစ်နေသည့် နို့ဟင်းမလိုင်ရည်၏ရနံ့သည် မွှေးပျံ့နေသည်။ အီကြာကွေးများ ကိုက်ထည့်ထားပြီး အပေါ်ကနေမလိုင်ဖတ်များ၊ မလိုင်ဂျိုးများ ပေါပေါထည့်ပေးထားကာ နို့စိမ်းအနည်းငယ် ပေါက်ထားသည်။ တစ်ဇွန်းဆိုတစ်ဇွန် ချိုချိုအီအီဖြင့် အရသာပြည့်ဝလှသည်။ နို့ဟင်းမလိုင်သည်
ဆယ်မင်းဆက်အကြိုက်ဆုံး စားစရာတစ်ခုဖြစ်သည်။
"ဘယ်ကဝယ်လာတာလဲ"
"ကျုံးဘေးက"
"အာ ၂၆ ၇၈ဘက်က"
"ဟုတ်တယ် ကောင်းတယ်မလား"
"ကောင်းတယ်"
ချိုစိမ့်စိမ့်စားစရာက သေချာပေါက် ဆယ်မင်းဆက်အကြိုက်ပင်။ ဆယ်လေးက သူသဘောကျသည့် စားစရာများကို နွေဦးကိုပါ သတိတရဝယ်လာကျွေးတတ်သည်။ ထိုကောင်လေးက
နဂိုဗီဇအကျင့်လေးကအစ နွေးထွေးလှသူဖြစ်သည်။
"သဘောကျတဲ့စားစရာကို ဝေမျှကျွေးတဲ့သူက ကိုယ့်ကိုချစ်လို့ပဲတဲ့ ငါဖတ်ဖူးတာ...ဆယ်လေး မင်းကငါ့ကိုတကယ်ချစ်တာပဲ"
"အဟွတ်"
ဆယ်မင်းဆက်သည် သောက်နေသည့်နို့ဟင်းမလိုင်သီးထွက်ဖို့ နည်းနည်းပဲလိုတော့သည်။ ကိုကို့မျက်နှာက ပကတိပုံမှန်။ ကိုကို ပြောသည့်ချစ်တယ်ဆိုတာ သူငယ်ချင်း၊ ညီအစ်ကို၊ မိဘဆွေမျိုးကြားက အချစ်ကိုရည်ရွယ်သည်။ ဆယ်မင်းဆက်မှာ တစ်ခဏလေးရင်ခုန်စိတ်လှုပ်ရှားသွားတာတော့ အမှန်ပဲ။
"အင်း ကိုကိုအခုမှသိတာလား"
ရည်းစားစကားကို အခုလိုချော်လဲရောထိုင်ပြောရလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။ အစ်ကိုကြီးတစ်ယောက်ကို ပူဆာသလိုမျိုး၊ ချွဲနွဲ့သလိုမျိုးပုံစံနှင့် "ချစ်တယ်"ဟူသောစကားကို သူကိုကို့ကို ခဏခဏပြောလို့ရသည့်တိုင် သူမပြောခဲ့ပေ။
သူဒီလိုမျိုး ခံစားချက်အစစ်မှန်ကိုရောထွေး မပစ်လိုက်နိုင်ပါ။ ကိုကိုက သူ့ချစ်စကားကြောင့် ရင်ခုန်သွားရမည်။ သေချာပေါက် စိတ်လှုပ်ရှားပျော်ရွှင်ရမည်။ သူ့ကို ယောက်ျားတစ်ယောက်လို ရှုမြင်ပြီး ထိုစကားမှာယစ်မူးပျော်ဝင်ရမည်။
"လိမ္မာ လိုက်တာ"
ကိုကိုက ဆယ်မင်းဆက်ဆံပင်များကို ဆွဲဖွလာသည်။ ဆယ်မင်းဆက်သည် ပြုံး၍သာငြိမ်ခံနေလိုက်သည်။
သူ့စိတ်ထဲမှာဟစ်အော်နေမိတာက ကျွန်တော် လိမ္မာတဲ့ညီလေးမဖြစ်ချင်တော့ဘူး ဟူ၍~