အခန်း (၃)
မချစ်သော်လည်း အောင့်ကာနမ်း
"အရှင်ဧကရာဇ်မင်းတရားကြီးဘုရား...ကိုယ်ရံတော်မှူး မိန်ဓိရာဇ် အခစားဝင်လာကြောင်း လျှောက်ထားအပ်ပါသည် ဘုရား...."
အမတ်မင်းတစ်ပါးမှ ဧကရာဇ်ဘုရင် ရာဇာသိင်္ဂါဩရသအား ကျယ်လောင်စွာ လျှောက်တင်လိုက်သည်နှင့်တစ်ပြိုင်နက် မိန်ဓိရာဇ်သည် အမျိုးသားအခြွေအရံအနည်းကျဉ်းနှင့်အတူ အခန့်သားကြွချီလာခဲ့သည်။
(စာအုပ်ကြီး။ ။ "ကောင်လေး...ရင်ကိုထပ်ကော့ထားအုံး")
(မိန်ဓိရာဇ်။ ။ "ဘယ်လောက်ထိ ရင်ကော့ထားရအုံးမှာလဲ... ဒီလောက်ထိ ရင်ကော့ ဖင်ကောက်ထားပြီး ကွန်ဖီးဒန့်အပြည်နဲ့စမတ်ကျကျလမ်းလျှောက်လာတာ ဒီလောက်အနေအထားဆို တော်ရောပေါ့။ တော်ကြာနေ ရင်အကော့လွန်ပြီး နို့တွေလည်း ကြီးလာပါအုံးမယ်ဗျာ")
(စာအုပ်ကြီး။ ။ " ဪ...နန်းတွင်းထဲမှာ ကိုယ်နေဟန်ထားကလည်း အရေးကြီးဆုံးပဲ၊ မင်း လက်ပြင်ကျောကုန်းပြီး လျှောက်နေမှာစိုးလို့ ပြောရတာကွ၊ မျက်နှာကိုလည်း ထပ်ပြုံးထားအုံး")
(မိန်ဓိရာဇ်။ ။ "အဲဒီလောက်ထိ စိတ်မပူနေပါနဲ့ဗျာ...ကျွန်တော် အကောင်းဆုံးလုပ်နေပါတယ်")
မိန်ဓိရာဇ်လည်း သူ၏ရင်ဘတ်ကို ရှေ့သို့ထပ်ကော့လိုက်ကာ ကတ္တီပါကော်ဇော်လျှောက်လှမ်းတစ်လျှောက်ပေါ်သို့ ခြေတစ်လှမ်း မာန်ဝင့်ချီကာ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းလာခဲ့သည်။ ဘုရင့်ရာဇပလ္လင်တော်နှင့် ၁၀ ပေအကွာသို့ရောက်သောအခါ မိန်ဓိရာဇ်သည် အမျိုးသားအခြွေအရံနှစ်ယောက်နှင့်အတူ ဒူးနှစ်ဖက်ထောက်လိုက်ကာ ဘုရင်မင်းမြတ်အား အရိုအသေပေးလျက် ခေါင်းငုံ့လိုက်၏။
ဘုရင်မင်းကြီး ရာဇာသိင်္ဂါဩရသလည်း ကျန်းကျန်းမာမာရှိနေသော မိန်ဓိရာဇ်ကိုမြင်လိုက်သည့်အခါ အံ့ဩဖွယ်မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။
အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါလည်း မိန်ဓိရာဇ်ကိုမြင်လျှင် အံ့အားသင့်သွားပြီး ပြုံးမိသည်။
"လျှောက်တင်အပ်ပါသည် အရှင်ဧကရာဇ်မင်းတရားကြီးဘုရား...ကျွန်တော်မျိုး မိန်ဓရာဇ်သည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယခုအချိန်ကစပြီး တာဝန်ပြန်လည်ထမ်းဆောင်ခွင့်ပြုတော်မူပါ ဘုရား"
"ကောင်းပေစွ အသင်မိန်ဓိရာဇ်...ယခုကဲ့သို့ ပြန်လည်ကျန်းမာလာသည်ကို မြင်ရသည်မှာ အလွန်ကျက်သရေမင်္ဂလာရှိလှသော မြင်ကွင်းတစ်ခုပါပေ"
(မိန်ဓိရာဇ်။ ။ "ဒါဆို အရင်နေ့တွေက ကျက်သရေတစ်စက်မှ မရှိဘူးလို့ ပြောချင်တာပေါ့လေ၊ ဘုရင်ကလည်း စတွေ့တာနဲ့ ဖဲ့လိုက်တာ")
(စာအုပ်ကြီး။ ။ " အဲဒီလောက်ထိ အထအနကောက်မနေနဲ့၊ ဒါ နန်းတွင်းမှာ ပုံမှန်ပြောနေကျပဲ၊ အရင်နေ့တွေက မင်းပုံစံကလည်း မျောက်ဝံမကြီးလင်ပူမိနေတဲ့ရုပ်ဖြစ်နေတာကိုး")
(မိန်ဓိရာဇ်။ ။ " ခင်ဗျားပြောမှ ပိုဆိုးကုန်ပြီ၊ ခုရော ဒီဘုရင်ကို ဘာဆက်ပြောရမှာလဲ သင်ပေးအုံး")
ဤသို့ဖြင့် မိန်ဓိရာဇ်လည်း စာအုပ်ကြီး၏သင်ကြားပြောဆိုပေးမှုကို စိတ်ကြားခံနယ်မှတစ်ဆင့် အထောက်အပံ့ရယူ၍ မင်းတရားအား လျှောက်ထားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မိန်ဓိရာဇ်တစ်ယောက် အချိန်မီအလျှောက်ကောင်း၍ ရာထူးဖြုတ်ချခံရခြင်းမှ ကင်းလွတ်သွားခဲ့သည်။ သို့မဟုတ်လျှင် မိန်ဓိရာဇ်၏ရာဇဝင်သည် တစ်မျိုးတစ်မည်ပြောင်းလဲသွားနိုင်ပေသည်။
ဧကရာဇ်မင်းတရားသည် မိန်ဓိရာဇ်ကို သားတော်သဖွယ်သတ်မှတ်ခဲ့ပြီး အခွင့်အရေးများပိုမိုပေးခဲ့သည့်အတွက် နန်းတွင်းရှိအမတ်ကြီးများသာမက စစ်သူကြီးများကလည်း မိန်ဓိရာဇ်ကို တစ်ချိန်လုံးအခဲမကျေဖြစ်နေခဲ့ကြသည်။ ယခုတွင်လည်း မိန်ဓိရာဇ်နှင့်မင်းကြီးတို့ စကားပြောနေစဥ် အသံတိုးတိုးဖြင့် အတင်းအဖျင်းပြောနေခဲ့ကြသည်ကို မိန်ဓိရာဇ်က နားပါးစွာ ကြားခဲ့သည်။
ဘုရင်မင်းမြတ်ကို မျက်နှာမူထားရာမှ မသိမသာ ခေါင်းအနည်းငယ်တိမ်းစောင်း၍ ဘေးဘက်ကို မျက်လုံးစွေစောင်းကြည့်လိုက်လျှင် ထိုအဘိုးကြီးများက သူ့ကိုမျက်မှောင်ကုတ်ကာ မထီမဲ့မြင် အထင်သေးသောအကြည့်များစွာဖြင့် ကြည့်နေခဲ့ကြ၏။
ထိုစဥ် သူ့နားထဲတွင် ယင်းတတွတ်တွတ်ပြောနေသောစကားသံများကို သေချာအာရုံစိုက်နားထောင်လိုက်သည့်အခါ ယင်းစကားများကြားတွင် စကားလုံးတစ်လုံးအား ပီပီသသကြားလိုက်ရသည်။
"ကျွန်ကောင်"
မိန်ဓိရာဇ်လည်း ထိုစကားလုံးကြားကြားချင်း နဖူးကြောအနည်းငယ်တွန့်ကာ မျက်ခုံးပင့်သက်သွားသည်။
(မိန်ဓိရာဇ်။ ။ " အဲဒီအဘိုးကြီးတွေက ကျွန်တော့်အတင်း ပြောနေကြတာလား")
(စာအုပ်ကြီး။ ။ " အေး...သူတို့က မင်းကိုတွေ့တာနဲ့ အမြဲတမ်း အတင်းပြောနေကြတာပဲ၊ ငါ ပြောခဲ့သလိုပဲ၊ ဘုရင်မင်းမြတ်က မင်းကိုသူတို့အားလုံးထက် ပိုအခွင့်အရေးပေးပြီး သားတော်အရင်းနဲ့တန်းတူ ဖူးဖူးမှုတ်ထားလို့ မကျေနပ်နေကြတာပေါ့ကွာ")
(မိန်ဓိရာဇ်။ ။ " မိန်ဓိရာဇ်လည်း သူ့စန်းနဲ့သူ့ကံ ဒီလိုတွေဖြစ်လာတာပဲကို....လူတွေများ သိပ်ရွံဖို့ကောင်းတယ်")
ဧကရာဇ်ဘုရင် ရာဇာသိင်္ဂါဩရသလည်း ဟန်အမူအရာ အနည်းငယ်ပျက်နေသော မိန်ဓိရာဇ်ကိုကြည့်ရင်း စကားလှမ်းပြောလိုက်သည်။
"အသင်မိန်ဓိရာဇ်...ယနေ့တော့ သင့်အဆောင်တော်၌သာ ပြန်လည်အနားယူပါလော့။ မနက်ဖြန်ရောက်မှသာ တာဝန်ပြန်ထမ်းဆောင်လိုက်ပါ။"
"အမိန့်တော်မြတ်အတိုင်းပါ ဘုရား"
မိန်ဓိရာဇ်လည်း ရိုသေစွာလျှောက်တင်ပြီးနောက် နန်းတော်ခန်းမဆောင်ကြီးထဲကနေ သူ၏အမျိုးသားအခြွေအရံများနှင့် နန်းဆောင်အပြင်သို့ ရင်ကော့တင်ကောက်ကာ ထွက်လာခဲ့သည်။
နန်းရေပြင်လမ်းတစ်လျှောက်တွင် မိန်ဓိရာဇ်တို့ကိုတွေ့သူ နန်းတွင်းအပျိုတော်တိုင်းက ငေးကြည့်နေကြကာ ပြုံးနေကြသည်။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကိုတွေ့ သော နန်းတွင်းမင်းညီမင်းသားတစ်ချို့နှင့် နန်းတွင်းအမျိုးနွယ်မြင့်ပုဂ္ဂိုလ်တစ်ချို့မှာ အထင်သေးသောမျက်လုံးများဖြင့်ကြည့်ကာ နှာခေါင်းရှုံ့ကုန်သည်။
မိန်ဓိရာဇ်ကမူ မည်သူ့ကိုမျှ ဂရုစိုက်ခြင်းမရှိဘဲ ရင်ကော့ မေးငေါ့ကာ မြောက်ကြွမြောက်ကြွ လမ်းလျှောက်လာသည်။ နန်းတော်ဝန်းကြီး၏လမ်းတစ်ဝက်အရောက်တွင် မင်းညီမင်းသားတစ်ချို့မှာ မိန်ဓိရာဇ်ရှေ့ကနေ ပိတ်ရပ်ခဲ့ကြသည်။
"ကျွန်ကောင် လျှောက်လာ၍နေမည်...မဟာပထဝီမြေကြီးတောင် ကျွန်ရောင်လွှမ်းသွားပေသည် ဟားဟား"
ကိုယ်ယောင်ဖျောက်ထားသော စာအုပ်ကြီးမှာ မွန်ဓိရာဇ်နှင့် ရန်စနေသောမင်းသားကြားတွင် ဝဲပျံလာ၏။
"ကောင်လေး...သူ့နာမည်က သီဟလင်္ကာ အနော်မဟာပတေ့ပဲ"
"ခုနှစ်ဘဝလောက် ရှည်တဲ့နာမည်ပိုင်ရှင်ကို ခုမှပဲ အရှင်လတ်လတ်တွေ့ဖူးတော့တယ်"
"ဖြောင်ခေတ်မှာ သူ့ထက်ရှည်တဲ့နာမည်တွေအများကြီးပဲ။ မင်းကျောင်းမှာ သမိုင်းစာတွေကျေညက်ခဲ့ရင် သိမှာပေါ့"
"ဟင့်အင်း မကျေဘူး။ သမိုင်းကို ကျွန်တော့်မိဘတွေက သမိုင်းပညာရှင်တွေမို့သာ သမိုင်းယူခဲ့တာ။ အမြဲတမ်း စာမေးပွဲဖြေခံနီး တစ်ပတ်အလိုမှ စာလုပ်တဲ့လူ။ Tutorial တွေကိုဆို မနက်ဖြန်ဖြေမှ ဒီနေ့လိုစာလေ့လာတာ။ တစ်ခါတလေဆို မကြည့်ဘဲ ရွှီးဖြေထားတောင် အောင်တယ်လေ။"
" စာမကျေလည်း ငါရှင်းပြရမှာပဲ။ အခု ဒီတစ်ယောက်က အိမ်ရှေ့စံမင်းသား ရာဇသိင်္ဂါရဲ့ အစ်ကိုတော်ဝမ်းကွဲပေါ့။ သူ့ကိုတော့ သီဟလင်္ကာဆိုပြီး အတိုကောက်ခေါ်ကြတယ်။ မိန်ဓိရာဇ်ကို ငယ်ငယ်ကတည်းက တွေ့တိုင်းအနိုင်ကျင့်ခဲ့တာ သူပဲ။ မိန်ဓိရာဇ် ဧကရာဇ်ဖြစ်လာတော့ အဲ့အရိုင်းအစိုင်းကောင်ကို အရှင်လတ်လတ်မီးမြိုက်ပြီး သူကိုယ်တိုင် ခေါင်းဖြတ်ပြီး အပိုင်းပိုင်းခုတ်သတ်ခဲ့တယ်။"
မင်းသား သီဟလင်္ကာ အနော်မဟာပတေ့သည် ဧကရာဇ်ဘုရင် ရာဇာသိင်္ဂါဩရသ၏ညီတော် လင်္ကာဓနပတိ တေဇောစည်သူ၏ သားတော်ကြီးဖြစ်၏။ အတိုကောက်သည် သီဟလင်္ကာပင်။ သူသည် အလွန်မောက်မာဝင့်ကြွားတတ်ကာ အမြဲတစ်ကိုယ်ကောင်းဆန်သည်။ ရိုင်းစိုင်းကြမ်းကြုတ်ခက်ထန်သော နန်းတွင်းလူရမ်းကား လူမိုက်တစ်ဦးသာ။
ယခင်မိန်ဓိရာဇ်ကိုလည်း အမြဲလို ထိပ်တိုက်တွေ့သည်နှင့် ရန်ရှာတတ်လေ့ရှိခဲ့ရာ မိန်ဓိရာဇ်မှာလည်း ထိုမင်းသား သီဟလင်္ကာအပေါ် နှစ်လကြာရှည်စွာ ရန်ငြိုးထုထည်ကြီးမားခဲ့လေသည်။
"အဟက်...မိန်ဓိရာဇ် မကောင်းဆိုးဝါးဖြစ်လည်း ဖြစ်ချင်စရာပဲ။ ဒီနန်းတွင်းတစ်ခုလုံးမှာ သူ့ကိုကြိုဆိုချင်တဲ့လူက ခပ်ရှားရှားပဲ။ သူ သတ်ပစ်တာတောင် နည်းသေးတယ်ပြောရမယ်။"
မိန်ဓိရာဇ်က စိတ်အလိုမကျသည့်လေသံဖြင့် ကောက်ချက်ချလိုက်သည်။ စာအုပ်ကြီးက သက်ပြင်းချလိုက်ပြီး မိန်ဓိရာဇ်ကို ပြန်ဖြောင်းဖြဖို့ ကြိုးစားစဥ် မိန်ဓိရာဇ်က စာအုပ်ကြီးနှင့် သီလလင်္ကာဆီသို့ကျော်ကာ ရှေ့သို့သာ ပြုံးပြုံးကြီးဦးတည်လမ်းလျှောက်ခဲ့၏။
သီဟလင်္ကာလည်း သူ့အားအသက်မရှိသလို အဖက်မလုပ်ကာ မထီမဲ့မြင်ပြုမူသွားသဖြင့် ရင်ထဲတွင် နာကျင်သွားသည်။ ထို့ကြောင့် မိန်ဓိရာဇ်၏ပခုံးအား စိတ်ဆိုးဆိုးနောက်သို့ဆွဲလိုက်သည်။
"ဟေ့ ကျွန်ကောင်...အဘယ့်ကြောင့် အကျွန်ုပ်ကို ပြန်မထူးသနည်း"
သီဟလင်္ကာက စိမ်းဝါးသောမျက်ဝန်းများဖြင့် မိန်ဓိရာဇ်ကို အမျက်ဒေါသတကြီး အော်ဟစ်ခဲ့သော်လည်း မိန်ဓိရာဇ်ကပြုံးမြဲပြုံးဆဲ။ သီဟလင်္ကာဘက်သို့ မျက်နှာမူကာ အရိုအသေပြုခဲ့သည်။ ဤတစ်ချိန်တွင် မိန်ဓိရာဇ်သည် ဖြောင်ခေတ်စကားပြောကို အရှိန်ရပါလာသဖြင့် စာအုပ်ကြီး၏အကူအညီမပါဘဲ သူ့ဘာသူ ကျွမ်းကျင်စွာ ပြောနိုင်ခဲ့သည်။
" အို အရှင့်သားက ကျွန်ုပ် မိန်ဓိရာဇ်ကို မည်သည့်အချိန်တုန်းက ခေါ်ခဲ့သနည်း။ ကျွန်ုဖြင့် ကြားတောင်မကြားလိုက်ပေ"
"ဟေ့ ကျွန်ကောင်လို့ ခေါ်ခဲ့သည်မှာ သင့်ကိုခေါ်ခဲ့ခြင်းပင် ဖြစ်လေစွ"
"ကျွန်ကောင်သည် ကျွန်ုပ် မိန်ဓိရာဇ်၏အမည်နာမ မဟုတ်ပါပေ။ မိန်ဓိရာဇ်သည်သာ ကျွန်ုပ်၏အမည်နာမစင်စစ်ဖြစ်သည်။ ရွှေနန်းတော်ရှိ ဧကရာဇ်ဘုရင်မင်းတရားကြီးထံ တာဝန်ထမ်းဆောင်နေသည့် ကိုယ်ရံတော်မှူး မိန်ဓိရာဇ်ပါပေ။ ယခုတွင် အလျက်လိုနေသဖြင့် အကျွန်ုပ်ကို ခွင့်ပြုပါလော့။"
"ရာရာစစ သင်လိုကျွန်ကောင်ကများ ကျွန်ုပ်ကဲ့သို့ တော်ဝင်သွေးနှောသည့် အရှင်သခင်အား မထီမဲ့မြင်ပြုဝံ့သည်"
(မိန်ဓိရာဇ်။ ။ "အား.....ဒီခွေးကောင်...သောက်ရမ်းအရစ်ရှည်တယ်၊ အရင်မိန်ဓိရာဇ်မပြောနဲ့၊ ငါတောင် သတ်ပစ်ချင်မိပြီ")
(စာအုပ်ကြီး။ ။ "စိတ်လျှော့စမ်းပါ...သူတို့ကအမြဲမင်းကို မိထွေးမုန်း၊ ဘထွေးမုန်း မုန်းနေကြလို့ အခုလို ဘာမဟုတ်တာလေးနဲ့လည်း မင်းအကြောင်း ဘုရင်ကြီးကို သွားတိုင်တန်းကြတာပဲ၊ သတိထားရင်း စိတ်ရှည်ရှည်ဖြေရှင်း၊ ဒီကိစ္စလေးနဲ့ အတိုင်မခံရစေနဲ့၊ လိမ္မာပါးနပ်ပါစေ)
(မိန်ဓိရာဇ်။ ။ "အား...တကယ်ဂွကျတာပါပဲ၊ ဒီလိုမိန်းမလိုမိန်းမရစိတ်နဲ့သေနာကောင်တွေက ဒိုင်နိုဆောတွေနဲ့မျိုးတုန်းခဲ့ရမှာ")
(စာအုပ်ကြီး။ ။ " ဒေါသကိုရှေ့တန်းမတင်ဘဲ စိတ်အေးအေးထား အလိမ္မာသုံးပြီး ဖြေရှင်းလိုက်")
မိန်ဓိရာဇ်လည်း ကြံရမရဖြစ်ကာ သူ့သွားမည့်လမ်းတွင် ပိတ်ရပ်နေသော သီဟလင်္ကာရှေ့တွင် ဒူးထောက်လိုက်ပြီးနောက် မင်းသား သီဟလင်္ကာ၏ညာလက်ကို အသာအယာမြှောက်လိုက်သည်။ မင်းသား သီဟလင်္ကာနှင့်အပေါင်းအပါများလည်း မိန်ဓိရာဇ်၏ထူးထူးဆန်းဆန်းအပြုအမူကို မျက်လုံးလေးပေကလည်ပေကလည်ဖြင့် ကြည့်နေခဲ့၏။
ထိုစဥ် မိန်ဓိရာဇ်၏ပိုထူးဆန်းသောအပြုအမူကြောင့် အားလုံးမှာ ပါးစပ်အဟောင်းသားနှင့်မျက်လုံးပြူးကုန်ကြ၏။
သူပြုမူလိုက်သည်မှာ မင်းသား သီဟလင်္ကာ၏ညာလက်ဖမိုးကို နမ်းလိုက်ခြင်းပင်။ လက်ဖဖိုးကို ၁ မိနစ်ကျော်ကြာအောင် နမ်းခဲ့ပြီးနောက် ခေါင်းမော့လာကာ မင်းသား သီဟလင်္ကာကို ပြုံးပြုံးကြီးကြည့်လိုက်ရင်း....
"အရှင်မင်းသားကဲ့သို့ လှပချောမော၍ ဘုန်းတန်ခိုးဩဇာကြီးမားသော မင်းသားတစ်ပါးကို အကျွန်ုပ် မိန်ဓိရာဇ် မထီမဲ့မြင် မပြုဝံ့ဘဲ ချစ်ခင်မြတ်နိုးလှပါသည်။ အကျွန်ုပ်၏နာမည်သည် မိန်ဓိရာဇ် ဖြစ်လင့်ကစား မိန်ဓိရာဇ်လို့ခေါ်မှသာ ထူးနိုင်ပါမည်။"
မိန်ဓိရာဇ်ဘက်က မင်းသား သီဟလင်္ကာအာ ရွှေတော်ကီခြွေကာ ဖလစ်တင်းပြုလုပ်ပြီးသည်နှင့် ထပ်မံ၍ ညာလက်ဖမိုးအား ထပ်နမ်းရှိုက်ခဲ့၏။
မင်းသား သီဟလင်္ကာ၏မျက်နှာတစ်ခုလုံးသည် နီရဲတွတ်လာကာ သူ့နှလုံးသားမှာ ရင်တဒိတ်ဒိတ်ဖြင့် ခုန်နှုန်းမြန်လာသည်။ ထို့နောက် အသိစိတ်ဝင်ကာ မင်းသား သီဟလင်္ကာလည်း ရှက်ရှက်ဖြင့် သူ့လက်ကို မိန်ဓိရာဇ် ဆက်မနမ်းစေရန် ဆတ်ခနဲ နောက်သို့ဆုတ်လိုက်ရသည်။
"အသင်...ဒါ...ဒါ...."
"ကျွန်ုပ် မိန်ဓိရာဇ်ကို အမျက်တော်ပြေပြီး လမ်းဖယ်ပေးပါလော့"
မမျှော်လင့်ထားသော ရင်ဖိုစရာအဖြစ်အပျက်ကြောင့် စကားကို အထစ် အထစ်နှင့် စိတ်ဆိုးတုံ့ပြန်ရန် ခက်ခဲနေခဲ့သော မင်းသား သီဟလင်္ကာနှင့်သူ၏အပေါင်းအပါများလည်း မိန်ဓိရာဇ်တို့ကို လမ်းဖယ်ပေးလိုက်ကြသည်။
ကြိတ်မနိုင်ခဲမရနှင့် ရှက်သွေးဖြန်းကာ ကျန်ရစ်ခဲ့သော မင်းသား သီဟလင်္ကာလည်း ရှက်ရှက်နှင့် သူ၏နန်းဆောင်သို့ အလျင်အမြန် လမ်းလျှောက်သွားတော့သည်။
စာအုပ်ကြီးအပါအဝင် မိန်ဓိရာဇ်၏အမျိုးသားအခြွေအရံများ၊ မင်းသား သီဟလင်္ကာ၏မင်းညီမင်းသားအပေါင်းအပါများသာမက နန်းရေပြင်အတွင်း ဖြတ်သန်းသွားလာနေကြသော နန်းတွင်းသူ နန်းတွင်းသားများနှင့် တာဝန်ကျကင်းလှည့်နေကြသော ရဲမက်များအပေါင်းတို့မှာ အဝေးမှ သူတို့မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ကြသည်။
အဝေးကနေ ရှိုးပွဲကြည့်နေကြသော ထိုပုဂ္ဂိုလ်အပေါင်းတို့လည်း မိန်ဓိရာဇ်နှင့် မင်းသား သီဟလင်္ကာတို့ ကျောခိုင်းသွားကြပြီးနောက် ချက်ချင်းအတင်းတုတ်ကြကုန်၏။
ထို့နောက် နေ့တွင်းချင်းပင် ဘုရင့်ကိုယ်ရံတော်မှူး မိန်ဓိရာဇ်မှာ မင်းသား သီဟလင်္ကာ အနော်မဟာပတေ့၏လက်ဖမိုးအား ယုယကြင်နာစွာနမ်းခဲ့သည်ဟူသောသတင်းသည် နန်းတွင်းအရပ်လေးမျက်နှာစလုံးကို ပျံ့နှံ့သွားတော့သည်။
မိန်ဓိရာဇ်၏အဆောင်တော်သို့ ပြန်လာရာလမ်း၌....
"ဟေ့ကောင်လေး...မင်းသား သီဟလင်္ကာလက်ကို ဘာလို့နမ်းလိုက်တာတုန်း"
"ခင်ဗျားပဲ ဒေါသရှေ့တန်းမတင်ဘဲ အလိမ္မာသုံးပြီး ဖြေရှင်းလိုက်ဆို...ကျွန်တော့်မယ် သူ့ကိုနမ်းချင်နေတာမဟုတ်ဘူး၊ ဆွဲထိုးချင်နေတာဗျ။ ဒါပေမဲ့ သူ့ကြည့်ရတာ တော်တော်လေးရှက်သွားတဲ့ပုံပဲ ဟားဟား..."
စာအုပ်ကြီး၏မျက်လုံးအိမ်များလည်း ကျဉ်းမြောင်းသွားလျက် စိတ်လေနေသောမျက်နှာပေးဖြင့် မိန်ဓိရာဇ်ကိုပြောလိုက်သည်မှာ...
"ဒီကောင်လေးကတော့ တကယ်ပါပဲ။ အရင်တစ်ချိန်က မိန်ဓိရာဇ်ထက်တောင် အခုမိန်ဓိရာဇ်က ပိုဆိုးနေပြီလား"
══════ ◈ ═══════
Wed/ August 2
11:29 pm