~ အိမ်မက်စေတမန် ညင်းသွဲ့ဝန်းရံလေသွေးပြန်
ဥသြတွန်သံ ကြားရလေမှ နိုးထလာခဲ့ပြန်
အော် သင်္ကြန် အော် သင်္ကြန်
တီးကြ ဆိုကြ ကကြရပေအုံးတော့အမှန်
နှစ်အကူး ရွှင်မြူးလေတဲ့သင်္ကြန်~
သင်္ကြန်မရောက်ခင်တည်းကပင်
သင်္ကြန်သီချင်းများနှင့်အငွေ့အသက်များ
ကို စတင်ခံစားနေရပြီ။ ဟိုမှသည်မှ သင်္ကြန်သီချင်းများကြားရလျှင် လူတိုင်းရ၏စိတ်ထဲတွင် ပျော်ရွှင်တက်ကြွသွားရမြဲ။ တစ်နှစ်တာလုံးမှာ အပျော်ဆုံးအခါသမယဖြစ်သည့် သင်္ကြန်ပိတ်ရက်ရှည်များကို ဖြတ်သန်းရန် တချို့သည်အစီအစဥ်များဆွဲပြီးကြလောက်ပြီ။ ပိတောက်ဖူးများသည်လည်း ပွင့်လန်းဖို့အတွက် သင်္ကြန််မိုးကို မျှော်လင့်နေပြီ။
နွေဦးသည်အရင်က သင်္ကြန်ကိုမျှော်လင့်စောင့်စားသည့် တက်ကြွသူများထဲမှ တစ်ဦးဖြစ်ခဲ့သည်။ ဧပြီလဟာ နွေဦး၏မွေးလဖြစ်သလို နှစ်သစ်ကူးသင်္ကြန်ကျသည့်လလည်းဖြစ်တာမို့ သူဟာတစ်လပတ်လုံးစိတ်လှုပ်ရှား ပျော်ရွှင်စရာများနှင့်ဖြတ်သန်းခဲ့သည်ချည်း။
သည်နှစ်တော့ နွေဦးသည် တန်ခူးလနှင့်ပိတောက်ပန်းများကို မျက်ကွယ်ပြုထားသည်။
အသက်ရလာပြီဆိုသည့်အကြောင်းပြချက်ဖြင့် သင်္ကြန်ပိတ်ရက်များကို အိမ်ထဲအောင်းမည်ဟု ဆုံးဖြတ်ချက်ချထားသည်။
သူ့ဆုံးဖြတ်ချက်ခိုင်မာသည်မှာ သူငယ်ချင်းများက ခေါ်သည်လည်းမရ။ မဏ္ဍပ်မှာရေကစားရအောင်လေ ဆိုသည့်ဆယ်လေး၏စကားသည်လည်း အရာမထင်ပေ။ သူ့အမေနှင့်ဦးလေးထွန်းက ထုံးစံအတိုင်း တရားစခန်းတစ်ပတ်ဝင်မည်။ ထို့ဖြင့်သူဟာ အိမ်စောင့်ရင်းကျန်နေခဲ့မည်ဟုသာ တွေးထားသည်။
သို့တစေ ဆယ်မင်းဆက်ကတော့ သူ့အတွေးများပြောင်းအောင် မရမကကြိုးစားနေသည်။
သူ့ကို သင်္ကြန်ပိတ်ရက်မရောက်ခင်တည်းက အတူလည်ရန် အမျိုးမျိုးဖျောင်းဖျလို့နေသည်။ နွေဦးအတွက်ကမူ သူ့ကိုနားမလည်ဟုသာ ခံစားရသည်။
သို့နှင့် ထိုကိစ္စကြောင့်ပဲ သူတို့နှစ်ယောက်ကြားမှာ မီးပွားတွေစတင်လာပြန်တော့သည်။
"ကိုကိုသိရဲ့လား တစ်နှစ်တာလုံးမှာ သင်္ကြန်ကပျော်စရာအကောင်းဆုံးပဲ... အဲတာကိုအခုလိုမျိုး ကျော်ချပစ်တော့မှာလား၊ ကျွန်တော်နဲ့တူတူပျော်ရအောင်လေ"
နွေဦးသည် ထိုအချိန်ကဆေးလိပ်တစ်လိပ်ကို သောက်နေတာဖြစ်သည်။ ဆယ်လေးမျက်နှာက တောက်ပလန်းဆန်းကာနေသည်။ သူသည် ထိုကလေး၏ဤသို့ရွှင်လန်းနေသော အငွေ့အသက်ကိုသဘောကျသည်။ သဲကန္တာရမှာ တိုက်ခတ်သည့်တစ်ခုတည်းသော လေနုအေးဟု ခံစားရ၍ဖြစ်သည်။
"ကျော်ချပစ်တော့ရော ဘာဖြစ်လဲ ငါမှမပျော်ချင်တာ"
နွေဦးသည် အနည်းငယ်ခေါင်းမာသော သူဖြစ်သည်။ သူသေချာပေါက်ဆုံးဖြတ်ပြီးသားအရာကိုလည်း တော်ရုံနှင့်မပြင်။ ယခုအခြေအနေမျိုးတွင် သင်္ကြန်မှာပျော်ဖို့က သူ့အတွက်မဖြစ်နိုင်။ နှလုံးသားသေဆုံးသွားပြီးနောက်မှာ ထိုသို့စိတ်လွတ်လက်လွတ်ပျော်ဖို့ဆိုတာ သူ့အတွက်ခက်ခဲလွန်းနေသေးသည်။ သည်အတိုင်းလေးပဲ ငြိမ်ငြိမ်လေးနေချင်သည်။ သည်အတိုင်းလေးပဲ နေ့စဥ်ဘဝထဲပျော်ဝင်သွားချင်သည်။ အမှတ်ရစရာ တစ်ပုံတစ်ပင်ရှိနေသည့်ပွဲတော်ကိုဘာမှမဖြစ်သလို ဖြတ်သန်းပစ်ဖို့ထိ သူမလုပ်နိုင်သေး။
"ကိုကိုပျော်အောင်နေမယ်လို့ ကိုယ့်ကိုယ်ကိုယ်ကတိပေးထားတယ်လေ"
"ဆယ်လေးရာ ပျော်တယ်ဆိုတာ သေချာပေါက် သင်္ကြန်မှာကဲရမယ်လို့မှ မဟုတ်ပဲ"
"ကိုကိုက မမေ့နိုင်သေးတာ"
ဆယ်မင်းဆက်၏မျက်နှာက တည်ငြိမ်နေသည်။ မျက်လုံးအကြည့်များက သူ့ဆီမှာပဲ မြဲမြံနေသည်။ စုကျုံ့ထားသော
မျက်ခုံးများကဖြင့် မပြေ။ ဆယ်မင်းဆက်က နွေဦး၏အပြောနှင့်လုပ်ရပ်များကို လက်သင့်မခံနိုင်သည့်ဟန်အပြည့်နှင့်။ နွေဦးက သင်္ကြန်မှာမလည်တော့ဘူးဆိုသည့်ကိစ္စက သည်ကောင်လေးကို ထိုမျှထိစိတ်ဆိုးသွားစေသလား။
"ဆယ်မင်းဆက် ငါ သူ့ကိုငြီးငွေ့သွားလို့ ဖြတ်လိုက်တာမဟုတ်ဘူး"
နွေဦးသည် ဆေးလိပ်ကိုခပ်ပြင်းပြင်း ဖွာရှိုက်နေဆဲဖြစ်သည်။ နွေဦးမျက်နှာက မာန်မာနအပြည့်နှင့် တည်တင်းနေသည်။
"ငါသူ့ကိုမချစ်တော့ဘူး ခံစားချက်တွေကိုအမြစ်ဖြတ်ထုတ်ပစ်လိုက်ပေမဲ့ အဲအခေါင်းပေါက်က ဘယ်လိုဖြည့်ဖြည့်မရတော့ဘူး။ မှတ်ဥာဏ်တွေကလဲအတိတ်မေ့သလိုမေ့မသွားဘူး...ငါမပျော်နိုင်သေးဘူး...မင်းနားလည်ရဲ့လား ဆယ်လေး"
သူတို့နှစ်ယောက်ကြားမှာ ယမ်းနံ့များပင်ဝင်ရောက်လာသလို။ နွေဦး၏အပြုအမူတစ်ခုလေးနှင့်စကားတစ်ခွန်းကပင် ဆယ်မင်းဆက်ကို ရင်နာစေသည်။
သူပြောလိုက်ချင်သည်။ ကိုကို့ကို အခုချိန်မှာ နားလည်လွန်းလို့ခက်နေတာ ဟုလေ။ ထိုအမှန်တရားက သူ့ကိုပါနာကျင်ခံခက်ဖြစ်စေသည်။
သူဟာ ကိုကို့ကို အတိုင်းထက်လွန်ပျော်စေချင်တာပဲ သိတယ်...
တစ်နေ့တစ်နေ့ ဓနသိုက်ဆိုတဲ့အရေးမပါတဲ့လူကြောင့် ကိုကို့ဘဝမှာပုံမှန်လိုမျိုးမဖြစ်တော့တာကို တွေးမိရင်သူရင်နာရတယ်...
"ကိုကို မှတ်ဥာဏ်တွေကို အစားထိုးပစ်လို့ရတယ်...ကိုကိုက သင်္ကြန်ကိုမျက်ကွယ်ပြုနေတာ...ကိုကိုကအရာအားလုံးကို မျက်ကွယ်ပြုတဲ့နည်းနဲ့ ဖြေရှင်းနေတာ"
"မျက်ကွယ်ပြုတော့ ဘာဖြစ်လဲ ! "
သူက နွေဦးရာသီနှင့်ဥသြငှက်များကိုလည်း လျစ်လျူရှုခဲ့သည်။ ကံ့ကော်ပန်းများ၊ တမာပန်းများကိုလည်း မသိချင်ယောင်ဆောင်ခဲ့သည်ပဲလေ...သူ့ဘေးနားမှာ ဖြစ်ပျက်သမျှတွေကို မသိကျိုးကျွန်ပြုပြီး သူ့မိသားစုနှင့် သူနေသော
ရပ်ကွက် သူ့အတိတ်မှာနေထိုင်ခဲ့သမျှ အရာအားလုံးဆီကနေ ထွက်ပြေးခဲ့တာပဲ။
"ကိုကိုက ကျွန်တော်ပေးခဲ့တဲ့ အရာတွေကိုရော မျက်ကွယ်ပြုလိုက်တာပဲလား... ကျွန်တော့်ဆန္ဒကို လျစ်လျူရှုနေမှတော့ ကျွန်တော့်လက်ဆောင်တွေကို ဘာလို့ချိတ်ထားသေးလဲ"
မရည်ရွယ်ပေမဲ့ သူတို့နှစ်ယောက် ထပ်ပြီးရန်ဖြစ်ကြပြန်ပြီ။ တစ်ယောက်တစ်ခွန်း အသံမာပြီးသည့်နောက်မှာ လေထုကငြိမ်ကျသွားသည်။ မီးလိုမျိုးဒေါသကြီးသော နွေဦးနှင့် ဒေါသထွက်လျှင် ဘာမှမမြင်တော့သည့်ဆယ်မင်းဆက်တို့ဟာ ထိပ်တိုက်တွေ့မိကြပြန်သည်။ အေးခဲသွားသော လေထုကိုဘယ်သူမှစတင်အရည်မဖျော်မိကြ။
သို့ပေမဲ့ ချိတ်ထားသည့်ပန်းချီကားများကို မြင်သောအခါ...မျက်နှာတစ်ဖက်လွှဲထားကာ မေးရိုးတွေတင်းမာနေသည့် ဆယ်လေးကိုမြင်သောအခါ နွေဦးသည်ပထမဆုံးအနေနှင့် အရင်စိတ်လျှော့ရန် တွေးလိုက်မိသည်။ သူသည် သောက်လက်စ စီးကရက်ကို ပြာခွက်ထဲထိုးခြေမွှပစ်လိုက်သည်။
"ဆယ်လေး ငါ့ကိုအထင်မလွဲပါနဲ့...ငါအပြင်ထွက်ဖို့ စိတ်မပါရုံသက်သက်ပါ ငါမင်းစကားတွေကို လျစ်လျူမရှုပါဘူး"
ဆယ်မင်းဆက်သည် ကိုကို့ကိုအံ့သြကြီးစွာဖြင့် ကြည့်လိုက်မိသည်။ ကိုကိုက အရင်အလျှော့ပေး တောင်းပန်ခဲ့တာမျိုး မရှိခဲ့ပေ။ထိုစကားကြောင့် ဆယ်မင်းဆက်နှလုံးသားလေး အရည်ပျော်သွားရတော့သည်။ သူဘယ်လိုလုပ် ထပ်ပြီးရစ်နိုင်တော့မှာလဲ...
"ကျွန်တော်လဲမှားပါတယ် ကိုကို့ကို အခုလိုတွေမပြောသင့်ဘူး"
ထုံးစံအတိုင်းပဲ သူတို့ရန်ပွဲက ကြာကြာမဖြစ်ရဘဲ ဤသို့နှယ် အဆုံးသတ်သွားသည်။
ကိုကိုက ဘာမှမပြောတော့ဘဲ ငြိမ်ကျသွားသည်။ မျက်လွှာချထားသောအခါ ကိုကို့ထံတွင် ညံသက်နူးညံ့ခြင်းတွေပဲ ကျန်တော့သည်။ မတိုင်ခင်က စီးကရက်သောက်ပြီး ခိုးဝေရီနေသည့်မျက်လုံးများနှင့် တင်းမာသည့်မျက်နှာထားဖြင့် သူ့ကိုဝမ်းနည်းအောင်လုပ်သည့် လူသားမဟုတ်သည့်အတိုင်း...
ကိုကိုက တကယ်ပဲ ခံစားချက်တွေအပေါ်ရိုးသားသည်။ ထိုအရာကိုပဲ သူကချစ်မြတ်နိုးနေရတာ ဖြစ်သည်။
..................................................................
နွေဦးအတွက် ပိတ်ရက်မှာလုပ်စရာအစီအစဥ် များများစားစားမရှိချေ။ အမေနှင့်ဦးလေးထွန်းအိမ်မှာမရှိပေမဲ့ သူသည်မဖြစ်မနေအိမ်စောင့်စရာမလို။ ကွန်ဒိုမှာပဲနေ၍ရသော်ငြား အမေ့အိမ်မှာပဲ ပြန်နေလိုက်သည်။
သင်္ကြန်အကြိုနေ့မနက်ပိုင်းတည်းက ရပ်ကွက်လမ်းမပေါ်တွင် ရေကစားကြသည့်ကလေးများနှင့် အထူးစည်ကားနေလေပြီ။ ကလေးများ၏ကြည်နူးပျော်ရွှင်စွာ ရယ်မောသံကို သူအိမ်တွင်းကနေအတိုင်းသားကြားနေရသည်။ ရေပက်ခံကားများသည်လည်း တစ်စီးပြီးတစ်စီးဖြတ်သန်းသွားလာနေကြသည်။ မြူးကြွသောတေးသံသာများသည် ပတ်ဝန်းကျင်တွင်ပျံ့လွင့်လျက်ရှိသည်။
နွေဦးသည် ပတ်ဝန်းကျင်၏ဆူညံသံများကြားထဲမှာ အိမ်တွင်းအောင်းရင်း
ဆိတ်ငြိမ်အေးချမ်းစွာဖြင့် သင်္ကြန်အခါသမယကို ဖြတ်သန်းနေမိသည်။ အိမ်ရှေ့ကသရက်ပင်နားမှာရှိသည့် ခုံတန်းရှည်ပေါ်ထိုင်ကာ စာအုပ်ဖတ်နေမိသည်။ သူဖတ်နေသောစာအုပ်က တင့်တယ်၏ ကမ္မဖလဖြစ်သည်။ စာအုပ်သည် ဇာတ်လမ်းအစတည်းက ရှေ့ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်ထားနိုင်သည်။
ကံ ကံ၏အကျိုးကိုရေးဖွဲ့ထားသည့်စာအုပ်ဖြစ်ပြီး ဇာတ်ဆောင်မောင်ကံကောင်း၏ဘဝအနိမ့်အမြင့် ကံအလှည့်အပြောင်းများအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးသားထားသည်။
စာအုပ်ကိုလက်ကမချဘဲ သိချင်စိတ်ဖြင့်ဆက်တိုက်ဖတ်နေမိသည်မို့ နေ့မွန်းတည့်သွားမှန်းပင် မသိလိုက်။ အနားချထားသော ကော်ဖီခွက်အလွတ်သည်ပင် ခြောက်ကပ်နေလေပြီ။
ထိုအချိန်တွင် သူ့ခြံဝသို့ကားတစ်စီးသည် ထိုးဆိုက်လာ၏။
မည်သူပါလိမ့်ဟု နွေဦးအံ့သြသွားပေမဲ့ ချက်ချင်းလက်ကစာအုပ်ကိုချပြီး ဧည့်သည်ကို ခြံတံခါးသွားဖွင့်ပေးလိုက်သည်။
သံတံခါးပွင့်သွားသည်နှင့် ကားတံခါးသည်လည်းပွင့်လာလေသည်။ ကားပေါ်ကဆင်းလာသူသည်ကား ဆယ်မင်းဆက်ပင်။
ဆယ်မင်းဆက်ကို လာပို့သောကားက အချိန်မဆိုင်းဘဲ ပြန်ထွက်သွားလေသည်။ ကျောပိုးအိတ်တစ်လုံးနှင့်သူ့အိမ်ရှေ့ ခပ်တည်တည်ရောက်လာသူကို နွေဦးမှာ မည်သို့မှမပြောနိုင်ဘဲ ရပ်ကြည့်မိနေ၏။
ဆယ်မင်းဆက်က သူ့ကိုကျော်ကာ အိမ်ထဲသို့တန်းဝင်သွားလေသည်။ ပုံစံက ကိုယ့်အိမ်ကိုယ့်ရာကို ပြန်လာသည့်အတိုင်း။
နွေဦးလည်း ခြံတံခါးကိုပြန်ပိတ်လိုက်သည်။
"ဆယ်လေး ဘာလာလုပ်တာလဲ"
"ဒီတိုင်းပဲ ပျင်းလို့"
"မင်းပြောတော့ မင်းသူငယ်ချင်းတွေနဲ့လည်မှာဆို"
ဧည့်ခန်းကဆိုဖာမှာထိုင်နေသောသူ့ကို ကိုကိုကတရစပ်မေး၏။ မှန်သည်... သူတကယ်ပဲ သူငယ်ချင်းတွေနှင့်လည်ရန် အစီအစဥ်ဆွဲထားသည်။ အကျနေ့နှင့်အကြတ်နေ့မှာလည်း မဏ္ဍပ်မှာရေပက်ရန် အားလုံးစီစဥ်ထားပြီးသား။
ကိုကိုက သူနဲ့မလိုက်ဘူး မလည်ချင်ဘူးဆိုတာနဲ့ သူ့ရဲ့နဂိုမူလအစီအစဥ်တွေကို ပြောင်းလဲစရာမလိုဟု သူဆုံးဖြတ်ခဲ့တာ...အမှန်တော့ ဆယ်မင်းဆက်က ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမိတာပဲ။
/ငါကအဲလောက်ထိ တွယ်ကပ်တတ်တဲ့သူမဟုတ်ဘူး...ငါကအဲလောက်ထိဖြစ်မနေဘူး/ ဆိုတဲ့ တလွဲမာနကြီးကို ရင်ဝယ်ပိုက်ထားခဲ့တာ။
ရလဒ်ကတော့ သင်္ကြန်ကားနဲ့ပါသွားပြီးမှတစ်ဝက်တစ်ပျက်နဲ့ အိမ်ပြန်ပို့ခိုင်းမိတာပဲ။ ထက်သူနဲ့သူရိန်မင်းလွင်ရဲ့ ဆဲစကားတွေကို လှိမ့်ပိန့်နေအောင်ခံလိုက်ရတယ်။ ရုတ်တရက်ကြီး မလည်တော့ဘူးလုပ်တဲ့ဆယ်မင်းဆက်ကို သူငယ်ချင်းတွေဒေါသထွက်ကြတာမဆန်း။ အားလုံးကိုကျေနပ်အောင် သူမဖြေရှင်းနိုင်။ သူသည် အိမ်ပြန်ရောက်တာနဲ့ အဝတ်အစားလဲကာ ကိုကို့ဆီကိုတန်းထွက်လာမိတာပင်...
"လည်တာက ပျော်ဖို့မကောင်းတော့လို့"
သူ့စကားကြောင့် ကိုကို့မျက်လုံးများက အနည်းငယ်မြင့်တက်သွားသည်။
ခွင့်လွှတ်ပါတော့...
သူ ကိုကိုမရှိရင် တကယ်ပဲ မနေနိုင်တော့ဘူး။
စွန့်ပစ်ခံထားရသော ခွေးတစ်ကောင်လိုမျိုး နွေဦးရှေ့ရောက်လာသည့် ဆယ်လေးကိုကြည့်လိုက်သည်။
ထိုကောင်လေးက စိတ်ထင်ရာလုပ်တတ်တာကိုသိပေမဲ့ အခုကတော့ ထူးဆန်းသည်။ အခုလိုပဲ သူ့ထံရောက်လာနေကျဆိုသော်လည်းနွေဦးစိတ်ထဲ ရှင်းမပြတတ်အောင်ထူးဆန်းနေသည်။
"ပင်ပန်းလိုက်တာကိုကိုရာ သင်္ကြန်လည်ရတာပင်ပန်းတယ် ကျွန်တော်မလည်တော့ဘူး...အိမ်မှာပဲ ကိုကိုနဲ့နေတော့မယ်"
နှစ်တိုင်း ပျော်ခဲ့တဲ့သင်္ကြန်ကရုတ်တရက်ကြီး အသက်မဲ့သွားတယ်...ကားတွေလူတွေက ဆူညံမှုအဖြစ်ပြောင်းလဲသွားပြီး မြူးကြွတဲ့သီချင်းတွေက ရင်ခုန်အောင်လုပ်မပေးနိုင်တော့။ ဒါက ကိုကိုသူ့ဘေးမှာမရှိလို့တဲ့လေ...ဒီအဖြစ်အပျက်က လက်သင့်မခံချင်စရာကောင်းသလို တစ်ချိန်တည်းမှာပဲ လှိုက်ဖိုကြည်နူးစရာကောင်းတယ်...
နေ့တိုင်း သူသည်ကိုကို့ကို ထိုမျှထိချစ်မိနေတာပါလား ဟုနားလည်သဘောပေါက်ရင်း ဖြတ်သန်းနေရသည်။
လူတစ်ယောက်ကို ချစ်မိတာက သူ့ဘဝထဲနွေဦးကို ခေါ်ဆောင်ပေးခဲ့တာလို့ သိထားခဲ့တာ...
ဒီနေ့မှ ထပ်ပြီးသိလိုက်ရတာက ထိုသူသာမရှိရင် သူ့ဘဝရဲ့ဥတုရာသီတွေအကုန် ပျောက်ဆုံးသွားနိုင်တယ်ဆိုတာကိုပဲ။
"အင်းပါ မင်းသဘောပဲလေ နေချင်ရင်နေပေါ့"
ဤသို့နှင့် နှစ်ယောက်သား အိမ်မှာပဲနေဖြစ်ကြတော့သည်။ တက်ကြွရွှင်မြူးနေ
သော ပျော်ရွှင်ဖွယ်ရာပွဲတော်နှင့်ဆန့်ကျင်စွာ သူတို့နှစ်ယောက်သည် အိမ်ထဲမှာပဲ ပိတ်မိနေကြသည်။
သင်္ကြန်အကျနေ့မှာပါ ဆယ်လေးကရောက်လာသည်။ သည်တစ်ခါတော့လက်ဗလာနှင့်မဟုတ်ဘဲ ပိတောက်ပန်းများတပွေ့တပိုက်လည်းပါလာသေးသည်။
ပိတောက်ပန်းများကို နွေဦးရင်ခွင်ထဲထိုးထည့်လာသည့် ဆယ်မင်းဆက်ကို သူသည်အံ့သြစွာကြည့်မိပြန်သည်။ ဒီနေ့လဲဘာလာလုပ်တာလဲ...ဆိုသည့် အကြည့်ဖြင့် ကြည့်ပေးလိုက်သည်။ ဆယ်မင်းဆက်က သူ့အကြည့်များကို မည်သို့ဘာသာပြန်သည်မသိ သဘောတကျရယ်နေသည်။
ဆယ်မင်းဆက်သည် ပိတောက်ပန်းများ
ပွေ့ထားသည့် နွေဦးပခုံးကိုဖက်လိုက်ကာ အိမ်ထဲဆွဲသွင်းလိုက်သည်။
"မင်းဘာလာလုပ်ပြန်တာလဲကွာ"
"ကျွန်တော်ပြောပြီးသားပဲ လည်ရတာစိတ်မပါဘူးလို့"
"အဲတာဆိုလဲ ကိုယ့်အိမ်မှာကိုယ်နေလေ...ဘာကိစ္စနဲ့ငါ့ဆီလာနေတာလဲ"
"ကိုကိုက အကြောင်းပြချက်ကိုမေးနေတာလား... အဲတာဆိုရင်တော့ ကျွန်တော့်မှာ ဖြေစရာမရှိဘူး"
အကြောင်းပြချက်တွေမရှိဘူး... ခန္ဓာကိုယ်က လုပ်ကိုလုပ်ရမယ်လို့အမိန့်ပေးထားတဲ့အတိုင်း ကိုကို့ဆီကိုရောက်လာတာ...
"ဆယ်လေး"
"နောက်လလောက်ဆို ကျွန်တော်ကျောင်းပြန်ဖွင့်တော့မှာ အဲကျ ကိုကိုတွေ့ချင်ပါတယ်ဆိုရင်တောင် အချိန်ပြည့်မတွေ့ရတော့ဘူးနော် အခုခဏပဲသည်းခံလိုက်"
"ငါလဲ မင်းကိုအချိန်ပြည့်မတွေ့ချင်ပါဘူး"
"ကိုကို တစ်ခါတလေ အဲလိုအမှန်တရားတွေကို မဖြေလဲရတယ်"
နွေဦးသည် ပိတောက်ပန်းများကို ပန်းအိုးအလွတ်တစ်လုံးထဲထည့်ထားလိုက်တော့သည်။ ဆယ်မင်းဆက်ကတော့ သူ့အခန်းထဲမှာ TVထိုင်ကြည့်နေသည်။ ရုပ်မြင်သံကြားကနေ တစ်နိုင်ငံလုံးမှာကျင်းပနေသော သင်္ကြန်ပွဲတော်အစီအစဥ်များကို ထုတ်လွှင့်တင်ဆက်နေသည်။ ရေပက်ခံကားများ မဏ္ဍပ်များနှင့်ဖျော်ဖြေရေးအစီအစဥ်များကို ဝေဝေဆာဆာ ထုတ်လွှင့်နေသည်။ ဆယ်မင်းဆက်သည် ပျင်းရိပျင်းတွဲဖြင့် ကုတင်ကိုမှီကာ TVလိုင်းကိုတစ်ခုပြီးတစ်ခု ပြောင်းနေသည်။
နွေဦးသည် ဆယ်မင်းဆက်ကိုထားခဲ့ကာ အောက်ထပ်ရှိမီးဖိုခန်းထဲ ဝင်လိုက်သည်။ ရေခဲသေတ္တာကိုမွှေနှောက်ရင်း ဟင်းချက်စရာပစ္စည်းများကို ထုတ်ယူလိုက််သည်။ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း ငြိမ်းချမ်းအေးဆေးစွာဖြတ်သန်းနေသောဘဝထဲကို သူများအိမ်ကသားရောက်လာသောအခါ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။
ဘယ်မှမသွားဘဲ ဒီအိမ်ထဲတစ္ဆေ သရဲလိုကပ်တွယ်နေသော ဆယ်မင်းဆက်... နွေဦးသည် ကြာလေလေ စိတ်အချဥ်ပေါက်လာလေလေ...
စိတ်ထဲကတစ်မျိုးပြောနေပေမဲ့ လက်တွေ့မှာတော့ သူသည် ဆယ်လေးအတွက်ဟင်းချက်ပေးဖို့ရာ ပြင်ဆင်နေမိသည်။
အိမ်မှာသောင်တင်နေသူကို ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်ကွယ်ပြုမထားနိုင်။ ကြက်သားတုံးများကိုရေစင်အောင်ဆေးပြီး အဆာပလာများထည့်ကာ နှပ်ထားလိုက်သည်။ ထို့နောက်ကန်စွန်းရွက်ကိုခြွေကာ ရေဆေးပြီးဇကာထဲစစ်ထားလိုက်သည်။
သူ့အမေထားပေးခဲ့သည့် ပုဇွန်ခြောက်ကြော် ငံပြာရည်ကြော်များရှိပေမဲ့ ဆယ်လေးကအစပ်မစားနိုင်။ အိမ်မှာရှိသော
ကြက်သားနှင့်ကန်စွန်းရွက်ကိုပဲကြည့်ပြီး သူစိတ်ဓာတ်ကျလာသည်။ ပူလာသော
ဆီအိုးထဲ ကြက်သားများကိုထည့်ကြော်ရင်း ဆယ်လေးမစားနိုင်လျှင် မည်သို့လုပ်ရမလဲဟုသာတွေးနေမိသည်။
"ကိုကို"
ရေဖန်ကရားကို လက်ကကိုင်လာပြီး ဆယ်မင်းဆက်သည် မီးဖိုခန်းထဲသို့ဝင်လာသည်။
ကြက်သားဆီအိုးသည် တဖောက်ဖောက်မြည်သံထွက်လျက်ရှိသည်။
သူ့ကိုကျောပေးထားသည့် ကိုကို့ပုံရိပ်သည် နူးညံ့ပျော့ပြောင်းမှုအပြည့်ရှိသည်။ ကိုကိုမီးဖိုချောင်ဝင်သောပုံစံက မြင်ရခဲသည်။
"ဆယ်လေး ကြက်သားကြော်နဲ့ ကန်စွန်းရွက်ကြော်ပဲရှိတယ် အဆင်ပြေလား... အဆင်မပြေရင် ကိုကိုအပြင်ထွက်ဝယ်ပေးမယ်"
"ရတယ် ကိုကို ကျွန်တော့်အတွက်ချက်နေတာလား"
နွေဦးသည် နောက်ဆုံးကျန်သည့်ကြက်သားတုံးကို ဆယ်ယူလိုက်သည်။
"ဒါပေါ့ ငါ့ဘာသာဆို ခေါက်ဆွဲပဲပြုတ်စားတယ်"
"ဒါဆို ကျွန်တော်လဲခေါက်ဆွဲပြုတ်ပဲစားမှာပေါ့ ဘာလို့ချက်နေတာလဲ ပင်ပန်းအောင်လို့"
"မင်းကိုဘယ်လိုလုပ်ဖြစ်သလိုစားခိုင်းရမှာလဲ"
ဆယ်မင်းဆက်သည် မြင်နေရသော
ကိုကို့နောက်ကျောပြင်ကို ပွေ့ဖက်ချင်လာသည်။
"ကျွန်တော်ကအဆင်ပြေပါတယ် ဘာဖြစ်ဖြစ်"
နွေဦးအနားကပ်ကာ အသံသေးသေးလေးနှင့် လာပြောသူကို လှည့်ကြည့်လိုက်သည်။ နွေဦး၏ပခုံးနားထိရောက်အောင် ခန္ဓာကိုယ်ကိုငုံ့ကိုင်းလာသည့်ဆယ်မင်းဆက်နှင့် အကြည့်ချင်းဆုံမိသွားသည်။
အခိုက်အတန့်သည် စက္ကန့်ပိုင်းမျှသာ ကြာမြင့်သည်။ ဆယ်လေးက နွေဦးကြော်ထားသော ကြက်သားကြော်ပန်းကန်ကို ယူသွားပေးကာ စားပွဲပေါ်ကိုတင်သည်။
"ခဏစောင့် ငါ ကန်စွန်းရွက်ကြော်လိုက်အုံးမယ်"
ကိုကို့စကားကို သူသည်ခေါင်းညိတ်ပြကာတုံ့ပြန်လိုက်သည်။
ကန်စွန်းရွက်ကြော်နေသော ကိုကို့ကို ထမင်းစားပွဲနားမှာ အခံ့သားထိုင်ကာကြည့်နေမိသည်။ ကိုကိုကတကယ်ကိုပဲ ဘေးနားမှာရှိသမျှလူတွေကို နွေးထွေးမှုများပေးနိုင်သည်။ ပါးစပ်ကသာ သူလာတာကို မကြိုက်သလိုပြောတတ်ပေမဲ့ ကွန်ဒိုမှာဆို သူကြိုက်သည့်မုန့်များမပြတ်ဝယ်ထားပေးတတ်သည်။ ကိုကို့အနားကနေ ကုတ်ဖြင့်ကော်ထုတ်မည်ဆိုလျှင်တောင် မသွားရသည့်အကြောင်းရင်းက အဲတာပါပဲ။ ကိုကိုက သူ့ကိုအလွန်တရာ ဂရုစိုက်သည်။
ထမင်းခူးပြီး နှစ်ယောက်သားအတူတူ နေ့လယ်စာစားလိုက်ကြသည်။ ဆယ်မင်းဆက်က အမှန်တကယ်ပဲ ချေးမများချေ။ နွေဦးချက်ကျွေးသမျှကို အထွန့်မတက်ဘဲ စားပေး၏။
"ဆယ်လေး သူငယ်ချင်းတွေနဲ့လျှောက်မလည်တော့ဘူးလား"
"အင်း မလည်တော့ဘူး သင်္ကြန်ကိုအခုမှလည်ရမှာလဲမဟုတ်ဘူး နှစ်တိုင်းလည်နေတာပဲကို ဒီနှစ်တော့အိမ်မှာပဲအေးဆေးနေမလို့... မာမီလဲစိတ်ချမ်းသာတာပေါ့"
နွေဦးသည် စားလက်စဇွန်းကိုချလိုက်သည်။ သူရှေ့မှာ ပကတိဖြူစင်ကာတောက်ပနေသော ကောင်လေးကိုကြည့်လိုက်သည်။
"ကိုကို့ကြောင့်လား"
နွေဦး၏အမေးစကားက နူးညံ့နေသည်။ မျက်ဝန်းများက သိမ်မွေ့စွာဖြင့် ဆယ်မင်းဆက်ကိုကြည့်နေ၏။
ဆယ်မင်းဆက်မှာ မည်သို့ပြန်ဖြေရမည်မသိ။ သူ့နှုတ်ခမ်းတွေကတော့ ပြုံးယောင်သမ်းသွားသည်။
နွေဦးသည် မည်သည်ကိုမျှဆက်မမေးမိတော့။ ဆယ်လေးကအဖြေပြန်မပေးလည်း သူသဘောပေါက်ပါသည်။ ဆယ်မင်းဆက်၏အခုလို အပြုအမူကိုသူတကယ်ပဲ သဘောကျပါရဲ့။
အဲတာကသူ့ကိုအရေးထားလို့ပဲ မဟုတ်လား။ သူကအိမ်မှာပဲ ပိတ်မိနေတာနဲ့ ဒီ
ကောင်လေးကပါ သူနဲ့အတူအဖော်လာပြုပေးတာ... အခုလိုလုပ်ဖို့ထိ မလိုအပ်ပေမဲ့လဲ... သူ့အပေါ်ဒီလောက်ထိသံယောဇဥ် ရှိလိမ့်မယ်လို့လဲ မထင်ထားခဲ့ဘူး။
"သူငယ်ချင်းတွေနဲ့လျှောက်လည်ပါ"
"ဒါပေမဲ့"
"ကိုကိုပါအတူလိုက်ခဲ့မယ် ဟုတ်ပြီလား"
ငြင်းခုံတော့မည့် ဆယ်မင်းဆက်၏စကားသံတွေက နှုတ်ခမ်းဖျားမှာတင်ရပ်တန့်သွားသည်။ ချိုမြသော ကိုကို့အသံသည် သူ့နားထဲဖြတ်သန်းစီးဆင်းသွားပေမဲ့ ထိုစကားကိုပဲ မယုံကြည်နိုင်စွာသူတုံ့ပြန်မိသည်။ မီးဖိုခန်းပြတင်းပေါက်ကို ဖြတ်သန်းလာသော နေအလင်းရောင်သည်ကိုကို့အနောက်ဘက်မှာ ရွှေရောင်အလင်းမှုန်များသဖွယ် ပြန့်ကျဲလို့နေခဲ့သည်။ ဆယ်မင်းဆက်မျက်နှာပေါ်က အပြုံးရေးရေးလေးသည် တက်ကြွတောက်ပသောအပြုံးအဖြစ် အလုံးစုံပြောင်းလဲသွားတော့သည်။
..................................................................
နွေဦးသည် အပြင်သွားဖို့ပြင်ဆင်ပြီးသည်နှင့် ကော်ဖီတစ်ခွက်ကိုသောက်ရင်း ဆယ်မင်းဆက်နှင့်သူငယ်ချင်းတသိုက် လာခေါ်မည့်အချိန်ကို ထိုင်စောင့်နေမိသည်။ အန်တီမေခင်သည် မနေ့ကသူ့ဆီဖုန်းဆက်ကာ ကျေးဇူးတင်စကားပြောလေ၏။ ဆယ်လေးကို စိတ်မချဖြစ်နေတာ နွေဦးပါအတူလိုက်မှာမို့ ကျေးဇူးတင်တယ် ဟူသောအကြောင်းပင်။
နွေဦးသည် အန်တီမေခင်ကို စိတ်မပူရန် ကတိပေးလိုက်သည်။ အမှန်တော့ နွေဦးသည် ထိုကောင်လေးနှင့်အတူလည်ဖြစ်ဖို့ အစတည်းကအစီအစဥ်မရှိချေ။ သူက ပြောပြီးသားဆုံးဖြတ်ချက်ကို မျက်စိတစ်ခတ်အတွင်း ပြောင်းလဲတတ်သည့်သူလည်း မဟုတ်ပါပဲ။
ခြံတံခါးကို အဆင်သင့်ဖွင့်ထားတာမို့ ကားဝင်လာသောအသံကိုကြားရသည်။ နွေဦးသည် ကော်ဖီခွက်ကိုမီးဖိုခန်းထဲကဘေစင်ထဲထည့်လိုက်သည်။ ဆယ်လေးသည် အိမ်ပေါက်ဝကနေ "ကိုကို" ဟု အသံကျယ်ဖြင့် လှမ်းအော်လေ၏။
ဘွတ်ဖိနပ်၊ အမဲရောင်လယ်သာဂျက်ကတ်အမဲနှင့် တစ်ကိုယ်လုံးအမဲရောင်ဝတ်ထားသည့် ဆယ်လေးကသူ့ကိုမြင်တော့ ပြုံးပြလာသည်။ နားတစ်ဖက်မှာလည်း နားကပ်တစ်ဖက်ပန်ကာ ပြင်ဆင်ထားသည့်ဆယ်လေးက တောက်ပတက်ကြွကာနေသည်။ ရေများရွှဲရွှဲစိုနေကာ ဆယ်လေး၏ရင်ဘတ်တွင် ဖုန်းထည့်ထားသည့်ရေစိုခံအိတ်ကို ဆွဲထားသည်။
ဂျစ်ကားပေါ်ကနေ ဆယ်လေး၏
သူငယ်ချင်းများဖြစ်ဟန်တူသည့် လူငယ်များတစ်ယောက်ပြီးတစ်ယောက် ဆင်းလာသည်။
"ကျွန်တော်တို့က ဆယ်မင်းဆက်သူငယ်ချင်းတွေပါ"
မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေးကသုံးယောက်ဖြစ်သည်။ နွေဦးသည် အကုန်လုံးကိုပြုံးပြ၍ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လိုက်သည်။
"အစ်ကို့နာမည် နွေဦးပါ"
ကိုကိုက သူ့သူငယ်ချင်းများကိုမိတ်ဆက်နေသည်။ ထက်သူနှင့်ရွှေရောင်ကပြန်အဆင်ပြေသွားပြီမို့ ရွှေရောင်ကပါ
သူတို့နှင့်အတူတူလိုက်လည်သည်။ နောက်ထပ်မိန်းကလေးတစ်ယောက်က မိုးသောက်ကြယ်၏ညီမလေး လင်းလက်ကြယ်ဖြစ်သည်။ သူတို့ကမနက်ပိုင်းလည်ပြီး ညနေပိုင်းကျ သူရိန်မင်းလွင်တို့မိသားစုပိုင်ကုမ္ပဏီ၏မဏ္ဍပ်မှာ ရေပက်မည်။ ယနေ့မှ လိုက်လည်မည်လုပ်သည့်ဆယ်မင်းဆက်ကို သူငယ်ချင်းတွေက အစကသစ္စာဖောက်ဆိုကာမခေါ်ဘူးလုပ်နေသဖြင့် ကျေနပ်အောင်တောင်းပန်ထားရခြင်းဖြစ်သည်။
မနက်မိုးလင်းတည်းက ကိုကိုကသူနဲ့အတူလိုက်မှာဆိုပြီး တက်ကြွမြူးတူးနေမိတာ။ နောက်ဆုံးတော့ ကိုကိုကသူနဲ့အတူလိုက်လည်ရတာပဲလေ။ ဒါဟာ အနိုင်ယူစရာမဟုတ်ပေမဲ့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုအရေးထား၊ အလေးပေးတာမို့ သူအလွန်ပျော်ရွှင်နေမိတာ။
ဆယ်မင်းဆက်သည် ဂျစ်ကားပေါ်တင်လာသည့် ရေပုံးထဲကနေရေအပြည့်ခပ်လိုက်သည်။ သူ့သူငယ်ချင်းတွေ မိတ်ဆက်သမျှကို အပြုံးနှင့်ပြန်ဖြေနေသော ကိုကို့ကို ပခုံးစွန်းကနေရေများကိုလောင်းချလိုက်သည်။
ကိုကိုသည် သူ့ကိုမျက်တောင်ဖျားလေးပင့်တက်ကာဖြင့် မော့ကြည့်လာသည်။ ကိုကို့အင်္ကျီတစ်ခြမ်းကတော့ ရွှဲစိုသွားလေပြီ။
"ဘယ်သူ့ဆီကမှ ရေပက်တာမခံရသေးခင် ကျွန်တော်အရင်ကြိုလောင်းထားတာ"
ဆယ်မင်းဆက်၏အတ္တစိတ်ကို ကိုကိုက ခပ်ပြုံးပြုံးသာ တုံ့ပြန်ပါ၏။ သူတို့အကုန်လုံးဂျစ်ကားပေါ်သို့အသီးသီးတက်ကြသည်။ ဆယ်မင်းဆက်က ဘယ်ဘက်လက်ရန်း၏ခေါင်းရင်းဘက်မှာနေပြီး ကိုကိုကတော့ သူ့ဘေးမှာရပ်သည်။ ကိုကို့နောက်ကျောဘက်ကို သူသည်လက်တစ်ဖက်ဖြင့်ကာထားလိုက်သည်။
သူတို့ကားသည်ပုံမှန်အရှိန်ဖြင့် လမ်းမပေါ်ရောက်လာသည်။ လမ်းတစ်လျှောက်ပုံမှန်ရေပက်သူများကြောင့် သူတို့ရွှဲရွှဲစိုကုန်သည်။ တချို့ကရေအပြည့်ပုံးများနှင့်လှမ်းပက်ကာ တချို့ကတော့ ရေပိုက်များဖြင့်ပက်သည်။ ဤရေများက စိတ်လှုပ်ရှားစေသည့် ရေစက်များသာဖြစ်ပြီး တကယ့်အပျော်များက မဏ္ဍပ်များရှိရာရောက်မှ စတင်မည်။
ကျုံးလမ်းပေါ်ကိုရောက်တာနှင့် ကားကတစ်ဘီးချင်းသာ လှိမ့်ရတော့သည်။ မြူးကြွသော သင်္ကြန်သီချင်းများက ကျယ်လောင်စွာဖြင့် သူတို့အားလုံး၏စိတ်အစဥ်ကိုမိုင်ကုန်ပျော်ရွှင်ဖို့ရာ လောင်စာထည့်ပေးနေသည်။ အဆက်မပြတ်ကျရောက်လာသောရေများ၊ သူတို့လိုပဲ အော်ဟစ်ပျော်ရွှင်နေသည့်ရေပက်ခံကားများနှင့် ဆိုင်ကယ်များ၊ လူပေါင်းများစွာတို့ဖြင့် သင်္ကြန်ရက်ကိုဖြတ်သန်းရန်ခရီးသည် စတင်ခဲ့ပြီဖြစ်သည်။
ဆယ်မင်းဆက်သည် အမှန်တကယ်ကိုပျော်ရွှင်ကျေနပ်နေမိတော့သည်။ ဖြတ်သန်းဖူးသမျှ သင်္ကြန်ထဲ ယခုတစ်ခေါက်သည် အပျော်ရွှင်ရဆုံးပင်။ ကိုကို့ပခုံးကိုဖက်ပြီး သီချင်းစည်းချက်အတိုင်း ဘယ်ညာယိမ်းကရင်း သူသည်ဤကခုန်နေကြသော သူတွေထဲအပျော်ရွှင်ဆုံးဖြစ်နေခဲ့သည်။ ကိုကို့အနားကိုငုံ့ကိုင်း၍ စကားပြောရတိုင်း နှလုံးသားသည် တဒိန်းဒိန်း ပေါက်ကွဲရ၏။ ရေစိုနေသော ကိုကို့မျက်နှာထက်က သူ့ထက်မလျော့သောအပြုံးများသည်ကား ဖျန်းပက်လာသော သင်္ကြန်ရေများထက်ပင် အေးချမ်းပါ၏။
ရေပိုက်များက တရစပ်ထိုးသည့်အချိန်တွင် ကိုကိုကနားနှစ်ဖက်ကိုလက်ဖဝါးများဖြင့် ကာထားတတ်သည်။ သူကတော့တဘက်ကြီးကိုဖြန့်ကာ ကိုကို့ကိုဖက်၍ နှစ်ယောက်သားလုံအောင်ကာ၏။
ထက်သူသည် ရွှေရောင့်ကိုထိုနည်းအတိုင်းကာပေးသလို မိုးသောက်ကြယ်သည်လည်း သူ၏ညီမလေးကိုကာပေးသည်။ တစ်ယောက်တည်း ကိုယ့်တဘက်ကိုခြုံရသူကား သူရိန်မင်းလွင်ပင်။
သည်ထက်ရွှဲစိုအောင်ပက်ပါစေဦး ရေပိုက်များက ကျောပြင်ထက်မှာနာကျင်မှုတွေ ပေးပါစေဦး သူကတော့တဘက်အောက်က ကိုကို့မျက်နှာလေးကိုငေးမဝရင်း အံတုနိုင်သည်။
တဖြည်းဖြည်းနှင့် ကားတွေကကြပ်သထက်ကြပ်လာသည်။ မဏ္ဍပ်များရှေ့မှာ လူထောင်ပေါင်းများစွာ တိုးဝှေ့ပြီးအောင်ပွဲခံနေသည်။ ကားများက တစ်ဘီးချင်းလှိမ့်ရင်းသာ ရှေ့ဆက်သွားနေရသည်။ သီချင်းများတစ်ပုဒ်ပြီးတစ်ပုဒ်ပြောင်းသွားကာ လူတွေအားလုံးကမမောနိုင်မပမ်းနိုင် ကခုန်နေသည်။
...လောင်းလိုက်တော့ ချမ်းချမ်းချမ်း
ရင်တွေတုန်တုန်တုန်
တီးပါဗုံဗုံဗုံ
ရေစိုစိုတန်ခူးလမှာ...
သံစဥ်ကြားတာနှင့်တက်ကြွမှုတို့က တစ်ဖန်ပြန်စတင်လာသည်။ ဟေး ခနဲအသံများ အော်ဟစ်ကာလိုက်ဆိုသောသီချင်းသံများကြောင့် ပတ်ဝန်းကျင်သည် ထပ်မံအသက်ဝင်လာသည်။ နွေဦးတို့ကားပတ်ပတ်လည်မှာရှိသည့်ရေပက်ခံကားများပေါ်ကလူများသည် ခုန်ပေါက်ကာကခုန်နေသည်။
နွေဦးတို့ကားပေါ်က ကလေးများသည်လည်း အတူတူပင်။ သီချင်းစာသားကို သံပြိုင်လိုက်အော်ရင်း ကခုန်နေကြသူများနှင့်အတူ နွေဦးကိုယ်တိုင်သည်လည်း ခန္ဓာကိုယ်ကလိုက်လှုပ်ရှားနေမိသည်။ သူ့ဘေးမှ ဆယ်လေးသည် သူငယ်ချင်းများနှင့် တဟေးဟေးလုပ်ရင်း ပြုံးရွှင်နေသည်။ လူငယ်တို့၏တက်ကြွမှုက သင်္ကြန်ရေနှင့်ထိသောအခါ မိုးထိအောင်ပင်မြင့်သွားလေသည်။
ရေများကဆက်တိုက်ကျရောက်လာသည်။ သီချင်းက ထပ်မံပြောင်းသွားသည်။
တာ တာ တာဒီတာ တာတာ တီ တာဒီတာ ဒီတာတာ
အဖွင့်သံစဥ်နှင့်တင် အားလုံးရင်းနှီးနေပြီးသား သီချင်းသံ။ ကားဘီးသည် တရွေ့ရွေ့နှင့်ရှေ့ကိုဆက်ပြီးရွေ့လျားနေသည်။ လူအားလုံးက ကခုန်နေဆဲ။
နွေဦးသည် ဆယ်မင်းဆက်မျက်နှာကို ဖျတ်ခနဲကြည့်မိရာကနေ အကြည့်မလွှဲနိုင်တော့။ ရေစက်များကလွင့်ခါလို့နေပြီး တောက်ပတက်ကြွသောအပြုံးနှင့်ထိုကောင်လေးက ခုန်ပေါက်နေသည်ကို သူငေးကြည့်မိသည်။
ပကတိဖြူစင်မှု ရိုးသားသောပျော်ရွှင်မှု၊ ပျော်ရွှင်မှုအလုံးစုံကိုဖော်ညွှန်းပါသည့် ထိုအသက်ဝင်လှသော အပြုံးနှင့်လဲ့ဖြာနေသောမျက်ဝန်းများ... ထိုအခိုက်အတန့်တွင် နွေဦးသည် မျောပါလို့သွားခဲ့သည်။ သူသဘောကျလွန်းသော နေရောင်ခြည်စူးစူးအောက်မှာ ယခုလိုပျော်ရွှင်မှုတွေ ပြည့်နှက်နေသည့်ပတ်ဝန်းကျင်မှာ သူ့အာရုံကဆယ်လေးဆီမှာပဲ ရှိတော့သည့်ခဏတာလေး...
ဆယ်လေးအကြည့်တွေက ရုတ်တရက် နွေဦးဆီရောက်လာသည်။ အကြည့်မလွှဲသည့်နွေဦးနှင့် နှစ်ဦးသားမျက်လုံးချင်းဆုံသွားကြသည်။ ဆယ်မင်းဆက်အပြုံးတွေက မရပ်တန့်သေးပေ။
နွေဦး၏မြင်ကွင်းထဲ ထိုအပြုံးတွေကပဲနေရာအပြည့်ယူထားသည်။ ဆယ်လေးသည် ကနေရာကနေရပ်တန့်ကာ သူ့အနားကို ဖြည်းဖြည်းချင်းတိုးကပ်လာသည်။ ထို့နောက်ရေများစိုရွှဲနေသော နွေဦး၏မျက်နှာကို လက်ဖဝါးနှစ်ဖက်ထဲထည့်ကာဆုပ်ကိုင်လာသည်။
ဘေးပတ်ဝန်းကျင်က ဆူညံသံတို့ရပ်တန့်သွားသောခဏ... နွေဦး၏အကြည့်တို့က ဆယ်မင်းဆက်ဆီမှာပဲ ငြိတွယ်နေဆဲ။
လက်ဖြင့်ထွေးပိုက်ထားသော နွေဦး၏မျက်နှာနားကို ဆယ်မင်းဆက်၏ မျက်နှာကပိုပိုပြီးနီးကပ်လာသည်။ ဆယ်မင်းဆက်ဆံပင်ထက်ကရေစက်များသည် နွေဦးမျက်နှာပေါ်စီးကျနေပြီး ဆယ်မင်းဆက်၏အပြုံးတို့သည်လည်း ဖြည်းဖြည်းချင်းနီးကပ်လာတော့၏။
နွေဦးနှလုံးသားသည် ပရမ်းပတာ အကြမ်းတရမ်းခုန်ပေါက်လာတော့သည်။ ထွက်လေကို တုန်လှုပ်စွာရှိုက်ထုတ်လိုက်မိသောခဏ။ ဤကမ္ဘာမြေပြင်ပေါ်မှာ သူ၏ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ကုန်မှန်းမသိတော့သည့်ခဏ။ ဆယ်လေးက ဘာလုပ်မည်မှန်းမသိတော့သည့်အချိန်...
ဆယ်မင်းဆက်က နောက်ဆုံးတော့ နွေဦးမျက်နှာကိုဆုပ်ကိုင်ထားသည့် လက်များကိုဖယ်ခွာသွားသည်။ ထို့နောက် နွေဦးကိုထိုလက်နှစ်ဖက်လုံးနှင့် တင်းကျပ်စွာပွေ့ဖက်ထားတော့သည်။ နွေဦး၏ အသက်ရှူသံနှုန်းတွေက ကမောက်ကမဖြစ်နေဆဲပင်။ ဆယ်မင်းဆက်က ဖယ်ခွာသွားပြီးသူ့ပခုံးကိုဖက်ကာ အတူကစေသည်။
နွေဦးသည် ယခုမှသက်ပြင်းကို ရဲရဲချနိုင်တော့တာဖြစ်သည်။ မိနစ်ပိုင်းစာအချိန်လေးအတွင်း သူ့ကမ္ဘာသည် ကပြောင်းကပြန်ဖြစ်သွားခဲ့တာ။
ဘီယာဘူးကိုဖောက်ကာ တစ်ငုံသောက်လိုက်သည်။ ဆူညံကျယ်လောင်သော ပတ်ဝန်းကျင်ထဲကို သူသည်မြန်မြန်ဆန်ဆန်ပဲပျော်ဝင်သွားသည်။ တစ်ခဏစာလေး အတွေးချော်သွားခြင်းသက်သက်ဟု မှတ်ယူလိုက်သည့်အခါ မျက်တောင်တစ်ခတ်စာလေးအတွင်း သူသည်ဆယ်လေးကို ပုံမှန်အတိုင်းပဲ ရှုမြင်၍ရသွားခဲ့သည်။
..................................................................
တစ်နေကုန်လည်ပတ်လို့ဝသွားသည့် ရေပက်ခံဂျစ်ကားလေးသည် ဆယ်မင်းဆက်တို့အိမ်ရှေ့မှာထိုးဆိုက်သွားသည်။ ဆယ်မင်းဆက်တို့တိုက်သည် လမ်းမအထွက်နားမှာပဲရှိသည်။ အိမ်ရှေ့တွင်မဏ္ဍပ်အသေးစားလေး တည်ဆောက်ထား၍ မော်တာနှင့်ပါရေမောင်းပေးထားပြီး ရေပက်ရန်ပြည့်ပြည့်စုံစုံစီစဥ်ပေးထားသည်။ ဆယ်မင်းဆက်တို့ဂျစ်ကားလေးထိုးဆိုက်တာနှင့် သူတို့တစ်သိုက်ကိုအကုန်လုံးကရေဝိုင်းလောင်းကြသည်။
ရေကစားကြသူများသည် မာမီ့ဆိုင်ကဝန်ထမ်းများနှင့် ရပ်ကွက်ထဲကမိသားစုဝင်တချို့ဖြစ်သည်။ အိမ်ရှေ့တွင် ရေကစားမဏ္ဍပ်အသေးစားလေးအပြင် မိုးကာတဲများထိုးထားပြီး မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်များကိုလည်း စတုဒီသာကျွေးသေးသည်။
ဆယ်မင်းဆက်နှင့်ကိုကိုသည်ဂျစ်ကားပေါ်ကနေ အသီးသီးဆင်းလာလိုက်သည်။ ဆယ်မင်းဆက်၏ တစ်ဝမ်းကွဲအစ်မများကိုပါ တွေ့လိုက်ရသည်။ တစ်ပြုံလိုက်ကြီး သည်မှာစုကာ ပျော်ပါးနေခြင်းဖြစ်မည်။
ဆယ်လေးတို့ကိုချပေးပြီး မုန့်များဝင်စားပြီးတာနှင့် သူရိန်မင်းလွင်တို့ကပြန်သွားလေသည်။
ဆယ်မင်းဆက်က အစ်မတွေကိုနှုတ်ဆက်နေချိန်တွင် ကိုကိုက ခြံထဲမှာမာမီနှင့်စကားပြောနေသည်။
"နွေဦး ညစာပါစားပြီး အေးဆေးမှပြန်နော်"
"ဟုတ်ကဲ့ အန်တီမေခင်"
"ဆယ်လေးက ရေစိုလို့မဝသေးဘူးနေမှာ...အပြင်မှာပါထပ်ဆော့အုံးမယ်ထင်တယ် သူ့အစ်မနဲ့အစ်ကိုတွေရောက်နေတာလေ...နွေဦး သားရောအဝတ်အစား
လဲတော့မလား၊ ဝင်လေလာ"
"ရတယ်အန်တီ ကျွန်တော်လဲ ဟိုမှာပဲခဏနေလိုက်မယ်"
"အေးအေး ဆယ်လေးကိုတော်သင့်ရုံဆော့ပြီးတက်လာခဲ့တော့လို့ ပြောလိုက်ပါအုံး တစ်နေကုန်လည်းလည်ထားသေးတာကို"
"ဟုတ်ကဲ့အန်တီ"
နွေဦးအပြင်ရောက်သောအခါ ရေခဲရေပုံးလိုက်လောင်းပြီး အော်ဟစ်ဆူညံနေကြသူများကို တွေ့လိုက်ရသည်။ရေပက်ခံကားအချို့သည် ခဏရပ်ပြီးမုန့်ဝင်ယူကြသည်ကို တွေ့ရ၏။ စပီကာဘောက်စ်ဘေးမှာ ကိုလင်းမာန်ကိုတွေ့တော့
ပြုံးပြနှုတ်ဆက်လိုက်သည်။
"နွေဦး အရင်နေ့တည်းကလာရမှာ အိမ်ထဲအောင်းနေတာဆို"
"ဟုတ်တယ် အရင်နေ့ကစိတ်သိပ်မပါလို့"
ကိုလင်းမာန်ကိုနှုတ်ဆက်ပြီးတာနှင့် နွေဦးသည် မိုးကာတဲအောက်ဝင်ကာ ဆယ်မင်းဆက်ကိုလိုက်ရှာလိုက်သည်။
မုန့်လုံးလုံးနေသော ထိုင်ခုံမှာဝင်ထိုင်နေသည့်ဆယ်လေးကိုတွေ့တော့ အနားကိုတိုးသွားလိုက်သည်။
"နင် သွယ်သွယ်နဲ့ ပြတ်သွားပြီဆိုဟဲ့"
ဆယ်မင်းဆက်နှင့်မျက်နှာချင်းဆိုင်ရှေ့မှာထိုင်ကာ တုတ်ထိုးများစားနေသည့် ကောင်မလေးက ဆယ်မင်းဆက်ကိုကြည့်ကာပြောလာသည်။ ဘီယာတစ်ဘူးကိုအေးဆေးသောက်နေသော ဆယ်မင်းဆက်၏ပြန်ဖြေသံကိုလည်း ကြားရသည်။
"ပြတ်တာဖြင့်ကြာလှပြီကို"
"ငါကမြဲမယ်ထင်တာလေဟဲ့ သွယ်သွယ်ကငါတို့နဲ့ဆိုညီမလေးလဲ ဟုတ်တယ်...ငါတို့ကြောင့်သိပြီးမှတွဲတာဆိုတော့ နင်ဒီတစ်ခါအတည်တွဲတယ်မှတ်လို့ပေါ့"
"ဆယ်လေးက ဘယ်တုန်းကအတည်တွဲလို့လဲမမရာ ဒီကောင်လေးများယုံနေသေး သွယ်သွယ်နဲ့ပြတ်တုန်းကတွဲတာသုံးပတ်တောင်မပြည့်သေးဘူးကို"
နွေဦးအနားရောက်သွားတော့
စကားစကပြတ်သွားသည်။ ဆယ်မင်းဆက်နှင့်စကားပြောနေသော ကောင်မလေးနှစ်ယောက်က နွေဦးကိုမြင်တော့ ခေါင်းညိတ်ပြုံးပြလာတာနှင့် နွေဦးလည်း ပြန်ပြုံးပြလိုက်သည်။
ဆယ်မင်းဆက်ကတော့ ကိုကို့ကိုမြင်တာနှင့် မျက်နှာကွက်ခနဲပျက်သွားသည်။ ခုနကမှသောက်ထားသော
ဘီယာအေးသည် သူ့လည်ချောင်းဝမှာတင် ပူလောင်စူးနစ်နေသလို။ သေချာတယ် ကိုကိုအကုန်ကြားသွားပြီ...
"ကျွန်တော်က သွယ်သွယ်နဲ့ပြတ်ပြီးတည်းက ဘယ်သူနဲ့မှမရှုပ်တော့ပါဘူး"
သူလျှောက်လဲချက်တွေ ပေးမိသည်။ ကိုကို့မျက်နှာက မည်သို့မှနေပုံမရ။ ဆယ်မင်းဆက်သည် အစ်မနှစ်ယောက်ကို ဘုကြည့်ကြည့်ပေးလိုက်သည်။
"ဆယ်လေး ငါတို့နဲ့မိတ်ဆက်ပေးအုံးလေ"
"ဒီကို မုန့်လုံးရေပေါ်တစ်ပွဲပေးပါအုံး"
နွေဦးသည် ဆယ်မင်းဆက်ဘေးကခုံမှာဝင်ထိုင်လိုက်သည်။
"ချမ်းရင်အိမ်ထဲဝင်ပြီးအဝတ်စားလဲလေ...ဘီယာတွေသောက်မနေနဲ့"
ကိုကိုက ဆယ်မင်းဆက်ဘေးမှာဝင်ထိုင်၍ ခပ်တိုးတိုးဆိုလာသည်။
ဆယ်မင်းဆက်သည် ခေါင်းညိတ်ပြကာ ဘီယာဘူးကိုဘေးသို့ပို့လိုက်သည်။
"ကိုကို ဒါကျွန်တော့်အစ်မတစ်ဝမ်းကွဲတွေ... သန္တာအေးချမ်းနဲ့ ဒီဘက်က ဝေကြည်ညွှန်းတဲ့၊ ဟိုဘက်မှာ မမနဒီတို့နဲ့စကားပြောနေတဲ့အစ်မကျ သီတာအေးချမ်းတဲ့ မမသန္တာနဲ့ညီအစ်မ... နောက်ထပ်လဲရှိသေးတယ်...
ကျွန်တော့်ဘိုးဘိုးမှာ မြေးဆယ်ယောက်ရှိတာ ကျွန်တော်ကဆယ်ယောက်မြောက်အငယ်ဆုံးမြေးလေ"
ဆယ်မင်းဆက်၏နာမည်တွင်ပါသော
ဆယ်က ဆယ်ယောက်မြောက်ကိုရည်ညွှန်းသည်ဖြစ်ကြောင်း နွေဦးသိပါ၏။ နွေဦးထက် ငယ်မည့်ပုံပေါ်သည့် ဆယ်လေး၏အစ်မများကို ပြုံးပြကာ ထပ်မံနှုတ်ဆက်လိုက်သည်။
"ကိုကို့နာမည်က နွေဦးတဲ့"
"နာမည်ကကဗျာဆန်လိုက်တာ"
အစ်မဝေကြည်ညွှန်းက လွှတ်ခနဲပြောပြီးမှ အားနာသည့်ဟန်ဖြင့်နွေဦးကို တောင်းပန်၏။
"ရပါတယ်ဗျာ ချီးကျူးတာပဲဟာကို"
နွေဦးသည် ဤသို့ချီးကျူးခံရသည်ကို နေသားကျနေပြီဖြစ်သည်။
"အော် ကိုကြီးလင်းမာန်တို့ရုံးက ကိုကြီးလင်းမာန်သူငယ်ချင်းဆိုတာထင်တယ်"
"ဟုတ်တယ် ဒါပေမဲ့ကျွန်တော်နဲ့ပိုရင်းနှီးတာပါ ကျွန်တော့်ကိုကိုလေ"
ဆယ်မင်းဆက်က ဝင်ပြီးစကားထောက်သည်။ နွေဦးကတော့ ကလေးဆန်လိုက်တာဟု တွေးမိကာရယ်မိသွားသည်။
"ဒါဆို နင်နှိပ်စက်တာခံရမှာပဲ"
အစ်မဝေကြည်ညွှန်းစကားက ဒဲ့ထိသည်။
ခဏနေတော့ ကိုကိုနှင့်သူ့ရှေ့ကို မုန့်လုံးရေပေါ်များထည့်ထားသည့် ဘူးနှစ်ဘူးရောက်လာသည်။ အုန်းသီးခြစ်ဖြူဖြူများ ဖြူးထားသည့်မုန့်လုံးရေပေါ်ပူပူနွေးနွေးသည် မြင်ရုံနှင့်စားချင်စဖွယ်အတိ။
ဆယ်မင်းဆက်သည် လက်ဖြင့်မုန့်လုံးရေပေါ်တစ်ခုကိုကောက်ကိုင်လိုက်သည်။ ပြီးမှသတိရပြီး အစ်မသန္တာကိုမယုံသလိုတစ်ချက်ကြည့်လိုက်သည်။
"ငရုတ်သီးမပါဘူးမလား"
"မပါပါဘူးဟယ် ဧည့်သည်လဲရှိနေတာကို"
ကိုကိုကတော့ သူတို့မောင်နှမတွေကိုကြည့်ပြီး ရယ်ပဲရယ်နေသည်။ ကိုကိုလည်းစားနေသည်မို့ ဆယ်မင်းဆက်လည်းအထွန့်မတက်ဘဲ စားလိုက်တော့သည်။ ထန်းညက်ခဲ၏ချိုမြသောအရသာကို ကိုက်မိမှစိတ်ချလက်ချစားနိုင်တော့သည်။
သူတို့တွေ ဟိုဟိုသည်သည်စကားအဖွဲ့ကျနေပြီး အပြင်ဘက်မှာလည်းပျော်နေကြသည်က အရှိန်မသေသေးပေ။ ဖွင့်သမျှသီချင်းမှန်သမျှကို လိုက်ဟဲနေသူလည်းရှိသည်။ သူတို့ကိုယ်ပေါ်က အင်္ကျီများသည်ခြောက်ကပ်ကပ်ဖြစ်နေပြီ။ သည်မုန့်လုံးတွေကုန်လျှင် ကိုကို့ခေါ်ပြီး အဝတ်အစားလဲရမည်ဟု ဆယ်လေးတွေးနေစဥ်...
"အ့"
စူးရှလှသော အရသာတစ်ခုကိုကိုက်ဖြတ်လိုက်မိသည်။ စပ်ဖျင်းလှသောခံစားချက်သည် သူ့ပါးစပ်ထဲဝင်ရောက်လာတော့သည်။
"ငရုတ်သီးမလား"
အစ်မနှစ်ယောက်က သူ့အဖြစ်ကိုကြည့်ပြီးရယ်နေသည်။ ဆယ်မင်းဆက်သည် ငရုတ်သီးတောင့်ကို နှစ်ခါသုံးခါလောက်ဝါးမိသွား၏။ လျှာဖျားပေါ်တွင်အစပ်အရသာများသည် ပျံ့နှံ့လာသည်။ အစပ်အင်အား တော်တော်ပြင်းထန်သော
ငရုတ်သီးတောင့်ပင်။ တစ်ရှူးစပေါ်ကို ဝါးလက်စများကုန်အောင်ထွေးထုတ်လိုက်မိသည်။
"ဟွတ် ဟွတ်"
"ဆယ်လေး ရရဲ့လား"
ကိုကိုက သူ့မျက်နှာကိုကြည့်ကာ တယုတယမေးလာသည်။ ဆယ်မင်းဆက်မှာပြန်မဖြေနိုင်။ အဘယ့်ကြောင့်ဆိုသော် သူသည်အစပ်သီးသွားပြီမို့ပင်။
"အဟွတ် ဟွတ် "
ချောင်းဆိုးလိုက်တိုင်း ငရုတ်သီးအစပ်က လည်ချောင်းတစ်လျှောက်ပျံ့နှံ့နေ၏။ အဆက်မပြတ်ချောင်းဆိုနေသောကြောင့်
ဆယ်မင်းဆက်၏မျက်နှာသည် နီရဲနေပြီ။
နွေဦးက ရေသန့်ဘူးတစ်ဘူးကို အလျင်အမြန်ဖောက်ကာပေးလာသည်။ အစပ်ဒဏ်မခံနိုင်သည့်အပြင် ရုတ်တရက်သီးသွားတာမို့ နွေဦးသည်မနေသာတော့။ ရရဲ့လားဟုသာ တဖွဖွမေးနေမိတော့သည်။
ကိုကို့အသံနွေးနွေးလေးကြားထဲမှာ အစ်မနှစ်ယောက်၏ အူလှိုက်သည်းလှိုက်ရယ်သံသည် ကပ်ပါလို့နေသည်။
"ငရုတ်သီးနဲ့တစ်ခါမှ စလို့မရဘူး...အခုမှပဲမိတော့တယ်..ဟားဟား...အဲတာဆယ်လေး နင့်အတွက်သေချာဝယ်လာတဲ့ ကုလားအော်သီးစစ်စစ်တွေ"
တကူးတကပင်ဝယ်ထားသည်ဆိုပါလား။ အစ်မနှစ်ယောက်၏ပက်စက်လှသော အကြံအောက်မှာ ဆယ်လေးသည်ရန်ပြန်မလုပ်နိုင်။ ရေကိုဖြည်းဖြည်းချင်းသောက်ကာ သီးတာကိုရပ်အောင်လုပ်ရသည်။
"ဆယ်လေးက အစပ်မစားနိုင်တာကို တမင်ကိုစလိုက်သေးတယ်"
နွေဦးအသံက နည်းနည်းတော့ပြတ်သည်။ ထိုကောင်မလေးနှစ်ယောက်က သူ့ထက်ငယ်သည်ကို သိသွား၍လည်းဆူနိုင်တာဖြစ်သည်။ ဆယ်လေးက တမင်ကိုငရုတ်သီးပါမပါမေးပြီးမှစားသည်ကို ရအောင်စလိုက်သေးသည်။ ဆယ်လေးထံကရေဘူးကိုယူလိုက်ကာ အဆင်ပြေလားဟုသာ တဖွဖွမေးမိတော့သည်။
"စပ်တယ်ကိုကို"
ဆယ်မင်းဆက်သည် ကိုကို့မျက်နှာကိုကြည့်ရင်း ထိုသို့မပြောဘဲမနေနိုင်။ လောကမှာသူအတတ်ကျွမ်းဆုံးဘာသာရပ်က ချွဲတာပင်။ ထိုပညာကိုထုတ်မသုံးဘဲမနေနိုင်။
"ဆယ်လေး တော်ရုံပဲချွဲပါဟယ်
အငယ်ဆုံးလေးဆိုပြီး ငါတို့အစ်ကိုတွေအစ်မတွေအကုန် နင့်ကိုဝိုင်းအလိုက်လိုက်နေတာကိုတောင် နင့်ကိုအလိုလိုက်မဲ့နောက်ကိုကိုတစ်ယောက်ကို ရှာလိုက်သေးတယ်နော်"
"အေးလေ စလိုက်တာကို"
ဆယ်လေးအစ်မနှစ်ယောက်၏စကားကြောင့် နွေဦးသည်နည်းနည်းအနေရခက်သွားသည်။ သူက နည်းနည်းပိုသလိုဖြစ်သွားသည်ထင်ရဲ့။
"တော်ပြီဗျာ အဝတ်အစားပဲသွားလဲတော့မယ်"
ဆယ်မင်းဆက်နောက်ကို နွေဦးသည်လိုက်သွားလိုက်သည်။ အိမ်ရှေ့လမ်းမသည် ရေများစိုရွှဲနေသည်။ လူတိုင်းက ရေများစိုရွှဲလို့ တချို့ဆို ခိုက်ခိုက်ပင်တုန်နေကြပြီ။ နေရောင်ကအလုံးစုံမရှိတော့။ ပစ္စည်းများစတင်သိမ်းဆည်းကြတော့မည်။ ရေမော်တာကိုလည်း ပိတ်လိုက်ပြီဖြစ်သည်။
နွေဦးသည် ဧည့်သန်အခန်းမှာပဲရေချိုးလိုက်သည်။ ဆယ်မင်းဆက်ကတော့ အခန်းထဲအမြန်ဝင်ကာ ကိုကို့အတွက်အဝတ်အစားများအမြန်ထုတ်လိုက်သည်။ ကိုကိုက အဝတ်အစားအပိုမပါသဖြင့် သူ့အင်္ကျီနှင့်ဘောင်းဘီများဝတ်ခိုင်းရမည်။
ကိုကိုရေချိုးလို့မပြီးခင် သူသည်အမြန်ဆုံးနှုန်းနှင့် ရေချိုးလိုက်သည်။ ရေပူနွေးနွေးက တစ်နေ့လုံးသောင်းကျန်းပင်ပန်းခဲ့သမျှ ပြေလျော့သက်သာသွားစေသည်။
တဘက်တစ်ထည်ခေါင်းမှာတင်လို့ ရေချိုးခန်းထဲကထွက်လာလိုက်သည်။ အင်္ကျီဝတ်ဖို့ပြင်ဆင်နေချိန် သူ့အခန်းတံခါးခေါက်သံကြားရပြီး ကိုကို့အသံကိုကြားလိုက်ရသည်။
"ကိုကိုဝင်ခဲ့လေ"
ကိုကိုက တစ်ဘက်တစ်ထည်ကိုခါးအောက်ပိုင်းမှာပတ်ပြီး အပေါ်ပိုင်းဗလာဖြင့် သူ့အခန်းထဲကိုဝင်လာသည်။ ရှပ်အင်္ကျီကိုအမြန်နှုန်းနှင့်ဝတ်နေသော ဆယ်မင်းဆက်မှာ ကိုကို့ကိုကြည့်ပြီးကြက်သေသေနေမိသည်။
ပခုံးနှင့်လက်မောင်းများထက် ပိုပြီးကြည်လင်ဖြူစင်နေသော ရင်ဘတ်ပိုင်းကြောင့် ဆယ်မင်းဆက်မှာ မျက်လွှာကိုအောက်ချလိုက်မိသည်။ ရေပူကြောင့် နီတာထွေးနေသောအသားရည်များကိုအကြည့်လွှဲလိုက်ကာ မျက်လွှာချလိုက်သည့်ခဏ ဖြောင့်တန်းသွယ်နေသော ခါးသိမ်သိမ်ဆီကိုအကြည့်ရောက်သွားတော့သည်။
မြတ်စွာဘုရား
ဘုရားတလိုက်မိသောအချိန်အခါနှင့် အခြေအနေက မကိုက်ညီသော်လည်း သူသည်စိတ်တည်ငြိမ်အောင် မနည်းလုပ်လိုက်ရသည်။
"အင်္ကျီ"
"ဟုတ် ကိုကို ကျွန်တော်လာပေးမလို့ပဲ"
ဆယ်မင်းဆက်သည် သူ့အင်္ကျီကိုအလျင်အမြန်ဝတ်ကာ ထုတ်ထားပြီးသားအဝတ်အစားများ ကိုကိုဝတ်နိုင်အောင် မြန်မြန်ပေးလိုက်သည်။
ကိုကိုက သူပေးလာသောအင်္ကျီကိုဖြန့်ကာ ကြည့်နေသေးသည်။ ဘောင်းဘီကိုကြည့်ပြီး တော်ပါ့မလားဟုတိုင်းကြည့်နေသေးသည်။
ဆက်မင်းဆက်သည် တစ်ဖက်သို့မျက်နှာလွှဲလိုက်သည်။ သူဘာမှမဖြစ်သလို ဆက်ပြီးမကြည့်နိုင်။ ခန္ဓာဗေဒဖွဲ့စည်းပုံချင်းတူတူဖြစ်သည့် လူသားတစ်ယောက်ကိုမျက်စိရှေ့မှာမြင်နေရပေမဲ့ ထိုအရာကိုရိုးရိုးသားသားမမြင်နိုင်ဘဲ တပ်မက်မိနေသည်။ ကိုကို့ခါးက ဤမျှလောက်သေးသွယ်မည်မထင်ထားခဲ့။
"ကိုကိုမြန်မြန်ဝတ်လေ"
"ဆယ်မင်းဆက် မတော်ဘူးထင်တယ်နော်"
"ကျွန်တော်ထပ်ရှာပေးမယ်"
အတတ်ဗီရိုဆီသွားကာ မျှော့ကြိုးတပ်မီးခိုးရောင်ဘောင်းဘီကို ဆွဲထုတ်လိုက်သည်။
"ထုတ်ထားပေးတဲ့ အတွင်းခံကအသစ်နော်ကိုကို ဝတ်လို့ရတယ် အဆင်ပြေလောက်မှာပါ"
"ခုနကမင်းခန္ဓာကိုယ်ကိုမြင်လိုက်တယ် ခန္ဓာကိုယ်ကမိုက်သားပဲ ငါတောင်အားကျသွားတယ်"
ကိုကိုက ဆယ်မင်းဆက်မျက်နှာကို တည့်တည့်ကြည့်လာသည်။ သူကတော့ကိုကို့ကို စေ့စေ့မကြည့်ရဲ။ ကိုကိုကအင်္ကျီဝတ်ပြီးသွားသော်လည်း ကိုကို့ခန္ဓာကိုယ်အောက်ပိုင်းက တဘက်တစ်ထည်တည်းဖြင့် ပတ်ထားတုန်းရှိသေးသည်။
"Gymဆော့လို့ပါ"
"အန်တီမေခင်ငှားပေးတဲ့ gym trainerက တော်တယ်ထင်တယ်"
"အင်း"
ဆယ်မင်းဆက်မျက်နှာကနီရဲနေသည်။ နွေဦး၏အကြည့်များကို တမင်သက်သက်ရှောင်လွှဲနေသည်မှာ အသိသာ။ ခုနကလိုငရုတ်သီးကိုက်မိထားသည့်အတိုင်း နီရဲနေသောမျက်နှာကြောင့် နွေဦးသည်ရယ်ချင်သွားသည်။
ဒီကောင်လေးက ရှက်နေတာတဲ့လား...
"ကိုကို့ကို ထပ်ပြပါလားဟင် အဲကြွက်သားတွေကို"
နွေဦးမျက်နှာက ရယ်ချင်စိတ်ကို အတင်းချိုးနှိမ်ထားရဟန်။ ပြုံးရယ်ချင်နေသည့်နှုတ်ခမ်းများကို အတင်းစေ့ပိတ်ထားရသည်။ သည်စကားများက သူ့အတွက်အလွန်တရာ ရယ်ရွှင်ဖွယ်ကောင်းသည်။
ဆယ်မင်းဆက်က အလန့်တကြားပြန်ကြည့်လာသည်။
"ကိုကိုဘာတွေပြောနေတာလဲ... အဝတ်အစားမြန်မြန်လဲပြီး ထွက်လာခဲ့တော့"
"ဆယ်လေးက ရှက်နေတာလား"
ဆက်တိုက်စနေသည့်ကိုကို့ကြောင့် ဆယ်မင်းဆက်သည် မျက်နှာပူလာသည်။ ကိုကို့ဘက်ကစတာဆိုပေမဲ့ သူ့ဘက်ကအမှန်တကယ်ကိုမရိုးသားတာ။ ကိုကို့လက်ကောက်ဝတ်ကိုဖမ်းဆွဲပြီး ရှည်သွယ်သန်မာသောကိုကို့လက်ကို သူ့ကြွက်သားများပေါ် နေရာချပေးချင်စိတ်တွေပဲ ဖြစ်ပေါ်နေသည်။
"ကျွန်တော်တို့က အရွယ်ရောက်နေတဲ့သူတွေပဲ ရှက်တာပေါ့"
"မရှက်ပါနဲ့ မင်းကို ကိုယ့်ညီလေးပဲကို"
ကိုကိုသည် ဖြူစင်သန့်ရှင်းသောအပြုံးတစ်ပွင့်ဖြင့် ထိုစကားကိုပြောလာသည်။ ဆယ်မင်းဆက်ဆံပင်များဆီက ရေတစ်စက်သည်ပေါက်ခနဲ ကျလာသည်။
ထိုစကားနှင့်ကိုကို၏အပြုံးကြောင့် ဆယ်မင်းဆက်မျက်နှာသည် တင်းမာလာသည်။ အံကျိတ်လိုက်မိသောကြောင့် မေးရိုးကတင်းခနဲ။ စိတ်ပျက်ဝမ်းနည်းခြင်းများ အပြင်မရောက်အောင်အတင်းမျိုချလိုက်ရပြီးနောက် သူဟာမထီမဲ့မြင်ပုံစံ ပြောင်းလဲသွားတော့သည်။
"ဟုတ်သားပဲ...ကျွန်တော်တို့က ညီအစ်ကိုတွေလိုပဲဟာကို"
မျက်တောင်တစ်ခတ်အတွင်း ဆယ်မင်းဆက်မျက်နှာပေါ်က တိမ်မဲတွေကွာကျသွားသည်။ အမြဲတမ်းမြင်တွေ့နေကျလို နွေးထွေးပြီးဖြူစင်သော အပြုံးမျက်နှာလေးပြန်ဖြစ်သွားသည်။
ဆယ်မင်းဆက်သည် နွေဦးအနားကိုတိုးကပ်လာသည်။ ထိုသို့ ဖြူစင်သောအပြုံးစစလေးနှင့်ပင် စကားဆက်ဆိုလာသည်။
"ကိုကိုကလဲ ကျွန်တော့်အချစ်ဆုံးအစ်ကိုပဲ"
ထို့နောက် ခန္ဓာကိုယ်ကိုငုံ့ကိုင်းကာ နွေဦးပါးပြင်ကို ရုတ်တရက်နမ်းလိုက်သည်။
တစ်စက္ကန့်စာမျှသာကြာမြင့်သော ထိကပ်မှုဖြစ်သော်ငြား သိသိသာသာ ပါးပြင်ကိုနမ်းလိုက်ခြင်းလည်းဖြစ်သည်။ နွေဦးသည် အထိအတွေ့ကိုရလိုက်ပြီး ဆယ်မင်းဆက်ကို ကြောင်အကာငေးကြည့်နေမိသည်။
"အအေးပတ်လိမ့်မယ်...အဝတ်အစားအမြန်လဲပြီး ထွက်လာခဲ့နော်ကိုကို"
ဆယ်မင်းဆက်က မူပိုင်တက်ကြွသောအပြုံးလေးနှင့်ပြောကာ အခန်းအပြင်ဘက်သို့ထွက်သွားလေ၏။ ပုံမှန်အဖြစ်အပျက်တစ်ခုလိုမျိုး လုပ်နေကျအပြုအမူတစ်ခုလိုမျိုး။ သို့ပေမဲ့ သူတို့ကြားမှာ ဒီလိုအရာမျိုးက မရှိခဲ့လေတော့။
အချစ်ဆုံး အစ်ကိုပဲ...ဆိုတဲ့စကား
နမ်းခံလိုက်ရတဲ့ပါးပြင်...
အစ်ကိုတွေအစ်မတွေကို ချွဲနေကျကောင်လေးထံကလာသည့် သာမန်ချွဲနွဲ့သော
အပြုအမူလေးတစ်ခုအဖြစ် သတ်မှတ်ရတော့မှာပဲ...လေထုရော ဆယ်လေး၏ပုံမှန်အတိုင်းမျက်နှာထားကတော့ ထိုသို့ပဲပြောပြနေသည်လေ။
"ကလေးဆန်လိုက်တဲ့ ကောင်လေး..."
နွေဦးသည် ထိုစကားတစ်ခွန်းကို တိတ်တဆိတ်ရေရွတ်မိပါတော့သည်။
အခန်းအပြင်ဘက်ရောက်သည့်အချိန် ဆယ်မင်းဆက်သည် အသက်ပြင်းပြင်းရှူထုတ်လိုက်မိသည်။ သူ၏နတ်ဆိုးစိတ်ဓာတ်က အနိုင်ရသွားခဲ့သည်။ သူ့ကို ညီအစ်ကိုဇုန်ထဲ ဇွတ်ထည့်နေသည့်ကိုကို့ကို ပညာပေးချင်ရုံနှင့် ဟုတ်တယ်ညီအစ်ကိုတွေပဲလေ ဟူသောသဘောနှင့် လုပ်ခဲ့ခြင်းဖြစ်သည်။ သူ့ရင်သည် တဒိန်းဒိန်းခုန်ပေါက်၍သာနေသည်။
ထိုအနမ်းက သူ့ဆန္ဒတွေကို ပထမဆုံးအနေနှင့် ထုတ်ဖော်ပြသမိခြင်းဖြစ်သည်။
သူက ဒီတိုင်းပုံမှန်လို နမ်းလိုက်တာမဟုတ်ဘူး...မြတ်နိုးသဘောကျလွန်းလို့ နယ်ကျွံလိုက်မိတာ....
ဆယ်မင်းဆက်သည် သူ့ရင်ဘတ်သူလက်သီးဆုတ်ဖြင့် ကာထားမိသည်။ သူ့နှလုံးသား အခုန်ပေါက်လွန်ပြီး အပြင်ကိုတိုက်ရိုက်ထွက်လာမည်ကို စိုးရိမ်လွန်း၍ဖြစ်သည်။