နွေဦးသည် နောက်တစ်ဖန်

By Sparkle_Shoon

102K 7.8K 437

အကယ်၍ ချစ်ခြင်းမေတ္တာနဲ့ နွေဦးသာမရှိရင် ဘဝနေ့ရက်တွေက အလွန်တရာ ဝမ်းနည်းအထီးကျန်ဖို့ ကောင်းလိမ့်မှာပဲ။ More

အမှာစာ
Chapter (1)
Chapter (1) Zawgyi
Chapter (2)
Chapter (2) Zawgyi
Chapter (3)
Chapter (3) Zawgyi
Chapter (4)
Chapter (4) Zawgyi
Chapter (5)
Chapter (5) Zawgyi
Chapter (6)
Chapter (6) Zawgyi
Chapter (7)
Chapter (7) Zawgyi
Chapter (8)
Chapter (8) Zawgyi
Chapter (9)
Chapter (9) Zawgyi
Chapter (10)
Chapter (10) Zawgyi
Chapter (11)
Chapter (11) Zawgyi
Chapter (12)
Chapter (12) Zawgyi
Chapter (13)
Chapter (13) Zawgyi
Chapter (14)
Chapter (14) Zawgyi
Chapter (15)
Chapter (16)
Chapter (16) Zawgyi
Chapter (17)
Chapter (17) Zawgyi
Chapter (18)
Chapter (18) Zawgyi
Chapter (19)
Chapter (19) Zawgyi
Chapter (20)
Chapter (20) Zawgyi
Chapter (21)
Chapter (21) Zawgyi
Chapter (22)
Chapter (22) Zawgyi
Chapter (23)
Chapter (23) Zawgyi
Chapter (24)
Chapter (24) Zawgyi
Chapter (25)
Chapter (25) Zawgyi
Chapter (26)
Chapter (26) Zawgyi
Chapter (27)
Chapter (27) Zawgyi
Chapter (28)
Chapter (28) Zawgyi
Chapter (29)
Chapter (29) Zawgyi
Chapter (30)
Chapter (30) Zawgyi
Chapter (31)
Chapter (31) Zawgyi
Chapter (32)
Chapter (32) Zawgyi
Chapter (33)
Chapter (33) Zawgyi
Chapter (34)
Chapter (34) Zawgyi
Chapter (35)
Chapter (35) Zawgyi
Chapter (36)
Chapter (36) Zawgyi
Chapter (37) ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Extra

Chapter (15) Zawgyi

487 13 0
By Sparkle_Shoon

နွေရာသီသည် ဖြည်းဖြည်းချင်းကုန်ဆုံးသွားခဲ့သည်။ လေပြင်းကြမ်းများရံဖန်ရံခါတိုက်၍ ခြောက်သွေ့ပူပြင်းသော နေ့ရက်များက ကုန်လွန်လို့သွားသည်။ မိုးကောင်းကင်တစ်ခွင်သည် အုံ့အုံ့မှိုင်း၍
ကြည်လင်တောက်ပသော ကောင်းကင်ပြာပြာတွင် တိမ်မဲများကနေရာယူတတ်လာသည်။ ဇွန်၊ ဇူလိုင်လများတွင် ကွက်ကျားမိုးများ ရံဖန်ရံခါရွာသွန်းတတ်၏။ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျ၍ မိုးသည်းထန်စွာရွာသွန်းသော ကာလကိုရောက်လာသည်။

ဘဝနေ့ရက်များသည်အရှေ့ကိုပုံမှန်အတိုင်း ဆက်သွားနေသည်။ နွေဦး၏ဘဝနေ့ရက်များသည်လည်း အလုပ်နှင့်အိမ်နှစ်ခုကို ပတ်လည်ရိုက်၍ သဘာဝကျကျသာဖြတ်သန်းလျက်ရှိသည်။

သူသည် ကွန်ဒိုမှာတစ်ယောက်တည်းနေရသော ဘဝကိုနေသားကျခဲ့ပြီ။ ညဘက်ဆို ဝရန်တာ၌ဆေးလိပ်တစ်လိပ်သောက်၍ ဥဒဟိုသွားလာနေသော ယာဉ်များနှင့်
လူများကို ငေးကြည့်ရင်းအချိန်ဖြုန်းတတ်လာပြီ။

နွေဦးသည် လက်ထပ်အိမ်ထောင်ပြုပြီး ဘဝသစ်ကိုထူထောင်မည်ဟု အစီအစဉ်ဆွဲခဲ့ဖူးသည်။ ယခုတော့ စီစဉ်ထားသလိုမဖြစ်။ ကံကြမ္မာ၏အလှည့်အပြောင်းကို သူသည်လက်ခံတတ်ခဲ့ပြီ။ ယခုနွေဦးသည် တစ်ယောက်တည်းဘဝကို ကြိုးစားခုံမင်စွာ ရပ်တည်နေ၏။

ဆယ်မင်းဆက်သည် နောက်ဆုံးနှစ်ကျောင်းသား ဖြစ်သွားပြီမို့ ဆေးရုံ၊ အတန်းနှင့်ကျူရှင်များစွာကို ပတ်သွားကာ သူ့ဟာသူပင်အချိန်မလောက်။ ဆယ်မင်းဆက်သည် Always Bar ဆိုင်ကိုလုံးလုံးလျားလျား လက်လျှော့လိုက်ပြီဖြစ်သည်။ တစ်ပတ်တစ်ခါအစည်းအဝေးများမှာပဲ ဝင်ပါတော့၏။ သို့ပေမဲ့ နွေဦးနှင့်တော့ အရင်အတိုင်းပဲ အခင်အမင်မပျက်ပါချေ။ နှစ်ယောက်သား အရင်ကလို နေ့တိုင်းနီးပါးမတွေ့ရတော့တာပဲရှိသည်။

သို့သည့်တိုင် ဆယ်မင်းဆက်သည် မကြာခဏဆိုသလို ည၉နာရီလောက် နွေဦး ကွန်ဒိုဆီ ရောက်လာတတ်သည်။ နွေဦး
အနားမှာ စာလုပ်တတ်သည်။ တစ်ခါတစ်ရံ ကြောင်တစ်ကောင်လို နွေဦး
ခြေသလုံးကိုဖက်ကာ လွန်စွာပင်ပန်းကြောင်း ညည်းညူတတ်၏။ ထိုအခါများတွင်တော့ နွေဦးသည်ကော်ဖီဖျော်ပေးတာပဲဖြစ်ဖြစ် ခဏနားဖို့အကြံပေးတာပဲဖြစ်ဖြစ် လုပ်ပေးတတ်သည်။

ဆယ်မင်းဆက်လာသောညများတွင် နွေဦးသည် ဝရန်တာမှာထွက်၍ အရက်မသောက်တော့ပေ။ စိတ်ကူးစိတ်သန်းများ ကွန့်မြူးစွာဖြင့် ဗိသုကာဒီဇိုင်းပုံများကို ကြိုးကြိုးစားစား ဆွဲလေ့ရှိသည်။ ထိုကလေးက ညအိပ်ပြီးလျှင် မနက်ကျောင်းကို သူ့ကွန်ဒိုဆီကနေပဲတန်းသွားသည်။ ထိုအခါများတွင် နွေဦးက ဆယ်မင်းဆက်အတွက် မနက်စာပါအသင့်ပြင်ပေးထားရသည်။

ဆယ်မင်းဆက်သည် ပိုပိုပြီး ရင့်ကျက်တည်ငြိမ်လာသည်။ စာအမြဲတမ်းလုပ်နေရသော ခပ်အေးအေးတက္ကသိုလ်ကျောင်းသားပုံစံ ပေါက်သွားခဲ့သည်။ Always Barကိုလည်း အမြဲတမ်းမသွားရတော့သဖြင့် ညအချိန်ခါတွင်တက်ကြွရွှင်လန်းတတ်သော ခေတ်လူငယ်ပုံစံလေး
သည် တစ်စစနှင့်ပျောက်ကွယ်လို့သွားသည်။ ဆယ်မင်းဆက်သည် နွေဦးရှေ့မှောက်မှာပင် တစ်ဆင့်ချင်းပြောင်းလဲသွားခြင်းဖြစ်သည်။

ထိုကလေးသည် လွန်စွာလိမ္မာနေပြီဟု နွေဦးထင်ခဲ့သည်။ တနင်္ဂနွေတစ်ခုမှာ အန်တီမေခင်အိမ်သွားရင်းမှ ဆယ်လေးသည်ပုန်ကန်တတ်သောအကျင့်မပျောက်သေးကြောင်း သိလိုက်ရတော့သည်။


တနင်္ဂနွေပိတ်ရက်နေ့ခင်းတွင် အမေခိုင်းသဖြင့် အန်တီမေခင်တို့အိမ်ကို နွေဦးရောက်ခဲ့သည်။ ကိုလင်းမာန်ရှိလျှင်အလုပ်ကိစ္စပါတစ်ခါတည်းပြောသွားမည်ဟု တွေးထားသည်။ နေ့လယ်စာစားချိန်ကျော်နေတာမို့ အန်တီမေခင်မရှိလောက်ဟု နွေဦးထင်သည်။ ကိစ္စမရှိပါ။ အိမ်မှာရှိသောအလုပ်သမားကို အမေပေးခိုင်းသည်များကိုပေးပြီး ပြန်ခဲ့ရုံတင်။

အန်တီမေခင်တို့ အိမ်ရောက်သောအခါမှာတော့ သူအချိန်မှားကာရောက်လာမိကြောင်း သိလိုက်ရသည်။ အန်တီမေခင်
နှင့်ဆယ်လေးတို့ သားအမိနှစ်ယောက်စကားများနေခြင်းဖြစ်၏။ ထိုအချိန်တွင် နွေဦးကမီးဖိုခန်းထဲမှာ အမေပေးလိုက်သောပစ္စည်းတွေ နေရာချပေးရင်း ကိုလင်းမာန်နှင့်စကားပြောနေခြင်းဖြစ်သည်။

ဧည့်ခန်း၏အနောက်ဘက်တွင်ရှိသော
အန်တီမေခင်၏အခန်းကနေ သားအမိနှစ်ယောက်စကားများရင်း ထွက်လာကြသည်။ ကိုလင်းမာန်က မီးဖိုခန်းထဲကနေ ထွက်သွားသည်။ အန်တီမေခင်နှင့်ဆယ်လေးတို့က အကြီးအကျယ် ရန်ဖြစ်နေကြသည်မဟုတ်သော်လည်း သူတစ်ခွန်းငါတစ်ခွန်းဖြင့် စကားကိုအသံမာမာပြောနေကြခြင်းဖြစ်သည်။

"မာမီ့စကားကိုနားထောင်စမ်း"

"မာမီပြောနေတာက အကျိုးအကြောင်းမှမသင့်တာဗျာ ကျောင်းအပို့အကြိုကို မာမီကားမောင်းပေးမယ်ဆိုတာကြီးက မဖြစ်သင့်တာ"

"အဲတာဆို ကိုကြီးကို အပို့အကြိုလုပ်ခိုင်းဆိုတော့ မင်းကလက်မခံတာလေ"

"ဟာ ကိုကြီးအလုပ်များတာ မာမီလည်းသိရဲ့သားနဲ့...မမနဒီကိုလည်း အလုပ်ကနေကြိုရသေးတယ်လေ... ကျွန်တော့်ဘာသာ သူငယ်ချင်းတွေနဲ့စီစဉ်ပြီးသွားပါမယ်ဆိုမှ မာမီဘာတွေလက်မခံနိုင်ဖြစ်နေတာလဲ"

ကိုလင်းမာန်ကမီးဖိုခန်းထဲပြန်ဝင်လာသည်။ မျက်နှာကတော့ ဘာမှမထူးခြားဟန်ပုံမှန်။

"ဒီသားအမိနှစ်ယောက် ဖြစ်ကြပြန်ပြီ"

ကိုလင်းမာန်က ရယ်ကျဲကျဲနှင့်ဆိုလာသည်။ နွေဦးကတော့ သိချင်စိတ်ဖြင့်အသာနားစွင့်နေမိ၏။

သို့သော် ကိုလင်းမာန်က သူသိချင်တာတွေကို ဖြေပေးလာသည်။

"အိမ်က ဒရိုင်ဘာနှစ်ယောက်လုံးတစ်ပတ်ပဲခြားတယ် အလုပ်ထွက်သွားတာ တစ်ယောက်ကမင်္ဂလာဆောင်တော့မှာမို့ တစ်ယောက်ကျ အဖေနေမကောင်းလို့နယ်ပြန်မလို့တဲ့... အခုတော့ ဆယ်လေးရော မာမီရောသွားရေးလာရေး အဆင်မပြေဖြစ်နေကြတာ၊ မာမီကကားမောင်းတတ်တော့ အဆင်ပြေတယ်။ ဆယ်လေးအတွက်ပဲ စီစဉ်ပေးနေရတာ...အဲကိစ္စနဲ့ စကားများနေကြတာပါနွေဦးရာ"

"ဆယ်လေးက သူငယ်ချင်းတွေနဲ့ပဲ သွားမယ်လို့ပြောနေတာလား"

"ဟုတ်တယ် မာမီကလည်းအဲတာကိုစိတ်မချတာလေ"

နွေဦးတစ်ယောက် သက်ပြင်းအသာချလိုက်မိသည်။ သားအမိတွေ
သဘောထားမတိုက်ဆိုင်မှုက ကိစ္စသေးသေးလေးတောင် အဆင်မပြေချင်။ အန်တီမေခင်က သူမကိုယ်တိုင်လိုက်ပို့မည်ဟုပြောသည်ဆိုတော့ ဆယ်လေးကိုစိတ်မချမှုက တော်ရုံမဟုတ်။ သူသည် ဆယ်မင်းဆက်၏စိတ်ကိုနားလည်စွာဖြင့် သက်ပြင်းသာချမိသည်။


"ဆယ်လေး အရင်နှစ်တွေကလည်း မင်းဒီလိုပဲ ဒီသူငယ်ချင်းတွေနဲ့ပေါင်းပြီး ပျက်စီးချင်တိုင်းပျက်စီးခဲ့တာလေ ကျောင်းလဲ မှန်မှန်မတက်လို့ တိုင်စာထိပါရောက်လာတာ ဌာနမှူးနဲ့ပါသွားတွေ့ခဲ့ရတာ။ အဲတုန်းကလိုထပ်အဖြစ်မခံနိုင်တော့ဘူး...ကျောင်းနောက်ဆုံးနှစ်ကအရေးကြီးတယ် မာမီစိတ်မချနိုင်ဘူး"

မာမီ့စကားအဆုံးမှာ ဆယ်မင်းဆက်သည် သက်ပြင်းချမိသည်။ ဒါတွေအကုန်လုံး သူအရင်ကဆိုးမိုက်ခဲ့တာတွေချည်းပဲ။ ထိုစဉ်က ကျောင်းမှန်မှန်တက်ပေးမယ် ဘားဆိုင်ဖွင့်တာကိုလည်း လက်ခံပေးပါဆိုပြီး မာမီနဲ့အပေးအယူလုပ်ခဲ့မိတာ။ ဒါပေမဲ့ သူအခုတကယ်ပြောင်းလဲနေပြီပဲ။ သူငယ်ချင်းတွေကားနဲ့ပဲ လိုက်မယ်ဆိုတာက ကိုကြီးကိုရော မာမီ့ကိုရောဒုက္ခမပေးချင်တော့လို့။ အရင်နှစ်တွေတုန်းက ကျောင်းလုံးဝမတက်ဘဲ ဆိုးခဲ့မိုက်ခဲ့တာကလည်း ဒီပညာကိုလုံးဝစိတ်မပါခဲ့လို့ ဆန္ဒပြခဲ့တာ...သူ့သူငယ်ချင်းတွေနဲ့ဘာမှမဆိုင်..ဆယ်မင်းဆက်သည် အခုချိန်မှာ အိမ်ကမျက်စိဒေါက်ထောက်လိုက်ကြည့်ရမဲ့အရွယ်မဟုတ်တော့ဘူးဆိုတာ သိစေချင်တယ်။

"မင်းကိုကြီးမအားလည်း မာမီလိုက်ပို့နိုင်တယ်"

"မာမီလိုက်ပို့မယ်ဆိုတာကို ကျွန်တော်ကလက်မခံနိုင်တာ မာမီရာ ကျွန်တော့်ကိုနည်းနည်းလေးတော့ ယုံကြည်အုံးမှပေါ့... မျက်စိရှေ့မှာမြင်နေရမှယုံမယ်ဆိုတာကြီးကတော့ မဟုတ်သေးပါဘူး"

ဆယ်မင်းဆက်သည် စိတ်ပျက်လက်ပျက်ဖြင့်သာ ဆိုဖာခုံပေါ်ထိုင်ချလိုက်သည်။

ထိုစဉ် မီးဖိုခန်းထဲမှာရှိနေသည့်ကိုကြီးတစ်ယောက်ပြန်ထွက်လာသည်။ ကိုကြီးနောက်ကနေ လိုက်လာသူကိုမြင်လိုက်ရချိန်တွင် ဆယ်မင်းဆက်သည် စိတ်ပျက်ခြင်းများစွာဖြင့် မျက်နှာလွှဲမိလေတော့၏။

ကိုကိုပါရှိနေတာတဲ့လား...

သူ့ကိုယ်သူစိတ်ပျက်ခြင်းက ပိုသည်။ သူဘာမှမလုပ်တော့ပါဘဲ မာမီကအယုံအကြည်မရှိတော့ခြင်းကို သူသည်းမခံနိုင်လွန်း၍သာ။ ကိုကို့မျက်နှာကိုမြင်တော့ သူစိတ်ညစ်သွားသည်။ သူ၏ဆိုးဝါးရိုင်းပျလွန်းတဲ့ပုံကို ကိုကိုကမြင်သွားပြန်ပြီ။

"ဆယ်လေး ကိုကြီးအဆင်ပြေပါတယ်...မာမီကလဲ မာမီကလိုက်ပို့မယ်ဆိုတာတော့ ဆယ်လေးကဘယ်လိုလုပ်အဆင်ပြေပါ့မလဲ ငါလိုက်ပို့ပေးမယ်ဆယ်လေး ဒရိုင်ဘာအသစ်ရှာမရခင်အချိန်ထိ ငါအဆင်ပြေပါတယ်"

"ကိုကြီးက ဘာကိုအဆင်ပြေနေတာလဲ ကိုကြီးမှာအလုပ်လည်းရှိသေးတယ်လေ ကျွန်တော့်ကျူရှင်ချိန်တွေက မှန်တာမဟုတ်ဘူး...အဲတာကြောင့် အတူတူတက်နေတဲ့သူငယ်ချင်းတွေနဲ့သွားမှာ အဲတာကအဆင်ပြေဆုံးဆိုတာ ကိုကြီးလဲသိပါတယ်"

ဆယ်မင်းဆက်လေသံက အနည်းငယ်ပျော့ပျောင်းညင်သာသွားလေပြီ။ အကျိုးသင့်အကြောင်းသင့် ဖျောင်းဖျသောအသံဖြစ်သွားသည်။ ကိုကြီးလင်းမာန်က သူပြောတာကိုသဘောပေါက်သည်။

သို့ပေမဲ့ကိုလင်းမာန်အတွက်ကျ ဒီနည်းလမ်းကသာ သူတို့သားအမိကြားပြေလည်အောင် ဖြေရှင်းပေးနိုင်သည့်နည်းလမ်းဖြစ်နေတာမို့ပင်။

မိသားစုသုံးယောက်က ထိုပြဿနာအတွက် မတင်းသာမလျော့သာအခြေအနေဖြင့်ရှိနေကြသည်။ ဆယ်မင်းဆက်သည် ကိုကြီးလင်းမာန်ကိုသာ တစ်ပတ်နှစ်ပတ်လောက် ဒုက္ခပေးတော့မည်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။ ဘာမဟုတ်တဲ့ ပြဿနာလေးကို သူဆက်ပြီးခေါင်းမာဖို့မသင့်တော့။ မာမီစိတ်ချမ်းသာဖို့သာ သူတို့ညီအစ်ကိုနှစ်ယောက် ညှိပြီးအလျှော့ပေးလိုက်မည်။

"ဆယ်လေးရဲ့ ကျောင်းအပို့အကြိုနဲ့ ကျူရှင်ချိန်တွေအတွက် ကျွန်တော်တာဝန်ယူပေးပါ့မယ်"

နွေဦးဆီက စကားသံထွက်လာသည်။ အန်တီမေခင်ကို နွေဦးသည်ပြုံးပြကာ စကားဆက်ဆိုလိုက်သည်။

"ကိုလင်းမာန်ထက်စာရင် ကျွန်တော်ကပိုအားပါတယ်။ ဆယ်လေးအတွက် ကျွန်တော်အပို့အကြို လုပ်ပေးပါမယ်"

"မဟုတ်တာ နွေဦးရယ်...အန်တီတို့အဆင်ပြေပါတယ်...သားဘာမှ စိတ်မပူနဲ့"

"ဟုတ်ပါတယ် နွေဦးရာ။ ဒုက္ခမရှာပါနဲ့"

အားနာစိတ်အပြည့်နှင့်ငြင်းဆန်နေကြသည့် သားအမိနှစ်ယောက်ကိုကြည့်ကာ နွေဦးသည် သူကူညီနိုင်ကြောင်းသာ ပြောမိသည်။ သူ့အတွက်လည်း ပင်ပန်းသည့်ကိစ္စမဟုတ်တာမို့ ကူညီဖို့ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အန်တီမေခင်က သူနှင့်ဆိုလျှင် ဆယ်မင်းဆက်ကိုစိတ်ချသည်ဆိုတာကိုလည်း သိသည်။

"အန်တီမေခင် ကျွန်တော့်ကိုအားမနာပါနဲ့ ကျွန်တော့်အတွက်ဘာမှအပန်းကြီးတဲ့ကိစ္စမဟုတ်ဘူး၊ ကိုလင်းမာန်အတွက်လည်း ဝန်ပိပါတယ်...ဆယ်လေး မင်းကိုငါလိုက်ပို့ပေးမယ် အဆင်ပြေတယ်မလား"

အန်တီမေခင်က စိတ်သက်သာရသွားသည့်နှယ် ဆယ်မင်းဆက်ကိုကြည့်လိုက်
သည်။ နွေဦးနှင့်သာဆို သူမပိုစိတ်ချသည်။ ဆယ်မင်းဆက်သာ ကလန်ကဆန်မလုပ်ဘဲ လက်ခံလျှင် ရပြီ။ နွေဦးကူညီခြင်းက သူတို့အတွက် ပိုလို့တောင်အဆင်ပြေသွားစေသည်။

ဆယ်မင်းဆက်သည် နွေဦးကို မမှိတ်မသုန်စိုက်ကြည့်နေမိသည်။ သူ့ရှေ့မှာ ကြည်လင်အေးမြသော အပြုံးနှင့်တည်ရှိနေသူသည် သူ့အတွက်ကူညီချင်ပါကြောင်း လိုလိုချင်ချင် ကမ်းလှမ်းလာသည်။

ဆယ်မင်းဆက်သည် ခေါင်းကိုအသာအယာညိတ်ပြလိုက်သည်။

"ဒါဆို နွေဦးကိုပဲဒုက္ခပေးရတော့မှာပဲ... အများဆုံးနှစ်ပတ်ပါပဲသားရယ် အန်တီတို့ ဒရိုင်ဘာအသစ်ကိုအမြန်ဆုံးရှာမှာပါ"

"ရပါတယ် အန်တီ ဒါဆို ကျွန်တော်ပြန်တော့မယ်နော်...အမေပေးခိုင်းတဲ့လက်ဆောင်တွေက မီးဖိုခန်းထဲမှာပါ"

"ဟုတ်ပြီ မမနုကိုကျေးဇူးတင်တဲ့အကြောင်းပြောပေးနော်... သားကိုလဲကျေးဇူးတင်ပါတယ်"

နွေဦး၏ ကူညီပေးမှုကြောင့် သားအမိသုံးယောက်၏အိမ်လေးက တစ်ဖန်ပြန်ပြီးငြိမ်းချမ်းသွားသည်။

နွေဦးသည် ပြန်ဖို့ရာအတွက်ကားတံခါးဖွင့်နေချိန်တွင် ဆယ်မင်းဆက်ကဘေးနားရောက်လာသည်။

"ကျွန်တော့်အတွက် ကိုကိုပင်ပန်းရပြီ...ကျေးဇူးတင်ပါတယ်"

"မလိုပါဘူးကွာ မင်းနဲ့ငါကဒီလိုပြောရမဲ့သူတွေလား"

ကိုကိုသည် စိတ်လိုလက်ရပြုံးပြလာသည်။ ပါးပြင်၏လှုပ်ရှားမှုကြောင့် ဘယ်ဘက်နားထင်က အမှတ်နီလေးသည် အပေါ်သို့အနည်းငယ်မြင့်တက်သွားသည်။ ဆယ်မင်းဆက်မှာ သည်လူသားကိုပြောဖို့ရာအတွက် စကားလုံးများစွာရှိနေသည်။ တစ်ချိန်တည်းမှာပဲ ဘာပြောရမှန်းမသိဖြစ်နေပြန်သည်။

"ကိုကိုက ကျွန်တော့်ကိုအရမ်းအလိုလိုက်တာပဲ"

ဒီလိုနဲ့ ကျွန်တော်ကပိုပြီး လောဘကြီးလာမိတယ်...ကိုကိုပေးသမျှအရာအားလုံးအပြင် ကိုကိုပိုင်တဲ့အရာအားလုံးပါလိုချင်လာတဲ့အထိ...ကျွန်တော်တောင်းဆိုရင်ရော ကိုကိုကအခုလိုမျိုး ကျွန်တော့်အလိုကို လိုက်အုံးမှာလား...

"ငါ့မှာအလိုလိုက်စရာ မင်းပဲရှိတာလေ... မင်းအဆင်ပြေဖို့ပဲ အရေးကြီးတယ် ငါ့ကိုကျေးဇူးတင်စရာမလိုဘူး"

ကိုကိုသည် ဤသို့နှစ်လိုဖွယ်စကားများကို ဆိုကာ သူ့ကိုနှုတ်ဆက်၍ပြန်သွားသည်။
ကိုကို့ကားလေး သူတို့ခြံဝင်းထဲကထွက်သွားသည်အထိ ရပ်ကြည့်နေမိသည်။

ထို့နောက်ဆယ်မင်းဆက်သည် ပျော်ရွှင်ကြည်နူးမှုများကို မဖုံးကွယ်နိုင်စွာ သာသာလေးပြုံးမိသည်။ ကိုကိုနှင့်ထပ်ပြီးတော့နီးကပ်ခွင့် အတူရှိခွင့်ရခဲ့လေပြီ။ ကိုကို့အနားနေနိုင်ဖို့ အချိန်လုကာလုံးပန်းနေရသည့်သူ့အတွက် ဤအခွင့်အရေးက စိန်ထက်ပင်အဖိုးထိုက်တန်သည်။








ဆယ်မင်းဆက်သည် သူ၏ကျူရှင်ချိန်များနှင့်ကျောင်းချိန်များ အချိန်စာရင်းကိုနွေဦးဆီ မက်ဆေ့ပို့လာသည်။ မနက်၆နာရီမှာစသော ကျူရှင်ချိန်ကတစ်ပတ်မှာတစ်ရက်ပဲပါသည်။ ထိုနေ့အတွက် မနက်စောစောထရတာကလွဲလျှင် နွေဦးအတွက် အကုန်အဆင်ပြေပါ၏။

ကျောင်းချိန်နောက်မကျရလေ
အောင် နွေဦးသည် ဆယ်လေးတို့အိမ်ကို အချိန်အတိအကျသွားတတ်သည်။ တစ်ခါတစ်ရံတွင် အန်တီမေခင်က နွေဦးကိုပါမနက်စာအတူစားရန် ဖိတ်ခေါ်တတ်သည်။ အန်တီမေခင်တို့ မနက်စာထမင်းဝိုင်းသည် ထမင်းဆီဆမ်း၊ မုန့်တီ၊ မြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ အီကြာကွေးထပ်တစ်ရာ၊ မုန့်ဟင်းခါး စသည် တစ်ခုမဟုတ်တစ်ခုဖြင့် ပြည့်စုံတတ်သော်လည်း ဆယ်လေးအတွက်တော့ ထုံးစံအတိုင်းမပြောင်းမလဲ နွားနို့တစ်ခွက်နှင့်ပေါင်မုန့်ဖြစ်သည်။

နွေဦး၏ကွန်ဒိုမှာ ညအိပ်သောရက်များတွင် ဆယ်လေးအတွက်ပြင်ဆင်ပေးရသည့်မနက်စာသည်လည်း ထိုသို့ရိုးရှင်းသည်။ မနက်စာစားပြီးလျှင်တော့ ဆယ်လေးကိုကျောင်းလိုက်ပို့ရသည်။ ၇၄လမ်းပေါက်ကနေ ကျောင်းဝင်းထဲကို ဆယ်လေးဝင်သွားသည်အထိ လက်ပြနှုတ်ဆက်ပြီးမှ သူပြန်လာတတ်သည်။ ညနေကျူရှင်ချိန်များပြီးသည့်အချိန်က ည၈နာရီဖြစ်သည်။ ထို့ကြောင့် နွေဦးသည် ကွန်ဒိုကိုည၉နာရီလောက်မှပြန်ရောက်တတ်သည်။

ဆယ်လေးက နွေဦးအိမ်ပြန်ရောက်ချိန်အမီ ဖုန်းဆက်တတ်ပြီး ယနေ့အတွက်ကျေးဇူးတင်ပါကြောင်း မပျက်မကွက်ပြောတတ်သည်။ နွေဦးစိတ်ထဲ သည်ကလေးက တစ်နေ့တခြား ချစ်ဖို့ကောင်းလာသည်ဟု မြင်နေသည်။

ဆယ်မင်းဆက်က နွေဦးဘဝ၏ကြည်လင်မှုလေးဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ... နွေဦးသည် ဤကြုံဆုံနေရသော သံယောဇဉ်အမျှင်တန်းလေးကို သဘောကျပါသည်။ နွေဦးအတွက် မိသားစုမှသည် မိတ်ဆွေ၊ သူငယ်ချင်းအထိ ပြည့်စုံသည်။ ထိုထက်ပိုပြီး ဆယ်မင်းဆက်ကိုပါ သူ၏ညီငယ်လေးအဖြစ် ကောက်ရလိုက်သေးသည်။

လောကကံကြမ္မာက သူ့အပေါ်မတရားတာတော့ မဟုတ်လောက်ပေ။



..................................................................


အတန်းစောစောပြီးတာမို့ ဆယ်မင်းဆက်သည် သူရိန်မင်းလွင်နှင့်အတူ ကျောင်းအနောက်ပေါက်ဘက်က ဖက်ထုပ်ကြော်နှင့်အအေးဆိုင်မှာ ခဏထိုင်ရင်း ကိုကို့ကိုစောင့်နေလိုက်သည်။ သည်ဖက်ထုပ်ကြော်ဆိုင်သည် ကျောင်းနားတစ်ဝိုက်တွင် နာမည်ကြီးသည်။ ဖက်ထုပ်အစာများ ပြည့်ပြည့်သိပ်သိပ်ဖြင့် တစ်ခုဆိုတစ်ခု အရသာရှိလှသောကြောင့် ဖြစ်သည်။
ကိုကို့အတွက်ပါ တစ်ပွဲဝယ်လိုက်ဖို့ သူစိတ်ကူးမိကာ ပါဆယ်တစ်ပွဲမှာလိုက်သည်။

ဖြတ်သွားဖြတ်လာ သူငယ်ချင်းများကိုတွေ့လျှင် သူတို့နှုတ်ဆက်မိကြသည်။ တကယ်တော့ ယနေ့တွင်ဆယ်မင်းဆက်သည် ဆေးရုံတစ်ချိန်စာကိုပျက်ထားသည်။ ယနေ့တက်သည့်သူတွေဆီက ပြန်ကြားရတာက ယနေ့မှာပျက်သည့်သူ‌များနေတာရော တချို့သူ‌များကနောက်ကျတာကြောင့်‌ပါ ဆရာကတအားဆူသည် ဟူ၍။ ဆယ်မင်းဆက်အတွက်က ကံကောင်းသွားတာပေမဲ့ ကျန်သည့်သူတွေကတော့ ကံဆိုးမိုးမှောင်ကျတာပင်။ အဆူခံရဆုံးက ECဟုကြား၏။ ECသည် နဂိုတည်းကမှ အငိုသန်သောမိန်းကလေးမို့ ဆရာ့အတန်းချိန်ပြီးတော့ အူလှိုက်သည်းလှိုက်ငိုနေသဖြင့် တစ်ဖွဲ့လုံးချော့လိုက်ရကြောင်းကိုလည်း သူကြားရသည်။

စားနေတုန်း မိုးသောက်ကြယ်၏ ဖုန်းဝင်လာသဖြင့် ပြန်ဖြေပေးလိုက်သည်။

"အင်း ငါနဲ့သူရိန်မင်းလွင်က breeze မှာ"

"အင်းရတယ်"

"မိုးသောက်ကြယ်က ကျူရှင်ကိုပဲတန်းသွားတော့မယ်တဲ့"

ဆယ်မင်းဆက်သည် ထိုအကြောင်းကိုသူရိန်မင်းလွင်ကို အသိပေးပြီး မုန့်ဆက်စားနေလိုက်သည်။

"ဆယ်မင်းဆက် ကျူရှင်ကိုငါတို့နဲ့တစ်ခါတည်းလိုက်ခဲ့ရင် ပြီးရောကို အိမ်ကိုသက်သက်မဲ့လာကြိုခိုင်းနေသေးတယ်"

ဆယ်မင်းဆက်သည် မျက်ခုံးပင့်ပြလိုက်မိသည်။ အရင်ကသာဆို /မာမီကစိတ်မချလို့ ငါလဲစိတ်ညစ်ပါတယ်/ အစချီသောစကားများကို ပြောမိပေလိမ့်မည်။

ယခုမူ

"ငါ့ကို ကိုကိုကတမင်လာကြိုပေးတာလေ စေတနာကိုလက်ခံရတာပေါ့"

ယုံကြည်ချက်အပြည့်နှင့် ထိုစကားကိုပြောချိန်တွင် သူ့မျက်နှာပေါ်မှာဝံ့ကြွားမှု‌တို့အပြည့်။

"ဘယ်လောက်ပဲကူညီတယ်ဆိုဆိုလေ သူများကိုအားနာစရာ"

သူရိန်မင်းလွင်စကားကိုသူပြန်မပက်မိတော့ပါ။ ကိုကိုနှင့်သူ၏ဆက်ဆံရေးက အားနာရမည့်သူတွေမှမဟုတ်ပဲ။ ဒါကို ကိုကိုကိုယ်တိုင် ပါးစပ်ကထုတ်ပြောထားပြီးသား။
ကိုကို့အကြောင်းကိုတွေးမိသွားသော
ကြောင့် ဝါးနေသောဖကထုပ်ကြော်သည်ပင် နဂိုထက်ပို၍အရသာကောင်းနေသည်။

"ဒါနဲ့ ဒီဆိုင်နာမည်လေးလှတယ်နော် breeze တဲ့...ပြောရမယ်ဆိုရင် လေပြည်လေညင်းပေါ့"

သူရိန်မင်းလွင်၏အကျင့်သည် လှပသည်ဟု သူထင်သောအရာများကို ပါးစပ်ကနေချက်ချင်းမဆိုင်း ထုတ်ပြောတတ်ခြင်းပင်။ သေချာပေါက် မိန်းကလေးများကိုလည်း လှလျှင်လှသည့်အလျောက် အဝတ်အစား လက်သည်းနီ သူ့မျက်စိထဲလှသည်ထင်လျှင် ပါးစပ်ကနေထုတ်ပြောတတ်သောကြောင့် တစ်ခါတလေ အထင်လွဲခံရတတ်သည်။ သို့သော် အကျင့်တစ်ခုက ဖျောက်ရခက်၏။ ဆယ်မင်းဆက်တို့သူငယ်ချင်းများကတော့ ဤ
အကျင့်ကိုထူးဆန်းမနေတော့ပေ။ လမ်းပေါ်ကတိုက်များကိုပင် လက်ညှိုးထိုးကာ ဒီတိုက်လေးလှတယ် ဒီအိမ်လေးလှတယ်ဟု ပြောတတ်သောကြောင့် ဖြစ်သည်။

အခုလည်း ဖက်ထုပ်ကြော်ဆိုင်နာမည်ကို ချီးကျူးနေပြန်ပြီ။ ဆယ်မင်းဆက်သည် သည်တစ်ခါတော့ သူရိန်မင်းလွင်စကားကို အပြည့်အဝ မထောက်ခံမိပေ။

"အင်းလှပါတယ်....ဒါပေမဲ့ နွေဦးက ပိုလှတယ်"

ပြုံးတုံ့တုံ့နှင့်ဆယ်မင်းဆက်စကားကြောင့် သူရိန်မင်းလွင်မျက်နှာက ရှုံ့မဲ့သွားသည်။ ဆယ်မင်းဆက်၏ကိုကို့အပေါ်ထားသည့်စိတ်သဘောထားကိုသိသူမို့ သူရိန်မင်းလွင်၏တုံ့ပြန်လာပုံက စိတ်ညစ်လိုက်တာ...ဟူ၍ဖြစ်သည်။

"အမှန်ဆို ဒီဆိုင်ကိုလဲ Breezeမဟုတ်ဘဲ Springလို့ပေးသင့်တာ ပိုလှတာပေါ့"

ဆယ်မင်းဆက်သည် ကိုယ့်စကားကိုယ်သဘောကျစွာဖြင့် ရယ်နေမိသည်။ Spring (သို့မဟုတ်)နွေဦး ဟူသော
နာမည်က ဘယ်လောက်လှလိုက်သလဲ။ တစ်လောကလုံးက နာမည်တွေ နွေဦးဖြစ်သွားရင် ပိုတောင်ကောင်းဦးမည်။

"မင်းအဲလောက်ဖြစ်နေရင် မင်းဆိုင်မင်း ပြောင်းလိုက်ပါလား... Alwaysကနေ Springဆိုပြီး"

"အင်းပြောင်းမှာ အချိန်တန်ရင်ပေါ့"

အနာဂတ်ကျ သူ့ဆိုင်သာမကဘူး သူ့ဘဝတစ်ခုလုံးကပါ ကိုကို့အပိုင်ဖြစ်သွားမှာ...

"လာကြိုမဲ့အချိန်ရောက်နေပြီ ငါသွားတော့မယ်"

ဆယ်မင်းဆက်သည် သူရိန်မင်းလွင်ကိုနှုတ်ဆက်ကာ သူမှာထားသည့်ဖက်ထုပ်ကြော်ဘူးကို ယူ၍သွားလိုက်သည်။ ၇၄လမ်းပေါက်ကိုရောက်အောင် တစ်ကွေ့တစ်ပတ်လမ်းပြန်လျှောက်ရသည်။

ဇီဇဝါဆောင်ရှေ့နားတစ်ဝိုက်တွင် food truckပေါင်းစုံရောင်းချနေကြသည်။
ကျောင်းအပေါက်ဝက အချဉ်ပေါင်းသည် ညနေပိုင်းဆိုပေမင့် လူစည်ကားဆဲပင်။ ကျောင်းဝန်းအတွင်းကနေ ကျောင်းသားများ ဥဒဟိုထွက်လာကြသည်။ သူသည်ကားရပ်ရန်နေရာ အုတ်ဘောင်နံဘေးတွင်ရပ်ကာ ကိုကို့ကားအလာကို စောင့်နေမိသည်။

ကျောင်းဝန်းထဲကနေထွက်လာသော EC စောရတနာသည် သူ့ကိုမြင်တော့နှုတ်ဆက်လာသဖြင့် သူလည်းပြန်ပြုံးပြလိုက်သည်။

စောရတနာ၏မျက်နှာသည် မိတ်ကပ်နှုတ်ခမ်းနီကင်းမဲ့လျက် ညှိုးနွမ်းကာနေသည်။ နံနက်က သည်းထန်စွာငိုထားသည်ဟု သတင်းရထားပြီးသား ဆယ်မင်းဆက်မှာ သူမကိုအားနာစွာဖြင့် အကျိုးအကြောင်းမေးလိုက်ပါသည်။ ဆေးရုံအတန်းချိန်မလာသောသူတွေအစားပါ ပိုအဆူခံလိုက်ရတာမလား...

"မနက်က လုံးဝဖရိုဖရဲအခြေအနေဆို"

"မပြောပါနဲ့တော့ ငါတကယ်သေချင်စိတ်တောင်ပေါက်တာ နင်တို့ကောင်တွေကလဲတစ်ဝက်လောက်မလာကြဘူး... ကျန်တဲ့သူတွေကလဲ နောက်ကျတဲ့သူနဲ့ ဆရာကဖိဆူရော"

စောရတနာ၏စိတ်ပျက်လက်ပျက်အသံကြောင့် ဆယ်မင်းဆက်သည် ကရုဏာသက်သွားသည်။ နံနက်က ဆေးရုံသွားသည့်သူတွေအကုန်လုံး တော်တော်လေးဆူခံထိကြသည်။

"စာကလည်းမေးသေးတယ် ဒီကြားထဲငါကRCကြိုကောက်မိတာဟာ...တစ်ယောက်ကငါRCပေးပြီးမှ ပြန်သွားတာ စာရင်းဖျက်ပေးဖို့ငါ့ကိုပြောတယ် ငါကမေ့နေတာမဖျက်လိုက်မိဘူး၊ အဲမှာဟယ် ငါ့ကိုမလာတဲ့သူအတွက်ပါ ဘာလို့ပိုကောက်တာလဲဆိုပြီး ဆူရော...ငါတကယ်သေချင်စိတ်ပါပေါက်တယ်"

ပြောရင်း ပြောရင်းနှင့် စောရတနာအသံက ငိုသံစွက်လာသည်။ နှာခေါင်းကိုရှုံ့ကာ ဆိုလာပြီး ထပ်ငိုဖို့လုပ်နေသည်။

"ဟုတ်ပါ့ဟာ ဒီနေ့ကျမှအကုန်စုသလိုဖြစ်သွားတာ...ငါတို့နောက်အပတ်ကျစောစောလာပါ့မယ်"

စောရတနာကတော့ တရှုံ့ရှုံ့ငိုနေလေပြီ။ ရေပိုက်ခေါင်းဟု သူတို့နာမည်ပေးထားသည့်အတိုင်းပင် စောရတနာသည်မျက်ရည်လွယ်၏။ ယခုလည်း ဆယ်မင်းဆက် ရှေ့မှာနံနက်က အကြောင်းအရာတွေကိုပြန်တွေးပြီးငိုနေပြန်ပြီ။ ဆယ်မင်းဆက်သည် အိတ်ထဲကတစ်ရှူးထုတ်ကိုရှာကာ ပေးလိုက်သည်။

"အေး နောက်ဆိုစောစောလာကြ"

ဗလုံးဗထွေးဖြင့် ထိုစကားအပြီးမှာ သူတို့နှစ်ယောက်၏နောက်ကနေ ကားဟွန်းတီးသံထွက်လာသည်။

"စောရတနာ ငါသွားတော့မယ်"

ကားဟွန်းတီးသံက ကိုကို့ကားဆီမှဖြစ်သည်။ သူသည် ECကို မြန်မြန်နှုတ်ဆက်ပြီး အပြေးတစ်ပိုင်းခြေလှမ်းများဖြင့် ကိုကို့ကားရှိရာကို သွားလိုက်သည်။

"ဒီမှာ ကိုကို့အတွက် ဖက်ထုပ်ကြော်"

ကိုကိုသည် ခေါင်းတစ်ချက်သာညိတ်ပြ၏။ လမ်း၃၀ပေါ်တက်ရသည့်အချိန်တွင် ကားရှုပ်တာမို့သတိထားမောင်းနှင်ရသဖြင့် ကိုကိုသည်သူ့ကိုလှည့်ကြည့်ကာ မဖြေအားပေ။ သူသည် ကားနောက်ခန်း၌ ဂျူတီကုတ် Sthethoနှင့်lectureစာအုပ်များ၊ text bookများ ထားလိုက်သည်။ ကိုကို့ကားလေးသည် သူ၏ပစ္စည်းပစ္စယများနှင့် ပြည့်နှက်သွားသည်။

လမ်းမပေါ်မှာ သူတို့ကားလေးသည် ပုံမှန်အရှိန်နှုန်းအတိုင်းပြေးလွှားနေသည်။

"ခုနက ကောင်မလေးက မင်းသူငယ်ချင်းလား"

ကိုကို၏လေသံအေးလေးသည် ကားအတွင်းဝယ်စတင်ပျံ့နှံ့လာသည်။ သိချင်စိတ်များ ဖုံးကွယ်မထားနိုင်သော ထိုမေးခွန်းအတွက် သူသည် "ဟုတ်တယ်" ဟု ပြန်ဖြေပေးလိုက်သည်။

"အော် ဒါပေမဲ့ ငိုနေသလားလို့လေ"

ရှေ့ဆက်ပြောလာသော စကားကို ဆယ်မင်းဆက်သည် ခေါင်းညိတ်၍အမှန်အတိုင်းဖြေပေးဖို့ ကြံရွယ်လိုက်သည်။ သို့ပေမဲ့ ကိုကို့မျက်နှာကိုမြင်သောခဏမှာ သူ့ခေါင်းထဲ ဥာဏ်နီဥာဏ်နက်တို့ ကွန့်မြူးလာတော့သည်။ ရှေ့တူရူကိုသာ အာရုံစိုက်ပြီးမောင်းနေသည့်ကိုကိုက သူ့မျက်နှာကိုတစ်ချက်လှည့်ကြည့်လာကာအဖြေကိုငံ့လင့်နေဟန်။ ကိုကိုက သူ၏ကိစ္စရပ်များကို ယခုလိုစပ်စုခြင်းကရှားသည်။

သူ့ရှေ့တွင် ငိုနေသည့် မိန်းကလေး...

အကယ်၍ သမာရိုးကျသာမဟုတ်ဘူးဆိုလျှင် ကိုကိုတစ်ယောက်မည်သို့ဖြစ်သွားလိမ့်မလဲ...

ကိုကိုတစ်ယောက် သူ့အပေါ်စိတ်ဆိုးကာသဝန်တိုလာခဲ့လျှင်ရော...

မျှော်လင့်ချက်အလင်းရောင်က ညနေခင်း၏ဆည်းဆာရောင်အတိုင်း တောက်ပလာလေတော့သည်။

"ဟုတ်တယ် ငိုနေတာ"

"မင်းကဘာလုပ်လိုက်လို့လဲ"

မဆိုင်းမတွမေးလာသော မေးခွန်းကြောင့်
ဆယ်မင်းဆက်စိတ်ထဲ ကျေနပ်စိတ်များဝင်ရောက်လာတော့သည်။ ကိုကို၏သိချင်စိတ်များကို သူလိမ်ညာလိုက်လျှင်ဖြစ်လာမည့်အကျိုးဆက်က သူမျှော်လင့်သလိုဖြစ်နိုင်သည်။

"ကျွန်တော်သူ့ကိုဖြတ်လိုက်တာ..အဲတာကြောင့်ငိုသွားတာ"

တောင်းပန်ပါတယ် ECရေ...ငါ့ကိုခွင့်လွှတ်ပါတော့ဟု စိတ်ထဲကနေတောင်းပန်မိသည်။ စောရတနာအတွက် ယနေ့ကလုံးဝကို ပြဿဒါးစစ်စစ်ဖြစ်လောက်မည်။ ကိုယ်ကျိုးအတွက် လူတစ်ယောက်၏ဖြစ်တည်မှုကို ခပ်တည်တည်အသုံးချလိုက်ခြင်းအပေါ် ဆယ်မင်းဆက်မှာစိတ်မကောင်းမဖြစ်နိုင်သေး။ကိုကို၏မျက်နှာထားကိုသာ အကဲခတ်နေမိသည်။

"ဒါဆို သူကမင်းကောင်မလေးပေါ့"

နဂိုထက်မာကျောလာသော အသံလှိုင်းကိုခံစားလိုက်မိတာမို့ ဆယ်မင်းဆက်နှုတ်ခမ်းစွန်းများကကွေးတက်သွားရသည်။

ကိုကိုက သူ့မှာချစ်သူရည်းစားရှိနေတယ်ဆိုတာ သိလောက်မှာမဟုတ်ဘူး...အံ့သြခြင်းအပြင် ဆယ်မင်းဆက်လိုချင်တာက သဝန်တိုစိတ်။

"ဟုတ်တယ် အခုမတွဲချင်တော့လို့ဖြတ်လိုက်တာ"

ကိုကို့မေးရိုးတွေဟာ တင်းခနဲ။ ဒါက ဧကန်စင်စစ်ဒေါသဆိုပေမဲ့ ဆယ်မင်းဆက်ကတော့ပျော်နေမိသည်။ ကိုကိုဒေါသထွက်ရခြင်း အကြောင်းတရားက သေချာပေါက်....

"ဆယ်လေး မင်းကဒီလိုလူမျိုးဆိုတာ ငါမေ့သွားတယ်"

ကားတွင်းထဲမှလေထုသည် ကိုကို့စကားကြောင့် အအေးလှိုင်းဖြတ်သလိုမျိုး
ရုတ်တရက်အေးစက်ငြိမ်ကျသွားသည်။ ကိုကို့အသံက ဘာကိုမှထောက်ထားညှာတာခြင်းမရှိတော့သည့်ဟန်။

"ကျွန်တော်က ဘယ်လိုလူမျိုးမို့လို့လဲ"

"တခြားသူရဲ့နှလုံးသားနဲ့ ခံစားချက်ကိုဂရုမစိုက်ဘဲ ကိုယ်ပျော်ရာပဲလုပ်တဲ့သူမျိုးလေ...အဲလိုလူမျိုးကို ငါတကယ်မကြိုက်ဘူး"

ဆယ်မင်းဆက်၏မျှော်လင့်ချက်အလင်းရောင်လေးဟာ ဟုတ်ခနဲငြိမ်းသတ်သွားပြီ ဖြစ်သည်။ ထိုအစား ရင်ထဲထိအောင့်မျက်လာသော ခံရခက်မှုများက နေရာယူလာသည်။

ကိုကို့ စကားတွေကပြင်းထန်လိုက်တာ...

သူတကယ်ပဲ အဲလိုလုပ်ရပ်ကိုမလုပ်ခဲ့ဘူး ဆိုပေမဲ့ အရင်ကလုပ်ခဲ့မိတာတွေကငြင်းလို့မရ။

တကယ်တော့ ကိုကို့မျက်လုံးထဲမှာ သူက အစုတ်အပဲ့ play boyတစ်ယောက်ပဲ...

"ကိုကိုတကယ်ပဲ ကျွန်တော့်ကိုအဲလိုလူမျိုး ထင်နေတာလား ကျွန်တော်မဟုတ်ဘူး"

သည်ထက်ပိုပြီး ဖြေရှင်းစရာစကားများ မရှိတော့သည်နှယ် သူဟာကိုကို့မျက်နှာကိုကြည့်ရင်း ပထမဆုံးအကြိမ် ရင်ကွဲနာကျမိသည်။

"မင်းအခုလုပ်ရပ်ကရော...ဆယ်လေး မင်းလူတစ်ယောက်ကိုမချစ်ဘဲနဲ့ အပျော်မတွဲသင့်ဘူး တစ်ဖက်လူဘယ်လိုခံစားရမလဲ...မင်းရှေ့မှာငိုနေတဲ့ မိန်းကလေးကို မင်းတစ်စက်မှမသနားဘူးလား"

"ကိုကို ကိုကို့စကားတွေအရမ်းလွန်နေပြီ... ကျွန်တော်ဘယ်သူ့ကိုမှ ထိခိုက်ပါစေရယ်လို့ တွဲခဲ့တာမဟုတ်ဘူး ကျွန်တော်နဲ့အဆင်ပြေမဲ့လူကို ရှာဖွေခဲ့ရုံသက်သက်ပဲ"

ဆယ်မင်းဆက်အသံက ပြတ်သားမာကျောလာသည်။ သူ့စိတ်ရင်းအမှန်ကို ကိုကိုတစ်ယောက် နားလည်မှဖြစ်မယ်။ ကိုကို့အပေါ်မှာထားတဲ့ သူ့ရဲ့စိတ်သဘောထား အစစ်အမှန်ကို ကိုကိုသေချာပေါက်နားလည်ပေးရမယ်...အခုချိန်ထိ ရှေ့မတိုးခဲ့တာက သူ့ကိုယ်သူသက်သေပြချင်လို့ပဲလေ...ကိုကို သူ့ကိုအခုလို အထင်အမြင်လွဲမှားသွားဖို့ မဟုတ်ဘူး။

မီးပွိုင့်ကမီးနီပြောင်းသွားပြီး သူတို့ကားလေးက တုံ့ခနဲရပ်သွားခဲ့သည်။ ကိုကိုက အလွန်အမင်းစိတ်ပျက်နေသော မျက်နှာနှင့် သူ့ကိုကြည့်လာသည်။

ဒီလိုပုံစံ ဒီလိုအကြည့်တွေနဲ့ ကိုကို သူ့ကိုကြည့်တာ ဒါပထမဆုံးအကြိမ်ပဲ...

"ဒါမင်းတို့လိုလူတွေရဲ့ လက်သုံးစကားပဲလေ မင်းတို့အတွက်ကတော့ မင်းတို့စိတ်မပါတော့တာနဲ့ ပြီးသွားတာပဲ... ကျန်ခဲ့တဲ့သူရဲ့ ခံစားချက်တွေ ဘယ်လိုဖြစ်ကျန်ခဲ့မလဲ လုံးဝမတွေးဘူး...အစတည်းက မင်းတို့ပျော်ဖို့အတွက် အသုံးချခဲ့ရုံပဲလေ... အချစ်လို့ခေါင်းစဉ်တပ်ပြီး တာဝန်ယူမှုမရှိတဲ့ အတ္တသမားတွေ"

"ကိုကို ! "

စကားလုံးတစ်လုံးချင်းစီက အဆိပ်လူးမြားတွေလို သူ့ရင်ကိုလာစိုက်သည်။ အသွားထက်ထက် ဓားချွန်များလို တစ်ချက်ပြီးတစ်ချက်ထိုးနှက်နိုင်၏။ သူသည် ကိုကို၏ဒေါသမာန်ပြင်းသော စကားလုံးများကိုခံနိုင်ရည်မရှိစွာ ရပ်တန့်ပစ်လိုက်သည်။

"ကျွန်တော်က ကိုကို့ရည်းစားဟောင်း ဓနသိုက်မဟုတ်ဘူး"

ဆယ်မင်းဆက်၏မျက်လုံးများက မီးဝင်းဝင်းတောက်ကာနေသည်။ ထို့နောက် အိတ်ကိုဘေးဘက်သို့ပြောင်းလွယ်ကာ နွေဦး၏ကားပေါ်ကနေ ဆင်းချသွားသည်။

မီးပွိုင့်သည် အစိမ်းရောင်သို့ပြောင်းလဲသွားပြီဖြစ်သည်။

ဒေါသတကြီးနှင့်ပလက်ဖောင်းပေါ် လမ်းလျှောက်နေသော ဆယ်မင်းဆက်
ကိုတားဖို့ နွေဦးသည်မကြိုးစားမိချေ။ ပြင်းထန်စွာပေါက်ကွဲနေသော ခံစားချက်များကို စုစည်းမရသလို ဦးနှောက်သည်လည်း ပုံမှန်အလုပ်မလုပ်ချေ။

နောက်ကြည့်မှန်ကနေတစ်ဆင့် မြင်လိုက်ရသည်ကား ဆယ်လေးသည် ကြုံရာ
တက္ကစီတစ်စီးကိုတား၍ ထိုကားပေါ်တက်သွားကြောင်းကိုပင်။

နွေဦးသည် ကားစတီယာတိုင်ကို ခပ်ပြင်းပြင်းထုချမိသည်။ ဓနသိုက်နာမည်နှင့်အတူ နွေဦးရင်ထဲဖြစ်ပေါ်လာသည့်မခံချိမခံသာဒေါသများ။ သူက ဆယ်မင်းဆက်ကို ထိုသို့ပေါ့ပျက်ပျက်နှင့်တစ်ပါးသူများ၏နှလုံးသားများကို ကစားနေသည့်သူမဖြစ်စေချင်တာအမှန်။ သို့ပေမဲ့သူ့ဒေါသတွေ ဖြစ်ဖျားခံရာက သူ့စိတ်ဒဏ်ရာဆီက ဖြစ်လာသောအခါဝယ် သူ့စကားတွေကဘောင်ကျော်ကုန်သည်။

နွေဦးသည် ရှည်လျားသောသက်ပြင်းမော တစ်ခုကိုချမိလေတော့သည်။


တွေ့ရာကားပေါ်တက်စီးလာမိပြီး ဆယ်မင်းဆက်၏စိတ်နှင့်ကိုယ်သည် တစ်သားတည်းမဖြစ်သေး။ နားထဲတွင် ကိုကို့စကားသံများသည်သာ လျှံထွက်လို့နေသည်။

ECနှင့်အကြောင်းက သူတမင်စလိုက်တာပါဟု ပြန်ဖြေရှင်းလို့ရသည်။

သို့ပေမဲ့ ကိုကို၏စွပ်စွဲမှုတို့က အမှားမပါ...ဒါဟာ အရင်ကသူ...ကိုကိုနှင့်မတွေ့ခင်ကသူ။

သူသည် အတိတ်ကိုလွန်စွာမှနောင်တရသည်။ ပေါ့ပေါ့တန်တန် သဘောထားခဲ့မိသော နှလုံးသားရေးရာများအတွက် သူ့ကိုယ်သူစက်ဆုပ်သည်။ သူသည် ကိုကို့အတွက်မည်မျှပင်ပြောင်းလဲစေကာမူ ဤအဆိုးများကို ပြည်ဖုံးကားချထား၍မရ။ သူတကယ်နောင်တရသည်။ ကိုကို့ဆီက သဝန်တိုမှုတစ်ခုတည်းကြောင့် နှစ်ခါပြန်မစဉ်းစားဘဲ ပြောချလိုက်မိတာ...အရာအားလုံးဆုံးရှုံးသွားရသလို ခံစားချက်နှင့်သူ့ရင်ဘတ်သည် အပေါက်ဖြစ်သွားသည်။

သူသည် စည်းကျော်သောစကားကို ပြောပစ်ခဲ့သည်။ အမှားတွေဆက်တိုက်ကျူးလွန်ခဲ့သော သူ့ကိုယ်သူမည်သည့်နည်းနှင့်မှခွင့်မလွှတ်နိုင်။

ဆယ်မင်းဆက်တစ်ယောက်သွေးပျက်လာသည်။ သွေးပျက်လာသည့်ကြားက သိလိုက်ရသောအမှန်တရားက သူကသူစိမ်းတစ်ယောက်၏ကားပေါ်မှာဆိုတာပဲ။

အနောက်ကနေ ကားရှေ့ကမှန်ကိုလှမ်းကြည့်ရင်း သူ့အသက်ရှူသံတွေမြန်လာသည်။

သူသည် အချိန်မရွေးဒီကားပေါ်မှာ သေဆုံးသွားနိုင်တယ်ဆိုတဲ့ အသိ...

ကိုကို့ဆီက ခွင့်လွှတ်မှုကိုတောင်မရသေးဘူး။

ကားအရှေ့ခန်းမှာ မောင်းနှင်နေတဲ့သူကို သူဘယ်လိုယုံရမှာလဲ ...

သူ့ခေါင်းထဲမှာ ကိုကို့ကိုတောင်းပန်လိုစိတ်များသာ ပြည့်နှက်နေသည်။ လွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူဒီကားပေါ်ကနေ အမြန်ဆင်းရမည်...

"ဟို ဦးလေး...."

"ဦးလေး ရှေ့မှာ"

ကျွီ...

ဆယ်မင်းဆက်၏စကားမဆုံးသေး။ အဖြစ်အပျက်တွေက လျင်မြန်စွာဖြစ်ပျက်သွားခဲ့သည်။ ဘေးဘက်လမ်းကနေ ထွက်လာသောဆိုင်ကယ်တစ်စီးသည် သူတို့ကားရှေ့တည့်တည့်ကို ဝင်ရောက်လာခြင်းဖြစ်သည်။

ကျယ်လောင်သောတိုက်သံနှင့်အတူ ကားသည်ထိုးရပ်သွားသည်။ ဆယ်မင်းဆက်သည် ကိုယ့်မျက်နှာကိုယ် လက်ဖဝါးများဖြင့် တင်းကြပ်စွာအုပ်ထားလျက်သား။

ဘန်း ...

ကျယ်လောင်ပြင်းထန်သော ကားတံခါးပိတ်သံ။

"ဟေ့ကလေးမ ဆိုင်ကယ်ကိုဘယ်လိုစီးနေတာလဲ ဟမ် ဆိုင်ကယ်မမောင်းတတ်ရင်လည်း ကားလမ်းမပေါ်တက်မလာနဲ့"

ဆင့်ကဲပေါ်ပေါက်လာသော အော်ငေါက်သံ။ သူတို့ကားနံဘေးမှာ ဝိုင်းအုံလာသည့်တခြားသောယာဉ်များ။ ကောင်မလေးတစ်ယောက်၏ တုန်ယင်နေသောအသံဖြင့် ပြန်လည်ရန်တွေ့နေသောအသံကိုကြားရသည်။

ဆယ်မင်းဆက်သည် မျက်လုံးများကိုအခုထိမဖွင့်နိုင်သေး...

တစ်ယောက်တစ်ပေါက် ရန်ဖြစ်ငြင်းခုန်နေသံတွေ... ဟွန်းသံတွေ။ ဆယ်မင်းဆက်သည်ကားနောက်ခန်းကနေ တစ်လှမ်းမှရွှေ့မိ။ လက်ဖဝါးထဲထည့်အုပ်ထားသော မျက်နှာကိုမဖော်ရဲဘဲ တုန်ယင်လို့နေသည်။

သူ့ခေါင်းထဲမှာ တဒုန်းဒုန်းမြည်ဟီးနေသည်။ သူ့အတွေးထဲရှင်းလင်းစွာ ပေါ်ပေါက်လာတာက ကျိုးပဲ့နေသောကားမှန်စများနှင့် သွေးအလိမ်းလိမ်းဖြစ်နေသောဖခင်။ ထို့နောက်ဆူညံသောလူနာတင်ယာဉ်၏အသံ။ သူ့နှာခေါင်းထဲမှာသွေးညှီနံ့ရနေဆဲ...သူ့အင်္ကျီမှာ သွေးတွေရဲရဲနီအောင်ပေနေဆဲ...


"ဆယ်လေး ! "

ကားတံခါးဖွင့်သံနှင့်အတူ ကြားလိုက်ရသောအသံ။ စိမ့်စမ်းရေကြည် စီးဆင်းသံသည် ကိုက်ခဲနေသောသူ့ဦးနှောက်အတွင်းသို့ဝင်ရောက်လာသည်။

"ဆယ်လေး....ဆယ်လေးအဆင်ပြေရဲ့လား"

သူ့လက်မောင်းများကို လှုပ်ခါ၍ခေါ်နေသည့်အသံက တဖြည်းဖြည်းပီပြင်လာသည်။

"ဆယ်လေး ကိုကို့ ကိုကြည့်ပါအုံး..."

ဆယ်မင်းဆက်သည် သူ့လက်သူဖြေလျှော့ကာ ခေါင်းထောင်ကြည့်လိုက်သည်။ မျက်ရည်များရစ်ဝိုင်းနေသော သူ၏ဝေဝါးသောမြင်လွှာထဲမှာ စိုးရိမ်ပူပန်မှုများပြည့်နှက်နေသောမျက်နှာလေးကိုမြင်လိုက်ရတော့သည်။

"ကိုကို..."

အားကိုးတကြီးခေါ်လိုက်ပြီးသည့်နောက် သူသည် ကိုကို့လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်မိတော့သည်။

"ဆယ်လေး အဆင်ပြေရဲ့လား..."

ကိုကိုသည်သူ့ကိုတွဲ၍ ကားထဲကနေဆွဲထုတ်သည်။ ကားဆရာနှင့်ဆိုင်ကယ်စီးလာသောမိန်းကလေးတို့ ရန်ဖြစ်နေကြဆဲ။ ဆယ်မင်းဆက်၏နဖူးမှာတော့ ချွေးစများပြည့်သိပ်ကာနေသည်။

"ကိုကို့ကားထဲမှာ သွားစောင့်နေနော်...ဘာမှမဖြစ်ဘူး"

ကိုကိုက သူ့ကိုအားပေးရင်းချော့မြှူလာသည်။ ဆယ်မင်းဆက်သည် နာခံစွာဖြင့်အနောက်မှာရပ်ထားသော ကိုကို့ကားလေးထဲ ဝင်ထိုင်လိုက်သည်။

ပင်လယ်လေရနံ့....ကိုကို့ကားထဲက ရေမွှေးရနံ့ကိုရမှ သူ့စိတ်တွေတည်ငြိမ်သွားတော့သည်။ သူသည်နောက်ဆုံးတော့ လုံခြုံစိတ်ချရသည့် နေရာကိုရောက်သွားပြီ။

အပြင်ဘက်မှာ‌ ကိုကိုကကားဆရာနှင့်ဖြေရှင်းနေသည်။ ခဏကြာတော့သူတို့တွေ လူစုခွဲလိုက်ကြတာကိုမြင်ရသည်။
မိန်းကလေးသည် ဆိုင်ကယ်ကိုထောင်ကာ ဖုန်းရပ်ပြောနေသည်။

ကိုကိုက နောက်ဆုံးတော့ကားဆီပြန်လာသည်။ ကြည့်ရသလောက်က ကိုကိုတစ်ယောက်ပြဿနာအကုန်ဒိုင်ခံဖြေရှင်းလိုက်ပုံပင်။ မိန်းကလေးကဆိုင်ကယ်ကို
လမ်းကြောင်းမှားပြီး အတင်းဇွတ်ဝင်လာကာ တည့်တည့်ကြီးဝင်တိုက်တာမို့
ကားဆရာကလည်းလုံးဝကိုအလျှော့မပေးတာဖြစ်သည်။

"မိန်းကလေးကို ငါ့ရဲ့ဖုန်းနံပါတ်နဲ့လိပ်စာပေးလိုက်တယ်...ဆေးခန်းပြပြီးရင်ဆက်သွယ်မယ်တဲ့"

ဆယ်မင်းဆက်ထင်သည့်အတိုင်းပါလေ။ အမှန်တော့ သည်ကိစ္စကကိုကိုနှင့် မည်သို့မျှမဆိုင်။ ဆယ်မင်းဆက်သည် ကျေးဇူးတင်စကားပြောချင်ပါသော်လည်း ကိုယ်လုပ်ထားသောအပြစ် ကိုယ်သိသဖြင့် ပြောမထွက်နိုင်။ ခေါင်းကိုငုံ့ကာ ငြိမ်ငြိမ်လေးထိုင်နေမိသည်။

"ငါ မင်းကိုစိတ်မချလို့နောက်ကလိုက်လာတာ... နောက်တစ်ခါဆို ဒီလိုမျိုးစိတ်လက်မာန်ပါတွေမလုပ်ပါနဲ့တော့ ငါရင်ကျိုးရလိမ့်မယ်"

ကိုကို့အသံက သီတာရေလိုအေး၍ မေတ္တာတရားတွေစီးဆင်းနေသည်။ သူ့ကိုမုန်းသွားတာတော့မဟုတ်ဘူးပဲ။

"ဆယ်လေး အခုထိလန့်နေသေးတာလား အဆင်ပြေလား..."

ကိုကိုက သူ့ခေါင်းလေးကိုပွတ်သပ်၍ ကြင်နာယုယစွာမေးမြန်းလာသည်။ ကိုကိုက တကယ်ပဲ...သူပြောလိုက်သည့်စကား
များကို စိတ်ထဲမထားသည့်နှယ်။

သူသည်ဘေးဘက်လှည့်ကာ ကိုကို့မျက်နှာလေးကိုငေးကြည့်လိုက်သည်။

"ကိုကို ကျွန်တော်တောင်းပန်ပါတယ်..."

"တောင်းပန်ပါတယ်..."

တောင်းပန်စကားများကို ဆက်တိုက်ဆိုတော့ ကိုကိုကအသာတကြည်ပဲပြုံးပြလာခဲ့ပါသည်။

"ငါလည်းမှားတာပဲကို မင်းကိုအခုလိုတွေမပြောသင့်ဘူး...ငါလဲ တောင်းပန်ပါတယ်"

"ကိုကိုတောင်းပန်စရာမလိုပါဘူး ကျွန်တော်မှားတာပါ ကျွန်တော် ကိုကို့ကိုမတောင်းပန်လိုက်ရဘဲ သေပြီထင်နေတာ"

မျက်ရည်တစ်စဟာ ဘယ်ဘက်မျက်လုံးတစ်ဘက်ကနေ စီးကျလာခဲ့သည်။ ကိုကိုက သူ့ကိုသာသာလေးထွေးဖက်လာသည်။ လွန်စွာစိတ်မကောင်းဖြစ်သွားပုံရသည့်ကိုကိုက သူ့အပေါ်နူးညံ့ညင်သာလွန်းနေခဲ့သည်။

"မဟုတ်တာကွာ ငါတို့နှစ်ယောက်လုံးမှားတာပဲ...တော်ပြီနော် မတောင်းပန်နဲ့တော့ ဘာမှမဖြစ်တော့ဘူး"

ဆယ်မင်းဆက်သည် ကိုကိုနွေဦး၏ရင်ခွင်နှင့်ပိုနီးအောင် တိုးကပ်လိုက်သည်။ သူဝန်ခံပါတယ်....ဒီအချိန်ကစပြီး ရှေ့ဆက်တိုးချင်လာတယ်ဆိုတာကို။

"ခုနက မိန်းကလေးနဲ့ကျွန်တော်က ဘာမှမဟုတ်ပါဘူး...ဒီတိုင်းသူငယ်ချင်းတွေပါ။ သူငိုနေတာကလဲ ကျောင်းကကိစ္စကြောင့်ပါ ကျွန်တော်ကိုကို့ကို ညာလိုက်တာ"

"ဘာလို့ညာရတာလဲကွာ ငါ မင်းအပေါ်မှားပြီး အထင်လွဲမိသွားပြီ"

ကိုကို သဝန်တိုအောင်လို့...

တကယ်လည်း သူလိုချင်တာ ထိုအရာတစ်ခုတည်း။

မရည်ရွယ်ဘဲ ကိုကို့နှလုံးသားဒဏ်ရာကို ဆွလိုက်မိတယ်။ သူပေးချင်တာ အေးမြတဲ့အချစ်တစ်ခုတည်းပဲ...အခုချိန်ကစပြီး ထိုအချစ်ကို ကိုကိုကလက်ခံစေချင်တယ်...ပြီးတော့ သူ့ကိုပြန်ချစ်စေချင်တယ်။

ကိုကိုက သူ့ဘဝမှာ ထာဝရပဲ...ဒါကို ကိုကိုတစ်ယောက်ယုံကြည်စေချင်တယ်...

ဒါပေမဲ့ ကိုကိုရင်ခွင်ထဲရောက်နေတဲ့ ဒီအချိန်လေးအတွင်းမှာ ဝန်ခံလိုက်ဖို့မလုပ်နိုင်ခဲ့ဘူး...

"ကျွန်တော်က ဒီတိုင်းစလိုက်တာပါ"

ကိုကို့မျက်နှာက ယခုတော့ဖြင့် တိမ်မြူကင်းသောလမင်းနှယ် ကြည်လင်နေပြီ။

သူတကယ်ပဲ ကိုကို့ကို နမ်းပစ်ချင်တယ်... တစ်နေ့တခြား ကြီးထွားလာတဲ့ သူ့စိတ်ကိုထိန်းချုပ်ထားရတာ လွန်စွာပင်ပန်းတယ်...ခဲယဉ်းတယ်... အကြောင်းပြချက်မရှိ ရင်ခုန်လာတဲ့အခိုက်အတန့်တိုင်းမှာ အသိမပေးနိုင်တာ တကယ်နေရခက်တယ်။

ကိုကိုက သူ့ခေါင်းအနောက်ဘက်ကို ညင်ညင်သာသာလေးပွတ်ပေးလာသည်။ ပြဿနာများအားလုံး ပြီးဆုံးသွားပြီဟူသော အဓိပ္ပာယ်အလား။

ဒီထက်ပိုပြီး အကြင်နာတွေ စွန့်ကြဲပေးပါအုံး...ကျေးဇူးပြုပြီး ကိုကို ရောက်နိုင်သလောက်ထိ ကျွန်တော့်နှလုံးသားထိရောက်အောင် နီးကပ်ပေးပါအုံး...

















Continue Reading

You'll Also Like

1.6M 121K 66
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...
1.2K 56 11
သာသာ ဖန်တီးထားတဲ့ ficလေးတွေအပါအဝင် အခြားဖတ်လို့ကောင်းတဲ့ ficလေးတွေပါ reviewပေးမှာမို့ သဘောကျရင် libraryထဲ ထည့်ပေးပါဦး ချစ်တို့ရေ❤ Start>>16.8.23
587K 5K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
542K 14.1K 19
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...